Tuesday, March 23, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၄)

သူတော်စင်ရပ်မှ ကုသိုလ်ရေး

နိဗ္ဗိန္ဒတောရဆရာတော်ကြီး၏ ကျောင်းတိုက်အတွင်းမှာ သိမ်ကျောင်း ဇရပ်များနှင့် သီလရင် ကျောင်း များကလည်း မြို့တမြို့စာမျှ နီးနီး အဆောက်အဦးတွေ အများကြီး ရှိနေပါသည်။ သီလရင် ဆရာကြီး အမှူး ပြုလျှက် ချောင်လုံးကျွတ် သီလရင်ရသေ့မစသည်များမှာ သံဃာနှင့် ပရိသတ်ငါးရာတထောင်စာ ဆွမ်းပန်း ကိစ္စ ဆောင်ရွက် လုံးပမ်းရာ၌ နိုင်နင်းလှသည်။ အပြင်လူမပါရ၊ ချောင်ထည်းမှ သီလရင်ဆရာကြီး ဆရာ ကလေး များက လက်ကျညီညီနှင့် ကုသိုလ်ရေးကို အားပေးလုပ်ကိုင် ကြသည်။ ချောင်နားနီးချင်း၊ သီလရင်များ ကလည်း လာရောက် ကူညီ ကြသည်ကို တွေ့မြင်ရပါသည်။

ရဟန်း သံဃာတော်များနှင့် လူပရိတ်သတ်များ အတွက် ဆွမ်းကျွေးကိစ္စ စီမံ ဆောင်ရွက်ကြပုံများမှာ လျင်မြန် ဖျပ်လတ် သန့်ရှင်းစင်ကြယ် ၍ သီလရှင်ကြီးငယ် တို့က သူ့တာဝန်သူ့အစိပ်အပိုင်း နှင့် ဆိုင်ရာ, ဆိုင်ရာ အစု ခွဲဝေပြီး စံနစ်တကျ လုပ်ကိုင်နေကြသည်ကို ကြည့်နေရသည်မှာ အလွန်ကြည်ညိုဘွယ်ရာ ကောင်းလှ ပါသည်။

ရဟန်း သံဃာတော်များနှင့် လူပရိသတ်များအတွက် ဆွမ်းကျွေးကိစ္စ စီမံ ဆောင်ရွက်ကြပုံများ မှာ လျင်မြန် ဖျပ်လတ် သန့်ရှင်းစင်ကြယ် ၍ သီလရှင်ကြီးငယ် တို့က သူ့တာဝန် သူ့အစိပ်အပိုင်းနှင့် ဆိုင်ရာ, ဆိုင်ရာ အစု ခွဲဝေပြီး စံနစ်တကျ လုပ်ကိုင် နေကြသည်ကို ကြည့်နေရသည်မှာ အလွန် ကြည်ညိုဘွယ်ရာ ကောင်းလှ ပါသည်။
သီလရင် ချောင်အုပ်ဆရာကြီး အမှူးပြုသော ပုဂ္ဂိုလ်များမှာ ကျောင်းထိုင် ဆရာတော် ဘုရား ကြီးနှင့်တကွ သံဃာတော် များ၏ နေ့စဉ် ဆွမ်းဝတ် ကိစ္စကို ဆောင်ရွက်ကပ်လှူနေကျဖြစ်သည်။ ကျမကဲ့သို့ပင် မကြာ ခဏ လာရောက် လှူဒါန်းကြသော အလှူရှင်တို့အတွက်လည်း ဆွမ်းချက် ဆွမ်းကပ် ကုသိုလ်ရေး တာဝန် တွေ ယူ၍ ကူညီမြဲဖြစ်ပါသည်။
   
