Sunday, March 21, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၅၂)

လူဟောင်းများတပြုံကြီး ကန့်ထုတ်ပုံ

ခေါ်မရသည့်အဆုံးမှာ ကျမက ထမင်းစားခန်းထဲသို့ ၀င်လာပြီး စားပွဲခန်း၌ အလုပ်လုပ်သူတို့ကို ရှာဖွေ ခေါ်ယူသည်။ ဤအခါမှ မျက်စိမလှ၊ မျက်နှာမလှ ဖြစ်နေသူ ဓါတ်ပုံဆရာ၏ အမအကြီးဆုံး က စားပွဲခန်း ကလူတွေရော ထမင်းချက် တာဝန်ခံမီးဖိုချောင်က လူတွေရော အားလုံး အလုပ်မှ ထုတ်ပစ်လိုက်ပြီ၊ တယောက် မှ မရှိကြတော့ဘူး ဟူ၍ လေပြေနှင့် ပြောပြလေသည်။

ကျမတော်တော် အံ့သြသွားမိသည်။ ဘယ်အပြစ်မျိုးကြောင့် တပြုံလုံးထုတ်ပစ်ရသည်ကို မေးမြန်းရာ အိမ်သူ အိမ်သား များနှင့် ဧည့်သည်များကို ထမင်းဟင်းကောင်းစွာ ကျွေးမွေးခြင်း မပြု၊ အိမ်သူ အိမ်သားများနှင့် ဧည့်သည် များ စားရန် ထားသော ထမင်းဟင်းလျာများကို သူတို့နေသော အစေခံ တန်းလျားသို့ သယ်ယူပြီး အပြင် မှ ထမင်းလခပေးစားသူများကို အခယူ၍ ကျွေးမွေးသဖြင့် ဧည့်သည်နှင့် အိမ်သားများ ထမင်းဟင်း ကောင်းစွာ မစားရကြောင်း၊ သူတို့ကိုယ်တိုင်မှာလည်း တခါတရံ ထမင်းဟင်းမကျန်၍ အပြင်မှာ သွားဝယ် ခိုင်းပြီး စားရကြောင်း တိုင်ကြားသဖြင့် ကြီးကြီး မာ စတာက တချက်လွှတ် အမိန့်ချ၍ ထုတ်ပစ်လိုက်သည်ဟု ဓာတ်ပုံ ဆရာ၏ အမအကြီးဆုံးက ခေါင်းဆောင်၍ ပြောပြသည်။

သူကိုယ်တိုင်က ထမင်းချက်များ စားပွဲခန်း အလုပ်တာဝန်ခံများ ဆိုး၍ မကောင်း၍ ထုတ်ပစ်ခြင်းပြစ်ကြောင်း ထောက်ခံ သဖြင့် ကျမကလည်း အထူး မပြောတော့ပါ။ သို့ရာ တွင် ကျမအိမ်၌ လူဘယ်နှစ်ယောက်တိုးတိုး၊ မလောက် မငှ မဖြစ်ရအောင် အမြဲ ပိုပိုလျှံလျှံ ရှိရမြဲ ဖြစ်၍ ယုံနိုင်စရာမရှိပါ။

နောက်ပြီး သူတို့အား အလုပ်မှ ထုတ်ပစ်လိုက်သည်မှာ အတန်ကြာပြီဖြစ် ကြောင်း နောက်ထပ် သိရသည်။ ငပလီနှင့် ရန်ကုန်အိမ်မှာ သတင်းစာ အဆက်အသွယ်နေ့တိုင်း ရှိသည်။ တပါတ်လျှင် တခါလောက် လူတွေ လဲလာခဲ့ကြဘူးသည်။ သည်ထဲမှာ ဂါဝန်ပြာကလေး အမေလည်း လာသည်။ မန်နေဂျာလည်းလာဘူးသည်။ နောက်ဆုံး ကရင်မ နာစ်အပို့လာသော ဧည့်သည် ကျောင်းသူမကလေး တဦးလာသည် အိမ်က အလုပ်လုပ် သူတွေ မရှိတော့ပြီ ဆိုသော အကြောင်းကို မည်သူကမျှ ကျမအား အသိမပေး၊ စကားစပ်၍မျှ ပြောမသွား အောင် အိမ်၏အဖြစ် အပျက်ကိစ္စအ၀၀ကို ဖုံးဖိထားကြသည်။

သည် ထမင်းချက်များ စားပွဲခန်း တာဝန်ခံများ ကျဘန်းငှါးသုံးသူများ မဟုတ်ပါ။ (၇)နှစ် (၈)နှစ်မျှ ကြာပြီ ဖြစ်သော လူဟောင်းများ ဖြစ်ကြပါသည်။ ထမင်း စားပွဲခန်းတာဝန်ခံ အလုပ်လုပ်သူမှာ ကျမက မိဘသဘွယ် အိမ်ထောင် ချပေး၊ မင်္ဂလာဆောင်ပေး၍ ယခုအချိန်၌ သားသမီး ၄-၅ယောက်ပင် ရှိနေ ပြီ ဖြစ်သည်။

သူ၏မိန်းမနှင့် ယောက္ခမကလည်း မီးဖိုတာဝန်ခံ အလုပ်ကို လုပ်လျက် လခကြေးငွေကိုယ်စီနှင့်ပင် နေထိုင် လုပ်ကိုင် လျက် ရှိပါသည်။ ဤမျှကြာမြင့်ပြီ ဖြစ်သော လူဟောင်းများအား တပြုံကြီး ကန်ထုတ်ပစ် လိုက်သည် တိုင်အောင် ကျမနားသို့ မရောက်ရသည်မှာ လည်း အကြောင်းတခုခု ရှိရမည်။ အိမ်ခံမိန်းမသုံးယောက်က သူတို့ ဆိုးလွန်း၍ အပြစ်ရှိ၍ ထုတ်ပစ် ရသည်ဟု ပြောစကားအတိုင်းမှန်လျှင် ကျမထံသို့ ထုတ်ပစ် လိုက်သည့် အကြောင်းများ ရိုးရိုး သားသား သတင်းပိုရမည့်ဝတ္တရား ရှိသည်။

ကျမကလဲ သူတို့တတွေ အပြစ်ရှိ၍ မခိုင်းလိုသဖြင့် အလုပ်မှ ထုတ်ပစ်ခဲ့လျှင် လူသစ်များ ရှာဖွေ ငှါးရမ်း ထားရန် ပြန်ပြီး အကြောင်းကြားမည်သာ ဖြစ်ပါ သည်။ ဤသို့ မြှုပ်ကွက်ပြုထားခြင်းက နည်းလမ်း မကျ ကြောင်း တွေးမိသည်။
သို့ဖြစ်လျှင် ဒီအိမ်ပေါ်က လူတွေနှင့် တရုံးရုံး လာရောက်ကြသော ဧည့်သည်တွေကို မည်သူတွေက ချက်ပြုတ် ပြင်ဆင် ကျွေးမွေးနေသလဲဟု မေးသောအခါ စလေသူမိုနို အလုပ်သမနှင့် စာအုပ်ရောင်း စာရေးမ တို့က ဦးဆောင်ပြီး ချက်ပြုတ်ပြင်ဆင် ကျွေးမွေးနေကြောင်း သိရသည်။

ဤကိစ္စကလည်း နည်းလမ်းမကျပါ၊ သည်တာဝန်သည် သူတို့တာဝန်မဟုတ်ဘဲ ၀င်ရောက် လုပ်ကိုင် နေခြင်းကို တအံ့ တသြ တွေ့ရသည်။ ဤမျှအချိန်ကာ ကြာသည်အထိ လူသစ်မငှါးဘဲ ထားသည်ကို အပြစ် တင်မိ သည်၊ အိမ်အပေါ်ထပ်၌ အလုပ်လုပ်ရန် ထားခဲ့သော အိမ်ဖေါ်ကရင် ယောက်ျားရှာမ ကလေး ၂-ယောက် မှာလည်း အိမ်ကြီးပေါ်က အလုပ်ကိုင်ပစ်ပြီး မီးဖိုနှင့်ထမင်းစားခန်းထဲမှ အလုပ်တာဝန် အသီးသီး ကို ဆောင်ရွက်နေရကြောင်း တွေ့မြင်ရပါသည်။

နောက်ထပ် ကြားရပြသည်မှာလည်း ကျမ ငပလီ၌ ရှိနေစဉ် ယခင်က တားမရ၊ ဆီးမရ ပြန်သွားကြ သော ကျမ၏ ဝေယျဝစ္စ ဆောင်ရွက်သူ သားအမိနှစ်ယောက်မှာ ပါသွားသော ငွေစ၊ ရွှေစများ ဒမြ တိုက်ခံရ၍ ဇင်းကျိုက် မှ ပြန်လာကြကြောင်း၊ ကျမထံမှာ အလုပ်ပြန်လုပ်လိုကြောင်း လာပြောကြ သည်။ သို့သော် အိမ်ပေါ် က စလေသူမနှင့် ဂါဝန်ပြာမ၏လင်တို့ ပူးပေါင်းပြီး ရပ်စပြူတင်ကြီး၏ အမိန့်အရ ဒီသားအမိကို လက်မခံရ ဟုဆို၍ ပြန်သွားရကြောင်း ကျမနားသို့ ပေါက်ကြားလာရ သည်။ သူတို့ သားအမိသည်လည်း အလုပ်မှ ထုတ်ပစ်လိုက်သော စားပွဲထိုးထမင်းချက်များနှင့် ဇင်းကျိုက်ရှာ ဇာတိများ ဆွေမျိုးသားချင်း များ ဖြစ်၍ လက်သင့်မခံချင်သလိုလို အထင် ရောက်စေသည်။ နောက်ပိုင်း မှာ ဇင်းကျိုက် ရာဇ၀င်ကလည်း တခန်း တကဏ္ဍ ဖြစ်လာသေး၏။

မူမမှန်ကြ၍ စိတ်မသိုးမသန့်ဖြစ်ရခြင်း

ကျမ ပြန်ရောက်လာပြီးနောက် ၂-ရက်၊ ၃-ရက်လောက် ရှိသောအခါ ထမင်းချက် မိန်းမအသစ် တစ်ယောက် ရောက်လာ သည်။ ရည်ရွယ်ချက်ကတော့ လူသစ်မရှာကောင်းသလားဟု ကျမ၏ ပြစ်တင်မှု လျော့နည်း သွားစေ ရန် သာ ဖြစ်ပါသည်။ မန္တလေးက မိန်းမဧည့်သည်များ အ၀င်အထွက် ကျဲသွားပြီး ခပ်စိမ်းစိမ်း ယောက်ျား ဧည့်သည်များ မှာလည်း ဘိလိယက်ခန်းထည်းမှာ နေ့ရောညပါ မစဲအောင် တဖွဲ့ဖွဲ့ ရောက်လာနေသည်။ တခါတလေ လူနည်းသွားလျှင် ကားနှင့်သွား၍ တမင် တကာ ပင့်ခေါ်ထားသည်။

ဧည့်စိမ်းတွေ များနေလျှင် တော်ရုံတန်ရုံ အဆင်မပြေသော အိမ်ကိစ္စစကားများကို ပြောဆိုမေးမြန်း ဘို့ အချိန် မရစေရန် ဖန်တီး ခြင်းသာ ဖြစ်ပါသည်။ အလုပ်တိုက်ဘက်က မန်နေဂျာ မောင်ဝမ်းကွဲ ကအစ လူကြီးပိုင်း က လူတွေမှာ ဘာကြောင့်မှန်းမသိ ကျမနှင့် မျက်နှာချင်းဆိုင် မတော်တဆ တွေ့ရမှာကို အထူး ကြောက်နေ ကြသည်ဟု သိရသည်။ အချို့မှာ အ၀င်အထွက်၌ ရင်ဆိုင်မိသည့် တိုင်အောင် "ပြန်လာပြီလား၊ နေကောင်းရဲ့လား" စသော အခါတိုင်း ပြုနေကြ ပိဋိသန္ဓာရ စကား ကလေး တလုံးကိုပင် မသုံးနိုင်ကြ တော့ဘဲ မျက်နှာလွှဲ၍ သွားသည်။ ခေါင်းငုံ့သွားသည်။ အချို့မှာ အရေးမစိုက်သော အမူအရာ လက္ခဏာ များပင် ပေါ်လာသည်။

