Tuesday, March 23, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၇)

တခါတရံ လက်ထဲတွင် မြေစိုင်ခဲများ ညှိရင်းက သူငယ်မအကြောင်းကို စိတ်ရောက်သွားမိလေ၏၊ "သူ ဟိုအိမ်ကြီး က အဆောင်တွေ တရာကျော်ထဲမှာဘယ်လို ဟာတွေများတွေ့ကြုံပါလိမ့်၊ ငါနဲ့အတူတူ မနေရခင်တုံးက သူ့ဘ၀ဟာ ဘယ်လိုဘ၀မျိုး ဖြစ်နေပါလိမ့်" ဟု တွေးတောနေမိလေ၏၊ တွေးလေ ဝေးလေသာ ဖြစ်နေ၏ ထိုနောက်ကား ရွပိုးထိုးနေသော သိခြင်စိတ်နှင့် သူငယ်မအပေါ် စိတ်ဝင်စား နေမိခြင်းများကို ကိုယ့်လိပ်ပြာကို ကိုယ်ရှက်၍ လာလေ၏၊ အဆုံးတွင်မူ သူငယ်မမှာ မိန်းမသား တယောက် ပင် ဖြစ်ပေတကား။

သို့သော် အလုပ်ရှုပ်လှသော အိမ်သူတယောက်၏၊ အခန်းသုံးခန်းကိုရှင်း တနေ့ ထမင်း နှစ်ကြိမ် ချက်ပြုတ် ရသော တာဝန်သည် ထိုအိမ်ကြီး၌ ကျွန်အလုပ်လုပ်ခဲ့ရ၍ နေထွက်မှ နေ၀င်အထိ မအားအလပ်ခဲ့သော သူငယ်မ အဘို့ကား ဘာလောက်မျှ မရှိပေ။

တနေ့တွင် မှည့်အက်နေပြီဖြစ်သော ဂျုံစေ့တွေကို မျိုးကြဲခြင်း၊ ပေါင်ပြားတလက်ဖြင့် ထယ်ယက် ရခြင်းတို့ဖြင့် ၀မ်လန်းမှာ ခါးတခုလုံးကို ကိုက်ခဲညောင်းညာ ပင်ပမ်းလျက်ရှိနေစဉ် ထယ်ကြောင်းပေါ်`၌ အရိပ်တခု ကျရောက် လာ၍ လှည့်ကြည့်လိုက်ရာ ပေါက်ပြားလက်ကိုထမ်း၍ ရှေ့၌ ရောက်လာသော သူငယ်မအား မြင်ပေ၏။
"အိမ်မှာ မိုးမချုပ်ခင်အထိ ဘာမှလုပ်စရာမရှိလို့" ဟု တိုင်ပင် ပြော ပြောပြီး နောက်ထပ်စကား တစုံတရာ မပြောဘဲ သူမသည် ၀မ်လန်း၏ ဘယ်ဘက်မှ ထယ်ကြောင်းကို ပေါက်ပြားဖြင့် ထွန်ယက်နေလေ၏။

နွေပေါက်စ ပူ၍ကောင်းချိန်ဖြစ်ရကား၊ နေရောင်သည် နှစ်ယောက်သားအပေါ်သို့ ခြစ်ခြစ် တောက် ကျရောက် နေလေရာ မကြာမီပင် ချွေးပေါက်တို့သည် သူငယ်မ၏ မျက်နှာမှ တပေါက်ပြီး တပေါက် ကျဆင်း လာ၏၊ ၀မ်လန်းမှာအင်္ကျီကိုယ်တုံးလုံးနှင့်ဖြစ်လျက် သူငယ်မမှာမူ ၎င်း၏ပါးလှ သောအင်္ကျီသည် ပခုန်း နှင့် ကျောပြင်`၌ချွေးရွဲကာ အသားပြင် နှင့် ကပ်၍နေလေ၏၊

နှစ်ယောက်သား စကား မပြောကြဘဲ စီးချက်ညီညီ ခြေညီညီ ချလျက် ရွေ့လျားပေါက်ဆွ၍ လာခဲ့ကြရာ တနာရီပြီး တနာရီ ကြာညောင်း မြင့်ရှည်၍ လာခဲ့လျက်၊ ၀မ်လန်းမှာ လုပ်ဖော် ဘက်ကလေး တစ်ယောက် တိုးလာ သဖြင့် မောရ ပန်းရမှန်း ပင်မသိတော့ပေ၊ ထွေထွေ ထူးထူး ဘာမျှ စိတ်မကူး မိသော်လည်း၊ ယင်းတို့ကို ထမင်းကျွေး လာခဲ့သော ဤမြေမွန်ဝသုံကြီးကို တလွားပြီးတလွာ တချပ်ပြီးတချပ် အစိုင်လိုက် အခဲလိုက် ပေါက်ဆွ ထိုးလှန် ထွန်ချက် ပန်နေကြခြင်းကိုတွေးမိရင်း၊ ဤသို့ပေါက်ဆွ တွန်းလှန် ကျင့်ချင် သလို ကျင့်သမျှ ငြိမ်ငြိမ် ကလေး ခံနေရှာသည့် သူခမြာ မြေမျက်နှာကြီးကိုပင် ကြင်နာသက်ဝင် သလိုလို သနား သလိုလို ဖြစ်လာလေ၏၊

သြဇာ ဓာတ်ဝနေသည့် မြေပွင့်တို့သည် ပေါက်လိုက်သည့် ထွန်းသွားတွင် ကား ကနဲပါလာကာ တဘက်တွင်ကျလေ၏၊ တခါတရံအုဋ္ဌ်ပဲ ကလေးများကို တူးမိလျက် ရံဖန်ရံခါသစ်စကလေးများကို ဖေါ်မိလေ၏၊ ဤကား ဘာမျှမဟုတ်သေးပေ၊ ရှေးအထက်ကျော်တရီ နှစ်ဘာဂီတွေ မရွမ်းခဲ့မီက ထိုနေရာ ထိုဋ္ဌာနတွင် လူတို့၏ ခန္ဓာကိုယ် တံဆာပုပ်တို့ကို ထူးမြှုပ်ခဲ့ကြ၏၊ ထိုနည်းတူ မိမိတို့၏အိမ်များသည်၎င်း၊ မိမိတို့၏ခန္ဓာကိုယ်များသည်၎င်း၊တနေ့တွင်မြေကြီးဘ၀သို့ပြောင်းရဦး မည်မှာမလွဲ မြေကြီးတွင်ဇာတ်သိမ်းကြမည့် အလှည့်အချိန်သည် လူတိုင်းလူတိုင်းအားဆွဲယူရန် စောင့်လင့်လျက်ရှိ၏။

နှစ်ယောက်သား ကား စကားမပြော အတူတူရွေ့လျားလျက် အတူတူထွန်ယက်လျက် ဤမြေကြီးမှာ အသီးအနှံ တွေ ဖွံဖြိုး အောင်မြင်ရေး ကို ကြိုးပမ်းလျက် ရှိနေကြသတည်း။
တောင်ရိပ် တွင် နေကွယ်၍ သွားလေလျှင် ၀မ်လန်းသည် ခါးကိုဆန့်လျက် မယားသည် အား ကြည့်လေ၏၊  သူငယ်မ ၏ မျက်နှာကား ချွေးသံတွေ ဖုတ်မြူတွေဖြင့် အလိမ်းလိမ်း ကပ်နေလေ၏ တကိုယ်လုံးမှာ မြေရောင် လို ညိုမှောင်ကာ ခွဲမရအောင် ရှိနေလေသည်၊ ချွေးတို့ဖြင့် ရွဲရွဲစိုနေသော အ၀တ်အစား တို့သည်လည်း အသား တွင် ကပ်၍နေကြလေသည်၊ သူငယ်မသည် နောက်ဆုံး ပြီးစီးခဲ့သော ထယ်ကြောင်း ကို နှေးကန်စွာ အချောသပ်လျက်ရှိ၏။

ထိုနောက် တသုံသုံ မြူးလျက်ရှိသည့် ညနေဧလေသံထဲတွင် သူငယ်မသည် မူလကထက် ပို၍ သာယာ ပြေပစ် လှသော အသံဖြင့်။
"ကျမကလေး ရှိနေပီ" ဟု တဲ့တိုးကြီး ပြောလိုက်လေ သတည်း။ ၀မ်လန်းမှာ ကျောက်ရုပ် လိုရပ်၍ နေမိလေသည်၊ ပြန်ပြောရန်လည်း ဘာစကားမျှ ရှာမတွေ့တော့ သူငယ်မသည် ထယ်ကြောင်း ထဲမှ အုဋ္ဌ်ခဲကျိုး တခုကို ကောက်ကာ  အပြင်သို့ လွင့်ပစ်လိုက်၏၊ "ဟောဒီမှာ ရှင်တို့ လဘက်ရည်" ဟု လဘက်ရည် ပေးလာစဉ်  ပြောသည့်စကားမျိုး သို့မဟုတ် "ကျမတို့ စားနိုင်ပြီ" ဟူသော စကားကို ပြောလိုက် သကဲ့သို့သူငယ်မ အဘို့တွင် ထိုစကားမှာ မထူးဆန်းလှပေ ရိုးနေသ လိုပင်ဖြစ်နေ၏၊ သို့သော် ၀မ်လန်း အဘို့မှာမူ ထိုသတင်း က မည်သို့ကလိ လိုက်သည်ကို မပြောတတ် လောက်အောင်ရှိလေ၏၊ နှလုံး သည်းပွတ် တို့သည် ကွဲအက် စုတ်ပြတ်ကြ ကုန်လျက် တခါတည်း အခုန် ရပ်သွား ဘိသကဲ့ သို့ထင်မှတ်လိုက် ရလေ၏၊ "အင်း.... ဒို့ခန္ဓာကိုယ်နဲ့ ဒို့မြေကြီး ပေါင်းစပ်ဘို့ နီးလာပကောလား" ဟု လည်း အောင်းမေ့ မိတော့၏။

၎င်းသည် ဇနီးသည်ကလေး ၏ လက်ထဲမှ ပေါက်ပြားကို လျှင်မြန်စွာ ဆွဲယူလိုက်ပြီး လည်ချောင်း ထဲတွင် တစ်ဆို့ နေသော အသံဖြင့်။
ကဲ..... တော်ကြပါစို့ကွယ် နေကုန်ပါပြီ အဘိုးကြီးလဲ ပြောကြရအောင်" ဟု ပြောဆိုကာ နှစ်ယောက်သား အိမ်ဘက် သို့ လှမ်းခဲ့ကြလေ၏၊ သူငယ်မ ကား မယားကောင်း တို့၏ထုံးစံ၊ လင့်နောက်မှ ခြောက်လှမ်း လောက် ခွာ၍ လိုက်ခဲ့လေ၏၊ အဘိုးကြီးကား ညစာအတွက် ဆာလှပြီဖြစ် သော်လည်း၊ ချွေးမ တယောက် ရနေဖြစ်၍ ယခင်ကလို ကိုယ်တိုင်ဝင် မချက်မပြုတ်တော့ဘဲ တံခါးဝမှ ရပ်စောင့်မျှော် နေလေ၏၊ စိတ်တို နေပုံ ရလျက်။

"ဒါလောက် တောင် အဆာခံ နေရအောင်က ငါအိုလှပီဟဲ့" ဟုမောင်းမဲ ဆူပွက် လေ၏၊ ၀မ်လန်းက အဘိုးကြီး အနီးမှ ဖြတ်၍ အခန်းထဲ ၀င်ရင်း။
"သူ ခလေး ရှိနေပီ" ဟု ပြောလေ၏၊ သို့ပြောရာတွင် "ဒီနေ့ အနောက်ဘက်ကွင်း တွေမှာ ကျုပ်မျိုးကြဲခဲ့ပီ" ဟူသော စကားမျိုး ပြော၍မရသလို မတုန်မလှုပ် အောင် ကြိုးစား၍ ပြောစေကာမူ ပြော၍ မရ အသံ ကို နှိမ့်၍ ခတ်တိုးတိုးပင် ပြောလိုက်သော်လည်း ၎င်း၏စိတ်ထဲ`၌ကား ခုနှစ် သံ ထွက်၍ အော်လိုက်ရဘိ သကဲ့ သို့ နူံးချိ၍ သွားလေ၏။

အဘိုးကြီး ကား မျက်လုံကလေး မှိတ်တုတ် မှိတ်တုတ် လုပ်နေရာမှ ခဏ အကြာတွင် နားရေ လယ်သွားဘိ သကဲ့သို့ ဟက်ဟက်ပက်ပက်ကြီး ဟစ်၍ ရယ်မောရင်း....
"ဟဲ့.. .ဟဲ့... ဒီလာစမ်းပါအုံးချွေးမရဲ့၊ ခုလိုဆိုရင် ဒို့အမြတ်အစွန်း ကလေးမြင်ရပြီ ဆိုပါတော့" ဟု အနီးရောက် လာသော ချွေးမအား ပြောဆိုလေ၏၊ သူငယ်မ၏ မျက်နှာကိုကား မှောင်နေသဖြင့် မမြင်ရပေ၊ သူငယ်မက " ကျမ ထမင်းချက် ချေအုံးမယ်" ဟု ပြောလေ၏။

"အေး...အေး...ထမင်း" ဟု စိတ်ပါလက်ပါပြောရင်း မီးဖိုချောင်ထဲသို့ ၀င်သွားသောချွေးမ နောက်မှ ကလေးလို ကပ်၍ လိုက်သွားလေ၏၊ မြေးတစ်ယောက် ရတော့မည့် သတင်း ကြားရစဉ်က၊ ထမင်းကို ချက်ခြင်း မေ့သွားသကဲ့သို့ပင် ထမင်းပူပူ ဟင်းပူပူ စားရတော့မည့် အကြောင်း ကြားပြန် သောအခါ မြေး အကြောင်း မေ့သွားပြန်လေ၏။
ဝမ်လန်း ကား မှောင်ကြီးမဲကြီးထဲ လက်မောင်းနှစ်ခုပေါ်ခေါင်းတင်ကာ စားပွဲဘေးခုံကလေး ပေါ်တွင် ငုတ်တုတ်ကြီး ထိုင်၍နေလေ၏။
"သူ့ အသွေး သူ့အသား ထဲမှ အသက်တချောင်း တိုးပွား ၍ လာပေတော့အံ့..."

