ထိုအခါအဖွားကြီးက ကြီးစွာသော ဣနြေ္ဒသိက္ခာ ဖြင့်-
''ဆွဲထူလိုက် ဒါလောက်တောင် အရိုအသေပေးဘို့ မလိုပါဘူး'' ဟုတံခါးစောင့်အား လှမ်းပြောရင်း-
''ဟိုသူငယ်မအတွက် လာတဲ့သူလားး'' ဟု မေးလေ၏။
''ဟုတ်ပါတယ် သခင်မကြီး'' ဟု တံခါးစောင့်က ဖြေဆိုလေသည်။
''သူ့ဘာသူတော့ ဘာလို့မပြောသလဲ''
''အသုံးမကျတဲ့ အဖျင်းအထိုင်း မို့ပါ သခင်မကြီး'' ဟုတံခါးစောင့်သည် မင်းမွေးကို လက်နှင့် ပွတ်သတ် ကျစ်လစ် ရင်း ဖြေလိုက်လေ၏။
ဝမ်လန်းမှာ ထုံးကနဲ ဒေါသဖြစ်လာကာ တံခါးစောင့်အား သီးမခံနိုင်သော အကြည့်ဖြင့် လှမ်းကြည့် မိလေ၏၊ ထိုသို့လှမ်းကြည့်ရှင်း-
''ကျပ်က တောသားမို့ ရုတ်တရက် အရေမလယ် အပါးမ၀ ဖြစ်နေတာပါ၊ မြင့်မြတ်လှတဲ့ အရှင်မကြီး ခင်ဗျာ၊ အခုလို တွေ့ရတဲ့အခါမှာ ကျူပ်မှာဘယ်လိုအသုံးအနှုန်းနဲ့ ပြောရမှန်းမသိလို့ပါ ' ဟုပြောလိုက် လေသည်။
အဖွားကြီးသည် ၀မ်လန်းအား သေချာစွာ အကဲခတ် လျက်စကားတစုံတရာ ပြောတော့မည့် အသွင် ကြီးစွာသောဣုနြေ္ဒ ကိုဆောင်လိုက်ပြီးမှ အနီးရှိ ကျွန်မလေးက အသင့်ပြင် ပေးထားသော ဘိန်းပြောင်းဆီသို့ လက်ရောက် သွားပြီးလျှင် ၀မ်လန်း အား မေ့လျှော့ သွားဟန်ဖြင့်နေလေ၏၊ ထိုနောက် ကိုယ်ကို ကိုင်းငုံ့လိုက်ပြီး လျှင် နှစ်သက်မြတ်နိုးလှသော ရှုခြင်းဖြင့် ဘိန်းပြောင်းကို ပါးစပ်တွင်တေ့ကာ အားပါးတရ ရှုက်ရှူ၍ နေရာမျက်လုံးများနမှ တောင်ပြောင် စူးရှလှသော အရောင်သည် မှေးမှိန် ပျောက်ကွယ် သွားလျက် သတိ ကင်းစင်၍ လောကကြီး မေ့လျော့နေသည့် အသွင်သည် ဖုံးအုပ်၍ သွားပေ၏၊ အဖွားကြီး၏ မျက်လုံး များသည် ၀မ်လန်း၏ သဏ္ဍန်ပေါ် သို့ဝဲ၍ ရောက်ရှိလေ၏။
''ဒီလူ ဘာလာလုပ်နေတာလဲ ဒီမှာ'' ဟုရုတ်တရက် ဒေါသထွက်လျက် မေးလေ၏၊ သတိအားလုံးသည် လွင့်စင် ပျောက်ပျက် နေဟန် ရှိလေ၏၊ တံခါးစောင့်၏ မျက်နှာကား မတုန်မလှုပ် ရှိလျက် ခတ်မဆိတ် နေလေ၏။
''ကျုပ် ဟိုမိန်းခလေး အတွက် စောင့်နေပါတယ် အရှင်မကြီး'' ဟု ၀မ်လန်း သည် ကြီးစွာသော အံ့သြခြင်းဖြင့် ဖြေဆို လိုက်လေသည်။
''ဟိုမိန်းခလေး ဘာမိန်းခလေးလဲ'' ဟုအဖွားကြီးစမ်းတ၀ါးဝါးဖြစ်နေစဉ်၊ အနီးရှိ ကျွန်မကလေးကကုန်း၍ တီးတိုး ကပ်ပြော လိုက်သည်တွင်မှ သတိရ လာလေ၏။
''အေး-ဟုတ်သားဘဲ၊ ငါမင့်ကိုခဏမေ့သွားတယ်၊ အသေးအဖွဲ့ ကိစ္စကလေးလားကွယ်၊ မင်းဟို ကျွန်မ 'အိုလင်' အတွက် လာတယ်ဆိုပါတော့၊ အေး သူ့ကို လယ်သမားတယောက်နဲ့ ပေးစားဘို့ ဒို့ဂေတိ ထားခဲ့ဘူးတာ ကလား၊ အင်း-အင်း-သတိရပီ အဲဒီလယ်သမားဟာ မင်းလား...........''
ဝမ်လန်း က ဟုတ်ကြောင်း နှင့် ဖြေဆိုလေ၏။
''အိုလင်' ကိုသွားခေါ်စမ်းမြန်မြန်''ဟုအဖွားကြီးသည် ကျွန်မကလေး အားခိုင်းလိုက်လေ၏၊ ကြီးကျယ်လှသော ခန်မကြီး အတွင်းတွင် ဘိန်းပြောင်း နှင့် တကိုယ်တည်း နတ်စည်းစိမ် ခံစားနေလိုလှ ပြီ ဖြစ်သောကြောင့်၊ ထိုကိစ္စ ကို မြန်မြန်ထက်ထက် ပြီးမြောက်သွားအောင် အလျင် လိုနေဟန် ရှိလေ၏။
များမကြာမီပင် ကျွန်မကလေးသည် ရိုးသားဟန်ရှိလျှက်၊ ဖြူစင်သန့်ရှင်း၍ အပြာ ရောင်ရှိသော အကျီင်္ ဘောင်းဘီ များကို ၀တ်စားဆင်ယင် ထားသည့် အရပ်မြင့်မြင့် မိန်းခလေးတယောက်၏ လက်ကိုဆွဲကာ ပြန်ရောက် လာ၏၊ ၀မ်လန်းသည်တချက်မျှ လှမ်းကြည့်လိုက်ပြီးနောက်၊ မျက်နှာကို လွဲလိုက်လေသည်၊ ရင်တခုလုံး ကား တဒိတ်ဒိတ်ခုန်လျှက်ရှိ၏၊ ဇနီးလောင်းကား ရာက်လာလေပြီ၏။
''ဟဲ့ကျွန်မ-ဒီနားလာစမ်း'' ဟုအဖွားကြီးက ခတ်ပေါ့ပေါ့ပင် လှမ်းခေါ်လိုက်လျှးက်။
''ဒီလူဟာ နင့်ခေါ်ရအောင်လာတာဘဲ'' ဟုပြောလေ၏၊ ထိုအခါသူငယ်မကလေးသည် အဖွားကြီးရှေ့၌ သွား၍ ရပ်ကာခေါင်းကိုငုံ့လျှက်၊ လက်ကိုနောက်ပစ်ကာ နေလေ၏။
''နင်ပြင်ဆင်ပြီးပလား'' ဟုအဖွားကြီးက မေးသည့်အခါ၌ '' ပြီးပါပြီ'' ဟု သူငယ်မ ကလေးသည် ဖြေဆို လိုက်လေသည်။
သူငယ်မကလေး၏ အသံကို ပဌမဆုံးအကြိမ်ကြားလိုက်ရသော ၀မ်လန်းသည်၊ မိမိအားနောက်ခိုင်းကာ ရပ်နေသော အသံရှင်၏ ကျောပြင်ကလေးကို လှမ်းကြည့်မိလေ၏၊ အသံကား သာယာလှစွ၊ ကျယ်လည်း မကျယ် လောင်လှ၊ တိမ်လည်း မတိမ်လှ၊ ပြေပြစ်ညီညာ လှလျှက် ဒေါ-မော-လောသံ လည်းမနှော၊ ဆံပင် တို့ သည်လည်း အရောင်တောက်လျှက် သန့်ရှင်း လှဘိ၏၊
အင်္ကျိ အ၀တ်အစား တို့သည်လည်း ပကတိ ဖြူစင်သပ်ရပ် ကြပါပေ၏၊ သို့သော်သူငယ်မမှာ ခြေသေးမ ကလးမဟုတ်သဖြင့် ခဏတာမျှစိတ်ပျက်သွားမိလေ၏၊ သို့ရာတွင် အဖွားကြီးက တံခါးစောင့် အား လှမ်း၍ စကားပြောလိုက်သောကြောင့် စိတ်ပျက်ခြင်းကိုမေ့သွား လေ၏။
''သူ့သေတ္တာယူပြီး အိမ်ဝအထိ လိုက်ပို့လိုက်စမ်း၊ ပြီးသူတို့သွားကြပေစေတော့'' ဟုအမိန့်ပေးကာ အဖွားကြီး သည် ၀မ်လန်းဘက်သို့ လှည့်၍ ''ငါစကားပြောနေတုံး သူနဲ့ တူတူလာရပ်နေစမ်း'' ဟုခိုင်းလေ၏ ၀မ်လန်း ကပြောသည့် အတိုင်း သွား၍ ရပ်နေသောအခါ။
''ဒီကောင်မကလေး ဟာ ၁၀-နှစ်သ္မီးကတဲက ငါ့အိမ်ရောက်လာတာ၊ အခုအသက်၂၀-ရှိပီ၊ နှစ်တနှစ်မှာ ဒုဗိကန္တရ ကပ်ကြီး ဆိုက်တော့၊ ငတ်လို့ဒို့အောက်ဆီကို ပြောင်းလာကြတဲ့ သူ့မိဘတွေရဲ့ ဇာတိကတော့၊ အဲဒီ အထက်အညာ ရှန်တောင်မြို့ကတဲ့၊ သူတို့ကတော့ အခုသူ့တို့ ဒေသပြန်သွားပီ နောက်ထပ်လဲ သူတို့ အကြောင်း ဘာမှ မကြားရတော့ဘူး၊ ကောင်မကလေးကိုတော့ မင်းမြင်ပီမဟုတ်လား၊ ကိုယ်ပုံ လက်ရောက်ကာ မျက်နှာကောသန်သန် မာမာပါဘဲ မင့်အတွက်တော့ လယ်အလုပ်ရောရေသယ်ရေခပ်ရော ဘာအလုပ်မျိုးမဆို မင်းခိုင်းတာ မင်းအလိုရှိသမျှ ကောင်းကောင်း မွန်မွန်လုပ်ပေးမဲ့ ကောင်မကလေးဘဲ၊ လှတော့မလှဘူးဟေ့၊ မင့်အတွက်ဆိုတော့လှဘို့လဲမလိုပါဘူး။
စည်းစိမ်နဲ့နေနိုင်တဲ့ လူမျိုးတွေအတွက်သာ သူတ စိတ်အရုံဖျော်ဖြေဘို့ လှလှကလေး တွေလိုတာဘဲ၊ လိမ်လဲမလိမ်မာ ဘူးကွဲ့ ကောင်မကလေးက၊ ဒါပေမဲ့ ခိုင်းသမျှတော့ မညည်းမညူ ကောင်းကောင်း မွန်မွန် လုပ်ပေးတတ်ပါတယ်၊ စိတ်သဘောလဲ ကောင်းသဟဲ့၊ ငါသိရသမျှတော့ အပျိုစစ်ကလေးပါဘဲ၊ မီးဖိုချောင် ထဲက ထွက်ရတဲ့တိုင်အောင် ငါ့သားတွေနဲ့ငါ့မြေးတွေ မျက်စိကျအောင်မြှူနိုင်တဲ့ရုပ်မရှိပါဘူး၊ တခုခုဖြစ်ပြီးပြီ ဆိုရင်လဲ အစေခံကောင် တွေနဲ့သာဖြစ်မှာဘဲ၊ ဒါပေမဲ့အဆောင်တခုနဲ့တခု လွတ်လွတ်လပ်လပ် ကူးချည်သန်းချည် လုပ်နေကြတဲ့ ကျွန်မချောကလေးတွေ ပေါလွန်း နေတော့၊ မင်းကောင်မကလေး မှာ အစွန်းအညိ ရှိ မယ် မထင်ပါဘူးကွယ်။
ကဲ-ခေါ်သွားကောင်းကောင်း အသုံးချ၊ နုံပီးနှေးပေမဲ့ ကျွန်မကောင်း ကလေး ကွဲ့၊ ဖြစ်လေရာဘ၀မှာ ကုသိုလ် အထုံကလေး များ ပါပါစေတော့လို့ အခုဒီဘ၀မှာ လူဦးရေ တိုးသထက်တိုးအောင် လုပ်ရတာ၊ နို့မို့ရင်လား ကောင်ကလေးက မီးဖိုချောင်အလုပ်မှာ တကယ်တော်တဲ့ ဟာကလေးမို့၊ လက်တောင် မလွှတ်ချင်ဘူး၊ ဒါပေမဲ့တောင်းရမ်းတဲ့လူရှရင် ဒါမှမဟုတ် သူတို့ကို မလိုချင်တော့ဘူးဆိုရင် ငါတော့ ငါ့ကျွန်မတွေကို လင်ချည့် ပေးစားပစ်တာဘဲ၊'' ဟု ဒေါက်ရှောက်ကြီး ပြောလာရာမှ၊ သူငယ်မကလေးဘက်သို့ လှည့်တဲ့ကာ။
''သူ့စကား ကိုနားထောင်၊ ကလေးတွေ တယောက်ပြီးတယောက်မွေးပေး မွေးပီးရင်းထပ်မွေး၊ သားဦး ကလေး မွေးတော့လဲ ငါ့ဆီလာကြအုံး ငါကြည့်ရအောင်'' ဟုမှာကြားပြန်လေသည်။
''မှန်လှပါ အရှင်မကြီး'' ဟုသူငယ်မကလေးက ဂတိပေးရှာလေသည်။
ထိုနောက် နှစ်ယောက်သား ဘာလုပ်ရမှန်းမသိ ရပ်မြဲရပ်နေမိကြရာ၊ ၀မ်လန်းကား ကြီးစွာ ကိုယ်နေကြပ် နေလျှက်၊ စကားပြောရကောင်းမည်လော၊ သို့မဟုတ် ငါဘာများ လုပ်ရပါလိမ့် နှင့်အစဉ်းစားရခက်နေလေ၏။
''ကဲ-ကောင်ပြီသွားကြတော့ဟုတ်လား'' ဟုအဖွားကြီးကအားပေးသလိုပြောလိုပ်မှ၊ ၀မ်လန်းသည် သုတ်သီး သုတ်ပြာဦးညွတ်၍ အရိုအသေပြုပြီး လှည့်ထွက်လာခဲ့သည်တွင် သူငယ်မသည်လည်း နောက်မှ ထက်ချပ် လိုက်ပါလာလျှက်၊ ၄င်း၏နောက်၌ တံခါးစောင့်မှာ သေတ္တာကိုထမ်းရင်း စီတန်းထွက်ခဲ့ကြလေသည်၊ တံခါးစောင့် သည် သေတ္တာကိုဝမ်လန်း၏ ဆွဲခြင်းထားပစ်ခဲ့သည့် အခန်းထဲသို့ ရောက်သောအခါ ဆက်လက် မထမ်းတော့ မူ၍ ချထားပြီး စကားတလုံးမပြော ထွက်ခွါပျောက်ကွယ်သွားလေ၏။
ဤတွင်ဝမ်လန်းသည် သူငယ်မ၏မျက်နှာကို ပဌမဆုံးအကြိမ်လှည့်၍ကြည့်လေသည်၊ ရိုးသား သန့်ရှင်း ကြည်လင် သော မျက်နှာ နက်မှောင်၍ ကျယ်ဝန်းသော နှာခေါင်းပေါက် တို့ရှိကုန်သည့် တို၍ ပြားနေသော နှာခေါင်း ကျယ်သော ပါးစပ် တို့ရှိလျှက်၊ မျက်နှာတွင် အမာရွက်ကလေးတခု ပါရှိလေသည်၊ မျက်လုံး များသည် သေးငယ်လျှက်၊ ရီတီတီ နက်မှောင်မှောင်ရှိကာ၊ စိတ်ဆင်းရဲခြင်းအတွက် မချမ်းမြေ့သော အဆွေး ဓါတ်အရိပ်ရောင် တို့သည် မသိမသာ မထင်မရှား ပေါ်ထင်လျှက်ရှိလေသည်၊ မျက်နှာအမူအယာ ကလေး များလည်း ပြောရေးဆိုဘွယ် ကြုံလာသည့် တိုင်၊ စကားတလုံး ထွက်နိုင်မည့်ပုံအပေါ်သော နဂိုရ် စကားနည်း နှုတ်အေး အမူအယာကလေးဖြစ် ပေ၏၊
ဝမ်လန်းကစိုက်ကြည့်နေသောအခါ ကြည့်၍အားရသည့်တိုင်၊ စိတ်၏ကြဉ်းကြပ်ဟန် ၀န်လေးဟန်ကိုမပြ အကြည့်ခံမြဲ ခံ၍သာ နေလေသည် အမှန်ပင် လှရိပ်လှရောင်ကလေးဆို၍ တနေရာတကွက်မျှမရှိ၊ နံ့သာ ပန်းမွှေးလည်း မလိမ်းမချယ်၊ ညိုတိုတို အရောင်အဆင်းနှင့် ပကတိအတို်င်းပင် အရိုးခံ သက်သက် မျက်နှာကလေးဖြစ်ကြောင်းကို တွေ့ရလေ၏၊ သို့ရာတွင် ထိုမျာက်နာလေးမှာ ကျေက်ပေါက်မာ အခွက် အချိုင့်တွေလည်းမပါ၊ အပေါ်နှုတ်ခမ်းလည်း ဟက်တက်ကွဲကြီးနှင့်မဟုတ်၊ မိမိဝယ်ပေးထားသော ရွှေရည်ပွတ်ငွေနားဆွဲကလေးများသည်၊ သူ့နားကလေးနှစ်ဘက်တွင် ဆွဲဆင်လျက်သား ရှိနေလျက်၊ လက်ကလေး များပေါ်တွင်လည်း သူဝယ်ပေးထားသော လက်စွပ်ကလေးများပေါ်တွင်လည်း သူဝယ်ပေး ထားသော လက်စွပ် ကလေးများ ရောက်ရှိနေပြီကို မြင်တွေ့ရပေသည်၊ ရင်ထဲတွင် ကြိတ်၍ရွှင်မြူးအားရ ပိတိ ကျမိရင်း တဘက် သို့ မျက်နှာလွှဲလိုက်၏။
''အင်း...မိန်းမတော့ ရပေဟေ့''
''ဟောဒီမှာ သေတ္တာ ဟောဒီမှာ ခြင်းတောင်း'' ဟုပြတ်ပြတ်တောင်းတောင်းကြီး ပြောချလိုက်၏။
သူငယ်မကားဘာတခွန်းမျှ ပြန်မပြောဘဲ၊ သေတ္တာကိုကုန်း၍ဆွဲမပြီး ပခုန်းပေါ်တင်လျက်၊ မနိုင်တနိုင် ယိုင်တိယိုင်တိုင် ကုန်းထနေလေ၏၊ ၀မ်လန်းကား စောင့်ကြည့်နေရာက ရုတ်တရက်။
''ငါက သေတ္တာယူမယ် ဟောဒီမှာခြင်းတောင်း'' ဟုပြောကာ ၀တ်ထားသော သူ၏အကောင်းဆုံး အကျီင်္ကြီး ကိုပင် ဂရုမစိုက်မိ သေတ္တာကို သူ့ပခုန်းပေါ်သို့ ပြောင်း၍ ထမ်းလေ၏၊ သူငယ်မလည်း ဘာတခွန်းမျှမပြော ဆွဲခြင်း ကို ကောက်၍ ကိုင်လေသည်။
ဝမ်လန်း ကား မိမိ၏ လေးလံလှသော ၀န်ထုပ်ဝန်ပိုကြီးနှင့် အလားတုံးးက ဖြတ်သန်းလာခဲ့ရသော ဘုံဆောင် အခန်းပေါင်း ၁၀၀၀-ခန့်ကို ပြေး၍ သတိရပြီး ''ဘေးကထွက်နိုင့် မဲ့ အပေါက်များရှိရင်'' ဟု ညည်းထွား လိုက်ရာ၊ သူငယ်မမှာ ၀မ်လန်း ဘာဆိုလိုသည်ကို ရုတ်တရက် နားမလည်လိုက်သကဲ့သို့ ခေတ္တမျှ စဉ်းစား နေပြီးနောက် ခေါင်းညှိမ့် လိုက်လေ၏၊ ထိုနောက်အသံမပြုဘဲထားသော ချုံနွယ်ပိတ်ပေါင်း တို့ ပင် ပေါက်နေလျက်၊ ရေများလည်း ခန်းခြောက်ခါရှိနေပြီဖြစ်သော ရေကန်ကလေးတခုရှိသည့် ဘုံဆောင် တခု အောက်မှ ဖြတ်ပြီးလျှင် လမ်းပြကာ ခေါ်သွားလျက် ကိုင်း၍ ကျနေသောကျနေသော ထင်းရှုးပင် တပင်အောက် ရှိဝင်းတံခါးတခုသို့ ရောက်ရှိသွားကြလေရာ၊ သူငယ်မသည်တံခါးမင်းတုံးကို ဖြုတ်ပေးလျက်၊ နှစ်ယောက် သား ထွက်လာခဲ့ကြသည်တွင် လမ်ပေါ်သို့ ရောက်သွားကြလေ၏။
ဝမ်လန်း သည် သူငယ်မအား တခါနှစ်ခါလှည့်၍ ကြည့်လေ၏၊ သူငယ်မကား မျက်နှာ အမူအယာ ပြောင်း လဲခြင်း မရှိ၊ တသက်လုံးခြေသလုံးအိမ်တိုင် ပြုနေရသူတဦးပမာ မှန်မှန်ကြီး လှမ်း၍ လိုက်လာနေသည်ကို တွေ့ရ၏၊ မြို့တံခါးဝသို့ ရောက်သောအခါ ၀မ်လန်းသည် မသေမချာ မရေရာသော စိတ်ကူးဖြင့် ရပ်တန့် လိုက်လျက်၊ လက်တဘက်က ပုခုန်းပေါ်မှ သေတ္တာကြီးကို ထိမ်းကာ တဘက်သော လက်က ခါးပတ်တွင် ခြိတ်ထားသော ပိုက်ဆံအိပ်ကလေးကို နှိုက်၍ ကြည့်ပြီးနောက် ပိုက်ဆံ၂-ပဲနိကို ထုတ်ယူကာ၊ မက်မုံးသီး စိမ်း ကလေး ၆-လုံး ၀ယ်ယူလေ၏၊
ထိုနောက် ''ဒါတွေယူရော့စား'' ဟုတိုတို တုပ်တုပ်ကြီး ပြောလိုက်လေသည်၊ သူငယ်မ လည်း၊ နှစ်သက် ခုန်မင် လှစွာဖြင့် လှမ်းယူဆုပ်ကိုင်ထားပြီးလျှင့်၊ ခလေးငယ်တဦးအသွင် ဘာတခွန်းမျှ ပြန်မပြောဘဲ လက်ထဲ ၌ပင် ကိုင်၍ ထားလေ၏၊ လယ်ကန်သင်းများေးပါ်၌ ဆက်လက်ရှောက်လာခဲ့ ကြရင်းက ၀မ်လန်းသည် နောက် တကြိမ် လှည့်ကြည့် လိုက်သောအခါ၊ မက်မုံးသီး တလုံးကို ကိုက်၍ လိုက်လာသောသူငယ်မအား တွေ့ရပေ၏၊ သို့ရာတွင် ၀မ်လန်းကြည့်သည်ကို မြင်သောအခါ၊ သူငယ်မသည် မက်မုံးသီးကလေးကို လက်နှင့် ဖုံးအုပ်လျက်၊ ပါးစပ် မလှုပ်ဘဲ ထားလေး၏။

ဆက်ရန်
.
No comments:
Post a Comment