Friday, March 26, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၇) ထဲမှ အခန်း (၃)

ဒဂုန်ခင်ခင်လေး ၏ မြေပဒေသာ အပိုင်း (၇) ထဲမှာ အခန်း (၃) ကျန်နေရစ်ပါတယ်..၊ အခု သီးသန့် ပြန်ထည့် ပေး ထားပါတယ်..၊ အပိုင်း (၇) ထဲမှာ လည်း ပြန်ထည့် ထားပါတယ်..။ အားလုံး ကို တောင်းပန်ပါတယ်..။

သုံး

မျက်နှာမြင် ဘို့ရက် တဖြည်းဖြည်း နီးလာသောအခါ ဇနီးသည်ကလေးအား "ဟိုအခါကျ မင့်အကူအညီ ရအောင် တယောက်ယောက်တော့ ရှိမှဖြစ်လိမ့်မယ်၊ မိန်းမဖေါ် တယောက်လောက်"ဟု တိုင်ပင်ရာ၊ သူငယ်မ က ခေါင်းခါပြလေ၏၊ ၄င်းမှာ ညစာ ထမင်းစားပြီးဟု ပုဂံခွက်ရောက် များကို သယ်ယူနေခိုက် ဖြစ်လေ၏ အဘိုးကြီးကား အိမ်ရာဝင် သွားလေပြီ သူတို့ နှစ်ယောက်သား မှိတ်တုတ် မှိတ်တုတ် နှင့် မျက်တောင်ခတ် နေသည့် ဆီမီးခွက် ကလေး၏ မှေးမှိန်သော အလင်းရောင် တွင် ကျန်ရစ်ခဲ့ ကြလေသည်။

"ဘာ… မိန်းမဖေါ် မလိုချင်ဘူးလား ဟုတ်လား"ဟု အံ့အားသင့်၍ ထပ်မေးလိုက်လေ၏ ယခုအခါ ၀မ်းလန်းမှာ စကားပြောရသည့် အခါများတွင် လက်ဟန် ခြေဟန် နှင့် သာပြောလျက် နောက်ဆုံး မတတ်သာ တော့မှ နှုတ်မှစကားတလုံး မထွက်ချင် ထွက်ချင်ပေါ်ရသော ဇနီးသည်ကလေး၏ လက်ပြခြေပြ စကားပြော နည်းကို နားလည် ကျင့်သားရနေပြီ ဖြစ်ပေ၏။ ဇနီးသည် လက်ဟန် ခြေဟန် နှင့် ပြောသမျှ မိမိ နားမလည် တာ ဘာမျှမရှိဟု မိမိကိုယ်ကို ထင်မိ၏။

"ဒီလိုဆိုရင် ဒီအိမ်မှာ ဒို့ယောက်ျား နှစ်ယောက်ထဲနဲ့ ဂွတိုက် နေလိမ့်မယ်ကွ"ဟု ဆက်လက်ပြောကာ "ငါ့အမေ ခေါ်ခေါ် ခိုင်းဘူးတဲ့ မိန်းမတယောက်တော့ ဒီရွာမှာရှိတယ်၊ ငါတော့ ဒီကိစ္စတွေမှာ ဘာမှ နားမလည်ဘူး၊ ဟိုအိမ်ကြီး မှာကော တယောက်မှ မရှိဘူးလား၊ ဒီလာနိုင်မဲ့ မင်းနဲ့ခင်တဲ့ အစေခံကြီးကြီး ထဲကလေ"

ဇနီးသည် နေခဲ့ဘူးသည့် ထိုအိမ်ကြီးအကြောင်း စကားထဲ ထည့်ပြောမိသည်မှာ ဤအကြိမ်သည် ပဌမဆုံး အကြိမ် ဖြစ်ပေသည်။ သူငယ်မသည် ၀မ်လန်းအား တခါဘူးမျှ မကြည့်ခဲ့ဘူးသော ကြည့်ခြင်းမျိုးဖြင့် လှည့်ကြည့် လေ၏၊ ၄င်း၏မျက်နှာကလေးမှာ ဒေါသရောင်ဖြင့် လှုပ်ရှားနေပြီးလျှင် သေးငယ်သော မျက်လုံး ကလေးများသည် ပြူးကျယ်လျက် ရှိလေ၏။
"ဘာ…ဟိုအိမ်ကြီး မှာ တယောက်မှ မရှိဘူးလားလို့ မေးသလားဟုတ်လား"ဟု ပြန်၍ အော်ဟစ်လေ၏

ဝမ်လန်းသည် ဆေးထည့်နေသော ဆေးတန်ကိုချလျက် ဇနီးသယ်အား စိုက်ကြည့် လိုက်လေ၏၊ သို့သော် သူငယ်မ၏ မျက်နှာကား တခဏချင်းပင် နဂိုမျက်နှာ ကလေးအတိုင်း ပြန်ဖြစ်သွားလျက် ဘာမျှ မပြောမိသလိုလို စားပွဲ့ပေါ်မှ တူချောင်းများကို လိုက်လံကောက်ယူ သိမ်းဆည်း နေလေ၏။

"အင်း…ဖြစ်နေတဲ့ ကိစ္စက"ဟု ၀မ်လန်းမှာ အပြောင်းအလဲမြန်လှသော မျက်နှာကိုကြည့်လျက် အံ့သြခြင်း ဖြင့် ပြောလိုက်စေကာမူ၊ သူငယ်မက ခတ်မဆိတ်သာ နေလေ၏ ၀မ်လန်းက ဆက်လက်၍ "ဒို့ယောက်ျား နှစ်ယောက် က ခလေးမျက်နှာမြင်တဲ့ကိစ္စမှာ ဘာမှမတတ်နိုင်မှာ မဟုတ်ဘူး၊ ငါ့အဖေဆိုရင်လဲ မင့်အခန်း ထဲဝင်လို့ မလျော်၊ ငါဆိုရင်လဲ နွားမခလေး မွေးတာတောင် မမြင်ဘူးဘူး၊ ငါ့လက်ကြမ်းကြီး တွေ က ခလေး အသားတွေ ရှကုန်လိမ့်မယ်၊ အဲဒီတော့ မင်းဟိုကျွန်တွေခလေး အမြဲမွေးနေတဲ့ ဟိုအိမ်ကြီးက တယောက် ယောက်ကို"
သူငယ်မသည် တူတံကလေးများကို စားပွဲပေါ်၌ သပ်သပ် ကြီးစဉ်ငယ်လိုက် တင်လိုက်ကာ ၀မ်လန်းအား အတန်ကြာကြည့်ပြီးနောက်-

"ကျမဟိုအိမ်ကို သွားတဲ့အခါမှ ကျမသားကလေးလဲပါလိမ့်မယ်၊ သူ့အတွက် အင်္ကျီနီကလေးက တထည်ရယ်၊ ပန်းနီပွင့်ကလေးတွေနဲ့ ဘောင်းဘီကလေးကတခု၊ ပီးတော့ ရွှေရောင် ဘုရား ရုပ်ပွားတော် ကလေး တဆူပုံကို ဦးထုတ်ကလေးထိပ်မှာ ဇာအပ်နဲ့ ထိုးပေးပီး ဆောင်းပေးမယ်၊ နောက်ပီးတော့ ကျားပါးစပ် ဘိနပ်ကလေးတရံလဲ ၀တ်ပေးမယ်၊ ကျမလဲ ဘိနပ်သစ်တရံ၊ ပိတ်ဖဲ အင်္ကျီနက်က တထည်၊ အဲဒါတွေ ၀တ်ပီး ကျမအလုပ်လုပ်ခဲ့တဲ့ မီးဖိုထဲလဲသွားမယ်၊ ပီးအခန်းထဲမှာ ဘိန်းနဲ့မှိန်းနေတဲ့ အဖွားကြီး ဆီသွားပီး ခလေးနဲ့ ကျမကိုယ်ကို ၀င်ပြမယ်"

သူငယ်မ ထံမှ ဤမျှရှည်လျားသော စကားတန်းရှည်ကြီးကို ၀မ်လန်းသည် တခါဘူးမျှ မကြားဘူးခဲ့ချေ၊ ဤစကားတန်းရှည်ကြီးကား လမ်းခုလတ်တွင် ရပ်နားခြင်းမရှိ၊ လေးလေးနှင့် မှန်မှန်ကြီး ထွက်ပေါ်လာလျှက် မပြောမီ ကတည်းက ကြံစည်စိတ်ကူး၍ ထားရသော စကားမျိုးဖြစ်လိမ့်မည်ဟု ထင်မိလေ၏။ လယ်ထဲတွင် မိမိနံဘေး မှာ အတူတူ အလုပ်လုပ်ရင်းက ထိုအကြောင်းကို ပြောရန် ကြံစည်စိတ်ကူး နေဟန်တူ၏ မည်မျှ အံ့သြဘွယ် ကောင်းသော မိန်းမပေနည်း။

နေထွက်မှနေ၀င် ဝေယျာဝစ္စမှန်သမျှ တိတ်တိတ်ဆိတ်ဆိတ်နှင့် လုပ်ကိုင်နေသော သူငယ်မမှာ ခလေး အကြောင်းကို စဉ်းစားနေနိုင်လိမ့်မည်မဟုတ်ဟု အောက်မေ့မိ၏ ယခုမူ ခလေးငယ် လူ့လောကထဲသို့ ရောက်မလာ သေးခင်ကပင် သူငယ်မမှာ သူ့ကိုယ်သူ အင်္ကျီသစ်နှင့် မိခင်အအဖြစ် သူ့ခလေးကိုလည်း အ၀တ် အစားကလေးတွေ စိတ်ကူးနှင့် ဆင်ပေးထားပြီးသားနှင့် ယခုကတည်းက ကွက်ကျော် ခြေလှမ်း မြင်ပြီး ဖြစ်နေလေပြီ။

ဝမ်လန်းကား ပြောရန်စကားရှာမတွေ့ဖြစ်နေလျက် ဆေးတန်ဆေးကို လက်မလက်ညှိုး နှစ်ချောင်းဖြင့် အလုံးကလေးတခုဖြစ်အောင် ကြိုးကြိုးစားစားလုံးနေပြီး ဆေးတံကို ကောက်ယူ၍ ဆေးလုံးကလေးကို ထည့် လိုက်လေ၏။

"မင်းငွေနဲနဲပါးပါး လိုချင်တယ်ထင်ပါရဲ့"ဟု နောက်ဆုံးတွင် သံဖြတ်နှင့် မေးလိုက်လေ၏။
"ဒင်္ဂါးသုံးပြားလောက် ပေးရင်တော့"ဟု ရွံ့ရွံ့နှင့် ပြောရာမှ ဆက်လက်၍ "များတော့များတာဘဲ ဒါပေမဲ့ ကျမ ဘယ်လောက် ကုန်မယ်ဆိုတာ တွက်ကြည့်ပြီးသားပါ" တပြားမှ အလဟဿ မဖြစ်စေရဘူး၊ အထည်ရောင်း တဲ့ လူလဲ တလက်မ မှ မခိုအောင် ကျမလုပ်မှာဘဲ"ဟု ပြောရှာလေသည်။

ဝမ်လန်းသည် ပိုက်ဆံအိတ်ကို လက်နှင့်စမ်း၍ ကြည့်လေ၏ ယမန်နေ့က အနောက်ဘက် ကွင်းတွေထဲက ကြူပင်တွေကို ခုတ်ပြီး မြို့ဈေးသို့ တက်ရောင်းခဲ့ရာ သူ့လက်ထဲတွင် ဇနီးသယ် တောင်းသည့် ပိုက်ဆံ ထက်ပင် အနည်းငယ် ပိုပိုလျှံလျှံ ကလေးရှိနေ၏။

ဒင်္ဂါးသုံးပြားကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
ထို့နောက် အတန်ငယ်စဉ်းစားပြီး နောက်ထပ် ဒင်္ဂါးပြားတပြားကို ထပ်၍ ထည့်လိုက်လေသည်။ ထိုဒင်္ဂါးပြား မှာ ၀မ်လန်းသည် မြို့ကိုရောက်လျှင် လဘက်ရည်ဆိုင် အံစာဝိုင်း၌ ၀င်ထိုးရန် စုထားသော ပိုက်ဆံဖြစ်၏။ သို့သော် ရှုံးသွားမည်စိုး၍ မြို့ကို ရောက်တိုင်း မထိုးဖြစ်ဘဲ ၀ိုင်းဘေးက ရစ်သီရစ်သီ လုပ်လျက် အံစာ ခေါက်နေသည်ကို ကြည့်ရုံဝင်ကြည့်၍ ပြန်ခဲ့လေသည် များသောအားဖြင့် ကားလမ်းဘေး ကွက်စိပ်ဆရာ၏ စင်သို့ သွားလျက် တခါ နားထောင်လျှင် တပဲနိ ထက် ပိုမပေးရသော ကွက်စိတ်နာခြင်း ၌သာ အချိန်ကို ဖြုန်းလေ့ရှိ၏။

"နောက်ပေးတဲ့ ဟာကို မင်းယူထား"ဟု စက္ကူတံမီးစကို ၀ူးကနဲမှုတ်လျက် တောက်လာသော မီးတောက်ဖြင့် ဆေးတံကို ထည့်ရာက ဆက်လက်၍ "ခလေးအင်္ကျီကလေး ကိုတော့ ပိုးစကလေးနဲ့ ချုပ်ပါကွယ် အဆုံး မတော့ သူက သားဦးကလေးကွ"ဟု ပြောလိုက်လေ၏ သူငယ်မကား ငွေစကို ရုတ်တရက် ကောက် မယူ သေးဘဲ မလှုပ်မရှက် စိုက်ကြည့်နေလေ၏။ ထိုနောက်မှ လေသံကလေးဖြင့် "ကျမတသက် မှာ ငွေစ ကိုင်ဘူးတာ ဒါပဌမဘဲ" ဟု ပြောရှာလေသတည်း။

ထိုနောက် ငွေစများကို ဇပ်ကနဲကောက်ယူလိုက်ပြီး လက်ထဲတွင်ဆုတ်လျက် အိပ်ခန်းထဲသို့ ၀င်ပြေးလေ၏။
ဝမ်လန်းကား ဆေးတံကိုခဲရင်း ပိုက်ဆံ၏ ရာဇ၀င်ကို ဆင်ခြင်၍နေလေ၏။ ထွန်တုံး တလက်ဖြင့် မိမိ ကိုယ်တိုင် ထွန်ယက်ခဲ့သော မိမိကိုယ်တိုင် တူးဆွမှောက်လှန်ခဲ့သော မိမိတကိုယ်လုံးဖြင့် အသုံးချခဲ့သော မြေထု ကမ္ဗလာ ၀ဿုံလွှာကြီးဖြင့် သည်ပိုက်ဆံတို့သည် ဖြစ်လာခဲ့၏။ သူ့အသက်သည် ဤပြည် ရွှေဘုံ ၀ဿုံ မြေကြီးဖြင့်ပင် ရှင်လာခဲ့၏ အပေါက်အပေါက် ကျသော သူ့ကိုယ် မှ ချွေးစက်တို့ဖြင့် သူသည် ဤကမ္ဗလာချပ် ၀ဿုံမြေကြီး မှ အစားအစာကို ညှစ်ထုတ် ယူငင်ခဲ့၏။ အစာတည်းဟူသော သလေးဆန်ဂျုံ မြေ၀တ်မှုံ တို့မှ သူသည် ဤပိုက်ဆံများကို ရရှိခဲ့လေသည်။

ယခင်က ယခုလို သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို နှိုက်ပြီး ပေးခဲ့ရသည့်အခါတိုင်း မည်သူ့ကိုပင် ပေးရ သည်ဖြစ်စေ သူ့စိတ်ထဲ၌ သူ့အသက်၏ တစိတ်တဒေသကို လှီးဖြတ်၍ ပေးလိုက်ရဘိသကဲ့သို့ ဆတ်ဆတ်တုံ နာကျည်းခဲ့၏။ သို့သော် ယခုတခါ ပိုက်ဆံထုတ်၍ ပေးလိုက်ရခြင်း၌ကား သူ့တသက်တွင် ပဌမဆုံး အကြိမ် နာကျဉ်းခံခက်ခြင်း မဖြစ်တော့ပေ၊ သူယခု ပေးလိုက်သော ပိုက်ဆံများကို ကုန်သည် တဦး အား ပေးခြေလိုက်ရသော ပိုက်ဆံမျိုး လို မအောက်မေ့တော့၊ ထိုငွေမျိုးထက်သာလွန်၍ အဘိုးထိုက် လှသည့် ရတနာတခုအသွင်သို့ ပြောင်းလဲသွားသည်ကို သူ့မျက်စိထဲတွင် ထင်မြင်၍ နေလေသည်။ ထိုရတနာ ကား သူ့သားကလေး ၀တ်ဘို့ အင်္ကျီ ဘောင်းဘီကလေးများပင်တည်။

အချိန်စေ့ ၍လာလေ၏ သူငယ်မကား သူ့အနားတွင် မည်သူ့အားမျှ အဖေါ်အလှော်မထားလိုပေ ထိုအချိန် မှာ တခုသော ညနေနေ၀င်ရီတရော ကလေးဖြစ်ပေသည်။ သူငယ်မသည် စပါးတွေ မှည့်ဝင်းနေသော လယ်ကွင်း ထဲ၌၊ သူ့ချစ်လင်နှင့်အတူ အလုပ်ဆင်းနေခိုက်ဖြစ်၏။ ဂျုံတွေရိပ်ယူ ပြီးစီးခဲ့သည့်နောက် လယ်ကွင်း များသည် ရေတွေတဖွေးဖွေးနှင့် ဖြစ်လာကြကာ စပါးတွေ သီးကြပြန်ပြီး ယခုမူ စပါးတွေ ရိပ်ချိန် တန်ပြီ ဖြစ်လျက် အချိန်မှာ ပူပြင်းလှသော နွောရာသီဖြစ်ပေသည်။

လင်မယားနှစ်ယောက်သည် တနေ့လုံး တကုန်းကုန်းနှင့် ကောက်လှိုင်းတွေကို ရိတ်ဖြတ်၍ နေကြ လေသည်။ သူငယ်မကား သူ့ဝမ်းတွင် လွယ်ထားရသော ၀န်လေးကြီးအတွက် ကောင်းစွာ မကုန်းနိုင်ရှာ နှေးနှေး ကွေးကွေး လေးလေးပင်ပင်နှင့်ပင် ရိတ်ဖြတ်နေရှာရကား စပါးရိပ်ရာတွင် သူ့ချစ်လင်ပြီးစီး သလောက် မပြီး၊ သူ့ချစ်လင်က ရှေကက သူကနောက်ကျ၍ နေလေ၏။ နေကတဖြည်းဖြည်း စောင်းလာ လေလေ သူငယ်မမှာ အလုပ်နှေးလာလေလေဖြစ်နေရာ ၀မ်လန်းမှာ စိတ်မရှည်နိုင်တော့ဘဲ သူငယ်မ ကို လှည့်ကြည့်မိလေ၏။ သူငယ်မသည် အလုပ်ကို ရပ်လိုက်ပြီး၊ ခါးကိုဆန့်လိုက်လေရာ လက်ထဲမှ တံဇဉ်သည် မြေသို့ ဖုတ်ကနဲ ကျသွားလေ၏။ ဝေဒနာသစ်တခုကို ခံစားနေရပြီဖြစ်၍ မျက်နှာတွင် ချွေးသစ် ကလေး များစို့ နေလေ၏။

"၀မ်းတော့နာလာပီ ကျမအိမ်ပြန်သွားတော့မယ်၊ ကျမမခေါ်မချင်း ရှင်အခန်းထဲဝင်လိုက် မလာနဲ့နော် ကျူရိုးကလေး တချောင်းသာ အကြောခွါပြီး စိတ်ယူခဲ့စမ်းပါ ခလေးအချင်းဖြတ်ဖို့"ဟု ပြောဆိုပြီး သူငယ်မ သည် ဘာမျှ မစိုးရိမ်၊ ကြောက်လန့်ခြင်း မရှိသည့် အမူအရာဖြင့် လယ်ကွင်းတွေကို ဖြတ်ကာ အိမ်ဆီသို့ ပြန်လေ၏။

ဝမ်လန်းသည် သူငယ်မ သွားရာသို့ မျှော်၍ကြည့်နေနောက် တဘက်ကွင်းမှ ကန်စောင်းသို့ လျှောက် လာခဲ့ကာ စိမ်းလန်း၍လတ်ဆတ်သော ကြူပင်တချောင်းကို ရွေး၍ဖြတ်ယူ အကြောကို ခွဲယူ၍ တံဇဉ် သွားဖြင့် စိတ်ဖြာနေလေ၏ နွေသီလတပေါင်းဖြစ်၍ နေ အကျ အစောင်းမြန်လှကား မကြာခင် အမှောင် ရိပ်တွေ သန်းလာလေ၏ ၀မ်လန်းသည် တံဇဉ်ကိုထမ်းလျက် အိမ်ဆီသို့လှမ်းခဲ့လေ သတည်း။

အိမ်သို့ရောက်သွားသောအခါ အငွေ့ တထောင်းထောင်းနှင့် အသင့်ပြင်ထားသော ထမင်းပွဲတွေ့ ရလျက် အဘိုးပင် ထမင်းစားနေပြီကို တွေ့ရလေ၏ သူငယ်မကား ကမ္မဇသား သန္ဓေလှုပ်ရှားခြင်းကို ဘေး အသာ ချိတ်ထားလျက် ထမင်းဟင်းပင် ချက်ပြုတ်ခူးခတ်ပြင်ဆင်၍ ပေးထားရှာ၏၊ မိန်းမတွေ ထဲမှာတော့ အတော် ရှားတဲ့ မိန်းမပဲဟု စိတ်ထဲမှာချီးကျူးမိလေ၏ ထို့နောက်တံခါးပိတ်ထားသော သူတို့၏ အခန်းသွားလျက် ရော့-ဒီမှာဟေ့ ကြူကြောဟု အော်ပြောလေ၏ သို့သော် အတွင်းမှ ဘာသံမှ ထွက်မလာပေ၊ သူငယ်မ ကိုယ်တိုင် တံခါးဆီသို့လျှောက်လျက် တံခါးကြားမှ လက်လျှိုကာ ကြူခြမ်းပြား ကလေး ကို ယူလေ၏၊ သူငယ်မကား ဘာတခွန်းမျှမပြော သို့သော် အလွန်လေးလံလှသော ခရီးကို အပြေး အလွား ပြေးလာရသူတစ်ဦး၏ တနည်းမျိုးမောဟိုက်နေသည့် အသံကို ၀မ်လန်း ကြားရလေ၏။

အဘိုးကြီးက ထမင်းပွဲမှ မော်ကြည့်ပြီး စားလှဲ့လကွာ ထမင်းတွေအေးကုန်တော့မယ် ဟု လှမ်းပြောပြီး ဆက်လက်၍ စိတ်ပင်ပမ်းမနေစမ်းပါနဲ့ အဝေးကြီးလိုပါသေးတယ် မင့်အမေသားဦး ကလေးမွေးတုံးကများ ငါ သေသေချာချာ မှတ်မိတယ် မနက်လင်းတောင် တယောက်ပီးတယောက် နှစ်ကျိပ်လောက် တောင်ရှိ မလား မပြောတတ်ပါဘူးဟယ် ငါလဲမေ့နေပါပြီ အဲဒီအထဲက မင်းတယောက်ဘဲ အဖတ်တင်တာ အဲဒီတော့ ကာ ဘာပြုလို့ခလေးတွေ တယောက်ပြီးတယောက် မွေးပေးရတယ်ဆိုတာ မင်းနားလ ည် ရောပေါ့ ဟု ပြောရာ မှ အသစ်ပြန် သတိရလာသကဲ့သို့ အင်း နက်ဖြန်ကာ ဒီအချိန်လောက် ဆိုရင် ငါတော့ မြေးယောကျာ်း ကလေး တယောက်နဲ့ အဘိုးအေ ဖြစ်ရချေသေးဟု ဆိုပြီးရယ်လေ၏၊ ထို့နောက်ထမင်းပွဲမှ ရုတ်တရက် ထလျက် မှောင်ထဲတွင် အတော်ကြာထိုင်ပြန်ရင်း တခိခိနှင့် အူမြူး နေပြန်လေ၏။

ဝမ်လန်းမူကား တံခါးနားတွင် ရပ်မြဲရပ်လျက် အတွင်းမှထွက်ပေါ်လာနေသော မောဟိုက်ပြင်းထန် အသက်ရှုသံကြီးမျိုးကို နားစွင့်၍နေလေ၏ ပူနွေး၍စိမ်းရွှေရွှေ ညှီစို့စို့နေသော သွေးစိမ်းနံ့ ကြီးသည် တံခါးရွက်နှစ်ခုအကြားမှ လျှာထုတ်၍ ၀မ်လန်း၏နှာခေါင်းကို ကလိလေရာ ၀မ်လန်းမှာ ထိတ်လန့်၍ သွားမိလေ၏၊ မောဟိုက်ပင်ပမ်းခြင်းကြီးစွာဖြင့် ဖုတ်လှိုက်ဖုတ်လှိုက် ရှိုက်ရှူနေသော အသက်ရှုသံကြီး များသည် ထိုခဏ္က၌ ကြိတ်၍ ညည်းညူဟစ်အော်နေရှာသလိုလို တဖြည်းဖြည်းလျှင် တိုးတက်လျက် လာလေ၏ လူကြားအောင်ကား အော်ဟစ်ခြင်းမပြုရှာပေ သို့ဖြစ်လေရာ ၀မ်လန်း မှာ ရပ်တည်ရာ မရအောင် လာလျက် တံခါးကိုချိုးဖွင့်၍ ၀င်တော့ရန် အကြံလိုက် စူးလျှသေးငယ် သောငိုသံကလေးတခုကို ကြားလိုက်ရပြီးလျှင်၊ လောဘကြီးကို မေ့၍သွားလေ၏။

"ယောကျာင်္ား ကလေးလားဟေ့"ဟု ဇနီးကိုပင် သတိမရတော့ပဲ၊ အရေးတကြီး မေးလိုက်လေ၏။ သေးငယ်၍ မာကြောသော ငိုသံကလေးလား- နောက်တစ်ကြိမ် ဆောင့်ကန်၍ ထွက်လာပြန်သော နာမခံသာအောင် ရှိလေ၏။
"ယောကျာင်္ကလေး လားကွ၊ ဟေ- ဒါလောက်လေးတော့ ပြန်ပြောစမ်းပါအုံးကွ- ယောကျာင်္းကလေးလား
ထပ်၍- အော်၍- မေးပြန်လေ၏။

ထိုအခါ- အသံပြန်ပေးသလို၊ အားနည်းဖြော့တော့ အားအင်လျော့ နေရှာသည့် အသံပြော့က လေးဖြင့်၊ "ယောကျာင်္းကလေး"ဟု သူငယ်မ၏ ပြန်ဖြေလိုက်သောအသံကို ကြားရပေတော့ သတည်း။
 ထိုနောက်ကား- ၀မ်လန်းသည်၊ စာပွဲသို့သွားထိုင်နေလေ၏။ မည်မျှမြန်ဆန်လှဘိသနည်း၊ ထမင်းပွဲ ကားဧစက် ၍နေလေပြီ၊ အဘိုးကြီးလည်း ခုံးပေါ်တွင် အိပ်ပျော်၍နေလေပြီ၊ သို့သော် မည်မျ မြန်ဆန် လှဘိသနည်း  ၀မ်းလန်းသည် အဘိုးကြီး၏ ပခုန်းကိုသွားလှုပ်လျက်။

"ယောကျာင်္းကလေး အဘရေ- အဘက အဘိုးအေ- ကျုပ်က အဖေဖြစ်ပီ"ဟု အောင်မြင်စွာ ကြွေးကြော် ခြင်း ပြုလေ၏။
အဘိုးကြီးသည် အိပ်ရာမှလန့်၍ နိုးလာပြီး၊ မအိပ်ခင်ကရယ်နည်းမျိုး ရယ်ပြန်လေ၏
"အေးကွ- အေးဟဲ့- ဟုတ်သပါ့"ဟု ကြက်ဖကြီးကတော်သလို ကတော်ရင်း "အဘိုးအေကွ- အဘိုးအေ"ဟု မြူးကြွကာ အရှုးထလေ၏။ ထိုနောက်ထိုင်ရာမှ ထတဲ့ကာ သူ့အိပ်ခန်းသို့ တဟားဟားရယ်မော သဘော ခွေ့ရင်း ၀င်သွားလေသတည်း။

ဝမ်လန်းသည် ဧနေသော ထမင်းပုဂံကို ယူ၍စားလေ၏။ အဆာကြီးဆာနေသည် မှန်သော်လည်း ထမင်း လုပ်ကို ပါးစပ်ထဲသို့ မြန်မြန်ထက်ထက် သွင်း၍မရအောင်ရှိလေ၏။ အခန်းထဲ၌ကား- တလှုပ်လှုပ် ရွေ့လျှား လှုပ်ရှားနေသော ဇနီးသယ်၏ အသံနှင့် မရပ်မနားစူးစူးဝါးဝါး ဟစ်ငိုနေသည့် ခလေးငိုသံကို ကြားရလေ၏
"ဒို့အိမ်တော့ အေးအေးချမ်းချမ်းနေနိုင်တော့မယ် မဟုတ်တော့ပါဘူးကွာ"ဟု အထင်ကြီးကြီးနှင့် တကိုယ် တည်း ရေရွက် မိလေ၏။

ထမင်းစား ပြီးသောအခါ၊ အခန်းဝသို့ ရောက်သွားလေ၏ ဤအကြိမ်၌မူ ဇနီးသယ်က ၀င်ခွင့်ပြုပြီး ဖြစ် သဖြင့် အခန်းထဲသို့ စိုက်စိုက်ကြီး ၀င်သွားလေ၏။ ပူနွေး၍ လတ်လတ် ဆတ်ဆတ် ရှိသော သွေးစိမ်း နံ့တို့ကား မပျောက်သေးပေ၊ သို့သော်- စည်ဝိုင်းတလုံးထဲမှတပါး၊ အခြားနေရာတို့တွင် သေးစသွေးနဟူ၍ မမြင် တွေ့ရပေ၊ ထိုစည်ပိုင်းထဲသို့တည်း၊ သူငယ်မသည် ရေများလောင်းထည့် ပြီးကုတင်အောက်သို့ တွန်းသွင်း ထားသည်ဖြစ်၍ ၀မ်လန်းမတွေ့မြင်ရပေ၊ ဖယောင်းတိုင် အနီ ကလေး တတိုင်ကို ထွန်းညှိ ထားလျက်၊ သူငယ်မ မူကား အိပ်ယာပေါ်တွင် သပ်သပ်ယပ်ယပ် စောင်ချုံ လျက်၊ ပက်လက် ကလေး ရှိနေလေသည်။ သူငယ်မ၏ နံဘေး၌ သူတို့ဒေသ သူတို့အရပ်၏ ထုံးစံအတိုင်း ဘခင် ဖြစ်သူ ၏ ဘောင်းဘီဟောင်းတစုံဖြင့် ရစ်ပတ်ပိုက်ထွေးထားသော ခလေးငယ်ကို တွေ့ရပေ၏။

ဝမ်လန်းသည် ထိုနေရာသို့ လျှောက်သွားရာတွင်၊ ပဋ္ဌမသော်- စကားစ ရှာမတွေ့အောင် ဆွံ့အ၍ နေလေ၏၊ ရင်ထဲတခုလုံး ပြည့်တေ့တေ့ကြီး ဖြစ်လျက်၊ ဘ၀င်လှိုက်ဆူကာ တက်ရင်း ခလေးကို ငုံ့ကြည့်လေ၏။ အသားညိုညို မျက်နှာကလေးဝိုင်းဝိုင်း- အရေကလေးတွေ တွန့်လျက် ရှည်လျား သောဆံပင် များမှာ စွပ်စို နက်မှောင်လျက် ရှိကြလေ၏။ ထိုအချိန်တွင် ခလေးမှာ အငိုရပ်နေကာ- မျက်လုံး ကလေးများကို တင်းကြပ်စွာ မှိတ်ထားလေ၏။

ထိုနောက် ဇနီးသယ်အား လှည့်၍ကြည့်လေ၏။ ဇနီးသယ် ကလည်းပြန်၍ ကြည့်လေ၏။ ၎င်း၏ ဆံပင်များသည်၊ ကြီးစွာခံစားလိုက်ရရှာသော ဝေဒနာဒါဏ်ချက်မှ ဖြစ်ပေါ်သည့်၊ ပင်ပမ်းခြင်း ချွေးစီး တို့ဖြင့် စိုရွှဲလျက်ပင် ရှိကြသေးလျက်၊ ကျဉ်းမြောင်းသော မျက်လုံးကလေးများ သည်လည်း၊ နိမ့်ဝင် ဟောက်ပက် ပက်ကလေး ရှိနေကြကုန်၏။ ဤပြောင်းလဲချက်ကလေးများမှအပ၊ သူငယ်မ၏ ရုပ် မှာမှု ရှေးက အတိုင်းပင် ရှိလေသည်။ သို့သော်- ၀မ်လန်း အဖို့ကား- ထိုသဏ္ဍာန်မှာ သနားစဖွယ် ကလေး ဖြစ်နေ ပေ၏။ သူ၏ သနားကြင်နာသော စိတ်ဓါတ်ရေလျှင်သည်၊ သားအမိနှစ် ယောက်အပေါ်သို့ ဒဟဟော ကျဆင်း သွားလျက်။ အခြားထွေရာလေးပါးဆို၍ ဘာတခွန်းမျှ ပြောရန်စကားစ ရှာ၍ မတွေ့ တော့ မှု၍- နှုတ်ဖျား တွင် ပေါ်လာသော-
"ငါမနက်ဖြန် ကျ- မြို့တက်ပီး- မင်းကိုကြိုတိုက်ဖို့ သကြားခဲ သွားဝယ်မယ်" ဟူသော နှစ်သိမ့် အားပေး စကား ကလေး များသာ အလိုလိုထွက်သွားကာ- ခလေးကိုငုံ့ကြည့်ပြန်လျက်၊ ရုတ်တရက် သတိရ လာပြန် သကဲ့ သို့-
"နောက်ပီးတော့- ဘဲအုတခြင်းလောက်လဲဝယ် ရအုံးမယ်- အားလုံးဆေးနီဆိုးပီ၊ ငါ- သားကလေး ရပီဆိုတဲ့ အကြောင်း သတင်းလွှင့်ရင်း၊ ရွာသားတွေကမ်းရမယ်"ဟုပြောပြန်၏။

အပိုင်း (၇) ထဲမှ အခန်း (၄) ဆက်ဖတ်ပါရန်
.

1 comment:

Anonymous said...

thank u so much ;)