Tuesday, March 2, 2010

မြန်မာပြည် ၏ ဟယ်လင် အပိုင်း (၃၁)

ယခုအချိန်တွင်ဂျပန် အရာရှိများသည် အရက်မူးနေကြရှံမက ထကြွ သောင်းကျန်း နေကြပါသည်။ တစ်ယောက်သော ဂျပန် က မေရီအားသဲသဲ မဲမဲငမ်းနေကြပါသည။ အခြားဂျပန် တစ်ယောက်ကမူ ကျွန်မ မျက်နှာ ကို တဏှာမျက်လုံးများနှင့် စိုက်ကြည့်နေပါသည်။ အခြားတစ်ယောက်ကမူ ဆုံးဖြတ်ချက်ချ၍ အရ လေဟန် တွေ့ရသည်။

သူတို့၏ အမူအရာများကို ကြည့်၍  ကြောက်နေမိသည်။ ယခုအချိန်အထိ ကျွန်မ၏စိတ်ထဲဝယ်  ဂျပန်များ သည် အများသူငါ ရှေ့မှောက်၌ သိက္ခာ ရှိရှိနေလိမ်မည်ဟု ထင်မှတ်ခဲ့၏။ ယခုမူ သူတို့သည် တိရစ္ဆာန်များ ပမာ  ယိုင်တိယိုင်တိုင်ဖြင့် အသံကုန်အော် ဟစ် နေသည်ကို တစ်လုံးတစ်ပါဒမှ နားမလည်ကြပါ။ ကျမ တို့မှာလည်း ဂျပန် စကားတတ်ထား သူတွေ မဟုတ်၍ သူတို့တစ်တွေ အရူးလို အော်ဟစ် နေသည်ကို တစ်လုံး တစ်ပါဒမှ နားမလည်ကြပါ၊ သူတို့တွေ မည်သို့ ယုတ်ယုတ်မာမာ ကြံစည်နေသည်ကိုလည်း တွေးတော ၍ မရပါ။

ကျွန်မအား အတင်းဓမ္မမုဒိမ်းကျင့်ပါက နောက်မှဖြစ်ချင်တာဖြစ်ပါစေ၊ မည်သည့်နည်းမျှ ခေါင်းငုံ့ခံနေမည် မဟုတ်ဟု သံန္တွိဌာန်ချထားသည်။ မိန်းမနှင့် ယောကျာ်းဗလက္ကာရလုပ် နေကြသည့် မြင်ကွင်းများကို ကျွန်မ အနေဖြင့် ကြည့်၍မရပါ။ စိုးရိမ်စိတ်နှင့် ကျွန်မကလှည့်လည် ကြည့်လိုက်သောအခါ မေရီထွန်းလှအောင်၏ ရင်ဘတ် တွင်ပင် အပ်ဖြင့်တွယ်ချိတ်ထားသော ရင်ထိုးကို သွားတွေ့ပါသည်။ ရင်ထိုးတွင် ကျောက်တစ်လုံး စီထားပါသည်၊ အနားသို့ ကပ်သွားပြီး

`ရင်ထိုး ကျွန်မကို ပေးထားပါ၊ ရှင်တို့ အားလုံးပြတင်းပေါက်နားမှာ သွားပြီး နေကြပါ။ ကျွန်မက ထွက်ပြေးကြလို့ အော်ပြောလိုက်ရင် ပြတင်းပေါက် က ခုန်ချပြီး ထွက်ပြေးကြပါ`  ဟု တိုးတိုးပြောလိုက်သည်။
ပင်အပ်မှာ ရှည်မျောမျော သံချောင်းကလေးဖြစ်၍ လက်နက်အဖြစ် အသုံးပြုနိုင်ပါသည်။
အရက်မူးပြီး ဆူပူသည်မှ အပ တစ်စုံတရာ မဖြစ်သေးပါ။ သူတို့သည် ရဲဆေးတင်ရန် အရက်လိုသေးဟန် ရှိပါသည်။
နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ရန် သူတို့တတွေ အခန်းထဲမှ ထွက်ပြီး အရက် သောက်ကြ ပြန်သည်။ ကျွန်မကို သဘောကျနေသော ဂျပန်တဦးသာ ကျန်ရစ်ခဲ့ပါသည်။ ဂျပန်သည် ကျွန်မအနီးသို့ ချဉ်းကပ် လာပါသည်။ အဆုံးအဖြတ် ပေးရမည့် အချိန်ကား နီးကပ်လာလေပြီဟု သဘောပေါက်မိပါသည်။
သူသည် လျင်မြန်စွာ လှည့်၍ ကျွန်မကို ချုပ်ကိုင်လိုက်ပါသည်။ 

ကျွန်မက အချိန်ရောက်ပြီ ဟု သံကုန် အော်ဟစ်ရင်း သူ၏စစ်ဝတ်စုံအပေါ်မ နေ၍ ရင်ဘတ်တည့်တည့် အပေါ်သို့ ရင်ထိုးနှင့် စိုက်ချလိုက်ပါသည်။ တစ်လက်မ သို့မဟုတ် တစ်လက်မ သာသာတော့ သူ့အသားထဲ စိုက်ဝင်သွားမည် ထင်ပါသည်။

သူက စိတ်ဆိုးမာန်ဆိုးနှင့် အော်ဟစ်နေစဉ် ကျွန်မတို့သည် ပြတင်းပေါက်မှ ခုန်ချကြပါသည်။ မစ္စတာစလေ တာ သည် သူ၏ နှင်းဆီပန်းများကို ကြည့်၍ ဂုဏ်ယူ ၀မ်းသာမည် ဖြစ်သော်လည်း ကျွန်မကမူ နှင်းဆီခြုံများ အပေါ် တန်းတန်းမတ်မတ် ခုန်ချမိ၍ ကျိန်ဆဲမိပါသည်။ ကျွန်မ မတ်တတ်ရပ်လိုက်သောအခါ ဂျပန်သည် ဆာမူရိုင်းဓားကို ဆွဲထုတ်ထားပြီး ပြတင်းပေါက်မှ ခုန်ချရန် ဟန်ပြင်နေပါသည်။

 အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးကြ ဟု ကျွန်မက အော်လည်းအော် ပြေးလည်းပြေးပါသည်။ သူ၏ ဓါးသည် လရောင်အောက်၌ လူ၏ဦးခေါင်းများကို ဖြတ်နေလေဟန် တလက်လက် ဖြစ်နေသည်ကို တွေ့ရပါသည်။ သူသည် ကျွန်မတို့ နောက်မှ ထက်ကြပ်မကွာ ပြေးလိုက်လာပါသည်။

ကျွန်မ၏ အဖော်များသည် ခွေးအလိုက်ခံရသော ယုန်သူငယ်များပမာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြ၏ ကျွန်မကမူ ခြေထောက်မှ ဒဏ်ရာများကလည်း မပျောက်သေး။ မူလကပင် ခြေထောက် တစ်ဖက် ဆာနေပါ၍ ကောင်းကောင်းမပြေးနိုင်ခဲ့ပါ။

သို့သော် ဂျပန်ကိုင်ထားသော ဓားသည် တစ်ချက်လှုပ်လိုက်သည်နှင့် ကျွန်မဇက်ပြုတ်ထွက်သွားနိုင်သည် ဟူသော အသိက ခြေထောက်တွင် တောင်ပံတပ်ထားသလို ဖြစ်သွားခဲ့၏။ နာနာနှင့်ပင် ဆက်ပြေးခဲ့ပါသည်။ ခန္ဓာကိုယ်ထဲမှ ကလီစာများ ပေါက်ထွက်ကုန်လေမလားဟု ထင်ရပါသည်။ 

အခြား အမျိုးသမီးငယ်များသည် ၀င်းတံခါးမကြီးအတွင်း သို့ ပုန်းအောင်းနေ၍ အုတ်ဖြင့်တည်ဆောက်ထား သော မီးဖိုကြီး၏ နောက်ကွယ်၌ ပုန်းအောင်းနေကြပါသည်။ ကင်းအလှည့်ကျသူများသည် ညအချိန်၌ ထိုမီးဖိုတွင် မီးလှုံလေ့ ရှိကြပါသည်။ ကျွန်မ၏ နောက်မှ ပြေးလိုက်လာသော ဖိနပ်ခွာသံကို ကြားနေရသည်။ ရပ် ရပ် ဟူ၍ အော်ပြောနေသော ဂျပန်၏ အသံကိုလည်း ကြားနေရသည်။

ကျွန်မသည် အစောင့်ကို ဖြတ်ကျော်၍ မီးဖိုနောက်သို့ ၀င်ပြီး မြေကြီးပေါ်၌ လှဲအိပ်လိုက်သည်။ အခြေအနေကို စောင့်ကြည့်နေသည်။ အစောင့်လုပ်သူသည် တံခါးကို ပိတ်လိုက်ပြီးမှ ကျွန်မနောက်မှ ပြေးလိုက်လာသူကို လှံစွပ်နှင့် ချိန်ထားပါသည်။ အရာရှိသည် ဖြုန်းခနဲ ရပ်သွားပြီး သူ့အား တံခါးဖွင့်ပေးရန် တောင်းဆိုလျက်ရှိ သော်လည်း အစောင့်ကခေါင်းကို တွင်တွင်ခါယမ်းပြနေသည်။


ဂျပန်စစ်တပ်၏ သံမဏိ စည်းကမ်းကို ကျေးဇူးတင်မိပါသည်။ အစောင့်တွင် မည်သူတစ်ဦးတယောက်မှ ခွင့်ပြုမိန့် မပါဘဲ မ၀င်ရ ဟူ၍ထုတ်ပေးထားသည့် အမိန့်က ရှိနေသည်။ ထိုအမိန့်သည် အခြားသောသူများ အတွက် ဖြစ်သလို သူတို့၏ အရာရှိများအတွက်လည်းဖြစ်ဖွယ်ရှိပါသည်။ သို့တည်းမဟုတ် ပြေးလွားလာကြ သော အမျိုးသမီးများကို သနား၍လည်း ဖြစ်နိုင်ပါသည်။ အရက်မူးပြီး ပြေးလိုက်လာခြင်းကို မနှစ်သက်၍ လည်း ဖြစ်နိုင်ပါသေးသည်။

အရာရှိက ဓားတယမ်းယမ်းနှင့် အော်ဟစ်နေသော်လည်း စစ်သားကမူ တစ်ရွေးသားမျှ လျှော့မပေးပါ။ နောက်ဆုံးတွင် အရာရှိသည် ဓားအိမ်အတွင်းသို့ ဓားကို ပြန်သွင်းပြီး ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောဆိုလျက် ယိုင်တိ ယိုင်တိုင်ဖြင့် အရာရှိရိပ်သာသို့ ပြန်သွားပါသည်။


စခန်းတွင် ယောက်ျားလုပ်သူများက စိတ်ပူနေကြ၍ မအိပ်နိုင်ကြသေးဘဲ ကျွန်မတို့ကို စောင့်နေကြပါသည်။ ဂျော့နီကိုလတ်(စ်)က ဘာဖြစ်လို့ ဆူဆူညံညံ ဖြစ်ရတာလဲ မင်းတို့လူစု ဘာတွေဖြစ်လာကြသလဲ ဟု ကျွန်မကို ဆီးမေးပါသည်။

မနက်ဖြန်ကျမှဘဲ ပြောကြတာပေါ့ ဟု ပြန်ပြောလိုက်ရပါသည်။ သန်းခေါင်ကျော် မနက် နာရီပြန်နှစ်ချက်ခန့် ရှိပါပြီ။ ကျွန်မတို့အားလုံးလည်း အင်အားကုန်ခန်းနေကြပါသည်။ ကျွန်မတို့ လုပ်ရပ်အတွက် ဂုဏ်ယူမိ စေကာမူ တွေ့ကြုံ ခံစားခဲ့ရသော ဒုက္ခများကိုမူ ညဉ့်နက် သန်းခေါင် အချိန်တွင် ပြန်ပြောလိုစိတ် မရှိကြပါ။ မေရီ၏ ရင်ထိုးကြောင့် ကျွန်မတို့ တစ်တွေ သီသီကလေး လွတ်မြောက်လာခဲ့ရသည်ကိုလည်း မပြောလိုပါ။

မနက်မိုးလင်းသောအခါ ဂျော့အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ရင်ထိုးမှ သံဆူးနှင့် ဂျပန်တစ်ဦး ကို ထိုးခဲ့ကြောင်း။ ကျွန်မတို့ စခန်းကို ဂျပန်များ လက်စားချေဖွယ်ရာ ရှိကြောင်း ပြောပြလိုက်ပါသည်။ ဂျပန်များသည် ထင်ရာစိုင်းသူများဖြစ်ပါသည်။ သူတို့၏ သိက္ခာကို ထိခိုက်သည်ဟု ယူဆခဲ့သော် လက်စားချေ မှုသည် ကြောက်ဖွယ်လိလိ ရှိပါလိမ့်မည်။

ဂျော့ကလည်း အကြီးအကျယ် ဒေါပွပါသည်။ သူသည် လူအများကို ခေါ်ယူ၍ အစည်းအဝေးလုပ်ပါသည်။ ထိုအစည်းအဝေးတွင် ရန်သူကို အကောင်းဆုံး ခုခံနည်းမှာ မိမိဘက်က လက်ဦးမှုရရန် ဖြစ်ကြောင်း ဆုံးဖြတ် ကြပါသည်။ ပြန်လည် လက်စားချေမှုကို ကြိုတင်ကာကွယ်သော အနေဖြင့် စခန်းအုပ်ချုပ်သူ အရာရှိထံသို့ ကန့်ကွက်စာပေးရန် ဆုံးဖြတ်ကြပါသည်။

ဆက်ရန်
.

2 comments:

မောင်မောင် said...

ဖတ်ပြီးလို့  ပြန်ပြီ။
စောင့်မျှော်ပြီးဖတ်နေရပါတယ်ခင်ဗျာ။

ခင်တဲ့
မောင်မောင်

မောင်မောင် said...

စာဖတ်ပြီး ပြန်ပါပြီ။
စောင့်ဖတ်နေပါတယ်ဗျာ။


ခင်မင်တဲ့
မောင်မောင်