သုံး


မျက်နှာမြင် ဘို့ရက် တဖြည်းဖြည်း နီးလာသောအခါ ဇနီးသည်ကလေးအား "ဟိုအခါကျ မင့်အကူအညီ ရအောင် တယောက်ယောက်တော့ ရှိမှဖြစ်လိမ့်မယ်၊ မိန်းမဖေါ် တယောက်လောက်"ဟု တိုင်ပင်ရာ၊ သူငယ်မ က ခေါင်းခါပြလေ၏၊ ၄င်းမှာ ညစာ ထမင်းစားပြီးဟု ပုဂံခွက်ရောက် များကို သယ်ယူနေခိုက် ဖြစ်လေ၏ အဘိုးကြီးကား အိမ်ရာဝင် သွားလေပြီ သူတို့ နှစ်ယောက်သား မှိတ်တုတ် မှိတ်တုတ် နှင့် မျက်တောင်ခတ် နေသည့် ဆီမီးခွက် ကလေး၏ မှေးမှိန်သော အလင်းရောင် တွင် ကျန်ရစ်ခဲ့ ကြလေသည်။

"ဘာ… မိန်းမဖေါ် မလိုချင်ဘူးလား ဟုတ်လား"ဟု အံ့အားသင့်၍ ထပ်မေးလိုက်လေ၏ ယခုအခါ ၀မ်းလန်းမှာ စကားပြောရသည့် အခါများတွင် လက်ဟန် ခြေဟန် နှင့် သာပြောလျက် နောက်ဆုံး မတတ်သာ တော့မှ နှုတ်မှစကားတလုံး မထွက်ချင် ထွက်ချင်ပေါ်ရသော ဇနီးသည်ကလေး၏ လက်ပြခြေပြ စကားပြော နည်းကို နားလည် ကျင့်သားရနေပြီ ဖြစ်ပေ၏။ ဇနီးသည် လက်ဟန် ခြေဟန် နှင့် ပြောသမျှ မိမိ နားမလည် တာ ဘာမျှမရှိဟု မိမိကိုယ်ကို ထင်မိ၏။

"ဒီလိုဆိုရင် ဒီအိမ်မှာ ဒို့ယောက်ျား နှစ်ယောက်ထဲနဲ့ ဂွတိုက် နေလိမ့်မယ်ကွ"ဟု ဆက်လက်ပြောကာ "ငါ့အမေ ခေါ်ခေါ် ခိုင်းဘူးတဲ့ မိန်းမတယောက်တော့ ဒီရွာမှာရှိတယ်၊ ငါတော့ ဒီကိစ္စတွေမှာ ဘာမှ နားမလည်ဘူး၊ ဟိုအိမ်ကြီး မှာကော တယောက်မှ မရှိဘူးလား၊ ဒီလာနိုင်မဲ့ မင်းနဲ့ခင်တဲ့ အစေခံကြီးကြီး ထဲကလေ"

ဇနီးသည် နေခဲ့ဘူးသည့် ထိုအိမ်ကြီးအကြောင်း စကားထဲ ထည့်ပြောမိသည်မှာ ဤအကြိမ်သည် ပဌမဆုံး အကြိမ် ဖြစ်ပေသည်။ သူငယ်မသည် ၀မ်လန်းအား တခါဘူးမျှ မကြည့်ခဲ့ဘူးသော ကြည့်ခြင်းမျိုးဖြင့် လှည့်ကြည့် လေ၏၊ ၄င်း၏မျက်နှာကလေးမှာ ဒေါသရောင်ဖြင့် လှုပ်ရှားနေပြီးလျှင် သေးငယ်သော မျက်လုံး ကလေးများသည် ပြူးကျယ်လျက် ရှိလေ၏။
"ဘာ…ဟိုအိမ်ကြီး မှာ တယောက်မှ မရှိဘူးလားလို့ မေးသလားဟုတ်လား"ဟု ပြန်၍ အော်ဟစ်လေ၏

ဝမ်လန်းသည် ဆေးထည့်နေသော ဆေးတန်ကိုချလျက် ဇနီးသယ်အား စိုက်ကြည့် လိုက်လေ၏၊ သို့သော် သူငယ်မ၏ မျက်နှာကား တခဏချင်းပင် နဂိုမျက်နှာ ကလေးအတိုင်း ပြန်ဖြစ်သွားလျက် ဘာမျှ မပြောမိသလိုလို စားပွဲ့ပေါ်မှ တူချောင်းများကို လိုက်လံကောက်ယူ သိမ်းဆည်း နေလေ၏။

"အင်း…ဖြစ်နေတဲ့ ကိစ္စက"ဟု ၀မ်လန်းမှာ အပြောင်းအလဲမြန်လှသော မျက်နှာကိုကြည့်လျက် အံ့သြခြင်း ဖြင့် ပြောလိုက်စေကာမူ၊ သူငယ်မက ခတ်မဆိတ်သာ နေလေ၏ ၀မ်လန်းက ဆက်လက်၍ "ဒို့ယောက်ျား နှစ်ယောက် က ခလေးမျက်နှာမြင်တဲ့ကိစ္စမှာ ဘာမှမတတ်နိုင်မှာ မဟုတ်ဘူး၊ ငါ့အဖေဆိုရင်လဲ မင့်အခန်း ထဲဝင်လို့ မလျော်၊ ငါဆိုရင်လဲ နွားမခလေး မွေးတာတောင် မမြင်ဘူးဘူး၊ ငါ့လက်ကြမ်းကြီး တွေ က ခလေး အသားတွေ ရှကုန်လိမ့်မယ်၊ အဲဒီတော့ မင်းဟိုကျွန်တွေခလေး အမြဲမွေးနေတဲ့ ဟိုအိမ်ကြီးက တယောက် ယောက်ကို"
သူငယ်မသည် တူတံကလေးများကို စားပွဲပေါ်၌ သပ်သပ် ကြီးစဉ်ငယ်လိုက် တင်လိုက်ကာ ၀မ်လန်းအား အတန်ကြာကြည့်ပြီးနောက်-

"ကျမဟိုအိမ်ကို သွားတဲ့အခါမှ ကျမသားကလေးလဲပါလိမ့်မယ်၊ သူ့အတွက် အင်္ကျီနီကလေးက တထည်ရယ်၊ ပန်းနီပွင့်ကလေးတွေနဲ့ ဘောင်းဘီကလေးကတခု၊ ပီးတော့ ရွှေရောင် ဘုရား ရုပ်ပွားတော် ကလေး တဆူပုံကို ဦးထုတ်ကလေးထိပ်မှာ ဇာအပ်နဲ့ ထိုးပေးပီး ဆောင်းပေးမယ်၊ နောက်ပီးတော့ ကျားပါးစပ် ဘိနပ်ကလေးတရံလဲ ၀တ်ပေးမယ်၊ ကျမလဲ ဘိနပ်သစ်တရံ၊ ပိတ်ဖဲ အင်္ကျီနက်က တထည်၊ အဲဒါတွေ ၀တ်ပီး ကျမအလုပ်လုပ်ခဲ့တဲ့ မီးဖိုထဲလဲသွားမယ်၊ ပီးအခန်းထဲမှာ ဘိန်းနဲ့မှိန်းနေတဲ့ အဖွားကြီး ဆီသွားပီး ခလေးနဲ့ ကျမကိုယ်ကို ၀င်ပြမယ်"

သူငယ်မ ထံမှ ဤမျှရှည်လျားသော စကားတန်းရှည်ကြီးကို ၀မ်လန်းသည် တခါဘူးမျှ မကြားဘူးခဲ့ချေ၊ ဤစကားတန်းရှည်ကြီးကား လမ်းခုလတ်တွင် ရပ်နားခြင်းမရှိ၊ လေးလေးနှင့် မှန်မှန်ကြီး ထွက်ပေါ်လာလျှက် မပြောမီ ကတည်းက ကြံစည်စိတ်ကူး၍ ထားရသော စကားမျိုးဖြစ်လိမ့်မည်ဟု ထင်မိလေ၏။ လယ်ထဲတွင် မိမိနံဘေး မှာ အတူတူ အလုပ်လုပ်ရင်းက ထိုအကြောင်းကို ပြောရန် ကြံစည်စိတ်ကူး နေဟန်တူ၏ မည်မျှ အံ့သြဘွယ် ကောင်းသော မိန်းမပေနည်း။

နေထွက်မှနေ၀င် ဝေယျာဝစ္စမှန်သမျှ တိတ်တိတ်ဆိတ်ဆိတ်နှင့် လုပ်ကိုင်နေသော သူငယ်မမှာ ခလေး အကြောင်းကို စဉ်းစားနေနိုင်လိမ့်မည်မဟုတ်ဟု အောက်မေ့မိ၏ ယခုမူ ခလေးငယ် လူ့လောကထဲသို့ ရောက်မလာ သေးခင်ကပင် သူငယ်မမှာ သူ့ကိုယ်သူ အင်္ကျီသစ်နှင့် မိခင်အအဖြစ် သူ့ခလေးကိုလည်း အ၀တ် အစားကလေးတွေ စိတ်ကူးနှင့် ဆင်ပေးထားပြီးသားနှင့် ယခုကတည်းက ကွက်ကျော် ခြေလှမ်း မြင်ပြီး ဖြစ်နေလေပြီ။

ဝမ်လန်းကား ပြောရန်စကားရှာမတွေ့ဖြစ်နေလျက် ဆေးတန်ဆေးကို လက်မလက်ညှိုး နှစ်ချောင်းဖြင့် အလုံးကလေးတခုဖြစ်အောင် ကြိုးကြိုးစားစားလုံးနေပြီး ဆေးတံကို ကောက်ယူ၍ ဆေးလုံးကလေးကို ထည့် လိုက်လေ၏။

"မင်းငွေနဲနဲပါးပါး လိုချင်တယ်ထင်ပါရဲ့"ဟု နောက်ဆုံးတွင် သံဖြတ်နှင့် မေးလိုက်လေ၏။
"ဒင်္ဂါးသုံးပြားလောက် ပေးရင်တော့"ဟု ရွံ့ရွံ့နှင့် ပြောရာမှ ဆက်လက်၍ "များတော့များတာဘဲ ဒါပေမဲ့ ကျမ ဘယ်လောက် ကုန်မယ်ဆိုတာ တွက်ကြည့်ပြီးသားပါ" တပြားမှ အလဟဿ မဖြစ်စေရဘူး၊ အထည်ရောင်း တဲ့ လူလဲ တလက်မ မှ မခိုအောင် ကျမလုပ်မှာဘဲ"ဟု ပြောရှာလေသည်။

ဝမ်လန်းသည် ပိုက်ဆံအိတ်ကို လက်နှင့်စမ်း၍ ကြည့်လေ၏ ယမန်နေ့က အနောက်ဘက် ကွင်းတွေထဲက ကြူပင်တွေကို ခုတ်ပြီး မြို့ဈေးသို့ တက်ရောင်းခဲ့ရာ သူ့လက်ထဲတွင် ဇနီးသယ် တောင်းသည့် ပိုက်ဆံ ထက်ပင် အနည်းငယ် ပိုပိုလျှံလျှံ ကလေးရှိနေ၏။

ဒင်္ဂါးသုံးပြားကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
ထို့နောက် အတန်ငယ်စဉ်းစားပြီး နောက်ထပ် ဒင်္ဂါးပြားတပြားကို ထပ်၍ ထည့်လိုက်လေသည်။ ထိုဒင်္ဂါးပြား မှာ ၀မ်လန်းသည် မြို့ကိုရောက်လျှင် လဘက်ရည်ဆိုင် အံစာဝိုင်း၌ ၀င်ထိုးရန် စုထားသော ပိုက်ဆံဖြစ်၏။ သို့သော် ရှုံးသွားမည်စိုး၍ မြို့ကို ရောက်တိုင်း မထိုးဖြစ်ဘဲ ၀ိုင်းဘေးက ရစ်သီရစ်သီ လုပ်လျက် အံစာ ခေါက်နေသည်ကို ကြည့်ရုံဝင်ကြည့်၍ ပြန်ခဲ့လေသည် များသောအားဖြင့် ကားလမ်းဘေး ကွက်စိပ်ဆရာ၏ စင်သို့ သွားလျက် တခါ နားထောင်လျှင် တပဲနိ ထက် ပိုမပေးရသော ကွက်စိတ်နာခြင်း ၌သာ အချိန်ကို ဖြုန်းလေ့ရှိ၏။

"နောက်ပေးတဲ့ ဟာကို မင်းယူထား"ဟု စက္ကူတံမီးစကို ၀ူးကနဲမှုတ်လျက် တောက်လာသော မီးတောက်ဖြင့် ဆေးတံကို ထည့်ရာက ဆက်လက်၍ "ခလေးအင်္ကျီကလေး ကိုတော့ ပိုးစကလေးနဲ့ ချုပ်ပါကွယ် အဆုံး မတော့ သူက သားဦးကလေးကွ"ဟု ပြောလိုက်လေ၏ သူငယ်မကား ငွေစကို ရုတ်တရက် ကောက် မယူ သေးဘဲ မလှုပ်မရှက် စိုက်ကြည့်နေလေ၏။ ထိုနောက်မှ လေသံကလေးဖြင့် "ကျမတသက် မှာ ငွေစ ကိုင်ဘူးတာ ဒါပဌမဘဲ" ဟု ပြောရှာလေသတည်း။

ထိုနောက် ငွေစများကို ဇပ်ကနဲကောက်ယူလိုက်ပြီး လက်ထဲတွင်ဆုတ်လျက် အိပ်ခန်းထဲသို့ ၀င်ပြေးလေ၏။
ဝမ်လန်းကား ဆေးတံကိုခဲရင်း ပိုက်ဆံ၏ ရာဇ၀င်ကို ဆင်ခြင်၍နေလေ၏။ ထွန်တုံး တလက်ဖြင့် မိမိ ကိုယ်တိုင် ထွန်ယက်ခဲ့သော မိမိကိုယ်တိုင် တူးဆွမှောက်လှန်ခဲ့သော မိမိတကိုယ်လုံးဖြင့် အသုံးချခဲ့သော မြေထု ကမ္ဗလာ ၀ဿုံလွှာကြီးဖြင့် သည်ပိုက်ဆံတို့သည် ဖြစ်လာခဲ့၏။ သူ့အသက်သည် ဤပြည် ရွှေဘုံ ၀ဿုံ မြေကြီးဖြင့်ပင် ရှင်လာခဲ့၏ အပေါက်အပေါက် ကျသော သူ့ကိုယ် မှ ချွေးစက်တို့ဖြင့် သူသည် ဤကမ္ဗလာချပ် ၀ဿုံမြေကြီး မှ အစားအစာကို ညှစ်ထုတ် ယူငင်ခဲ့၏။ အစာတည်းဟူသော သလေးဆန်ဂျုံ မြေ၀တ်မှုံ တို့မှ သူသည် ဤပိုက်ဆံများကို ရရှိခဲ့လေသည်။

ယခင်က ယခုလို သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို နှိုက်ပြီး ပေးခဲ့ရသည့်အခါတိုင်း မည်သူ့ကိုပင် ပေးရ သည်ဖြစ်စေ သူ့စိတ်ထဲ၌ သူ့အသက်၏ တစိတ်တဒေသကို လှီးဖြတ်၍ ပေးလိုက်ရဘိသကဲ့သို့ ဆတ်ဆတ်တုံ နာကျည်းခဲ့၏။ သို့သော် ယခုတခါ ပိုက်ဆံထုတ်၍ ပေးလိုက်ရခြင်း၌ကား သူ့တသက်တွင် ပဌမဆုံး အကြိမ် နာကျဉ်းခံခက်ခြင်း မဖြစ်တော့ပေ၊ သူယခု ပေးလိုက်သော ပိုက်ဆံများကို ကုန်သည် တဦး အား ပေးခြေလိုက်ရသော ပိုက်ဆံမျိုး လို မအောက်မေ့တော့၊ ထိုငွေမျိုးထက်သာလွန်၍ အဘိုးထိုက် လှသည့် ရတနာတခုအသွင်သို့ ပြောင်းလဲသွားသည်ကို သူ့မျက်စိထဲတွင် ထင်မြင်၍ နေလေသည်။ ထိုရတနာ ကား သူ့သားကလေး ၀တ်ဘို့ အင်္ကျီ ဘောင်းဘီကလေးများပင်တည်။

အချိန်စေ့ ၍လာလေ၏ သူငယ်မကား သူ့အနားတွင် မည်သူ့အားမျှ အဖေါ်အလှော်မထားလိုပေ ထိုအချိန် မှာ တခုသော ညနေနေ၀င်ရီတရော ကလေးဖြစ်ပေသည်။ သူငယ်မသည် စပါးတွေ မှည့်ဝင်းနေသော လယ်ကွင်း ထဲ၌၊ သူ့ချစ်လင်နှင့်အတူ အလုပ်ဆင်းနေခိုက်ဖြစ်၏။ ဂျုံတွေရိပ်ယူ ပြီးစီးခဲ့သည့်နောက် လယ်ကွင်း များသည် ရေတွေတဖွေးဖွေးနှင့် ဖြစ်လာကြကာ စပါးတွေ သီးကြပြန်ပြီး ယခုမူ စပါးတွေ ရိပ်ချိန် တန်ပြီ ဖြစ်လျက် အချိန်မှာ ပူပြင်းလှသော နွောရာသီဖြစ်ပေသည်။

လင်မယားနှစ်ယောက်သည် တနေ့လုံး တကုန်းကုန်းနှင့် ကောက်လှိုင်းတွေကို ရိတ်ဖြတ်၍ နေကြ လေသည်။ သူငယ်မကား သူ့ဝမ်းတွင် လွယ်ထားရသော ၀န်လေးကြီးအတွက် ကောင်းစွာ မကုန်းနိုင်ရှာ နှေးနှေး ကွေးကွေး လေးလေးပင်ပင်နှင့်ပင် ရိတ်ဖြတ်နေရှာရကား စပါးရိပ်ရာတွင် သူ့ချစ်လင်ပြီးစီး သလောက် မပြီး၊ သူ့ချစ်လင်က ရှေကက သူကနောက်ကျ၍ နေလေ၏။ နေကတဖြည်းဖြည်း စောင်းလာ လေလေ သူငယ်မမှာ အလုပ်နှေးလာလေလေဖြစ်နေရာ ၀မ်လန်းမှာ စိတ်မရှည်နိုင်တော့ဘဲ သူငယ်မ ကို လှည့်ကြည့်မိလေ၏။ သူငယ်မသည် အလုပ်ကို ရပ်လိုက်ပြီး၊ ခါးကိုဆန့်လိုက်လေရာ လက်ထဲမှ တံဇဉ်သည် မြေသို့ ဖုတ်ကနဲ ကျသွားလေ၏။ ဝေဒနာသစ်တခုကို ခံစားနေရပြီဖြစ်၍ မျက်နှာတွင် ချွေးသစ် ကလေး များစို့ နေလေ၏။

"၀မ်းတော့နာလာပီ ကျမအိမ်ပြန်သွားတော့မယ်၊ ကျမမခေါ်မချင်း ရှင်အခန်းထဲဝင်လိုက် မလာနဲ့နော် ကျူရိုးကလေး တချောင်းသာ အကြောခွါပြီး စိတ်ယူခဲ့စမ်းပါ ခလေးအချင်းဖြတ်ဖို့"ဟု ပြောဆိုပြီး သူငယ်မ သည် ဘာမျှ မစိုးရိမ်၊ ကြောက်လန့်ခြင်း မရှိသည့် အမူအရာဖြင့် လယ်ကွင်းတွေကို ဖြတ်ကာ အိမ်ဆီသို့ ပြန်လေ၏။

ဝမ်လန်းသည် သူငယ်မ သွားရာသို့ မျှော်၍ကြည့်နေနောက် တဘက်ကွင်းမှ ကန်စောင်းသို့ လျှောက် လာခဲ့ကာ စိမ်းလန်း၍လတ်ဆတ်သော ကြူပင်တချောင်းကို ရွေး၍ဖြတ်ယူ အကြောကို ခွဲယူ၍ တံဇဉ် သွားဖြင့် စိတ်ဖြာနေလေ၏ နွေသီလတပေါင်းဖြစ်၍ နေ အကျ အစောင်းမြန်လှကား မကြာခင် အမှောင် ရိပ်တွေ သန်းလာလေ၏ ၀မ်လန်းသည် တံဇဉ်ကိုထမ်းလျက် အိမ်ဆီသို့လှမ်းခဲ့လေ သတည်း။

အိမ်သို့ရောက်သွားသောအခါ အငွေ့ တထောင်းထောင်းနှင့် အသင့်ပြင်ထားသော ထမင်းပွဲတွေ့ ရလျက် အဘိုးပင် ထမင်းစားနေပြီကို တွေ့ရလေ၏ သူငယ်မကား ကမ္မဇသား သန္ဓေလှုပ်ရှားခြင်းကို ဘေး အသာ ချိတ်ထားလျက် ထမင်းဟင်းပင် ချက်ပြုတ်ခူးခတ်ပြင်ဆင်၍ ပေးထားရှာ၏၊ မိန်းမတွေ ထဲမှာတော့ အတော် ရှားတဲ့ မိန်းမပဲဟု စိတ်ထဲမှာချီးကျူးမိလေ၏ ထို့နောက်တံခါးပိတ်ထားသော သူတို့၏ အခန်းသွားလျက် ရော့-ဒီမှာဟေ့ ကြူကြောဟု အော်ပြောလေ၏ သို့သော် အတွင်းမှ ဘာသံမှ ထွက်မလာပေ၊ သူငယ်မ ကိုယ်တိုင် တံခါးဆီသို့လျှောက်လျက် တံခါးကြားမှ လက်လျှိုကာ ကြူခြမ်းပြား ကလေး ကို ယူလေ၏၊ သူငယ်မကား ဘာတခွန်းမျှမပြော သို့သော် အလွန်လေးလံလှသော ခရီးကို အပြေး အလွား ပြေးလာရသူတစ်ဦး၏ တနည်းမျိုးမောဟိုက်နေသည့် အသံကို ၀မ်လန်း ကြားရလေ၏။

အဘိုးကြီးက ထမင်းပွဲမှ မော်ကြည့်ပြီး စားလှဲ့လကွာ ထမင်းတွေအေးကုန်တော့မယ် ဟု လှမ်းပြောပြီး ဆက်လက်၍ စိတ်ပင်ပမ်းမနေစမ်းပါနဲ့ အဝေးကြီးလိုပါသေးတယ် မင့်အမေသားဦး ကလေးမွေးတုံးကများ ငါ သေသေချာချာ မှတ်မိတယ် မနက်လင်းတောင် တယောက်ပီးတယောက် နှစ်ကျိပ်လောက် တောင်ရှိ မလား မပြောတတ်ပါဘူးဟယ် ငါလဲမေ့နေပါပြီ အဲဒီအထဲက မင်းတယောက်ဘဲ အဖတ်တင်တာ အဲဒီတော့ ကာ ဘာပြုလို့ခလေးတွေ တယောက်ပြီးတယောက် မွေးပေးရတယ်ဆိုတာ မင်းနားလ ည် ရောပေါ့ ဟု ပြောရာ မှ အသစ်ပြန် သတိရလာသကဲ့သို့ အင်း နက်ဖြန်ကာ ဒီအချိန်လောက် ဆိုရင် ငါတော့ မြေးယောကျာ်း ကလေး တယောက်နဲ့ အဘိုးအေ ဖြစ်ရချေသေးဟု ဆိုပြီးရယ်လေ၏၊ ထို့နောက်ထမင်းပွဲမှ ရုတ်တရက် ထလျက် မှောင်ထဲတွင် အတော်ကြာထိုင်ပြန်ရင်း တခိခိနှင့် အူမြူး နေပြန်လေ၏။

ဝမ်လန်းမူကား တံခါးနားတွင် ရပ်မြဲရပ်လျက် အတွင်းမှထွက်ပေါ်လာနေသော မောဟိုက်ပြင်းထန် အသက်ရှုသံကြီးမျိုးကို နားစွင့်၍နေလေ၏ ပူနွေး၍စိမ်းရွှေရွှေ ညှီစို့စို့နေသော သွေးစိမ်းနံ့ ကြီးသည် တံခါးရွက်နှစ်ခုအကြားမှ လျှာထုတ်၍ ၀မ်လန်း၏နှာခေါင်းကို ကလိလေရာ ၀မ်လန်းမှာ ထိတ်လန့်၍ သွားမိလေ၏၊ မောဟိုက်ပင်ပမ်းခြင်းကြီးစွာဖြင့် ဖုတ်လှိုက်ဖုတ်လှိုက် ရှိုက်ရှူနေသော အသက်ရှုသံကြီး များသည် ထိုခဏ္က၌ ကြိတ်၍ ညည်းညူဟစ်အော်နေရှာသလိုလို တဖြည်းဖြည်းလျှင် တိုးတက်လျက် လာလေ၏ လူကြားအောင်ကား အော်ဟစ်ခြင်းမပြုရှာပေ သို့ဖြစ်လေရာ ၀မ်လန်း မှာ ရပ်တည်ရာ မရအောင် လာလျက် တံခါးကိုချိုးဖွင့်၍ ၀င်တော့ရန် အကြံလိုက် စူးလျှသေးငယ် သောငိုသံကလေးတခုကို ကြားလိုက်ရပြီးလျှင်၊ လောဘကြီးကို မေ့၍သွားလေ၏။

"ယောကျာင်္ား ကလေးလားဟေ့"ဟု ဇနီးကိုပင် သတိမရတော့ပဲ၊ အရေးတကြီး မေးလိုက်လေ၏။ သေးငယ်၍ မာကြောသော ငိုသံကလေးလား- နောက်တစ်ကြိမ် ဆောင့်ကန်၍ ထွက်လာပြန်သော နာမခံသာအောင် ရှိလေ၏။
"ယောကျာင်္ကလေး လားကွ၊ ဟေ- ဒါလောက်လေးတော့ ပြန်ပြောစမ်းပါအုံးကွ- ယောကျာင်္းကလေးလား
ထပ်၍- အော်၍- မေးပြန်လေ၏။

ထိုအခါ- အသံပြန်ပေးသလို၊ အားနည်းဖြော့တော့ အားအင်လျော့ နေရှာသည့် အသံပြော့က လေးဖြင့်၊ "ယောကျာင်္းကလေး"ဟု သူငယ်မ၏ ပြန်ဖြေလိုက်သောအသံကို ကြားရပေတော့ သတည်း။
 ထိုနောက်ကား- ၀မ်လန်းသည်၊ စာပွဲသို့သွားထိုင်နေလေ၏။ မည်မျှမြန်ဆန်လှဘိသနည်း၊ ထမင်းပွဲ ကားဧစက် ၍နေလေပြီ၊ အဘိုးကြီးလည်း ခုံးပေါ်တွင် အိပ်ပျော်၍နေလေပြီ၊ သို့သော် မည်မျ မြန်ဆန် လှဘိသနည်း  ၀မ်းလန်းသည် အဘိုးကြီး၏ ပခုန်းကိုသွားလှုပ်လျက်။

"ယောကျာင်္းကလေး အဘရေ- အဘက အဘိုးအေ- ကျုပ်က အဖေဖြစ်ပီ"ဟု အောင်မြင်စွာ ကြွေးကြော် ခြင်း ပြုလေ၏။
အဘိုးကြီးသည် အိပ်ရာမှလန့်၍ နိုးလာပြီး၊ မအိပ်ခင်ကရယ်နည်းမျိုး ရယ်ပြန်လေ၏
"အေးကွ- အေးဟဲ့- ဟုတ်သပါ့"ဟု ကြက်ဖကြီးကတော်သလို ကတော်ရင်း "အဘိုးအေကွ- အဘိုးအေ"ဟု မြူးကြွကာ အရှုးထလေ၏။ ထိုနောက်ထိုင်ရာမှ ထတဲ့ကာ သူ့အိပ်ခန်းသို့ တဟားဟားရယ်မော သဘော ခွေ့ရင်း ၀င်သွားလေသတည်း။

ဝမ်လန်းသည် ဧနေသော ထမင်းပုဂံကို ယူ၍စားလေ၏။ အဆာကြီးဆာနေသည် မှန်သော်လည်း ထမင်း လုပ်ကို ပါးစပ်ထဲသို့ မြန်မြန်ထက်ထက် သွင်း၍မရအောင်ရှိလေ၏။ အခန်းထဲ၌ကား- တလှုပ်လှုပ် ရွေ့လျှား လှုပ်ရှားနေသော ဇနီးသယ်၏ အသံနှင့် မရပ်မနားစူးစူးဝါးဝါး ဟစ်ငိုနေသည့် ခလေးငိုသံကို ကြားရလေ၏
"ဒို့အိမ်တော့ အေးအေးချမ်းချမ်းနေနိုင်တော့မယ် မဟုတ်တော့ပါဘူးကွာ"ဟု အထင်ကြီးကြီးနှင့် တကိုယ် တည်း ရေရွက် မိလေ၏။

ထမင်းစား ပြီးသောအခါ၊ အခန်းဝသို့ ရောက်သွားလေ၏ ဤအကြိမ်၌မူ ဇနီးသယ်က ၀င်ခွင့်ပြုပြီး ဖြစ် သဖြင့် အခန်းထဲသို့ စိုက်စိုက်ကြီး ၀င်သွားလေ၏။ ပူနွေး၍ လတ်လတ် ဆတ်ဆတ် ရှိသော သွေးစိမ်း နံ့တို့ကား မပျောက်သေးပေ၊ သို့သော်- စည်ဝိုင်းတလုံးထဲမှတပါး၊ အခြားနေရာတို့တွင် သေးစသွေးနဟူ၍ မမြင် တွေ့ရပေ၊ ထိုစည်ပိုင်းထဲသို့တည်း၊ သူငယ်မသည် ရေများလောင်းထည့် ပြီးကုတင်အောက်သို့ တွန်းသွင်း ထားသည်ဖြစ်၍ ၀မ်လန်းမတွေ့မြင်ရပေ၊ ဖယောင်းတိုင် အနီ ကလေး တတိုင်ကို ထွန်းညှိ ထားလျက်၊ သူငယ်မ မူကား အိပ်ယာပေါ်တွင် သပ်သပ်ယပ်ယပ် စောင်ချုံ လျက်၊ ပက်လက် ကလေး ရှိနေလေသည်။ သူငယ်မ၏ နံဘေး၌ သူတို့ဒေသ သူတို့အရပ်၏ ထုံးစံအတိုင်း ဘခင် ဖြစ်သူ ၏ ဘောင်းဘီဟောင်းတစုံဖြင့် ရစ်ပတ်ပိုက်ထွေးထားသော ခလေးငယ်ကို တွေ့ရပေ၏။

ဝမ်လန်းသည် ထိုနေရာသို့ လျှောက်သွားရာတွင်၊ ပဋ္ဌမသော်- စကားစ ရှာမတွေ့အောင် ဆွံ့အ၍ နေလေ၏၊ ရင်ထဲတခုလုံး ပြည့်တေ့တေ့ကြီး ဖြစ်လျက်၊ ဘ၀င်လှိုက်ဆူကာ တက်ရင်း ခလေးကို ငုံ့ကြည့်လေ၏။ အသားညိုညို မျက်နှာကလေးဝိုင်းဝိုင်း- အရေကလေးတွေ တွန့်လျက် ရှည်လျား သောဆံပင် များမှာ စွပ်စို နက်မှောင်လျက် ရှိကြလေ၏။ ထိုအချိန်တွင် ခလေးမှာ အငိုရပ်နေကာ- မျက်လုံး ကလေးများကို တင်းကြပ်စွာ မှိတ်ထားလေ၏။

ထိုနောက် ဇနီးသယ်အား လှည့်၍ကြည့်လေ၏။ ဇနီးသယ် ကလည်းပြန်၍ ကြည့်လေ၏။ ၎င်း၏ ဆံပင် များသည်၊ ကြီးစွာခံစားလိုက်ရရှာသော ဝေဒနာဒါဏ်ချက်မှ ဖြစ်ပေါ်သည့်၊ ပင်ပမ်းခြင်း ချွေးစီး တို့ဖြင့် စိုရွှဲလျက်ပင် ရှိကြသေးလျက်၊ ကျဉ်းမြောင်းသော မျက်လုံးကလေးများ သည်လည်း၊ နိမ့်ဝင် ဟောက်ပက် ပက်ကလေး ရှိနေကြကုန်၏။ ဤပြောင်းလဲချက်ကလေးများမှအပ၊ သူငယ်မ၏ ရုပ် မှာမှု ရှေးက အတိုင်းပင် ရှိလေသည်။ သို့သော်- ၀မ်လန်း အဖို့ကား- ထိုသဏ္ဍာန်မှာ သနားစဖွယ် ကလေး ဖြစ်နေ ပေ၏။ သူ၏ သနားကြင်နာသော စိတ်ဓါတ်ရေလျှင်သည်၊ သားအမိနှစ် ယောက်အပေါ်သို့ ဒဟဟော ကျဆင်း သွားလျက်။ အခြားထွေရာလေးပါးဆို၍ ဘာတခွန်းမျှ ပြောရန်စကားစ ရှာ၍ မတွေ့ တော့ မှု၍- နှုတ်ဖျား တွင် ပေါ်လာသော-
"ငါမနက်ဖြန် ကျ- မြို့တက်ပီး- မင်းကိုကြိုတိုက်ဖို့ သကြားခဲ သွားဝယ်မယ်" ဟူသော နှစ်သိမ့် အားပေး စကား ကလေး များသာ အလိုလိုထွက်သွားကာ- ခလေးကိုငုံ့ကြည့်ပြန်လျက်၊ ရုတ်တရက် သတိရ လာပြန် သကဲ့ သို့-
"နောက်ပီးတော့- ဘဲအုတခြင်းလောက်လဲဝယ် ရအုံးမယ်- အားလုံးဆေးနီဆိုးပီ၊ ငါ- သားကလေး ရပီဆိုတဲ့ အကြောင်း သတင်းလွှင့်ရင်း၊ ရွာသားတွေကမ်းရမယ်"ဟုပြောပြန်၏။
လေး