သို့ကြောင့် သီလရင် ချောင်အုပ်ဆရာကြီး၏  အစီအမံနှင့် ဆောင်ရွက်လုပ်ကိုင်ကြသော တရားရှင်၊ သီလရှင်၊ ရသေ့မ ပုဂ္ဂိုလ်ကြီးငယ်တို့မှာ ဆောင်ရွက်လုပ်ကိုင်ပုံများက အလွန်သေသပ် နိုင်နင်းစွာ ရှိလှ သည်။ မည်သည့် အိမ်ရှင်မ အတတ်သင်ကျောင်း များ၌ပင်၊ ဤမျှ လက်ကျညီအောင် တတ်ကျွမ်းအောင် ပြုပြင် သင်ကြား ပေးလိုက်နိုင်လိမ့်မည်မထင်ပါ။ ကျမစိတ်ထင် နိုင်ငံခြားမှာ တွေ့မြင်ခဲ့ရသည့် လူပေါင်း များစွာ လာရောက် စားသောက်သော ကဖီးတေးရီးယက် ခေါ် စားသောက်ဆိုင်ကြီး များ ဟိုတယ်ကြီး များ၏ နောက်ပိုင်း ရှိ ချက်ပြုတ် လုပ်ကိုင်နေသော အခန်းထဲ များ ရောက်နေသလိုပင် စံနစ်တကျ တွေ့မြင် ရပါ၏။ 

ပြော့သွားခြင်း၊ မာနေခြင်း၊ ငံနေခြင်း၊ ပေါ့နေခြင်းစသော မီးဖိုခန်း၏ မလွှဲမရှောင်တွေ့ရတတ်သည့် အမှား အယွင်း မျိုးမရှိ၊ ကြည့်၍ အလွန်နှစ်သိမ့်မိပါသည်။ နှလုံးသားဖြူစင်သော တရားရင် သီလရင်တို့၏ စိတ်ဓါတ် သန့်ရှင်းစွာနှင့် ကုသိုလ်ရေးဆောင်ရွက်မှုကြောင့် ဤမျှလောက် ကြီးမားသော တာဝန်များကို ပေါ့ပေါ့ ပါးပါး ကလေးနှင့် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း ယူဆမိပါသည်။
   
ရဟန်းခံကိစ္စ၊ လှူဘွယ်ဝတ္ထုကိစ္စများနှင့် သိမ်ဝင်ကိစ္စများကို ကြိုတင်စီစဉ်ပြီးသား ဖြစ်နေ၍ ကျမက သီလရှင်ဆရာကြီးကို အသိုင်းအဝိုင်းကို လှည့်လည် ကြည့်ရှုနေခဲ့ရာ ဆွမ်းကျွေး ဧည့်ခံရန် တရား နာရန် အတွက် ဆရာတော်ဘုရားကြီး၏ ကျောင်းဆောင်အနီးမှာ ကျယ်ဝန်းသော ဓမ္မာရုံကြီးကို သီးသန့် ပြင်ဆင်လျက်ရှိပါသည်။ ထိုနေရာသို့ရေဝံသောအခါ သံဃာစင်နှင့် လူပရိတ်သတ်အတွက် သင်ဖြူး၊ ကော်ဇော စသည်တိုက ခင်းကျင်းပြင်ဆင်နေသူများမှာလည်း သီလရှင်များပင် ဖြစ်ပါသည်။

လူဦးရေအမြောက်အမြားအတါက် ဇွန်း၊ ပန်းကန်၊ ဖလ်ခွက်၊ ထွေးခံအစ လိုလေသေးမရှိရအောင် ဘန်းကြီး, ဘန်းငယ် နှင့် သယ်ဆောင်ပို့ပေးနေသူများမှာလည်း သက်ငယ် သီလရင်ကလေးများ ဖြစ်ကြပါသည်။ သူတို့သည် ဆူဆညံညံမရှိ အေးဆေးငြိမ်သက်စွာ လှုပ်ရှားနေကြပါသည်။ ကျမသည် ယမန်နှစ်က ငွေစု၍ ဆောက်လုပ် လှူဒါန်းထားသော ဇရပ်ငယ်ပေါ်တွင် ထိုင်ပြီး ပုတီးစိပ်လျက် သူတော်ကောင်း ရပ်ကွက်၏ အေးမြ ချမ်းသာသော အရသာကို ခံယူနေမိပါသည်။

နောက်တနေ့မနက်စောစော အချိန်မှာဖြင့် နိဗ္ဗိန္ဒချောင်စခန်းမှာ ကားကြီး,ကားငယ်၊ အသွယ်သွယ်နှင့် မြို့ထည်းမှာ ဧည့်သည်တွေ၊ ပရိတ်သတ်တွေ၊ တဖွဲဖွဲရောက်လာနေပါပြီ၊ မြို့ခံရဟန်းလောင်းများ၏ အိမ်သူအိမ်သားများ မိတ်ဆွေများလည်း စောစောကြီးကပင် လာရောက်ကြပြီး ဖြစ်ပါသည်။ ပင့်ထားသော သံဃာတော်ဆရာတော်ကြီးများလည်း သိမ်ထည်းမှာ ကြွရောက်လာကြလေပြီ။ သိမ်၏အ ပြင်မှာ လှူဒါန်းရန် ပစ္စည်းဝတ္ထု မျိုးစုံတို့ကို စားပွဲကြီးငယ်တို့နှင့် အသင့်ပြင်ဆင်လျက် သိမ်အထွက်မှာ လောင်းလှူကြဘို့ရာ ကျမနှင့်တကွ ဆိုင်ရာ,ဆိုင်ရာ အလှူရှင်တို့က အရံသင့်ထားကြပါသည်။

ရဟန်းခံသိမ်ဝင်အခမ်းအနားကို မမြင်ဘူး၍ စောင့်ကြည့်နေကြသော ဆိုင်ရာပရိသတ်ကတော့ သိမ်၏ အပြင်မှ စောင့်ကြည့်နေကြပါသည်။ သံဃာတော်ဆရာတော်ကြီးများသည် ထုံးစံအတိုင်း ရွတ်ဘတ် သရဇ္ဈယ်ခြင်း၊ ကမ္မ၀ါဘတ်ခြင်း၊ သင်္ကန်းပေးခြင်း၊ စသည်များပြုနေရသည်မှာ အတော်ကြာပါသည်။ ရဟန်းခံသူ ရဟန်းလောင်း ၅-ဦး မှာလည်း ထုံးစံအတိုင်း လက်စုံမိုး၍ ရှိခိုးလျက် ကြားနာနေကြသည်ကို အပြင်မှ မျှော်ကြည့်နေသူများက မြင်ကြရသည်။

ကျမကတော့ ဆံချပြီးစ သင်္ကန်းသစ်လွင်လွင် နှင့် မြင်ရသော နှစ်ပေါင်း ၂၀- ဘ၀ခရီးဖေါ် ဖြစ်ခဲ့သူအား ဒုလ္လဘ ရဟန်းအမ အဖြစ်နှင့် အလှူပြုရသောကြောင့် သောမနဿ စေတနာအထူးဖြစ်နေချိန်အခါ ဖြစ်ပါ သည်။၊ ဤအသက်အရွယ် မျိုးဂုဏ်သိက္ခါဝါနှင့် အလွန်ကို ကိုက်ညီလျော်ကန်သင့်မြတ်လှသော အချိန်အခါ မျိုးလည်း ဖြစ်နေသောကြောင့် အမျိုးမျိုါ်သော အလှူဒါနတွေပြုခဲ့ရ၊ ရေစက်ချခဲ့ရသောအခါတွေထက် ယခုပြု နေရသော ရဟန်းအမ ကုသိုလ်ရေးအတွက် အနှစ်သက်ဆုံး အကြည်နူးဆုံး လဲဖြစ်ပါသည်။ ထို့ကြောင့် သိမ်ဝင်နေကြသည်ကို စေတနာ သဒ္ဓါတရားပွားများ ရင်း မမှိတ်မသုံ ကြည့်ရှုနေမိပါသည်။

နှစ်ပေါင်း ၂၀ ခရီးအဆုံးမှ ရဟန်းအမ

သိမ်ဝင်ရသော အချိန်မှာ အတော်ကြာပါသည်။ ရဟန်းတော် ဆရာတော်ကြီးများက ရဟန်းဘောင်ဝင်မည့် ရဟန်းလောင်းများကို စစ်ဆေးမေးမြန်းသော ကဏ္ဍကလည်း အတန်ကြာပါသည်။ စစ်မေးမြန်းရာ၌ စိတ်ဝင် စားဘွယ်ရာ အချက်အလက်တွေ အများအပြား ပါဝင်ပါသည်။ ကျမသည် ကြုံကြိုက်သည့်အခိုက် အတန့် မှာ သုတေသနဖြစ်လို၍ မှတ်သားနားထောင်နေမိပါသည်။

ထိုမေးခွန်း တွေထည်းမှာ ရဟန်းလောင်းအား ကံငါးပါးကျူးလွန်မိသလား၊ ကြွေးမြီကင်းရဲ့လား၊ ပဏ္ဍုက်လား၊ ယောကျာ်း အစစ်မှန်လား၊ မိဘနှင့် အိမ်ထောင်ဘက် ဇနီးဖြစ်သူ၏ ခွင့်ပြုကြေနပ်မှုရှိရဲ့လား၊ ဘိက္ခုနီမ ဖျက်ဆီးခြင်း ကာမေသုကံ ပြစ်မှားကျူးလွန်မှုရှိဘူးသလား၊ စသည် စသည်များလည်း ပါဝင်သည်။ ရဟန်းလောင်း များက ထိုမေးခွန်းတိုင်း မေးခွန်းတိုင်း တစ်ကြိမ်စီမရှိပါဘူးဟု ဖြေကြသည်။ ထိုမေးခွန်း အမျိုးမျိုး တွေကို အတန်ကြာကြာမေးစစ်ဖြေဆိုမှုပြီးသောအခါ ရဟန်းလောင်းတို့ကို အလည်ကထား၍ ဥပဇ္ဈာယ် ဆရာတော်ကြီးများက ၀ိုင်းပြီး ကမ္မ၀ါဖတ်ကြသည်။

အချိန်တန်ကြီးကြာကာမှ ဥပသမ္ပဒရဟန်း ခံကိစ္စအ၀၀များ ပြီးစီးကြသည်။ ရဟန်းသစ်များသည် ဆရာတော်ကြီးမျာနှင့် တညီတညာတည်း စီတန်းလျက် တင်ပလ္လင်ခွေ ထိုင်နေကြပြီ၊ ဤတွင် အတွင်းမှ ယောက်ျားကြီး တဦး၏ အော်ပြောသော အသံကိုကြားရသည်။ သက်ဆိုင်ရာ တကာမများ သိမ်ထည်းသို့ ၀င်လာနိုင်ပြီ၊ ရဟန်းဘောင် ၀င်ပြီးစ ဖြစ်၍ အပြစ်စင်ကြယ် လှသော ရဟန်းတော် များကို ဤအချိန် ကန်တော့ ရသောသူများ အလွန် ကုသိုလ်ရသည်ဟုဆို၍ ကျမတို့ ၀င်ပြီး ဆရာတော်ကြီးများနှင့် ရဟန်းတော် အသစ် စက်စက် များကို ကန်တော့ ကြရပါသည်။

ထိုနောက် သိမ်ထွက်တွင် လှူဘွယ်ဝတ္ထုတန်းရန် ပစ္စည်းအရပ်ရပ်များကို ရှေ့ဆုံးမှ ကြွလာသော သံဃာတော်, ဆရာတော်ကြီးများက စ၍ သိမ်ထဲမှထွက်လာသမျှ ရဟန်းတော်များကို ကပ်လှူကြရပါသည်။ ကျမ သည် ကြည့်နူးသော စေတနာနှင့် လှူဘွယ်ရာ ပစ္စည်းများကို လောင်းလှူလျက်ရှိပါသည်။ ထိုကိစ္စ ပြီးစီးသွားသောအခါ ဆရာတော်, သံဃာတော်များနှင့် လူပရိသတ်များ ဧည့်ခံကျွေးမွေးရန်၊ ရေစက်ချ ပြင်ဆင်ထားသော အုတ်ဓမ္မာရုံကျယ်ကြီးဆီသို့ သွားကြရပါသည်။

ဓမ္မာရုံကြီးအတွင်း ရှည်လျားသော သံဃာစင်ကြီးပေါ်တွင် မနက်ဆွမ်းအတွက် အသင့်ပြင်ထားသော ဆွမ်းပွဲရံများကို အလှူ့အမ, ရဟန်းအမဖြစ်သူ ကျမကိုယ်တိုင် ကပ်ရမည်ဟု ဆရာတော်နှင့် သီလရင် ဆရာကြီးတို့က တိုက်တွန်းသဖြင့် သံဃာစင်တဆုံး ပြင်ဆင်ထားသမျှသော ဆွမ်းပွဲရံတွေကို ကျမက လိုက်၍ ကပ်လှူရပါသည်။ ရဟန်းတော်များ၏ ဆွမ်းကိစ္စပြီးဆုံးသွားသောအခါ မြို့ထည်းမှ ဘိတ်ကြား ထားသမျှ ဧည့်ပရိသတ်များ တောရချောင်မှန်သမျှ ဘိတ်ကြားထားသော သီလရင်များမှာလည်း တာဝန် များလျက်က မွန်းမတိမ်းမီ နံနက်စာကို စားကြရရှာသည်။

ညနေ နှစ်နာရီ တွင် ရေစက်ချ တရားနာရမည်စြဖ်ပါသည်။ ချောင်ရှိ သီလရင်များ၏ လက်ကျညီမှုကြောင့်၊ ဓမ္မာရုံထဲမှာ ၁-နာရီခန့်ကပင် ပြင်ဆင်ခင်းကျင်းပြီးသား ဖြစ်သွားပါသည်။ ရှုပ်ပွေနေသော ပန်းကန် ခွက်ယောက်များ လူအားနှင့်တနာရီအတွင်း သိမ်းဆည်းထားပြီးဖြစ်သွားသည်။ တရားနာ ပရိတ်သတ် အတွက် ခင်းကျင်းပြီးသား သံဃာစင်ပေါ်မှာ သင်္ကန်းအစရှိသော လှူဒါန်းဘွယ်ရာပစ္စည်းများ အစီအစဉ် အလိုက် နေသားတကျ ပြင်ဆင်ပြီးသား တရားနာ ရေစက်ချပွဲအပြီး၌ တိုက်ကျွေးဘို့ အအေး အဖျော်ရည် များ ပြင်ဆင်ပြီးသား ဖြစ်သွားသော သီလရင်တို့ အစီအမံ အခန့်အခွဲကောင်းပုံကို တအံ့တသြ တွေ့မြင်ရ ပါသည်။

ထိုအခါ အခြားသော အလှူဒါနများပြုခဲ့ရသည်ထက် ကျမအဘို့နှစ်လို့ ၀မ်းသာခြင်း၊ ကြေနပ်ခြင်း၊ ကြည့်နူး ခြင်းဖြင့် စိတ်ဓာတ် အသန့်ရှင်းဆုံးသော အခိုက်အခါ လည်းဖြစ်ပါသည်။ သင်္ကန်းဆီးရသော အခွင့် ကောင်း ကြုံရဆဲမှာ သုံးလသို့မဟုတ် အနည်းဆုံး တလလောက်နေပြီး တရားအားထုတ် စေလို သေးသည်။ နေလိမ့်မည် ဟုလည်း သိသည်။ ရဟန်းအသစ်များသည် နိဗ္ဗိန္ဒဆရာတော် ဘုရားကြီး ကျောင်းအနီးရှိ အုတ်ကျောင်းကြီး တွင် သီတင်းသုံးကြရသည်။

ကျမတည်းခိုသော နိဗ္ဗိန္ဒချောင်ဇရပ် အဆောက်အဦ အပေါ်ထပ် ပြူတင်းမှ ညအခါ လှမ်းကြည့်လိုက်လျှင် ဧရာဝတီ မြစ် တဘက်ကမ်း ရှိဖိုးဦးတောင်ထိပ် ဘုရားတွင် လွန်ခဲ့သော လကမှ ကျမက ဓါတ်မီးစက် တလုံးတင်၍ တပ်ဆင် လျူဒါန်း ပူဇော်ထားသော ဓါတ်မီးချောင်းတို့မှ စိမ်းစိမ်းလဲ့လဲ့ မီးရောင်များကို ကြည်ညို ဘွယ် တွေ့မြင်ဖူးမျှော် နေရပါသည်။ ဤကြည်ညိုဘွယ်, ကြည်နူးဘွယ်များကို အာရုံခံစားရင်း ပြူတင်း မှ ရပ်ပြီး ဂုဏ်တော်ပူတီးစိပ်လျက် ၃-၄ရက်ဆက်၍ ကုသိုလ် တရားပွားများ နေခဲ့ပါသည်။

ရဟန်းခံပြီးနောက် အစီအစဉ်သစ်များ ဆက်ရန်
.

No comments: