Monday, March 22, 2010

ဒဂုန်ခင်ခင်လေး ၏ မြေပဒေသာ အပိုင်း (၆)

ထိုမျက်နှာကား၊ ထူးခြားပြောင်းလဲ ရှက်ကြောက်နေပုံမရ၊ နဂိုရ်မျက်နှာထားအတိုင်းပင် ရှိသည်ဖြစ်၍ ၀မ်လန်းမှာ အံ့သြခြင်းဖြစ်မိလေသည်၊ မိမိအဘို့မူ ပြီးခဲ့သောညမှာ မိမိအားတခါတည်း ဘ၀သစ်သို့ ပြောင်းပစ် လိုက်သလို ဖြစ်နေသော်လည်း၊ ထိုမိန်းမကားယခု မိမိ၏အိပ်ယာထဲမှ တသက်လုံးက လုပ်လာ၍ မဆန်းတော့သည့်အသွင် ဖြင့်ထလျက်ရှိ၏။
အဘိုးကြီး၏ ချောင်းသံသည် မလင်းသေးသော ဝေလီဝေလင်းအချိန်တွင် ငြီးငွေ့ဘွယ်ကြီး ထွက်ပေါ် လာသော အခါ ၀မ်လန်းက... ''အဘဆီ ရေနွေးတခွက်လောက် သွားပို့ချေကွယ်'' ဟု ခိုင်းလေသည်။

''လက်ဘက်ခြောက် ခပ်ပီးတော့လား'' ဟုသူငယ်မ၏ ပြန်မေးလိုက်သောအသံမှာ၊ မနေ့ကတုံးက နှင့် ဘာမျှ မခြား ရှက်သံလည်းမနှောပေ၊ ဘာမျှမထူးခြားလှသော ထိုအမေးကလေး မှာဝမ်လန်း၏စိတ်ကို နောက်ကျိ၍ သွားစေ လေ၏၊ ''လဘက်ခြောက်ခပ်မှာပေါ့ ဘာလဲမင်းက ဒို့ကို သူတောင်းစား တွေများမှတ်လို့လား'' ဟု တုန့်ပြန် မေးလိုက်ချင်၏၊ မိမိ၏အိမ်တွင် လဘက်ခြောက် ကို ဘာလောက်မျှ ဂရုမစိုက် ကြောင်း သူငယ်မ အား ထင်စားစေချင်လှ၏၊ ဟွမ်၏ အိမ်ကြီးတွင်မူ၊ အမှန်ပင် လဘက်ခြောက် ရွက်စိမ်း ကလေးတွေကို ခတ်၍ လဘက် ရည်ကြမ်း အမြဲတစေ သောက်နိုင်ကြပါပေသည်။

ခိုင်းစေ ထားသည့်ကျွန်များသော်ပင် ထိုအိမ်ကြီး၌  ရေနွေးကြီး သက်သက် မသောက်ကြ၊ သို့သော်လည်း  ယောက္ခမအိမ် စရောက်သည့် ပဌမနေ့မှာပင်၊ ချွေးမဖြစ်သူက ရေနွေးရိုးရိုး မဟုတ်မူ၍၊ သူတို့အဘို့ ရွှေထက် အဘိုးတန်နေသော လဘက်ခြောက်ကို စေတနာ ရေးစီးကမ်းပြိုလိုက်ကာ ခပ်၍ သွားပေးခဲ့လျှင်၊ အဘိုးကြီး ဒေါပွလိမ့်မည်ဖြစ်၏။ ၄င်းတို့မှာ ချမ်းသာသူများမဟုတ်ကြ၊ သို့ဖြစ်လေရာ…'' အဘဘို့ လဘက် ရည်ကြမ်း လား မလုပ်နဲ့၊ ချောင်းဆိုး ပိုသဲနေလိမ့်မယ်'' ဟုပြောလိုက်ရလေ၏။

ထိုနောက်ကား ရခါစမယားကလေးမှာ၊ မီးဖိုချောင်ထဲ၌ မီးမွှေးရ၊ ရေနွေးကြိုရနှင့် အလုပ်ရှုပ် နေသည့် အချိန်၌ ၎င်းမှာ အိပ်ရာထဲတွင် ထွေးထွေးနွေးနွေးနှင့် သဘောကျ ကျေနပ်လေ၏။ ဧဧဆေးဆေး မပူမပင် မကြောင့်မကျ နေနိုင်ပြီဖြစ်သဖြင့်၊ အိပ်မြဲအိပ်နေလိုက်ချင်သော်လည်း နှစ်ရှည်လများ မနက်အစောကြီး ထရလေ့ရှိသော အကျင့်က ကိုးလိုးကန့်လန့် လုပ်နေသည့် အတွက်၊ မိုက်မဲ အပါးမ၀ လှသော အတ္တ ဘောကြီးမှာ ထပ်လော၍ နောက်တကြိမ် မှိတ်အိပ်သည့်တိုင် အိပ်မပျော်တော့ပေ။ သို့ဖြစ်လေရာ၊ အပျင်းကို ဇိမ်ခံလျက်၊ စမြုံ့ပြန်စရာ ရှိတာကလေး တွေကို စမြုံ့ ပြန် အရသာ ယူရင်း လဲလျောင်း အပျင်းဆန့် ၍ သာနေ လေ၏။

ထိုအချိန် အထိ သူ့ သူငယ်မအကြောင်း တွေးလိုက်တိုင်း ခတ်ရှိန်းရှိန်း ဖြစ်နေလေသေး၏။ တ၀က် လောက် သော အချိန်မှာ သူ့လယ်တွေ အကြောင်း စိတ်ရောက်သွားလိုက် ဂျုံစေ့တွေ အကြောင်း စဉ်းစားလိုက်၊ မိုးကျ ၍ စပါးရိပ်သိမ်းချိန်သို့ ရောက်လျှင် ဘယ့်လောက်များမှ ထွက်ပါ့မလဲဟု မှန်း ကြည့်လိုက်၊ ထိုနောက် သူ့ အိမ်နီးချင်း “ချင်း“ ထံမှ မုံလာဥ အဖြူမျိုးစေ့များ ဈေးကိုက်လျှင် ၀ယ်ဘို့ စိတ်ကူး ကြည့်လိုက်နှင့်ပင် ကုန်၍ သွားပေ၏။

သို့သော် နေ့စဉ်နှင့်အမျှ အတွေးနယ်ချဲ့ခဲ့ဘူးပြီဖြစ် သော ထိုကိစ္စတွေအကြားမှ “ငါအခု ဘယ်အဖြစ်မျိုး ရောက်နေပါလိမ့်မလဲ“ ဆိုသော အတွေးမှာ ယက်ကန်းဖောက်သလို ငုတ်ချီ ပေါ်ချီနှင့် တိုးဝှေ့ ခေါင်းပြူ ကာ ပေါ်လာပြန်ရကား၊ ထိုခဏ၌ ညက အဖြစ်ကို ပြန်သတိရမိသွားလျက် “သူ-ငါ့ကို မေတ္တာမှ ရှိရဲ့လား“ ဟူသော သိလိုစိတ် များသည် တဖွားဖွား ပေါ်ပေါက်လာလေ၏။ ပဌမကမူ၊ “ငါသူ့ကို ကြိုက်နိုင်ပါ့မလား၊ ငါ့အိုးငါ့အိမ်မှာ သူပျော် ပိုက်နိုင်ပါ့မလား“ ဟူသော မေးခွန်းကိုသာ ထုတ်ခဲ့မိလေသည်။

မျက်နှာမှာ မျက်နှာပြားဖြစ်လျက်၊ လက်ဖဝါး တို့သည် ကြမ်းတမ်း ခက်ထရော်ခြင်း ရှိကြ ကုန်သော်လည်း လုံးရွယ် ထွားပျို လှသည့် ခန္ဓာကိုယ် မှ အသားစိုင် အသားခဲ တို့မှာမူ၊ ဂွမ်းပုံကြီးများ တွေ့ထိ လိုက်ရသလို ပြော့အိ နူးညံ့ အထူး အံ့စဖွယ် ဘယ်ယောက်ျား ဘယ်ငနဲ မှ လက်မရဲ နယ်မကျူးရသေးသည့် အတွေ့ထူး လှသော မလိုင်ဆီ အနှစ်ခဲ လို ဖြစ်နေရကား၊ ၀မ်လန်းမှာ ထိုအဖြစ်ကို တွေးမိ သွားသည် နှင့် တပြိုင်နက် ညဦး တုံးက ဘယ်ချောက်ကာ ညာလှမ်းခါနီး ရယ်နည်းမျိုးဖြင့် လေးလေးပင်ပင် သံပြတ်ကြီး ရယ်လိုက် မိပြန် လေ၏။