ခလေးမျက်နှာမြင်ပြီး၍ နောက်တနေ့နံနက်တွင် သူငယ်မသည် ခါတိုင်းကဲ့သိုပင် အိပ်ယာ မှ ထလျှက် ထမင်းဟင်း ချက်ပြုတ် နေလေ၏၊ ၀မ်လန်းနှင့်အတူ လယ်ထဲသို့စပါးရိတ်ရန် ကား မဆင်းပေ၊ သို့ဖြစ်လေရာ ၀မ်လန်းမှာ မွန်တိမ်း လာသည်အထိ တယောက်တည်း တကုန်းကုန်းရိတ် နေရလေ၏။

ထိုနောက် အိမ်ပြန်ခဲ့ပြီးလျှင် သူ့အစိမ်းရောင် အင်္ကျီရှည်ကြီး ကို ၀တ်လျှက် မြို့သို့သွားခဲ့လေ၏ ၊ မြို့သို့ ရောက်သော အခါ ဈေးသို့သွားလျှက် လတ်လတ် ဆတ်ဆတ် ကြီး မဟုတ်စေကာမူ အတော်ပင် ကောင်းမွန် လျှက် ရှိကြသည့် ဘဲဥအလုံး ၅၀-တလုံးလျှင် တပဲနီ နှင့် ၀ယ်ယူပြီး ၎င်းတို့ကို ဆေးဆိုးရန် ရေနွေး ထဲ ထည့်ပြုတ် ဘို့ စက္ကူနီ များလည်း ၀ယ်ယူလေ၏၊ ထိုနောက် ဘဲဥများကို ဆွဲခြင်းတွင်ထည့်လျှက် အချို့ ဆိုင်သို့ ဆက်သွားပြီး သကြားခဲအစိတ်သားကျော်ကျော်ခန့် ၀ယ်ယူပြန်လေရာ ဆိုင်ရှင်က သကြားခဲ များကို စက္ကူ ဖြင့် ကျကျ နန ထုတ်ပေးရာက ချည်ထားသော ကောက်ရိုးကြိုး အကြား၌ စက္ကူနီ ကလေး တရွက် ကို ပြုံးစိစိ နှင့် ညှပ်ထည့် ၍ ပေးလိုက်ရင်း-
"မျက်နှာမြင် တဲ့ မိန်းမဘို့ ထင်ပါရဲ့" ဟု မေးလေ၏။ " သားဦး ကလေး မွေးလို့ဗျ" ဟု ၀မ်လန်းက ခတ်ကြွားကြွား ပြန်၍ ဖြေဆိုလိုက်လေသည်။

"အား.ကံကောင်းတာပဲဗျို့" ဟု ဈေးရောင်းသူက စိတ်မပါတပါ ပြန်ပြောရင်း ကျကျနန ၀တ်စားလျှက် ဆိုင်ထဲ သို့ ၀င်လာနေသော အခြား ၀ယ်သူ တစ်ဦးအား ဂရုစိုက် နေလေ၏။
ဤကဲ့သို့သော လောကွတ်စကားဖြင့် ဆိုင်ရှင်သည် အခြားလူပေါင်း မြောက်မြားစွာ ကို ပြောဆို ဧည့်ခံ ခဲ့ဘူး ပြီဖြစ်၏၊

နေ့စဉ်နှင့် အမျှပင် တနေ့တယောက်လောက်ကို ဤစကားမျိုးဖြင့်လော ကွတ်ပြုခဲ့ရ၏၊သို့သော် ၀မ်လန်း ၏ စိတ်ထဲ၌ကား ဤစကားများမှာ သူ့အတွက် အထူးတလည် ပင် ပြောလိုက်ဘိ သကဲ့သို့  ဆိုင်ရှင်၏ ဂရုတစိုက် ပြောဘော်ရခြင်းကို အကျေနပ်ကြီးကျေနပ်ကာ ဦးညွတ်၍ နှုတ်ဆက်ပြီး နောက်တကြိမ် ထပ်၍ ဦးညွတ်ကာ နှုတ်ဆက်ပြန်လျှက် ဆိုင်ထဲမှထွက်ခဲ့ လေ၏၊ ဖုတ်ထူလှသောလမ်းထဲ၌ ခြစ်ခြစ်ပူနေသော နေအောက် တွင် လျှောက်လာခဲ့ရင်းလည်း လောကတွင် သူ့လောက် ကံကောင်းသူ တယောက်မျှ မရှိဟု အောက်မေ့ မိလေ၏။

သို့သော် အစ၌ ၀မ်းသာသလိုလို အောက်မေ့မိခြင်းမှာ အဆုံးတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် အဆုံးသတ်သွားလေ၏၊ လောကတွင် အကြီးအကျယ် ကံကောင်းနေ၍မဖြစ် တလောကလုံး တွင် လူတွေ ပျော်ပျော် ရွှင်ရွှင် နေသည်ကို မကြည့်လို၊ ကောင်းကျိုးကိုမပေး၊ ဆင်းရဲသားများဆိုလျှင် ပို၍ ဆိုးကျိုး ကိုသာ အမြဲပေး တတ်သည့် ရန်ညှိုးကြီး လှသော နတ်ဆိုးတို့ဖြင့် ဤ လောကကြီးမှာ ပြည့်နှက်နေ၏။

ဝမ်လန်းသည် ဖယောင်းတိုင်ဆိုင်သို့ ခြေလှမ်း ရုတ်တရက်လှည့်လိုက်ပြီး အိမ်သား ၄-ယောက် အတွက် အမွေးတိုင် လေးချောင်း ၀ယ်ယူခဲ့ကာ လမ်းတွင် ၀ဿုံ နတ်ကွန်း သို့ဝင်လျက် အမွေးတိုင် များကို တလောက လင်မယား ၂-ယောက်အတူ လာရောက်ပူဇော်ခဲ့၍ ကျန်ရစ်ခဲ့သည့် ပြာပုံထဲတွင် ထိုးစိုက် လိုက်လေ၏၊ ထိုနောက် မီးညှီပူဇော်၍ စိတ် အနည်းငယ် ပေါ့သွားသလိုနှင့်အိမ် သို့ပြန်ခဲ့လေ၏၊ ထိုနတ်ရုပ် ကလေး နှစ်ရုပ် တို့ကား မည်သို့သော တန်ခိုး အာနုဘော် တို့ဖြင့် ပြည့်စုံပါဘိသနည်း။

ဆက်ရန်
.

2 comments:

မြတ်နိုး said...

သူလဲဖတ်ကောင်းတယ်နော်..

အမရေ..ကျေးဇူးးး ကျေးဇူး

မြတ်နိုး said...

ဟင်းလည်းချက်ကျွေးဦးနော်