Sunday, March 7, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၃၅)

ကျမသည် ကပ္ပတိန် ၀ါ့ဒ် ထံသို့ နှစ်လကျော်ကျော် သွားရောက်၍ လျှို့ဝှက် တွေ့ဆု့ခဲ့ပါသည်။ ကျောက်ခဲ သဖွယ် မာကျောနေသော ချာပါတီနှင့် အခါအခွင့်သင့်တိုင်း အမဲသား ပြုတ်ကျော်များ ကို ယူဆောင်သွား ခဲ့ပါသည်။

အမဲသားကို ဆားနှင့် နယ်၍ ရေတွင် ပြုတ်ပါသည်။ နွေရာသီ၌ ကြာကြာခံရန် ဤနည်းကို သုံးရ ပါသည်။ အမဲသားပြုတ်ကျော်ကို မစားမီ ကြာကြာ ရေစိမ်ထားရန် မှာကြားခဲ့ပါသည်။
ကျွန်မသည် ကြက်ဥပြုတ်များအပြင် ကြက်သားကို ချက်ပြုတ်၍ သူ့ထံသို့ တစ်ခါတစ်ရံ ယူသွား တတ်ပါသည်။ ယင်းအစားအစာများသည် သူ့အတွက် ရက် အကန့်အသတ်မရှိ အသက် ရှင်သန် နိုင်ရန် မဟုတ်ပေ။ သူ၏ ငှက်ဖျား ရောဂါကို တန့်သွားအောင် ရက်အတန်ကြာ ကုသပေးနိုင်ခဲ့သော် လည်း သူ၏အခြေအနေက တစ်နေ့ တစ်ခြား ဆိုးရွားလာခဲ့ပါသည်။

သူသည် တချို့နေရာများ၌ ထူးဆန်းနေပါသည်။ သူသည် သတ္တိကောင်းသည်။ ခင်မင်ရင်းနှီးမှု ရှိ သည်။ သို့သော် ယုံကြည်စိတ်ချစွာ ပြောဆို ဆက်ဆံခြင်းကား မရှိပါ။ ကျွန်မက ပေးသမျှ သတင်း များကို စိတ်အား ထက်သန်စွာ လက်ခံပါသည်။ သူပြောနေကျ စကားများကမူ ဗြိတီသျှတပ်များ၏ အခြေအနေ ကောင်းနေ သည်။ စစ်ပြီးဆုံးရေးမှာ မကြာတော့ ဟူ၍ပင် ဖြစ်ပါသည်။

ဗြိတိသျှတို့အပေါ်တွင် သစ္စာဖောက်သွားကြသော အိန္ဒိယအမျိုးသားတပ်မတော် ခေါင်းဆောင် ဆူဘတ်(စ်) ချန်ဒရာဘို့(စ်)နှင့် ကျွန်မ တွေ့ဆုံခွင့် ရခဲ့ပါသည်။ ထိုအချိန်မှာ ကပ္ပတိန် ၀ါ့ဒ်နှင့် ကျွန်မ တို့ ပထမအကြိမ် တွေ့ပြီးစက ဖြစ်ပါသည်။ အိန္ဒိယအမျိုးများက သူ့အပေါ်တွင် အထင်ကြီးပြီး လေးစားကြည်ညိုမှုများ ရှိနိုင် စေကာမူ ကျွန်မ အမြင်တွင်မူ သူ့အး သစ္စာဖောက်တစ်ယောက်ဟု ယူဆပါသည်။

အိန္ဒိယအမျိုးသား အများအပြားက သူ့အား ထောက်ခံကြာခြင်း မရှိကြပါ။ ဂျပန်များ၏ အဖမ်းအဆီး ခံခဲ့ရသော စစ်သားအချို့က သူ၏ စစ်တပ်တွင် ပါဝင် အမှုထမ်းကြသော်လည်း သူတို့၏ မူရင်း စိတ်ဓာတ် ကမူ ဗြိတိသျှတို့အပေါ်တွင် လိုလားလျက် ရှိကြပါသည်။ သူတို့အတွက် ပေးလာသော အလုပ်က အကျဉ်းစခန်း တွင် ဆင်းဆင်းရဲရဲ နေရမည်ထက်တော့ အခွင့်အရေး သာနေပါသည်။

ဗြိတိသျှတို့အပေါ်တွင် သစ္စာရှိကြသဖြင့် အနှိပ်စက် အညှဉ်းပန်း ခံနေရသည်ကို သူတို့အနေနှင့် ကိုယ်တိုင် မြင်တွေ့ နေကြရသည်။ ခွေးတစ်ကောင်ကို ထည့်ထားရန်ပင် ကျဉ်းကျပ်နေသော အခန်း များထဲတွင် အရာရှိများ၊ အကြပ်တပ်သားများကို လပေါင်းများစွာ ထည့်လှောင်ထားသည်ကို သူတို့ တွေ့မြင် နေကြပါသည်။ နိုင်ငံခြားတိုင်းပြည် တစ်ခုအပေါ်တွင် သစ္စာရှိနေရာမှ အခြား နိုင်ငံတစ်ခုထံ သို့ ကူးပြောင်း သစ္စာ ခံခြင်းဖြင့် ယင်းသို့သော ကံကြမ္မာဆိုးများမှ လွတ်မြောက်သွားသည်ဖြစ်၍ သူတို့အပေါ်တွင် အပြစ် မမြင်သင့်ပါ။

ကျွန်မနှင့် ဘို့(စ်)တို့ ဆုံတွေ့ကြရပုံမှာ အတော်ပင် ဆန်းကြယ်လှပါသည်။ ကျွန်မတို့ စခန်းတွင် ကုလားဆရာဝန် တစ်ယောက်၏ ဇနီး အင်္ဂလိပ် အမျိုးသမီးတစ်ဦး ရှိပါသည်။ သူ့ယောက်ျားက ဂျပန် စစ်ဆေးရုံတစ်ရုံတွင် အလုပ် လုပ်နေပါသည်။ သူမမှာ စိတ္တဇဝေဒနာ စွဲကပ်နေပါ ၍ ကပ္ပတိန် မူရန်နိုအား သူမ၏ ယောက်ျားနှင့်အတူ နေထိုင်ခွင့် ပေးသင့်ကြောင်း။ သို့မဟုတ်ပါက သူမ၏ စိတ်ရောဂါ ပျောက်ကင်း လိမ့်မည်ဟု တာဝန် မယူနိုင်ကြောင်း တင်ပြပါသည်။

ကျွန်မ၏ အကြံပေး တင်ပြချက်ကို ဘို့(စ်)ထံ ထပ်မံတင်ပြရာ ဘို့(စ်)က ကျွန်မအပေါ်တွင် အထင် အမြင် လွဲမှားခဲ့ပါသည်။ နောက်တစ်နေ့တွင် ကျွန်မအား စစ်သားနှစ်ဦး စောင့်ကြပ်လျက် အရာရှိ ကြီးတစ်ဦး၏ အိမ်ဖြစ်ဖွယ်ရှိသော ခမ်းနားသည့် အဆောက်အအုံ တစ်ခုသို့ ခေါ်ဆောင် သွားခဲ့၏။ ကျွန်မကို အခန်းတွင်း သို့ ၀င်ခိုင်းရာ ကုလားလူမျိုးတစ်ဦးနှင့် ရင်ဆိုင် တွေ့ဆုံပါသည်။
“ငါဘယ်သူလဲဆိုတာ မင်းသိရဲ့လား" ဟု ဘို့(စ်)က မေးပါသည်။

"တွေးလို့ မရပါဘူး" ကျွန်မက ရိုးသားစွာ ပြန်ပြောပါသည်။
"မင်း သိချင်သလား"
"ရှင် ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်မအဖို့ ဘာထူးမှာလဲ"
"ဆူဘတ်(စ်)ချန်ဒရာဘို့(စ်)ဆိုတာ ငါပဲ၊ အခု ငါဘယ်သူလဲဆိုတာ မင်း သိသွားပြီ မဟုတ်လား" ဟု သူက ဆက်မေးပြန်ပါသည်။
"မဟုတ်ဘူး၊ ရှင့်ကို ကျွန်မ မသိဘူး၊ ကျွန်မတို့ စခန်းမှာ ဘယ်သတင်းမှ မရဘဲ ဆူဘတ်(စ်) ချန်ဒရာ ဘို့(စ်)ဟာ ဘာလဲဆိုတာ ကျွန်မ ဘယ်လို လုပ်သိမလဲ"
ကျွန်မ၏ ရိုးသားမှု မရှိသော အဖြေကို သူက ကျေနပ်ပုံ မရပါ။ သို့သော် ဖိပြီး မမေးတော့ပါ။ သူက "ကျွန်မသည် စခန်းအုပ်ချုပ်သူအား အင်္ဂလိပ် အမျိုးသမီးတစ်ဦးကို သူ့ယောက်ျားနှင့် အတူနေနိုင်ဖို့ စခန်းမှ ထွက်ခွာ ခွင့်ပေးရန် အကြံပေးရတာလဲ"ဟု ပြန်ပြောပါသည်။

"မင်းက ငါ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အထောက်အထား လက်မှတ်ထုတ်ပေးနိုင်သလား"ဟု မေးပါ သည်။
ကျွန်မကို ထောင်ချောက် ဆင်လေသလားဟု သူ့အပေါ်တွင် ရုတ်တရက် ချက်ချင်း သံသယ ၀င်လာခဲ့ပါသည်။ ကျွန်မက သူမကို ဆေးရုံသို့ စေလွှတ်ရန် အကြံပေးခြင်းမှာ သတင်းထောက်လှမ်း ရန် အတွက် သက်သက်ဖြစ်ကြောင်း သူက ထင်မှတ်နေသောကြောင့် သက်သေခံ အထောက် အထား တောင်းနေခြင်း ဖြစ်ပါသည်။

"ကျွန်မက သူနာပြု ဆရာမပါ၊ ဆရာဝန် မဟုတ်ပါဘူး၊ ဒါကြောင့် အထောက်အထား လက်မှတ် ထုတ်ပေးနိုင်တဲ့ အရည်အချင်း မရှိပါဘူး" ဟု ပြန်ပြောလိုက်၏။
ဘို့(စ်)က ပြုံးရယ်၍ ကျွန်မအား "တစ်ခုခု စားမလား၊ ဘာသောက်မခဲ"ဟု မေးပါသည်။ ကျွန်မက ငြင်းလိုက် သောအခါ သူက "မင်းတို့ စခန်းအတွင်းမှာတော့ သကြားနဲ့ လိမ္မော်သီး ရှိမှာ မဟုတ်ဘူး။ မင်းများ မလိုချင် ဘူးလား"ဟု မေးပါသည်။

"ကျွန်မတို့က အဆီအဆိမ့်မပါဘဲ စားလာတာ ကြာပါပြီ" ဟု ပြန်ပြောလိုက်ရသော်လည်း ၀မ်းထဲက မူ ယင်းပစ္စည်းများကို လက်ခံလိုစိတ် တဖွားဖွား ပေါ်နေပါသည်။
သူက ကျွန်မကို  လာဘ်ထိုးပြီး စည်းရုံး၍ မရသောအခါ အစောင့်နှစ်ယောက်ကို အချက်ပြ၍ စခန်းသို့ ပြန်ပို့ခိုင်းပါသည်။

ဘို့(စ်)သည် ထူးဆန်းသူ ဖြစ်ပါသည်။ သူ့အပေါ်တွင် ကြည်ညိုလေးစားသူများ ရှိသလို မုန်းတီးသူ များလည်း ရှိနေပါသည်။ သူ့အား မကြာခဏ မြင်တွေ့နေရသော်လည်း စကားတော့ မပြောဖြစ် တော့ပါ။ သူနှင့် ကြုံတွေ့ခဲ့ရသဖြင့် သင်ခန်းစာ တစ်ရပ် ရခဲ့ပါသည်။ ဤသည်ကား ကျွန်မအနေနှင့် သတိ အမြဲမပြတ် ရှိနေရန်ပင် ဖြစ်ပါသည်။ သံသယ ရှိစေမည့် အချက်အလက် အနည်းငယ်ကိုပင် သတင်းပို့ချင်သူတွေ ရှိနေပါသည်။ လုံးဝအပြစ်မရှိသော အမူအကျင့်ကို လိုရာဆွဲပြီး မကောင်း သတင်း ပေးမည့် သူများကလည်း အများအပြား ပင် ရှိနေကြသည်။

နောက်ရက်အနည်းငယ် ကြာသောအခါ ကျွန်မသည် ကပ္ပတိန် ၀ါ့ဒ်ထံသို့ နောက်ဆုံးအကြိမ်အဖြစ် သွားရောက် တွေ့ဆုံပါသည်။ သူသည် အတော်ပင် ကျန်းမာရေး ချိုတဲ့နေပါသည်။
"ငါ့အနေနဲ့ အသံလွှင့်စက်ကို အသုံးမပြုနိုင်တော့ဘူး၊ ဘယ်လို သတင်းပို့ရတယ်ဆိုတာ မင်းကို ငါ သင်ပေး မယ်၊ ဒီစ်ကို မင်းနဲ့ တစ်ပါတည်း ယူသွားပါလား"ဟု သူက အဆိုပြုသည်။
"ရှင် ကျွန်မကို ဘာတာဝန်တွေ ပေးနေတယ်ဆိုတာရော သိရဲ့လား။ ကျွန်မမှာ မမာမကျန်း ဖြစ်နေ တဲ့ ဖခင်ရယ်၊ ကလေးတွေရယ်ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ကျွန်မကို မိသွားရင် သတ်ပစ်မှာပဲ၊ နောက်ပြီး သူတို့တွေကိုလည်း ချမ်းသာပေးမှာ မဟုတ်ဘူး" ဟု ကျွန်မက ပြန်ပြော ပါသည်။

ကျွန်မကို ဂျပန်များက ခံဝန်ချုပ်နှင့် လွှတ်ထားသည့် အခက်အခဲက ရှိနေသေးသည်။ ဂျပန်တွေ၏ ယုံကြည် စိတ်ချက်မှုကို အလွဲသုံးစားပြုရာ ရောက်နေသည်။ ယင်းသို့ ဆင်ခြေဆင်လက်တွေ ပေးနေသော်လည်း ခရီး မရောက်ပါ။ ယခုအချိန်တွင် ကျွန်မက ဂျပန်၏ ယုံကြည်မှုကို ဖောက်ဖျက် ပြီးပြီ မဟုတ်ပါလား။ ခုအချိန်ကျမှ သူတို့အပေါ် စိတ်သဘောထားတစ်မျိုး ပြောင်းလို့ မရတော့ပါ။

ကပ္ပတိန် ၀ါ့ဒ်က တာဝန်ယူရန် တဖွဖွ ပြောနေပါသည်။ ဗဟာဒူးကလည်း "သိပ်လည်း စိတ်ပူမနေ ပါနဲ့၊ ကျွန်တော်တို့ ၀ိုင်းဝန်းကူညီမှာပေါ့"ဟု ပြောလာပါ၍ သူ့စကားကို လက်ခံပြီး ခေါင်းညိတ်လိုက် ရပါသည်။
ကပ္ပတိန် ၀ါ့ဒ်က အသံလွှင့်စက်အား မည်သို့မည်ပုံ အသုံးပြုရမည်ကို နားလည် သဘောပေါက် လာသည် အထိ သင်ပြပေးပါသည်။ အသံလွှင့်စက်ကို ကျွန်မတို့ စခန်းသို့ သယ်ယူရန်အတွက် စီစဉ် ကြပါသည်။
ယခုကိစ္စမှာ သတိ အလွန်ထားနိုင်မှ တော်ကာ ကျမည်။ အမှားအယွင်း တစ်ချက်ရှိသည်နှင့် အစောင့်က သင်္ကာမကင်းဖြစ်ပြီး ကျွန်မကို ရှာဖွေခဲ့သော်လည်း အားလုံး ဒုက္ခ ဖြစ်ကြမည်။ ကြက် တစ်ကောင်ကို ကျွန်မ သတ်လိုက်ပြီး ကြက်သွေးကို ပုလင်းတစ်လုံးထဲ ထည့်၍ ကျွန်မ သားဖွား ဆေးအိတ်ကို ယူကာ စခန်းမှ ထွက်ခဲ့သည်။ အစောင့်အား ထုံးစံအတိုင်း ကလေး မျက်နှာမြင်ပေး ရန် အပြင်သို့ သွားမည်ဟု ပြောခဲ့ ပါသည်။ အစောင့်က လက်ပြ၍ သွားခွင့် ပေးလိုက်ပါသည်။

ဗဟာဒူးက စောင့်နေကျ နေရာတွင် စောင့်နေပြီး ကျွန်မနှင့် အဖော်အဖြစ် လိုက်လာခဲ့၏။ အသံလွှင့် စက်ကို ထုပ်ပိုး၍ ကျွန်မ၏ သေတ္တာထဲသို့ ထည့်သည်။ အပေါ်က ပတ်တီးနှင့် ပတ်သည်။ ပြီးတော့ ကပ္ပတိန် ၀ါ့ဒ်အား နှုတ်ဆက်ကာ ထွက်လာကြသည်။ သူ့ကို ဖျားနေလျက်နှင့် စွန့်ခွာလာခဲ့ရ၍ ကျွန်မ ကိုယ်ကိုယ် အပြစ်ရှိသူ တစ်ယောက်လို ထင်နေမိသည်။ သူကလည်း "စိတ်ချလက်ချ သွား ကြပါ၊ ကျွန်တော့်ကို ကျွေးမွေး စောင့်ရှောက်မယ့် လူတွေ ရှိပါတယ်"ဟု ပြောရှာပါသည်။

စခန်းသို့ ကျွန်မ ပြန်လာခဲ့ပါသည်။ ရင်ထဲက တဒိတ်ဒိတ် ခုန်နေ၍ ကျွန်မ၏ ရင်ခုန်သံကို အစောင့် လုပ်သူ ကြားများ သွားလေမလားဟု စိုးရိမ်မိပါသည်။ ကျွန်မ၏ ရှေ့ဘက်မှ အ၀တ်အစားများမှာ ကြက်သွေးများနှင့် ပေကျံလျက် ရှိပါသည်။ အမှတ်တမဲ့ နေတတ်သူများပင် တွေ့မြင်နိုင်ပါသည်။

သွေးကွက်များကို မြင်တွေ့သော်လည်း အစောင့်၏ မျက်နှာ အမူအရာက ထူးထူးခြားခြား ဖြစ်မလာ ပါ။
"ကလေး ခက်ခက်ခဲခဲ မွေးပေးခဲ့ရတယ်"ဟု ကျွန်မက အစောင့်အား ပင်ပန်း နွမ်းနယ်စွာဖြင့် ပြော ပါသည်။ သူကတော့ ဘယ်လိုမှ စိတ်ဝင်စားမှု မရှိပါ။ အင်္ကျီအ၀တ်အစားများကို ကြက်သွေး အပေခံပြီး ရှည်ရှည် ဝေးဝေး လိမ်ညာရန် လိုပါသလားဟုပင် တွေးကြည့်မိပါသည်။ ရေကို ကျွန်မတို့ ရာရှင်စနစ်နှင့် သုံးနေ ရပါသည်။

ဆက်ရန်
.

2 comments:

Junction Point said...

ဟယ်လင်ပြီးရင် PDF လေးနဲ့ရရင် လိုချင်တယ်ဟေ့ ပေါင်းဖတ်မယ်
ဆက်ငင့်ဆက်ငင့်နဲ့ ဖတ်ရတာ
ရေ ကို ရာရှင်စနစ်နဲ့ သုံးတာ ဘာကိုပြောတာလဲ
ပြောပြဦး
စောင့်မျှော်ဖတ်ရှုလျက်

junctionpoint said...

ဟယ်လင်ပြီးရင် PDF လေးနဲ့ရရင် လိုချင်တယ်ဟေ့ ပေါင်းဖတ်မယ်
ဆက်ငင့်ဆက်ငင့်နဲ့ ဖတ်ရတာ
ရေ ကို ရာရှင်စနစ်နဲ့ သုံးတာ ဘာကိုပြောတာလဲ
ပြောပြဦး
စောင့်မျှော်ဖတ်ရှုလျက်