နောက်တနေ့တွင် ရုပ်ရှင်မကြည့်ရသည်မှာလည်း ကြာပြီဖြစ်သောကြောင့် ကြုံကြိုက်ရာ အင်္ဂလိပ် ရုံတရုံသို့ သွားပြီး ရည်ရွယ်ချက်မရှိ ဘဲ ရုပ်ရှင်ကားတခု ၀င်ကြည့်မိပါသည်။ ထိုဇာတ်ကားအမည်မှာ (Beautiful But Bed) (ဗြူတီးဖိုး ဘတ် ဘက်ဒ်) ခေါ် ပြင်သစ် အင်္ဂလိပ်စကားပြောဇာတ်ကား ဖြစ် ပါသည်။ ဇာတ်လမ်းမှာ ကောက်ကျစ် စဉ်းလဲသောလင်က မယားကြီး၏ စာရေးမ မိန်းမငယ်နှင့် ပူးပေါင်းပြီး မယားကြီး၏ပစ္စည်းများ အပိုင်သိမ်း ယူရန် မယားကြီးကို ပိပိစီးစီး ဥပဒေလွတ်သော နည်း၊ လက်သယ် မပေါ်သောနည်းတို့ဖြင့် မသေမချင်း ကားရော လူပါချောက်ထဲချ၍ သတ်ပစ် လိုက်သည်။ သို့ရာတွင် ပစ္စည်းကို မရလိုက်ဘဲ ယုတ်မာ သူတို့ သွားရာလမ်းကို အမှန်တရားက ပို့လိုက်သဖြင့် ကောက်ကျစ်စဉ်းလဲသော ယောက်ျားနှင့် ယုတ်မာ သော မိန်းမတို့တယောက် တပြန် သတ်၍ သေသွားကြရသော ဇာတ်လမ်း ဖြစ်သည်။

ကျမသည် ဤဇာတ်ကာုးကို ကြည့်ရပြီး စိတ်ထဲ၌ မသိုးမသန့်ကြီး ဖြစ်လာမိပါသည်။ ဇာတ်ကား အဖွင့်နှင့် အပိတ်မှာ ကျယ်ဝန်း သာယာသော ဥယျာဉ်ကြီးနှင့် အိမ်ကြီးကို ပြသည်။ အိမ်ကြီးရှေ့မှာ အုတ်ရေကန်၌ ပဒုမ္မာကြာ များ စွင့်စွင့် ကားကာုး စိုက်ထားပုံကို ဖိုးဂရောင်းခံ၍ ရိုက်ကူးပြထား သည်။ ဇာတ်လမ်း နိဂုံးချုပ်သော အခါလည်း ဤပဒုမ္မာ ကြာကန်နှင့် အိမ်ကြီးကိုဘဲ သူယုတ်မာတို့၏ လက်ထဲမရောက်ဘဲ ကျန်ရစ်ခဲ့ ရသည်ကို အသားယူလျက် ဇာတ်သိမ်း ပြကွက် ပြုလိုက်သည်။

ထိုသို့ စိတ်မသိုးမသန့် ဖြစ်လာရသည့်အထဲမှာ ကျမအိမ်မှာလဲ အုတ်ရေကန်နှင့် ပဒုမ္မာကြာပင် တွေ စိုက်ထား မိသည်နှင့် သွား၍ တိုက်ဆိုင်နေပြန်သောကြောင့် တကြောင်း၊ တနှစ်အတွင်းမှာ သုံးလေး ခါဆက်၍ အိပ်မက်ဆင်တူ ထပ်မက်ဘူးသည်ကို သွားသတိရသည်။ ကျမစီးနေကျ ကားနီကြီး စီးသွားစဉ် ဒရိုင်ဘာ က ကားကို ချောက်ထဲကျတော့မလိုလို မောင်းပစ်၍ အမြဲအိပ်ရာမှ လန့်နိုးခဲ့ရ ဘူးသည်။ တခါလဲ မဟုတ်၊ နှစ်ခါလဲမဟုတ် သုံးလေးခါ သည်ပုံစံအတိုင်း တထပ်ထဲ အိပ်မက်ခဲ့ရ သည်ကို သတိသွားရမိသည်။

ကျမက အိပ်မက်ကိတ္ထိုံကို ယုံကြည်သူ မဟုတ်၍ ခေါင်းထည်းမှာ ထည့်မထားခဲ့ပေမဲ့ သည်ဇာတ်လမ်းမှာ ကားတစင်းလုံး ချောက်ထဲကျ၍ မရှုမလှ သေရသော မြင်ကွင်းကြောင့် အိပ်မက်ကို သွား၍ သတိရခြင်းသာ ဖြစ်ပါသည်။ နောက်တဖန် ငပလီမှ ပြန်လာသော ယခု ၄-၅-၆ရက်အတွင်း အိမ်ရှိ လူများတွင် မိုနိုစာစီမနှင့် စာရေးမ တို့ ဟန်ပျက်ပုံနှင့် အလုပ်တိုက်က လူတွေ က ခပ်ရှော်ငရှောင် အရေးမစိုက်လုပ်နေပုံကိုပါ မသင်္ကာ စရာ ထင်ဟပ်လာမိသဖြင့် င့ါကိုများ သူတို့ မကြောင်းကြံနေသလားဟု ပြက်ရယ်ပြု၍ပင် ထုတ်ပြောမိ ပါသေးသည်။

ဤလိုထုတ်ပြောမိခြင်းမှာ အိမ်က လူတွေ သည်လိုလုပ်မည်ဟု လုံးဝ မယူဆခဲ့ခြင်းကြောင့်သာ ရယ်စရာ ပြောလိုက်ခြင်း ဖြစ် ပါသည်။ သို့ရာတွင် ထိုအခါက မသိမသာ မျက်နှာပျက်သူက ပျက်နေကြသည်ကို နောက်ကြောင်း ဇာတ်ပေါင်းခန်းမှာမှ ပြန်၍ သတိရမိပါသည်။

မန္တလေးက ခေတ္တလာနေကြသော အလုတော်ရိ ဓာတ်ပုံဆရာ၏အမ သုံးယောက်မှာ မျက်စိ မျက်နှာ မလှနှင့်ဘဲ မန္တလေးသို့ ပြန်သွားကြသည်။ ပြန်ခါနီး နှုတ်ဆက်သောအခါ ဓာတ်ပုံဆရာ၏ အမအကြီးဆုံးက ထူးဆန်းသော စကားတခုတော့ ပြောသွားသည်။ သူတို့သည် မပြန်ချင်သော် လည်း ကြာကြာနေမဖြစ်၍ ပြန်ရပါမည်။

ကျမအား "သိပ်သနားဒါဘဲ" ဟူသော စကားတလုံး ဖြစ် ၏။ ကျမ ဘာအဓိပ္ပာယ်မှတွေး၍မရ၊ သူ့စကားက စီးစီး ပိုးပိုး ရှိလှပါဘိသည်ဟုပင် ထင်လိုက်မိ သည်။ သို့သော် သူ့စကားက အဓိပ္ပာယ်များစွာ ကျယ်ဝန်းကြောင်း ယခုမှ နားလည် မိတော့သည်။ သူတို့သည် ကျမ ငပလီမှာ နေသော နှစ်လ၊ သုံးလ အတွင်း အိမ်ကြီးပေါ်က မိုနိုမနှင့် မန္တလေး ဧည့်သည် လင်ရှိ ကိုယ်ပျောက်မယ်တို့၏ သောင်းကျန်း မှု အ၀၀ တွေကို မသိချင်၊ မမြင်ချင် အဆုံး သိသွားကြသူများ ဖြစ်သ်ည။ သို့ရာတွင် ကျမကို သတိပေးရန် ၀တ္တရား ရှိလျက် ဘက်လိုက်ပြီး ဖုံးဖိ သိုသိပ်သွားကြသူများသာ ဖြစ်ပါသည်။ သူတို့လည်း ကျမအမေ၏ မောင်ဝမ်းကွဲ ၏ သားသမီးများ ဖြစ်၍ နှစ်ဝမ်းကွဲအမများပင် တော်စပ်ကြပါသည်။

ဘုရားကယ်၍ အသက်ရှည်ခဲ့ရသည် ဆက်ရန်
.

No comments: