ဘုရားကယ်၍ အသက်ရှည်ခဲ့ရသည်
မီးဖိုအတွက် ထမင်းချက်မိန်းမ ရှိသော်လည်း ကျမစားနေကျ ကြက်သားပြုတ်ကို မိုနိုမကိုယ်တိုင် ပြုတ်၍ ကျွေးပြန်သည်။ ပြုတ်ပုံ မကောင်းသော်လည်း လူမရှိ၍ သူကိုယ်တိုင်လုပ်ချင်၊ ပြုစုချင်၍ လုပ်ပေးသည် ဆိုသောကြောင့် လက်ခံရသည်။ သို့သော် ကြက်ဆွပ်ပြုတ်မှာ ရှေးအခါကလို အရေကြည်မနေဘဲ နွားနို့ ကဲ့သို့ ဖြူပျစ်ပျစ်ကြီး ဖြစ်နေသည်။ ကျမကမေးသောအခါ ညှီစော်မနံစေရန် ကြက်သွန်ဖြူတွေ အများကြီး ထည့်ထားသောကြောင့် နူးကြေပြီး ဖြူနေခြင်းဖြစ်ပါသည်။
ငပလီကပြန်လာပြီး ခုနှစ်ရက်လောက်အတွင်းမှာဘဲ အဆိုပါ ဆွပ်ပြုတ်ကို မသောက်နိုင်၍ သွန်ပစ်ရသည်မှာ ၃-၄ခါတိုင် ရှိပါသည်။ ဆွပ်ပြုတ်ကို ကျမက တနေ့လျှင် မနက် ၁၁-နာရီလောက် တချိန်ဘဲ သောက်လေ့ ရှိသည်။ ညဘက်ဆိုလျှင် လိမ္မော်ဖျော်ရည်ကိုသာ သောက်ပါသည်။ မနက်ပိုင်း တချိန်တည်းသာ သောက်သော ဆွပ်ပြုတ်မှာလည်း လဘက်ရည်ပန်းကန်နှင့် တလုံးမျှသာဖြစ်ပါသည်။ ကျမက ဆွပ်ပြုတ် သောက်လျှင် ဇွန်းနှင့်မွှေနှောက်လိုက်သောအခါ လဘက်ရည် ပန်းကန်လုံးကလေးနှင့် တစ်လုံးမှသာရှိသော ဆွပ်ပြုတ်ရည် ထဲက တလက်မခန့်ရှိ မြက်တံမြက်စည်း အရိုးတံတခု ၃-၄-ကြိမ် ကြုံကြိုက်ရသောအခါ လုပ်ချင်လျှင် သန့်သန့်ပြန့်ပြန့် လုပ်ကိုင်ပေးဘို့ သတိရပါသည်။
ဒါကို ဘဂျီးများလှသည် အကောင်းမထင်ဟု စာရေးမနှင့် ခေါင်းချင်းဆိုင်၍ အတင်းပြောလေ့ ရှိကြသည်။
ငပလီ ကပြန်မှဘဲ ကျမအတွက် ဆွပ်ပြုတ်မည့်ကြက်သားကို ဗိုလ်ရန်နိုင်က တကာခံ၍ ပို့ပြန်ပါသည်။ ဗိုလ်ရန်နိုင် က ကြက်မျိုးကောင်းများ မွေးထားသူဖြစ်၍ တခါတရံ ဘိလိယက်ခုံက လူတွေ စားရန်သူ၏ အသားစား ကြက်မျိုးကောင်းများကို ကင်ကျွေး တတ်သည်။ ဤတွင် ကျမအတွက် ဆွပ်ပြုတ် လုပ်ရန်လဲ ပေးတတ်သည်။ ဗိုလ်ရန်နိုင်မှာ နေ့စဉ်အိမ်လာ၍ ဘိလိယက်ထိုးသည်။ ၀င်ထွက်နေသည်မှာ ကြာပြီ ဖြစ်၍ အိမ်သား ပမာ ရင်းနှီးနေသူဖြစ်သည်။ သူ အသုံးလိုလျှင်လည်း ကျမဆီမှာ အမကြီးကို မောင်ငယ်က အကူ အညီ တောင်းသလို တောင်းနေကျဖြစ်သည်။ အကိုကြီးနှင့် အမကြီးနှစ်ဦးစလုံးကို ဆွေလို,မျိုးလို မျှမျှ,တတ ခင်မင်နေသူ ဟူ၍လည်း ကျမကယုံကြည်ယူဆ ခဲ့ပါသည်။
ကျမမှာ အသက်၃၀-လောက်က လေဖြတ်သော ရောဂါဖြစ်ဘူးသဖြင့် ထိုအချိန်ကစပြီး ဝက်သား၊ ဘဲသား စသော လေရောဂါ နှင့် မတဲ့သော အစာများ ရှောင်ထားခဲ့သည်။ ထို့နောက် အစာမကျေသော ရောဂါနှင့် သွေးတိုး ရောဂါများ ထပ်လာပြီး အစား,အစာ ကို အမျိုးမျိုး ရှောင်လာရဖန်များပြီး အစား၌တပ်ငြိသော အာသာ ဆန္ဒပင် မရှိတော့သူဖြစ်ပါသည်။ အထူးသဖြင့် ဝက်သားဝက်ဆီ များ ရောနှောပါသော အစာများကို မတော်တဆ စားမိက လေထိုးပြီး အလူးအလှိမ့် ခံရမြဲဖြစ်ပါသည်။
သည်အချက်ကို အတွင်းကျကျ နှစ်ရှည်လများ အတူနေရသူက နားလည်ထားသည်။ သူ့ကိုယ်သူ ဦးဏှောက် အလွန် ကောင်းသူ ဟူ၍လည်း အခါမပြတ် ကြွားဝါတတ်သည်။ မကောင်းရာ ၌အသုံးချ တတ်သော ဦးဏှောက် မှ ရွှေဥာဏ်တော် ကွန့်မြူးသမျှ အတုံးလိုက် အခဲလိုက် ပေါ်ပေါက်ခဲ့ရလေပြီ။
ကျမ ရုတ်ကနဲမသေ,သေးသည်တိုင်အောင် မကြာ,မကြာ အစားမှား၍ အလူးအလဲ ဝေဒနာ ခံစားရပြီး အိပ်ရာထည်း မှာ ခဏ,ခဏ လဲနေစေခြင်းအားဖြင့်လည်း တနည်းတလမ်း လွတ်လွတ်လပ်လပ် နေနိုင်၊ လုပ်နိုင်၊ ကိုင်နိုင်၊ ခြေပုန်း ခုတ်နိုင်ကြမည် ဖြစ်ပါသည်။
မျက်နှာလွှဲ ထားသော အလုပ်တိုက်တခုလုံး မဆိုထားဦး၊ နေအိမ်ပေါ်မှ ကိစ္စအရပ်ရပ်နှင့် အိမ်အောက်ထပ်က သောင်းကျန်းမှု အဝ၀တို့ကိုပင် မြင်နိုင် သိနိုင်ရတော့မည် မဟုတ်၊ သူတို့လုပ်သမျှ ခံရ၍ ပြုသမျှ နုရတော့မည့် ဒုက္ခိတ ဝေဒနာသယ်အဖြစ်နှင့် အရှင်လတ်လတ် အိမ်နိမ့်ချထားသည့် ဘဝ၌ မသေမီ နေ, နေရဦး တော့မည်သာ ဖြစ်ပါသည်။ သို့ရာတွင် ရန်သူဝိုင်းနေသော ကျမ၏ တကောင်ကြွက် ဘဝ၌ ဘုရားက အမြဲ ကယ်၍ ကယ်၍ လာခဲ့ပါသည်။ ကျမကိုယ်တိုင် မသိဘဲ ဘုရားကယ်ခဲ့သည့် အဖြစ်အပျက်တွေက ဘယ်လောက် များများရှိမှန်း မသိခဲ့၊ မခန့်မှန်းနိုင်ခဲ့တော့ပါ။