ထိုအိမ်ကြီး က သူဌေးသား မြေး လူလော်မာ တဏှာအိုး ကလေးတွေကား၊ မျက်နှာပြား ကျွန်မ ကလေး၏ ကောင်းကွက် ကို ကြူးကြော်၍ မမြင်သိရှာကြတကား၊ သူငယ်မ ၏ ကိုယ်လုံး ကိုယ်ပေါက်ကား၊ အဆစ် အမြစ် ကြီး သည် မှန်သော်လည်း၊ နူးညံ့ပြော့အိ ငရံ့ကိုယ်လို ရှိဘိ၏။ ထိုခဏ၌ သူငယ်မ၏ မေတ္တာ အချစ်ငွေ့ ကို ပြင်းစွာ အလိုရှိ တောင်းတ မိလေရာ ရှိန်းတိန်းတိန်း ဖြစ်လျက် လိပ်ပြာရှက် လာလေသတည်း။

တံခါးပွင့် လာပြီး အငွေ့တထောင်းထောင်း ထနေသော ရေနွေးပုဂံကို လက်နှစ်ဘက်ဖြင့် ကိုင်လျက်၊ သူငယ်မ သည် သူ့နဂိုရ် ဓလေ့အတိုင်း ဖြည်းညှင်း ညင်သာစွာ ၀င်လာလေ၏။ ၀မ်လန်း သည် အိပ်ရာ မှ ထထိုင်ပြီး ပုဂံကို လှမ်းယူ လိုက်လေသည်။ လဘက်ခြောက်ရွက် ကလေးများသည် ရေနွေးပေါ် တွင် ပက်လက် မှောက်ခုန် ပေါလောပေါ်လျက် ရှိကြပေ၏။ 

ဝမ်လန်းသည် ဇနီးသယ်အား ဆပ်ခနဲ လှမ်းကြည့် လိုက်ရာ သူငယ်မ မှာ ရုတ်တရက် ထိတ်သွားပြီး - “အဘကို ကျမ လဘက်ရေကြမ်း မပေးဘူး ရှင်ပြောသလို လုပ်တာဘဲ ရှင့်ဘို့တော့ ကျမ“ မိမိအား ကြောက်လန့် သွားကြောင်း ၀မ်လန်း မြင်ရလျှင် သဘောကျ သွားလျက် ဇနီးသယ်၏ စကား မဆုံးမီပင် “ငါကြိုက်ပါတယ် ငါကြိုက်ပါတယ်“ ဟု ၀င်ထောက်လိုက်ကာ လဘက်ရည်ကြမ်းပုဂံကို ပါးစပ်တွင် တေ့၍ ကျေနပ်စွာ ကျယ်လောင်သော “ရှရွတ်“ သံဖြင့် သောက်ချ ပြစ်လိုက် လေသတည်း။

၎င်း၏ ရင်ထဲ၌ကား “ငါ့မိန်းမ ငါ့ကို အတော်ချစ်သားဘဲ ဟူသော အားရရွှင်မြူးလာသည့် အသိဥာဏ် အလင်းဟဒယအား စိတ်ဓာတ်၌ ထည့်သွင်းထွန်းလင်းထားလိုက်ဘို့ရန်ပင် ရှက်တက်တက် ဖြစ်နေ လေသ တည်း။
ရက်တွေက ဟောင်း လတွေက ညောင်းလာသော်လည်း မယားကလေးကိုသာ တကြည့်ကြည့် နေချင်စိတ် ပေါက်နေမိလေသည်။ တကယ်တမ်းကား ၎င်းမှာ ယခင်တုံးကလိုပင် အလုပ်နှင့်လက် မပြတ်ရှာပေ။ ပေါက်ပြားကို ထမ်းလျက် လယ်ကွင်းထဲကို ဆင်းလျက် မျိုးစေ့ကို ကြဲလျက် နွားကို ထွန်တုံးတွင် တင်လျက် ထွန်တုံး ဖြင့် ကြက်သွန်ဖြူ နီခင်းတွေကို ထွန်ယက်လျက်ဖြင့်သာ နေလေ ၏။

သို့သော် အလုပ်လုပ်ရခြင်းတွင် ငြီးငွေ့စရာ မရှိ၊ နေကလေးစောင်း၍ ထွန်တုံးကို ဖြုတ်ကာ အိမ်ပြန် ရောက်သွားသည် ဆိုလျှင်ပင် ထမင်းပွဲက အဆင်သင့် စားပွဲလည်း လှဲ့ကျင်းပြီးသား တွေ့ရ ၏။ အထက် တွင်ကမူ မောမောပမ်းပမ်းနှင့် အိမ်ပြန်ရောက်လာသည့်တိုင် ကိုယ်တိုင်ဝင်၍ ချက်ပြုတ် နေရ ပြန်လေသည်။ အဘိုးကြီး စောစောစီးစီး ဆာနေ၍ သူ့ဘာသာ သူ ပေါင်မုံ့ကလေးဖုတ် ဟင်းကလေး ချက်ထားနှင့်မှသာ မီးဖိုချောင် အလုပ်မှ လွတ်ရ၏။

ယခု ဘာရှိရှိ ရှိတာကလေးပင် အဆင်သင့် ခူးခပ်ပြင်ဆင်ပြီးသား တွေ့ရလျက် အလုပ်မှ ပြန်လာ လျှင် လာခြင်း၊ စားပွဲတွင် ကျကျနနထိုင်ကာ တခါတည်း စားနိုင်တော့၏။ အမှိုက်သရိုက်လည်း မြေကြမ်းပြင် မှ လှဲကျင်း သုတ်သင်ပြီးသား၊ ထင်းပုံလည်း ထင်းခွေ၍ ထည့်ပြီးသား ရှိနေ၏။ မယားသယ် ကား သူအလုပ်ခွင် ဆင်းသွား သည် ဆိုလျှင်ပင် ၀ါးထွန်ခြစ် တချောင်းနှင့် ကြိုးတစ်ချောင်းကိုင် လျက် ရွာနီးချုပ်စပ် သို့ လှည့်သွား ကာ မြက်ရိပ် ထင်းခွေပြီး မွန်းတည့်လောက်တွင် ညစာအမှီ ချက်နိုင် လောက်အောင် ထင်းအပြည့် နှင့် အိမ်ပြန် ရောက်သည်။

သို့ဖြစ်လေရာ  ထင်းအ၀ယ်ရ သက်သာသွားလျက် လင့်သဘောနှင့် လိုက်လျော ညီညွတ်လျက် ရှိပေ၏။
မွန်းတိမ်း လောက်တွင် တဖန် သူငယ်မသည် ပေါက်ပြားနှင့် ခြင်းတောင်း တလုံးကို ထမ်းလျက် မြို့သွားသည့် ပေတရာ လမ်းမကြီးသို့ ထွက်တဲ့ပြန်ကာ ကုန်တွေတင်၍ ဥဒဟို သွားလာ နေကြသော မြင်း လား မြည်းသတ္တ၀ါ တို့မှ စွန့်ပစ်ထားခဲ့သည့် မြင်းချေးများကို စုဆောင်းဝယ်ယူခဲ့လျက် လယ်တွေ သြဇာ တက်ရန်ကြဲဘို့ တံခါးဝ တွင် စုပုံထားလေ၏၊ သို့လုပ်ရာ တွင် စကားလည်း ပြောမနေ သူ့အား ဒါတွေ လုပ်ဟု လည်း မခိုင်းရပေ၊ ထိုနောက် နေစုတ်စုတ် ၀င်သွားသည့်တိုင်အောင် အလုပ် နှင့် လက်အပြတ်မထား၊ နွားကို အစာကျွေး ရေသောက်ချင်လျှင် အော်မနေရအောင် ရေလည်း အသင့်ခတ်လျက် ထည့်ပေး ထားပြန်၏။

၎င်းပြင် အ၀တ်စုတ် အ၀တ်ဟောင်းများကို စုပြန်လျက် ချည်ခင်ထွေးကြီးတစ်ခုမှ ယက်ပေါက်ငင်၍ ရစ်ယူ ထားသော အပ်ချည်ဖြင့် ဆောင်းတွင်းအတွက် အင်္ကျီများရအောင် စပ်ဖာချုပ်လုပ်ပြန်လေ၏၊ အိပ်ယာခင်း တွေ စောင်တွေ မွှေ့ရာတွေကို နေပူလှမ်းလျက် ဂွမ်းစောင်များတွင် ငြိတွယ်နေသော အမှိုက်သရိုက်များကို ဖယ်ရှားသုတ်သင်ကာ ရေစိမ်ဖွတ်လျှော် ၀ါးလုံးတင် နေပူလှမ်း အကြိုအကြား မှန်သမျှ၌ မြို့တည်ကာ ပေါက်ဖွားဟန်ကျ နေကြပြီးလျှင် ညအိပ်ရာဝင်မှာ ပုံးရာမှထွက် စည်းစိမ်ကို ဖျက်ကြသည့် သွေးဝဗိုက်ပူ အဆီထူ အပေါက်ကောင်း တွေ့နေကြကုန်သော ပုကွကွ မဲပြောင်ပြောင် သူရဲကောင်း ဂျပိုးအုပ် ကို ထိုးသုတ် ရှာဖွေ နင်းနှိမ်သတ်ပစ်ရ နှင့် သူ့ခမြာမှာ နားရသည်မရှိပေ။

နေ့ရှိသရွေ့ တလုပ်ပြီးတလုပ် ဇယ်ဆက်သလို လုပ်သွားသည်မှာ အခန်းသုံးခန်းစလုံး သန့်ရှင်း ပြောင်လက် စီးပွားပင် တက်လာသလိုလို ထင်မှတ်ရပေ၏၊ အဘိုးကြီး၏ ပန်းနာရောဂါလည်း သက်သာလျောကျလာ လျက် အဘိုးကြီးမှာလည်း အိမ်ခြေရင်းဘက်တွင် နေပူစာကလေးများ လှုံရင်း အကျေနပ်ကြီး ကျေနပ်လျက် မှိန်းနေတတ်သည်ကို တွေ့မြင်ရပေသတည်း။

သို့ရာတွင် ထိုသူငယ်မကား ပြောရေးဆိုဘွယ် ရှိလာသည့်အခါမှ တစ်ပါး စကားတလုံးမျှ မပြော ခတ်မဆိတ် နေလေ့သာရှိ၏၊ ၀မ်လန်းမှာ အခန်းတခုမှတခု ဖြေးဖြေးနှင့် လေးလေးမှန်မှန် သွားလာကူသန်း အလုပ် လုပ် နေရှာသော သူငယ်မ၏ ရွံ့ကြောက်သလိုလို မျက်လုံး၊ ရိုးသား အထိုင်း ဟန်ပန် အမူအယာကင်းသော မျက်နှာ ကလေးကို တိတ်တဆိတ် အကဲခတ်ကြည့်၊ ကြည့် နေသော်လည်း ဘာမျှ ပြောဆို ခေါ်ငင် ခိုင်းစေခြင်း မပြုပေ၊ ညဘက် ရောက်လျှင်သာ သူငယ်မ ၏ နူးညံ့တောင့်တင်း လှသည့် ကိုယ်အငွေ့ဖြင့် မေ့မူးကာ နေလေ၏။

သို့သော် နေ့ဘက် များတွင်မူ သူသုံးသပ် မြင်တွေ့ပြီးသော ကိုယ်တွင် ဘောင်းဘီပြာ အင်္ကျီပြာရိုးရိုးကလေး ၀တ်ထားသည့် သူငယ်မမှာ သစ္စာဖြောင့်မတ် နှုတ်နည်း ငြိမ်သက်လှသည့် အစေခံမ ကလေး တဦး သဖွယ် သာ ဖြစ်နေလေ၏၊ သို့ဖြစ်လေရာ "မင်းဘာပြုလို့ စကား မပြောမဆို နေတာလဲ" ဟူ၍ မေးနေဘို့ပင် မလို တော့၊ သူ့အလုပ်နှင့်သူကား ကျေပွန်ပြီး ရှိနေလေ၏။

ဆက်ရန်
.

No comments: