Saturday, March 20, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၅၁)

လက်ဝဲ၀င်းမှူးဒရိုင်ဘာလင်မယား

ငပလီမှ ရန်ကုန်သို့ ခဏ ပြန်ဦးမည့် လေယာဉ်ရက်ချိန်းမှာ သုံးရက်သာ လိုတော့သည်။ မီးဖိုတာဝန် ခံ အိမ်စောင့် တို့အား ဘုန်းကြီးအတွက် ဆွမ်းဝတ်များ ဂရုတစိုက်ဆောင်ရွက်ရန် မှာထား၍ ဈေးသုံး ငွေများ အလုံ အလောက် ပေးအပ်ထားသည်။ ပြည်ဘက်ကို ခဏသွားပြီး များမကြာမီ ကျမပြန်လာ မည် ဖြစ်ကြောင်း ကိုလည်း သူတို့ နားလည်ကြပြီး ဖြစ်ပါသည်။

သို့ရာတွင် ထိုတရက် နှစ်ရက် အတွင်းမှာ ကျမ၏စိတ်များသည်  အကြောင်းတစုံတရာ မပြနိုင်ဘဲ လှုပ်ရှား လာသည်။ မိန်းမသုံးယောက်၏ တီးတိုးမှုမှာသာ၍သာ၍ မသင်္ကာစရာကြီးဖြစ်လာသည်၊ တားမနိုင် ဆီးမရ အောင် ချက်ချင်းတတိုင်တည်း ရန်ကုန်ပြန်ချင်စိတ်ပေါက်လာသည်။ နောက် ထပ်သုံးလေးရက် မဆိုင်းချင် တော့ပါ၊ ရန်ကုန်အိမ်ကို သင်္ကာမကင်းဖြစ်နေ၍မဟုတ်ဘဲ ငပလီက မိန်းမသုံးယောက်နှင့် ဒရိုင်ဘာတို့ အပြုအမူ ကိုမယုံသင်္ကကာဖြစ်ရတော့ မလိုလို၊ စိတ်ဆိုးရမလိုလို အကြောင်းမဲ့ဝိ၀ါဒကွဲသော အဖြစ်မျိုး ပေါ်ပေါက်လာသဖြင့် ထပြန်ချင်စိတ်ပေါ်လာခြင်းသာ ဖြစ်ပါသည်။
ပို၍ အထောက်အထား ရစေသော မသင်္ကာစရာအကြောင်းတခုမှာလည်း၊ ရှေ့အခန်းထဲမှာထား သော တောပစ် သေနတ်နှစ်လက် ရှိရာ တလက်မှာ မကြာခဏ ဒရိုင်ဘာကနေ နောက်ဖေးဘက်ရှိ အိမ်ကလေး မှာ ယူထားသည်၊ ကျမက လိုင်စင်မရှိသူ မကိုင်စေလို၍ ပြန်သိမ်းထားလျှင် ဒရိုင်ဘာ၏ မယားက မသိမသာ ပြန်ထုတ်ယူ သွားသည်။ ကျမက အိမ်ပေါ်မှာပြန်ထားရန်ပြောလျှင် ဦးလေးက မင်းဆီမှာယူထားပြီး ညရေး ညတာ ရှိလျှင် စောင့်ရှောက်အသုံးပြုရမည်မှာ ထားခဲ့၍ယူထားရခြင်း ဖြစ်ကြောင်းပြောပြပါသည်။

ဒရိုင်ဘာ၏ မယားသည် သေနတ်သာမက ကျမအလှ ထားရန် ဓါတ်ပုံရိုက်ရန် ၀ယ်ယူထားသော ပိုက်ကွန် ကိုလည်း မကြာခဏအောက် သို့ ခိုးချပေးလေ့ရှိသည်။ ဤပိုက်ကွန်နှင့် နောက်ဖေးပိုင်း အလုပ်သမားများက ငါဖမ်း ကြသည်။ ကျမ ၀ယ်မိသော ပိုက်ကွန်နှင့် သူတို့ငါးဖမ်းကြသော အကုသိုလ်ကို ကျမက၀င်ပြီး လက်လျှို မထမ်းလို၍ ပိုက်ကွန်ကို ပြန်သိမ်း ထားသော်လည်း အလစ်မှာ ပြန်ချပေးလေ့ရှိပါသည်။

နောက်ပိုင်းမှာ အလုပ်သမားများနှင့် ဒရိုင်ဘာ၏မယားသည် အခါမပြတ် တီးတိုးပြောလာပြန်ပါ သည်။ ညက ခြံနားမှာ လူစိမ်းများလာသည် ဆိုသောသတင်းကိုလည်း မနက်လင်းလျှင် ကြားရသည်။ အိမ်ထဲမှာ တီးတိုး ပြောမှု တွေကလဲ မရပ်စဲသဖြင့် လျှို့ဝှက်မှုဘဲဟု ရိပ်မိလာသည်။

ဤလူယုံတော် လက်ဝဲ၀င်းမှူးဒရိုင်ဘာ၏ မယားအကြောင်းကို ကျမ ကောင်းကောင်း မသိခဲ့ပါ။ ငပလီ ကို မရောက်ဘူး၍ လိုက်ချင်ပါသည် ဆိုသောကြောင့် သူတို့ဆရာဝန်က နင့်မမကိုလဲ တောက်တို မယ်ရ လုပ်ကိုင် ပေးရန် လိုက်ခဲ့ကြဟု ခေါ်လာခြင်း ဖြစ်ကြောင်း သိရပါသည်။ ကျမကလည်း အကြောင်းမသိ၊ ပြုစု လုပ်ကိုင် ပေးရာမှ အတော် ပေါ့ပါးဖျတ်လတ်မှု ရှိသည်ကို တွေ့ရသည်။ သူပြုစု သည့်အတွက်လည်း ကျမက လက်မနှေးဘဲ လုံးလုံးခဲခဲ ပေးကမ်းထောက်ပံ့ လိုက်ပါသည်။ သို့သော် သုံးလလောက် အတူ နေမိသောအခါ ရိုးရိုး သာမန်မိန်းမများထက် ဖျတ်လပ်ကျင်လည် အားကြီးသည်။ ငယ်စဉ်က ကျင်လည်သော အလုပ်အကိုင် တခုခု လုပ်လာသူ ဖြစ်လိမ့်မည်ဟုတော့ အကဲခတ်လိုက် မိပါသည်။

ကိစ္စအ၀၀ ဇာတ်ပေါင်းမိကြသော ကာလ၌ ဤလူယုံတော် လက်ဝဲ၀င်းမှူး ဒရိုင်ဘာကတော်မှာ ခေသူ မဟုတ်၊ လူသားရောင်းမှုနှင့် မကြာခဏ အဆွဲခံရ၍ ဗမာ့ခေတ်တိုက်က လူယုံတော် အယ်ဒီတာ(-------) ကိုယ်တိုင် ရဲဌာန တွင် ၀င်၍ နှုတ်ပေး နေကျသူ ဖြစ်ကြောင်း သိရပါသည်။ ဤလူယုံတော် လင်မယား အား ကျမကို စောင့်ရှောက်ရန် ဆိုပြီး ခေါ်လာပါသည်။ လူသူ ကင်းသော ပင်လယ်ကမ်းခြေ ၌ အတူ ထားခဲ့သည်၊ သူတို့ အမူအရာများ ကလည်း ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ပင်လယ်ကမ်းခြေ လူပြတ်သော နေရာ၌ ကျမ တအိမ်တည်း ကျန်နေရာမှာ ကျမ၏ ပတ်ဝန်းကျင်က လူများ၏ အတွင်းပုံသဏ္ဍာန်ကို မခန့်မှန်းနိုင်ဘဲ ပိုက်ကွန် ထဲ၌ အရှင်လပ်လပ် မိနေသော သားကောင် သဖွယ် ဖြစ်ခဲ့ရသည်။

သို့သော် ဘ၀အသိဥာဏ် ခေါ်လေမလား၊ တပ်အပ်မပြောနိုင်ဘဲ ကျမစိတ်ထဲမှာဆိုခဲ့ပြီးသည့် အတိုင်း ပတ်ဝန်းကျင် အား မယုံသင်္ကာ ဖြစ်နေသလိုလို၊ စိတ်တို လာသလိုလို နေရင်းက သုံးရက် မျှ ဆိုင်းရမည်ကို မဆိုင်း လိုဘဲ ရုတ်ခနဲ ထပြန်လာလိုသော စိတ်ဖြစ်ပေါ်လာပါသည်။ ယခုတော့ အဲ့သည်အချိန်က နောက်ထပ် ဆက်နေမိလျှင် ကျမဘာဖြစ်ဟု မတွေးဝံ့ တော့ပေ။
သို့ကြောင့် နှစ်ယောက်စာလေယာဉ် လက်မှတ်ရလိုရငြား ကားကလေးနှင့် သံတွဲမြို့လေယာဉ် အလုပ်တိုက် သို့ ကျမကိုယ်တိုင်ထွက်လာခဲ့သည်။ သူတပါး ခိုင်းက ရချင်မှရမည်။

ကိုယ်တိုင်ဝယ် လျှင်အရေးပေါ်လက်မှတ်များ သွားသူမရှိက ၀ယ်၍ရတတ်ကြောင်းသိသဖြင့် ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထင်သည့်အတိုင်းမနက်ဖန် မလိုက်ဖြစ်သော ခရီးသည်နှစ်ဦး၏ လက်မှတ်ကို ကျမ ရရှိခဲ့ပါသည်။ ထို့ကြောင့် ကျမ နှင့် ကျမကို ပြုစုစောင့်ရှောက်နေသော နောက်ထပ်ရောက် လာသူ ကရင်နာ့စ်မ ကလေး နှင့် နှစ်ယောက်တည်း မနက်ဖန် ကြိုတင်ပြန်နှင့်တော့မည်၊ ကျန်အမျိုး သ္မီး များ ကတော့ လက်မှတ် ၀ယ်ထားသော နေ့ရောက်မှ လိုက်လာခဲ့ကြဘို့ စီမံခန့်ခွဲ ခဲ့ရသည်။

တနေ့လုံး တညလုံး လေပြင်းကျလျက် မိုးကလည်း အဆက်မပြတ် သဲသဲမဲမဲရွာသည်။ တခါတရံ လေယာဉ်ပျံ မဆင်းနိုင်သည် အထိ ရာသီဥတုက ဆိုးနေသည်။ ဤအတိုင်းဆိုလျှင် မနက်ဖန် လေယာဉ်ပျံဆင်းနိုင်မှ ဆင်းနိုင်လိမ့်မည် ဟု စိုးရိမ်ရပါသေးသည်။

အိုးမလုံ၍အုံပွင့်သူများချောက်ချားမှု

ကံအားလျော်စွာဘဲ နောက်တစ်နေ့မနက်မှာမိုးစဲ၍ လေငြိမ်သွားပါသည်။ ခါတိုင်းကဲ့သိုက မိုးသက် မုန်တိုင်း ရှိနေလျှင် လည်း ကျမသွားမည့်ခရီးကို နောက်ဆုတ်မည် မဟုတ်ပါ။ ယခုလိုရာသီဥတု သာယာခိုက် နှင့် ကြုံမိတဲ့ အတွက် ၀မ်းသာမိပါသည်။ သို့ရာတွင် ပင်လယ်ကမ်းခြေဆိုသည်မှာ သာယာနေရာမှ ချက်ခြင်း ပြောင်းလဲချင် လည်း ပြောင်းလဲ တတ်ပါသေးသည်။ ကျမ လေယာဉ်ပျံ ပေါ်တက်မိ၍ ထွက်လာခဲ့သည်အထိ သာယာ နေဆဲဖြစ်ရုံမက ရခိုင်ရိုးမကို နိမ့်ချည်မြင့်ချည်မဖြစ်ဘဲ တည်ငြိမ်လျက်ရှိပါသည်။

ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းသို့ ဆင်းမိပြီးသော်လည်း အိမ်ကို အကြောင်းမကြား၍ ကားနှင့် လာကြိုမည် မဟုတ်ပါ။ တယ်လီဖုန်း နှင့် ကားခေါ်နေလျှင်လည်း တကူးတက စောင့်နေရဦးမည်ဖြစ် သောကြောင့် အဖေါ် ပါလာသော ကရင်နာ့စ်ကလေး နှင့် လက်ဆွဲသေတ္တာ တခုသာပါသဖြင့် အဌါး ဂျစ်ကားတစ်စီး ဌါးပြီး အိမ်သို့ လာခဲ့ပါသည်။

ညနေ ၄နာရီလောက်မှ ဂျစ်ကားသည် အိမ်အုတ်လှေခါးသို့ ထိုးရပ်မိသည်။ ပဌမဦးစွာ ဦးတိုက် မြင်လိုက်ကြ သူများ ဖြစ်သော အလုပ်တိုက်သားများနှင့် ဧည့်သည်များသည် ပြူးတူးပြဲတဲနှင့် ကျမဂျစ်ကားနှင့် ပြန်လာ သည်ကို လှမ်းကြည့်ကြသည်၊ ကားမှဆင်း၍ အုတ်လှေခါးမှ တက်မိသော အခါ မန္တလေးမှ ရွှေဝါရောင် အမျိုးသ္မီး ကြီးကြီး ငယ်ငယ်ရွယ်ရွယ် ဗိုလ်ရှုသဘင်ခံနေသော ရှုခင်းနှင့် ကျမက ပက်ပင်းပါ တိုးမိ နေပြန်သည်။ အခမ်းအနားမှူးအဖြစ် သာပေါင်း ညာစား ကပ်ပါး အကြံပေး ဘေးတီး ယောကျာ်းကြီးကြီး တယောက် နှစ်ယောက် ကလည်း အနီးတွင် ရှိသည်။

ကျမက တံခါးဝ၌ မတ်တပ်ရပ်၍ ကြည့်လိုက်ရသော မြင်ကွင်းကျယ်မှာ တအုံးအုံး တရုံးရုံး နေရာမှ တခါတည်း အံ့အားကြီး သင့်လျက်ရှိကြသည်။ ပြီးမှပြုံးသူကပြုံး၊ ရယ်သူကရယ် စကားရော ဖွဲ့ရော လုပ်၍ ရှောင် ထပြေးသူကပြေး နှင့် မသင်္ကာဖွယ်ရာ ဖြစ်သွားသည်။ ကျမက ဘာမှန်းမသိဘဲ ပြန်လာသူဖြစ်သည်။ သူတို့ အထင်က သောင်းကျန်းမှုတွေကို သတင်းကြား၍ ဘွားခနဲ အမိဘမ်းရန် ပြန်လာသည်ဟု ယူဆပြီး အထိတ် တလန့်ကြီး ဖြစ်ကုန်ကြသည်ဟု နောက်မှ သိရပါသည်။

အလုပ်ကိစ္စ ရှိသည် ဆိုပြီး ရန်ကုန်သို့ မကြာခဏ ပြန်သွားခြင်း၊ သွားလျှင် အနည်းဆုံး တပတ်မျှ ကြာခြင်း၊ တခါတခါ လည်း ရန်ကုန်မှ တဆင့် ပြည်မြို့ဘက်သို့ သွား၍ ဖိုးတောင်ဘုရားပြုပြင်ရန် ကိစ္စများ စီစဉ် သည်ဟု သိရသည်။ ယခုလိုဧည့်သည်အမျိုးသမီးတေါ တအုံးအုံးတရုံးရုံးနှင့်တွေ့ရ သောအခါ တစုံတဦးနှင့် မယုံသင်္ကာစိတ်မျိုးကျမက လုံးဝမရှိသေးသော်လည်း ဟေးလေးဝါးလား နေခြင်း၊ ဤလို တရုံးရုံး နေရသည် ကို သာယာနေခြင်း၊ ပျော်ရွှင်နေခြင်း၊ ကျမကတော့ ငပလီမှာ မထိတ်သာမလန့်သာကိစ္စများနှင့် ရင်ဆိုင် လာခဲ့ရခြင်း တို့နှင့် ချိန်ဆ၍ ရှူးခနဲဒေါပွလိုက်သည်။ ပြစ်တင်ကြိမ်းမောင်း မိသည်။ ဧည့်သည် အမျိုးသ္မီး ကြီးကြီး များက ကျမအားခရီးရောက်မဆိုက် စိတ်ထိခိုက်မခံရန် ချော့မော့တောင်းပန်ကြသည်၊ ဒီအထဲမှာ မလုံသူ လင်ရှိမယား တယောက်က တော့ မျက်စိမျက်နှာ အထူးပျက်လျက် နောက်ဖေးဘက် မှ တိမ်းရှောင် နေပါသည်။ ဒါကိုလဲ ကျမက ဘာမှ မသိ နောက်မှသာ အကြောင်းသိ ရပါသည်။

အိမ်မှာ အခံကျန်ရှိသော စလေသူမနှင့် စာအုပ်ရောင်း စာရေးမ၊ ဓာတ်ပုံဆရာ ၏ အမအကြီးဆုံး တို့ ကလည်း မျက်စိ မျက်နှာပျက် နေကြပါသည်။ သူတို့ မျက်နှာပျက် သည်မှာ ခရီးရောက် မဆိုက် ကျမက ဆူလိုက် ၍သာ ဖြစ်မည်ဟု သာမန် ထင်ခဲ့မိပါသည်။ အိုးမလုံ သူတွေ အုံပွင့် နေသလို တအိမ်လုံး မျက်စိ မလှ မျက်နှာ မလှ ဖြစ်ကြခြင်းမှာ ကျမက အကြောင်းစုံ အရေးတော်ပုံ တွေသိလို့သာ ဖြုန်းကနဲ ပြန်လာသည်ဟု အထင် ရောက်နေကြပါသည်။

တကယ်တန်း ကျမက ထိုအချိန်က ဘာမှမသိရသေး။ ဇာတ်ရေမလည်သေး၊ သာပေါင်းညှာပေါင်း တွေ အလွန်များပြီး လိုင်စင်ရရေးကိစ္စ၊ ရာထူးကိစ္စအကူအညီတောင်းကြသည်။ ဆရာမွေးကြသည်။ မြောက်ခိုင်း ကြသည်ဟု အပရိကသာ နားလည်ထား၍ ဒီကိစ္စများကြောင့် ဒီလူသိုက်တွေနှင့် လုံးလား ထွေးလား အလုပ် များလွန်း နေခြင်းကို သဘောမကျမှုတခုကိုသာ အရင်းတည်၍ ပြောဆိုဆူပူမိခြင်း ဖြစ်ပါသည်။ ဧည့်သည် အမျိုးသမီး အကြီးများက အလုပ်တိုက်ဖွင့်ရန် အခန်းငှါးပေးမည်ဟု ဗမာ့ ခေတ်မန်နေဂျာကခေါ်၍ သွားဦး မည်နှုတ်ဆက် ပြီး ပြန်သွားကြသည်။

အမျိုးသ္မီးကြီး တဦးကတော့ (ပြောစရာစကားတွေ အများကြီးရှိတယ်၊ တညလာအိပ်ပြီး ပြောပါဦးမည်) ဟူ၍ပင် ပြောသွားပါ သေးသည်။ ဒါကိုလဲ ကျမက ဘာမှမရိပ်မိသူ၊ အထူအအအဖြစ်နှင့်ဘဲရှိပါသေးသည်။ သူတို့ ပြန်သွားသောအခါ အိမ်ဖေါ်များ ကျမအနားသို့တယောက်မှမလာသောကြောင့် လှမ်းခေါ်မိသည်။ အခါတိုင်း ဆိုလျှင် ကျမခရီးသွားခါနီး၌ မီးဖိုဆောင်က တာဝန်ခံများထမင်းစားခန်း၊ ဧည့်ခန်း တို့မှ တာဝန်ခံ များ တစုတရုံး နှုတ်ဆက်ကြမြဲ၊ ခရီးမှပြန်ရောက်လာလျှင်လည်း တစုတပြုံကြီး ၀ိုင်းလာပြီး ပါသော ပစ္စည်းများ သယ်ယူကြမြဲဖြစ်လျက် ယခု တယောက်မှ မျက်နှာလာမပြကြပါ။ ကျမက ခေါ်ယူသည် တိုင်အောင် တကောင်တမြီး မှ ထွက်မလာ ကြပါ။

လူဟောင်းများ တပြုံကြီး ကန်ထုတ်ပုံ ဆက်ရန်

.

No comments: