လွတ်လပ်ရေးရပြီးအချိန်
သူတို့ နှင့်ပတ်သက်သမျှ မန္တလေးမြို့မှ ရောက်လာကြသူတွေကို လက်ခံရသည်မှာလည်း နားရသည်မရှိပါ။ စစ်အတွင်းက သူတို့ဒုက္ခ, သုက္ခရောက်ချိန် ခိုဝင်ပုန်းရှောင် နေရသော ဘုန်းကြီးကျောင်းများမှ အသိ ဘုန်းကြီးကျောင်း များမှ အသိဘုန်းကြီးများအားလည်း ရန်ကုန်ရှိ ကျမအိမ်သို့ ခေါ်လာပြီး တည်းခိုနေထိုင်စရာ ပို့လာသောအခါ ကျမတို့က ပစ္စည်းလေးပါး ဒါယကာများကဲ့သို့ဖြစ်လာပါသည်။
ရဟန်းရှင်လူ ဧည့်ခန်းပေါင်းစုံ ၀င်ထွက် တည်းခိုရာဋ္ဌာနအရပ်ကဲ့သို့ ရှိနေသော ကျမအိမ်ပေါ်မှာ အစိုးရလခစား၊ နိုင်ငံရးဝါဒ အသီးသီးရှိသူများ။ စီးပွားရေးသမား၊ စာနယ်ဇင်း လောကမှ လူများ၊ စသဖြင့်စုံနေသလို၊ ရဟန်းပျိုအဖွဲ့ဝင်များ၊ ရိုးရိုးစာသင်စာချနှင့် သာသနာပြုရဟန်းတော်များလည်း စုံလျက်ရှိပါသည်။
ဤတွင် ရှေးအခါက တယောက် မျက်နှာတယောက် မမြင်ဘူးကြသော်လည်း ကျမအိမ်ကြီး တွင် လာရောက် ဆုံဆီးမိကြသောအခါ အလွမ်းသင့်ရာ, သင့်ရာ ခင်မင်မိတ် ဖြစ်သွားကြပါသည်။ အချို့မှာ မိတ် ဖြစ်ဆွေဖြစ်သာမက စီးပွားကုန်သွယ်ဘက်များအဖြစ် ရောက်ရှိသွားပါသည်။ အချို့မှာလည်း နီးစပ်ရာ နိုင်ငံရေးသမားများနှင့် ခင်မင်ရင်းနှီးသွားပြီး နောက်ပိုင်းမှာ ဆရာဒကာရင်းဖြစ်ခါ တဦးအကျိုး တဦး ပြု၍ နေကြ ပါသည်။
နိုင်ငံရေး အခြေအနေအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းမရှိသောအခါ အချိန်ကစပြီး ဖဆပလအဖွဲ့ကြီးတွင် ဦးနု ၀င်၍ ခေါင်းဆောင်ပြုလျက် ချီတက်နေချိန်မှ လွန်မြောက်ခါ ရွေးကောက်ပွဲ အချိန်ရောက်လာသည်။ ထိုအချိန်မရောက်မီနှင့် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မှီ ဗမာပြည်ဝှမ်းလုံးမှာ ဒမြမှုကြီများ၊ လုယက် မှုကြီးများ အလွန်ထူပြောများပြားလှပါသည်။
မန္တလေးမြို့မှာ ဒမြတိုက်မှုကြီးများ မကြာခဏ ဖြစ်ခဲ့ရသလို၊ ဗမာပြည်၏ တုန်လှုပ် ချောက်ချားဘွယ် ကောင်းသောဒမြတိုက်မှု၊ ဘဏ်တိုက်ကငွေသေတ္ထာများ၊ အလုပ်တိုက်ကြီးများ မကြာခဏဖြစ်ခဲ့ရသလို ဗမာပြည်၏ ဗဟိုအချက်အချာ ရန်ကုန်မြို့ကြီးပေါ်မှာလည်း တုန်လှုပ် ချောက်ချားဘွယ် ကောင်းသော ဒမြတိုက်မှု၊ ဘဏ်တိုက်က ငွေသေတ္တာများ အလုပ်တိုက်ကြီးများ မှငွေသတ္တာများကို ရုပ်ရှင်ဆန်ဆန် လျင်မြန်ကျင်လည်စွာ လုယူတိုက်ခိုက်သွားသော အမှုများမှာ ပြတ်လှသည်မရှိပါ။ သတင်းစာများ၌ ဒမြမှု လုယက်မှု ဖောက်ထွင်းမှုကြီးများမှ သတင်းတွေက လည်း စာလုံးမဲကြီးများနှင့် တနေ့ တနေ့ တမျက်နှာစာ လောက်တော့ အမြဲပါ နေပါသည်။
ကျမတို့အိမ်မှာပင် ထိုအချိန်က ဒမြတိုက်လိမ့်မည်ဟု မကြာခဏ သိုက်စာ ပစ်စာကျသောကြောင့် အကာ အကွယ်ကျင်း ခံကတုပ်များ ပြုလုပ်၍ အလှည့်ကျ ကင်းစောင့် ထားနေရပါသည်။ သို့ရာတွင် ကံကောင်း ထောက်မ၍ တနေ့၌ ကျမတို့ အိမ်သို့ တိုက်ခိုက်ရန် လာသူ ဒမြတစ်စုမှာ လမ်းတွင် အချင်းချင်း ရန်ဖြစ် နေလျက် အကြံအစည်ပျက်သွားပြီး များမကြာမှီတွင် ယခင်ကျူးလွန်ထားသော အမှုဟောင်းများ ပေါ်သော ကြောင့် ဖမ်းဆီး အပြစ်ပေးခြင်းခံသွားကြရသည်ဟု သတင်းပေးသူထံက ပစ်စာရဘူးပါသည်။
လူထုရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်မှုများလည်း ဖဆပလ အဖွဲ့ကြီးတွင် အလုပ်ရှုပ်နေပြီး အရွေးခံရမည့် အမတ်လောင်းများ စာရင်းကို အချင်းချင်းညှိနှိုင်း နေဆဲဖြစ်သည်။ တိုင်းပြည်က လည်း ဖဆပလမှ ဖဆပလ ဖြစ်နေသော ကြောင့် ဖဆပလ ရွေးချယ်ပေးသူမှာ ကြိမ်းသေပေါက် အမတ်ဖြစ်ရမည်ဟု ယုံကြည် စိတ်ထားကြပါသည်။
ထိုကြောင့် နောက်ဆုံး ဖဆပလ အမတ်များသာ ဗမာတပြည်လုံး ဖုံးလွမ်းသွားပါသည်။ ဦးနုမှာ မူလ ရွေးခံစဉ်က ပါဝင်အရွေးမခံသော်လည်း ပင်လယ်သွား အဒမ်မဆင် သင်္ဘော နစ်မြုပ်ရာ ပါသွားသူ အမတ် တနေရာ၌ အစားထိုး အရွေးခံသည်မှ အစ ၀န်ကြီးချုပ် ရာထူး လက်ခံရသည် အထိ ဖြစ်လာသည်။
လွတ်လပ်ရေး ပန်းတိုင်ကို လှမ်းကိုင်မိလေပြီ။ ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ရေး အရ ကိုယ့်နိုင်ငံ ကိုယ်တိုင် ဖန်တီးကြရတော့မည်။ လွတ်လပ်ရေးရသည်ဆိုသော်လည်း စစ်ဘေးစစ်ဒဏ်နှစ်ကြိမ်ခံခဲ့ရသော တိုင်းပြည်ဖြစ်ရာ အလုပ်လုပ်ကြရ ကြိုးပမ်းကြရမည်ဖြစ် သောအချိန် အခါတွင် အချင်းချင်း မကျေနပ်ကြသော ပြည်တွင်း ဆူပူမှုကြီးနှင့် ရင်ဆိုင်ကြရတော့ သည်။
ကွန်မြူနစ်များ တောခိုကြသည်။ စစ်ဘက်ဆိုင်ရာ ၀ါဒတူ စစ်ဗိုလ်များပါသွားသည်။ ရဲဘော်များက လည်း တစု တစည်း ဖြစ်ခါပါသွားပြီး ကရင်သူပုန်များကလည်း ဗမာပြည်နေရာ အနှံ့အပြား ၌ တချိန် တခါတည်း ဆူပူလှုပ်ရှားကြသောကြောင့် ဦးနု အမှုး ပြုသော ဖဆပလ အစိုးရအဖွဲ့မှာ မီးဝိုင်းခံနေရသူပမာ ဖြစ်လာ ပါသည်။
ပြည်တွင်းဆူပူမှုအတွက် တိုင်းပျက် ပြည်ပျက် ပမာ ဗမာပြည်တ၀ှမ်းလုံး ကျီးလန့်စာစား ဖြစ်ကြရပါ သည်။ ကရင်များသည် အင်းစိန်သမိုင်း စသည်များအထိ ကြီးစိုးထားရာ ရန်ကုန်မြို့ထဲသို့ မကြာမှီ ၀င်ရောက် ဖောက်ထွင်းနိုင်တော့မည် ကဲ့သို့ ရှိနေပါသည်။ အမြောက်သံ စက်သေနတ်သံများက လည်း နားအူ မတတ်ကြားနေရချိန်မှာ မည်သူမျှ အသက်မှန်မှန် မရှုရဲဘဲ ရှိနေကြရပါသည်။
မော်လမြိုင်စသော တနင်္သာရီ ခရိုင် မန္တလေးခရိုင် ပြည်ခရိုင် ပုသိမ်ခရိုင် ဧရာဝတီတိုင်း ဟင်းသာတခရိုင် ပျဉ်းမနားခရိုင် မြင်းခြံခရိုင် စစ်ကိုင်းမုံရွာ ရွှေဘို စသော ခရိုင်နယ် အသီးသီး တို့မှာ ဖဆပလ အစိုးရ လက်အောက်ခံ မဟုတ်ကြတော့ဘဲ ရဲဘော် လက်အောက်ခံ ကွန်မြူနစ် လက်အောက်ခံနှင့် ကရင် လက်အောက်ခံမြို့နယ်များ အဖြစ် လက်လွတ်ထားလိုက်ရပြီး ရန်ကုန်မြို့ တမြို့တည်းလိုလိုသာ ကျန်နေ ပါတော့သည်။ ဤသည်ကို အကြောင်းပြုကာ ရန်ကုန်အစိုးရ ဟူသော ဝေါဟာရ တစ်ခု ဖြစ်ပေါ် လာခဲ့ပါသည်။
ဤအခြေအနေတွင် သတင်းစာမှာ ထိပ်ထိပ်ပြာပြာ အခြေအနေထဲမှာ အားခဲထွက်နေရပါသည်။ နဂိုရ် အခြေခံရ၍ အခဲမကျေခဲ့သည်ကို အကြောင်းပြုလျှက် ဗရုတ်ဗယက်၌ လက်ပစ်ဗုန်းနှင့်ပစ်ခြင်း စက်သေနတ် နှင့်ဆွဲမွေ့သွားခြင်း များကိုလည်း ဗမာ့ခေတ် သတင်းစာက ဆုလာဘ်ကြီးအဖြစ် ရရှိခဲ့ပါသည်။ သို့ရာတွင် ထိခိုက်ဒဏ်ရာရသူမရှိ ပစ္စည်းအပျက် အစီး မခံရဘဲ ကံကောင်းအား လျော်စွာ လွတ်ကင်း ခဲ့ပါသည်။
စစ်မြေစခန်းဆီသို့
မလျော့သောဇွဲဖြင့် အလုပ်အကိုင်များကို ကြန့်ကြန့်ခိုင်ခိုင် လုပ်ကိုင်နေရင်း ဒုတိယကမ္ဘာစစ်အစမှ သည် ပြည်ထောင်စုသမတနိုင်ငံအဖြစ် ရောက်လာသည့်တိုင်အောင်လည်း ပြည်တွင်းဆူပူသောင်း ကျန်းမှု ဘေးဒုက္ခအ၀၀တို့ကို အများနည်းတူဆိုင်ရာ ဝေပုံကျ ခံစားရင်ဆိုင်လျက်ရှိရသည်။ ဘယ်ဘ၀များ စိတ်အေး နားအေး နေထိုင်ကြရပါမလဲဟု ရပ်ရွာအေးချမ်းမှုကို ဆုတောင်းဆုယူ ပြုနေကြစဉ် မိမိထက်ပို၍ ဒုက္ခဖြစ်လေသူများကိုလည်း လက်ခံ ပြုစုရပြန်သေးသည်။ ကျမတို့မှာ ရန်ကုန်ထတြွင် အိုးအိမ်မကွာ နှင့်နေရသေးသည်။ ကွန်မြူနစ်သိမ်းမိသော အဝေးနယ်မှ အသက်လု၍ အ၀တ်တထည် ကိုယ်တခုနှင့် ပြေးလာရသူများနှင့် စာသော် အများကြီးတော်သေး ၏ဟု ဖြေရပါသည်။
ယင်းသို့ ကွန်မြူနစ် ဘေးဒဏ်ကြေင့် အသက်လုပြေးလာရသူ အသိအကျွမ်းအချို့ကို ကျမ၏ သာလာယံမှာ တင်ကာ ချွေးသိပ်စေခြင်းနှင့် ရှိရင်းလူ တသိုက်တအုံမှာ မူလအတိုင်း နေရေး စားရေး မပျက် ထားခဲ့သော်လည်း သတင်း စာလုပ်ငန်းမှာ စီးပွားဖြစ် အမြတ်အစွန်း မရှိသေးရုံမက နယ်များ၌ ဗမာ့ခေတ် သတင်းစာကို မကိုင်ဝန့် မဖတ်ဝန့်လောက်အောင် ကွန်မြူနစ်ကို ကြောက်ကြ ရသည်။ ကွန်မြူနစ် များက ရန်သူနံပါတ်ချိတ်ထားရာ၌ ဗမာ့ခေတ်သတင်းစာနှင့် ဦးစီးသူအား ထိပ်ဆုံးမှထားကြောင့် ကြားသိရ သည်။ ရန်ကုန်မြို့ပေါ်မှာလည်း ဖဆပလနှင့် ဆန့်ကျင်သော အတိုက်အခံ သတင်းစာဆိုပြီး အရာရှိပိုင်း ကသော်၎င်း ဖဆပလနှင့် မကင်းတရားရှိသူကပါ အားပေးခြင်း မပြုကြပါ။
ဤအတောအတွင်းမှာ ရင်တုန်နေရသော ရန်ကုန်အစိုးရဟု ကင်ပွန်းတပ်ခံသည့် အထဲမှ အင်းစိန်တွင် ကရင်များများ အုပ်စီးထားမိပြီး ရန်ကုန်မြို့လည်း နေ့လား ညလား ၀င်စီးတော့မည်ဟု ထင်နေကြစဉ် ကရင်တို့အင်အားမှာ ရန်ကုန်ဘက်သို့ မလာနိုင်တော့ဘဲ အင်းစိန် ပတ်ဝန်းကျင် တ၀ိုက်မှပင် ဆုတ်ခွာသွားကြသဖြင့် အတော်အသင့် စိတ်အေးသွားကြရပါသည်။ ထိုအချိန်မှာ ရန်ကုန်မြို့ကြီး ကရင် လက်ထဲ ကျမသွားစေရန် အင်တိုက်အားတိုက် တွန်းလှန်လိုက်သည့် ဗိုလ်ချုပ် နေ၀င်း ဦးစီးသော တပ်မတော် သားတို့သည် ကမာရွတ် သမိုင်း ခ၀ဲခြံ ကြို့ကုန်းစသော အရပ်များ၌ တပ်စွဲ ချထားမိပြီဖြစ်ပါသည်။
၎င်းအချိန်မှာ တပ်မတော်မှ ဗိုလ်ကြီး အချို့သည် ကျမထံသို့ ရောက်လာပြီး ကမာရွတ် သမိုင်း ခ၀ဲခြံ ကြို့ကုန်း စသည်တို့မှာ တိုက်ပွဲအပြီး ရှေ့ဆက်ချီတက် သိမ်းပိုက်ရန် တပ်စွဲနေသော တပ်မတော်သားများ စခန်းချရာတွင် စာအုပ်စာတမ်းများ အလှူခံ၍ ဝေငှခြင်းဖြင့် အားပေးရန် မေတ္တာရပ်ခံလာပါသည်။ ထိုအချိန်က ကျမသည် အမျိုးသမီးကလောင် အဖွဲ့ဥက္ကဌ အဖြစ် ဆောင်ရွက်နေရပြီး ကျမ၏တိုင်းပြည်ပြု ပုံနှိပ်တိုက်မှာ ယုဝတီဂျနယ်ကိုလည်း ခုနှစ်ရက် တစ်ကြိမ် ထုတ်ဝေနေသဖြင့် ယုဝတီဂျနယ် မှာ ပါဝင်ရေးသားနေကြသော ယုဝတီကလောင်ရှင်များကို ခေါ်ယူ စည်းဝေး၍ တပ်မတော်သားတို့ အနားယူစဉ် ဖတ်ရှုရန် သတင်းစာ ဂျာနယ် မဂဇင်း ၀တ္ထုမှ အစ စာအုပ်စာတမ်းများကို ကိုယ်စီကိုယ်ငှ လှူဒန်းကြရန် မြို့ပေါ်ရှိ စာအုပ်တိုက်များနှင့် ပုဂိုလ် အသီးသီးထံသို့ မေတ္တာရပ်ခံရပါသည်။
ရန်ကုန်တမြို့လုံး အသက်စည်းစိမ် အိုးအိမ်များကို မားမားမတ်မတ် ရှေ့မှ ရပ်၍ ကာကွယ်ပေး လိုက်သော တပ်မတော်သားများကို ကျေးဇူးတုန့်ပြန်ရန် စိတ်အားထက်သန်စွာနှင့် စာအုပ်စာတမ်း များကို လှူကြပါသည်။ ယုဝတီကလောင် အဖွဲ့တို့ က ကိုယ်စီကိုယ်ငှ လှူဒါန်းကြပြီး မြို့ထဲသို့ ဘတ်စ်ကားကြီး တစီးဖြင့် ရက်ဆက်ထွက်၍ အလှူခံရသမျှ စာအုပ်စာတမ်းများကို ဘတ်စကား အပြည့်တင်ကာ ကျမတို့ ကိုယ်တိုင် ကမာရွတ် သမိုင်း ခ၀ဲခြံ ရှစ်မိုင် စသောနေရာများရှိ တပ်မတော် သားတို့ နေထိုင်ရာ စခန်း အရောက် သွားပို့ ဝေငှခြင်းပြုပါသည်။
ဗိုလ်ကြီးများကိုယ်တိုင် တပ်မတော်သားများကို အားပေးကူညီပြုသည့် သဘောသက်ရောက်အောင် ကျမတို့ကိုယ်တိုင် ကိုယ်ကျစစ်မြေရပ်ကွက်သို့ လာရောက်ပို့စေရန် စီမံပေးကြသည်။ ရန်သူမြေနှင့် ဆက်စပ် နေသည်။ အင်းစိန်မြို့လုံးကိုလည်း လုံးဝပြန်သိမ်းဆည်းရခြင်း မရှိသေး။ တဖြေးဖြေး ခြေကုတ် ပြုလျက် ချီတက် သိမ်းပိုက်နေရဆဲအခါ ဖြစ်နေရာ ကျမတို့သွားရောက် အားပေးရသော နေရာဌာနများမှာ ထိုအခါက မီးခိုးမသေသေးသော စစ်တလင်း နေရာဒေသဖြစ်နေပါသည်။ ကမာရွတ် အလွန်နှင့် ခ၀ဲ ခြံ တိုက်ပွဲအကြားရှိ ဒန်အိုးစက် အဆောက်အဦမှာ ပထမဆုံးတပ်မတော်က ခြေကုတ်ယူထားသော ဌာနဖြစ်ပါသည်။
ထိုနေရာ ရောက်အောင် လာဖို့ ကိုပင် ကျမတို့ ဘတ်စကားကို တပ်မတော်သားတို့ ရှေ့နောက် ညှပ်၍ အကာအကွယ်ပြု ခေါ်လာကြရသည် ။ ၎င်းဒန်အိုးစက်မှ တဆင့် ရှေ့တက်၍ ဦးသော် ပန်းကန်စက်စခန်း ၊ စောဘင်ဆင်ခြံစခန်းနှင့် အေ၀မ်းခြံစခန်းများရှိ တပ်ခွဲများသို့ စာအုပ်တွေ ကျမတို့သွားပို့ရသည်မှာ လက်နက်ကိုင် တပ်မတော်သားတို့ ရှေ့နောက် အကာအကွယ်ပြုပေးခြင်းဖြင့် ထွင်းဖောက် သွားရောက် ရခြင်း ဖြစ်ပါသည်။ ယင်းသို့ ကျမတို့က ဈေးဦးပေါက် ၃-၄ကြိမ်ပြုလုပ်ကူညီပေးပြီးနောက်ပိုင်းမှာတော့ ၀န်ကြီး ကတော်များ ဦးဆောင်သော တပ်မတော် သက်သာချောင်ချိရေး အဖွဲ့ကြီး ဟူ၍ ပေါ်ပေါက် လာပါသည်။
၁၉၄၅ ခုနှစ်ဆီမှ ယုဝတီဂျာနယ် ဆက်ရန်

.
1 comment:
ခုနေခါမှာ သတ်မတော်ကြီးကိုတော့ အဲ့လိုလှူချင်စိတ်ရှိတော့မယ်မထင်..
Post a Comment