ထိုစဉ် 'ဟယ်လို ဟယ်လင် ကျွန်တော်ကို မမှတ်မိတော့ဘူးလား၊ အဆက်အသွယ်မလုပ်တာ ကြာသွားတာ ကို ခွင့်လွှတ်ပါဗျာ' ဟု ကျွန်မ ကျက်မိနေသော အသံနှင့် ပြောလာသဖြင့် အံ့အားသင့်ပြီး စိတ်သက်သာရာ ရသွားသည်။
သူသည် ချာလီဘခက်ဖြစ်သည်။ အိန္ဒိယ ဆေးတပ်မှ ဗိုလ်မှူးကြီး ဘခက်၏သားဖြစ်၍ အခြားသူတစ်ဦးမှာ တောင်ကြီးမြို့မှ စိုက်ပျိုးရေးဝန်ထောက် ဦးသင်ဖြစ်ပါသည်။
ဆုတ်ခွာသွားကြသော တရုတ်စစ်တပ်က ကျွန်မ၏ဖခင်အား ခြေလက်များကို ကြိုးနှင့် တုပ်နှောင်ပြီး ခေါင်းဖြတ် သတ်ပစ်ရန် အတွက် ကရိတ်မိုးနှင့် ၁၂မိုင်ဝေးသော တောင်ခြေတစ်ခုသို့ ဒရွတ်တိုက် ဆွဲခေါ် သွားခဲ့၏။
ဦးသင်သည် သတ်မည့်ဆဲဆဲတွင် ရောက်သွားပြီး ဖခင်နှင့်တကွ အတူ အဖမ်းခံနေရသော ဂေါ်ရခါးအစေခံ သုံးဦးကိုပါ အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်ခဲ့သည်။ တရုတ်များသည် မဟာမိတ်တိုင်းပြည်မှ အိုမင်းမစွမ်း မကျန်းမမာ ဖြစ်နေသူ တစ်ဦးအား သတ်ပစ်ရန် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့သလို လွှတ်ပစ်ရန် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့သလို လွှတ်ပစ်ရန်ကိုလည်း တစ်ခွန်းတစ်ပါဒမျှ ငြင်းမနေတော့ဘဲ ခွင့်ပြု လိုက်သည်။
ဦးသင်သည် ဗိုလ်မှူးကြီးဘခက်အပါအ၀င် ထင်ရှားသော အခြားမြန်မာ အရာရှိများနှင့်အတူ အဆင့် အတန်း မြင့်သော ရှမ်းများနှင့် ဖေဖေတို့လူစုကို ပုန်းခိုနေသည့် တောတွင်းတစ်နေရာသို့ ခေါ်ဆောင် သွားသည်။ သူတို့လူစုသည် ဘ၀တည်မြဲ ရေး အမဲလိုက်ခြင်း ငါးမျှားခြင်း ဟင်းသီးဟင်းရွက် ရှာဖွေ ဆွတ်ခူးခြင်း တို့ဖြင့် ရုန်းကန်နေကြရရှာသည်။
ချာလီက 'မင်းအဖေ ကောင်းကောင်းမမာဘူး၊ နောက်ပြီး သူကလည်း မင်းအတွက် အတော်ပဲ စိတ်ပူ နေတယ်' ဟု ပြောပါသည်။
'သူ့ကို တောင်ကြီးခေါ်လာမှ ကျွန်မကိုယ်တိုင် ပြုစုပေးလို့ရမှာ' ဟု ပြောရာ ချာလီက
'ဒါလည်းသိပ်လွယ်တဲ့ အလုပ် မဟုတ်ဘူး ' ဟု ပြန်ပြောပါသည်။
ဂျပန်များသည် သူတို့၏ ရန်သူများ၊ ရန်သူဖြစ်ရန် အလားအလာရှိသူများ တောလက်ကျေးရွာများ၌ ပုန်းခို နေထိုင်ကြခြင်းကို မလိုလားကြသလို စစ်ပြေးများအား မြို့တွင်းတွင် လက်ခံလိုက်ပါက ထမင်းကျွေး ရမည်ကိုလည်း ၀န်လေးနေကြလေသည်။
ဂျပန်များက အလုပ်သမားများကို ခိုင်းစေသော စနစ်တစ်ခုထွင်ထားသည်။ မည်သူမဆို မိမိတို့၏ ၀မ်းရေး အတွက် တောင်ကြီးမြို့တွင်းသို့ ၀င်ရောက်၍ ကူလီလုပ်လိုသော ၀င်ခွင့်ရှိသည်။ မြို့တွင်းမှ ပြန်ထွက်ခဲ့သော် အလုပ်သမား တိုင်းသည် သူတို့ အလုပ်လုပ်ခရသော ငွေတစ်ကျပ်ကို အစောင့်တပ်သားများအား ပြနိုင်မှ သာ တကယ် အလုပ်လုပ်ခဲ့ကြောင်း သက်သေပြရာ ရောက်သည်။
ဒုတိယနေ့ ကုန်ဆုံးသွားသောအခါသူ့တွင် ငွေနှစ်ကျပ်ရှိနေမည်။ ငွေတစ်ကျပ်ကို အစားအစာဝယ်ရန် သုံးပြီးကျန် ငွေတစ်ကျပ်ကို နောက်တစ်နေ့ မြို့ထဲသို့ ပြန်ဝင်လာနိုင်ရန် ချန်ထားရမည်။ ဤနည်းဖြင့် အလုပ်သမား များက တောင်ကြီးမြို့ သို့ နေ့စဉ် မှန်မှန် ရောက်လာကြသည်။
ယင်းစနစ်သည် ရှုပ်ထွေးပြီး မိုက်မဲရာ ကျနေပါသည်။ ၎င်းပြင် ကျွန်မ ဖခင်အား မြို့ထဲဝင်လာ၍ မရအောင် လုပ်ထားသလို ဖြစ်နေသည်။ ဂျပန်များသည် မကျန်းမမာဖြစ်နေသူတစ်ဦး တောင်ကြီးမြို့တွင်း၌ အလုပ် လုပ်ရန် ၀င်လာသည်ကို မည်သည့်နည်းနှင့်မှ လက်ခံလိမ့်မည် မဟုတ်ပါ။
ချာလီ သည် ဥာဏ်ရှိသူ တစ်ဦးဖြစ်၍ ဂျပန်များ၏ စိတ်နေသဘောထားကို သူက သိနေသည်။
မည်သူမဆို ငွေတစ်ကျပ် ပြနိုင်ခဲ့သော် သူသည် မြို့တွင်း၌ အမှန် အလုပ်လုပ်ခဲ့သူဖြစ်၍ ထိုသူအား မြို့တွင်းသို့ ၀င်ခွင့်ပေးရမည် ဟူသော အမိန့်များက ထုတ်ထားပြီး ဖြစ်သည်။ ငွေတစ်ကျပ် ပြနိုင်သူတိုင်း အမှန်တကယ် အလုပ်လုပ်ခဲ့၍သာ ငွေရှိနေခြင်းဖြစ်သည်။ ဖျား၍ မလုပ်နိုင်ဆိုသည်ကိုလည်း လိုက်ကြည့် နေမည် မဟုတ်ကြောင်းဖြင့် ချာလီက ပြောပြပါသည်။
မင်းအဖေ မကျန်းမာတော့ သူ့ကို တောင်ကြီးမြို့ထဲအရောက်သယ်ယူလာဖို့ လူ ၄ ယောက်လိုလိမ့်မယ် လမ်းခရီးမှာလည်း ပြုစုပေးဖို့ လူလိုလိမ့်မယ် အဲဒီလူတွေကို ပေးဖို့ငွေ အလုံအလောက်ရှိမယ်ဆိုရင် မင်းအဖေ ကို တောင်ကြီးမြို့ထဲ ခေါ်သွင်းလာဖို့ မခက်ခဲတော့ပါဘူး၊ မင်းမှာ ငွေရှိရဲ့လား ဟယ်လင် ဟုမေး ပါသည်။
ကျွန်မက ခေါင်းယမ်းပြသည်။
ကျွန်မမှာ ပဲစေ့ တစ်စေ့တောင် မရှိပါဘူး၊ ကျွန်မက ငွေပေးတာကို အမြဲတမ်း လက်မခံခဲ့ဘူးလေ၊ စားစရာ သောက်စရာပဲ လက်ခံတာပါ ဟု ပြန်ပြောလိုက်သည်။
အယ်နီက ကျွန်မမှာ ပိုက်ဆံရှိပါတယ် ဟု၍ ၀င်ပြောလိုက်သဖြင့် ကျွန်မ အံ့အားသင့်သွားခဲ့ပါသည်။
အံ့သြစရာ ကောင်းသော အယ်နီပေ။ ဂျပန်များကို မှောင်ခို ကြက်ဥများ ရောင်းချရာတွင် ဈေးအဆ မတန်တင်၍ ရောင်းချခဲ့သည်။ ငွေတစ်ကျပ်လျှင် ကြက်ဥသုံးလုံးဆိုသည်မှာ တကယ်ပေါက်ဈေး၏ နှစ်ဆ ဖြစ်ပါသည်။ ဂျပန်များသည် တခြားလူများလိုပင်မှောင်ခိုဈေး၌ ၀ယ်ယူနေကြသည်။ အယ်နီသည် ထိုနည်း ဖြင့် အမြတ်အစွန်းများ မြိုးမြိုးမြက်မြက် ရနေခဲ့ပါသည်။
ကျွန်မ၏ ဆေးရုံနှင့် ပတ်သက်နေသော မည်သူမဆို မှောင်ခိုဈေးနှင့်ကင်းကင်းနေရန် ကျွန်မက တင်းကျပ် စွာ စည်းကမ်းချမှတ်ထားပါသည်။
ထိုကြောင့် အယ်နီတစ်ယောက် မှောင်ခိုလုပ်နေသည်ကို သိခဲ့လျှင်လည်း ကျွန်မက တားမြစ်မည်သာ ဖြစ်ပါ သည်။
ယင်းသို့ တားမြစ်မည် မှန်သော်လည်း အကျဉ်းအကျပ်ထဲတွင် သူမ၏ မဟုတ်တရုတ် စည်းကမ်း ဖောက်ဖျက် မှုကြောင့် ၀မ်းလည်းသာ ကျေးဇူးလည် တင်ရပါတော့သည်။
အယ်နီက ချိုမြသော အပြုံးဖြင့်အရေးရယ် အကြောင်းရယ် ပေါ်လာရင် သုံးဖို့ ကျွန်မစုထားတာပါ။ ဟောဒီ မှာပါ ဟု ပြောပြီး ငွေများကို ထုတ်ပေးခဲ့သည်။
ချာလီနှင့် ဦးသင်တို့သည် ငွေများကို အိတ်ကပ်တွင်းသို့ ထည့်၍ ကျွန်မဘက် လှည့်ပြီး တို့အနေနဲ့ ဂျပန်အစောင့်တွေကို အရူးလုပ်လို့ရရင် မင်းအဖေကို နက်ဖြန် မနက်မှာဘဲ ဆက်ဆက်ခေါ်လာမယ် ဟု ပြောဆို နှုတ်ဆက်သွားကြပါသည်။
ကျွန်မသည် ထိုနေ့ညက တစ်ညလုံး အိပ်၍ မပျော်ခဲ့ပါ။ ဖခင်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေးအတွက် စိတ်လှုပ်ရှားနေပါသည်။ ရောင်နီ မလာမီကပင် ကြိုတင်ပြီး အိပ်ရာမှ ထသည်။ ကျွန်မသည် အဆောက် အအုံ တစ်ခု၏ အိမ်ခေါင်းမိုးပေါ်သို့ တက်ကာ ခပ်လှမ်းလှမ်းရှိ တောအုပ်ဆီသို့ မျှော်ကြည့်နေပါသည်။
