Sunday, March 7, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၃၆)

ကျွန်မ၏အခန်းသို့ ပြန်ရောက်သောအခါ ထိုင်ချပြီး စိတ်သက်သာရာရသော အနေဖြင့် သက်ပြင်းချမိသည်။ အသံလွှင့်စက်တော့ ရလာပြီး၊ စိတ်ချရသော နေရာကောင်းကောင်းရှာ၍ ၀ှက်ထားရပေဦးမည်။ အသက်လွှင့်စက်မှာ ခပ်သေးသေးနှင့် အလွယ်တကူ သယ်၍ ရသော စက်ဖြစ်စေကာမူ ကျွန်မတို့၏ ခန်းမ၌ လုံခြုံအောင် ၀ှက်စရာ နေရာမရှိပါ။ ထိုစဉ် ကျွန်မမွေးထားသော ကြက်မလေး 'ဟင်နီပင်နီ'ကို သတိရ မိသည်။

ကြက်မကလေး လေးကောင် စုမိရန်အတွက် လအတန်ကြာ ကြိုးစားခဲ့ရသည်။ ကျွန်မအတွက် အလွန် လိုအပ်သော ကြက်ဥများ ရရှိခဲ့ပါသည် ကြက်မကလေး သုံးကောင်က မှန်မှန်ဥများ ဥပေးရှာပါသည် ဟင်နီပင်နီကမူ အပိုသက်သက် ဖြစ်ပါသည်။ လုံးဝမဥပါ။ ကြက်မသည် ၀ပ်ကျင်းအတွင်း၌ တကော်ကော် အော်နေတတ်ပါသည်။ ကျွန်မကတော့ တစ်နေ့နေ့တွင် ကြက်ဥ ဥပေးလိမ့်မည်ဟု မျှော်လင့် အားထား နေမိပါသည်။

ကြက်မသည် စိတ်ဆတ်၍ ၀ရန်တာတွင် သံပြားစများ၊ သွပ်နန်းကြိုးများနှင့် လုပ်ပေးထားသော သူမ၏ ၀ပ်ကျင်းအနီးသို့ မည်သူ့ကိုမျှ အက်ပမခံပါ။
ကျွန်မက သူမ၏ ၀ပ်ကျင်းကိုပင် ရွေးချယ်လိုက်ပါသည်။ ညအချိန် လူအများ အိပ်ပျော်နေခိုက် ပတ်ဝန်းကျင် တွင် ရှိသော ကောက်ရိုးများ အောက်တွင် အသံလွှင့်က်ကို ကျွန်မ၀ှက်ထားလိုက်ပါသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်မ၏ ဖခင်ကိုပင် ဖွင့်မပြောခဲ့ပါ။ ကြက်မကလေးဟန်နီပင်နီနှင့် ကျွန်မတို့ နှစ်ဦးတည်းသာ သိပါသည်။
ကပ္ပတိန်ဝါ့ဒ် ရေလှောင်ကန်အနီး သူပုန်းနေသော နေရာ၌ ပညာကို ကျွန်မက တစ်ကြိမ်သာ အသုံးပြုနိုင်ခဲ့ပါသည်။ ယင်းသို့ အသုံးပြုရတွင် ကျွန်မပို့ပေးသော ကြိုးကြေးနန်းသတင်းက တစ်ဖက်မှ အဆက် အသွယ်ပြု လက်ခံသူ လက်သို့ ရောက်မရောက် ကျွန်မမသိပါ။ မရောက်ဖို့က များပါသည်။ ကျွန်မပို့ လိုက်သော သတင်းသည် စစ်ရေးအခြေအနေကို ရုတ်တရက် ပြောင်းလဲနိုင်လောက်အောင် တန်ဖိုး ရှိလှသည့် သတင်းမျိုးလည်းမဟုတ်ပါ။

ကျွန်မတို့တစ်တွေမှာ စစ်သတင်းများကို မကြားမသိရစေကာမူ စစ်ကြီးမကြာမီ ပြီးဆုံးတော့မည်ဟူသော ကောလာဟလ သတင်းများကိုတော့ ထွက်နေပါသည်။ ယင်းသတင်းများ မှန်သည်မှားသည်ကို စစ်ဆေး နိုင်ခွင့်မရှိကြသော်လည်း မှန်ပါစေဟူ၍ မျှော်လင့်နေကြပါသည်။ ကောလာဟလ သတင်းများနှင့် ဂျပန်တို့ထံမှ ကျွန်မ တို့ သိကြရသော သတင်းအစအန တို့မှာ တစ်ခုနှင့်တစ်ခု မတူကြပါ။ သို့သော် ဖြစ်ပျက် နေသော အခြေအနေများက အကောင်းဘက်က ရောက်နေကြောင်း ကျွန်မတို့ ရိပ်စား မိကြပါ သည်။ ဂျပန်များ၏ စိတ်ဓာတ်မှာမူ ပြိုကွဲ ကျဆင်းနေပါပြီ။
 ထူးဆန်း၍ သေးဖွဲသော အဖြစ်အပျက်များက ဤစစ်ကြီးမကြာမတင် ပြီးဆုံးတော့မည်ဟု ကျွန်မအား သက်ဝင်ယုံကြည်လာစေပါသည်။

ပြင်ဦးလွင်သို့ ပြန်လည်ရောက်ရှိလာကြသည့် ဒဏ်ရာရနေသော စစ်သားများ၊ ဖျားနာနေသော စစ်သားများက သူတို့သည် စစ်တိုက်လိုသော ဆန္ဒမရှိကြောင်း၊ အထက်အမိန့်အရသာ စစ်တပ်ထဲဝင်ပြီး စစ်တိုက် ရကြောင်း မီးရထား အလုပ်သမားများသို့ ရင်ဖွင့်ကြသည်ဟု သိရှိရပါသည်။

အချို့ စစ်မြေပြင်သို့ ထွက်သွားကြသော ဂျပန်များကလည်း အရပ်သားများထံမှ အဆောင်များ လက်ဖွဲ့များ ငှားသွားကြကြောင်း၊ ရှေ့တန်းမှ မသေမပျောက် ပြန်ရောက်လာကြသောအခါ အဆောင်လက်ဖွဲ့များကိ ပြန်ပေးပြီး သူတို့၏ အသက်သခင်များ ဖြစ်ပါသည်ဟု ချီးမွမ်း ထောမနာပြုကြသည်ဟုလည်း သိရပါ၏။

ဂျပန်များအတွက် အခြေအနေမကောင်းတော့ကြောင်း ညွှန်ပြချက် တစ်ရပ်မှာ ကိုဒါမတစ်ယောက် ကျွန်မထံ ရောက်လာခြင်းဖြစ်ပါသည် သူက ရှေ့တန်းစစ်မျက်နှာသို့ ခရီးထွက်ရမည်ဟု ကျွန်မကို လာရောက် နှုတ်ဆက်ပါသည်။ စစ်သားမဟုတ်သောသတင်းစာသမားကို ရိုင်ဖယ်ပစ်တတ်လျှင် ပြီးရောဆိုပြီး ရှေ့တန်း ပို့နေရခြင်းသည် ဂျပနများ အဖိခံနေရပြီဟူသော သရုပ်ကိုဆောင်နေပါသည်။
သူက ''ကျွန်မနျင့် အဆက်အသွယ်မပြတ်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း၊ အကယ်၍ ပြတ်သွားခဲ့သော် စစ်ကြီးပြီးသွားခဲ့လျှင် ကျွန်မကို ရှာဖွေစုံစမ်းမည်ဖြစ်ကြောင်း ပြောသွားပါသည်။ ကျွန်မ ကလည်း သူကဲ့သို့ပင် ပြန်လည် ကတိပေးပါသည်။

ကျွန်မတို့နှစ်ဦး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခြင်း မပြုကြပါ။ အကယ်    ၍ ကျွန်မတို့နှစ်ဦးအနက် တစ်ဦးဦး က အသက်ရှင် ကျန်နေရစ်ခဲ့သော ထိုကျန်နေရစ်သူက သေဆုံးသူ၏ မွေးရပ်ဌာနေသို့ အလည်အပတ် သွားရန် ကိုလည်း နှစ်ဦးစလုံး သဘောတူခဲ့ကြပါသည်။

ကိုဒါမက မြန်မာနိုင်ငံတွင် ကျွန်မတို့တစ်တွေ ရင်ဆိုင်နေရသော ရက်စက်ကြမ်းကြုတ်လှသည့် စစ်သား များသည် ဂျပန်လူမျိုး အစစ်အမှန်များနှင့် အလွန်တရာ ခြားနားပါကြောင်း ရှင်းပြသည်။ ကျွန်မအနေနှင့် သဘော မပေါက်မှာကိုလည်း စိုးရိမ်နေပုံရပါသည်။

ကျွန်မ ကလည်း သူတို့ လူမျိုးများအပေါ်၌ ရွံ့ရှာ မုန်းတီးသော စိတ်ထားမျိုး ကျွန်မအသည်းနှလုံးတွင် မရှိ ပါကြောင်း၊ ဂျပန်လူမျိုးများအပေါ် အထင်မှားမည်ကို မပူပန်သင့်ကြော်ငးဖြင့် လေးလေးနက်နက် ကတိပေး လိုက်ပါသည်။

ထို့နောက် မသေချာ မရေရာလှသော အခြေအနေမှာ စစ်ကြီးမကြာမီ ပြီးဆုံးတော့မည်ကို သေချာဂန သိလာ ရသည်။
ကျွန်မသည် အနီးအနားရှိ ကျေးရွာတစ်ရွာသို့ သွားရောက်စဉ်လမ်းမှ ညောင်ပင်တစ်ပင်အောက် ဟင်းသီး ဟင်းရွက်များ၊ သစ်သီးဝလံများပုံ၍ ရောင်းချနေသော အဘိုးအိုတစ်ဦးကို မြင်တွေ့ပါသည်။ အဘိုးအိုထံတွင် ရှိသော အာလူးနှင့်ကြက်သွန်ဥတို့ကို ကျွန်မတွင်ပါလာသော ပစ္စည်းနှင့် အလဲအလှယ်လုပ်ရန် ပြင်ဆင် နေခိုက်....
"နောက်ကလိုက်ခဲ့ပါ"ဟူ၍ အသံတစ်သံက ပြောပါသည်။

နောက်သို့ လှည့်ကြည့်လိုက်သည်တွင် စုတ်ပြတ်နေပြီး နွားချေးများ၊ ရွံ့နစ်များ လိမ်းကျံလျှက် ရှိသော အ၀တ် အစားများ ၀တ်ဆင်ထားသည့် ဂေါ်ရဂါး အဘိုးကြီးတစ်ဦးကို တွေ့ရပါသည်။ ဆံပင်များကလည်း ရှုတ်ပွ ညစ်ပတ် နေပါသည်။ ကျွန်မသည် အံ့အားသင့်နေပြီး မည်သို့မျှ မပြောဘဲ သူ့နောက်သို့ အသာ လိုက်သွားခဲ့ပါသည်။ ကျွန်မတို့နှစ်ယောက်၏ပြောစကားကို မည်သူမျှ မကြားနိုင်တော့မှ သူက....
"ငါ့ကို မှတ်မိလား၊ အာနီ ဒီဗာလရက်(စ်)လေ"ဟု ပြောပါသည်။

ကျွန်မကို တစ်စုံတစ်ဦးက ပေါက်ဆိန်နှင့် ပေါက်ချလိုက်သလို အထိတ်တလန့် ဖြစ်သွားမိပါသည်။ ကျွန်မ၏ ရှေ့တည့်တည့်၌ ရပ်နေသော လယ်သမားကြီးသည် တောင်ကြီးမြို့ ရှမ်းစော်ဘွားများ ကျောင်းမှ ဘားကျွမ်း ဆရာဖြစ်နေသည်ကို မယုံကြည်နိုင်စွာ တွေ့မြင်နေရပါသည်။ သူက....
"ဂျပန်များ ၀င်လာသောအခါ အိန္ဒိယပြည်သို့ ထွက်သွားခဲ့ပြီး စစ်တပ်တွင် ၀င်ရောက် အမှုထမ်းခဲ့ကြောင်း၊ မကြာခင် ကမှ မြန်မာပြည် အတွင်းရှိ မြေအောက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် အဆက်အသွယ် လုပ်ရန် လေထီးနှင့် ဆင်းသက်ခဲ့ကြောင်း" ပြောပြပါသည်။

"ကျွန်မကတော့ ဆေးပဲယူမယ်၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးတွေကို တော့ မယူပါရစေနဲ့၊ တကယ်လို့ အသုံးလိုလို့ ဒီပစ္စည်း တွေကို သွားလဲရင် ဘယ်က ရလာတယ်ဆိုတာ အရင်ရှင်းပြရဦးမယ်၊ ဂျပန်စစ်ပုလိပ်က ဗြိတိသျှ တွေနဲ့ အဆက်အသွယ်လုပ်နေတယ်ဆိုပြီး သင်္ကာမကင်းဖြစ်လိမ့်မည်"ဟု ပြန်ပြောခဲ့ပါသည်။

အာနီကို တွေ့ရသည်မှာ ကျွန်အပေါ် ၀န်ထုတ်ဝန်ပိုး ကြီး တစ်ခု ကျသွားသည်ဟု ထင်မှတ်မိပါသည်။ ကျွန်မသည် ကပ္ပတိန်ဝါ့ဒ်အကြောင်း၊ ကျွန်မ အဖမ်းခံရစဉ်က ကြားသိ မှတ်မိနေသော နာမည်များ အကြောင်းနှင့် ဂျပန်စစ်တပ်များ၏ သွားလာလှုပ်ရှားမှု သတင်းများကိုပါ ပြောပြလိုက်ပါသည်။

အာနီနှင့် နောက်ထပ် တစ်ကြိမ် ထိုနေရာ၌ပင် တွေ့သောအခါ စစ်သတင်းများကို ပေးလိုက်ပါသည်။ အသံလွှင့်စက် အကြောင်းကိုလည်း ပြောပြရသည်။ အာနီက "သူသည် မကြာမီ ဤနေရာမှ သူ့ တပ်ဖွဲ့ များနှင့် ပြန်လည်ပူးပေါင်းရန် ထွက်ခွာသွားတော့မည်"ဟု ပြောပါသည်။

ကျွန်မကလည်း ကျွန်မတို့ အဖမ်းခံနေရသော အကျဉ်းစခန်းနေရာကို ပြောပြပြီး ၄င်းစခန်းကို ဗုံးမကြဲရန် စစ်အာဏာ ပိုင်များထံ တင်ပြပေးဖို့ မှာကြားလိုက်ပါသည်။ ယခု အခိုက်အတန့်၌ ကျွန်မတို့ တစ်တွေ၏ အစိုးရိမ် အကြောင့်အကြဆုံး ကိစ္စဖြစ်ပါသည်။ ကျွန်မတို့မှာ ယနေ့တိုင် မသေမပျောက် ရှိနေခဲ့ပြီးမှ ကိုယ့်ဘက်က ဗုံးဒဏ်ကြောင့် အသက်ဆုံးရှုံးခြင်း မခံလိုကြပေ။
အာနီက ပြုံးနေပြီး ထိုသတင်းကို အထက်သို့ ပို့ပေးလိုက်ပါမည်ဟု ကတိပေးသွားခဲ့ပါသည်။

ကံမကောင်းအကြောင်းမလှချင်တော့ ရေဆုံးရောက်ခါနီးလာလေ စခန်းတွင်းရှိ လူများမှာ တစ်ဦးနှင့်တစ်ဦး ဆတ်ဆတ်ထိ မခံလေ ဖြစ်လာကြသည်။ ကိုယ့်အရိပ်ကိုပင် ပြန်၍ ကြောက်နေကြရသလို ဖြစ်နေကြပါသည်။ ဂျပန်များ ကို မမှန်သတင်းပေးသူက ပေးကြသည်။

ဂျပန်များကလည်း စခန်းလုံခြုံရေးနှင့် ပတ်သက်၍ ပုံကြီးချဲ့လာခဲ့၏ စခန်းအတွင်း၌ သာမန်စစ်ဆေးမှုများမှ ရှောင်တခင် စစ်ဆေးမှုများကို နေ့ညမဟူ နာရီမရွေး လုပ်ကြပါသည်။
စခန်းအတွင်းရှိ အခြားသူများအတွက်မှာမူ စိတ်လှုပ်ရှားမှု ဖြစ်ရုံမှအပ ထူးခြားမည် မဟုတ်သော်လည်း အသံလွှင့် အသံဖမ်းစက် ၀ှက်ထားမိသော ကျွန်မအဖို့မှာကား အသည်း တထိတ်ထိတ် ရင်တဖိုဖို ဖြစ်ရပါ တော့သည်။ ကပ္ပတိန်ဝါ့ဒ်နှင့် ဗဟာဒူးတို့က ၄င်းစက်ကို လက်ခံရန် ပြောစဉ်က အလွယ်တကူ သဘော တူလိုက်မိသော မိမိအဖြစ်ကို ပြန်၍ ဒေါသ ထွက်နေမိပါသည်။
ဂျပန် တို့၏ အဖမ်းအဆီးများက တစ်နေ့တစ်ခြားပိုများလာပါသည်။

ယခင်အချိန်က ဆူဆူပူပူ မလုပ်သူများထဲမှပင် အဖမ်းအဆီးများရှိနေပါသည်။ သူတို့သည်လည်း စိတ်ဓာတ် ချောက်ချားနေဟန်ရှိ ပါသည်။ မည်သည့်အတွက် လူအချို့ကို ဖမ်းဆီးပါသနည်းဟူ၍ တွေးဆရန် ခက်ခဲ လှပါသည်။ အချို့သော အဖမ်းခံရသူများမှာ အင်္ဂလိပ် ငွေစက္ကူများကို လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ကျွန်မ ကြားသိရပါသည်။ သူတို့သည် အင်္ဂလိပ်ငွေစက္ကူများကို လက်ခံယူခြင်းကပင် မိုက်မဲရာကျပါသည်။

ဂျပန်များက ကျွန်မတို့အား ပိုမိုတင်းကျပ်စွာ စောင့်ကြပ်လာသောအခါ ကျွန်မစိတ်ထဲ၌ တစ်စုံ တစ်ယောက် က ကျွန်မအား စောင့်ကြည့်နေပြီဟု သဘောပေါက်လာခဲ့၏။ ကျွန်မတစ်ယောက်တည်း ယင်းသဘော ထားမျိုး ဖြစ်နေသည်မဟုတ်။ လူတိုင်းကပင် သတိထားပြီး အပြောအဆို ဆင်ခြင်လာကြပါသည်။ လပေါင်း များစွာ ခင်မင်ရင်းနှီးလာသော မိတ်ဆွေကိုပင် ဂျပန်ဘက်သား လားဟု ဇဝေဇ၀ါ ဖြစ်လာကြပါသည်။

ပထမ အကြိမ်အဖြစ် ကျွန်မတို့သည် စစ်ဘေးဒုက္ခမှ ကျော်လွှားနိုင်ခဲ့ပြီကို ရဲရဲကြီး ပြောနိုင်ကြပြီ ဖြစ်ပါသည်။ နောက်ဆုံး အခြေအနေရောက်မှ ဘ၀ကို အဆုံးမခံနိုင်ကြပါ။သို့ဖြင့် ကျွန်မတို့သည် သတိလွန်ကဲရာမှ သံသယ စိတ်များ ၀င်လာကြသည်။

ကျွန်မတို့ စခန်းအတွင်း၌ ဂျပန်အလိုတော်ရိ နှစ်ဦးရှိရာ နှစ်စလုံးပင် ဗြိတိသျှလူမျိုးများ ဖြစ်ကြပါသည်။ သူတို့အပေါ်တွင် အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသော်လည်း လူတိုင်းသိနေသော ကိစ္စဖြစ်ပါသည်။ သေနတ်ဖြင့် ပစ်၍ ကျလာသော ငှက်ကို ခွေးက အနံ့ခံပြီး ရှာဖွေသစလို ကျွန်မတို့ကလည်း မည်သူသည် ဂျပန် ဘက်တော်သား ဖြစ်သည်ကို အနံ့ခံတတ်နေပါပြီ။

ဆက်ရန်
.

2 comments:

Anonymous said...

ကိုဒါမက မြန်မာနိုင်ငံတွင် ကျွန်မတို့တစ်တွေ ရင်ဆိုင်နေရသော ရက်စက်ကြမ်းကြုတ်လှသည့် စစ်သား များသည် ဂျပန်လူမျိုး အစစ်အမှန်များနှင့် အလွန်တရာ ခြားနားပါကြောင်း ရှင်းပြသည်။ ကျွန်မအနေနှင့် သဘော မပေါက်မှာကိုလည်း စိုးရိမ်နေပုံရပါသည်။

yes,ama. Not all Jp.
I accepted.
I think all over the world, many kind of people we can meet.

momiji

မောင်မောင် said...

မရွှေစင်ဦး ရေ ဟယ်လင် လုံးချင်းထွက်ယင် ပြောပါ။
အခမဲ့ pdf ပြောင်းပေးပါ့မယ်။
ဖတ်လို့ အတော်စွဲနေပြီ။ :)

ကျေးဇူးတင်စွာဖြင့်

မောင်မောင်