နှစ်ပေါင်း ၂၀ ဇာတ်သိမ်း၏ အစ
၎င်းသည်ပြည်သူ့အိုးအိမ်ဌာနမှာ အလုပ်လုပ်ခဲ့ဘူး၍ အိမ်ယာကလေးများ ဆောက်ခြင်းအလုပ်ကို သာ နားလည်သဖြင့် ချီးမြင့်စောင့်ရှောက်သော အနေနှင့်ထိုအဆောက်အဦးကလေးကို ကန်ထရိုက် စံနစ်လည်း မကျတကျ၊ အလုပ်ရအောင် ကြံဖန်ပေးခြင်းဖြစ်သည်။ သူတတ်သလောက် မှတ်သလောက် ထေ၀ံမှီသမျှ ဆောက်လုပ် ပေးရခြင်း ဖြစ်သည်ဟုလည်း ပြောပါသည်။ အခြားနေရာ ရပ်ကွက်များမှာလည်း တိတ်တဆိပ် ခိုင်းစရာရှိလို့ ခိုင်းပုံရပါသည်။
သို့ကြောင့် ဤအယ်ဒီတာဌာန၏ စာကြည့်တိုက်အဖြစ် အသုံးပြုမည်ဆိုတာ အိမ်သစ်ကလေးမှာ ပင် ရောက်လာ မည့် ဦးပဉ္ဇင်းကြီးကို သီတင်းသုံးစေရန် ပြင်ဆင်စေသည်။ တပည်များက အားရ ၀မ်းသာ အိမ်ပေါ်မှ ခန်းပြည့် ကော်ဇောလိပ်ကြီးများ ထမ်းချသယ်ဆောင် သွားပြီး အိမ်သစ်မှာ ပြာပြာ သလဲ ခင်းကျင်း ကြသည်။ စားပွဲကုလားထိုင် ပန်ကာစသော အဆောင်အယောင်တွေကို လိုလေသေးမရှိ အသင့် ပြင်ဆင် ထားကြ၏ လူတွေအားလုံး စိတ်ထက်သန်သော ဇောတွေဝင်၍ ရွှင်မြူးနေကြသည်။
နောက်တစ်နေ့မနက် ၁၁နာရီခန့်အချိန်ရောက်လာသည်။ စာပို့တိုက်မှ စာများရောက်လာချိန် လည်းဖြစ် ပါသည်။ နေ့တိုင်းထိုအချိန်မျိုးမှာ ကျမနာမည်တပ်၍ ရောက်လာသော စာများကို အလုပ်တိုက်မှ တဆင့် လာရောက် ပေးနေကျ ဖြစ်ပါသည်။ ကျမခရီးသွားနေလျှင် စာတွေကို စုထားကြသည် ပြန်လာမှ စာအိတ်တွေ တပုံကြီးကိုဖေါက်ကြည့်လေ့ရှိပါသည်။ စာတွေကသိပ် အကြောင်းမထူးလှပါ။ အလှူခံစာများ၊ အကြပ် အတည်း ဖြစ်နေ၍ ငွေရေးကြေးရေးအကူအညီ တောင်းခံစာများ၊ အလုပ်အကိုင် တောင်းသော စာများနှင့် ပရိသတ်တို့ထံမှ ကုန်နေသော ကျမ၀တ္တု များပြန်ရိုက်နှိပ်ဘို့ တိုက်တွန်းသော စာများသာ အများအားဖြင့် တွေ့ရပါသည်။
သို့ကြောင့် ယနေ့မနက်ရောက်ရှိသောစာများ ၄-၅စောင်ရှိ၍ တစောင်ပြီး တစောင် ဖေါက်ကြည့်သည်။ ခါတိုင်း လိုပင် အလှူခံစာအကူအညီတောင်းစာများဖြစ်ရာ နောက်ဆုံးတစောင် သာကျန်တော့ သဖြင့် ဒီစာလဲဒါမျိုး ဖြစ်မှာဘဲဟု ယူဆကာ စာအိတ်ဖေါက်မည် လုပ်ဆဲ မန်နေဂျာက တခုခုပြောဘို့ အနား ရောက်လာ သဖြင့် ဖေါက်မည့်ဆဲဆဲ စာအိတ်ကို မဖောက်သေးဘဲ သူပြောမည့်စကားကို နားထောင် နေလိုက် ပါသည်။
ပြည်မြို့ မှ နေ၍ အကြောင်း ကြားလိုက်ပြီဖြစ်ကြောင်း ဦးပဉ္ဇင်းကြီး မနက်ဖန်မနက် ပြည်မှကားနှင့် ထွက်လာ တော့မည်ဖြစ်၍ မနက်ဖန်ညနေ ၄နာရီခန့်ရန်ကုန်ရောက်မည်။ သို့အတွက် အလုပ်တိုက်မှ လူတွေက ကားကြီးကားငယ်တို့ဖြင့် မနက်ဖန် ၁၂နာရီလောက် ၌ ထောက်ကြံ့မှ သွား၍ ကြိုဘို့ စီစဉ် ပါတော့မယ်။ ဆွမ်းကျွေးရန်ကိစ္စကိုလဲ ထိုနေ့ညဦးပိုင်းမှ တလုပ်သမားတွေ အဆိုင်းဆိုင်း ခွဲဝေစီမံပါမည်။ မမက ဘယ်လို ထပ်မံစီစဉ်လိုပါသေးသလဲဟု ဆိုသည်၊ ကျမက လွတ်လွတ်လပ်လပ် မင်းတို့ ကြိုက်နှစ်သက် သလိုသာ လုပ်ကြပါဟု ပြန်၍ ခွင့်ပြုပါသည်။ ထိုမှအခါ ကြိုဆိုသွားရာကိုပါ မမရော လိုက်ပါ ဦးမည်လားဟု ပြောပြန်ပါသည်။ အေး-နေလဲကောင်းသားဘဲ ပျော်ပျော်ပါးပါး လိုက်ခဲ့တာပေါ့ဟု ပြောလိုက် ပါသည်။
ဤတွင် လူရုံတော် မန်နေဂျာပြန်ဆင်းသွားပါသည်။ ကျမလက်ထဲ၌ ဖေါက်မည့် ဆဲဆဲ ကိုင်ထားသော လက်ကျန် စာအိတ်တလုံးကို ၀တ်ကြေ၀တ်ကုန် ဖေါက်၍ ဖတ်လိုက် ပါသည်။ စာဆုံးသွားသော အခါ ကျမအဘို့ အလွန်မြင့်သော တောင်ထိပ် မှ နက်လှသော ချောက်ကမ္ဘား အတွင်း လိမ့်ကျသွားရသလို တုန်လှုပ် ရင်ဖို ၍သွားသည်။ ခေါင်းနဘန်းကြီးလာပြီး မျက်လုံးတွေ ပြာသွားသည်။ တသက်နှင့် တကိုယ် ဘယ်အခါကမှ မမျှော်လင့်ခဲ့ဘူးသော သတင်းဆိုးကြီး၊ ယခုကဲ့သို့ မွန်မြတ်နေသော အချိန် အခါမျိုးနှင့် မအပ်စပ်ဆုံး သော အဖြစ်မျိုးကြီးဖြစ်ပါသည်။
ကျမက အထင်ကြီးလာခဲ့သမျှ၊ ပြဒါးတလမ်း သံတလမ်း ကိစ္စမျိုး ဖြစ်နေရုံမက၊ အရွယ်လွန်ကာမှ ဤကဲ့သို့ ပြုမူခြင်း သည် လူကြီးမပီ၊ ဂုဏ်သိက္ခာနှင့်မညီလေးခြင်းဟု ယူကြုံးမရ ဖြစ်သွားရပါသည်။
ငယ်ရွယ်စဉ် က ဆိုလျှင်ရမ်းပုံမီးကျ ဒေါသအိုး ကွဲတေ့မည်။ ယခုအခါ အရွယ် ကလည်းမငယ် ဒါန သီလ တွေကို ရင်ဝယ်ပိုက်နေ သူလည်းဖြစ်သည်။ စိတ်၏ လှုပ်ရှားမှုဒဏ်ကို မခံနိုင်သော ခံနိုင်ရည် မရှိသော သွေးတိုး ရောဂါ သယ်လည်း ဖြစ်နေသည်။ ရောဂါစိတ် တည်ငြိမ်မှုနှင့် ညှိ၍ ကုမှသက်သာ ရာရကြောင်းကို ကောင်းစွာ သိရှိခဲ့ခြင်း ကြောင့်လည်း ဒေါမနဿ မီးတောက်ကို ဟုန်ကနဲ မတောက် လာစေရန် သတိ တမန် ဥာဏ်မြေ ကထုတ် လုပ်နေသည်။
အထူးသဖြင့် သည်လောက် ကောင်းရာ မွန်ရာရောက်နေသော ဒုလ္လံဘရဟန်း ဘ၀တွင်မှ သည် အရှုပ် ဇာတ်ထုတ် ကြီးကဘာပြုလို့ အစပေါ် လာရပါသနည်း။ သင်္ကန်းမဆီးခင် ကသာ ပေါ်လာမည်ဆိုလျှင် ဤပြဿနာ ကို စိတ်ရှိလက်ရှိ ဖြေရှင်း လိုက်မည်သာ၊ ယခု ဘုရားအရေခြုံ မိနေသော အခါတွင် မျက်နှာ ရင်ဆိုင် ဘယ်လိုဖြေရှင်း ရမည်ဟု မတွေး တတ်တော့ပြီ အလွန်ကြည်လင် နေသော ရေကို တမဟုတ်ခြင်း နှောက်မွေ ပစ်လိုက် သကဲ့သို့ ဖြစ်သွား ရပါသည်။
ထိပ်ဆုံးရောက်မှ ဘုံးဘုံးကျတဲ့ဘဝ
အမြင့်မြတ်ဆုံး ဘ၀ရောက်ခါမှ ဘ၀သိက္ခာကျ ဆုံးရလေခြင်းဟု နှမြောတသ ယူကြုံးမရလည်း ဖြစ်မိသည်။ စာပါ သဘောအရတော့ လှေနံဒါးထစ် ကွင်းကွင်း, ကွက်ကွက် မှန်နေပါသည်။ သို့ရာတွင် ဟုတ်ချင်မှ ဟုတ်ပါမည်။ မလို၍ ပစ်စာ သဘောနှင့် ဂုံးချောင်ဒါမျိုးလည်း ဖြစ်ချင်ဖြစ် မည်။ ယခင့်ယခင်က ဤစာသွား အဓိပ္ပါယ်မျိုး မပါသော်လည်း ပုဂ္ဂိုလ်စွဲ မလိုမုန်းတီးမှုကြောင့် ဗလာဆဲသော စာမျိုးများ တခါတရံ ရောက်လာဘူး သည်တို့ကို သွား၍ သတိရလာပါသည်။ သို့ကြောင့် စာပါအတိုင်း လူအမည် နေအိမ်နံပါတ် နှင့် လမ်းအမည် များ စာတွင်ပါသည့် အတိုင်း သိရှိရန်စုံစမ်း လိုက်သောအခါ လက်ပူးလက်ကြပ်ကြီး တွေ့ရ ပါတော့သည်။
သို့ စုံးစမ်သည်ဟု ဆိုရာမှာလည်း အတော်ကြီး အခက်အခဲ တွေ့ရပါသည်။ ကျမ၏ ဒရိုင်ဘာက အစ ရင်းနှီးသော တိုက်သားတွေ အားလုံးသိနေသော ကိစ္စများ ဖြစ်သည်။ တညီတညွတ် တည်း ဖုံးဖိ ထားကြသော လျှို့ဝှက်မှု ဖြစ်သည်ဟု စာပါ အတိုင်း သိနေရသောကြောင့် ကျမ၏ စုံစမ်းမှုကို တိုက်ရှိ လူတွေ မသိအောင် ပိပိစီးစီး လုပ်ရပါသည်။ စုံးစမ်းသည်ဟု ရိပ်စားသည်နှင့် တပြိုင်နက် အကွက်လှည့် ပစ်လိုက် ကြတော့မည်ဟု ကြိုတင်ရိပ်မိပါသည်။
စုံစမ်း၍ မျက်မြင်တွေ့ရှိသိမြင် ရသောအခါမှာလည်း ပစ်စာ၊ သတိပေးစာထည်းမှာ ပါရှိသော ညွှန်ပြ ချက်အရ တနေရာထည်း တဦးတယောက်ထည်း ကို စုံးစမ်းရာတွင် အခြား နှစ်ဋ္ဌာနသုံးဋ္ဌာန ကိုပါ အဆစ် ပါလာသလို ပိုပိုမိုမို တွေ့မြင် ကြားသိရပြန်ပါသည်။ သတိပြုဖွယ် ကောင်းသည်မှာ အရွယ်လွန်မှာ အရွယ်လွန်မှ မစောင့်စည်း နိုင်လောက်အောင် ကာမစိတ် ယိုဖိတ် သောင်းကျန်း လွန်းလာ၍ သန့်သန့် ရှင်းရှင်း အရှုပ် အထွေး ကင်းသည့် အထဲမှ ဆိုပါက ထူးဆန်းလှသော ကိစ္စမျိုး မဟုတ်ပါ။
ဂုဏ်သိက္ခာ ကိုငဲ့ ညှာပြီးသိုသိုသိပ်သိပ် နေကြသော ခေါင်းဖြူစွပ်ကျိုး လူကြီးလူကောင်း တွေ အများအပြား ရှိကြသည် ကိုလည်း ကြားသိဘူးပါသည်။ အဆန်းမဟုတ်သော ကိစ္စမျိုးဖြစ်ပါ သည်။ ယခုအဖြစ်က အမြင့်ဆုံး နေရာသို့ရောက်နေရာမှာ ဂုဏ်သိက္ခာကို အကျနာစေကာ မရှင်းမလင်း တွေချည်း ဖြစ်နေသည် ကို သိရသောကြောင့် သူ့အစားယူကြုံးမရ ဖြစ်သွားမိ ပါသည်။
သူ၏ ပတ်ဝန်းကျင်တွင် ကပ်မြှောင်ညာဝါး စားနေသူများသည် ကျမမသိအောင် ဖုံးဖိမြှောက်ပင့် ပေးနေကြမည့် အစား ကိုယ့်ဆရာသမား၏ ဂုဏ်သိက္ခာ အကျမနာစေရန် တိုးတိုး, တိတ်တိတ် ကြိတ် ၍ သတိပေးကြလျှင် ဤမျှများပြားသော မကောင်းမှုတွေကို တခုပြီးတခု ဆက်ခါတိုင်း ၀င်နေမိ သည် မဟုတ်ပါ။ ၀တ္တရားက သူတို့ကိုယ်တိုင်ပြော၍ မနိုင်လျှင် ကျမအား သတိပေးရမည့် တာဝန်ရှိ တွေ အမျိုးမျိုး ခိုဝင် ခံစားနေရပါလျက် တဖက်သတ် ဖုံးဖိမြှောက်ပင့် အားပေးနေခြင်းမှာ ကိုယ်မှီရာ သစ်ပင်ကြီးကို ကိုယ်သာ ဖျက်ဆီးတတ်သော နွယ်ပင်များ နှင့် အလားတူ၍ နေပါသည်။
နွယ်ပင်များ သည် အမှီမရှိလျှင် မကြီးပွါးနိုင်သော ဓမ္မတာအရ သစ်ပင်ကြီးများကို၎င်း၊ ချုံကြီးများ ကို၎င်း၊ ပေါင်းယှက် နွယ်တက်မှီခိုလျက် သူတို့အသက်ရှင် ရေးကို ကြိုးစားကြသည်။ သို့သော်နွယ် ပင်တွေ အများ အပြား အုပ်ဆိုင်းနွယ်ယှက် ခြင်းခံရသော သစ်ပင်ကြီးများမှာတော့ တဖြည်းဖြည်း လုံးပါး, ပါး၍ မစွမ်းမသန် နိုင်သော ဘ၀ရောက်ပြီး နောက်ဆုံး၌ ဘုံးဘုံးလဲကျ ပျက်စီး သွားရသော ဥပမာအတိုင်းပင် ဖြစ်ပါသည်။ သီပေါမင်း နန်းကျသည့် ပါတော်မှုကိစ္စ၌ အလွန်မကျေချမ်းနိုင်ရှာ သော ဆီးပနီးဆရာတော် ဘုရားကြီး သည် (မှုးကြီး- မတ်ငယ်၊ မာလောနွယ်တို့၊ ကိုယ့်မှီရာကို ဖျက်ဆီးလို၍) စသဖြင့် စပ်ဆိုတော်မူခဲ့သည်။ စင်စစ် သီပေါမင်း ကိစ္စမှာ မူးကြီး မတ်ရာတို့ အပြစ်ချည်းမဟုတ်ပဲ နယ်ချဲ့ကျားကဆွဲတော့မည့် ဆဲဆဲ တိုင်းပြည် ပျက်လုဆဲဆဲ၊ ထီးနန်းတိုင်က ယိုင်လုဆဲဆဲ၊ လှေကွဲစီးနေရရှာသော ကံဆိုးမိုးမှောင် ဒါးစာခံ ဘုရင်တပါး မျှသာ ဖြစ်ရှာပါသည်။
သည် ဖြစ်ရပ်မှာ ဤကဲသို့မဟုတ်ပါပဲအလွန် ခိုင်မြဲတောင့်တင်း နေသော စီးပွားရေး အခြေအနေ ပေါ်တွင် မှီလျက် လက်သတ်မွေးတပည့် တပန်း၊ မြှောက်စား၊ ချူစား၊ ကပ်ပေါင်း၊ ညာစား တွန်းပို့ ဆွဲခေါ်ရာသို့ လိုက်ပါခဲ့သည်။ည သို့သော် လူတွင်ပါ၍ နွားကျားကိုက် ထာလည်း ဖြစ်ပါသည်။ စီးပွားရေး တောင့်တင်း လာသူများသည် ခံနိုင်ရည်ရှိမည့် စိတ်ဓါတ်ပြည့်ဝစွာ လေံလာသုံးသပ် နိုင်မှုက အရေးအကြီးဆုံးဖြစ်ပါသည်။
အများအားဖြင့် ဆင်းရဲရာမှာ ချမ်းသာကြွယ်ဝခြင်း မကြုံဘူးပဲ ချမ်းသာကြွယ်ဝလာသူများသည် အပြင်လူက သုံးသပ် ဆင်ခြင်ကြည့်မည် ဆိုလျှင် အများအားဖြင့် လူလိမ်လူညာတို့ လှည့်စားခြင်းအမျိုးမျိုးခံရပြီး ပစ္စည်းဥစ္စာ ဆုံးရှံးနစ်နာမှုနှင့် ရင်ဆိုင်ကြရမြဲ ဖြစ်သည်ကိုတွေ့ရမြဲ ဖြစ်ပါသည်။ ရှေးခေတ်ကဆိုလျှင်လည်း ရှေးခေတ် အလျောက် ပစ္စည်းရှိနေသူ များထံမှောက်သို့ အဂ္ဂိယတ်၊ ဘုမ္မံပစ္စည်းရှိနေသူများ ထံမှောက်သို့ အဂ္ဂိယတ်၊ ဘုမ္မံယတ်ဆေးများ လာရောက်သွေးဆောင်ပြီး မွဲဆေးကြီးဖေါ်ပေးတတ်သည်။ သို့ကြောင့် အဂ္ဂိယတ် ဆရာထွက် ၀င်နေသော အိမ်ဆိုလျှင် ဖွတ်တက်ပြီဟုပင် ဆိုစမှတ်ပြုကြသည်။
ယခု ခေတ်သစ်မှာလည်း ငွေယားကလေးများ ရှိသော သူတို့ကို ရုပ်ရှင်ကုမ္မဏီထောင်ဖို့ ပြဇာတ်ထောင်ဖို့ စသဖြင့် သွေးဆောင်သူတွေ ရှိတက်ပါသည်။ ခေတ်ဟောင်းဆီကို ပြည်ကြည့်မည် ဆိုလျှင် ရုပ်ရှင်ထောင်၍ တက်တက် ပြောင်မွဲ သွားသူတွေ၏ စာရင်း ပေါ်လာပါမည်။ အခြားအလားတူ ကိစ္စမျိုး တွေလည်း တပုံ တထွေးကြီးပင်။
ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မရ ဆက်ရန်

.
2 comments:
ဗဟုသုတ ရစရာလေးတွေရေးထားတာ အလွန်ပဲ ကျေနပ်မိပါတယ်။ ဆက်လက်အားပေးနေပါ့မယ်နော်။
အများအားဖြင့် ဆင်းရဲရာမှာ ချမ်းသာကြွယ်ဝခြင်း မကြုံဘူးပဲ ချမ်းသာကြွယ်ဝလာသူများသည် အပြင်လူက သုံးသပ် ဆင်ခြင်ကြည့်မည် ဆိုလျှင် အများအားဖြင့် လူလိမ်လူညာတို့ လှည့်စားခြင်းအမျိုးမျိုးခံရပြီး ပစ္စည်းဥစ္စာ ဆုံးရှံးနစ်နာမှုနှင့် ရင်ဆိုင်ကြရမြဲ ဖြစ်သည်ကိုတွေ့ရမြဲ ဖြစ်ပါသည်။
agree.
She is pity.Man is wicked. i wanna know what happen in the last.
MN
Post a Comment