Friday, March 5, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၇)

ဒုတိယအကြိမ် ကမ္ဘာလှည့်ခရီးတပတ်

ဗမာပြည်မှ ကိုယ့်စရိတ်နှင့်ကိုယ် ရှေးဦးစွာ ကမ္ဘာလှည့် ထွက်လာသော စာရေးဆရာမ ဟု ရောက်တဲ့ နိုင်ငံတွေက အသိလုပ်ဘို့နှင့် မိမိနေထိုင်ရာ ဗမာပြည် ဂုဏ်ယူဘို့မလိုလားဘဲ၊ ခပ်ကုပ်ကုပ်သာ လိုက်ပါ သွားခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် မလွှဲမရှောင်သာ၍ ရောက်လေရာ နိုင်ငံအရပ် ရပ်၌ နီးစပ်သမျှ သတင်းရသူ အချို့က လာတွေ့ကြ၊ မေးမြန်းကြ ဓာတ်ပုံရိုက်ကြပြီး သူတို့သတင်း စာမှာ နောက်တနေ့ ထည့်လိုက်ကြပါသေးသည်။

ကျမက မထင်မရှား ကိုယ်ပိုင်ခရီးသွားလိုသူ ဖြစ်၍ မည်သည့်မိတ်ဆွေ၊ မည်သည့်ဌာန မည်သည့်အဖွဲ့က ဘိတ်ကြားခြင်း ဧည့်ခံခြင်းများနှင့် မတော် တဆလေးမှ မတွေ့ရအောင် ကွင်းရှောင်ပြီး တယောက်ထည်း ခွဲထွက်ခွါ လွတ်လွတ်လပ်လပ် သွားလာလျက် လက်တွေ့ဗဟုသုတကလေးများနှင့် ကိုယ်တွေ့မျက်မြင် အချက်အလက်ကလေး များကိုသာ လွတ်လပ်စွာ စုဆောင်းရှာဖွေခဲ့ပါသည်။

ဗမာပြည် ပြန်ရောက်သောအခါလည်း ကိုယ်တိုင်သွားလာ တွေ့မြင်သိရှိခဲ့ရသမျှသော ရောက်ခဲ့ သော နိုင်ငံတကာမှ အကြောင်းအရာစုကို မှတ်တမ်းဆောင်းပါးရှည်အဖြစ် ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးဖြင့် မိမိတွေ့မြင်သိရှိခဲ့ရသော အမြင်အတွေ့များအား စာဖတ်ပရိသတ်ရှေ့မှောက်သို့ ရောက်အောင် တင်ပြ လိုသော ရည်ရွယ်ချက်ရှိ၍ ပြီးပြတ်သည်အထိ ရေးသား ဆောင်ရွက်လိုက်ရ ခြင်း ဖြစ်ပါသည်။ အကယ်၍ နောင်လာနောက်သား ဗမာ့ စာနယ်ဇင်းသမားတို့ အထည်းမှ အမှတ် တရ ညွန်ပြစရာ ကြုံလာမည် ဆိုလျှင်လည်း၊ တချိန်တုန်းက ကမ္ဘာလှည့်ဆောင်းပါးကြီးတစောင်ကို ဗမာစာရေး ဆရာမတဦးက ကမ္ဘာလှည့် အပြန်မှာ ရေးသားထားခဲ့ဘူးကြောင်း သတိရကောင်း ရကြ ပါလိမ့်မည်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ ရှေးအခါကလို အသွားအလာ မလွယ်ကူသဖြင့် အဆက် ပြတ်နေသော ဗမာပြည်၏ နယ်ခြားဒေသအသီးသီးတို့သို့၎င်း၊ ပြည်တွင်းအရပ်ရပ် အနယ်နယ်မှ ဒေသန္တရ ဆောင်းပါးများ ကို၎င်း၊ အကြောင်းအားလျော်စွာ သွားလာ ရောက်ရှိခဲ့တိုင်း တိုင်းပြည် လူထု စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ ရေးသား၍ မျက်စေ့ရှေ့ရောက်အောင် တင်ပြပေးခဲ့ခြင်း ဖြင့်လည်း ဒို့ဗမာများ အားလပ်သော အခါ အိမ်ထဲမှာကုတ်၍ အောင်းနေသော အလေ့အထကို ဖျေက်ပြီး ပြည်တွင်းခရီးကလေးမျှာလောက်တော့ ထွက်စေချင်၊ ဗဟုသုတ ရှာစေချင်သော ဆန္ဒကြောင့် ဖြစ်ပါသည်။
၁၉၅၂ခုနှစ် ပထမအကြိမ် ကမ္ဘာလှည့်ခဲ့ရာမှ ပြန်ရောက်လာသောအခါ အိမ်နှင့် အလုပ်တိုင် သတင်းစာ တိုက် များ သာသာယာယာပင် ရှိကြပါသည်။

ယင်းသို့ ၁၉၅၂ခုနှစ်၊ ဇူလိုင်လ၊ ၁၉ရက်မှ စ၍ ခရီးထွက်သည်။ အင်္ဂလန်ပြင်သစ်တို့ကို ၀င်ပြီး ထိုကတဆင့် အမေရိကန်နိုင်ငံမှာ ၄-လကျော် ကြာအောင် လှည့်လည်ခဲ့ပြီးမှ ဟာဝေယံ၊ ဂျပန်၊ မနီလာ၊ ဟောင်ကောင် စသည်တို့သို့ ၀င်ပြီး ဒီဇင်ဘာကုန်ခါနီးမှာ ရန်ကုန်သို့ ပြန်ရောက်ရာ ခြောက်လမျှ အချိန်ကြာသည်၊ ထိုကာလ အပိုင်းအခြား၌ တိုက်ရှိလူများလည်း ဘာသံမျှ မကြား ငြိမ်ဝပ်ပိပြားစွာ နေထိုင်ကြသဖြင့် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရပါသည်။

သည်တကြိမ် အိမ်မှ ခပ်ကြာကြာ ခွါကြည့်၍ ရသောအခါ နောက်ပိုင်းမှာတော့ မကြာခဏ ခရီးထွက် ဘို့ ၀န်မလေး၊ နောက်ဆံမတင်းတော့သဖြင့် အခွင့်အခါ သင့်တိုင်း ခရီးတို ခရီးရှည် မှန်သမျှ ပြည်တွင်း ပြည်ပ လှည့်ပတ်သွားလာ နေခဲ့ပြီး ၁၉၅၄ခုနှစ်လောက်တွင် မန္တလေးမြို့ရှိ ကျမ မိခင်၏ တ၀မ်းကွဲ မောင်ဖြစ်သူ ကျောင်းဆရာ ဦးဘကြွယ်တို့ အိမ်ထောင် သားသမီးတစုသည် ရန်ကုန်သို့ လာရောက်လည်ပတ်ကြသည်။ ကမ္ဘာလှည့်သွားစဉ်က အိမ်အစောင့်အရှောက် နေထိုင်ကြသော ညီမ နှစ်ဝမ်းကွဲ၏ ဖခင်ဖြစ်သူတို့ အိမ်တွင် တည်းခိုသည်။

အသက်အရွယ်ကြီး၍ သွားများ အားလုံး ကျိုးကုန်ပြီဖြစ်ရာ အစားအစာကို မ၀ါးဘဲ မြို့ချနေရပါသည်။ ဆံဖြူသွားကျိုး အရွယ်တိုင်သော်လည်း သားကျွေးမှု၊ မယားကျွေးမှုမှ အနားမယူရသေးဘဲ ကျောင်းဆရာ အလုပ်ကို လုပ်ရဆဲ ဖြစ်ပါသည်။ သူ၏သမီးကြီးအား ဂျပန်ခေတ်မှ စပြု၍ အိမ်ထောင်ကျသည်တိုင် ခေါ်ယူ ပြုစုကြည့်ရှု စောင့်ရှောက် ပေးသည်ကို ကျေးဇူးတင်နေပုံရသည်။ ကျမကလည်း မိခင်၏မောင် ဦးလေး သားချင်း လူကြီးထည်း က သိပ်မရှိတော့သဖြင့် တတ်နိုင်သလောက် ထောက်ပန့်ကြည့်ရှုသောအားဖြင့် လိုနေသော ကိစ္စ တခုကို အစားထိုး ကုသိုလ်ပြုသည့်သဘောနှင့် နေ့စဉ်မှီဝဲရသော အစာအဟာရများ မြိန်ရေ၊ ရှက်ရေ ၀ါးစားနိုင်စေခြင်းငှါ သွားစိုက်ဆိုင်မှာ သွားများ  အပြည့်ထည့်၍ ကုသိုလ်ပြုလိုပါသည်။

ကျမ စေတနာမှာ သူတပါးလိုရာ ပြည့်ဝ၍ ၀မ်းသာရရှိသည်များကို တွေ့မြင်ရလျှင် စင်စင် ကြယ်ကြယ်နှင့် ထားရှိအပ်သော စေတနာအရင်းခံမှာ ပို၍ ကြည်နူးနှစ်သိမ့်မိပါသည်။ သို့သော် သူတို့ မန္တလေးပြန်သွားပြီး လများ မကြာမှီ တနေ့သောညဥ့်၌ အိပ်ရာဝင်ချိန်မှာ ကျမ အိပ်ခန်းတံခါး ကို လာခေါက်သဖြင့် ဖွင့်ပေး လိုက်သောအခါ ညီမနှစ်ဝမ်းကွဲ လင်မယားမှာ မျက်နှာမသာမယာနှင့် တွေ့ရပါသည်။ အကြောင်းကို မေးမြန်းသော အခါ သူ့ဖခင် ကျောင်းဆရာ ဦးဘကြွယ် အသဲအသံ ဖြစ်၍ မျှောင်လင့်စရာ မရှိတော့ဟု ကြေးနန်း ရောက်ရှိကြောင်း မနက်စောစော လေယာဉ်ပျံနှင့် လိုက်ကြရမည်ဖြစ်သဖြင့် အရေးတကြီးငွေလို၍ လာရ ပါသည်ဟု ပြော၏။

ကျမလည်း ပြန်သွား၍ မကြာသေးမှီ ဤသို့ ဖြစ်ရခြင်းကို စိတ်မကောင်းစွာနှင့် ငွေငါးရာလား သုံးရာ လား မမှတ်မိ၍ အလျင်အမြန် ထုတ်ပေးလျက် လေယာဉ်ပျံ လက်မှတ်များ ၀ယ်စရာ အစီအစဉ် ပြုလုပ် ပေးပါသည်။ ရောဂါအခြေအနေအကြောင်း ပြန်ရန်လည်း မှာလိုက်ရသည်။ သို့သော် နှစ်ရက်မျှ ရှိသောအခါ အနိစ္စရောက်ကြောင်း သံကြိုးလာသည်။
အလွန်ရိုး၍ တရားနှလုံးပြည့်ဝသော သူတဦးဖြစ်၎င်း၊ မန္တလေးတွင် နေစဉ်၎-၅နှစ် အတူနေခဲ့ဘူး သော ဦးလေး ၀မ်းကွဲဖြစ်၍တကြောင်း မကြာမှီက တမင်လာ၍ နှုတ်ဆက်သကဲ့သို့ ဖြစ်ရသည် တကြောင်း တို့ကြောင့် ကျမသည် အတော်စိတ်မကောင်း ဖြစ်ခဲ့မိပါသည်။

မန်နေဂျာလက်သစ်ပေါ်လာပြီ

ယင်းသို့ အနိစ္စ ရောက်ခဲ့ရှာသူ ဆရာဦးဘကြွယ်မှာ ကျမကို အားထား ယုံကြည်မှု ရှိသွားသည်။ သူ၏သမီးအကြီး ကိစ္စမှ အစပြုပြီး နောက်ပိုင်ကျန်ရှိရစ်သော သူ၏သားနှင့်သမီးများကိုပါ ဆက်လက် စောင့်ရှောက် ရန်အထိ လိုလားခဲ့သူ ဖြစ်ပါသည်။ တစိမ်းရယ်၊ ဆွေးမျိုးရယ်၊ မိတ်ဆွေ ရယ်ဟူ၍ မရွေး၊ ဘယ်သူ့ ကိုဖြစ်စေ၊ တတ်နိုင်သည့်ဘက်မှ ကူညီရန် ၀န်မလေးခဲ့သူ ကျမမှာ လာသမျှ တာဝန်ကို ဖမ်း၍ ထမ်းယူ ခဲ့သူ ဖြစ်ပါသည်။

ဆရာဦးဘကြွယ်မှာ မသေဆုံးမှီက မန္တလေးမြို့ဘောလုံးကွင်းအနီး၌ အိမ်ငှားနေသည်။ ဆရာ အလုပ် လုပ်ရသော နေရာမှာ အမရပူရမြို့ ခေါ် (တောင်မြို့)ရှိ ကျောင်းသို့ မီးရထားနှင့် နေ့စဉ် သွား၍ စာပြရသည်။ တမြို့တည်း မဟုတ်၍ သွားရပြန်ရသည်မှာ တာဝန်ကြီးလေးပြီး မန္တလေး ဘူတာရုံကြီးနှင့် ဘောလုံးကွင်း နေအိမ် ရောက်အောင် အသွားအပြန် ကုန်းကြောင်း လျှောက်ရရှာ သေးသည်။ ကျန်ရစ်သော သားအလတ် မှာ ထိုအခါက အိမ်ထောင်ကျပြီးစ အလုပ်အကိုင်က မန္တလေးကောလိပ်၌ ပစ္စည်းထိန်း စာရေး အလုပ်လုပ် လျက် မိဘနှင့်တွဲဘက် နေထိုင်ခဲ့ရာမှ ဖခင် အနိစ္စရောက်သွားသောအခါ အိမ်သားတစု၏ တာဝန်ကို သူတဦးတည်း မထမ်းဆောင်နိုင်သော ကြောင့် နေရေး၊ ထိုင်ရေး မနိုင်မနင်း ရှိလာသည်။

သို့ကြောင့် ရန်ကုန်တက္ကသိုလ် ကထိကလုပ်နေသူ ယောက်ဖနှင့် အမများထံ အတူ ပြောင်းရွှေ့ နေလိုပါသည်။ သူ့အဘို့ အလုပ်အကိုင်အတွက် ကျမက တာဝန်ယူ၍ ဗမာ့ခေတ်သတင်းစာတိုက် မှာ သင့်လျော်မည့် အလုပ်တခုခု ပေးထားပါဟု စာရေးတောင်းဆိုသည်။ ရန်ကုန်မှာ ရှိသော သူ၏ အမကလည်း အမေမုဆိုးမကြီးနှင့် သူတို့မောင်နှမတစု စုပေါင်းနေထိုင်ရေး ဖြစ်နိုင်ရန် မမက ကြံဖန် ပြီးသူ့ မောင်အား အလုပ်တိုက်ထဲ ထည့်သုံးပေးပါဆိုသော စကားများ၊ နေ့စဉ်လာရောက် ပြောကြား နားပူလျက် ရှိပါသည်။

ကျမသည် ကွယ်လွန်သူ ဦးလေး ဦးဘကြွယ်၏ မျက်နှာကို ထောက်ထား ငဲ့ညှာခဲ့သည်။ သူ၏ သားသမီး များသည် ကျမမျက်မှောက်မှာ ပုခက်တွင်းဘ၀စပြီး ကြီးပြင်းလာကြသူများလည်း ဖြစ် သည်။ သားဖြစ်သူ ပစ္စည်းထိန်းစာရေး စတိုးကီးပါး မှာလည်း ရိုးအ အားကြီးသည်။ အတွေ့အမြင် အပေါင်းအသင်းသည် ကျဉ်းမြောင်း သေးသည်။ ရန်ကုန်မြို့မှ နေ့စဉ်သတင်းစာကြီးတစောင့်မှာ မားမားမတ်မတ် အလုပ်လုပ်နိုင်ဘို့ ကိစ္စက လျင်လျင်မြန်မြန် ဖျပ်ဖျပ်လတ်လတ်ရှိမှ တောင်ရုံကျမည်။ သို့ကြောင့် ဘယ်နေရာ ထည့်သုံးရ မည်ဆိုသည်ကို စဉ်းစားသည်။

ယခင်က ပညာအရည်အချင်းရှိသူ သတင်းထောက် အယ်ဒီတာလိုင်းကို ၀ါသနာပါသူ လူငယ်များကို အရိုင်း သက်သက်မှ သင်ရင်း၊ ကြားရင်း ပညာဆည်းပူးရင်း ထည့်သုံးသွားကြည့်ရာ ထိုလူင် တစုသည် ၎င်းတို့ ၀ါသနာပါရာ စွမ်းဆောင်ရာတို့၌ လူတော် လူကောင်းကလေးများအဖြစ်နှင့် စွံသွားကြသည် ချည်း ဖြစ်ပါသည်။ ယခုကိစ္စမှာတော့ အယ်ဒီတာနှင့် သတင်းထောက် စသောနေရာများတွင် ၀င်နိုင် သောအခြေခံ ၀ါသနာရှိထားသူမဟုတ်၍ အလုပ်တိုက် အုပ်ချုပ်မှုဆိုင်ရာ မန်နေဂျာဋ္ဌာနသို့ ပို့ရန် မှတပါး အခြားနေရာ မရှိတော့ပါ။

သို့ကြောင့် လက်ရှိမန်နေဂျာ ဦးတင်စိုးမှာ နာတာရှည်ရောဂါသည်ဖြစ်ကာ သူ့ရောဂါ အခြေအနေ ကလည်း တနေ့ထက် တနေ့ ဆိုးလာသည်။ ရောဂါထလာသောအခါ အိပ်ယာထဲမှ ဆယ့်လေး ငါးရက် လဲနေရှာသည်။ မကြာ မကြာအိပ်ယာထဲမှာ လဲနေတတ်သောကြောင့်လည်း အလုပ်မှန်မှန် မဆင်းနိုင်သည်က များလာ သည်။ သို့ကြောင့် ဦးတင်စိုလည်း ဆေးဝါးစား၍ နားရက်များ ရရှိစေရန် ဒုတိယ မန်နေဂျာအဖြစ် နေရာ အစားထိုးနိုင်ရန် အလုပ်သင်အဖြစ်နှင့် ခြောက်လ တစ်နှစ်တန်သည် ထားဦးမည်ဟု ပိုင်းဖြတ် လိုက်ပါသည်။

သို့ပိုင်းဖြတ်ပြီးနောက် ကထိက ဆရာကတော်အား နင့်မောင်နှင့် အမေများ ခေါ်လိုက်တော့ အလုပ် တိုက်နေရာ ပေးဘို့ ရည်ရွယ်ပြီးပြီဟု ပြောလိုက်ပါသည်။ ရန်ကုန်ပြောင်းနေဘို့နှင့် ရွှေ့ပြောင်းလာ သောအခါ လည်း အလုပ်အကိုင် အလွယ်တကူ ရရှိဘို့က ခက်ခဲသော်လည်း ကျမ၏ ကူညီစောင်မ ခြင်းအား ဖြင့် လွယ်လင့်တကူ သူတို့အဘို့ အလုံးကြီး ကျသွားသည်။ ကျမကလည်း တစိမ်းတရံ လူတွေအများအပြား အလုပ်လုပ် နေကြသေးသည်။ ကိုယ့်သွေးသားတည်းကဆိုလျှင် ပို၍ ယုံကြည် စိတ်ချရဦးမည်ဟု ယုံကြည် လိုက်သည်။ ရိုးအားကြီးသဖြင့် ခိုင်းလို့မှ ဖြစ်ပါ့မလား၊ သူများ ညာဝါးဖျန်းသန်းမှုတွေ လိမ်လည်မှုတွေ ခံများ နေရဦးမလားဟုပင် ကြိုတင် စိုးရိမ်ခြင်း ဖြစ်မိလိုက်ပါ သေး၏။

ရောက်လာကြသောအခါ မန္တလေးမှာ လုပ်စဉ်က ရသောလခထက် ပိုပြီး ရန်ကုန်သုံးစရိတ်နှင့် မျှတ ရန် လခ ပိုပိုမိုမို ပေးထားသည်။ အလုပ်သွား အလုပ်ပြန်စီးရန် မော်တော်ဆိုင်ကယ်တစီး ပေးထား သည်။ နောက်ပိုင်း မှာ အမအိမ်နှင့် တခြားစီ ခွဲနေလိုသေးသည်ဆို၍ စမ်းချောင်းရပ်မှာ အိမ်ငှါး စဘော်ငွေများ ထုတ်ပေး ကြည့်ရှုထားသည်။ နှမပျိုတယောက်ကိုလည်း ရန်ကုန်ရောက်သည့်နေ့ ကစ၍ ကျမအိမ်မှာ ခေါ်ထားပြီး သားသမီးကဲ့သို့ ကျွေးမွေးပြင်ဆင် စောင့်ရှောက်ထားရုံမက အိမ်ထောင် ရက်သား ချရာတွင်လည်း ကျမ အိမ်ကြီးပေါ်တွင် မင်္ဂလာ လက်ထပ်အခမ်းအနားများ ပြုလုပ်ပေးခြင်း၊ ဧည့်ပရိသတ်များ ဖိတ်ကြားဧည့်ခံခြင်း စသည်များအား လူကြီးမိဘ၀တ္တရားကို ကျမက ၀င်၍ လက်လျှိုထမ်းဆောင်ပေးခဲ့သည်။

ဤအချိန်ကစ၍ မန်နေဂျာ ဦးတင်စိုးထံတွင် အလုပ်တိုက် အုပ်ချုပ်မှု အရပ်ရပ်၊ ပေါင်းသင်းဆက်ဆံ ရေး အထွေထွေကို လက်ထပ်သင်ယူပြီး လုပ်ကိုင်နေထိုင်ခဲ့သည်။ ဦးတင်စိုးမှာ အလုပ်တာဝန် ပေါ့ပေါ့ပါးပါးနှင့် နားနားနေနေ ဆေးစားရပေမဲ့ အကြောင်းမထူးလာဘဲ ကွယ်လွန်အနိစ္စရောက်ခဲ့ရ ရှာသည်။ ထိုသောအခါ သတင်းစာတိုက် မန်နေဂျာနေရာကို မန်နေဂျာလက်သစ်က တက်လုပ်ရ သည်။ ဤသူကား ၁၉၅၃ခုနှစ်ဆီမှ အစပြု၍ အလုပ်သင်ရင်းမှ ၁၉၆၀ခုနှစ်အထိ ဗမာ့ခေတ်သတင်း စာကြီး၌ အတွင်း မီးဟုန်းဟုန်း တောက်လောင်ပြီး ပျက်စီးရသည်တိုင် လုပ်ကိုင်သွားရသူ ဗမာ့ ခေတ် သတင်းစာတိုက်၏ မန်နေဂျာချုပ်ကြီး ဦးခင်မောင်အေးဆိုသူ ဖြစ်ပါသတည်း။

လျှို့ဝှက် ပါတနာ စာချုပ်ဟောင်းကြီး
.

No comments: