Sunday, March 7, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၉)

အပြစ်တွေကိုယ်စီကျူးလွန်ထားလို့

ကျမ နောက်ကွယ်၌ ဤသို့ တိတ်တဆိပ် ကြိတ်ဝိုင်းလုပ်နေကြသည်ကို လုံးဝမသိခဲ့ဘဲ အချိန်အခါ အားဖြင့် (၈)နှစ် ရှိမှ သိရသူ ဖြစ်ပါသည်။ မည်သူ့အပေါ်မှ မဟုတ်မဟပ် လုပ်ကြလိမ့်မည်ဟု ယုံမှား သံသယ မရှိခဲ့သည်တကြောင်း၊ စီးပွားရေးကိစ္စတွေ ဦးဏှောက်ထဲ မသွင်းလိုဘဲ ခေါင်းရှင်းရှင်းနေ လိုသည် တကြောင်း၊ ကျန်းမာရေးအရ လူရောစိတ်ပါ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းနေမှ သာ ဖြစ်သည် တကြောင်း တို့ကြောင့် လွန်ခဲ့သော ၅-နှစ်ကျော်ကစပြီး အလုပ်တိုက်ကို မျက်နှာလွှဲ ထားလိုက်ပါတော့သည်။

ကိုယ်ဘိရင်ဘိမကြည့်နိုင်သဖြင့် အယိုအဖိတ် အလစ်အဟင်းတွေ များစွာရှိကြောင်း သိရသော် လည်း စိတ်ပင်ပန်းခံ၍ မကြည့်လိုတော့ပါ။ လောဘစိတ်ဆောင်လျက်၊ မယိုမဖိတ်အောင် စိတ်ပင်ပန်းခံပြီး ကြည့်ကြပ်၍ ပစ္စည်းဥစ္စာ အပိုရလာသည့်တိုင် ဤပစ္စည်းများ ကျမသေရာ ယူသွား နိုင်မည်မဟုတ်ဟု စိတ်ပိုင်း ဖြတ်ခါ မျက်နှာလွှဲမြဲ လွှဲထားခဲ့ပါသည်။ ယင်းသို့ မျက်နှာလွှဲထားလေ လုပ်ချင်ရာတွေ ကြိတ်လုပ် ကြလေ၊ နောက်ဆုံး လုပ်ငန်းကြီးတခုလုံး၏ အမြတ်တော်ခွန်များကိုပင် နှစ်စဉ် မှန်မှန်မပေးခဲ့ဘဲ၊ ၉-သိန်းခန့် ရှိအောင် ၅-နှစ်၊ ၆-နှစ် စုပေါင်းအချိန်ဆွဲပြီး တလွဲတနေရာမှ အမြတ်တော်ငွေများကို အတားအဆီးမရှိ သုံးဖြုန်းပစ်လျက် နေကြပါသည်။

ကာမကြေး၊ ရာဂကြေး တွေကလည်း နေရာရပ်ကွက် အသီးသီး၌ အိမ်အသီးသီးနှင့် မှိုလိုပေါက်လျက် သောက်ဖေါ် စားဘက်အမြှောက်အပင့် သမားကပ်ပါးများနှင့်တကွ ကာမပွဲစား အမြှောင်ဖက်စပ်သမားကိုပါ သူဋ္ဌေးပေါက်စကလေးများ ဖြစ်လာသည်အထိ ထောက်ပံ့ ကြည့်ရှုနေရသည်တိုင်အောင် သတင်း မှောင် ချထားသဖြင့် ကျမကနားမှလေသံမကြား၊ ဘယ်သူတွေ ဝေစား မျှစားလုပ်၍ ခိုးထုတ် နေကြသည်ကိုလည်း မသိရှိရသူ ဖြစ်နေပါသည်။

ကျမ သိရသည်မှာ မျက်နှာလွှဲထားသော ၅-နှစ်မျှ အချိန်ကာလအတွင်း သတင်းအရေး အသား လွဲမှားမှု (လွဲမှားမှုဆိုသည်မှာ တိုင်းပြည်အကျိုးရှိမည့် သတင်းမျိုးမဟုတ်ဘဲ၊ သူတဦး၏ အရှက် တကွဲ ဂုဏ်သရေ ထိခိုက်သော သတင်းမျိုးကို ဆိုပါသည်။) ၎င်းသတင်းမျိုးများကြောင့် သိန်းကျော် တန် အသရေ ပျက်မှုကြီးများနှင့် တမှုပြီး တမှုရင်ဆိုင်ရပြီး ၃-၄နှစ် ရုံးတက်ရသည်။ ထိုအမှုများ အတွက် အလုပ်တိုက်မှ အာမခံငွေ မထွက်နိုင်သောအခါ ကျမအမည်နှင့် ၀ယ်ယူထားသော အိမ်၊ ခြံ၊ မြေပစ္စည်းများကို အစားထိုး၍ အာမခံ တင်ပေးထားရသည်။

၎-၅နှစ်အတွင်း ရိုထရီပါတ်လည်ပုံနှိပ်စက်ကြီး မိုနိုတိုက်စာလုံးစက်များ၊ ခဲစာလုံးထုတ်လုပ်သော စက်များနှင့် ခဲစာလုံးသွင်းလုပ်သော စက်များကို နိုင်ငံခြားမှ မှာယူဝယ်ခြမ်း တင်သွင်းရသည့် အတွက် စုစုတန်ဘိုး (၈)သိန်းကျော် ကုန်ကျခံရကြောင်းများ သိရသဖြင့် တိုးပွားလာသောပစ္စည်း အကောင်အထည်တွေ မြင်ရသော အခါ သတင်းစာလုပ်ငန်းဘက်မှ မည်မျှ အယိုအဖိတ်ရှိနေသော် လည်း တိုးတက်မှု အရှိသား ဘဲဟု ယူဆကာ အေးအေးနေမြဲ နေခဲ့ပါသည်။

အဆိုပါ နှစ်ကာလ အပိုင်းအခြားအတွင်းမှာ ကျမကလည်း အလှူရေစက်လက်နှင့်မကွာ လှူဒါန်း လျက် ရှိပါသည်။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်တကွ မြန်မာပြည်အရပ်ရပ်မှ ပျက်စီးနေသော ဘုရား စေတီပုထိုး၊ တန်ဆောင်း၊ စောင်းတန်း၊ ပြဿဒ် ဇရပ်ကျောင်းကန်များ၊ အရပ်ရပ်မှ စေတီပုထိုးတို့၏ ထီးတော်များ နှင့်တကွ၊ လျှပ်စစ်ဓါတ်မီး လိုအပ်သမျှ ဋ္ဌာနများကို၎င်း၊ ရဟန်းခံ ရှင်အပါး ၁၀၀-ပြု သော အလှူများအထိ၊ ကျမ ကြိုက်နှစ်သက်သလို သွားရောက် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဤ အလှူများမှာ သတင်းစာတိုက်မှ အမြတ် အစွန်းကို ဖဲ့ယူ လှူဒါန်းခြင်း မဟုတ်ဘဲ။ ကျမလက်ထဲ၌  တန်ဘိုးအဆင့်ဆင့် တိုးပွားလာခ့သော စိန်ထည်ပစ္စည်းများအား ဈေးအလွန်ကောင်းသော အချိန်က ချ၍ ချ၍ ရောင်းပြီး၊ တန်ဆောင်းကြီး ထီးတော်ကြီး၊ ဓမ္မာရုံကြီးများနှင့် ဘုရားစေတီ များကို စေတနာသုံးသတန် ပြဋ္ဌာန်းလျက် ရေစက်သွန်းချ လှူဒါန်း ခဲ့ရခြင်း ဖြစ်ပါသည်။

အသက်အရွယ်ကြီးကြပြီဖြစ်၍ ထွေထွေထူးထူးတွေလည်း ဘာမျှမတွေး၊ မည်သူတဦး တယောက်ကမှလည်း လက်တို့ သတိပေးမည့်သူ မရှိ၊ ကျမအရိပ်ကို လာရောက် ခိုလှုံနေကြသော ဆွေမျိုးသွေးသားများ၊ မိတ်ဆွေ များ၊ တပည့်သားမြေးများမှ အစပြုပြီး အပြင်မှ အပေါင်းအသင်း အ၀င်အထွက်ပြုနေကြသူ လူတန်းစား အသီးသီးတို့သည် လူတရာလျှင် တရာလုံးက တဘက်သပ် မှန်ပါ့ဘုရား လုပ်နေကြသည်။ နှုတ်ပိတ်ခတွေ အတောင့်အတင်း ရကြသည်။ သည့်တော့ ဘယ်သူ သေသေ ငတေမာပြီးရော သဘောထားကြသည်။

အပြစ်တွေ ကိုယ်စီ၊ ကိုယ်စီ ကျူးလွန်ထားကြသူ များဖြစ်သောကြောင့်လည်း တဦးအပြစ်ကိုတဦးက မဖွင့်ဝံ့ ကြဟု နောက်မှ သိရသည်။ အချို့မှာ လည်း ဘာကိစ္စမှ အဖွားကြီးနာ မရောက်စေနှင့် မပေါက်ကြားစေနှင့် အဖွားကြီးသေသွားလိမ့်မည် ဟု ၀ါဒဖြန့်ချောက်လှန့်ထားခြင်းခံရ၍ ဘာမှလာ မပြောဝံ့ကြပါ။ အဖွားကြီးဆိုသည်မှာ ကျမကို ကွယ်ရာ၌ သူတို့ခေါ်ကြသော အမည် ဖြစ်ပါသည်။ ဤအဖွားကြီးဆိုသော အမည်ကို အကြီးအကဲ ခေါင်းဖြူနေသော ခြောက်ဆယ်ရွယ် ကာလသာစိတ်ပေါက်နေသူက အစပြုပြီး တိုက်သား အားလုံး က ခေါ်ကြခြင်း ဖြစ်ပါသည်။

ဗမာ့ခေတ်မှ စက်ပစ္စည်းများ စတုဒီသာ

ဂျပန်ဝင် ဂျပန်ပြေး ခေတ်တလျှောက်မှ အင်္ဂလိပ်စစ်အစိုးရနှင့် ဖဆပလခေတ်အထိဝယ် လိုက်ရ သည့် ပုံနှိပ်စက်များမှာ အကြီး၊ အလတ်၊ အသေး၊ အရွယ်မျိုးစုံနေသည်။ အချို့စက်များမှာ လာရောင်းသူရှိ၍ ၀ယ်ထား ရသော်လည်း တပ်ဆင်ထားရန် နေရာမရှိသောကြောင့် မြေပေါ်တွင် ပုံထားရသည်။ ၀ယ်စဉ် အခါက ငွေစ၊ ရွှေစနှင့် လဲလှယ် ၀ယ်ယူလိုက်ရစေကာမူ မြေပေါ်မှာ ကြာရှည်ပုံထားသောအခါ သံချေး တက်ပြီး မြေကြီးသြဇာ ဖြစ်ရတော့မည်။ ဤအခါတွင် ဘယ်သူ ဘယ်ဝါသို့ ငှါးထားမည်ဆိုပြီး၊ အိမ်ထည်းမှ ထုတ်ယူ သွားစေသည်။ အခြားပုံနှိပ်တိုက် အသုံးဝင်မည့် ပစ္စည်းများမှ စက္ကူခေါက်၊ စက္ကူဖေါက်၊ စာအုပ်ချုပ်စက် စသည်များကိုလည်း ရောင်းသလိုလို၊ ငှါး သလိုလို၊ အလကားပေးသလိုလိုနှင့် ပြတ်ပြတ် သားသား မရှိဘဲ အပြင်သို့ ဖြန့်လိုက်သည်။

သံထည် ပစ္စည်းတွေက များလွန်း၍ ဆံစင်ရာ ကျည်ပွေ့မလိုက်နိုင်သလို ကျမက အလုံးစုံလိုက်၍ မသိနိုင် သော်လည်း ထိုပစ္စည်းများနှင့် အစပျိုးပြီး ပုံနှိပ်တိုက်ရှင်ကြီးများ ဖြစ်လာကြသော အလိုတော်ရိ ကာမပွဲစားများလည်း ရှိလေသေးသည်။ ယခင်က ဗုံးအမြောက်တို့ကြား၌ စီးပွားဘက် ပုံနှိပ်စက်ကြီးများ ဖြစ်ခဲ့ဘူးသည့် ရုံးပေါ်အထိ တက်ခဲ့ရသော ဘိုးစိန်ကြီးနှင့် စိန်ကတုန်းတို့လည်း မည်သည့်နည်းမျိုးနှင့် မည်သူ၏ လက်တွင်းသို့ သက်ဆင်းကျသွားလေပြီဟု ယနေ့အထိ ပြတ်ပြတ် သားသား မသိခဲ့တော့ပါ။ စက်သစ် လာတိုင်း စက်ဟောင်းများက နေရာဖယ်ပေးရသည်ဟုသာ ထင် ၏။

မရိုးသား သောနည်းဖြင့် ကိုယ့်ပစ္စည်းကိုယ်ကဲ့ ၀ှက်ဖျောက်ဖျက်ခြင်းသည် ကောက်ကျစ် ယုတ်ညံ့လွန်းသော အလုပ်မျိုး ဖြစ်သဖြင့် မည်သူမျှ  လုပ်ရိုးလုပ်စဉ် မရှိသော ကိစ္စ ဖြစ်ပါသည်။ သို့သော် သည်နည်းနှင့် စားသာနေ သူတို့မှာ နာနာမြှောက်ပေါင်းပြီး သိုက်ကောင်းကောင်း တူးနိုင် ကြလေသည်။ ကျမလက်က ငွေအဖြစ်နှင့် ထွက်သွားပြီး စက်ပစ္စည်းသံထည်အဖြစ် လဲလှယ် ထားရ သော်လည်း ပိုလျှံနေသည်ဆို၍ ပြန်ရောင်းလိုက်သော ၀င်ငွေက ကျမ လက်ထဲ ပြန်မလာတော့ဘဲအလုပ်တိုက်ထဲ ပါသွားသည်ဟု အဆိုရှိကြသည်။ ထုတ်ပစ်လိုက်သော စက် အများအပြားမှ မှတ်မှတ်ရရ စက်တလုံးဘိုးတော့ ပြန်ရဘူးသည်။ သို့ရာတွင် မျက်စေ့ရှေ့တွင် လာသယ်ယူသည်ကို မြင်ရသောကြောင့် မပေးဘဲမနေသာ၍ ပေးရခြင်းဖြစ်ရာ နောင်သောအခါတို့၌ ကျမ ခရီးဝေးသွားနေသော နေ့ရက်များတွင်မှ သယ်ယူ ဖြန့်ဖြူးရေးအချိန်ကို ကန့်သတ် ထားတတ် ကြပါသည်။ မန်နေဂျာနှင့်တကွ ကြိးကြပ်အုပ်ချုပ်သော အလုပ်ဋ္ဌာနဆိုင်ရာ လူများသည် ကျမအား ဘာတခုမျှ သတင်းမပေးကြအောင် နည်းအမျိုးမျိုးနှင့် သွေးဆေင်ထားကြခြင်း ခံကြရသည်။

အကောင်းဆုံးသော အကြောင်းပြချက်မှာ အဖွားကြီးမှာ နေထိုင်မကောင်းသူဖြစ်၍ ခေါင်းအေးအေး နေပါစေ၊ အလုပ်တိုက်က အထွေထွေကိစ္စတွေ အဆင်မပြေသော ကိစ္စတွေကို ဘာမှ သွားမပြော ကြပါနှင့် ဟူသော အတားအဆီး ဂါထာမန္တယားကြီးကြောင့် ရိုးရိုးသားသား လုပ်ကိုင်စားကြသော အလုပ်သများအား ကျမနှင့် ကင်းကွာအောင် ခွါထုတ်ထားလိုက်သည်။ ဤတွင် စားဖါးများ၏ အခွင့် အရေးမှာ ဖြောင့်ဖြူး သည်ထက် ဖြောင့်ဖြူးလာသည်။

ပုံနှိပ်စက် သစ်ကြီးများ ရောက်လာသောအခါ လက်ရှက် စက်တပတ်ရစ်များ ရှင်းထုတ်ပစ်လိုက်သမျှ အချောင်ပွကြ၊ စာပုံနှိပ်တိုက်ရှင်ကြီးများ ဖြစ်ကြရပြီး နောက်ပိုင်းမှာလည်း ခဲစာလုံး လုပ်သော စက်ကြီးများ ရောက်လာရာတွင် ခဲစာလုံးများကိုပါ ရောင်းသလိုလို၊ အကြွေးပေးသလိုလို၊ အလေး ပေါင်ချိန် ရာနှင့်ထောင်နှင့်ချီ၍ ဆုတော်လာဘ်တော် ချလိုက်သေးသည်။ သာစည်၊ မန္တလေး၊ ရန်ကုန် စသည်တို့မှာ ဗမာ့ခေတ်မှ မှောင်ခိုမွေးထုတ်ပေးထားသော ပုံနှိပ်တိုက်ပွားများ ရှိကြခြင်းကို လည်း ကျမကို ပြောမည့် သူမရှိ၍ အလျဉ်းမသိခဲ့ရပါ၊ ရသူများမှာ စေတနာ ဖြူစင်လိုတော့မဟုတ်ပါ၊ သည်းချေကြိုက် ဓာတ်စာ လက်ဆောင်ထိုးတတ်သော အကျိုးကျေးဇူးကြောင့် ဖြစ်ပါသည်။

အလျဉ်းသင့်၍ အထောက်အထားတခု ရေးသားရဦးမည်ဆိုလျှင် ယခင် ဂျပန်ခေတ်နောက်ပိုင်းမှာ အိမ်တွင် လာရောက် နေထိုင်သူ ရဟန်းရှင် လူအများအပြားအနက်မှ အနုပညာသည် ပန်းချီဆရာ များ၊ ဂီတအနုပညာအတီးဆရာများအပြင် သီချင်းရေးဆရာ နာမည်ကျော် ရွှေတိုင်ညွန့် (ကွယ်လွန်သူ)လည်း တဦး အပါအ၀င် ဖြစ်ပါသည်။ ရွှေတိုင်ညွန့်မှာ ချောင်းဆိုး သွေးပါရောဂါ သဲလာချိန်၌ အိမ်တွင် ခေါ်ယူပြုစုဆေးဝါးစားစေပါသည်။ သူ၏ဇနီးလည်း ပြုစုစောင့်ရှောက်ရန် အတူ လာရောက် နေထိုင်သည်။ တနေ့မှာ ကြည့်မြင်တိုင် တဘက်ကမ်းမှတဆင့် သွားရသော အေးရွာတွင် ပုံနှိပ်စက်တလုံး တွေ့မြင်ခဲ့သည်။ ဥစ္စာရှင် ကလည်း ရောင်းမည် ပြောသည်ဟု ရွှေတိုင်ညွန့်က သတင်းပေးသောကြောင့် ထိုအခါက ပုံနှိပ်စက်ရမည်ဆိုလျှင် နေ့ချင်၊ ညချင်း လက်မနှေးအောင် ၀ယ်ချင်လှသည်။ ငွေကလည်း အခြားပစ္စည်းများ ၀ယ်လိုက် သဖြင့် အလွယ် မရှိသေး၍ ကျမက ထုတ်မပေးနိုင် ဖြစ်နေသည်။

သို့ရာတွင် ညနေပိုင်းမှာ ကျမလက်တွင် ရှိနေသော စိန်လက်ပတ်ကြိုးတခုနှင့် စိန်ပန်းခိုင်ငယ်တခု ကို စိန်ပွဲစား တဦးက တသောင်းငါးထောင်နှင့် အတင်းလာဝယ်၍ ရောင်းလိုက်ရသည်။ သူကတဆင့် ရောင်းသောအခါ သောင်းရှစ်ထောင် ရသည်။ သည်ပစ္စည်းများကိုဘဲ ပဌမ သူ ကျမထံ လာရောင်း ချစဉ်က တထောင့်ငါးရာနှင့် အတင်းယူလိုက်ပါဆိုပြီး ထိုးအပ်သွားသော စိန်ထည်ပစ္စည်း အညံ့စား များ ဖြစ်ပါသည်။ ၁၅-ရက် အတွင်း တထောင့်ငါးရာက တသောင်းငါထောင် ဖြစ်လာသောငွေမှာ ကျမ ထွက်မရှာရဘဲ အလိုလို ၀င်လာသည်။ ဤဆယ်ဆတပိုး တက်လာသော ငွေသောင်း ငါးထောင်မှာ အေးရွာက ပုံနှိပ်စက် ၀ယ်ရန်အတွက် ထုတ်ပေးလိုက်ပြီး မိုးထည်းလေထည်း၌ စက်ကြီးကိုသမ္ဗာန်နှင့် သယ်လာသည်။ ယနေ့ထိုစက်မှာ မှတ်မှတ်ရရ သယ်ရောက်နေသည် မသိရ တော့ပါ။ အခြားပစ္စည်း အပိုတွေလည်း ဤနည်း အတိုင်းသာ ပျောက်ပျက်ကုန်ခဲ့ပါသည်။

ခိုးသား ၄၀ ခန့် နှင့် အလီဘာဘာ ဗမာ့ခေတ် ဆက်ရန်
.

No comments: