Wednesday, March 3, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၆)

ထူထောင်မှု့ကြားမှ လောကဓံ လှိုင်းများ

သို့နှင့် ဘောင်ဒရီလမ်း အိမ်ဝင်သို့ ဗမာ့ခေတ်သတင်းစာ ပြောင်းရွေ့လာသောအခါ ကျယ်ကျယ်ပြန့်ပြန့် ရှိသလောက် သာသာယာယာ ဖြစ်လာရန်လည်း ဖန်တည်းပြုပြင် နေရခြင်း၊ က အတောမသပ်နိုင် ရှိခဲ့ ပါသည်။
အမှတ် ၂၅၃- ဘောင်ဒရီလမ်းအိမ်အ၀င် ခြံဝင်းတံခါးပေါက်မှာ ဗမာ့ခေတ် သတင်းစာတိုက် ဆိုသော ဆိုင်းဘုတ် နှင့် ယုဝတီ ဂျာနယ်ဆိုသော ဆိုင်းဘုတ်နှစ်ခုသာ ချိတ်ဆွဲပြီးမူလရှိရင်းစွဲ ကျမ၏တိုင်းပြည် ပြုပုံနှိပ်တိုက် ဆိုသော ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပြီး ဗမာ့ခေတ်ပုံနှိပ် တိုက်ဆိုသော ဆိုင်းဘုတ်ကို ဖြုတ်လိုက် ပြီး ဗမာ့ခေတ် ပုံနှိပ်တိုက် ဟု တခုတည်းပေါင်းစပ်၍ အမည်တပ်လိုက်ရန် အကြံပေးသဖြင့် အတူတူကိုယ့်ပုံနှိပ်တိုက် ချည်းပါပဲလေဟု ယူဆကာ သဘောတူလိုက်ပါသည်။

ဤအခါက နောက်ပိုင်း၌ ညစ်ပတ်မှု့ တွေဝင်လာလိမ့်မည်ဟုလည်း အနည်းငယ်မျှယုံမှား သံသယ မရှိခဲ့ဘူးပါ။
သို့နှင့် အိမ်သစ်သို့မပြောင်းမီနှင့် ပြောင်းရွေ့လာပြီးသည်အထိ အမျိုးသ္မီးကလောင် အဖွဲ့ရံပုံငွေအတွက် ပြဇာတ်က ကြရာမှာ ကျမက ကမကထလုပ်ပေးနေရသည့် အတိုင်းဇာတ်တိုက်သည်မှ အစ ဇာတ်ကားပြီး သည်အထိ အဘက်ဘက်မှလိုနေသမျှ ကြည့်ကြပ် အားထုတ်ပေး နေရသည်။

နှစ်ပတ်လည် အစည်းအဝေးကိုလည်း ခြံကြီး ကျယ်ကျယ်ဝင်းဝင်းမှာ ပြောင်းရွှေ့လာစ ဖြစ်၍ အခြား ပရိသတ်များ ကိုပါ ဖိတ်ကြားပြီး နဗ္ဗာန်များခင်းကျင်း ကျွေးမွေးခြင်း၊ အငြိမ့်ပွဲများ ပါဝင်စေခြင်း စသော ပျော်ရွှင် ပွဲများကိုလည်း လက္ခံဆင်နွှဲပေးခဲ့ရသေးသည်။ ကိုယ့်မှာတာဝန်ပိုတာကို ပဓါနမထားပဲသူတပါးတို့ ပျော်ရွှင် နှစ်လိုရန်နှင့် သူတပါး၏ အခက်အခဲမှန်လျှင် ကျမစွမ်းအားရှိသမျှ ကူညီစောင်မလိုသော စေတနာ က အမြဲ ရှေ့ဆောင်ပြုလုပ်ပေးမိပါသည်။

ဤသို့ ပြုလုပ်ခြင်းများအတွက် တခါ၊တခါ မိမိဘက်သို့ပြန်လှည့် လာတတ်သောမကောင်းကျိုးများနှင့် ရင်ဆိုင် ရတတ်သော် လည်း တုန့်ပြန်သော ကောင်းကျိုးကိုကား အလျဉ်းမရရှိခဲ့သွားပါ။ သို့ရာတွင်ကျမက ပေးလေသမျှ အကူအညီးများမှာ ကုသိုလ်ဖြစ်ဒါန ပါရမီအဖြစ် စိတ်ပိုင်းဖြစ်ပြဋ္ဌာန်းပြီးဖြစ်သောကြောင့် မည်သည့် တုန့်ပြန်မှုကိုမျှ၊ မျှော်ကိုးရည်ရွယ်ခဲ့ခြင်းသည် လုံးဝမရှိခဲ့သည်သာဖြစ်ပါသည်။

ထို့သို့လျှင် ၀င်ကြ, ထွက်ကြ, သွားကြ, လာကြနှင့် တအုံးအုံး တရုံးရုံးရှိနေစဉ် အသက်ရှူချောင် အစိုးရ၏ အလိုမကျ မှုနှင့် တိုးမိပြန်သောကြောင့် သတင်းစာတိုက်ကို ချိပ်ပိတ်လိုက်သည်။ သတင်းစာကြီးကြပ် အုပ်ချုပ်သူ ကိုလည်း ပုဒ်မ၅- နှင့်ဆွဲ သွားပြန်ပါသည်။ ဤအခါမျိုးမှာတော့ ဘယ်သူမှဝင်ထွက်တော့မည်မှ မကြံသေး သော ဗမာ့ခေတ် သတင်းစာမှာ ကပ်ဆိုက်လာရပြန်ပါသည်။ ဤအခါမှာလည်း ဖဆပလ အသွားလာ မေးမြန်းခြင်း မပြုကြတော့ပဲ ဧည့်ပရိသတ်စဲ၍ သွားပါသည်။

ဘ၀တူစာနယ်ဇင်း ရပ်ကွက်မှမိတ်ဆွေများနှင့် အသင်းအဖွဲ့ များကလည်း ရှေးကနည်းတူ မသိကြိုးကျင် ပြုကာ ခပ်ရှောင်ရှာင် ပဲနေကြပါသည်။ အပြင်ပ လူများမပြောထားနှင့်၊ ပုဒ်မ၅-နှင့်ဆွဲသွားတိုင်း ဗမာ့ခေတ် သတင်းစာ တိုက်တွင် ၀င်ထွက်ရေးသား နေသူအချိ့ကပါ ရှောင်ဖယ်ဖယ်ပြုလေ့ပြုထရှိသည့် ထုံးစံနှင့် ခံရဖန်များ ၍ ရိုးနေပါသည်။

ဤအခါမျိုးကြုံလာရတိုင်း ကြွင်းကျန်ရစ်သော အသိုင်းအ၀ိုင်းကလေးနှင့်သာ တရာဋ္ဌာနမှ ကျမအမည် တပ်ပြီး ခုခံပြောဆို ရပါသည်။ ဒါတောင်အချို့သော ရှေ့နေကြီးများမှာ အမှုကိုလက်ခံပြီးမှ မလိုက်လို ကြောင်း ခေါင်းခါပြန်သဖြင့် ရှေ့နေတဦးနှင့် မရကနောက်တဦး ထပ်ရှာရပြန်ပါသည်။ ဟိုက်ကုတ်ရုံးကြီး ဆိုဒါကိုလည်း သွားရ၊ ဘယ်တရားဋ္ဌာနမှာ အမှုတင်ရစေသောအ လုပ်တွေကဖြစ်သမျှနည်းပေး လမ်းပြသူ ကလေးနှင့် ကျမကထ၍ လုပ်ကိုင်ရပါသည်။

သတင်းစာတိုက်မှာလည်း ချိပ်ပိတ်ထား၍ အလုပ်သမားများ မဆင်းနိုင်၊ နှစ်လကျော် မျှထိုင်၍ ငတ်နေကြ ရသည်။ ထခင်က လူဝင်လူထွက် စည်ကားနေသော အိမ်ကြီးမှာ အပ်ကျသံကြားရမလောက် ခြောက်ကပ် တိတ်ဆိပ် လျက် ရှိပါသည်။ အဘယ်မည်သော အသိမိတ်ဆွေရဂုဏ်သရေရှိ လူကြီးလူကောင်း မင်းပရိသတ် များက တဦးတလေမှ လာရောက်မေးမြန်း ခြင်းမပြု၊ တစုံတဦးသော မိတ်ဆွေများ၏ အားပေးစကား ကလေးများ ကြားဘူးချင်သောကြောင့် နားစွင့်နေမိသည်ပင် အချည်းနှီးဖြစ်ခဲ့ရပါသည်။

သို့ရာတွင် သတင်းစာကို ခုတုန်းလုပ်၍ အသုံးချ ချင်သော အခါမျိုးကြုံလာလျှင်တော့ လာလိုက် ကြသည် ဖြစ်ခြင်း၊ ဧည့်ခံ၍ အချိန်မလောက်အောင်ဖြစ်ခဲ့ရသည်။ သည်အဖြစ်အပျက်မျိုးမှာလည်း ကြုံခဲ့ဘူးလှပြီ ဖြစ်သော ကြောင့် ကျမအဖို့မှာ အဆန်းတကျယ်မဖြစ်တော့ပါ။ အမှတ်အသားလည်း မထားမိပါ။ တခါ, တခါုလည်း ပြုံးမိ၏။ လူ့လောကဓမ္မတာမှာ သာတုန်းသာနားလေ့ရှိသည်ဟု ဘ၀အတွေ့အကြုံများခဲ့လွန်း၍ ယောနိသောမနသီကာရီ သဘောထားလိုက်သည်က များပါသည်။

တရားရုံမှ ဥပဒေရှိသလောက်လျှောက်လဲခုခံ ခဲ့ရင်းနှစ်လကျော်ရှိမှ ပုံနှိပ်တိုက်ကိုချိပ်ခွါ ပေးပြီးလူကိုလည်း အချုပ်မှ လွှတ်လိုက်ပါသည်။ နေ့စဉ်လည်နေသော စက်ကို ရပ်ထားရသည်မှာ မသက်သာလှပါ။ သတင်းစာ မှာလည်း နေ့စဉ်ထုတ် နေရာမှရုတ်ခနဲ ပိတ်ရသဖြင့် ရင်ဆိုင်လာရပြန်ပါသည်။  အခက်အခဲဆိုသည်မှာ ငွေရေး ကြေးရေးပင် ဖြစ်ပါသည်။ သည်တော့လဲ ထုံးစံအတိုင်းပဲ ကျမဘက်ကသိုမှီးထားသော ပစ္စည်း ငွေစ များကို သတင်းစာအလုပ်ထည်းသို့ ချေးငှါးဖြည့် စွက်ရပြန်ပါသည်။

သည်တခါတော့ ခါတိုင်းလို အလကားသက်သက်ဖြည့်စွက်ခြင်း မဟုတ်တော့ပဲ ချေးငှါးခြင်း တ၀က်ရော လာရပါသည်။

ရေလိုက်လွဲတိုင်း အစွပ်စွဲခံခဲ့ရခြင်း
  
ချေးငှားသည် ဟု အမည် တပ်သော်လည်း ပြန်ဆပ်သည့်အလှည့်ဟူ၍ မရှိနိုင် သေးပေ၊ ငွေရေးကြေးရေး အပေးအယူကိစ္စတို့ ၌နေ့စဉ်ထိန်းသိမ်းရသည်မှာ ပင်းပန်းလာပြီ ဖြစ်သော ကြေင့် အိမ်ဟောင်းမှ အိမ်သစ်သို့မပြောင်းမီကပင် ကျမ၀င်မကိုင်တော့ပဲ မန်နေဂျာနှင့် စာရင်း စစ် ငွေထိန်းကို လက်သို့တာဝန် လက်သို့ တာဝန် ပြောင်းပေး ထား လိုက်ပါသည်။

သတင်းစာ အလုပ်တိုက်နှင့် ပတ်သတ်သော ဘဏ်စာရင်းကိုလည်း ငွေအထုတ်အသွင်းကိစ္စပါ မန်နေဂျာ လက်မှတ်နှင့် လွှဲလျက်ခုနှစ်ရက် တကြိမ်းလောက်သာ အပေါ်ယံသိရယုံမျှ စာရင်းအင်းကြည့်လိုက် ပါတော့သည်။ ထိုအချိန်က အလုပ်တိုက် မန်နေဂျာမှာ ကွယ်လွန်သူဦးတင်စိုး ဖြစ်ပါသည်။

၁၉၅၁- ၅၂နှစ်တို့မှာလည်း ဗမာ့ခေတ်သတင်းစာ၏ နှစ်ချုပ်စာရင်မှာ အမြတ်မထွက်သေးပါ။ ထိုအတော အတွင်းက ကွန်မြူနှစ် ၀ါဒဆန့်ကျင်းရေး ဘာသာပြန်စအုပ်များကို လက်ခံရိုက်နှိပ် ထုတ်ဝေဖြန့်ဖြူး ပြန်လေ သည်။ စာအုပ်ရိုက်ခဘာ သာပြန်ခ ရသည်က နဲနဲ၊ အဆဲခံရသည် အဆမတန်ဖြစ်ခဲ့ယုံမက ကိုယ်ဝိရိယနှင့် ကုသိုလ်ကံ အကျိုးပေး အလျောက်တိုး တက်လာသည်ကိုပဲ အမေရိကန်က ပေးကမ်းထားသည်ဟု စွပ်စွဲကြ လေသည်။ ယင်းသို့ရေလိုက်လွဲတိုင်း အဆဲခံရသည်မှာ ရိုးနေပါပြီ။

၁၉၅၂- ခုနှစ်လည်လောက်မှာ ပဋ္ဌမအကြိမ် ကမ္ဘာတပတ်လှည့်ရာသို့ ကျမလိုက်ပါခဲ့ရာ၌အလုပ်တိုက်မှ ခရီးစရိတ် မထုတ်ပေးစေရပဲ ကျမအိတ်ထဲမှ ငွေနှင့်သာ လိုက်ပါခဲသည်။ ဒုတိယ အကြိမ် ကမ္ဘာလှည့်ရာမှာလည်း အထက်နည်းအတိုင်း ကျမစရိတ်နှင့်သာ လိုက်ခဲ့ခြင်းဖြစ်ရာ ၂-ကြိမ်စလုံးနှာ လေယာဉ် ခရီးစရိတ်များ ထုတ် ပေးသည့် ဘဏ်ငွေထုတ်ဖြတ်ပိုင်းများသည် ကျမ ကိုယ်ပိုင် သီးသန့် ဘဏ်ငွေစာရင်းမှ ထုတ်ပေး ရသော လက်ခံဖြတ်ပိုင်းများ အထင်အရှားကျန်ရှိပါသေးသည်။

ဤကဲ့သို့  ရေးရခြင်းမှ ဗမာ့ခေတ်သတင်းစာမှ ငွေဖြင့်မသွားကြောင်း ထင်ရှားစေချင်၍ဖြစ်ပါသည်။ ဗမာ့ခေတ် သတင်းစာ တိုက်မှ ခရီးစရိတ်ခံရသည်ဟု မှတ်မှတ်ရရလိမ်လည်စာရင်းစာရင်းပြထားမှု၊ အပြင် အပ အသိ မိတ်ဆွေများသို့ ၀ါဒဖြန့်ထားမှု၊ အပြင် အပအသိမိတ်ဆွေများသို့ ၀ါဒဖြန့်ထားမှုကို ရှိနေကြောင်း ကြားသိရသဖြင့်  အမှန်တရားကို ထုတ်ဖွင့် ရေးသားရခြင်းဖြစ်ပါသည်။
ပဋ္ဌမ အကြိမ်ကမ္ဘာလှည့်ရန် သွားစဉ်ကအိမ်ကြီးပေါ်တွင် ခြုံ၍ထိန်းသိမ်းအုပ်ချုပ်စောင့်ရှောက် နိုင်စေခြင်း ဌာ ညီမ၀မ်းကွဲတော်စပ်သူ လင်မယားသားသမီးတစ်စုတို့အား အိမ်မှာနေစေပြီး စောင့်ရှောက်ရန် လွှဲအပ် ထားခဲ့ပါသည်။

ထိုလင်မထားဆိုသူတို့မှာ ယခင်ရေးသားခဲ့ရာ၌ ပါဝင်ခဲ့သူဂျပန်ခေတ်တုန်းက အိမ်သို့ ခေါ်ယူ အလုပ်ရှာ ပေးပြီး ထိမ်းမြားပေးခဲ့ရသူ ညီမ နှစ်ဝမ်းကွဲနှင့် မတ်တော်သူတို့ဖြစ်ပါသည်။ သူတို့မှာ ထိုအချိန်တွင် သားသမီး 6ယောက်ခန့် ရှိနေပြီဖြစ်သည်။ အလုပ်အကိုင်က ရန်ကုန်တက္ကသိုလ်ကျောင်းမှာ ကထိကဆရာ အလုပ်လုပ် နေပါသည်။

အိမ်ကြီးတခုလုံးစီမံအုပ်ချုပ်ခါဖုံသုတ်၊ တံမြက်လှည်း၊ အ၀တ်ဖွတ်၊ စားပွဲထိုး၊ ထမင်းချက်၊ ကားမောင်း  သမား စသော အိမ်ဖေါ်အလုပ်လုပ်သူများနှင့်တကွ စားရေရိက္ခာစုံလင်စွာနှင့် အပ်ထား ခဲ့သည်။ ခလေးများ ကျောင်းပို့ရန် အလုပ်သွားရန်နှင့် အခြားသွားလာလည်ပတ်ရန် အသုံးပြုလို သမျှကားများကို အပြီးအစီး လွှဲအပ် ထားခဲ့ခြင်းဖြစ်ရာ အခြားကျန်ရှိသော အမျိုးအဆွေတို့ကလည်း သူတို့ကိုတော့ အိမ်ကြီး လွှဲမအပ်ခဲ့ ကောင်းလားဟု ကွယ်ရာ၌ မကျေမနပ်ပြောကြောင်း ကြားသိရ သေးသည်။

သို့သော် ကျမရွေးချယ်နှင်းအပ်ထားခြင်းမှာ တည်တည်တန့်တန့်ဖြောင့်ဖြောင့်မတ်မတ်နှင့် အုပ်ချုပ် တပ်မည့် သူမှသာဖြစ်မည်၊ ဤအိမ်ကြီးနှင့်ပတ်ဝန်းကျင်ရှိ အလုပ်တိုက်များက များလှသောလူတွေကိုလည်း ဆက်ဆံမှု ပြေပြစ်မှုဖြစ်မှသာ ဖြစ်မည်ဟု ခြောက်လကြာမည့် ကမ္ဘလှည့်ခရီးစဉ်တွင် နောက်ဆံတင်း ရခြင်းမရှိလောက်အောင် ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

သူတို့ကားများနှင့် နေ့စဉ်ဝင်ထွက် စီးနင်းသွားလာလေတိုင်း ကျန်အစိတ်အပိုင်းက လူတစုသည် သူတို့ဤ အခွင့် အရေး မျိုး မရကောင်းလားဟု ငြိုးထားကြသည်။ ကားများမှာအလုပ်တိုက်သုံး  အတွက် စ တေရှင် ၀က်ဂွန်း ကားကြီးတစီးကို ပေးထားသည်။ အိမ်အတွက်အသုံးပြုသောကားမှာ နှစ်စီးဖြစ်၍ တစီးက စတူဒီဘေကာ ဖြစ်ပြီးတစီးမှာ ပြင်သစ်မှလာသော ရီးနိုးကားငယ်ကလေးဖြစ်ပါ သည်။ စတူဒီဘေကာ ကားကို စောစောပိုင်းက ၀ယ်ယူအသုံးပြုစဉ်မှာ ရိုးသားစွာဝယ်ယူသူက ကျမဖြစ်ါသည်။

သို့ရာတွင် အမေရိကန်ကပေးသော ဖင်မှန်း, ခေါင်းမှန်းမသိတဲ့ကားဟူ၍ ဘ၀တူ စာနယ်ဇင်းရပ်ကွက်က လူများက မေးငေါ့ကဲ့ရဲ့ရေးသားခံလိုက်ရသေး။ ထိုစဉ်က စစ်ပြီးခေတ် ပထမအကြိမ်ရောက်လာသော ဖင်မှန်း ခေါင်းမှန်း မသိတဲ့စတူဒီဘေကာ ကားမျိုးမှာ ဗမာပြည်တွင် မျက်စိမယဉ်ပါးသေးသောကြောင့် ထူးထူး ခြားခြားဖြစ်နေပုံရပါသည်။

ပထမအကြိမ် ကမ္ဘလှည့်သွားကြခြင်းကိုလည်း အမေရိကန်ရဲ့လူမို့ သွားရသည်ဟု စကားသတင်း လွှင့်ကြ သည်။ စင်စစ်တခါတခါသတင်းစာ ဆရာများအား အမေရိကန်က တလှည့်၊ ဗြိတိသျှအစိုးရတို့က တလှည့်၊ ရုရားနှင့်တရုပ်နီတို့က တလှည့်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယစသော နိုင်ငံများက တလှည့်၊ အလျဉ်းသင့် သလို ဖိတ်ကြား ခံရသောအခါ သွားရိုးသွားစဉ်သာ ဖြစ်ပါသည်။  သို့ရာတွင်ဗမာ့ခေတ် သတင်းစာအုပ် ချုပ်သူ ကတော့ ဖဆလအစိုးရနှင့် ပဏာမစားခဲ့၍ ဆယ်ခါလျှင် တခါမျှအလှည့်မကျခဲ့ဘူးပါ။

ယင်းသို့ မသဒ္ဓါရေစာ တခါတလေပါသည်။ ဒါကိုပင် အမေရိကန်၏လူဟု ဆိုင်ချင်စွပ်စွဲချင်သည်မှာ ဘာသာပြန် စာအုပ်များ ရိုက်နှိက်ပေးခဲ့မှု့ ကြောင့် လက်ဝဲသမားတစု၏ ဈေးဦင်္းပေါက် ၀ါဒဖြန့် ခံရခြင်းသာ ဖြစ်ပါသည်။ ယနေ့ သည်စာအုပ်မျိုးတွေ လူတကာကထ၍ ရိုက်နှိပ်နေကြသောအခါ မှာတော့ ရိုးသွားပါပြီး၊ သည်စာအုပ် တွေရိုက်ပြီး သူဋ္ဌေးကြီးဖြစ်လာသည် ဟုလည်းမစွပ်စွဲ ကြတော့ပါ။

ဒုတိယ အကြိမ် ကမ္ဘာလှည့် ခရီးတပတ်
.

1 comment:

မြတ်နိုး said...

သူ့ဘ၀ကိုဖတ်ပီးမောလိုက်တာ.အမရာ..

သူ့နေရာမှာသာဆို ကျနော်ကတော့ သဘောသိပ်မကေင်းနိုင်ဘူး။ ပိုက်ဆံသိပ်၇ှိနေလို့ သိပ်လှုချင်လဲ..ကျနော်က တော့အပြင်မှာပဲလှူမယ်။
အမျိုးဆိုတာကို ဒီလောက်နာကျင်ခံစားခဲ့ရတာတောင် အမှတ်မ၇ှိခေါ်တင်ကျွေးနေတာကတော့...သူ့ဘ၀သူဖန်တီးတာလို့ပဲမြင်တယ်။ ပီးတော့ လူတွေအကြောင်းလဲသေချာသိနေပီပဲဟာ..ဘာလို့များ ပြန်အဆင်ပြေတာနဲ့လက်ခံ၇ပါလိမ့်..ကျနော်သာဆို တံခါးပိတ်ထားမှာပဲ ဖွင့်ကိုမပေးဘူး။ပြုံးပီးတော့လဲ ပြောလိုက်မယ်။။ငါ ထောင်ဝင်စာတွေ့နေတုန်း ငါဒူက္ခေ၇ာက်နေတုန်း နင်တို့ဘယ်များရောက်နေကြလဲ။အားပေးကြသလား။ တော်ကြပါတော့ ကျမတော့စိတ်ရှုပ်မခံနိုင်တော့ဘူး။လို့ပြောမှာပဲ။
အားလုံးသူ့ဘေးမှာ၇ှိနေတဲ့သူတွေက သူ့ကိုချနေကြတာသိသိကြီးနဲ့ သဘောကောင်းပြနေတာတော့ လွန်လွန်းတယ်။ သနားဖို့ သိပ်မကောင်းတော့ဘူး။ မသိလို့ ခံ၇တာ သနားစ၇ာကောင်းပေမဲ့ သိ၇ဲ့သားနဲ့ ခံနေတာကတော့ သူ့ကိုစိတ်ဆိုးမိတယ်။ မည်သူမပြုမိမိမှုပဲ။


မြတ်နိုး