Tuesday, March 9, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၀)

သူများသားသ္မီးနဲ့ အငှါးပျော်ရွှင်ရ၏

 သို့လျှင်အသက်အရွယ်ကြီးသော်လည်း မကုန် ဆုံးသေးသော ကာမဆန္ဒအာသာကို ငြိမ်းအေး စေရန် စာရိတ်ကျဉ်းကျဉ်းနှင့် ကြံဖန်ဖြေရှင်းခဲ့ရာမှ ယောက်ကျားနှင့် မိန်းမပေါင်းသင်း ဆက်ဆံကြ ရာ၌ သားသမီးတည်းဟူသော အသီးအပွင့် တွေ ဖြစ်ပေါ်လာသော ဓမ္မတာထုံးတမ်းက ဟန့်တား ၍ မရနိုင်ပါ။ သို့ကြောင့် သားသမီး ၃-၄ ယောက် အထိရှိလာသည်။ ဒါတွေကိုတော့ သွေးသား မတော် ဟု ငြင်းဆို ၍ မဖြစ်နိုင်ပါ။

ဇနီးဖြစ်သူ သေဆုံးသွားသည့်တိုင် နောက်ပိုင်းမှာ ကျန်ရစ်သော သားကြီး သမီးကြီးများသည် နောက်မိဒွေး ကို နေရာတင်၍ ပွဲဝင်မယားအဖြစ် မကြည်ဖြူသော ကြောင့် တဆူဆူတညံညံ ဖြစ်ခဲ့ကြသည်မှာလည်း လူသိရှင်ကြားပင် စစ်ကိုင်တောင်ရိုး စစ်ပြေးဘ၀ ၌ ပုန်းရှောင်နေကြစဉ်ကလည်း ကျောင်းဇရပ်များမှာ မကြာ မကြာ ဆူညံလေ့ရှိသော ထိုရန်ပွဲကို ဆွဲ ရဖြန်ဖြေရနှင့် နားရသည်မရှိကြောင်း ကျော်မကောင်း ကြားမကောင်း သတင်းတွေ ထောင်းထောင်း ထခဲ့ရသည်။

သို့ရာတွင် ဖခင်ကြီး သေဆုံးသွားသောအခါမှာတော့ မခေါ်ချင်လျှင် မခေါ်ဘဲ နေနိုင်သော်လည်း မတော်ချင်  ၍  မရသောဖခင်၏ သားသမီးများက သူတို့နှင့် တဖခင်တည်းမွေးသည့် သွေးသားရင်း များ ဖြစ်နေသဖြင့် သမီးအကြီးဆုံးဒေါ်ခင်ခင်ဆွေက အိမ်အ၀င်အထွက် လက်ခံခဲ့ရာ မိဒွေးကလည်း သားကြီး သမီးကြီး များအား ဘုရားထူး၍ ပြောရသည်။ ဒါကအဆင့်အတန်းနှင့် အသက်အရွယ်မတူ ၀ါခြင်းမတူ၍ အရိုအသေ ပေးပေါင်းရခြင်းဖြစ်သည်ဟု နားလည်ကြသည်။

ဒေါ်ခင်ခင်ဆွေက မိဒွေးနှင့် သားသမီးများ လာသောအခါ အနည်းအကျဉ်း ထောက်ပံ့ ပေးကမ်းသည်။ သူ့မှာလည်း သားပျို သမီးပျို တွေ အများရှိ၍ စားလောက် သောက်လောက်အောင်ထောက် ပံ့ခြင်း မပြုနိုင် ဟု ပြောသည်။ သူ့အဖေရှိစဉ်က ဆောက်ပေးထားခဲ့သော ၀ါးကပ်မိုး ထရံကာ အိမ်ကလေးကိုပင် ရောင်းချ၍ ကလေး ၃-၄ယောက်နှင့် စားသောက်ရသည်။ ယခုအခါ အမေက မုန့်ရောင်း၍ သမီးက ကပ်ကြေး တလက် နှင့် ဆေးပေါလိပ်ခုံမှာ ဆေးလိပ်ရသော ပိုက်ဆံဖြင့် မိသားစု ရှာဖွေစားသောက်နေရပါသည်ဟု ဆိုသည်။

သည့်ထက်ပို၍ လာသည်မှာ သူ့အဖေ၀က်မစွတ်မောင်မောင်ကြီးက မွေးခဲ့သော ဖအေတူ သွေးသား များဖြစ် ပါသည်။ ယောက်ကျားကလေးများအတွက်က အရေးမကြီးလှသော်လည်း သမီးမိန်းခလေးမှာ အပျိုအရွယ် ဖြစ်ပြီး ဆွေကြီးမျိုးကြီး အရိပ်မကင်းဘဲနှင့် ဆေးလိပ်ခုံမှာ လုပ်နေရ သည်ကို မကြည့်လိုပါ။ ညီမအိမ်မှာ ခိုင်းဘို့ စေဘို့ဘဲ ရရ ခေါ်သွားပြီး ကျွေးမွေးပြင်ဆင်ထားစေချင် ပါသည်ဟု ၎င်း၏ခင်ပွန်း ဦးစံလှကပါ ထောက်ခံပါသည်။

ကျမကလည်း နောက်နောက်က ကျမတို့အပေါ်မှာ ဘကြီးဝက်မစွတ် မောင်မောင်ကြီး၏ မညှာမတာ ပြုမူခဲ့မှု တွေကို မေ့ပစ်လိုက်ပြီ ဖြစ်သည်တကြောင်း ရန်ကုန်ရှိ ကျမအိမ်ပေါ်မှာ မန္တလေးက ညီမတ၀မ်းကွဲ တူမ ၀မ်းကွဲများ ကျောက်ပတောင်းမှ ဆွေတစ မျိုးတစမိန်းမပျိုကလေး များနှင့် ခင်မင်မှုကြောင့် တမင်လာ နေကြသော ကောလိပ်ကျောင်းသူ ကလေးများအထိ သားသမီး တွေပမာ အတူနေကြလျက်ရှိပါသည်။ သို့ကြောင့် တဦးတလေ နေမည့်သူတိုးလာရာ၌ ၀န်လေးဘွယ် မရှိ၍ လွယ်လွယ်နှင့် ခေါ်လာခဲ့ပါသည်။ ဤမျှ သာမက အသိမိတ်ဆွေ ထဲက လင်နှင့်ကွဲလာသော ကွယ်လွန်သူ ရုပ်ရှင်မင်းသမီး မေရီမြင့်အစ အခြားအိမ် နှင့် အဆင်မပြေသူ မိန်းမများကိုလည်း သူတို့တတွေ အဆင်ပြေသွားသည်အထိ ကြည့်ရှု ထိန်းသိန်း စောင့်ရှောက်ခဲ့သူ ဖြစ်ပါသည်။

သို့ကြောင့် အိမ်၏တဘက်မှ အခန်းကျယ်ကြီးတခုသည် မိန်းမပျိုကလေးတွေ စုပြုံနေထိုင်ရာ ဘော်ဒါ ကျောင်းတခုကဲ့သို့ ရှိနေပါသည်။ သူတို့တတွေသည် အိမ်မှုကိစ္စဆို၍ ဘာမှကူညီလုပ်ကိုင် ကြရသူတွေ မဟုတ်ပါ။ အချိန်တန်လျှင် ထမင်းစားခန်းရှိ စားပွဲရှည်ကြီးမှာ တပျော်တပါး ထမင်းစား ကြသည်။ ကျောင်းသွား သူက သွားကြသည်။ ကျမဘုရားဖူးထွက်သောအခါ တစုတပြုံကြီး လိုက် ခွင့်ရသည်။ သူတို့ သာမက အမျိုးသမီးကလောင်အဖွဲ့နှင့် ယုဝတီအယ်ဒီတာအဖွဲ့က အမျိုးသမီး တွေကလည်း ဒေသန္တရ ဗဟုသုတ ဆည်းပူးကြစေခြင်းငှါ ကြုံရာ၊ ကြုံရာ ခေါ်ဆောင်သွားလေ့ ရှိပါ သည်။

အိမ်၏ဝေယျာဝိစ္စ ဆောင်ရွက်တို့မှာ သီးသန့်ငှါားထားသော အိမ်ဖေါ်အမျိုးသမီးများ ရှိ၍ အိမ်အပေါ် ထပ် အောက်ထပ်မှာ နှစ်ယောက်စီခွဲဝေ တာဝန် ယူစေပါသည်။ သူတို့မှာလည်း အိမ်သန့်ရှင်းမှုနှင့် ဗါယီယ အလုပ်ကလေးများသာ လုပ်စေလျက် အချက်အပြုတ် အကျွေးအမွေးဘက်မှာ သူ့ဆိုင်ရာ ဆိုင်ရာ တာဝန်ယူ လုပ်ကိုင်နေသူ ထမင်းချက် စားပွဲထိုး စသည်တို့က အဆင်သင့် ရှိနေကြပြီး ဖြစ်၍ သူတို့တတွေ စည်းစိမ်နှင့် နေရပါသည်။

ဤသဘောမှာ ကျမ၌ သားသမီးရှိသူဖြစ်၍ အိမ်ကျယ်ကျယ်ကြီးမှာ သူ့တပါးသားသမီးများ ခေါ်၍ အငှါး ပျော်ရွှင်နေခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုသို့ နေရဲခြင်းမှာလည်း မည်သူ့အပေါ်မှာမူ သံသယမရှိခဲ့၊ သံသယရှိစရာ အသက်အရွယ်တွေ မဟုတ်ကြတော့ပြီ ဟူသော ယုံကြည်မှုကြောင့် သာ ဖြစ်ပါသည်။

ဒါးစားခံဖြစ်စေသော ကိစ္စတခု 

၁၉၅၇ခု၊ တပေါင်းလမှာ ကျောက်ပန်းတောင်းမြို့ရှိ ကျမ၏အဘိုးဖြစ်သူ မြို့အုပ်ကြီး ဦးဘိုးဆွေ၏ ကောင်းမှု ရွှေတောင်ဦးဘုရား စစ်အတွင်းက ပျက်စီးယိုယွင်းနေသည်များကို ပြုပြင်မည့်သူ သားမြေး ထည်းမှ မပေါ်ထွက်သောကြောင့် ကျမတဦးထည်းတကာခံလျက် ပျက်စီးသွးသော ဘုရား စောင်းတန်းကြီးကို တောင်အောက်မှ တောင်ပေါ်အရောက် အသစ်ဆောက်လုပ်ခြင်း တောင်ထိပ်ရှီ စေတီတော်တဆူလုံး ရွှေသင်္ကန်းကပ်ခြင်း၊ ဓါတ်မီးကြိုးများ တောင်ပေါ်ရောက် သွယ်တန်း၍ စေတီတော်မှာ ညဥ့်စဉ်ဓါတ်မီးဖြင့် ပူဇော်ခြင်းစသော ကောင်းမှုများ ပြီးစီးနေပြီ ဖြစ်၍ လာရောက်ရေစက်ချရန် အကြောင်းကြားပါသည်။

ထိုစဉ်အခါက အလှူကိစ္စအရပ်ရပ်ကို ကြီးကြပ်ဆောင်ရွက် ကူညီစံမံပေးသူမှာ ဗိုလ်မှူးကြီး မြသောင်း ဖြစ်ပါသည်။ ဗိုလ်မှူးကြီး မြသောင်းက ကျောက်ပန်းတောင်းပုပ္ပါးနယ်မှာ တာဝန်ထမ်း ဆောင် နေရသော အခိုက်အခါဖြစ်သောကြောင့်၏လည်း၊ ကျမ၏ ကုသိုလ်ကျောင်းမှုများ ပြီးမြောက်သည်အထိ ရပ်ဆွေ ရပ်မျိုးဖြစ်သူကက တဦးလည်း ဖြစ်နေသဖြင့် ကြည့်ရှု စီမံ ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါသည်။
သို့ကြောင့် ကျောက်ပန်းတောင်းမှ ရွှေတောင်ဦးဘုရား စောင်းတန်းကြီး ရေစက်ချရန်နှင့် ပုဂံပုပ္ပါး၊ ရွှေစက်တော် ဘုရားပွဲတော်အထိ သွားကြရန် စီစဉ်ကြပါသည်။

ကျမဘုရားဖူး ထွက်ရာတွင် ပါနေကြ လိုက်နေကြ အမျိုးသမီး ကလောင်အဖွဲ့ဝင်များ၊ ယုဝတီ အယ်ဒီတာ အဖွဲ့ဝင်များ၊ အပြင်မှ မိတ်ဆွေများ၊ ကျမအိမ်တွင် နေထိုင်ကြသူများ၊ ကျမအတွက် ပြုစုစောင့်ရှောက်ရန် အိမ်ဖေါ်အမျိုး သမီးများနှင့် ယောက်ျားပိုင်းမှလည်း လူအတော်များများ လိုက်ရန် စာရင်းပေးကြသည်။

ပထမရှေးဦးစွာ ရွှေစက်တော် ဘုရားပွဲတော်သို့ သွားပြီးမှ မင်းဘူး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းပုပ္ပါးနှင့် ပုဂံမြို့များသို့ လှည့်လည်ကြရန် ခရီးစဉ် ဆွဲထားသည်။ လိုက်ပါကြ သည့် လူအရေအတွက်က ၄၀-ကျောက်မျှ ရှိ၍ ရန်ကုန်မှပြည်သို့ မီးရထားတွဲရှည်ကြီးတခုလုံး ငှါးသွားရပါသည်။ ပြည်မြို့သို့ရောက်သောအခါလည်း ပြည်နှင့် မင်းဘူးသွား ကူးတို့သင်္ဘော၏ အပေါ်ထပ်ရှေ့တခုလုံး ကျမတို့လူသိုက်နှင့်ပင် နေရာပြည့် သွားပါသည်။

မင်းဘူးမှ တဆင့် ရွှေစက်တော် ဘုရားပွဲတော်သို့ အရောက် အသင့်ကြိုတင် စီစဉ်ထားသော ကားများနှင့် တဆင့် သွားရသည်။ လူပေါင်း ၄၀-ကျော်မှာ ဤသို့ စီစဉ်မထားပါက အလွယ်တကူ ရောက်နိုင်ကြရန် မဖြစ်နိုင်ပါ။ တည်းခိုစရာမှာလည်း လူလေးငါးဆယ်ခန့်ဆန့်သော တဲကြီးတခု အရန်သင့် စီစဉ်ပေးထားသဖြင့် ချောင်ချောင်ချိချိ နေကြရပါသည်။ ဤအစီအစဉ်များမှာ မကွေးမြို့ ရှိ ဆွေမျိုးထည်းမှ အရာရှိတဦးက တင်ကူး ပြုလုပ်စီစဉ်ပေးထားခြင်းဖြစ်ရာ နောက်ပိုင်း ကျောက်ပန်းတောင်း ရေစက်ချပွဲမှ  အစ၊ ပုပ္ပါးနှင့် ပုဂံညောင်ဦးမြို့များအထိ သူတို့အသိုက်အအုံကို ပါ တလှည့်ပြန်၍ ခေါ်လာပြီး လည်ပတ် စေပါသည်။

ရွှေစက်တော်ဘုရားပွဲမှာ ထုံးစံအတိုင်း စည်းကားလှပါသည်။ သို့ရာတွင် ညဥ့်အချိန်မှာ စက်တော် ရာ တောင်တော် နှစ်ခုတွင်၎င်း၊ စောင်းတန်းများတွင်၎င်း၊ ကျယ်ဝန်းသော ဘုရားပွဲခင်းကြီးတခုလုံး မှာ၎င်း၊ ဓါတ်မီးရောင် က အလွန် အားနည်းလှပါသည်။ တောကြီးခေါင်ခေါင် တောင်တန်းကြီးများ အလည်မှာ ဓါတ်မီးစက် ကလေးငယ်ငယ်နှင့် အလင်းရောင်မမျှမတ ရှိနေသည်ကို အားမလိုအားမရ ဖြစ်သဖြင့် ကျမက ဓါတ်မီးစက် အားကြီးကြီးတလုံးကို ထပ်မံ လှူဒါန်းရန် အာမခံခဲ့ပြီး နောက်နှစ်ပွဲ တော်မတိုင်မီ ရောက်အောင် ပို့ဆောင် လှူဒါန်းခဲ့ရပါသေးသည်။

ဘုရားပွဲပြီးခါနီးအဖိတ်နေ့မှာ ကျမတို့ ပြန်လာကြသည်။ မကွေး၊ ချောက်၊ ရေနံချောင်း စသည်များ ကို လှည့်လည် ခဲ့ပြီး၊ ရွှေတောင်ဦး ဘုရားစောင်းတန်းနှင့် အလှူများ ရေစက်ချရန် ကျောက်ပန်းတောင်းမြို့သို့ ရောက်လာ ကြပါသည်။ ဤတွင် အသင့်ပြင်ဆင်ထားပြီးသော ဆွေမျိုး များ အစီအမံဖြင့်၊ ကျောက်ပန်းတောင်း မြို့ပေါ်ရှိ ရဟန်းရှင် လူများ ဘိတ်ကြားလှူဒါန်း ကျွေးမွေး လျက် ရေစက်ချ ပွဲပြီးမြောက် ခဲ့ပါသည်။ ထိုမှတခါ ပုပ္ပါးတောင်မကြီးနှင့် တောင်ကလပ်တခွင်သို့ လှည့်လည်ရန် ပုပ္ပါးဗိုလ်တဲ မှာ သုံးရက်ခန့် ရပ်နားပြီး ဘုရားဖူးကြပါသည်။

ထိုမှတဖန် ပုဂံညောင်ဦး သို့ သွား၍ ညောင်ဦးဗိုလ်တဲမှာ ၄-၅ရက်ခန့် နေထိုင်ပြီး ပုဂံမြို့ရှိ ဘုရားများကို ရက်အပိုင်း  အခြား နှင့်ခွဲကာ နှံ့စပ်အောင် လှည့်လည်ဖူးမျှော် ကြရပါသည်။ ကျမမှလွဲ၍ ကျမနှင့်အတူ ပါလာသူများမှာ အောက်ပြည် အောက်ရွာ ဇာတိများ ဖြစ်သည်။ ပုဂံ၊ ပုပ္ပါး၊ ရွှေစက်တော်စသော  အရပ် များကို တကြိမ်တခါမှ မရောက်ဘူးကြသူတွေ ဖြစ်သောကြောင့် ဤသို့ ပုဂံဘုရားတွေ တ၀ကြီး ဖူးရသော အခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ သူတို့ဝမ်းသာသမျှ ကျမက နိဗ္ဗာန်ကူးတို့ ပို့ရကျိုးနပ်သည် ဟု ကြည်နူးမိပါသည်။ သို့သော် အနှောင့်မလွတ် လုပ်တတ်သော ကိစ္စတခုက ကျမအား ဒါးစားခံ အဖြစ် ထိခိုက်မှု တခုနှင့် တွေ့ခဲ့ရသည်။

ဂဏှာမငြိမ်သောအမျိုးသမီး
.

No comments: