လောကုတ္တရာကောင်းကျိုးရှေ့ရှုပြီ
ထို့ကြောင့် အိမ်ကြီးကိုဘုန်းကြီးကျောင်းအဖြစ် လှူပစ်ရန်တိတိကျကျ ဆုံးဖြတ်၍ မရသေး ခြင်းဖြစ်ပါသည်။ အခြားသော နည်းလမ်း တခုမှာလည်း အိမ်ကြီးကို ပြည်သူ့စာကြည့် ပိဋကတ်တိုက် နှင့် ပြတိုက်ငယ် ကလေး သဘောအဖြစ် ရည်မှန်းပြီး ၄၅နှစ်အတွင်း ကျမ ရေးသားခဲ့သော ၀တ္တုများ၊ ဆောင်းပါးစသော စာမူများ အပါအ၀င် အကုန်အစင် လှူဒါန်းချင် သေးသည်။ ဤနည်းမှာလည်း ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်မှု က သာ၍ ၀န်ကြီးလေး နေပြန်ပါသည်။
လှူထားခဲ့သော စာမူများမှာ နောင်သောအခါ ပြန်လည် ရိုက်နှိပ် ရောင်းချ၍ စာကြည့်တိုက် ရံပုံငွေ အလှူ အဖြစ် အသုံးချရန်ကိစ္စ၊ နွေမိုး၊ ဆောင်းရာသီ အလိုက် ကြည့်ရှု ထိန်းသိမ်း စောင့်ရှောက် မှု စာအုပ်စာတမ်း နှင့် ပစ္စည်း များကို နိုင်ငံခြား စာကြည့် ပိဋကတ်တိုက်၊ ပြတိုက်များ ကဲ့သို့ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် တတ်မည့် ပုဂ္ဂိုလ်များ အထူး လိုလာဦးမည်။ ရံပုံငွေမှ ထိုပုဂ္ဂိုလ်မျိုးကို လခကြေးငွေ အများ နှင့် ထားရန် ကိစ္စကလည်း ကျမက မီလျံနာ သူဌေးကြီး မဟုတ်သောကြောင့် လုံလောက်သော ရံပုံငွေ ကို ထားရစ် ခဲ့နိုင်မည် မဟုတ်ပါ။
သို့ကြောင့် ဘယ်သို့ပြုရန် အကောင်းဆုံး ဖြစ်မည်ကို အကြံဥာဏ်ပေး နိုင်မည် ထင်သူတို့အား စကား စပ်မိတိုင်း မေးမြန်း စုံစမ်းခြင်း ပြုလျက်ရှိပါသည်။ အချို့က တက္ကသိုလ် ကျောင်း စာကြည့်တိုက် ဌာနသို့၎င်း၊ တပ်မတော် ပြတိုက် သို့၎င်း၊ အကြံဥာဏ် တောင်းရန် သို့မဟုတ် အပ်လှူဘို့ ဆွေးနွေးရန် အကြံပေး သဖြင့် အဆက်အသွယ် ပြုမည့် ဆဲဆဲ ရှိနေပါသည်။
ယင်းသို့လောလောဆယ် ကုသိုလ်ရေးနှင့် နောင်ရေး အတွက် ပြုလုပ်ရမည့် ထာဝရ ကုသိုလ် ရေးများ အတွက်ပါ ခြုံ၍ စိတ်အာရုံ ရှေ့ရှုလျက်ရှိသည့် အားလျော်စွာ အကာလိကော အခါ မလင့် ကောင်းသည့် တရားတော် အတိုင်း မဆုတ်မဆိုင်း သည်နှစ်ထည်းမှာ အပြီးသတ် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားလိုက် ပါသည်။
ကျမ ကောင်းမှုကုသိုလ် ကို စိတ်ထားသန့်ရှင်းစင်ကြယ်စွာ ပြုမူဆောင်ရွက်နေသလို တဘက်မှလည်း သွားလေရာ လာလေရာ အတူပါလျက် ကုသိုလ် ရေစက် လက်နှင့်မကွာ လိုက်နာ ကျင့်သုံးနေရသည်မှာ အတန် ကြာပြီဖြစ်၍ သက္ကစ္စ ဒါနမြောက်မှု နှင့် ကုသိုလ်၊ အကုသိုလ် တရားတို့တွင် အကြွင်းမဲ့ ယုံကြည်မှု မရှိခဲ့သူ ဖြစ်သည် တိုင်အောင် ယခုအခါ ကျမ၏အလှူဒါနများနှင့် ဆွဲဆောင်ပါ များလာသောကြောင့် စိတ်ပါ ၀င်စား လာပြီဟု ယူဆခဲ့သည်။
ဤလို မမျှော်လင့်ဘဲ င်္သကန်းဆီးခြင်း၊ တရား အားထုတ်ခြင်း စသည်အထိ မြင့်မြတ်သော လုပ်ငန်းစဉ် များကိုပါ စိတ်ဝင်စားလာသော အချိန်မှာ ကျမက ဘာသာရေးတွင် သံသယများ ၀င်ခဲ့မိသော အတိတ် ဖြစ်ရပ်စဉ် ကိုပင် မေ့လျော့သွားပါသည်။ အတိတ်ဖြစ်ရပ် စဉ်ဆိုသည်မှာ လွန်ခဲ့သော ၁၀နှစ်ခန့်က ကျမ စိပ်ပုတီး စိပ်သောအခါ မြင်လျှင်ပြုံးရယ် ပြောင်လှောင်ခြင်း ပြုတတ်သည်။ အလှူအတန်း ပြုလျှင် နောင်ဘ၀ နတ်ပြည်ရောက်ဘို့ ဟု ပြက်ရယ်ပြုသည်။ ဘာသာရေး မှိုင်းမိနေသူ တဦး ဟူ၍ အထင်သေး လေ့ရှိသော ၀ါရင့် ကွန်မြူနစ် ကြီးများ၏ အပြုံးအလှောင်မျိုးသာဖြစ်ပါသည်။
သို့ရာတွင် ထိုစဉ်အခါက အမှတ်မဲ့နေခဲ့သည့် ဗုဒ္ဓဘာသာကို ငယ်စဉ်အခါက ဆရာကောင်း မိဘကောင်း များနှင့် နေခဲ့ရသူတွေသာ နက်နက်နဲနဲ အစွဲနာလေ့ ရှိသည်။ မိဘဘိုးဘွားက ဘာသာရေး၌ ပေါ့ပေါ့ဆဆ နေလာလျှင် သားမြေးဖြစ်သူ တို့မှာ သာ၍ ဘာသာရေးနှင့် ကင်းဝေး နေတတ်သည့်ဖြစ်ရပ်များကို နားလည် ထားဘူး သဖြင့် အသက်ကြီးလာမှ တဖြည်းဖြည်း ဆွဲဆောင် သိမ်းသွင်း ယူတော့မည်ဟု ကြိုးရှည် နှင့် လှန်ထားခဲ့ခြင်းဖြစ်ပါသည်။
ယနေ့လက်ရှိအခြေအနေမှာ ဘာသာရေး၌လေးစား ကိုင်းညွှတ်လာရုံမက ရဟန်းဘ၀ပင်ရောက် သည့် အခြေ အထိ တိုးတက်ယဉ်ပါးမှုရှိလာပြီဖြစ်ရာ ကျမသည်သူ့ဘ၀အမွန် အမြတ်ဆုံးသော ဘာသာတရား၏ တောင်ထွဋ် တောင်ထိပ်ဖျား အထိ သွေးဆောင်ခေါ်ယူကြည့်၍ ရလာလိုက် လာသဖြင့် 'တကဲ့ စေတနာ' ဟူသော ယုံကြည်ချက် တခုကို လက်ကိုင်ထား၍ များစွာဝမ်းမြောက် ၀မ်းသာ ဖြစ်နေပါသည်။
ဘယ်လောက်အထိများ စိတ်ကူးယဉ်လိုက်ပါသနည်းဟု မရှက်မကြောက် အမှန်အတိုင်းကို ၀န်ခံ ရမည် ဆိုလျှင် သူသာလျှင် အကျွတ်တရားဝင်ပြီး သင်္ကန်းဆီးရင်း အရိုး ထုတ်သွားနိုင်လျှင် ကျမ ကလည်းရှိ သမျှ ပစ္စည်းဥစ္စာများ လှူဒါန်း ပေးကမ်းခွဲဝေခဲ့ပြီး လူ့လောက ကြီးကို ကျောခိုင်းကာ တနေရာစီခွဲ၍ လောကုတ္တရာ ကောင်းကျိုးကို ရှာနေမည်၊ ရှေးအခါက ကုဋကြွယ်ဝသော သူများပင်၊ ပစ္စည်းဥစ္စာ လယ်ရာမြေ စွန့်ပစ်လှူဒါန်းပြီး တောတဲ့တောင်ထဲထွက်၍ လောကုတ္တရာစီးပွားရှာနိုင်ကြသေးလျှင် သည်ခေတ် မယ်မယ်ရရ ပစ္စည်းရှင်ကြီးများ မဟုတ်သေးသူ ကျမတို့ အဘို့က ဘာမှ နောက်ဆံ ငင်ဘွယ်ရာ မရှိဘု တွက်ဆမိခြင်းဖြစ်ပါသည်။
စင်စစ်တော့ အသက် အရွယ်ငယ်စဉ်က ဆိုလျှင် ဒီအတွေးအခေါ်မျိုးပေါ်လာဦးမည် မဟုတ်သေးပါ။ ယခု အရွယ် တွေက ၆၀ ပတ်ဝန်းကျင် မှာ ရောက်နေကြသည်။ နောက်ဆံ တင်းစရာလည်း မရှိသဖြင့် အချိန်အခါ နှင့် သင့်တော်သော အတွေးအခေါ်မျိုး ပေါ်ပေါက်လာ ရခြင်းသာ ဖြစ်ပါသည်။ လောကုတ္တရာ အကျိုးစီးပွား ရှာရာ၌ မရောင့်ရဲ နိုင်သော စိတ်ဓါတ် နှိုးဆွမှု ဟူ၍လည်း ဆိုနိုင်ပါသည်။ သို့ရာတွင် မျှော်လင့် ချက်ကြီးသည် နှင့် အမျှ ဖြစ်ချင်သော်လည်း မဖြစ်ရမည့်အခြေအနေက ပေါ်ပေါက်လာကြရလေပြီ။
ကြေနပ်ဖွယ်ရာမရှိသော စီမံမှုများ
အိမ်မက်ဟောင်း တခုတွင် ကြည်လင် သာယာကြည်နူးနေသူ ကဲ့သို့ လောကုတ္တရာအကျိုး စီးပွားရေး တည်းဟူသော စိတ်ကူးယဉ်ရေကြော ၌ မျောကောင်းနေသောအချိန် ဖြစ်ပါသည်။ နိဗ္ဗိန္ဒချောင်သို့သွားရန် လှူစရာ မုံ့သစ်သီး စသည်များကိုလည်း ပြင်ဆင် ထည့်သို့ စေခိုင်း ထားမိသည်။ ဤအတောအတွင်း နိဗ္ဗိန္ဒချောင် မှ အကြောင်းကြားစာကို သတင်းစာတိုက်မှ လာပြပါသည်။
ထိုစာက နိဗ္ဗိန္ဒချောင်မှ ဦးပဉ္ဇင်းကြီး ရန်ကုန်ပြန်လာမည်။ သြဂုတ်လ၇ရက် နေ့လောက် ရောက်မည် ဟူ၍ ပါလာသည်။ သို့ဖြစ်လျှင် ကျမတို့ တခေါက်သွားရန် မလိုတော့ပေ။ တလလောက် တရား အားထုတ် နေမည် ဆိုပြီးမှ ဘာကြောင့် ပြန်လာရသည် ကို မသိပါ။ သို့သော် အလုပ်တိုက်မှ အလုပ်သမား ခေါင်းဆောင် များနှင့် ငယ်သား တို့မှာ သူတို့ဆရာ ဦးပဉ္ဇင်းကြီး ပြန်လာမည် ဆိုသောကြောင့် အလွန် ၀မ်းသာ နေကြပါသည်။ သူတို့သည် တသက်နှင့် တကိုယ် မမျှော်လင့်ဘဲ သင်္ကန်း ၀တ်ထားသော ဆရာဦးပဉ္ဇင်းကြီး အား အမြန်ဆုံးတွေ့ချင်ကြသည်။ ကန်တော့လိုကျသည်။ ရန်ကုန် ရောက်အောင်ပင် မဆိုင်းနိုင် ကြဘဲ အလုပ်သမားအသိုင်းအ၀ိုင်း တစုက ထောက်ကြံ့ လမ်းဆုံမှ သွားရောက်ကြိုဆိုကြ မည်ဟု စီစဉ်ကြသည်။
ရောက်ပြီး နောက်တစ်နေ့မနက်မှာ ဆရာဦးပဉ္ဇင်းကြီး နှင့် တကွ အခြား နီးစပ်ရာ ဘုန်းတော်ကြီးများ အားပင့်ပြီး ဆွမ်းလုပ် ကျွေးကြမည်။ သည်ကိစ္စကုန်ကျ စရိတ်တွေကို အလုပ်တိုက်ရှိ အလုပ်သမား အားလုံး က သူတို့၏ချွေးနည်းစာ လခထဲမှ စုဆောင်း၍ ကုန်ကျခံမည်ဟု ၀မ်းမြောက်ဝမ်းသာ စီစဉ်နေကြပါသည်။ ကျမ ကလည်း သူတို့တတွေ၏ စိတ်အားထက်သန်မှုနှင့် စေတနာကို သာဓုခေါ်မိသည်။ ကူညီလိုသည့် ဘက်မှ ဖြည့်စွက်ပေးဦးမည်ဟူ၍လည်း ပြောထားပါသည်။
ယင်းကိစ္စ အ၀၀များအာ မောင်နှစ်မ၀မ်ကွဲ မန်နေဂျာကသာ ကျမကိုလာပြောသည်။ အလုပ် သမားများအစ အယ်ဒီတာ အဖွဲ့ အဆုံး ကျမနှင့်လုံးလုံး တွေ့ဆုံရသည်မရှိပါ။ အိမ်ဝမှ လှမ်းကြည့်လိုက်သောအခါ သူတို့ တတွေ ၀မ်းမြောက်ဝမ်းသာ စုရုံးလှုပ်ရှားနေကြ သည်ကိုတော့ တွေ့မြင်ရပါသည။် အလုပ်တိုက်မှ အသုံးချသော ကားများအပြင် လူပေါင်းတရာကျော် အတွက် ထောက်ကြံ့ဘက် သွားကြိုစရာ ဘတ်စ်ကားကြီး များလည်း ငှါးရမ်းထားကြသည်။ ဆွမ်းကျွေး တရားနာကိစ္စတွေ တာဝန် ဝေခွဲ စီစဉ်လျက် ရှိကြသည်။
ဦးပဉ္ဇင်းကြီး ပြန်လာလျှင် အိမ်ကြီးပေါ်ရှိ အိမ်ဦးခန်းမှာ ကျယ်ဝန်းသည်။ မကြာခဏ ရဟန်းတော် အာဂန္တု များ လာတိုင်းလည်း သည်အိမ်ဦးခန်းမှာဘဲ တည်းခိုလေ့ရှိကြပါသည်။ သို့ရာတွင် ယခု ပို၍ သင့်တော်သော နေရာ ထိုင်ခင်း အဆောက်အဦသစ် တခုက အရံသင့် ရရှိထားပါသည်။ ထို အဆောက်အဦးသစ် မှာ အိမ်ကြီး နှင့် အလုပ်တိုက်ကြားတွင် ရှိသော မော်တော်ကားရုံနေရာ မှာ အုတ်ခံပျဉ်ကာ နှစ်ထပ်အိမ် အဆောက်အဦး သစ်ကလေး ဆောက်လက်စ အပြီးသတ်ဆဲ ရှိနေပါ သည်။
အောက်ထပ်မှာ ကား၃စီးစာ ထားလောက်အောင် ကျယ်သောကားရုံအဖြစ် အသုံးပြု၍ အပေါ်ထပ်မှာ သတင်း စာတိုက် အယ်ဒီတာများအတွက် စာကြည့်တိုက်အဖြစ် အသုံးချရန် ရည်ရွယ် ဆောက်လုပ် ထားသည်ဟု ဆိုပါသည်။ ထိုအဆောက်အဦးငယ်ကို စတင်ဆောက်လုပ်စဉ် အခါက ကျမသည် ငပလီမှာ ရှိနေဆဲ ဖြစ်ပါသည်။ မော်တော်ကားရုံ နေရာကို စာကြည့်တိုက်လုပ်ရန် ပြုပြင်ဆောက်လုပ်နေသည်ဟု ကျမအား ဘယ်သူမှ စကားစပ် ၍ မပြောကြသဖြင့် လုံးဝမသိရပါ။ ငပလီမှပြန်ရောက်လာမှ အံ့အားသင့်စွာ တွေ့မြင် ရခြင်း ဖြစ်ပါသည်။
သည်အဆောက်အဦး ကလေး ကို မြင်တော့ကျမက ဆောက်လုပ်မည်ဆိုလျှင် ကြိုတင် အကြောင်း ကြား သင့်သည်။ ကျမ ကြိုက်နှစ်သက်သော ပုံစံမှာ အသစ်ဆောက်မည့် အတူတူ ခေတ်မှီသော နိုင်ငံခြား ပုံစံကလေး ဖြစ်စေချင် ပါသည်။ ယခုလို တောဆန်ဆန်ပျဉ်ထောင်ကွက်ကြားနှင့် ပုံမျိုးကို လက်မခံချင်ပါ။ အုတ်လွှာခြင်းနှင့် မကာရံဘဲပျဉ်ပြားတွေကို ကာရံထားခြင်းဖြင့်လည်း မီးဘေး အန္တရာယ်ကို စိုးရိမ် စရာရှိသည်။ စောစောကသိလျှင် ပြင်နိုင်သည်။
ယခုတော့ ဆောက်ပြီး သွား၍ ဆေးဖြူများပင်သုတ်နေပြီဖြစ်သောကြောင့် ပြုပြင်မဖြစ်တော့ဟု အပြစ် တင်သည်။ ဘယ်သူမှ အစီအမံ နှင့် ဆောက်စေသည်ကို စုံစမ်းသောအခါ အမိန့်အရ မန်နေဂျာက မောင်စန်းမောင် ဆိုသူကို လွှဲအပ်ဆောက်လုပ်စေသည်ဟု ပြောပါသည်။ ၎င်း မောင်စန်းမောင် ဆိုသူမှာ နှစ်ပေါင်း ၂၀အတွင်း အိမ်သို့ဝင်ထွက်သွားနေသည်ကို မတွေ့ရဘူးပါ။ လွန်ခဲ့သော ဗိုလ်ချုပ်နေ၀င်း အစိုးရလက်ထက် ရောက်မှ ပြည်သူ့အိုးအိမ်ဌာနတွင် အလုပ်လုပ်နေရာက အလုပ် ထွက်လာခဲ့ ရသူ ဖြစ်ကြောင်း သူနှင့် ဆွေမျိုးနီးစပ်တော် ကြောင်း သိရသည်။ တန်ခူးလ က လင်မယားနှစ်ယောက် ကျမကို လာကန် တော့ဘူးသည်။ အလုပ် မရှိ၍ ဗမာ့ခေတ် အလုပ်တိုက် က အကူအညီ ပေးနေရသည်ဟုလည်း သိရှိ ရပါသည်။
နှစ်ပေါင်း ၂၀ ဇာတ်သိမ်း၏ အစ ဆက်ရန်
.

3 comments:
နောက် ၁ ပိုင်းမြန်မြန်လေးဗျို့...
စာတွေလာလာဖတ်ဖြစ်ပါတယ်၊ ကွန်မန့်မရေးသွားတာဘဲရှိတယ်၊ ဆရာမကြီး ဒဂုန်ခင်ခင်လေး စာတွေကို မျှဝေပေးတာ ကျေးဇူးနော်။
ရွှေစင်ရေ
ဒဂုန်ခင်ခင်လေးလို အခန်းဆက်တွေအများကြီးကိုရေးနိုင်လို့
ကျွန်တော်အရမ်းချီးကျူးမိပါတယ်ဗျာ
ခင်တဲ့ ကိုကိုးအိမ်
Post a Comment