ငပလီမှပြန်လာပြီး ရက်တပါတ်ခွဲမှ မကြာသေးမှီ လေအောင့်လာ၍ ထုံးစံအတိုင်း ဆရာဝန်ခေါ်ရပြန်ပါသည်။ သို့သော်၂-ရက်လောက် ဘာမှမစားတော့ဘဲ သမ္ဘရာရေ နှင့် နေလိုက်၍ သက်သာသွားသည်။ သည်တော့ အိမ်မှာ ကြာကြာနေရင် ရောဂါထွေသည်၊ ပြည်ကို အမြန်သွားတော့မည်ဟု စီစဉ်လိုက်ပါသည်။ ပြည်မြို့ နိဗ္ဗန္ဒချောင်ရှိ သီလရင် ဆရာကြီးများထံသို့ လည်း ကျမလာမည့်အကြောင်း ကြိုတင်သတင်းပို့ လိုက်ပါ သည်။
ကုသိုလ်ရေးဖြင့် စိတ်ချမ်းသာမှုရှာရန်
ပြည်မြို့သွားဘို့ စီစဉ်ရာ၌ ကားတစီးဆန့်ရုံကျမနှင့် မိန်းမဖေါ် သုံးယောက်သာ ခေါ်ပြီးသွားမည်။ နိဗ္ဗိန္ဓချောင် မှာ တည်းခိုပြီး ချောင်အုပ် သီလရင်ဆရာကြီးနှင့် ရှင်ပြုပဉ္စင်းခံ ကိစ္စဆွေးနွေးမည်။ နိဗ္ဗိန္ဒချောင် ရောက်တိုင်း ချောင်လုံးကျွတ် နှင့် မဟာမြိုင်၊ အင်ကြင်းမြှောင် တောရ စသော အနီးပတ်ဝန်းကျင်ရှိ တောရကျောင်းများ ချောင်များမှ ဆရာတော် သံဃာတော်များ သီလရင် ရသေ့မများအား ပင့်ဖိတ်၍ ဆွမ်းကျွေးလှူဒါန်းလေ့ရှိသည့်အတိုင်း ဤတခေါက်မှာလဲ ဆွမ်းကျွေးလိုသေး၍ သီလရင် ဆရာကြီးက အမှူးပြုလျက် ဆွမ်းချက် ကပ်လှူရန် တို့ပါ ရည်သန်ထားပါသည်။
ကျမသွားတော့မည်ဟု စီစဉ်နေသောအခါ သူတို့ယောကျာ်းတွေပါ ကားတစီးနှင့် လိုက်လာဦးမည်ဟု စီစဉ်ပါသည်။ ငပလီမှ ပြန်လာသော နေ့မှစပြီး သူနှင့်တကွ အိမ်သူအိမ်သားများကို ကြည့်မရသဖြင့် ခါတိုင်း ခရီး သွားလျှင် တိုင်တိုင်ပင်ပင် ပြုမိသော်လည်း ယခုအကြိမ်မှာ ဘာစကားမှ ပြောဆိုတိုင်ပင်ခြင်း မပြု တော့ပါ။ စကားပြောရန် အချိန်မရအောင်လည်း ဟိုလိုလို, ဒီလိုလို တိမ်းရှောင်မှန်း မသိ တိမ်းရှောင် နေသည်က များပါသည်။ ယခုသွားတော့မည် ဆိုမှသာ သူပါ ယောကျာ်း ၃-၄ယောက် ကားတစီးနှင့် လိုက်ရန် စီမံ ပါသည်။ အပေါ်မှာ အကြံပေး အဖွဲက ဦးစီးခေါင်းကြီး အဖြစ် သည်တနှစ်လုံး သွားလေရာ လိုက်ပါ အသုံးတော် ခံခဲ့သူ လူကြီးကြီး တဦးနှင့် အခြားတဦး ဖြစ်ပါသည်။
ကျမ စီးနေကျ ကားနီကြီးနှင့် မောင်းနေကျဒရိုက်ဘာ ၊ကျမဝေယျာဝစ္စ အတွက် ကရင်နာ့စ်မ ကလေး ပါသည်။ အခြားအဖေါ်နှစ်ယောက် ယုဝတီမာလာသိန်းနှင့် အယ်ဒီတာ ဦးသန်းညွှန့် (ယခုနိုင်ငံသစ်)၏ ဇနီးမကြည်ညွှန့်တို့ ဖြစ်ပါသည်။ ပြည်မြို့နိဗ္ဗိန္ဒချောင်သို့ ရောက်သော အခါ ကျမတို့ တည်းခိုရန် ချောင်အုပ် သီလရင်ဆရာကြီး အသင့်ပြင်ဆင်ထားသော နှစ်ထပ်အုတ် ဇရပ်အိမ်တလုံး တွင် နေကြရသည်။ အောက်ထပ် မှာ ယောကျာ်းများနေ၍ အပေါ်ထပ်မှာ မိန်းမဖေါ်များနှင့် ကျမနေပါသည်။ ရှင်အပါး (၁၀ဝ) ပြုဘို့ကိစ္စမှာ ဝါဆိုလပြည့် အမှီရှင်လောင်း အပါး(၁၀ဝ) ပြည့်အောင် ရုတ်တရက် စုမရ၊ အများအားဖြင့် ပေါင်းတည် ရွှေတောင် အောင်လံစသော နယ်များမှာ အချို့ရှင်လောင်းများ စာရင်းကောက် ထားဆဲ ဖြစ်ပါသည်။ ကျမကလည်း ငပလီမှာ ခရီးလွန်နေခဲ့သောကြောင့် ဝါဆိုလပြည့်နေ့တွင် မှီအောင် စီစဉ် မဖြစ်တော့ ကြောင်း သိရပါသည်။
သို့အတွက် အချိန်ယူလျက် သီတင်းကျွတ်လောက်မှ ရှင်တရာပြုရန် သတ်မှတ် ရပါသည်၊ သီတင်းကျွတ်လျှင် ကျွန်မလှူထားသော ပေါင်းတည် ရွှေကျောင်းဆောင် ဘုရား ထီးတင်ပွဲနှင့် ပလို့ဘုရား ထီးတင်ပွဲများပါ တချိန်တည်း ရေစက်ချရန် ကိစ္စပါ ပြီးစီးသွားမည်ဖြစ်ပါသည်။ ယင်းသို့ ရှင်ပြုပွဲအချိန် ပြောင်းလိုက်ပြီဖြစ်၍ သည်တခေါက် မှာ ချောင်လုံးကျွတ် ဆွမ်းလုပ်ကျွေးပြီး ပြန်ရုံသာရှိတော့သဖြင့် သီလရင် ဆရာကြီးအား ဆွမ်းကျွေး ကိစ္စ စီမံပေးပါရန် တာဝန် လွှဲအပ် ရပါသည်။
အောက်ထပ်မှ ယောကျာ်းတစုကတော့ ကားတစီးနှင့် မြို့ထဲ အသိမိတ်ဆွေများထံ သွားလိုက် ပြန်လာလိုက် နှင့် တရုံးရုံးဘဲရှိကြပါသည်။ အများအားဖြင့် ၄င်းအသိမိတ်ဆွေ များမှာ နိုင်ငံရေး နယ်ပယ်ကလူများ၊ သန့်ရှင်း ပထစဝင်များ၊ ၄င်းတို့နှင့် တနွယ်ငင်တံစဉ်ပါ ကုန်သည် ပွဲစားစသည်များ ဖြစ်ကြ ပါသည်။သည်တွင် ရန်ကုန်မှ လိုက်ပါလာခဲ့ကြသူ အကြံပေးဆရာက ကျွန်တော်လည်း ဆွမ်းကျွေးမည့်နေ့မှာ ရဟန်းခံ လိုပါသည်ဟု ဆိုလာပါသည်။ ကျမကကုသိုလ်ရေးဖြစ်၍ ဝမ်းမြောက်ဝမ်းသာပင် ရဟန်းတကာ ခံပါမည်ဟု တာဝန် ယူလိုက်ပါသည်။
နောက်တခါ ( )သူပါ ကျွန်တော်နှင့်အတူ ရဟန်းခံချင်ပြန်သည်ဟု အကြံပေးဆရာက ပြောလာပြန်သည် ကျမ အလွန် ဝမ်းသာ သွားပါသည်။ ဘိလိယက်ခုံထည်း မှ တရုံးရုံးနှင့် သောက်ကြ၊ စားကြ၊ ဝင်ကြ၊ ထွက်ကြ ဘာမှန်း မသိ ရုတ်ရုတ်, ရုတ်ရုတ် ဖြစ်နေကြခြင်း၊ ဟိုဟာကူညီပါ၊ သည်ဟာကူညီပါ ဆိုလာသော မိန်းမ ဧည့်သည်များကို လက်သပ်မွေးထားသော မန်နေဂျာနှင့် ပူးတွဲ၍ အဖြစ်သဲ နေကြခြင်းများကြောင့် ကြည့်မရ သဖြင့်၊ စကားပင် ဟ, ဟ မပြောတော့ဘဲ နေခဲ့ပါသည်။
ယခုလို မမျှော်လင့်ဘဲ စိတ်ဓါတ်ပြောင်းလဲပြီး ရဟန်းခံပါမည်ဆိုလာသော အခါ၌ ကျမက ဝမ်းမြောက် မိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ အကြံပေး ဆရာ၏ အမျက်ဖြေ နည်းပေးမှုလော၊ ၄င်းကိုယ်တိုင် ဖြစ်ပေါ် လာသော စေတနာမှန်လော ဆိုသည်ကိုတော့ မသိနိုင်ပါ။ ဘာဘဲဖြစ်ဖြစ် ယနေ့ အသက်အရွယ် ဂုဏ်သိက္ခာ နှင့် ၄-၅နှစ်အတွင်း လှူသမျှ တန်းသမျှ အလှူရေစက် လက်နှင့်မကွာအောင် ကျမဆန္ဒရှိရာ လှူခဲ့သမျှ မှာ ပါဝင်ရေစက် ချခဲ့ဘူးသော အကြိမ်ပေါင်းလည်း များလှပြီ၊ ဤအခြေအနေ ဤအခိုက် အတန့်မှာ ရဟန်းခံကာ သာသနာ့ဘောင် သို့ ဝင်ခြင်းသည် အတိုင်းထက် အလွန် တံခွန်နှင့် ဘုရားဆိုသော စကား ဥပမာလို ကျမအဘို့ ကြေနပ် ဝမ်းသာမှု ဖြစ်ခဲ့ပါသည်။
ထို့ကြောင့် ရဟန်းခံကာ သာသနာ့ ဘောင်သို့ ဝင်ခြင်းသည် အတိုင်းထက် အလွန် တံခွန်နှင့် ဘုရား ဆိုသော စကားဥပမာလို ကျမအဘို့ ကြေနပ်ဝမ်းသာမှု ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ရဟန်းခံ သိမ်ဝင်ကိစ္စ အလှူ ပစ္စည်းများ အစီအစဉ်များ ထပ်မံစီစဉ် ကြရပြန်ပါသည်။ ဤတွင် မြို့တည်းမှ မိတ်ဆွေ နှစ်ဦး သုံးဦး ကလည်း တပါတည်း အတူဝင်၍ ရဟန်းခံကြဦးမည် ဆိုပြန်ရာ သိမ်ဝင်ရမည့် ရဟန်းလောင်း ၄-၅ဦး ဖြစ်လာ ပါသည်။
သူတော်စင်ရပ်မှ ကုသိုလ်ရေး ဆက်ရန်

.
No comments:
Post a Comment