Tuesday, March 2, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၅)

၁၉၄၅ ခုနှစ်ဆီမှ ယုဝတီဂျာနယ်

တပြည်လုံးမှာရဲဘော်၊ ကေအင်ဒီအို၊ ကွန်မြူနစ်တို့လက်အောက်၌ ကြီးစိုးခံနေရချိန် ရန်ကုန်မှာလည်း တပ်မတော် ကိုသာ အားထားမှီခိုနေရသော အခိုက်အခါဖြစ်ရာ အဘက် ဘက်မှ တတ်နိုင်သလို အားပေး ကူညီကြရန် တာဝန်ရှိကြသည့်အလျောက် တပ်မတော်မှ ဖွင့်လှစ်ထားသော အသံလွှင့်ဌာနတွင်လည်း ကျမ ဦးစီးသော ယုဝတီဂျာနယ်မှ ယုဝတီများ၊ အမျိုးသမီးကလောင်အဖွဲ့မှ အမျိုးသမီးများက နေ့စဉ် အလှည့်ကျ အသံ လွှင့်၍ ကူညီကြပါ သည်။

ကျမသည် တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် ဗမာ့ခေတ်သတင်းစာအပြင် ၁၉၄၅-ခုနှစ် အောက်တိုဘာလ ဆန်းစမှ အစပြုပြီး အမျိုးသမီးများအတွက် ယုတ၀ီဂျာနယ်ကို ခုနှစ်ရက် တခါ တလလေးကြိမ်ဆေးရောင်စုံ မျက်နှာဖုံး နှင့် ထုတ်ဝေလာခဲ့ရာ ယုဝတီဂျာနယ် တစောင်လုံးကို အယ်ဒီတာမှ အစ ပါဝင်ရေးသား သူများမှာ အမျိုးသမီး တွေသာ ဖြစ်စေပြီး စာစီလုပ်ငန်း ဘက်မှာလည်း အမျိုးသမီးတွေနှင့် သင့်တော်သောအလုပ်အဖြစ် သတ်မှတ် လိုက်ပါသည်။ ထိုကြောင့် သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ချင်သောဆန္ဒရှိသူ အမျိုးသမီးတွေကိုခေါ်ယူ စုစည်းလျက် လက်ဘက်ရည် မုန့်များ နေ့လည်စာ အလကား ကျွေး၍စီာခြင်းများသင်ကြားပေးနေရာ အချို့ အမျိုးသမီးများမှာ မကြာခင် ကျွမ်းကျင်တတ် မြောက်လာပြီး ယုဝတီစာစီအလုပ်ထည်းမှာ အခပေး၍ အသုံးချ လာခဲ့ပါသည်။

ကျမ စိတ်ဆန္ဒမှာ သက်မွေးဝမ်းကျောင်း လုပ်ကိုင်စားရသူ မိန်းကလေးများမှာ ရှေးအစဉ်အလာ အတိုင်း ဆေးလိပ် လိပ်ခြင်း၊ စက်ချုပ်ခြင်း၊ ဈေးလည်ရောင်းခြင်းတို့အပြင် ၀င်ငွေ မရှာဖွေ တတ်ကြသောကြောင့် စာပုံနှိပ်တိုက်လုပ်ငန်း အပါအ၀င် စာစီအလုပ်မှာလည်း ပိပိ စီးစီး ဣနြေ္ဒရရ အရိပ်ထဲမှာလုပ်ရသော အသက်မွေးမှု ပညာတရပ်အဖြစ်နှင့် မိန်းကလေးများ တတ်မြောက်သွားစေလိုသော စေတနာအရင်းခံပင် ဖြစ်ပါသည်။

ထိုမျှသာမကသေးဘဲ ဗမာပြည်တွင် မရှိသလေ၁ံ အလွန်ရှားပါးလှသော အမျိုးသမီးပန်းချီ ဆရာများ ပေါ်ပေါက် ထွန်းကားလာစေရန် အသင့်အတင့် တီးခေါက်မိထားသော ပန်းချီ အမျိုးသမီးတို့ကိုလည်း အတင်း အကြပ် အားပေး၍ ရေးသားစေပြီး ဖြစ်သည့်နည်းနှင့် အသုံးပြုပေးခဲ့ပါသည်။ စာစီဘက်တွင်သာ မဟုတ်သေး၊ စာအုပ်ခေါက်၊ စာအုပ်ချုပ်၊၊ အလုပ်များကိုလည်း တတ်လိုသူတို့အား သင်ကြားခိုင်းစေခဲ့ပါသည်။ ထို့ကြောင့် စာပုံနှိပ် လုပ်ငန်းဘက်မှာ အလုပ်သင်အမျိုးသမီးတွေ အခန်းကြီးနှင့် အပြည့် ဖြစ်လာပါသည်။

သို့သော် အမျိုးသမီးများ ဇွဲမရှိ၍လားမသိရ၊ တဖြည်းဖြည်း လူလျော့ပါးလာသည်ကို တွေ့ရ ပါသည်။ ကျွမ်းကျင် တတ်မြောက်ခြင်း မရှိမီ ထွက်သွားသူ၊ တတ်မြောက်ပြီးသား နေ့စား၊ အခစား နားရသူများ ထဲကလည်း အချို့ ထွက်သွားကြသည်။ နောက်ဆုံးမှာ ၄ပုံ တပုံပင် မကျန်ရစ်တော့ဘဲ ရှိသည်။ ဤခလေးမ များ လျော့နည်းသွားသည့် သဘောတရားမှန်ကို ကျမက အတွင်းကျကျ မသိတော့ မိန်းကလေးတွေဟာ ဇွဲမရှိပါဘူး ဟုသာ ဆုံးဖြတ်မိပါ သည်။

သို့ရာတွင် သူတို့လည်း ဆိုင်ရာဆိုင်ရာ အတွင်းရေးကလေးများ ရှိပေလိမ့်ဦးမည်။ အချို့လည်းလာမည့်ဘေး အဝေးကရှောင်သွားခြင်းဖြစ်ကြောင်း၊ အလွန့်အလွန် နှောင်းသော အချိန်ကျမျ ရိပ်မိသိရှိရပါတော့သည်။ ထိုစဉ်က အိမ်ထည်းမှာ လူသားစား သည့် ရွက်အုပ်သီးဘီလူးကြီးတကောင်သည် မှောင်ခို သောင်းကျန်းခြင်း ပြုနေရာ တစ်ယောက်စ၊ နှစ်ယောက်စ ဘီလူးစားမိသွားကြောင်း။ ၎င်းကိစ္စ လူသူလေးပါးမသိခင် ကျမက အိမ်ပေါ် တင်၍ တနှစ်ခွဲမျှ ပြုစုထားရသူ ကျမပေါ် သစ္စာမဲ့သော အရာရှိ လင်မယား က ကျမနားသို့ မပေါက်ကြား အောင် ဖုံးကွယ် လျှို့ဝှက်ပေးထားလိုက်ခြင်းဖြင့် တခန်း တကဏ္ဍ ပြည်ဖုံးကားချလိုက်ပါသည်။

ယုဝတီဂျာနယ်မှာ မျက်နှာဖုံးရောင်စုံလှလှ အတွင်းကဏ္ဍအမျိုးစုံနှင့် စရိတ်အကုန်အကျခံ၍ အပတ်စဉ်မှန်မှန် ထုတ်ဝေ နေခဲ့ရာ စရိတ်ကုန်မှုကို အကြောင်းပြု၍ တအုပ်လျှင် အဘိုးနှုန်း တကျပ်နှင့် ရောင်းရပါသည်။
အမျိုးသမီးများ ကြီးပွားမှုကို ရှေ့ရှု၍ ထုတ်လုပ်ရသော်လည်း ထိုအခါက အမျိုးသမီး စာစောင်မှာ မျက်နှာ ငယ်လှပါသည်။ နိုင်ငံရေး နယ်ပယ်မှ လူတွေက အဆင့်အတန်း မရှိ ဘူးဟု ပျက်ရယ်ပြုကြသည်။ အမျိုးသမီးစာပေရေးသားသူ များပြား ကျယ်ပြန့်ဘို့သာမက အိမ်ရှင်မ အမျိုးသမီးများ ဆိုင်ရာ ဇာထိုး ပန်းချုပ် အိမ်မှု့ ကိစ္စအ၀၀ ကျန်းမာရေး၊ ဖီးလိမ်း ၀တ်ဆင်ပြုပြင်ရေး စားဖိုဆောင်အတွက် ချက်ပြုတ် လုပ်ကိုင်နည်း များပါ ကမ္ဘာ့ အဆင့်အတန်းမှီ နိုင်ငံခြားအမျိုးသမီးစာစောင်များကဲ့သို့ ထုတ်ဝေပါသော်လည်း အမျိုး သမီးပိုင်း ကသာ စိတ်ဝင်စားစွာ အားပေးကြပြီး ကျန်အစိပ်အပိုင်းက လျစ်လှူရှုကြတုန်းဘဲ ဖြစ်သည်။

အချို့မှာ ပျက်ရယ်ပြုခြင်း၊ လျစ်လျူရှုခြင်းနှင့်ပင် တင်းမတိမ်သေးဘဲ ဒီစာအုပ် ထဲမှာပါတဲ့ စားစရာ ချက်ပြုတ် လုပ်ကိုင်နည်း တွေကိုသာ သိနေပေမဲ့ လုပ်စားဘို့ ၀ယ်စရာ ပိုက်ဆံမရှိ ဒါကခက်တယ်ဟု ခတ်လွယ်လွယ် ဝေဖန်ချက် ချလိုက်ကြပါသေးသည်။

သို့သော် လမ်းဆုံးလျှင် ရွာတွေ့မည်ဟု အမျိုးသမီးဘက်မှ စေတနာတက်မိ၍ ရှေ့ဆောင် ရှေ့ရွက်ပြုခဲ့ရာ ယနေ့ ယုဝတီ အမျိုးသမီးလောက အခြေခံတောင့်တင်းပြီး ပွင့်လန်း ဆန်းတင့် လာခဲ့ချိန်၌ ကျမက အုတ် တဆဲ့နှစ်ချပ် လောက်တော့ ပါခဲ့သေးသည်ဟု ကျေနပ် နှစ်သိမ့်မိပါသည်။ ယင်းသို့ ယုဝတီဂျာနယ်ကို စရိတ် စက အရင်းမှ ပြန်ရစေတော့ဟု ကြိုးကုတ်ထုတ်ဝေနေဆဲမှာ ဗမာတပြည်လုံး ဖြစ်ပေါ်လာသည့် ပြည်တွင်း သောင်းကျန်းမှု ကိစ္စတို့ကြောင့် မြို့တကာ၊ နယ်တကာ ရန်ကုန်နှင့် အဆက်အသွယ် ပြတ်သွားကြ၍ ပဲခူး နှင့် မှော်ဘီ လောက်မျှ အဆက်အစပ် မရသောအခါ ယုဝတီဂျာနယ်ကို သီးခြားစာအုပ် အဖြစ်မှ ရပ်စဲပြီး ဗမာ့ခေတ် သတင်းစာထည်းမှာ တနင်္လာနေ့တိုင်း အမျိုးသမီးကဏ္ဍအဖြစ် ပူးပေါင်း ထုတ်ဝေလိုက်သည်မှာ ၁၉၆၁ ခုနှစ် ဧပြီလဆန်း တရက်နေ့အထိတိုင် ရောက်ခဲ့ ပါသည်။

တအုပ်တကျပ်နှင့် ရောင်းရသည်ထက်၊ သတင်းစာနှင့် တွဲဘက်၍ ဖြန့်ချီပေး လိုက်သောအခါ ဈေးပေါပေါနှင့် အမျိုးသမီးတိုင်း၏ လက်သို့ ကျယ်ကျယ်ပြန့်ပြန့်ကြီး ရောက်သွားနိုင်ကြောင်း သိရသဖြင့် ပို၍ ကျေနပ်မိ ပါသည်။

ဗမာ့ခေတ်ဗိမာန်သစ် ထူထောင်ခြင်း ထိုအချိန်က နေ့စဉ် သတင်းစာများသည် တနင်္ဂနွေနေ့တိုင်း အလုပ် ပိတ်ရ သဖြင့် တနင်္လာနေ့တိုင်း တိုင်းပြည်လူထုမှာ သတင်းစာမဖတ်ကြရပါ။ ထိုနေ့အဘို့ အရေးကြီး သော သတင်း များ လက်လွတ် ခံကြရပါသည်။ သို့ကြောင့် ယုဝတီစာစီအဖွဲ့က တနင်္ဂနွေ အလုပ်ဆင်းရက်နှင့် ကြုံသော ကြောင့် ဗမာ့ခေတ်နေ့စဉ် သတင်းစာကို တနင်္လာနေ့ပါ နားရက်မရှိ ဆက်တိုက် ထုတ်ဝေ လာနိုင်ပြန်သည်။ တနင်္လာနေ့တိုင်း ယင်းသို့ ယုဝတီက ကြားဝင်ခုတုန်း လုပ်ပေးလိုက်သောအခါ ထို အစဉ်အလာ သည် ယနေ့ သတင်းစာလောက တွင် အားလုံးလိုလို လိုက်လုပ်ကြပြီဖြစ်၍ တနင်္လာနေ့တိုင်း လူထု နှင့် သတင်းစာကင်းကွာ မှုမရှိအောင် ဖျက်ဆီးပြုပြင် ပေးနိုင်ခဲ့ပါသည်။

လပိုင်းမှ နှစ်ပိုင်းသို့ ရောက်လာသောအခါ ပြည်တွင်း သောင်းကျန်းသူများ လက်အောက်မှ မြို့ကြီးများ တမြို့ပြီး တမြို့ ပြန်ရလာခဲ့သည်။ မန္တလေး မော်လမြို့စသော ဗမာပြည်၏ ဒုတိယအကြီးဆုံး မြို့ကြီးများကို ကရင်သူပုန် တို့ လက်မှ ပြန်ရသောအခါ မီးရထားလမ်း ကားလမ်းနှင့် လေကြောင်းခရီးများပါတစ တစ ပွင့်လင်း ခြေဆန့်နိုင်ကြသောကြောင့် စွန့်စားခန်းနှင့် ကူးသန်းရောင်းဝယ်ကြသူများ အရောင်းအ၀ယ် သင့်သလောက် ဖြောင့်ဖြူး လာသည်။ ဗမာ့ခေတ် သတင်းစာများလည်း နယ်အသီးသီးသို့ တင်ပို့ နိုင်သလောက်ရောက် အောင် ပို့နိုင်လာပြီဖြစ်သောအခါတိုင် ရောက်ပြန်သည်။ ဒီတော့လဲ ဗမာ့ခေတ် သတင်းစာ တိုက်ကို ဖဆပလ အစိုးရက အာမခံတေငွ့များ မကြာခဏတောင်းခြင်း ပြုလာသည်။။ သတင်း ခေါင်းစဉ် တတ်သည့်အတွက်လည်း အရေးယူသည့်အခါ ယူလိုက်ပါသည်။

တင်ရသော အာမခံငွေမှာ ဘယ်အခါမှ ပြန်ထုတ်ရသည်ဟု မရှိဘဲ၊ အမြဲသာ အသိမ်းခံရ လျက် ရှိသည်ဟု ထင်ပါသည်။ ယင်းသို့ တခါ တခါ တင်ထားရသော အာမခံငွေမှာ သုံးထောင်ထက် အောက်မကျပါ၊ ဤမျှနှင့် အစ မသပ်သေးဘဲ၊ ဂျပန်ခေတ်က အစိုးရပုံနှိပ် တိုက်မှ ပုံနှိပ်စက်ပျက်ကြီးများကို ၀ယ်ယူပြုပြင် အသုံးပြု နေသည့် ဘိုးစိန်ကြီးနှင့် စိန်ကတုံး ဟူ၍ အမည်ပေးထားသော ပုံနှိပ်စက်နှစ်လုံးအား မတရား ၀ယ်သည်ဟု အကြောင်း ပြ၍ အစိုးရက တရားစွဲခြင်း ခံရပြန်ပါသည်။ တရားစွဲနေစဉ်အတွင်းမှာ ဆင်ကြီးတကောင်စာမျှ မက ကြီးမားလေးလံလှသော ပုံနှိပ်စက်ကြီး ၂ခုကို ဖြုတ်ယူပြီး ကမ်းနားပုလိပ်ရုံးကြီး အပေါ်ထပ် ရောက်အောင် ပင်ပန်းကြီးစွာ သယ်ပိုးယူဆောင်လျက် သက်သေခံပစ္စည်း အဖြစ်နှင့် တင်ပြရန် ရုံးခန်း အတွင်းမှာ လပေါင်းအတော်ကြာထားပြီမှ တရားသဖြင့် ၀ယ်ယူ သော အထောက်အထားများကြောင့် ပြန်ရရှိ ခဲ့ပါသည်။

သို့ရာတွင် စိန်ရွှေ ပစ္စည်းများကို ရောင်းချ၍ မကြာခဏ အဆင်သင့်တိုင်ငး ၀ယ်ယူထား သော ပုံနှိပ်စက်များ ကျန်ရှိ နေသေးသဖြင့် ထိုစက်နှလုံးမရှိသော်လည်း သတင်းစာရိုက်ရာ တွင် အခက်အခဲမဖြစ်သည်သာမက စောစော ပိုင်းက နိုင်ငံခြားသို့ အသစ်မှာယူထားသော လေစုတ်စက်နှင့် ရိုက်ရသည့်ပုံနှိပ်စက်ကြီး တခု ကလည်း လောလောဆယ် ရောက်ရှိလာ ပါသည်။ ယင်းသို့ စက်သစ်တွေ ရောက်လာသောအခါ ထားစရာ နေစရာ မရှိ ခြံဝင်းအတွင်း မှာ နေရာပြည့်လာသောကြောင့် ခြံကျယ်ကျယ်နှင့် နေအိမ်ကြီးတခုကို ၀ယ်ယူရန် လိုလာ ပြန်ပါသည်။

ထိုအချိန်က မြေးဈေး၊ အိမ်ဈေးများမှာ ၀ယ်သူရှား၍ ရောင်းချင်သူသာ များနေသဖြင့် ယခု အခါလို ဈေးခေါင်ခိုက်အောင် မကြီးသေးဘဲ ရှိပါသည်။ သူတို့ အစွမ်းအစနှင့် မြို့ထည်းမှာ ရှာဖွေကြသော်လည်း၊ ဤအသိုက် အ၀န်းကြီးနှင့် နေထိုင်လောက်မည့် နေရာမျိုးကို မတွေ့ ရပါ။ ဤအခါတွင်ကျမနှင့် ရပ်ဆွေ ရပ်မျိုးပမာခင်မင်ရင်းနှီးခဲ့သော အရေးပိုင်ကတော်ကြီး ဒေါ်ဒေါ်ခိုင်၏ အိမ်နှင့်ခြံကြီးကို ရောင်းတော့မည်ဟု ပြောလာ သဖြင့် အရောင်းအ၀ယ်ကိစ္စ ကို ဆက်သွယ်ကြရပါသည်။

ရေတွင်းရေကန်ဗိမာန် ဥယျာဉ်အစုံအလင်နှင့် ခြံဝင်ကြီးမှာ ၃-ဧကခန့် ကျယ်သည်။ ကုက္ကိုင်းလမ်းနှင့် ဘောင်ဒရီလမ်းဆုံတွင် ရှိသည်။ အိမ်ကြီးက ကြီးလွန်းသဖြင့် တော်ယုံ တန်ယုံနေမည့်သူတွေက မ၀ယ် လိုကြပါ။ ယခုလိုနိုင်ငံခြား သံရုံးတွေများသေး၍ ဈေးကောင်းပေးဝယ်သူ မရှိသေးပါ။ သို့သော် ကျမတို့ အဘို့မှာ အလုပ်တိုက် သတင်းစာ တိုက်က အလုပ်သမားများ စည်စည်းကားကား ထွက်ဝင် သွားလာ နေကြမည်။ ရွှေဂုံတိုင် သာလာယံအိမ်ပေါ်တွင် တင်ထားသော အာဂန္ထုအဖွဲ့ဝင်များပါ ရွှေ့ပြောင်း နေထိုင်ကြရ မည် ဖြစ်ရာ၊ အိမ်က မည်မျှ ကျယ်သည်ဖြစ်စေ ကြီးနေသည်ဖြစ်စေ အသုံးပြုရန် အနေတော် ဘဲ ရှိပါမည်။

သို့ကြောင့် အိမ်ကြီးကို အရောင်းအ၀ယ် ပြုရာ၌ မူလအိမ်ပိုင်ရှင် ဒေါ်ဒေါ်ခိုင်တို့၏ အခက် အခဲကို ဖြေရှင်း လျက် သက်ညှာစွာ အပေးအယူ ပြုခဲံရသည်။ ထိုအိမ်ကို ၀ယ်ယူရာမှာ ဗမာ့ခေတ်သတင်းစာ၏ အမြတ်အစွန်း ဆို၍ တပြားတချက်မှ မပါနိုင်သေးပါ။ ကျမလက်ထဲ က အဘိုးတန်ပစ္စည်းများ ထုခွဲရောင်းချ၍ ၀ယ်ယူ လိုက်ရခြင်း သာ ဖြစ်ပါသည်။ အိမ်ကို ၀ယ်ယူလိုက်ရခြင်းသာ ဖြစ်ပါသည်။ အိမ်ကို ၀ယ်ယူပြီးသော်လည်း တောခြုံ တို့နှင့် ပြီးသော ခြံကြီးကို ရှင်းလင်း သုတ်သင်ပြုပြင်ရသည်မှာ မာလီ၎-ယောက်နှင့် နေ့စား ပေါင်းမြက်ရှင်း သူတွေ အပို ငှားရ သေးသည်။ ဟောင်းနေသော အိမ်ကြီးကို အသစ်ဖြစ်လာအောင် ဆေးသုတ် ရသည်ကပင် အိမ်ငယ်တဆောင် ဆောက်လုပ်ရသလောက် ဆေးသုတ်ခက စရတ်ကုန်ကျ ရသည်။ သတင်းစာဋ္ဌာနအတွက်ကလည်း အယ်ဒီတာ အလုပ်ခန်း၊ ရုံးအလုပ် ခန်းများ တွဲထားသော အဆောက်အဦး များကို အသစ်ဆောက်လုပ်ရပြန်သေးသည်။ ပုံနှိပ် စက်ကြီးများထားရန်နှင့် စာစီခန်းများ၊ ဘလောက် ဋ္ဌာန၊ ဓာတ်ပုံဋ္ဌာန၊ ခဲစာလုံးသွင်းဋ္ဌာန စသော အလုပ်ခန်းဆောင်များ အပါအ၀င် သုံးဆောင်တွဲ အဆောက် အဦးကြီတခုကို ဆောက်ယူရခြင်း စသည် များကြောင့် တနှစ်နီးပါးကြာမှမှ ကိစ္စပြီးစီးပါသည်။

ယင်းသို့ အရပ်ရပ် ကိစ္စများ ပြီးစီးသောအခါ ကျမ၏တိုင်းပြည်ပြု ပုံနှိပ်တိုက်စခန်းချရာ ဗမာ့ ခေတ်သတင်းစာ ထုတ်ဝေရာဖြစ်သောအမှတ်-၂၂၁၊ ရွှေဂုံတိုင်လမ်း နေအိမ်ဟောင်းမှ အမှတ်၂၅၃-ဘောင်ဒရီလမ်းနှင့် ကုက္ကိုင်းလမ်းဒေါင့်အိမ်သစ်နှင့် ခြံကြီးအတွင်းသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ပြောင်းရွှေ့ရာမှာလည်း ပုံနှိပ်တိုက် ပစ္စည်းများ သတင်းစာတိုက် ပစ္စည်းများကို ၀န်လေးစွာ သယ်ပို့ရွှေ့ပြောင်းရခြင်းကြောင့် သက်သာလှသော အလုပ်မျိုး မဟုတ်ပါ။ ထိုအချိန်အခါက တာဝန်ယူရသူမှာလည်း ကျမတယောက်ထည်းဖြစ်လျက် ထက်ဝက် ဦးပဲ့ထမ်းကာ တာဝန်ယူမည့်သူမှာ ဗြိတိသျှ အစိုးရက ဗမာ့ခေတ်သတင်းစာနှင့် ဟံသာဝတီသတင်းစာက အယ်ဒီတာ များ ဘိတ်ကြားချက်အရ သွားနေရချိန် ဖြစ်ပါသည်။

ထူထောင်မှု့ကြားမှ လောကဓံလှိုင်းများ
.

2 comments:

မေဓာဝီ said...

ယုဝတီနဲ့ တိုင်းရင်းမေ ဂျာနယ်တွေ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ အမေတို့ လစဉ်မှာဖတ်လို့ထင်တယ်။ အဲဒီတုန်းကတော့ အတွဲလိုက် အိမ်မှာရှိတာတွေ့တာပဲ။ အမျိုးသမီးဂျာနယ်တွေ မျက်နှာငယ်တာကတော့ ကိုယ်တွေ့ပဲ။ ကျမတို့လဲ အမျိုးသမီးဂျာနယ် ထုတ်ဖူးပါသေးရဲ့။ နောက်ဆုံး မနိုင်လို့ ရပ်လိုက်ရတာ။
ကျေးဇူးတင်တယ် မရွှေစင်ရေ ... ဒီစာအုပ်တွေဖတ်မှ မေ့ပျောက်နေတဲ့ သမိုင်းတွေလဲ ပြန်အမှတ်ရစေတယ်။

Anonymous said...

I didn't know that history.
She is so nice person.
I am really appreciated her ability.

Our women group are so strong.

:)

Helen, Khin Khin Lay ..So so strong.

envy both of them.

Thanks you ama for posting those kinds of books.

Momiji(MN)