Friday, March 26, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၀)

ခြောက်

ဤမြေကွက်ကလေးကို စိုးပိုင်လာခြင်းမှာ ၀မ်လန်းအား ကြီးစွာသော တဖြစ်လဲခြင်းကို ဖြစ်စေလေ ၏။
တူးမြှုပ်ထားသော ငွေကလေးကို ဖေါ်၍ အိမ်ကြီးသို့ သွားရောက်ပြီး လယ်ပိုင်ရှင်ကြီးနှင့် တန်းတူ ပြောဆို ပြီးစီး သွားခဲ့သောအခါ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်နေလေ၏။ ပဌမက ငွေအပြည့် ရှိခဲ့သော မြေတွင်း ကလေးသည် ယခုအခါ တက်တက်ပြောင် ဟာလာဟင်း ဖြစ်နေပြီကို တွေးမိသောအခါ ငွေပြန်လိုချင်စိတ် ပေါ်လာ လေ၏။

အဆုံး တွင် မိမိဝယ်ယူလိုက်သော လယ်မှာ ကာလအတန်ကြာ ပင် လုပ်ကိုင်ပင်ပန်းနေရဦးမည့် ဖြစ်၏။ "အိုလင်" ပြောသည့်အတိုင်းလည်း ထိုလယ်မှာ "တလိုင်" (တမိုင်၏ သုံးပုံတပုံခန့်) ကျော်ကျော်ပင် ဝေးကွာ လှပေသည်၊ ထိုလယ်ကို ၀ယ်ယူလိုက်ခြင်းဖြင့် လည်း မိမိမူလက အထင်ရောက်သလို ဂုဏ်တွေ ပါဝါတွေ ပကာသနတွေ တိုးတက်၍မလာပေ။

၎င်းသည် ထိုအိမ်ကြီး သို့ စောစောစီးစီး ရောက်သွားခဲ့၏။ လယ်ပိုင်ရှင် အဘိုးကြီးပင် အိပ်ရာမှ မနိုး သေးပေ။ နေအတော် မြင့်ပြီးကား မှန်၏ မည်သို့ပင်ဖြစ်စေ ၎င်းက စွာကျယ်ကျယ် ရှိလသောအသံ ဖြင့် -
"ကျုပ်အရေးကြီး တဲ့ကိစ္စနဲ့ လာတဲ့အကြောင်း သခင်ကြီးကို သွားပြောစမ်းပါ။ ငွေရေးကြေးရေး ကိစ္စလို့ပြော" ဟု ခိုင်းသည့် အခါ တံခါးစောင့်က -
"ကမ္ဘာကြီး တခုလုံးမှာ ရှိတဲ့ ပိုက်ဆံတွေ လာပေးတောင် ဒီကျားအိုကြီးတော့ သွားမနှိုးဘူးမောင်ရေ့၊ အဘိုးကြီး က မြားသစ်ကလေးနဲ့ မွေ့နေတာဆရာ၊ နံမယ်က "မက်မုံးပွင့် တဲ့ ရထာကမှ ၃ ရက်ထဲရှိ သေးတာ ကျုပ်အသက် က သူ့သွားနှိုးရမှာထက် အဘိုးတန်တယ်ကိုယ့်လူ" တောင်းပန်မရတော့ သကဲ့သို့ ပြောရာ မှ မင်းမွေးများကို လက်နှင့်ဆွဲရင်း။

"ငွေနဲ့နှိုးလို့ များလဲရလိမ့်မယ် မထင်နဲ့မောင် အဘိုးကြီးက လက်ထဲ ငွေစုပ်ပြီး မွေးလာ တဲ့လူ" ဟု ၀မ်လန်း ၏  စကားကို အငြိုး နှင့် လက်တုံချေသလိုလို ဆက်လက်ပြောဆိုလေ၏။
နောက်ဆုံးတွင် ၀မ်လန်းမှာ မိမိ၏ကိစ္စကို အဘိုးကြီး၏ကိုယ်စားလှယ်နှင့် စကားပြောရလေ ၏၊ ထိုသူမှာ စကား ပြောရာတွင် ချွဲချွဲပြစ်ပြစ်နှင့် အစောင်းကလေး အချိတ်ကလေးပါမှ ပြောတတ် သော လူညစ်ပတ် လူရှုတ်ပွေ တဦးဖြစ်လျှက် ၎င်း၏လက်များသည် ငွေအမြောက်အမြား ကိုင်တွယ်ရဖန် များလွန်းပြီးဖြစ်၍ ငွေစီး နေလေ၏။ သို့ဖြစ်လေရာ၊ ၀မ်လန်းစိတ်ထဲ၌ တခါတခါ "သြော်… လက်စသပ်တော့ ငွေဟာ လယ်ထက် တောင်သာပီး အဘိုးတန်ပါလား၊ ငွေကမှ ပြောင်ပြောင်လက်လက် မြင်ရသေးတယ်" ဟု အောက်မေ့ မိပေ၏။

ဤသို့ဖြင့် နောက်ဆုံးတွင် ထိုလယ်ကလေးကို ပိုင်ခဲ့လေ၏။
မိုဃ်းသား တွေက တလိပ်လိပ်နှင့် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့ဖြစ်နေသော နေ့တနေ့တွင် ၀မ်လန်း သည် လယ်သစ်ကလေးကို အကြည့်အရှုထွက်ခဲ့လေ၏ ထိုအခါကား၊ နှစ်ကူးပြီးသည့်နောက် ဒုတိယမြောက် လတလ ဖြစ်ပေ၏။ ဤနေ့ဤရက်ရောက်လာသည်အထိ၊ ထိုလယ်ကွက် ကလေးသည် ၀မ်လန်းပိုင် လယ်ကွက် ဖြစ်နေပြီကို မည်သူ တဦးတယောက်မှ မသိရှာကြသေးပေ။

လယ်ကွက် မှာ မြို့ကိုပတ်၍ ကာရံထားသော မြို့ရိုးကို ခွေပတ်ရစ်သိုင်းလျက် ရှိသည့် ကျုံး၏ နံဘေး၌ ၄ထောင့် ရှည်လမြော ကလေးတည်ရှိ၏ ၀မ်လန်းသည် လယ်ကွက်ကို ခြေလှမ်းဖြင့် သေချာစွာ တိုင်းကြည့် သည့်အခါ အလျားအားဖြင့် ခြေလှမ်းပေါင်း ၃၀၀၊ အကျယ်အားဖြင့် ခြေလှမ်းပေါင်း ၁၂၀ရှိသည်ကို တွေ့ရ၏ လယ်ကွက်၏ ထောင့်လေးထောင့်၌ ဟွမ်၏တံဆိပ်အမှတ်အသားများ ခပ်နှိပ်ထားသော နယ်သပ် ကျောက်တိုင် လေးတိုင် စိုက်ထားပေ၏။

ထို အမှတ်အသားများကို ပြောင်းပစ်ရပေမည်။ နောင်အခါများတွင် ထိုကျောက်တိုင် ၄တိုင်ကို နှုတ်ပြစ် လျက်၊ ၄င်းတို့၏ နေရာတွင် မိမိ၏နာမည် အမှတ်အသားကို ထားရှိရပေမည်။ သို့သော် ယခု မဟုတ်သေး၊ လူများ မှာ ထိုအိမ်ကြီးမှ မိမိလယ်ဝယ်နိုင်လောက်အောင် ချမ်းသာနေသည်ကို မသိကြသေး၊ နောင်အခါ ကျမှ မိမိ ဤမျှထက် မက ချမ်းသာလာတော့မှ မိမိဘာကိုပင် လုပ်စေကာမူ၊ အမှုပြုစရာ ဂရုစိုက်ဖွယ် ဘာမျှ ရှိတော့မည် မဟုတ်ပေ၊ ထိုနေ၀ံရှည်လျားသော လယ်ကွက်ကိုကြည့်ရင်း "အင်း-ဒီ လက်တဆုပ်စာ လောက် ရှိတဲ့ မြေကွက်ကလေးဟာ သူတို့အဘို့တော့ ဘယ်လောက်မှ မရှိပေမဲ့၊ ငါ့အတွက်တော့ နည်းတာ မဟုတ်ဘူးနော်"ဟု အောက်မေ့မိပြန်လေ၏။

ထိုအခါ စိတ်တမျိုး ပြောင်းသွားပြန်လျက်၊ ဤမျှလောက် သေးငယ်သော လယ်ကွက်ကလေးကို ပိုင်ဆိုင် လာရခြင်း အတွက်ပင် ကျေနပ်ရောင့်ရဲသလို ဖြစ်လာပြန်လေ၏။ ဤသို့ ရုတ်တရက် စိတ်တမျိုး ပြောင်းလာမိခြင်း မှာလည်း ထိုလယ်ကွက်ကလေးအတွက်၊ သူဋ္ဌေးကိုယ်စားလှယ် အား ငွေစ တွေကို ခတ်ကြွားကြွား သွန်ချပေးရင်း၊ ငွေချေမိစဉ်က ထိုသူကငွေများကို ဘယ်လောက်မျှ သဘော မထားသည့် အမူအရာ ဖြင့် လှမ်းယူရင်း။"

"အင်း ဘာဘဲဖြစ်ဖြစ်လေ၊ အမယ်ကြီး ဘိန်း၂-ရက် ၃-ရက် ရှူဘို့တော့ ရတာဘဲ"ဟု ပြန်ပြောခဲ့ခြင်း မှ အစ ဖြစ်ခဲ့၏။
၎င်းပြင်လည်း မိမိ နှင့် အဆိုပါ အိမ်ကြီး၏ အဆင့်အတန်း အနေအစားချင်း မှာ၊ မိမိရှေ့တွင်ရှိ သော ဤ ရေတွေ ဘောင်းလန် နေသည့် ကျုံးမှ ထိုအထက် ဝေဟင်သို့ မားမားမတ်မတ် ထိုးထိုး ထောင်ထောင် တမျှော်တခေါ်ကြီး ထောင်တက်နေသည့် မြို့ရိုးကြီးကို ရောက်ဘို့ရန် ခဲခက်-ကွာလှမ်း နေဘိသကဲ့သို့ စပ်ကြား တွင် အပြောကျယ်စွာပင် ခြားနား လှမ်းကွာ နေပြန်ကြောင်း ကို ရိပ်မိ သိရှိနားလည် လာပြန် လေ၏။

သို့ဖြစ်လေရာ နှလုံးသည်းပွတ် ထဲ၌ ဒေါသထွက်ထွက် ခံပြင်းပြင်း နှင့် ဆုံးဖြတ်ချက်တခု ကို ချမှတ်ပြီး ဖြစ်သွားလျက် ဟွမ်ထံတွင် ယခု မိမိမြင်နေရသော လယ်ကွက်ကလေးထက်ပင် ပို၍ သေးငယ်သွားသည့် လယ်ကလေး တကွက်မျှသာ ကျန်တော့သော အခြေသို့ရောက်သွားသည်အထိ ၄င်း ထံမှ လယ်တွေကို ၀ယ်ယူ နိုင်လောက်အောင် မိမိ၏ မြေတွင်းကလေးထဲသို့ ငွေစတွေ ဖြည့်ပီးရင်း ထပ်ထပ်ဖြည့်သွားရင်းဖြင့် သာ ငွေစုတော့အံ့ဟု စိတ်ပိုင်းဖြတ် လိုက်လေ၏။

သို့ဖြစ်လေရာ- ဤလယ်ကွက်ကလေးမှာ ၀မ်လန်းအဘို့ အမှတ်သညာတခု အထိမ်းအမှတ် သစ္စာမူရာတခု ဖြစ်ခဲ့ပေ တော့သတည်း။
မိုဃ်းသား တိမ်လိပ်တွေက အလိပ်လိပ် မိုဃ်း သက်လေပြင်းက တမြူးမြူးနှင့် မိုဃ်းဦး ကျလာလေ၏ ဆောင်းတွင်း တရာသီလုံး အပျင်းဆန့်နေခဲ့သော ၀မ်လန်းမှာ လယ်အတွက် နေ့စဥ့်ရက်ဆက် အလုပ်ကြမ်း ပိလေတော့၏ အဘိုးကြီးက မြေးကလေးကို ထိန်း၏။ သူငယ်မက ၀မ်လန်းနှင့်အတူ နေထွက်ကနေ၀င် လယ်သို့ ဆင်းရ၏။ တနေ့တါင် သူငယ်မတွင် ခလေးရှိနေပြန်ပြီကို ၀မ်လန်းတွေ့ရလျှင် စပါး ရိတ်သိမ်းချိန် ၌ ဇနီးသယ် အလုပ်ခွင် ဆင်းနိုင်တော့မည် မဟုတ် ဟု စိတ်နောက်ကျိသွားလေ၏။

"မင်းဟာက ဒီအချိန် သက်သက်ရွေးထားသလိုဘဲ မဟုတ်ဘူးလား…"ဟု မောမောနှင့် အော်မေး လိုက်လေ ၏....။
"ဒီတခါတော့ ကိစ္စမရှိပါဘူး၊ ပဋ္ဌမမွေးတဲ့ ခလေးသာ နဲနဲခက်တာ…"ဟု သူငယ်မက အရှော့ မပေးဘဲ ပြန်ပြော လေ၏။
ထို့နောက်ကား-ဤကိစ္စနဲ့ စပ်လျဉ်း၍ နောက်ထပ်ဘာမျှ ပြောဆိုခြင်း မပြုတော့ဘဲ နေခဲ့ရာမှ၊ အချိန်လည်း တဖြေးဖြေး ရွေ့လျားလာခဲ့လျက် နွေဘက် သို့ ရောက်လာခဲ့သည်တွင် တခုသော နံနက်၌ သူငယ်မသည် ပေါက်ပြား ကို ပစ်ချခဲ့ပြီး၊ အိမ်သို့ လေးဘက်ထောက် ပြန်သွားလေ၏။ ထိုနေရာမှာ မိုဃ်းတွေက တဂျိမ်းဂျိမ်း ထစ်ချုန်းမြည်ဟီးရင်း ရွာတော့မည်လို ဖြစ်နေသည်က တကြောင်း၊ စပါးပင် တွေမှာလည်း မှဲ့ဝင်း သော အသီးတွေပြွတ်လျက်၊ အပင်ချင်း ယှက်လိမ်နေကြပြီဖြစ်သည် တကြောင်းကြောင့်၊ ၀မ်လမ်းမှာ နံနက်စာ စားရန်ပင် အိမ်မပြန်ဘဲ နေလေ၏။

သို့နေရင်း အတန်ကြာ သောအခါ နေမှမ၀င်မှီပင် သူငယ်မသည် လယ်ထဲသို့ ပြန်ရောက်လာလေ၏ သူ၏ ကိုယ်သည် ပြားချပ် ပိန်လှီ ထကိုယ်ရည်တကာယဖြစ်ခဲ့ပြီဖြစ်၏ ခလေးငယ်ကို ဖွားမြင်ထားခဲ့ပြီဖြစ်၏။ သို့သော် သူငယ်မ၏ မျက်နှာကား အကြောက်အရွံ့ဆို၍ မြူချေမျှ မသန်း ငြိမ်သက်လှ ဘိ၏။
ဝမ်လန်း၏ စိတ်ထဲ၌ ဒီနေ့အဘို့တော့ တော်ပါတော့ကွာ သွား-သွား-အိပ်ရာထဲမှာသား လဲနေချေ..ဟု ပြောလိုက် ချင်၏။ သို့သော် တကိုယ်လုံး ပင်ပန်းလှခြင်းဖြင့် ညောင်းညာ ကိုက်ခဲ နေခြင်းကစိတ်ကို ညှာတာ သနားစိတ် မပူးကပ်၊ မခိုအောင်း စေဘဲ ငါလဲ သူခလေးမွေးရတာလောက် ဘဲ ပင်ပန်းရတာဘဲ" ဟု တကိုယ်တည်း ပြောရင်း၊ စပါးရိတ်မျှ မပျက်။

"ယောက်ျား ကလေးလား-မိန်းခလေးလား"ဟု မေးလိုက်လေ၏။
"ယောကျာ်း ကလေးဘဲ"ဟု သူငယ်မက ဧဧလူလူပင် ပြန်၍ ဖြေဆိုလိုက်လေသည်။
ထို့နောက် နှစ်ယောက်သား ဘာစကားမျှ ဆက်မပြောဘဲ ငြိမ်သက်သွားကြလေ၏။ သို့သော် ၀မ်လန်းကား ကျေနပ်၍ သွားလေ၏။ အဆက်မပြတ် ကုန်းရင်း အလုပ်လုပ်နေရခြင်းပင် အမော ပြေသလိုဖြစ်သွားလျက် ပန်းနုရောင် ပြေးနေသော တိမ်တိုက်တွေ အစွယ်တွင် လ၀န်း ပေါ်ထွက်လာသည့် အထိ ဆက်လက် အလုပ်လုပ် နေကြပြီးနောက် အိမ်ပြန်ခဲ့ကြလေ၏။

ထမင်း ဘာညာ စားသောက်ပြီး၍ ကိုယ်လက်သန့်စင် ပြီးနောက် ရေနွေးကြမ်း ကလေးများပါ သောက်ပြီး သည့်အခါ ၀မ်လန်းသည် ခလေးကိုသွားကြည့်လေ၏။ အိုလင်သည် ထမင်းဟင်းချက်ပြုတ်ပေးခဲ့ပြီးနောက်၊ ခလေးကို ဘေးတွင်သိပ်လျက်၊ အိပ်ရာထဲတွင် လဲလျောင်းကာ နေလေ၏ ခလေးကား ၀၀တုတ်တုတ်နှင့် ချစ်စရာ ကောင်းလှ၏ ပထမခလေး လောက်ကား မထွားပေ။
ဝမ်လန်းသည် ခလေးကိုကြည့်ပြီးနောက် အလယ်ခန်းသို့ ပြန်ထွက်ခဲ့ကာ နှစ်သိမ့်ကျေနပ် ၍ နေလေ၏။ ခလေး တယောက်ပြီးတယောက် တနှစ်တသားကျ မွေးနေသည်ဖြစ်၍ ခလေးမွေးတိုင်း ဘဲဥတွေ မ၀ယ်နိုင်တော့ သားဦးကလေး အတွက်၊ ဘဲဥအလှူလုပ်ပြီးလျှင် တော်လောက်ပေပြီ၊ သားတွေသာ မွေးသဖြင့်၊ အိမ်မှာ လာတ်သပ်ပန္နာ ရွှင်၍ နေပေပြီ။ ထိုမိန်းမကား သူ့အတွက် လာဘ်ကောင်း ရတနာ ကိုသာ ပေးဆောင်ခဲ့၏။

"ကိုင်း-အဘရေ-မြေးသစ်တယောက် တိုးလာတော့၊ မြေးကြီးကို အဘအိပ်ရာထဲဘဲ ပို့ရတော့မယ်"ဟု ဘခင်ကြီး အား ဟစ်အော် အကြောင်းကြား လိုက်လေ၏။
အဘိုးကြီး မှာလည်း အားရနေလေ၏ ကာလကြာမြင့်စွာကပင်၊ မြေးအကြီးအား သူ့ကိုယ်ငွေ့ သူ့သွေးနု သူ့သားနု ကလေးဖြင့် မိမိ၏ ဆွေးမြေ့ ရင့်ရော်နေပြီဖြစ်သော ချမ်းစိမ့်ခိုက်တုန်နေသည့် အဘိုးကြီးအို ခန္ဓာကိုယ်ကြီး ကို နွေးအောင် အိပ်ရာထဲ ခေါ်သိပ်လို၏။ သို့သော်-ကလေးကား မိခင်နှင့်မခွဲနိုင်ပေ၊ ယခုမူ ခလေး မှာ မက်တပ်မရပ်နိုင်-ရပ်နိုင်အားမရှိ သေးသည့် ခြေနုကလေးများဖြင့် မိခင်နံဘေးတွင် ရပ်ရင်း နောက်ထပ် တိုးလာသည့် ခလေးအသစ်ကို အထူးအဆန်း သဖွယ် စိုက်ကြည့်နေလေ၏ ထို့နောက် မိမိ နေရာကို တစိမ်းတယောက် ၀င်နေပြီဖြစ်ကြောင်းကို ရိပ်မိ သိရှိနားလည် သွားသည့်အလား၊ အဘိုးအေ အိပ်ရာသို့ မငြင်းမဆန် မကြောက်မကန် လိုက်ပါ သွားရှာလေ၏။

သို့ဖြင့်-ထိုနှစ် အတွက် ၀မ်လန်းမှာ အမြတ်အစွန်းကောင်းကောင်းရရှိပြန်ကာ၊ ရသမျှပိုက်ဆံကို တွင်းတူး၍ မြှုပ်နှံ ထားလိုက်ပြန်၏ ဟွမ်ထံမှ ၀ယ်ယူသော လယ်မှ ထွက်သည့် စပါးကား၊ သူ့ မူလလယ်မှ ထွက်သည့် စပါး ထက်ပင် နှစ်ဆတိုး၍ ရလေ၏။ မြေသြဇာလည်း ကောင်းမွန် ထက်သန်ရကား စပါးတို့မှာ မလိုသည့် နေရာတွင် နှုတ်မနိုင်အောင် ပေါက်ကြသည့် မြက်ပင် ကိုင်းပင်တွေလို အဆမတန် ပေါက်ကြ ရှင်ကြကုန်၏ သို့ဖြင့် တရွာလုံးက ၀မ်လန်း ပိုင်ဆိုင်ကြောင်း သိလာကြကာ ၄င်းအား ရွာသူကြီး ခန့်ဘို့ရန်ပင် တိုင်ပင်စ ပြုထားကြ လေ တော့သတည်း။

ဆက်ရန်
.

No comments: