သူ၏ ကတိစကားအတိုင်း နောက်တစ်နေ့ နံနက် တွင် ထရပ်ကား တစ်စီးနှင့် ရောက်လာပြီး သတင်း ထောက်များ ပတ်လေ့ရှိသော လက်ပတ် တစ်ခု ကျွန်မကို ထုတ်ပေးပါသည်။ လော်ရီကား နောက်ခန်းတွင် တင်ဆောင်ပြီး ပျင်းရိဖွယ်ကောင်းသော ခရီးအတွက် သက်သောင့်သက်သာ နေရန်ပြောပါသည်။
လမ်းများက ကျင်းတွေ ချိုင့်တွေနှင့် အပြည့်ဖြစ်၍ ကားကဆောင့်သဖြင့် စီးရသည်မှာ မသက်သာလှပါ။ စစ်ပြေးများကလည်း တစ်လမ်းလုံးပြည့်ကျပ်နေပြီး သူတို့ခြေထောက်ကိုပင် သယ်နိုင်ကြပုံ မပေါ်ပါ။ ပိန်ချုံးနေပြီး သနားစရာကောင်းသော သတ္တ၀ါများသည် သေမင်းထံသို့ ယိမ်းယိုင်စွာ လျှောက် လှမ်းသွား နေသည်နှင့် တူလှပါသည်။ ကျွန်မသည် မိခင်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေးကို တွေးပြီး ရင်ထဲ၌ လှုပ်ရှား နေပါသည်။
ကျွန်မတို့သည် မိတ္ထီလာ၊ ကျောက်ဆည်မြို့များကို ဖြတ်ကျော်၍ မန္တလေးမြို့သို့ သွားနေကြပါ သည်။ နေရာတိုင်းမှာလိုပင် ချီတက်လာကြသော ဂျပန်စစ်တပ်များ၏ တိုက်ခိုက်ခံရမှုကြောင့် ပြာပုံအတိ ဖြစ်နေ သည်ကို တွေ့ရပါသည်။
အမြင့်ပေ ၄,၀၀၀ တွင်ရှိသော မြန်မာပြည်အစိုးရ၏ နွေရာသီမြို့တော် ပြင်ဦးလွင်သို့ တောင် တက်ခရီး စပါပြီ။ ပြင်ဦးလွင်နှင့် အိန္ဒိယပြည်ရှိ ဆင်းမလားမြို့များမှာ ဆင်တူယိုးမှား ဖြစ်ကြပါသည်။ တစ်ကြိမ်က အလွန် သာယာလှပသော တောင်ပေါ်စခန်းမြို့၊ ယခုအခါ စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ပြင်ဦးလွင်ကို ကျွန်မတို့ ရောက်သွားသောအခါ သန်းခေါင်ပင် ကျော်ပါပြီ။
ကျွန်မသည် စိန်ဂျိုးဇက် ကွန်ဗင့်ကျောင်းတွင် အိပ်ရာ တစ်နေရာစာ ရရှိလိမ့်မည်ဟု ကိုဒါမ ကို ပြော၍ ကျောင်းသို့ သွားပြီး တံခါးထုပါသည်။ သီလရှင်များ အိပ်ရာဝင်သွားကြပြီဟု ထင်ပါသည်။ မည်သူမျှ တံခါး လာ၍ ဖွင့်မပေးကြပါ။ ကျွန်မ၏ ခြေထောက်မှ အနာကလည်း မခံမရပ်နိုင်အောင် နာကျင်လာပါသည်။
ကိုဒါမ သည် ကျွန်မ၏ အဖြစ်ကို ကြည့်၍ သတင်းထောက်များ ဌာနချုပ်သို့ ခေါ်ဆောင် သွားပါသည်။ ယင်းသို့ ပြုမူခြင်းသည် သူ့အနေနှင့် အလွန်အတင့်ရဲခြင်းနှင့် ရက်ရောစွာ ပြုလုပ်ခြင်း ဖြစ်ပါ သည်။ အခြား သတင်းထောက်များ အနေနှင့် ရန်သူအပေါ်တွင် သူကဲ့သို့ သဘောထားမျိုး ရှိနိုင် မည်မဟုတ်၍ မေးခွန်းများ ထုတ်ခဲ့သော် အခက် တွေ့ရပေမည်။
သူသည် အခန်းကျဉ်းကျဉ်းကလေးတစ်ခုသို့ ကျွန်မကို ခေါ်သွားပြီး အိပ်ရာကို ညွှန်ပြကာ "ခင်ဗျား ဒီမှာ အိပ်နိုင် ပါတယ်" ဟု ပြောသည်။
လူက ပင်ပန်းနေသည် မှန်သော်လည်း အိပ်၍ မရပါ။ တံခါးတွင် မင်းတုပ် မရှိပါ။ ဤနေရာတွင် ယောက်ျား အများအပြား ရှိနေသဖြင့် သူတို့ကို စိတ်ချယုံကြည်၍ မရပါ။ မှောင်မည်းမည်းတွင် ကြောက်ရွံ့ စိတ်က ပိုမိုကြီးမားလာသည်။ အသံ ချိုးချိုးချွတ်ချွတ် ကြားရလျှင်ပင် တစ်ယောက်ယောက် ၀င်လာသလို ထင်မိသည်။ တစ်စုံတစ်ယောက်က ကျွန်မ အိပ်နေသော ဖျာကို မနေသည်ဟု ခံစားရသ ဖြင့် ကြောက်ရွံ့ပြီး အော်မိ မလို ဖြစ်သွားခဲ့သည်။
''ကျွန်တော်ပါ၊ ခြင်တွေ သိပ်များလို့ ခြင်ထောင် ထောင်ပေးမလို့ပါ၊ စိတ်မပူပါနဲ့" ဟူ၍ ကိုဒါမ ၏ အားပေး သံကို ကြားရသည်။
နောက်တစ်နေ့ နံနက်စောစောတွင် အပြင်၌ ရှိသော အဆောင်တစ်ခုအတွင်းသို့ သွား၍ ရေချိုးသည်။ မိမိကိုယ်ကိုယ် ပြုပြင်ပြီးနောက် ထမင်းစားဆောင်သို့ သွားပါသည်။ ဘာများ ကျွေးမလဲဟု တွေးမိသည်။ ရှည်လျားသော စားပွဲတန်းများတွင် ဂျပန် သတင်းထောက်များနှင့် ပြည့်ကျပ်နေပြီး အင်္ဂလိပ်စကား ပြောတတ်သူ တစ်ယောက်တလေမျှ မပါရှိသဖြင့် ကျွန်မကို ပြုံးပြကြပြီး စားသောက်လက်စကို ဆက်လက် စားနေကြ ပါသည်။
အချို့က မျက်တွင်း ဟောက်ပက်နှင့် နွမ်းနယ်နေပုံရပြီး အချို့က ရွှင်ရွှင်ပျပျလန်းလန်း ဆန်းဆန်း ရှိပါသည်။ သတင်းထောက်တိုင်း လိုလိုပင် မျက်နှာသုတ်ပ၀ါများကို ခေါင်းတွင် တင်းကျပ်စွာ စည်းနှောင် ထားကြသဖြင့် ခေါင်းးပေါင်းထားသလို ဖြစ်နေ၏။ နောက်မှ ကျွန်မ သိရသည် မှာ သူတို့သည် နာရီမလပ် သူ့အဆိုင်းနှင့်သူ သတင်းများကို ရေးပြီး ဂျပန် ပြည်သူပြည်သားများ နံနက်စာ စားပြီးချိန်၌ ဖတ်နိုင်ရန် ပို့နေကြသူများ ဖြစ်သည်။
ကိုဒါမသည် ကျွန်မအား မြန်မြန်စားရန် မပြောပါ။ စားသောက်ပြီးကြသောအခါ စောင့်ဆိုင်း နေသော ဂျစ်ကား တစ်စီးဆီသို့ ခေါ်သွား၏။ ဗြိတိသျှ စစ်သားများ ထွက်ခွာသွားကြစဉ်က စွန့်ပစ် ထားခဲ့ရသော ဂျစ်ကား အများအပြားသည် ဂျပန်စစ်တပ်များလက်တွင်း ကျရောက်သွားခဲ့၏။
လားရှိုးမြို့ ဘက်သို့သွားသော မော်တော်ကားလမ်းအတိုင်း ထွက်လာခဲ့ကြသည်။ နောက်ဆုံး ၌ ကျွန်မတို့သည် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသော ကျေးရွာလေးတစ်ခုသို့ ရောက်လာကြပါ သည်။
