Saturday, February 13, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၈)

ဥာတကာနံ၏ အညှဉ်းဆဲခံဘဝ
ထိုသို့လျှင် ဖြစ်ရာဘ၀ ကုတ်ကုတ်ကလေးနှင့် အေးချမ်းသာယာစွာ နေလာခဲ့သည်မှာ ၂နှစ်ကျော် ၃နှစ်  နီးပါး ရှိ လာခဲ့ပါသည်။ ထို ၃နှစ်အတွင်းမှာ ကျမတို့နေအိမ် တိုက်ခန်းကလေးသို့ အိပ်ယာလိပ်နှင့် လက်ဆွဲသေတ္တာ ကလေးကိုင်တက်လာသော တည်းခိုသူ ဧည့်သည်များမှာ စဲလှသည်စု မရှိပါ။ ထိုဧည့်သည်များမှာ အခြား သူတွေမဟုတ်ပါ ကျမတို့ အလွန်စက်ဆုတ်စွာ စိတ်နာကျည်းခဲ့သော မန္တလေးမှ ဘကြီးနှင့် ကြီးတော်၏ သားသမီး ဆွေမျိုးရင်းခြာတို့ပင် ဖြစ်ပါသည်။

ကျမတို့က နာကျည်းလွန်းလှ၍ ဘယ်လိုဘဲ ရှောင်နေသည်ဖြစ်စေ မျက်နှာပြောင်လှသောောကာင့် အံ့သြမဆုံး နိုင် ရှိရပါသည်။ ကျမသည် လူသားတစ်ယောက်သာ ဖြစ်သည်။ ဘယ်လိုပင် စိတ်နာကျည်း၍ အဆက်အသွယ် ဖြတ်ထားသော်လည်း ရန်ကုန်မြို့ကြီးတွင် တည်းစရာ ခိုစရာ မရှိ၍ ကျမအိမ်ကို အားထား စွန့်စားတက်လာသူများကို ပက်ပက်စက်စက် နှင်မချရက်ပါ။ လူမဆန်သော စိတ်ဓါတ်မျိုးမထားတတ်သူပီပီ ကြည်ကြည်သာပင် လက်ခံလိုက်ရပါတော့သည်။

ကျမပေါ်မှာတော့ သူတို့တတွေသည် မစ္ဆေယစိတ်များ အလွန်ထားခဲ့သူများဖြစ်သည်။ ငယ်စဉ်ကစ၍ လူသားတို့ထားအပ်သော စိတ်ထားမျိုးများ ကျမတို့ မောင်နှမအပေါ်တွင် သူတို့မိသားစုများက မထားခဲ့သူများ ဖြစ်သည်ကို ကိုယ်တွေ့အကြိမ်ကြိမ် ကြုံကြိုက်ခံစားခဲ့ရသော်လည်း  ကျမအိမ်ပေါ်သို့ ဇွတ်တက်သောအခါ၌  ကျမကပြန်၍ လူမဆန်သော စိတ်ယုတ်မာများ မထားရက်ပါ။ 

ထိုအခါက ရန်ကုန်မြို့သို့ တခြားမြို့က လာရောက်သူများမှာ တည်းခိုစရာလူရင်းမရှိလျှင် အင်မတန်မှ ကသိကအောက်ဖြစ်လေ့ရှိပါသည်။ ရင်းနှီးသော အသိမိတ်ဆွေများ ရှိလင့်ကစား ထိုသူများမှာ ကိုယ့်အိုးနှင့် ကိုယ်ဆန်သိပ်ထည့်ထားသည့်အလား တိုက်ခန်းနှင့်လူနှင့် အပြည့်နေကြသူများပါသည်။ ယခုအခါကဲ့သို့ ရန်ကုန်မြို့က ကျယ်ကျယ်ပြန့်ပြန့်လည်း မရှိသေး မန္တလေးနှင့် ရန်ကုန်စုန်ချည် ဆန်ချည် ရောင်းဝယ် ကူးသန်း သွားလာဘို့ ဦးမလေးမည့် သွင်းကုန်လိုင်စင် ဖက်စပ်ခေတ်မျိုးလည်း မရှိသေးသဖြင့် အထက်မြို့ရွာမှ လာရောက်နေထိုင်ကြသူများလည်း ပြောလောက်အောင် မများကြသေးသော အချိန်အခါ ဖြစ်ရာ တော်ရုံလူများမှာ တည်းခိုးစရာ အကြပ်အတည်းကြောင့် ရန်ကုန်မြို့ကြီးသို့ လာရောက်ဘို့ ခြေမသွက်နိုင်ကြသော ခေတ်အခါ ဖြစ်ပါသည်။

လာပြန်တော့လည်း စားရတတ်သမျှမှ ခွဲဝေကျွေးမွေးလျက် ဧည့်ဝတ်မပျက်ရန် တာဝန်ခံလိုက်ရပါသည်။ အချို့က ခေတ္တခဏလာသော်လည်း ဤအထဲ ကြီးတော်၏သား နှစ်ဦးမှာ တဇွန်းကူသောက်သော အနေဖြင့် အနေဖြင့် ညီအစ်ကို နှစ်ဦး အိမ်ထောင်သားသမီး အစုံအလင်နှင့် နှစ်လ သုံးလ ကျကျနန နေထိုင် သွားကြပါသေးသည်။ နေထိုင်ကြသည့် အတောအတွင်း အ၀တ်အစားနှင့် သုံးစွဲသွားလာစရိတ်များ ကိုပင် ယူငင်သုံးစွဲခြင်းဖြင့် ညှဉ်းဆဲခြင်း ခံလိုက်ရပါသေးသည်။ 

သို့ရာတွင် သူတို့ အခိုက်အလှည့် မသင့်ခင်သာ ဤသို့လာရောက်အကူအညီ ခံသော်လည်း သူတို့ ညီအစ်ကို စီးပွားရေး အလှည့်သင့်ချိန်အခါက ကျမတို့ မောင်နှမအား လူစာရင်း သွင်းထားသူများ မဟုတ်ကြပါ။ မျက်နှာကြီးရာကိုသာ လောကွတ် ပိုကြပါသည်။

ယင်းသို့ လွတ်လွတ် ကျွတ်ကျွတ် နေကြပါသော်လည်း ဖိစီးနှိပ်စက်လာသော ဥာတကာနံ၏  အညှဉ်းဆဲခံ ဘ၀၌ ကိုယ့်ရှိသမျှ အင်အားကလေးနှင့် ပြေးမလွတ် ၀ဋ်ခံနေရဆဲမှာ မန္တလေးမြို့မှ အိမ်အပေါင်ခံသူဟု အမည်တပ်ထားသော ချစ်တီးကုလားက သုံးနှစ်ရှိ၍ အတိုးရော အရင်းပါပေးပြီး လာရွေးရမည် မရွေးလျှင် တရားစွဲမည်ဟု နို့တစ်စာပေးခြင်းခံရပါသည်။ 

ဒီအရေးကို ကြိုတင်တွေးမိပြီး ဖြစ်သောကြောင့် စောစောစီးစီး အိမ်ကြီးတစ်ခုလုံး အပိုင်စီးလိုက်ပါတော့ ဆိုစဉ်က မယူဘဲ ယခုမှ အကြပ်ကိုင်သောအခါ ဘာတတ်နိုင်ဦးမှာလဲ တရားသာ စွဲပေတော့ဟု ပေနေလိုက် ရတော့သည်။

သမ္မာန်စာချ၍ ရုံးချိန်များမကြာခဏ ခေါ်သော်လည်း ကျမတို့ မောင်နှမက သွားပြီး ဘာလုပ်ရဦးမည်နည်း အချည်းနှီး လမ်းစရိတ် အပိုကုန်ရုံသာ ဖြစ်နေမှာပါ သို့ရာတွင် ကျမတို့ ဘက်မှ မေတ္တာရိ သက်သက်လို မန္တလေးမြို့ရှိ ရှေ့နေကြီး ဦးဆင့်က ၀င်ပြီး အကျိုးဆောင်ပေးရှာပါသေး၏။ သို့သော်လည်း နောက်ဆုံး အကြိမ်မှာတော့ ငွေရင်း ၂၃၀၀ နှင့် သုံးနှစ်တွက် ကုန်ကျငွေများပါပေးစေ မပေးနိုင်ပါက ပေါင်ထားသော အိမ်ကို လေလံပစ်၍ ယူစေဟူသော တဘက်သတ် စီရင်ချက်ဖြင့် လက်စသိမ်းလိုက်ပါတော့သည်။

ဤတွင်မှ ကျမတို့လည်း အိမ်နှင့် စပ်လျဉ်း၍ တာဝန်ပေါ့သွားကြသည်။ အစက ကိစ္စငြိမ်းထိုးပေးပါလျက် ရုံးတက်နေလိုက်ရသေးသည်။ လေလံပစ်၍ ယူသည်ဖြစ်စေ သည်အတိုင်းဘဲ သိမ်းလိုက်သည်ဖြစ်စေ ကျမတို့ အနေနှင့် တစုံတရာ စွဲလမ်းငြိတွယ်နေသော မက်မောမှု သံယောဇဉ်ဆို၍ ဤအိမ်ပေါ်တွင် လုံးဝ မရှိတော့ပါ။ မွေးမိခင် ခေါင်းချနေထိုင်သွားသော အိမ်ကို မြင်နေရလျှင် ထိန်းသိမ်းနေရလျှင် စိတ်မကောင်းစရာ အနာဟောင်းကို ဆွခံရသည်နှင့်သာ တူသောကြောင့် တွယ်တာ စုံမက်ကင်းပြတ် သွားရသည်ကိုသာ လိုလားလျက် ရှိပါသည်။

ဤအတောအတွင်းမှာ ဒုတိယ ကမ္ဘာစစ်ကို ကြိုဆိုနေကြသော အရိပ် လက္ခဏာတွေသည် တကမ္ဘာလုံးမှာ ပေါ်လာလေသည်။ ဂျပန် ဂျာမဏီ အီတလီတို့က အာဏာရှင် စံနစ်နှင့် နိုင်ငံ၏ ကြီးပွားရေး ထူထောင်ခြင်း  လက်နက်အင်အားတောင့်တင်ခြင်း သတင်းများ ၀ါဒဖြန့်ကြသလို အင်္ဂလိပ် အမေရိကန်နှင့် ရုရှားတို့ ကလည်း နည်းအမျိုးမျိုးနှင့် အင်အားထုတ်ပြ ကြွားဝါကြသည်။ ဗမာပြည်က နိုင်ငံရေးသမားများကလည်း တလှုပ်လှုပ် တရွရွ ဖြစ်နေကြရာ ရေနံမြေ သပိတ်ကြီးနှင့် ဗိုလ်အောင်ကျော် ကျဆုံးမှုကိစ္စက တဟုန်ထိုး ကြွထချိန်နှင့် ရွှေဖီ၏ ကုလားဗမာ အဓိကရုဏ်း စသော အဖြစ်အပျက်တွေက တခုပြီးတခု ဆက်တိုက် အုံကြွနေသည်။ နိုင်ငံရေး သွေးထနေသူ တစုကတော့ အင်္ဂလိပ်အစိုးရကို ကြည်ညိုမှု လုံးဝကင်းမဲ့လျက် အင်္ဂလိပ်၏ တဘက်ရန်သူများဖြစ်လာမည့် ဂျပန်ကို၎င်း ဂျာမဏီကို၎င်း အီတလီကို၎င်း ရည်ရွယ်မျှော်မှန်း ကာ စိတ်ဝင်စားနေကြပါသည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရများ လက်အောက်မှ ရုန်းထွက်ရန် လွတ်မြောက်မှုကို လိုလားခြင်းကြောင့် ဂျပန် ဂျာမဏီ အီတလီ စည်တို့ကိုသာ စိတ်ညွတ်နေကြရာ ထိုအခါက စာနယ်ဇင်းလောကမှာ ၀င်ရိုးတန်း သုံးနိုင်ငံ၏ အာဏာရှင်စံနစ် အကြောင်း ကောင်းချီးပေး၍  ရေးသားကြသည်။ 

ရုပ်ပုံတွေ ဝေေ၀နှင့် သွားရေကျလောက်သော အမြောက်တပ်ကြီးတွေ၏ အင်အား တိုက်လေယာဉ်ပျံများ စစ်သင်္ဘော ရေငုပ်သင်္ဘော စသည့် ဓါတ်ပုံ ဘလောက်များနှင့်တကွ အာဏာရှင် ဟစ်တလာ မူဆိုလူနီတို့၏ ပုံများဂျပန်ပြည်မှ စစ်တပ်အင်အားရှိပုံများကို ဘယ်စာနယ်ဇင်းမှာ ဖြစ်စေ မိုးမွှန်အောင် တွေ့နေကြရသည်။

ဒုတိယကမ္ဘာစစ်နှင် နဂါးနီ ခေတ်
လူတွေသည် စစ်ကို စိတ်အားထက်သန်စွာ ကြိုနေကြသည်။ ကိုရီးယားစစ်ပွဲက အရှေ့ဘက် ဂျပန်မှ စသည်။ အဘိဆီနီယားနှင့် ဂရိတ်ပြည်ကိစ္စက အီတလီမှ စသည်။ ဂျမဏီကတော့ ရုရှားနှင့် အင်္ဂလန်ကို နှစ်ဘက်ခွ ချိန်နေသည်။

ပန်၊ဏိ၊အိ၊ ရာ သီချိန်မှာဟု ဆိုထားသော တပေါင်ကိုလည်း အားထားကြသူက မရှား စကြာမင်းနှင့် ဘိုးဘိုးအောင်ကို ယုံစားသော ဂိုဏ်းဝင်များကလည်း စကြာတံဆိပ်နှင့် ပေါ်လာသော အာဏာရှင် နာဇီခေါင်းဆောင်ကြီး ဟစ်တလာမှာ စကြာမင်း ဂိုဏ်းဝင် ဖြစ်လေဟန်နှင့် ဂျပန်နေမျိုးနွယ်များကိုလည်း အလွန်အမင်း အထင်ကြီးနေကြသော အခါဖြစ်ပါသည်။

နိုင်ငံရေး ၀ါဒရေး စာအုပ်များမှာလည်း အရှိုအရှို ဟိုကပေါ်သည်ကပေါ် နှင့် အမျိုးမျိုး ထုတ်ဝေနေကြသည်။ ဤအထဲမှာ နာမည်ထင်ရှားလူသိများသော စာအုပ်တိုက်မှာ သခင်နု (ယခု ၀န်ကြီးချုပ် ဦးနု) ခေါင်းဆောင် သော နဂါးနီ စာအုပ်အသင်းမှ နဂါးနီ စာအုပ်တိုက်ထုတ် စာအုပ်များဖြစ်၍ ၎င်းမှာ တရှိန်ထိုး နာမည်တက် လာပါသည်။ နဂါးနီ ပထမ တိုက်အုပ် ဦးထွန်းရွှေတို့ လက်ထက်ကပင် အစုရှယ်ယာများ ခေါ်ကာ စာအုပ် တိုက်ကို စတင်တိုးချဲ့လာခဲ့သည်တွင် ကျမက နောက်ပိုင်းမှာ ရှယ်ယာအစုများဝင်ထားခဲ့ပါသည်။ စောစော ပိုင်းကလည်း အသင်းသားအဖြစ် စာအုပ်များ ၀ယ်ယူအားပေးခဲ့သူ ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်မီးသည် ဗမာပြည်သို့ တိုက်ရိုက်ဦးတည်၍ မလာသေးခင် ဥရောပတခွင်၌ တိုက်ခိုက်လျှက် ရှိသည်မှာ ကြာပါပြီ နိုင်ငံရေး စိတ်ဝင်စားသူများမှာ နေ့စဉ်သတင်းစာများတွင် ဘယ်နေရာမှာ ဂျာမဏီက နိုင်လိုက်ပြီ ဟု ပါလျှင် အင်မတန် အားရ၀မ်းသာ ဖြစ်ကြသည်။ အင်္ဂလိပ် အစိုးရကို မုန်းတီးသဖြင့် ရှုံးစေချင် သော စေတနာတွေသာ ဝေဖြာနေကြပါသည်။

ကျောင်းသားလောကမှ နိုင်ငံရေး စိတ်ဓါတ်များမှာ တဟုန်ထိုး သွေးကြွနေကြသည်နှင့် အမျှ တိုင်းပြည် လူထုကလည်း အားပေးကြသည်။ ကျောင်းသား သွေးမြေကျရသော အချိန်ကစပြီး ကျောင်းသားမှာ လူထု၏ အကြီးဆုံးသော လေးစားကြင်နာမှုရခဲ့သည်။

ကျောင်းသားအရေးနှင့် သပိတ်ကြီးများကြောင့် ဒေါက်တာဗမော် အစိုးရ ပြုတ်ကျရလျက် ဂဠုန်ဦးစော အစိုးရ တက်၍ အုပ်ချုပ်ရေး ကိုင်နေရသော အချိန်ဖြစ်ပါသည်။ အုပ်ချုပ်ရေး ကိုင်နေရသော အချိန်ဖြစ်ပါသည်။ အုပ်ချုပ်ရေးဆိုသည် မှာလည်း  လွတ်လပ်သော အစိုးရမျိုး မဟုတ်ပါ။  ၉၁ဋ္ဌာန အမည်နှင့် အင်္ဂလိပ်ဘုရင်ခံ လက်အောက်ခံ အစိုးရသာဖြစ်၍ အရေးကြီးလျှင် ဘုရင်ခံကသာ ချယ်လှယ်မှု ပြုသမျှ ခံရပါသည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဆီးမည်ပြုရာမှ ငုတ်လျှိုး ကွယ်ပျောက်သွားသောအခါ ဆုငွေ ၅ိ နှင့် ၀ရမ်းထုတ်ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) သာမက အပေါင်းအဖော် တစုတို့မှာ ဂျပန်ပြည်သို့ ဖြစ်သည့်နည်းအမျိုးမျိုးနှင့် စွန့်စား ရောက်သွားကြသည်ကို အတွင်းကျကျ ဘယ်သူမျှ မရိပ်စားမိကြသေးသော အချိန်အခါလည်း ဖြစ်ပါသည်။

အင်္ဂလိပ်အစိုးရဘက်မှလည်း အာဏာရှင် နိုင်ငံများ၏ အတွင်းရေးများကို ရရှိသမျှ ရှာဖွေကာ အာဏာရှင် စံနစ်မကောင်းကြောင်း နာဇီဝါဒ၏ အတွင်းရေးများကို လက်ထောက်ပြလျက် သူတို့၏ ဒီမိုကရေစီ ၀ါဒသာလျှင် နည်းလမ်းမှန်ကြောင်း ၀ါဒဖြန့်လျက် ရှိသည်။ သို့သော်လူထုက အာဏာရှင်စံနစ်နှင့် အုပ်စိုးသော နိုင်ငံများဘက်ကိုသာ တိမ်းညွတ်နေကြသည်။ အာဏာရှင် ဖက်ဆစ်စံနစ် မကောင်းဘူး ဆိုခြင်းမှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အင်္ဂလိပ်ကို မလို၍ ယုံကြည်လက်ခံလိုသူဟု ၍ နိုင်ငံရေး ရပ်ကွက်က ခလေးလူကြီးမှန်သမျှ ရှာမရအောင် ရှားပါသည်။

ထိုအတောအတွင်းမှာ အင်္ဂလိပ်အစိုးရ၏ ၀ါဒဖြန့်ချီရေးဋ္ဌာနမှ အရာရှိကြီးတစ်ဦးသည် နာဇီဝါဒ၏ အတွင်းရေး အဖြစ်အပျက်နှင့် ဂျာမဏီပြည်သူပြည်သားတို့၏ ခံစားရချက်များကို သိရှိရန် လူထုထံသို့ တင်ပြလိုသည်။ လူထု စိတ်ဝင်စားမှု ရှိအောင် ဖတ်ချင်အောင် ၀တ္ထု ဇာတ်ကွက်တစ်ခုသဖွယ် ရေးသား ထုတ်ဝေလိုက်ရလျှင် ပိဿချိန်နှင့် ရောင်းပစ်ကြသော ရိုးရိုးဝါဒဖြန့် စာရွက်စာတမ်းနှင့် သတင်းစာများ ထက် ခရီးရောက်မည်ဖြစ်ကြောင်း စဉ်းစား ဆုံးဖြတ်ခါ သူလိုသော သဘောတရား ပါဝင်မည့် ၀တ္ထု ရေးသား ပြုစုပေးမည့် စာရေးဆရာတစ်ဦးကို စူးစမ်း ရှာဖွေနေသည်။

သူတို့ရှာဖွေသူ စာရေးဆရာ၏ အရည်အချင်းမှာ ၀ါဒစွဲ ပုဂိုလ်စွဲမရှိသူ နိုင်ငံရေး တယူသန်သမား မဟုတ်သူ နှင့် ကလောင်နာမည်ရသူလည်း ဖြစ်ရမည် ဖက်ဆစ်နှင့် ဒီမိုကရေစီ လမ်းနှစ်ခွ နှစ်ဘက်မျှတ၍ ကြည့်တတ် သူလည်း ဖြစ်ရမည် စသော အရည်အချင်းများ ဖြစ်ပါသည်။ ထိုအရာရှိကြီးမှာ တိုင်းမင်းကြီး ဦးကျော် ဖြစ်၍ ဦးကျော်၏ ဆန္ဒအရှရှာဖွေနေရသူမှာ ထိုအစဉ်အခါက ၎င်းဋ္ဌာန၌ အလုပ်လုပ်နေသူ ဦးမောင်မောင်ပြေ ဖြစ်ပါသည်။ 

ဦးမောင်မောင်ပြေသည် တနေ့တွင် ကျမတိုက်ခန်းသို့ ရောက်လာသည်။ ဦးမောင်မောင်ပြေတို့ မိသားစုနှင့် ကျမတို့မှာ ငယ်စဉ်ကပင် ဆွေရင်း မျိုးခြာကဲ့သို့ ခင်မင်လာကြသူများဖြစ်ပါသည်။ မောင်မောင်ပြေ မောင်မောင်ကြည် စသော သူတို့ ညီအကို တစုမှာ ကျမ၏ မောင်ငယ် မောင်မောင်နှင့်လည်း အရွယ်တူ ကစားဘက်များဖြစ်ကြပါသည်။

မောင်မောင်ပြေက ကျမထံသို့ ရောက်လာပြီး မင်းကြီး ဦးကျော်၏ ကိစ္စကို ပြောပြပါသည်။ ကျွန်တော်လဲ မမလေးကလွဲပြီး ရှာလို့မရအောင် ဖြစ်နေပါတယ် ဒါကြောင့်ဒီကိစ္စကို ဆွေးနွေးရအောင် တနေ့ လာခေါ် ပါရစေ။ မင်းကြီးဦးကျော်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ မမလေး သဘောကျရင်လဲ လက်ခံတာပေါ့ သဘောမကျရင်လဲ ဘယ်လို ပြုပြင်ရမည်ဆိုတာ အကြံဥာဏ်ပေးပါ ကျွန်တော်တော့ ဒီကိစ္စကို ကူညီတဲ့ အနေနဲ့ ဆောင်ရွက်နိုင်ရင် တိုင်းပြည်မှာလဲ သိသင့်ဒါ သိစေချင်တယ် အစိုးရဘက်ကလဲ သူတို့ လုပ်လို့တဲ့ အလုပ်တခု ဖြစ်မြောက်စေချင်ပါတယ် စသဖြင့် နားချလေသည်။ မောင်မောင်ပြေမှာ ငယ်စဉ်က အတိုင်း ကျမနှင့် တွေ့လျှင် ခလေးဆိုးကြီးကဲ့သို့ မရမက ပူတတ်သူဖြစ်သည်။

ကျမကလည်း ငယ်စဉ်အခါက ခေါ်သော အမည်အတိုင်း နှုတ်ကျိုးနေ၍ သူတို့ညီအကိုအား ဗိုလ်ပြေ ဗိုလ်ကြည် ဟု ခေါ်ခဲ့ရာ ယနေ့အသက် ငါးဆယ်နီးပါး ရှိမည်ဖြစ်သော ဦးမောင်မောင်ပြေကို တွေ့လျှင်လည်း ဗိုလ်ပြေကြီးဟု ပင် ခေါ်မိပါသည်။ သို့ကြောင့် နားပူခြင်းမှ အေးစေသောငှာ ဆွေးနွေးဘို့ သဘောတူလိုက် ရပါသည်။ ချိန်းဆိုသောနေ့ ရောက်သောအခါ ဟေ့ ဗိုလ်ပြေကြီး မင်းနားပူလို့သာ လိုက်ခဲ့ရဒါ မင်းကြီး ဦးကျော်က ငါ့ကို ဘယ်သူမှန်း သိလို့လားဟု လူတဘက်သား၏ အထင်သေးမခံချင်သော ကျမ၏ မာနက တံခွန်ထူ၍ ပြလိုက်မိပါသည်။

အမယ်လေး ဗိုလ်ပြေ ပြောပြီးပြီ မမလေး ဘယ်သူဆိုတာ သိသွားလို့ ပိုပြီးလေးစာ ယုံကြည်နေပါတယ် ဒါတွေ တွေးပူမနေပါနှင့် ဟူသော အဖြေကို ထပ်တလဲလဲ ပြောလျှက်ရှိပါသည်။

စစ်ရောင်ခြည် မျှော်






2 comments:

Anonymous said...

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဆီးမည်ပြုရာမှ ငုတ်လျှိုး ကွယ်ပျောက်သွားသောအခါ ဆုငွေ ၅ိ နှင့် ၀ရမ်းထုတ်ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) သာမက အပေါင်းအဖော် တစုတို့မှာ ဂျပန်ပြည်သို့ ဖြစ်သည့်နည်းအမျိုးမျိုးနှင့် စွန့်စား ရောက်သွားကြသည်ကို အတွင်းကျကျ ဘယ်သူမျှ မရိပ်စားမိကြသေးသော အချိန်အခါလည်း ဖြစ်ပါသည်။

အဲ့စာကို အထပ်ထပ်အခါခါ သက်ဆိုင်သူတွေကိုဖတ်စေချင်လှသည်။

မြတ်နိုး said...

အမ..ရွှေစင်ကကြီးး..ဒီအပိုင်းက အချို့နေရာကို စာလုံးကြီး၂နဲ့ရေးရမှာ..ဟဲဟဲ...


မနက်ကမှလာဖတ်ရတယ်..