တောင်များပေါ်မှ အလင်းရောင်ထွက်ပေါ်လာသောအခါ လူတစု တန်းစီလာနေကြသည်ကို တွေ့ရပါသည်။ ပုခက်တစ်ခုကို ထမ်းလာသူများသည်လည်း ထိုလူစုထဲတွင် ပါဝင်ပါသည်။ သူတို့သည် နှေးကွေးစွာဖြင့် ချုံနွယ် ပိတ်ပေါင်း တို့ ပေါက်ရောက်လျှက် ရှိသော မြို့အ၀င်ဝဆီသို့ သွားနေကြပါသည်။
အစောင့်တဲတွင် ၎င်းလူစုရပ်သွားသောအခါ ကျွန်မ၏ ရင်ထဲမှာ ထိတ်လန့်သွားမိပါသည်။ ဖျားနာနေသော လူမမာတစ်ဦး ရောက်လာသည်ကို ဂျပန်များက ဂရုမစိုက်ပါ။ မြို့ထဲသို့ ၀င်နိုင်ရန် လူတစ်ကိုယ် ငွေတစ်ကျပ် ပါရှိလာရေးသာ ဂျပန်များအတွက် အဓိကဖြစ်ပါသည်။
ကျွန်မသည် လူတန်းကြီးကို ကြိုဆိုရန် ပြေးထွက်လာခဲ့သည်။ ပုခက်ထဲထည့်ပြီး ထမ်းယူလာသော ဖခင်ကြီး၏ အခြေအနေကို ကြည့်ကာ များစွာတုန်လှုတ်သွားမိပါသည်။ သူသည် တိုတောင်းသော အချိန် အတွင်း မည်သည့်အတွက် လူရုပ်မပီမသ ဖြစ်သွားရသနည်း။ ဖေဖေ့ကို ငုံ့ကြည့်နေမိရင်း တောတောင် များအတွင်း၌ မောရမှန်းမသိဘဲ အမဲလိုက်ပြီး ကျွန်မကို သေနတ်ပစ်နှင့် ငါးမျှားသင်ပေးခဲ့သော ဖေဖေဟု မယုံကြည်နိုင် အောင်ဖြစ်နေမိသည်။ လူတစ်ကိုယ်လုံး ချုံးကျသွားရုံသာ မက ကျွန်မ၏ မိခင်နှင့် ညီမတို့ မည်သည့်နေရာသို့ ရောက်နေကြမှန်း မသိကြ၍ လည်း စိတ်ထိခိုက်နေသူဖြစ်ပါသည်။
ကျွန်မတို့ တစ်တွေ၏ မြင်ကွင်းမှာ စိတ်မထိန်းနိုင်စရာပင်ဖြစ်သည်။
ထမင်းချက် ဥယျာဉ်မှူးနှင့် အိမ်စေ လုပ်နေကြသော ဂေါ်ရခါး သုံးဦးသည် ဖေဖေ့ထံတွင် အမှုထမ်း နေသည်မှာ နှစ်ပေါင်း ၃၀ကျော်ပါပြီ။ အလံတော် ကိုသော်လည်းကောင်း အကြောင်း တစ်စုံတရာ ကိုသော်လည်းကောင်း လူတစ်ဦးတစ်ယောက်ကို သော်လည်းကောင်း သစ္စာရှိသည်ဆိုသည်မှာ တန်ဖိုးဖြတ်၍ မရပါ။ သူတို့သည် ဖေဖေ၏ ခြေရင်းတွင် ထိုင်ပြီး ငိုယိုနေကြပါသည်။ ကျွန်မသည်လည်း မရှက်နိုင် မကြောက်နိုင်ဘဲ ဖေဖေနှင့် ဖေဖေ၏ အစေခံများအတွက် တအားငိုချလိုက်မိပါသည်။ ဖေဖေ သည် သူ့အပေါ် သစ္စာ စောင့်သိခြင်းအတွက် တုံ့ပြန် ကျေးဇူးဆပ် ပေးကမ်းနိုင်ခြင်း မရှိတော့ပါ။
ကျွန်မသည် ဖေဖေ၏ အ၀တ်အစားများကို ချွတ်၍ အိပ်ယာထက်တွင် အိပ်စေပါသည်။ သူ၏ အ၀တ် အစားများကို အယ်နီက လျှော်ဖွပ်ပေးပါသည်။ ဖေဖေသည် ၀တ်စားရာတွင် အလွန် သန့်ပြန့်သူဖြစ်ပါသည်။ ယခုအခါ သူတောင်းစားကပင် ရွံရှာစွာ စွန့်ပစ်မည် အစုတ်အပြတ်များကို ဖေဖေ့ခမျာ ၀တ်နေရသဖြင့် သူ၏ ဂုဏ်သိက္ခာ ကျဆင်းမည်ကို သိနေမည်သာဖြစ်ပါသည်။
ကျွန်မ သည် ဖေဖေ့ကို အစွမ်းကုန် ပြုစုယုယခဲ့ပါသည်။ သို့သော် ဖေဖေနှင့် အစ္စဗယ်တို့၏ သတင်းက ဆေးထက် ပိုမို အစွမ်းထက်မည်ကို ကျွန်မသိပါသည်။
ရော့ဒရစ် အမည်ရှိသော အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့ပြင်တနေရာရှိ ကျေးရွာကလေး၌ စစ်ပြေး များနှင့် အတူ နေထိုက်လျှက်ရှိကြောင်း ယုံကြည်စိတ်ချရသော နေရာတစ်ခု မှ သတင်းရပါသည်။ မည်သို့ မည်ပုံ သွားရမည်ကို ကျွန်မအနေနှင့် မသိသော်လည်း ထိုနေရာ မရောက်ရောက်အောင် သွားရပေမည်။
စစ်အတွင်းဖြစ်နေသောကြောင့် တစ်ချိန်က နွေရာသီ၏ မြို့တော် ဖြစ်သော ပြင်ဦးလွင်သည်လည်း ကမ္ဘာ၏ တစ်ဖက်ခြမ်းသို့ ရောက်ချင်ရောက်နေပေလိမ့်မည်။ ခရီးသွားခြင်းနှင့် ပတ်သက်၍ စစ်တပ်များက အပြောင်း အရွေ့ကိုသာ ခွင့်ပြုထားသည် ဖြစ်သောကြောင့် ကျွန်မအတွက် ခရီးသွားလာခွင့် ရရန်မလွယ်ပါ။
ကျွန်မခရီးမထွက်မီ ဖခင်အတွက် နေရာထိုင်ခင်း ရှာဖွေရပါဦးမည်။ ဖခင်ကိုယ်တိုင် ကျွန်မထံသို့ ဘေးမသီ ရန်မခဘဲ ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ဆေးရုံတွင် ဆက်လက်နေထိုင်ရန် အကြောင်း မရှိတော့ပါ။ ဆေးရုံကို အကဲခတ်နေသော ဂျပန်အား ကျောက်ရောဂါများ ကင်းရှင်းသွားပြီ ဖြစ်၍ ဆေးရုံမှ ဖယ်ပေးရန် အသင့် ရှိနေပြီဟု ကျွန်မက ပြောလိုက်ပါသည်။
လူနာများအားလုံးကလည်း ဆေးရုံမှ ဆင်းလိုကြပါပြီ။ ဆေးကုသခံရန် မလိုတော့ပြီ ဖြစ်၍ သူတို့၏ မိသားစု များနှင့် ပြန်လည် တွေ့ဆုံ လိုကြပြီ ဖြစ်သည်။ ဦးသင်ကမူ သူသည် ကျွန်မ၏ ဖခင်ကို ကြည့်ရှု စောင့်ရှောက်ရင်း နေရစ်ခဲ့မည်ဟု တာဝန်ယူပါသည်။
ဂျပန်များ သိမ်းယူခြင်း မပြုရသေးသော အိမ်အနည်းငယ်ကျန်ရှိနေသေးရာ လူအချို့က သင့်လျော်ရာ အိမ်ကို ရွေးချယ် နေထိုင်လျက် ရှိသဖြင့် ဖခင်သည်လည်း ၎င်းလူစုနှင့်အတူ နေရစ်ခဲ့မည်ဖြစ်၏။
ကျွန်မသည် ခရီးထွက်ရေးအတွက် လေးလေးနက်နက်စဉ်းစားရသည်။ လောလောဆယ်တွင် အဆာ ဟိရှင်ဘွန်း သတင်းစာနှင့် တွဲဖက်ထားသော သတင်းစာဆရာ ကိုဒါမင်၏ အကူအညီရရှိရေးကို ကြိုးပမ်းရန် ဆုံးဖြတ် လိုက်သည်။ သူသည် ကျွန်မ၏ လုပ်ငန်းများကိုလည်း စိတ်ဝင်စားသူဖြစ်၍ သူနှင့် ကျွန်မ ရင်းနှီး နေပါသည်။
သူသည် ဂျပန်ပြည်နှင့် ကနေဒါနိုင်ငံများရှိ သာသနာပြုကျောင်းထွက်ဖြစ်၍ အင်္ဂလိပ်စကားကို သွက်လက် စွာ ပြောဆိုနိုင်သည့်အပြင် ဂျပန်ဘုရင်မင်းမြတ်၏ စစ်အောင်နိုင်ရေးကို စိတ်ရောကိုယ်ပါ ထောက်ခံသူ လည်း မဟုတ်ပါ။ သူ၏ အလယ်အလတ်ကျသော အတွေးအခေါ်များက သူ့အတွက် ဘေးအန္တရာယ် များကို ဖိတ်ခေါ်နေသလို ဖြစ်နေပါ၏။ သူသည် ရက်ရောပြီး ကြင်နာတတ်သူ တစ်ဦးဖြစ်သည်နှင့် အညီ တောင်ကြီးမြို့ တွင် ကျွန်မသည် တစ်ဦးတည်းသော မျက်နှာဖြူ အမျိုးသမီး ဖြစ်ကြောင်း မလိုလား အပ်သော စွန့်လွတ်ခြင်းမျိုး မလုပ်သင့်ကြောင်း တောင်ကြီးမြို့မှ အမြန်ထွက်သွားသင့်ကြောင်း မကြာခဏ တိုက်တွန်း လေ့ရှိသည်။
သူသည် အကြိမ်ပေါင်းများစွာ စားစရာ ရာရှင်ဘူးများ စီးကရက်များ ထုတ်ပေးသည့်အပြင် ဖခင်ကြီးအား လည်း ဆေးတံ သောက်ဆေးများထုတ်ပေးလျှက်ရှိပါသည်။ သက်ဆိုင်ရာကသာ သိရှိ သွားခဲ့လျှင် ခုံရုံး အတင် ခံရမည့် အမှုများပင် ဖြစ်သည်။
အောင်နိုင်သူများ အဖြစ် ချီတက်လာသော စစ်တပ်ကြီးများ၏ သတင်းများကို ရေးသားရန် လိုက်ပါလာကြသည့် သတင်းစာ ဆရာများသည် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပါသည်။ ကျွန်မ ပြင်ဦးလွင် သို့ သွားနိုင်ရေးအတါက် အကူအညီကို သူ့ထံမှ တောင်းရမည်ကိုပင် မ၀ံ့မရဲ ဖြစ်နေမိသည်။ ကျွန်မ အတွက်နှင့် သူ့တွင် ကြီးမားသော စွန့်စားခြင်းမျိုး မဖြစ်စေလိုပါ။ သူက မည်သည့်အတွက် ကျွန်မကို ကူညီ ရမည်နည်း ဆိုသည်ကိုလည်း အဖြေရှာမရပါ။
မတတ်နိုင်သည့် အဆုံး သူ့ထံသို့ သွားပြီး အခြေအနေကို ရှင်းပြသော အခါ သူက တုံ့ဆိုင်းမနေပါ။ သတင်းထောက် များ၏ ဌာနချုပ်သည် ပြင်ဦးလွင်နှင့် မလှမ်းမကမ်းတွင် ရှိသောကြောင့် နောက်တနေ့ မနက် တွင်ပင် ကျွန်မကို ခေါ်သွားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။
ဆက်ရန်
.
.
No comments:
Post a Comment