စစ်ပြေးများသည် လက်လှမ်းမီရာ သံပုံးများမှ ဖြတ်တောက်ထားသော သံပြားများ၊ သွပ်အ တိုအစများ ၊ ၀ါးများ၊ ထန်းလက်များဖြင့် ယာယီတဲများဆောက်၍ ဖြစ်သလို ပြွတ်သိပ်နေထိုင်ကြသည်။ ရှေးခေတ် လူသားများ နေထိုင်ခဲ့ကြသည့် ပုံစံမျိုး ဖြစ်ပါသည်။ မိန်းမများ၊ ကလေးများ ထွက်လာကြပြီး ကျွန်မကို ၀ိုင်းအုံ ကြည့်နေကြသည်။ သူတို့ကို တွေ့မြင်ရသောအခါ မနက်က ကျွန်မ စားသောက်လာ ခဲ့သော အစား အစာများကို ပြန်အန်ချင်သလို ဖြစ်ခဲ့ရပါ၏။
ကလေးများသည် မျက်တွင်း ဟောက်ပက်နှင့် ဗိုက်ပူနံကား ဖြစ်နေကြသည် အစားအစာ အလျှံ ပယ် စားရ၍ ဗိုက်ပူနေခြင်း မဟုတ်ပါ။ ငတ်ပြတ်နေ၍ ဖြစ်ပါသည်။ အမျိုးသမီးများသည်လည်း ပိန်ချုံးနေကြပြီး စိတ်ထိခိုက် ဟန်ဖြင့် ဘ၀ သေနေကြပါသည်။ သူတို့သည် အိန္ဒိယပြည်သို့ လိုက်ပါ ခွင့် ဆုံးရှုံးပြီး ကျန်ရစ် နေသူများ ဖြစ်ပါသည်။ မျှော်လင့်ချက်ကင်းမဲ့သော အသွင်ကို ဆောင်ထားကြ ပြီး ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိဆိုသော ဘ၀မျိုးသို့ ရောက်နေကြသူများ ဖြစ်ပါသည်။
ကျွန်မသည် သူတို့ လူစုအတွင်းသို့ လျှောက်သွားပြီး "မစ္စစ်ရော့ဒရစ်ကို သိကြပါသလား" ဟု လိုက်လံ မေးမြန်းပါသည်။ နောက်ဆုံး၌ အမျိုးသမီးတစ်ဦးက ခေါင်းညိတ်ပြပြီး မီးရောင်မှိန်မှိန် ထွန်း ထားသော ရှုပ်ပွနေသည့် တဲတစ်ခုအတွင်းသို့ ခေါ်သွားသည်။ အခန်းတွင်းသို့ ၀င်သွားစဉ် ရင်ခုန်နေမိသည်။ ကျွန်မအား အသားညိုညို ပါးရေတွန့်နေပြီဖြစ်သော အဘွားကြီးတစ်ဦးနှင့် မိတ်ဆက်ပေး သည်။ အဘွားကြီးက
"မစ္စစ်ရော့ဒရစ် ဆိုတာ ငါပဲ၊ ဘာများ အလိုရှိပါသလဲ"ဟု မေးပါသည်။
ကျွန်မမှာ ခဲလေသမျှ သဲရေကျရပြီ၊ ရုပ်ချင်း မဆင်ရုံမျှမက နာမည်ကို စာလုံးပေါင်း ရာတွင်ပင် အလွန် ခြားနားလျက် ရှိပါသည်။ ဂျစ်ကားထဲ၌ စောင့်ကျန်ရစ်သော ကိုဒါမ ထံသို့ ကျွန်မ ပြန်လာခဲ့၏။ ဂျစ်ကား ထဲ၌ ၀င်ထိုင်လိုက်သည်။ စကားတစ်ခွန်းမျှ မပြောပါ။ ပြောစရာလည်း မလိုပါ။ ကျွန်မ မျက်နှာ မြင်ရ ရုံနှင့်ပင် ကျွန်မကိစ္စ အချည်းနှီး ဖြစ်ခဲ့သည်ကို သူရိပ်စားမိနိုင်ပါသည်။
ကျွန်မတို့သည် တစ်ဦးနှင့်တစ်ဦး စကားမပြောကြဘဲ ပြင်ဦးလွင်သို့ ပြန်လာခဲ့ကြသည်။ ကျွန်မ ၉နှစ် သမီးအရွယ်က စာသင်ခဲ့သော စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတွင် ချထားပေးပါရန် သူ့ကို ပြောရသည်။ ကျွန်မကို မစ္စတာ အီမယ်ဒါက လာတွေ့သည်။ စစ္စတာက ကျွန်မကို မစ္စတာပေါလ်နှင့် အက်ဒွပ် တို့နှစ်ဦးထံ ခေါ်သွားခဲ့သည်။ ရှေးနှစ်ပေါင်းများစွာ ပျော်ပျော်ပါးပါး နေခဲ့ကြသည့် ခေတ်ကတည်းက ကျွန်မတို့ချင်း သိခဲ့ကြပါသည်။
ကျောင်းစာသင်ခန်းများ၌ စစ်ပြေးဒုက္ခသည်များနှင့် ပြည့်ကျပ်နေသည်။ ကျွန်မသည် စစ္စတာ အီမယ်ဒါ အား စစ်ပြေးများအနက် လားရှိုးဘက်မှ လာကြသူများ ပါရှိသလားဟု မေးပါသည်။ အကယ်၍ ပါလာ ခဲ့သော် မိခင်နှင့် ညီမတို့အကြောင်းများ သိကြမလားဟူ၍ မျှော်လင့်ချက် အနည်းငယ် ထားမိသည်။ စစ္စတာက လားရှိုးလေဆိပ်က နောက်ပိတ်ဆုံး လေယာဉ်ပျံ ထွက်သွားစဉ် လူမဆံ့၍ ကျန်ရစ်ခဲ့ သော လူတွေ ဒီမှာ ရှိနေသည်ဟု ပြောပြသဖြင့် ၎င်းတို့နှင့် တွေ့လိုကြောင်း ပြောရ၏။
လွတ်နေသည့် ကြမ်းပြင်ပေါ်၌ ဖြစ်သလို တုံးလုံးပက်လက် အိပ်နေကြသော သူတို့တစ်တွေကို ကြည့်ပြီး သနား နေမိသည်။ သူတို့တစ်တွေ ပြေးလာကြစဉ်က ပါလာကြသော ပစ္စည်းများမှာ သူတို့၏ ပတ်ပတ် လည်တွင် ၀န်းရံလျက် ရှိသည်။
သူတို့အကြား၌ လျှောက်သွားနေစဉ် ကျွန်မသည် မစ္စစ်မာတီရှော့(တ်)ကို သွားတွေ့သည်။ သူမသည် ကလေး၎ယောက်နှင့်အတူ လားရှိုးမှ ထွက်ပြေးလာခဲ့သည်။ သူမ၏ နံဘေးတွင် ထိုင်ချလိုက် ပြီး သူမအား "မစ္စစ်ရော့ဒရစ်နဲ့၊ မစ္စတာနဲ့ မစ္စစ်ဖောင်လာတို့ အကြောင်းကြားခဲ့ မြင်ခဲ့တာများ ရှိပါ သလား"ဟု မေးပါ သည်။ သူမသည် အတော်ပင် တုန်လှုပ်သွားခဲ့သဖြင့် ရုတ်တရက် ပြန်မပြောနိုင်ဘဲ ဖြစ်သွားခဲ့၏။
"မစ္စစ်ရော့ဒရစ်နဲ့ ဘာသေတ္တာမှ မပါလာဘူး၊ ပစ္စည်းပစ္စယတွေ ထုတ်ထားတဲ့ အထုပ်တစ်ထုပ် နဲ့ ခွေးကလေး တစ်ကောင်ကို ပိုက်လို့ တွေ့ခဲ့တယ်။ သူ့ကို နောက်ဆုံးထွက်တဲ့ လေယာဉ်ပျံထဲ ဆွဲသွင်း လိုက်တဲ့ အချိန်မှာ ကားကို လားရှိုးလေဆိပ်မှာ ပြန်တွေ့လို့ သက်ဆိုင်ရာ အရာရှိကို ဒီကားဟာ သူ့ ပစ္စည်း အမှန်ဖြစ်ကြောင်း လက်ခံလာအောင် ပြောရတယ်ဆိုတာရယ်၊ ကုလား တစ်ယောက်ကို ငွေသုံးထောင်နဲ့ ရောင်းတဲ့အခါ ကုလားက သူ့ရဲ့ခွေးကို လက်ခံပြီး ကောင်းကောင်း မွန်မွန် ကျွေးရ မယ်ဆိုတဲ့ ကတိတောင်းလို့ ပေးလိုက်ရတဲ့အကြောင်းရယ်၊ ဒီခွေးကို ကရိကထခံ ယူလာပြီးမှ လေယာဉ်ပျံက သယ်ဆောင် ခွင့်မပေးလို့ အခက်အခဲဖြစ်နေတယ်ဆိုတာကိုပါ ပြော သွားသေးတယ်"ဟု မစ္စစ် မာတီ ရှော့(တ်) က ပြောပြပါသည်။
လေယာဉ်ပျံသည် နေ့လယ်မွန်းတည့် အချိန်တွင် လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။ နေ့လယ် နာရီ ပြန် နှစ်ချက်၌ ဂျပန် ဗုံးကြဲလေယာဉ်ပျံများ ရောက်လာကြပြီး လားရှိုးမြို့ကို ဗုံးကြဲရာ တစ်မြို့လုံး မီးလောင် ပျက်စီးသွားကြောင်း သူမက ဆက်လက် ပြောကြားပါသည်။
မာတီရှော့(တ်)တွင် ကျွန်မကို နောက်ထပ် ပြောပြရန် သတင်းမရှိတော့ပါ။ ကိုယ်တိုင် မမာမကျန်း ဖြစ်နေ၍ သူမ၏ မိသားစု လုံခြုံရေးကိုလည်း စိုးရိမ်နေရှာပါသည်။ သူတို့ မိသားစုမှာ လားရှိုးမှ နောက်ဆုံး ထွက်မည့် လေယာဉ်နှင့် တေ့လွဲ လွဲသွားပြီး ပြင်ဦးလွင်၌ သောင်တင်နေရှာ ပါသည်။ အခြားသူများကဲ့သို့ သူတို့၏ ကံကြမ္မာသည်လည်း အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို သိကြမည် မဟုတ် ပါ။
ကျွန်မက သူ့ကို ကျေးဇူးတင်စကား ပြောပြီး ဖေဖေထံသို့ ၀မ်းမြောက်ဖွယ် သတင်းတစ်ရပ်ကို သယ်ဆောင် သွားနိုင်လေပြီတကားဟု တွေးတောနေမိပါသည်။ မိခင်ကြီးနှင့် ညီမဖြစ်သူတို့သည် ဘေးမသီ ရန်မခ သော အခြေအနေသို့ ရောက်သွားကြလေပြီ။
ထိုနေ့ညနေတွင် ကျွန်မသည် သီလရှင်များနှင့် စကားလက်ဆုံ ကျနေမိပါသည်။ သီလရှင် များက " ပြင်ဦးလွင်တွင် စစ်ပြေး အများအပြား ရှိနေကြောင်း၊ အချို့သည် လွတ်နေသော အိမ်များ၊ ဘန်ဂလိုများတွင် ၀င်ရောက် နေထိုင်လျက် ရှိကြောင်း၊ တောင်ကြီးမြို့တွင် ထီးထီးကြီး နေထိုင်ပြီး ပစ်မှတ်ဘ၀ မျိုးနှင့်နေမည့်အစား ဖခင်ကိုခေါ်ကာ ပြင်ဦးလွင်သို့ ပြောင်းရွှေ့လာသင့်ကြောင်း" တိုက် တွန်းကြပါသည်။
ကျွန်မ၏ ရည်ရွယ်ချက်များကို ကိုဒါမအား ပြန်လည် ပြောပြသောအခါ သူက "ချက်ချင်းပင် အကူအညီ ပေးမည် ဖြစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း တောင်ကြီးမြို့တွင် မနေရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည် မဟုတ်ပါလား" ပြောပါသည်။ "သူသည် တာဝန်အရ ပြင်ဦးလွင်တွင် ဆက်လက် နေထိုင်ရမည်ဖြစ်၍ သူကိုယ်တိုင် လိုက်ပါပြီး တောင်ကြီးသို့ ပြန်မပို့နိုင်သည်ကို ခွင့်လွှတ်ပါရန်" တောင်းပန်နေပါသည်။ ကျွန်မ ဖခင်ထံ ပြန်လည် ရောက်ရှိရေးအတွက် လိုလေလေးမရှိအောင် စီစဉ် ပေးပါမည်ဟုလည်း ပြောပါ သေးသည်။
နောက်တစ်နေ့ မနက်တွင် ကိုဒါမသည် ၀ါးခြမ်းပြား ထောင်ထားသလို ပိန်လှီလှသော ဘမောင် ဆိုသူ ဗမာ တစ်ဦးနှင့် မိတ်ဆက်ပေးပါသည်။ ဘမောင်သည် ကျွန်မကို အစောင့်အရှောက်လို တစ်မျိုး၊ သက်တော်စောင့်လို တစ်ဖုံအဖြစ်နှင့် စီစဉ်ပေးခဲ့ပါသည်။ ဘမောင်သည် တောင်ကြီးမြို့သို့ ချောမောစွာ ရောက်ရှိ ရေးအတွက် တာဝန်ယူလိမ့်မည် ဖြစ်ကြောင်း၊ မိမိအနေနှင့် ယခုထက်ပို၍ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ဖြင့် ကိုဒါမက ပြောပါသည်။
တောရွာ ကျေးလက်များတွင် စစ်ပြေး ဒုက္ခသည်များထံမှ ပစ္စည်းယူပြီး လူသတ်ရန် ဦးမလေးကြ သည့် ဓားပြဂိုဏ်း များက ထကြွ သောင်းကျန်းလျက် ရှိပါသည်။ အခြေအနေများက တဖြည်းဖြည်း ကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့်၍ ရနိုင်မည် မဟုတ်သောကြောင့် ကျွန်မ၏ ဖခင်ထံ ပြန်လည် ရောက်ရှိရေး ကိုသာ စိတ်စောနေမိပါသည်။
အပြန်ခရီးမှာ ပြောပြ၍ မရနိုင်လောက်အောင် အိပ်မက်ဆန်လှပါသည်။ လာစဉ်တုန်းက တောင်ကြီး နှင့် ပြင်ဦးလွင်ကို ၁၂နာရီသာ ကြာခဲ့သည်။ အပြန်ခရီး၌ကား ရထားစီး ရပါမည့်အကြောင်း တောင်းပန် နေရသဖြင့် ၄ရက်ခရီး ကြာခဲ့သည်။ သုံးကြိမ်တိုင်တိုင် ဂျပန်ဘတ်စ်ကားတန်းများကို လက်ပြတားပြီးနောက် ဘမောင် နှင့် ကျွန်မတို့ သာစည်မြို့သို့ ရောက်လာကြသည်။
သာစည်မြို့၌ ရထားလမ်းခွဲ ရှိပါသည်။ သာစည်မြို့ လမ်းများပေါ်တွင် ပုပ်ပွနေသော လူသေ ကောင်များ၊ ခွေးသေ ကောင်၊ ကြောင်သေကောင်၊ မြင်းနှင့် ကျွဲနွားအသေကောင်များကို မြင်မကောင်း အောင် တွေ့ရ ပါသည်။ အသေကောင်များ၏ အပုပ်နံ့က လေထဲတွင် တထောင်းထောင်း ထနေပြီး လူများ အနားကပ် သွားခဲ့သော် ထပြီး ပျံပြေးကြသော ယင်မမဲရိုင်းအုပ်ကြီးများကလည်း သောင်းကျန်း နေပါသေးသည်။ အချို့သော လူများသည် အူရောင်ရောဂွ၊ ၀မ်းရောဂါ၊ ၀မ်းကိုက် ရောဂါများ၏ ဖိစီး နှိပ်စက် မှုဖြင့် သေဆုံး သွားကြခြင်း ဖြစ်ပါသည်။
ဂျပန်များသည် ကူးစက်တတ်သော ရောဂါများကို အလွန်အကျွံ ကြောက်ကြပါလျက် မည် သည့်အတွက် လူသေ ကောင်များကို မြေမြှုပ်ခြင်း၊ မီးသဂြိုဟ်ခြင်း မပြုကြသည်ကို နားမလည်နိုင်ပါ။ အချို့သော လူသေကောင် များကမူ ဗုံးဆန်၊ စက်သေနတ် ကျည်ဆန်များ ထိမှန်၍ သေကြဟန်ရှိ ပါသည်။

ဆက်ရန်
.
No comments:
Post a Comment