Saturday, February 6, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၆)

လူသေအလောင်းများကိုလည်း ဆွေမျိုးသားချင်းများက လာရောက်ရွေးထုတ်ခြင်း မရှိသောကြောင့် ရင်ခွဲရုံ ထဲ၌ တောင်လိုပုံနေပါသည်။ ကြံ့ခိုင်သန်မာသော စစ်သားများသည် လူသေ အလောင်းများကို မူလက ရွံ့တွံ့တွံ့ ရှိခဲ့သော်လည်း အတွေ့အကြုံများ ရလာသောအခါ မရွံရှာနိုင် ကြတော့ပါ။ အလောင်းများကို မမြှုပ်ဘဲ ကြာကြာထားလေ၊ အလောင်းတွေက တိုးလာလေ၊ အပုပ်နံ့ တထောင်းထောင်းနှင့် ယင်တလောင်း လောင်း ဖြစ်လေ ကြုံရတော့မည့် အခြေအနေကို ကျွန်မကဲ့သို့ သူတို့တစ်တွေ သိကြပါသည်။

အစပထမတွင် အပုပ်နံ့များကို ဆေးဖျန်းပြီး သက်သာအောင် လုပ်နိုင်ခဲ့သော်လည်း ဆေးကရှားပါးလာ၍ မသုံးနိုင် သောအခါ လူသေအလောင်းများ၏ အပုပ်နံ့သက်သာစေရန် တွေးတော ကြံဆရပါသည်။ မူလက ဗုံးခိုရန် တူးထားသော ကျင်းများထဲသို့ လူသေများကို ထည့်ပြီး အစုလိုက် အပြုံလိုက်မြှုပ်နှံသည်။ သို့သော် ဘာသာရေး လိုအပ်ချက်အရ သရဏဂုံမတင်နိုင်ခဲ့ပါ။ မည်သို့ ကြိုးစားရှင်းလင်းပါစေ လူသေ အလောင်းများ နေရာ တွင် လူသေအသစ်များက အစားထိုးလာပါသည်။

လူသေများကို မြှုပ်နှံပေးရုံမျှဖြင့် ရောဂါကူးစက် ပြန့်ပွားခြင်းကို အကာအကွယ်ပေးနိုင်မည် မဟုတ်ကြောင်း အချိန်က ထုတ်ဖော် ပြသလာပါသည်။ ယင်းဘေးအန္တရာယ်ကို အပြီးအပိုင် ဖယ်ရှားနိုင် ရေးမှာ မီးသင်္ဂြိုလ်ခြင်း ဖြစ်ပါသည်။ ဒါကို ကျွန်မက ဗိုလ်မှူးကြီး ဘရော့ကယ်လ်ဟပ်(စ်)ုကို တင်ပြပါသည်။ သူသည် ကျွန်မ၏ ဆန္ဒကို ကူညီ ပေးခဲ့သူ၊ သူ့စိတ်နှင့် မတွေ့စေကာမူ ကူညီခဲ့သူ ဖြစ်သော်လည်း ယခု အကြိမ်၌ တုံ့ဆိုင်းဆိုင်း ဖြစ်သွား ခဲ့ပါသည်။
''ငါ့အနေနဲ့တော့ မစွန့်စားရဲဘူး၊ မီးသာရှို့လိုက်ရင် မိုင်ပေါင်း များစွာက မြင်နေရပြီး တို့ရဲ့နေရာ ဘယ်မှာ ရှိကြောင်း ရန်သူကို ပြလိုက်သလို ဖြစ်သွားမှာပေါ့''ဟု သူက ပြောသည်။

အမှန်ကတော့ မီးကြောင့် ဂျပန်က ကျွန်မတို့ နေရာကို သိရှိရန် မလိုပါ။ ကျွန်မတို့နှင့် ပတ်သက်၍ ဘယ်နေရာ မှာ ဘယ်သူတွေ ရှိနေကြောင်း ဂျပန်များက အလွတ်သိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဗိုလ်မှူးကြီး၏ ကျေးဇူး များက များလွန်းနေသဖြင့် အရေးမကြီးသည့် ကိစ္စအတွက် အတိုက်အခံ မပြောလိုတော့ပါ။

ဗိုလ်မှူးကြီးက မြို့ပြင်တွင် ကျင်းကြီးတစ်ကျင်းထဲ၌ လူသေအလောင်းများကို စုပြုံ မြှုပ်နှံခြင်းကို လိုလား ပါသည်။ မြို့ထဲတွင် လူနည်းစုအဖြစ် ကျန်ရစ်ခဲ့သော အရာရှိတစ်ဦးက ''ယင်းသို့ မြှုပ်ခဲ့သော် ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်များ၊ ဟိန္ဒူနှင့်မွတ်စလင်ဘာသာဝင်များ ရောနှောကုန်မည် ဖြစ်ပြီး ဘာသာရေး ရှုထောင့်မှ ကြည့်လျှင် မဖြစ်နိုင်ကြောင်း'' ထောက်ပြပါသည်။ အမှန်ပင် ဘာသာအယူဝါဒ မတူသူများကို ခွဲခြားမြှုပ်နှံရပါမည်။

ဗိုလ်မှူးကြီးသည်လည်း ကျွန်မတို့ကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေပါသည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းမှု များက ထင်ဟပ်နေပြီး ရက်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့ကြသော သူ၏ တပ်သားများအတွက် စိုးရိမ် ပူပန် နေဟန်ရှိပါသည်။ ဘာသာရေးနှင့် အသေးစိတ် အချက်အလက်များ ကွဲပြားခြားနားမှုကို သူက ဘ၀င် ကျဟန်မတူပါ။ အရာရှိဘက်သို့ လှည့်၍ သူက ''လူဟာ သေပြီးရင် တစ်လမ်းတည်းပဲ သွားရတာ မဟုတ်လား'' ဟု ပြောပါသည်။ ကျင်းတစ်ကျင်း တူးရသည်ပင် အင်အားထုတ်၍ တူးရသည်ဖြစ်ရာ ကျင်းပေါင်း များစွာ တူးရမည့်သူ၏ တပ်သားများအတွက် ရင်လေးနေပါလိမ့်မည်။ သူသည် အတိုက်အခံ လုပ်တတ်သူ မဟုတ်ပါ။

သူက''ကျင်းအကြီးကြီး တစ်ခုတူးမယ်၊ ကျင်းကို ၀ါးလုံးတွေနဲ့ ကန့်ထားမယ်၊ သူ့လူမျိုးနဲ့ သူပေါ့၊ လူတွေဟာ အသက်ရှင်နေခိုက် အကွဲကွဲအပြားပြား ဖြစ်နေကြပြီး သေတဲ့အခါမှာတောင် ညီညွတ်မှု မရနိုင်သေးဘူး'' ဟုညည်းညူပါသည်။

စစ်သားများက ပုပ်ပွနေသော လူသေအလောင်းများကို မြှုပ်နှံရန် မြို့ပြင်သို့ သယ်ဆောင်လာရသော အလုပ်ကို ကြည့်၍ ကျွန်မ ဆေးရုံတစ်ခုမှ တစ်ခုသို့ လူနာများ သယ်ဆောင်ခဲ့သော လုပ်ရပ်သည် အသေးအဖွဲ့ပါလားဟု သုံးသပ်မိပါသည်။ သူတို့သည် ကျင်းအကြီးကြီးတစ်ခု ဖြစ်လာစေရန် တစ်ညလုံး မရပ်မနား တူးခဲ့ကြသေးသည်။ ပုပ်ပွပြီး အနံ့တထောင်းထောင်းထနေသော လူသေ အလောင်းများကိုလည်း ကိုယ်တိုင် သယ်ပိုးလာကြရသေးသည်။

အ၀တ်များကို ရောဂါမကူးနိုင်သော ဆေးရည်တွင် နှစ်၍ သူတို့၏ ပါးစပ်ကို ဖုံးအောင် စည်းနှောင်ပြီး အပုပ်နံ့ကို ခံနိုင်အောင် ကြိုးစားကြပါသည်။ အလောင်းများအနက် အချို့က ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အချို့ကခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်နေသဖြင့် လူသေများကို မည်သူမည်ဝါဟု ခွဲခြား စာရင်းမလုပ်နိုင်ခဲ့ပါ။ လူသေ အလောင်းများ မြှုပ်နှံရာတွင် အရပ်ထဲမှ သေဆုံးသူများ၏ ဆွေမျိုးသားချင်း လူ ၅၀ ခန့် လာရောက် ဟစ်အော်ငိုကြွေးနေကြသဖြင့် မြင်ကွင်းက မိုပိုအကျည်းတန် သွားပါသည်။ အမှန်အားဖြင့် သူတို့သည် ကျင်းတူးရာတွင် ပါဝင်ကူညီရမည့်အစား အနှောင့်အယှက်ပေးနေကြခြင်းသာ ဖြစ်ပါသည်။

လင်းတများက အနားပတ်ဝန်းကျင်ရှိ သစ်ပင်များပေါ်၌ အသားစားရန် မျှော်လင့်ချက်နှင့် နားနေကြသည်။ ကျွန်မတို့ တစ်တွေ မျက်နှာလွှဲသွားသည်နှင့် ကျင်းများကို ပြန်ဖော်ပြီး လူသေကောင် များမှ အ၀တ်အစားများကို ချွတ်ယူရန် စောင့်နေသူများနှင့် စာလျှင် လင်းတများက သာပါသည်။ ယင်းလူယုတ်မာများ၏ ဘေးရန်မှ ကာကွယ်ရန် အစောင့်များ ချပေးထားခဲ့ရသည်။

သို့သော်လည်း သူတို့သည် အစားအစာ ငတ်ပြတ်၍ လူသေအသားများကို စားရန် တငမ်းငမ်းဖြစ်နေကြသောခပ်လှမ်းလှမ်းတွင် စောင့်နေကြသည့် ခွေးများကိုမူ မောင်းထုတ်နိုင်မည် မဟုတ်ပါ။ ခွေးများသည် သေနတ်နှင့်ခြောက်၊ ရာဘာဖိနပ်များနှင့်ရိုက်နှက် ကန်ကျောက်နေသည့် ကြားထဲကပင် မကြောက်ရွံ့ လူသေအလောင်းများကို လာဆွဲကြသည်။ သေနတ်နှင့် ပစ်သူများကိုပင် ပြန်ရန်မူရန် သွားတဖြဲဖြဲ လုပ်နေကြသည်။ ကျွန်မက ခွေးတွေကို လိုက်လံရိုက်နှက်ခြင်းမပြုရန် တားမြစ်ရသည်။ ကျွန်မတို့မှာ ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရသည် မဟုတ်ပါလား။ ထိုကြားထဲက ခွေးကိုက်ခံကြရမည်ဆိုပါက ခွေးရူးပြန်ရောဂါရပြီး ပြဿနာက ပိုရှုပ်လာပါဦးမည်။

ကျွန်မသည် အိန္ဒိယပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော အတွေ့အကြုံများအရ အစားအစာငတ်၍ သေဆုံးသူများ၊ ရောဂါခန္တရကပ်ဆိုက်၍ သေဆုံးသူများ တောင်လိုပုံနေသည့်အပေါ် တွင် လင်းတများသည် ခုတ်ဆွ ခုန်ဆွလုပ်၍ တပျော်တပါး လူ၏ အစိတ်အပိုင်းများအား စားသောက်နေ ကြသည်ကို မြင်ဖူးခဲ့၍ ကျွန်မ အတွက် လူသေကောင်းများဟု ယဉ်နေပြီဖြစ်ပါသည်။

သို့သော် စစ်သားများကမူ ရင်ဆိုင်ကြုံတွေ့နေရသည့် မြင်ကွင်းကို ရွံသလိုလို၊ ရွံ့သလိုလို ဖြစ်နေကြ ကြောင်း သူတို့ မျက်နှာများပေါ်၌ ပေါ်လွင်နေပါသည်။ သူတို့အတွက် အခံပြင်းဆုံးမှာ လူသေ အလောင်း များကို ပြန်လည်တူးဖော်ပြီး အ၀တ်အစားများကို ချွတ်ယူကြရန် စောင့်ဆိုင်းနေကြသော လူများ၏ အကျင့်ယုတ် အကြံယုတ် ပင်ဖြစ်သည်။ စစ်သားတစ်ဦးကမူ ''တိရစ္ဆာန်တွေ လောက်တောင် အဆင့် အတန်း မရှိတဲ့ ကောင်တွေ'' ဟု ပြောပါသည်။
ကမ္ဘာ့အရှေ့ဖျားဒေသများ၌ လူ့အသက်တစ်ချောင်းသည် တန်ဖိုး မရှိကြောင်း သူ့ကို ရှင်းပြလျှင်လည်း ပိုနေမည် ဖြစ်ပါသည်။ ရှင်းပြရန်လည်း အချိန်မရပါ။ ရောဂါဆိုးများ မကူးစက်မီ လူသေအလောင်းများကို အမြန် မြှုပ်နိုင်ရေးသည်သာ အဓိကဖြစ်ပါသည်။

ကျွန်မစိတ်ထဲတွင် အသက်ရှင် ကျန်နေသူများက သေဆုံးကြသူ များကို အကြွေးဆပ်ရန် တာဝန်ရှိသည်ဟု မှတ်ယူ ပါသည်။ လူသေ အားလုံး မြေမြှုပ်ပြီးချိန်တွင် မှောင်စပျိုးနေပါပြီ။ ကျင်းနက်နက် တူး၍ မြှုပ်လိုက် ရသဖြင့် မည်သူမျှ သူတို့၏ အေးငြိမ်းမှုကို အနှောင့်အယှက် ပေးနိုင်လိမ့်မည် မဟုတ်ပါ။

စစ်သားအချို့သည် နောက်တစ်နေ့ နံနက် ဆေးစပ်ခန်းရှေ့၌ တန်းစီနေကြသောအခါ တိုင်ပင်မထားကြ ဘဲ နေမကောင်းကြသူများ အုပ်စု၌ သွားရပ်နေကြပြီး ''သူတို့ရင်ထဲ၌ ပျို့ချင်သလို အန်ချင်သလိုလို ဖြစ်နေသည် ကို ပျောက်အောင် ကုသပေးရန် '' တောင်းဆိုနေကြပါသည်။

သူတို့ ခြောက်ဦး ကျွန်မထံသို့ လာရောက် သတင်းပို့စဉ်က သူတို့သည် သူနာပြု လုပ်ငန်းနှင့် ပတ်သက်၍ 'နကန်း' တစ်လုံးမျှ မသိကြပါ။ သို့သော် သူတို့သည် ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နိုင်ရုံ သာမက ဘဲ သူတို့၏ တိုးတက်မှုမှာ များစွာ လျင်မြန်လှပါသည်။ အရိုးကျိုး၊ အဆစ်လွဲ သည်ကို ပြန်လည် တည့်ပေးခြင်း နှင့် အသေးစား ခွဲစိတ်ခြင်းတို့၌ ကျွန်မကို ၀င်ရောက် ကူညီနေကြပါပြီ။ နောက်ဆုံး၌ ခွဲစိတ် ကုသမှုကြီး များ၌ပင် ပါဝင်ကူညီလာနိုင်ခဲ့ကြပါသည်။ သူနာပြု လုပ်ငန်း၌ အမြင့်ဆုံး အစဉ်အလာအရ မိမိတာဝန် ထက် ပိုမိုထူးချွန်စွာ လုပ်ကိုင်သူကို ဆုချီးမြှင့်မည်ဆိုပါက သူတို့ ခြောက်ဦးကတော့ အမှန် တကယ် ဆုရထိုက် သူများ ဖြစ်ပါသည်။

လန်ဒန်မြို့ အရှေ့ပိုင်းသား တပ်ကြပ်ကြီးကမူ အလုပ် လုပ်ရာတွင် အလွန်ထူးချွန်စွာ လုပ်နိုင်ခဲ့ပါသည်။ သူသည် ရံဖန်ရံခါ သည်းမခံနိုင်လောက်အောင် ကျွန်မ၏ စိတ်ကို အနှောင့်အယှက်ပြုခဲ့သည်။ ကျွန်မ၏ နာမည်မှာ 'ဟယ်လင်' ဖြစ်ကြောင်း သူက သိနေပါလျက် ကျွန်မကို 'ဖလောရင့်(စ်)' ဟူ၍ ခေါ်လေ့ရှိပြီး နောက်ပိုင်း တွင် နာမည်၏ အတိုကောက် 'ဖလော'ဟု ခေါ်ပါသည်။ ကျွန်မ လုပ်ရပ်တွေကို သူ လေးစား ကြောင်းပြလို၍ ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်မည်ထင်ပါသည်။

သို့သော်လည်း မီးအိမ်တစ်လုံးကို ကိုင်လျက် စစ်မြေပြင်၌ လျှောက်သွားနေသော အမျိုးသမီး သူနာပြု ဆရာမလေး ဖလောရင့်(စ်) နိုက်တင်ဂေးနှင့် နှိုင်းသည်ကို လက်မခံနိုင်ပါ။ ဖလောရင့်(စ်)တစ်ယောက် ကရီးမီးယား စစ်မြေပြင်၌ မီးအိမ်တစ်လုံး ကိုင်စွဲပြီး ဒဏ်ရာရသူများကို ပြုစုနေသည်က ဆေးရုံ လူနာဆောင် များ၌ ကျွန်မ လှည့်လည်ပြုစုရသည်နှင့် မနှိုင်းယှဉ်အပ်သည်ကို ကျွန်မ ၀န်ခံလိုပါ သည်။

နောင်တွင် တပ်ကြပ်ကြီးသည် ကျွန်မအား မြှောက်ပင့်သရော်နေသည်ကို ကျွန်မက လက်ခံ ကြိုဆိုခြင်း မရှိကြောင်း ယုံကြည်သွားသည်။ သူက ကျွန်မကို သမိုင်းပညာ မသင့်ခဲ့၍သာ သူ ခေါ်ဝေါ် သုံးစွဲသော နာမည်ကို လက်ခံလိုဟန် မရှိကြောင်း၊ ကျွန်မသည် နိုက်တင်ဂေး ငှက်နာမည်ကိုသာ ကြားဖူးနားဝ ရှိဟန်တူ ကြောင်း ထင်နေပါသည်။

အထူး အလုပ်များသော နေ့တစ်နေ့တာ ကုန်ဆုံးပြီးနောက် မှောင်ရီပျိုးစတွင် အယ်နီတစ်ယောက် ကျွန်မထံ ရောက်လာပြီး ''ဆေးရုံဝင်းခြံတံခါးမကြီးမှ ကြောက်စရာ ညည်းညူသံတစ်ခု ထွက်ပေါ်နေကြောင်း'' ပြောပါသည်။ မီးအိမ် သို့မဟုတ် လက်နှိပ်ဓာတ်မီး တစ်ခုခုကို သုံးစွဲရန် မဖြစ်နိုင်၍ အသံထွက်ပေါ်လာသည့် နေရာသို့ မှန်းပြီး စမ်းတ၀ါးဝါး လာခဲ့သည်။

အသံက ရပ်သွားလိုက် ကျွန်မက ရပ်ပြီး နားစွင့်လိုက်နှင့် လျှောက်သွားရာ ပျက်စီးနေသော အဆောက် အအုံ အနီး အမှိုက်ပုံ၌ အလွန်ပိန်ပြီး မောင်းဂွတ် လူမျိုး ရုပ်လက္ခဏာရှင် အဘိုးကြီး တစ်ဦး လဲကျနေ သည်ကို တွေ့ရသည်။ အလင်းရောင် မှိန်ပျပျတွင် နှစ်ပေါင်းများစွာက ကျွန်မ သိနေသူတစ်ဦးဖြစ်ကြောင်း မှတ်မိ ပါသည်။ သူသည် ဈေးနေ့များ၌ အချိုမုန့်နှင့် သကြားလုံးမျး ရောင်းချနေကျဖြစ်၍ ကျွန်မကလည်း ကလေး ဘ၀က သူ၏ ဖောက်သည်တစ်ဦး ဖြစ်ခဲ့၏။
သူ့ဒဏ်ရာ ကို ကျွန်မ မမြင်ရသေးဘဲနှင့်ပင် သူ ဒဏ်ရာ ပြင်းအထန် ရနေသည်ကိုတော့ သိနေပါသည်။

ကျွန်မသည် လူနာအား သယ်ဆောင်ပေးရန် ဟစ်အော် အကူအညီတောင်းပြီးနောက် စစ်ဆေးကြည့်ရှု နိုင်ရန် လူနာဆောင် တစ်ခုသို့ သူ့ကို သယ်လာခဲ့သည်။ အလွန် သနားစရာ ကောင်းပါသည်။ သူ၏ ခြေထောက် များသည် ဒဏ်ရာကြောင့် ကြေမွနေပြီး အရိုးနှင့် အသားများက ပုပ်စ ပြုနေပါပြီ။ သူ့အနေနှင့် ဒဏ်ရာ ရခဲ့သည့် အချိန်ကို မမှတ်မိတော့ပါ။ သူသည် မကြာခဏ အနာရှိန်ကြောင့် သတိမေ့သွားလေ့ရှိသဖြင့် မမှတ်မိ နိုင်တော့ပါ။
 
ဈေးရပ်ကွက်သို့ ပထမအကြိမ် ဗုံးလာကြံစဉ်က ရရှိခဲ့သော ဒဏ်ရာဟူ၍ကား မှတ်မိနေပါသည်။ သူသည် ရွာသို့ ပြန်သွားခဲ့ သည်။ ရွာသူရွာသားများက ရွာကို စွန့်ခွာ ထွက်ပြေးကြ၍ လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။ ဒုက္ခ ရောက်နေခိုက် ကူညီမည့် ဆွေမျိုးသားချင်းကလည်းမရှိ၊ ပြန်စရာ အိမ်ကလည်း မရှိတော့၍ သူ့ကို ကူညီနိုင်မည့် တစ်ခုတည်းသော နေရာမှာ ဆေးရုံဖြစ်ကြောင်း တွေးမိပြီး ရောက်လာ ခြင်းဖြစ်ပါသည်။

သူ့ကို ကျွန်မ ရေချိုး သန့်စင်ပေးသည်။ သူ၏ ကြေမွနေသော အနာများကို ဆေးကြောပေးနေစဉ် သူက ကျွန်မကို အလွန်အားကိုးတကြီးနှင့်ကြည့်ပြီး အင်္ဂလိပ်လို မတတ်တတ်ဖြင့်
''ကျွန်တော့်ကို ကူညီနှိင်မယ် မဟုတ်လား''ဟု မေးပါသည်။
ကျွန်မကလည်း သူ့ကို ငုံ့ကြည့်ပြီး ကြင်နာယုယသော လေသံဖြင့် ''ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်၊ ရှင့်ရောဂါ က သိပ်ပြင်းထန်တယ်၊ ကျွန်တို့ဆီမှာ ဆရာဝန် မရှိဘူး၊ ရှင့်ကို ခွဲစိတ်ကုသပေးဖို့ လိုတယ်'' ဟုပြန် ပြောသည်။

ကျွန်မ ဘာကို ဆိုလိုကြောင်း တိတိကျကျ သိလိုပါသည်ဟု ထပ်ခါတလဲလဲ မေးနေပါသည်။ ယခင် ရက်တွေ တုန်းကဆိုလျှင် ကျွန်မအနေနှင့် အမှန်ကို ဖွင့်ပြောခဲ့မည်မဟုတ်ပါ။ ယခု ရက်ပိုင်းအတွင်းမှာ သေတာတွေက မဆန်းတော့ပြီဖြစ်၍ ကျွန်မ အရေထူးလာပါပြီ။ ကျွန်မသည် သူ့အား အမှန်အတိုင်း ဖွင့်ဟ မပြောရန် အကြောင်းမရှိပါ။

သူသည် အသက်အရွယ်ကြီးပြီး ခံနိုင်ရည်ရှိသူဖြစ်၍ သေရမည်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ဘဲ ရင်ဆိုင်ရဲသူ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် မှန်ကန်တိကျသော မဟုတ်ဘဲ ရင်ဆိုင်ရဲသူ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် မှန်ကန်တိကျသောစီရင်ချက်ကို ခံယူသင့်သည် ဟုကျွန်မ ထင်ပါသည်။ အခြေအနေသာ ပြောင်းလဲ သွားမည်ဆိုပါက ကျွန်မသည် သူ နောက်ဆုံး အသက်ထွက်သည့် အချိန်အထိ သူ့ကုတင်ဘေး တွင် ထိုင်စောင့် နေမိမည် ဖြစ်ပါသည်။

သို့သော် ကျွန်မ၏ ပတ်ဝန်းကျင်မှ ငိုယိုသံများ၊ ညည်းညူသံများက ကျွန်မတွင် အခြား အရေးကြီးသော တာဝန်များ ကျန်ရှိနေပါသေးကလားဟူ၍ သတိပေးသလို ဖြစ်နေကြသည်။ ထို့ကြောင့် တုံးတိတိ ပြောလိုက် သည်။

''ရှင့်ကို ဆရာဝန်တစ်ဦးဦးနဲ့ ခြေထောက် ဖြတ်ပစ်ရမယ်၊ နို့မဟုတ်ရင် ရှင်သေမယ်၊ ကျွန်မတို့ဆီမှာ ဆရာဝန် မရှိဘူး၊ ကျွန်မ ကြိုးစားဖြတ်ရင်လည်း ရှင်သေမှာပဲ မထူးပါဘူး''
သူ၏ ပါးရေတွန့် နေသော သူ့မျက်နှာတွင် ထူးခြားမှု တစ်စုံတစ်ရာမပြဘဲ ''မင်းသာ မင်းအဖေရဲ့ သမီးမှန်ရင် ငါ့ခြေထောက် ကို မင်းဖြတ်ပေးမှာပါ'' ဟု ပြောပါသည်။

ကျွန်မက အပြင်ဘက်သို့ ထွက်သွားပြီး ငိုချလိုက်မိတော့သည်။ ထို့နောက် ဆုတောင်းရပါသည်။ '' ငါ ဘာလုပ်ရမလဲ'' ဟု ထပ်ခါတလဲလဲ တွေး၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ကျွန်မကို လမ်းညွှန် ပြရန် ကောင်းကင်မှ ထူးခြား အံ့သြဖွယ် အသံတစ်သံ ထွက်ပေါ်လာလိမ့်မည် မဟုတ်သည်ကို ကျွန်မ၏ နှလုံးသား က သိနေပါသည်။ ဆုံးဖြတ်ရမည့်သူမှာ ကျွန်မပင်။ ကျွန်မမှ တစ်ပါး အခြားမရှိပါ။

ကျွန်မသည် သူရှိရာ အဆောင်သို့ ပြန်ရောက်သောအခါ ကျွန်မ၏ ပြဿနာကို ပြေလည်သွားအောင် သူ အသက် ထွက်သွားလေပြီလားဟု တစ်ဝက်တစ်ပျက် မျှော်လင့်မိပါ၏။ သို့သော် သူက သတိရနေသည့် အပြင် စကား ပြောနိုင်ပါသည်။

''မင်း ငါ့ကို ဖြတ်ပေးမှာလား'' ဟုမေးရာ ကျွန်မက ခေါင်းညိတ်ပြလိုက်သည်။ ဤမျှ ကျွန်မအပေါ် သူ ယုံကြည်မှု ရှိနေပါသည်။ ကျွန်မ အနေနှင့် သူ့ခြေထောက်ကို ဖြတ်ပေးမှ တရားရာ ကျပေလိမ့်မည်။

ကျွန်မသည် ခွဲစိတ်ကုသခန်းထဲသို့ ၀င်သွားပြီး ထိုင်စဉ်းစားသည်။ ခြေလက်များ ဖြတ်ရာတွင် တွေ့ကြုံ ကြားသိ ရသည်များနှင့် စာအုပ်များတွင် ဖတ်ခဲ့ရသည်များကို တစိမ့်စိမ့် စဉ်းစားလိုက်သောအခါ ခြေလက် ဖြတ်တောက် ရသည်မှာ ဗုံးစနတ်တံ ဖြုတ်တုန်းကလို ဆောင်းပါး မရှိစေကာမူ သိပ်တော့ အခက်ကြီး အဆိုးကြီး မဟုတ်ပါ။

ကြောက်ရွံ့နောက်တွန့်နေလို့မဖြစ်။ ကြာလေ အနာက ဆိုးလေဖြစ်မည်။ ကျွန်မသည် မတ်တတ် ရပ်လိုက် ပြီး တပ်ကြပ်ကြီးအား ယုံကြည်မှု အပြည့်အ၀ရှိသောလေသံဖြင့် ''ကျွန်မ လူနာတစ်ယောက်ကို ခြေထောက် ဖြတ်တောက် ပေးဖို့အတွက် ခွဲစိတ်ခန်းကို အဆင်သင့် ဖြစ်အောင် ကူညီပါ''ဟု ပြောလိုက်သည်။

နိစ္စဓူဝ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောနေကျ လေသံ လိုဖြစ်နေခြင်းက ကျွန်မအသံကို ကျွန်မ ပြန်ကြား နေရခြင်းပင်။ တပ်ကြပ်ကြီးက ကျွန်မ၏ ပြောဆိုချက် ကိုလက်ခံယုံကြည်ဟန်မရှိ။ သူ့စိတ်ထဲတွင် သူ့ခေါင်းပေါ်သို့ ခေါင်မိုးကြီး ပြိုကျလာလေပြီလားဟု ယူဆဟန် ရှိပါသည်။ သို့သော် သူက '' ဘာလုပ် ရမယ်ဆိုတာသာ ပြောပါ ဖလော၊ ကျွန်တော် ကြိုးစားပါ့မယ်'' ဟု ပြန်ပြောပါသည်။

ကျွန်မက ''ရှင်တို့ထဲက ဘယ်သူများ မေ့ဆေး ပေးတတ်ပါသလဲ'' ဟု မေးသောအခါ သူက ခေါင်းခါပြ သည်။
''ကျွန်တော်တို့ကိုသာ ပြပေးပါ။ ကျွန်တော်တို့က တတ်လွယ်ပါတယ်''ဟု သူက တစ်ဖက်သို့လှည့်ပြီး ရယ်ကျဲကျဲဖြင့် ပြောပါသည်။
ကျွန်မသည် အသံကို ထိန်း၍ အေးဆေးတည်ငြိမ်စွာဖြင့် ''ရေကို ၄ ဂါလံဝင် သံပုံးနဲ့ ဆူအောင် ကျိုပါ၊ ခွဲစိတ် ကုသ ရမယ့် ပစ္စည်းကိရိယာတွေကို သယ်ပိုးနိုင် အောင်စီစဉ်ပါ'' ဟု အမိန့်ပေးရသည်။

ခွဲစိတ်ခန်းကို သန့်စင်ဆေးကြောစေပြီးမှ လူနာကို သယ်ဆောင်၍ ခွဲစိတ်ကုတင်ပေါ် တင်ကာ မရွေ့ ရှားနိုင်ရန် ချည်တုပ်ကြပါသည်။ ကျွန်မက စစ်သားများအား ''လူနာအား မေ့ဆေးပေးရာတွင် ပြည့်ပြည့် ၀၀ မရှိခဲ့သော် လူနာသည် အကျောက်အကန် ရုန်းလိမ့်မည်ဖြစ်ကြောင်း'' ပြောထားရသည်။ ခန်းဆီးများကို ချပြီး မီးဖွင့် လိုက်ပါသည်။

ကျွန်မတို့ လူထုထဲတွင် အတည်ငြိမ်ဆုံးသူမှာ လူနာ အဘိုးကြီးဖြစ်ပါသည်။ သူသည် သတ္တိကောင်းသူ ဖြစ်ပြီး သူ့အသက်ကို လူသတ်သင်တန်း တက်ရောက်ခဲ့ကြသော စစ်သားများနှင့် လက်များ တုန်လှုပ် နေ၍ အပ်ပေါက် ထိုးရန်ပင် အခက်အခဲဖြစ်နေသည့် သူနာပြု ဆရာမတစ်ဦးတို့၏ လက်တွင် ၀ကွက်ကာ ယုံကြည် မှု့ အပြည့်နှင့် အပ်နှံထားပါသည်။

ကျွန်မသည် သူ၏ ခြေထောက်ကို အရက်ပြန်နှင့် ဆေးကြောပြီး ဖော်ဖင်း(ထုံဆေး) ထိုးပေးပါသည်။ ၄င်းနောက် စစ်သားများအား မေ့ဆေးပေးပုံ ပေးနည်းများကို ရှင်းပြ၍ မေ့ဆေးပေးပါသည်။ ကျွန်မက ''သူ ဘယ်နည်းနဲ့မှ သတိ ပြန်မလည်စေနဲ့နော်'' ဟု ပြောပါသည်။
မျက်နှာဖြူဖပ်ဖြူရော်နှင့် ကြောက်ရွံ့နေဟန်ရှိသော စစ်သားများအား ''ဒီိကိစ္စက တော်တော် အရေးကြီး တယ်၊ ရှင်တို့ထဲက တစ်ယောက်ယောက် ချွတ်ချော် တိမ်းပါးတာမျိုး ဖြစ်လို့မရဘူး'' ဟု သတိထပ်ပေးရသည်။

အမှန်အားဖြင့် ပြောသာ ပြောရသော်လည်း ကျွန်မ၏ အခြေအနေက သူတို့ထက် သာမည်မဟုတ်ပါ။ ဟန်ဆောင် ရခြင်းကို ကျွန်မ အကြောက်ဆုံးဖြစ်ပါသည်။
ကျွန်မတို့သည် မျက်နှာဖုံးများ စွပ်လိုက်ကြပြီးနောက် ခြေထောက်ဖြတ်ရမည့်နေရာကို မှတ်သားလိုက် ပါသည်။ ကျွန်မသည် အရိုးကို ဖြတ်တောက်နိုင်ရန် တပ်ကြပ်ကြီးထံမှ ပြုတ်ထားပြီးသား ''ဓား'' ကို တောင်းလိုက် ပါသည်။ ဘုရားစာကို တိုးတိုးရွတ်ဆိုပြီးနောက် ကျွန်မသည် ညိုမည်းနေသော အသား အောက်သို့ ဓားကို လှီးထည့်လိုက်သည်။

တပ်ကြပ်ကြီး သည် ထိုအချိန်က လူနာကို သွေးသွင်းနေရာ သူ့ကိုယ်သူ မနည်း ထိန်းချုပ် ထားရဟန် ရှိပါသည်။ အရိုးပေါ်သို့ ဓားရောက်သွားသောအခါ ကျွန်မက ''လွှ''ကို တောင်းပါသည်။ ကျွန်မ မျှော်လင့် ထားသည် ထက်ပင် အရိုးကို လွှနှင့်ဖြတ်ရသည်က ပိုမိုခက်ခဲလှပါသည်။ လွှ၏ လက်ကိုင်ပေါ်၌ လက်နှစ်ဖက် ကို ရုတ်တရက် ကျွန်မ တွေ့ရပါသည်။ ကျွန်မ အလွန်လိုလား တောင့်တ နေသော အကူအညီကို တပ်ကြပ်ကြီး က ပေးနေခြင်းဖြစ်ပါသည်။ တစ်ကြပ်ကြီး၏ လက်သည် ခိုင်မြဲလှ ပါသည်။ ကျွန်မတို့ အောင်မြင် သွားကြပေပြီ။

စစ်သားများ၏ နဖူးပေါ်တွင် ချွေးသီး ချွေးပေါက်များ သီးနေပါသည်။ သူတို့သည် မဟာလူသားများ၏ အလုပ်ကို လုပ်ကိုင်နေကြကြောင်း ကျွန် သိပါသည်။ လူတစ်ယောက်၏ အသက်သည် သူတို့၏ လက်ထဲတွင် ရှိနေ ပါကလားဟူသော အသိတရားကြောင့် သူတို့သည် ကျွန်မကဲ့သို့ အတွင်းအား စိတ်ဓာတ်များ ပိုမို ခိုင်မာ လာကြပါသည်။ ခြေထောက်အရိုး ပြတ်လုပြတ်ခင်တွင် ရေပုံးတစ်လုံး အမြန် ယူခိုင်းလိုက်ပါသည်။ ခြေထောက် အပြတ်ကြီး ရေထဲသို့ ''ပလုံ''ခနဲ ကျသွားသံနှင့်အတူ ကျွန်မသည် ပျို့ချင် အန်ချင် ဖြစ်လာ ပါသည်။ အရေးကြီးသော ခွဲစိတ်ကုသမှု မလုပ်မီ ရက်ပေါင်းများစွာ အစာမစားဘဲ နေရခြင်း၏ အကြောင်းရင်း ကို အများကြီး နောက်ကျပြီးမှ ကျွန်မ သဘောပေါက်ပါတော့ သည်။

ဆက်ရန်
.

1 comment:

ahphyulay said...

သိပ်ကောင်းတဲ့  ပို့ (စ) လေးပါပဲဗျာ။
ဖတ်နရင်းနဲ့ မြင်လာပါတယ်။ ရုပ်ရှင်လိုပဲ မြင်ကွင်း တွေကိုလေ။
ပြီးတော့  စာရေးသူ ဒီပို့ (စ)လေးကို တင်ပေးသူရဲ့ 
စာနဲ့ တူတဲ့  စာကောင်း ရသ ကောင်းများကို ကိုယ်ဖတ်
ရသလို သူများ ကိုလည်း ဖတ်စေချင်တဲ့  စေတနာ ကို
လည်း မြင်လာမိပါတယ်လို့ ။