Sunday, February 7, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၇)

သို့သော် အလွန် အရေးကြီးသည့် အပိုင်းများကို ဆက်လက်ဆောင်ရွက်ရပါဦးမည်။ ငုံးတိတိ ဖြစ်နေ သော အရိုးကိုဖုံး၍ အပ်နှင့်ချုပ်ရဦးမည်။ ဆေးထည့်ပေးရဦးမည်။ တပ်ကြပ်ကြီးမှာ အလွန် စိတ်လှုပ်ရှား နေသော်လည်း ကျွန်မကို ကူညီနေဆဲပင်။ သူ၏ စစ်သားတစ်ယောက်ကမူ သတိလစ်သွားပါသည်။
ကျွန်မက လှုပ်နှိုးရသည်။

''ဟေ့ ထပါဦး။ တို့တစ်တွေ လူနာကို သူ့အိပ်ရာပေါ် ပြန်တင်ရအောင် ကူညီပါဦး'' ဟု ကျွန်မက ပြောရ သည်။
''ကျွန်တော် စစ်ပွဲတွေမှာ လူတွေကို သတ်ခဲ့ပါတယ်၊ အခုလို အဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးသေးဘူး'' ဟု စစ်သားက တောင်းပန်တိုးလျှိုးသံ နှင့်ပြော၏။
အဘိုးကြီး၏ သွေးတိုးနှုန်းကို ကျွန်မ စစ်ကြည့်သည်။ သူ၏ ကျန်းမာရေးက မကောင်းလှသော်လည်း ဝေဒနာကို အပြင်းအထိန်ခံစားခဲ့ရပြီးနောက် အသက်ဘေးမှ သူ လွတ်မြောက်သွားပြီကို ကျွန်မ သိပါသည်။ အသက်ရှင်လျက် ရှိနေသေးသမျှ မျှော်လင့်ချက် ရှိပါသေးသည်။

ကျွန်မတို့သည် သူ့အား ကုတင်ဆီသို့ တွန်းသွားကာ ညင်သာစွာ မတင်လိုက်ပါသည်။ ထိုစဉ် စစ်သားတစ်ဦး က ကျွန်မတို့ထံ အလွန်ပူလောင်နေသော လက်ဖက်ရည် သုံးခွက်ယူလာပေးပါသည်။
“ခင်ဗျား လက်ဖက်ရည် ပူပူလေးသောက်လိုက်၊ ဒါမှ နေသာထိုင်သာရှိသွားမယ်“ဟု ပြောပါသည်။
အင်္ဂလိပ် စစ်သားများအတွက် ဆေးတစ်ခွက်ပမာ ဖြစ်သောလက်ဖက်ရည်ကား ထိရောက်လှပါသည်။ လက်ဖက်ရည်ကို သောက်ပြီးနောက် အဘိုးကြီး၏ ကုတင်ဘေး ကြမ်းပြင်ပေါ်မှာပင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ပါတော့သည်။

မည်သည့်အချိန်ထိ အိပ်ပျော်သွားခဲ့သည် မသိပါ။ အဘိုးကြီး အိပ်နေရာမှ လှုပ်ရှားသံကြောင့် ကျွန်မ နိုးလာ ပါသည်။ ကျွန်မ မတ်တတ်ရပ်လိုက်ပါသည်။ အဘိုးကြီးသည် သူ့မှာ ခြောက်ထောက် တစ်ဖက် မရှိတော့ သည်ကို ခံစားသိရှိသွားကြောင်း ကျွန်မ ရိပ်မိလိုက်သည်။ သို့သော် သူသည် စိတ်လှုပ်ရှားခြင်း မရှိရုံသာ မက ကျွန်မကို ကြည့်ပြီး
“ငါ့ကို မင်း ကူညီနိုင်ပါစေဆိုပြီး ဘုရားမှာ ဆုတောင်းခဲ့တယ်၊ ငါဟာ အသက်ရှင်နေဖို့ သံန္နိဋ္ဌာန်ချထားတယ်၊ ငါ မသေနိုင်တော့ဘူး“ ဟု ပြောပါသည်။

ကျွန်မသည် သူ၏ နာမည်ကိုပင် မသိသေးကြောင်း သတိရလာခဲ့သည်။ သိသည် မသိသည်က အရေးမကြီး ပါ။ သိသိ မသိသိ လုပ်ပေးရမှာက လုပ်ပေးရမှာပါပဲ။ ကျွန်မတို့ အခုလို လုပ်ပေးလိုက်ခြင်းမှာ လူ့သဘာဝ၏ အလွန်ထူးခြားသော အဖြစ်အပျက်တစ်ရပ် ဖြစ်ပါသည်။
“ကျွန်မမှာ လုပ်စရာ တစ်ပုံကြီး ရှိသေးတယ်၊ ရှင်နဲ့ မတ်တပ်ရပ်ပြီး စကားပြောနေလို့ မဖြစ်သေးဘူး“ဟု ပြော လိုက်ပြီး အပြင်ဘက်သို့ ထွက်လာသည်။ ကျွန်မသည် တပ်ကြပ်ကြီးနှင့် သူ၏ လက်ထောက်လုပ်သူ တို့အား “ခြေထောက်အပြတ်ကို အပြင်သို့ ယူသွားပြီး မီးရှို့ပစ်ရန် “ ညွှန်ကြားလိုက်ပါသည်။

အစပထမက မသိဖူး မကြားဖူးသော၊ သူတို့၏ ကျောင်းမှာ ရှိသည့်မြေပုံတွင် ဖော်ပြထားသောတိုင်းပြည်ကို ကာကွယ်ရန် ကမ္ဘာ့ခရီးတစ်ဝက်ကို ဖြတ်သန်းလာခဲ့ကြသည်။ သူတို့မှာ တာဝန်ကျေပွန်သည် သာမကဘဲ သူတို့၏ လုပ်ရပ်ကို လေးစားခြင်း၊ သူတို့အပေါ်တွင် လေးလေးနက်နက် ကျေးဇူးတင်ရှိခြင်းတို့ကြောင့် ထိုက်ထိုက် တန်တန် ကျေးဇူးဆပ်ရန် အခန်းထဲတွင် ထိုင်၍ တစ်ညလုံး စဉ်းစားခဲ့သည်။ ကျေးဇူးဆပ်ဖို့ ကျွန်မတွင် မည်သည့် ပစ္စည်းမျှ မရှိပါ။ ပါးစပ်နှင့် ထုတ်ပြောရုံဖြင့် မလုံလောက်နိုင်ပါ။

ထို့နောက် ကလပ်မှ အသင်းဝင် လူကြီးအချို့က ကလပ်သို့ ၀င်ထွက်ဆဲရှိနေကြသည်ကို သတိရမိသည်။ ကလပ် တွင်မူ အဖျော်ယမကာနှင့် အရက်များ လုံလုံလောက်လောက် ရှိနေပါသေးသည်။ ဒီလူကြီးတွေ ကလပ် ကို စွဲစွဲမြဲမြဲ သွားနေခြင်းကို ကျွန်မ သဘောမပေါက်ခဲ့ပါ။ မကြာမီ ကွယ်ပျောက်ရန် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသော မျိုးစုတစ်ခုမှ အဖွဲ့ဝင်များသည် သူတို့၏ လွတ်မြောက်ရေးလမ်းစကို ငြင်းဆန် နေကြသကဲ့သို့ ကလပ်မင်ဘာကြီးများသည်လည်း သူတို့၏ ဘ၀ကို ပြောင်းလဲမှုမပြုဘဲ ကလပ်ကိုပင် ဖက်တွယ် ထားကြပါသည်။

ကျွန်မသည် လူသူ ခြောက်သွေ့နေပြီး မီးငွေ့များ ရှိနေသေးသည့် လမ်းမအတိုင်း ကလပ်သို့ ရောက်လာခဲ့ ပြီး တံခါးကို တွန်းဖွင့်၍ အရက်ဘားရှိရာသို့ လျှောက်လာခဲ့သည်။ ပုဂ္ဂိုလ်အချို့သည် ကြိမ်ကုလားထိုင်များ ပေါ်တွင် စုဝေးထိုင်နေကြကာ အတိတ်သည် အစဉ်အမြဲ ပျောက်ကွယ်သွားလေပြီ တကားဟု သတိရပြီး ပူဆွေး ၀မ်းနည်းနေကြဟန်ရှိပါသည်။
 
ကျွန်မသည် အသင်းဝင် လူကြီးတစ်ဦးထံသို့ သွားပြီး ကျွန်မ၏ စစ်သားများအတွက် ဘီယာပုလင်း အနည်းငယ် ထုတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ယင်းစစ်သားများက ကျွန်မတို့ ဆေးရုံတွင် မည်သည့် အလုပ်များ လုပ်နေကြသည်ကိုလည်း တိုတို တုတ်တုတ် ရှင်းပြလိုက်၏။ သူသည် စိတ်ရှုပ်ထွေးဟန်ဖြင့် ကျွန်မကို ကြည့်ရင်း “မဖြစ်နိုင်ပါဘူး မစ္စရော့ဒရစ်၊ ဒီကလပ်က အရာရှိတွေအတွက် သပ်သပ်ပဲ“ ဟု ပြန်ပြော ပါသည်။

ကျွန်မ သောက်ရန် စားပွဲပေါ်တွင် ချထားသော ဖျော်ရည်ခွက်ကို လက်ဖျားနှင့်ပင် မတို့တော့ဘဲ စကားလည်း တစ်ခွန်းမှ မဟတော့ဘဲ ကလပ်ထဲမှ ထွက်လာခဲ့သည်။
ထိုနေ့ည ညဥ့်နက်ပိုင်းတွင် ကျွန်မသည် ကွန်မင်ဒိုတပ်သားများကို ခေါ်ယူ စုဝေးပြီး “သူတို့အတွက် လျှို့ဝှက်လုပ်ငန်းတစ်ခု ရှိကြောင်း၊ ထိုလုပ်ငန်းကို သူတို့ နှစ်သက်သဘောကျမည် ဖြစ်ကြောင်း“ ပြောလိုက် ပါသည်။ သူတို့အား သွပ်ဖြင့် လုပ်ထားသော ရေချိုးစည်ပိုင်းများကို ယူဆောင်စေပြီး ညမှောင်မိုက်ထဲတွင် ကလပ်သို့ ထွက်လာခဲ့ကြသည်။

သူတို့ကို ကျွန်မ ဘာမျှ မပြောပါ။ တရားဥပဒေသည် အရပ်သူ အရပ်သားများအတွက် မရှိတော့ပြီဖြစ်သော် လည်း စစ်သားများအတွက် တာဝန်နှင့် စည်းကမ်းက ရှိနေသေးသည် မဟ်ုတ်ပါလော။ သူတို့ လုပ်မည့် အလုပ်ကို မသိလေ ကောင်းလေ မဟုတ်ပါလော။ သူတို့သည် တုံ့ဆိုင်းဆိုင်းဖြစ်နေသေးသည်။ သို့သော်လည်း ပေးအပ်လာသော တာဝန်ကို လုပ်ရန် အသင့်ပင်။ ကျွန်မသည် ခုန်နေသော ရင်ဘတ် ပေါ်သို့ လက်ကို ဖိထားပြီး ''ငါဟာ အမှားတွေ မကျူးလွန်ပါဘူး''ဟု အားတင်းရသည်။ ဘာပဲဖြစ်ဖြစ် လက်စား ချေရခြင်း၏ ချိုမြိန်မှုသည်သာ အရသာအရှိဆုံးဖြစ်ချေသည်တကား။
 
ကျွန်မ ပေါက်စန အရွယ်ကပင် ကလပ်၏ ၀ရန်တာတွင်ထိုင်ပြီး အေးမြလှသော လင်မနစ်ကို သောက်နေကျ ဖြစ်သည်။ အဆောက်အအုံနောက်ဘက်တွင် ရှိနေသော အရက်များ သိုလှောင်ထားသည့် အခန်းတံခါး ဆီသို့ မျက်နှာကို အ၀တ်နှင့် စည်းထားစေဦး သွားတတ်ပါသည်။

ကျွန်မတွင် အမြင်အားဖြင့် ကြောက်စရာကောင်းသော အရပ်သားကိုင် ဓားတစ်လက် ပါလာသည်။ ၄င်းဓားသည် သော့ကို ကလန့်ပြီး တံခါးကိုဖွင့်နိုင်ပါသည်။ ကျွန်မတို့ရှေ့တွင်ကား ဇိမ်ခံပစ္စည်းများဖြစ်သော ဘီယာပုလင်းများ၊ အရက်မျိုးစုံ၊ ကြေးချွတ်ပေါင်ဒါနှင့် အရည်များ၊ အိမ်သာသုံးစက္ကူများကို တွေ့ရသည်။ ကျွန်မက စစ်သားများကို "ရနိုင်သမျှသော ပစ္စည်းများကို ရေစည်ပိုင်းအတွင်းသို့ ထည့်ရန်" တိုးတိုး ပြောပါသည်။ ကလပ်၏ အတွင်းရေးမှူး နာမည် ရေးမှတထားသည့် ကြီးမားသော ၀ီစကီ သေတ္တာကို စစ်သား တစ်ယောက်က မယူနေသည်ကို တွေ့ရသောအခါ ကျွန်မ အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွား မိပါ သည်။

ကျွန်မတို့သည် သယ်ယူနိုင်သမျှသော ပစ္စည်းများကို ယူပြီးနောက် ဆေးရုံသို့ ပြန်လာခဲ့ကြသည်။ ကျွန်မ တို့ကိုသာ တစ်ဦးတစ်ယောက်က မြင်တွေ့ခဲ့သော် အလွန်တရား အံ့အားသင့်ပြီး ခေါင်းကုတ် မိနေပေ လိမ့်မည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တောင်ကြီးမြို့ပေါ်တွင် ထူးဆန်သော စီတန်းလမ်းလျှောက်မှုများ ရှိခဲ့ သောလည်း ကျွန်မတို့ လူစုလောက်တော့ ပုံပန်းပျက်မည် မဟုတ်ပါ။ အပျက်အစီးများနှင့် ရှုပ်ထွေးနေ သော လမ်းများ ပေါ်တွင် အ၀တ်ထုပ်ကြီးကို ခေါင်းပေါ်ရွက်လျက် ခြင်းတစ်ခြင်းစီကိုလည်း လက်တစ်ဖက် တစ်ချက် က ဆွဲလျက် စစ်သားများကမူ လေးလံသော စည်ပိုင်းများကို ထမ်းပိုးလျက် စီတန်းသွား နေကြ သည်ကို တွေ့ရလျှင် အံ့အားသင့်ကြမည် ဖြစ်ပါသည်။

ဆေးရုံသို့ ပြန်ရောက်ပြီးနောက် ကျွန်မသည် စစ်သားများ အားလုံးကို ကျွန်မ၏အခန်းသို့ ဖိတ်ခေါ်ကာ ၀ီစကီ၊ ဂျင်၊ ဘီယာတို့ကို သူတို့ကြိုက်သလောက် သောက်ကြရန် ဧည့်ခံပြုစုပါသည်။ မယုံကြည်နိုင် သော မျက်နှာ များပေါ်တွင် အပြုံးမိုးများ ရွာချနေပါသည်။ ကျွန်မတို့ကို ထင်ရာစိုင်းနေသည်ဟု ယူဆ၍ မရပါ။

စစ်သားများသည် သူတို့၏ အချိန်ကို အသုံးချပြီး အိပ်ပျော်သွားကြသည်။ နောက်တစ်နေ့တွင် ကျွန်မ က ဘီယာနှင့် အရက်များကို နေ့စဉ် ရာရှင်စနစ်နှင့် တိတိကျကျ ထုတ်ပေးမည်ဟု ထုတ်ဖော်ကြေညာ ပါသည်။ ကျွန်မတို့ ခိုးလာသော ပစ္စည်းများကို ကျွန်မ၏ အခန်းအောက်ဘက် မြေကြီးပေါ်တွင် ရှိနေ သော ၀ါးလုံး ဒေါက်များ အောက်၌ ၀ှက်ထားခဲ့သည်။ ကျွန်မတို့ လုပ်ရပ်ကို မည်သူများ တွေ့သွားလေ သနည်းဟု စောင့်ကြည့် နေမိသည်။

နောက်တစ်နေ့ နံနက်တွင် ကလပ်အသင်းဝင် မင်ဘာကြီးသည် နောင်တရသောမျက်နှာနှင့် ကျွန်မထံ ရောက်လာ သည်။ သူသည် အရာရှိမဟုတ်သူများကို အရက်ပုလင်းများ ထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းကို စိတ်မကောင်းဖြစ်ပြီး တစ်ညလုံး အိပ်ရေးဝခဲ့ဟန် မတူပါ။ သူက "မနေ့က မင်းလာတောင်းတုန်းက ထုတ်ပေး လိုက်ဖို့ ကောင်းတယ်၊ ညက သူခိုးတွေ ၀င်ခိုးသွားတာ အားလုံး ပြောင်သွားပြီ၊ ဒီကောင် တွေနဲ့စာရင် မင်းရဲ့ လူတွေ လက်ထဲရောက်တာကမှ ကောင်းဦးမယ်" ဟု ၀မ်းနည်းစွာ ပြောပါသည်။ သူ့အား ပြန်၍ ၀မ်းနည်း စကား ပြောရသည်။ အရက်တစ်ခွက်တစ်ဖလား ဧည့်ခံမည်ဆိုပါက မိုက်မဲရာသာ ကျပါမည်။

ကွန်မင်ဒိုများသည် သူတို့၏ ဖောက်ခွဲရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေကြပါသည်။ အချိန်ကိုလုပြီး လုပ်နေကြရလေရာ သူတို့ လူစုအား တပ်က ပြန်ခေါ်ပြီး အကူအညီတောင်းလေ့ရှိသဖြင့် သူတို့သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေကြသောကြောင့် အိပ်ချိန်ပင် ကောင်းစွာ မရကြရှာပါ။ ဆေးရုံတွင် ပေးထားသော အလုပ်များမှာ သူတို့အတွက် တာဝန်ကြီးသလို ဖြစ်လာခဲ့ပါသည်။ ဒါပေ မယ့် သူတို့သည် နောက်တွန့် ခြင်း မရှိပါ။

၁၉၄၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် မြို့ပြအုပ်ချုပ်ရေးဘက်ဆိုင်ရာ အရာရှိများသည် တောင်ကြီးမြို့မှ ထွက်ခွာသွားကြရာ အုပ်ချုပ်ရေးရပ်သွားပါပြီ။ သူတို့ကို အပြစ်တင်၍ မဖြစ်ပါ။ အကယ်၍ ထိုသို့မသွား ခဲ့သော် ဂျပန်များ၏ ဖမ်းဆီးခြင်းခံရပြီး ထိန်းသိမ်းထားခြင်းလည်း ခံရမည် ဖြစ်ပါသည်။

ကျွန်မ၏ စိတ်ထဲ၌ တထင့်ထင့် စိုးရိမ်နေသော အချိန်သည် မကြာမတင် ရောက်လာတော့မည်ကို သိပါ သည်။ ကွန်မင်ဒိုတပ်ဖွဲ့များကို ဆုတ်ခွာရန် အမိန့်ပေးပေတော့မည်။ ဂျပန်တပ်များက တဖြည်းဖြည်း နီးကပ်လာချေပြီ၊ ဗိုလ်မှူးကြီး၏ တပ်သားများအား ဖောက်ခွဲဖျက်ဆီးရေး အလုပ်အပြင် အခြား အရေး ကြီးသော တာဝန်တစ်ရပ်ကိုလည်း ပေးထားပါသေးသည်။ ရှမ်းစော်ဘွားများထံမှ ရန်ပုံငွေအဖြစ် ကောက်ခံ ထားသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားကို ဂျပန်တို့လက်တွင်းသို့ မကျရောက်မီ သယ် ဆောင်သွား ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

ရှမ်းပြည်တွင် ဘိန်းအမြောက်အမြား စိုက်သဖြင့် ရှမ်းစော်ဘွားများသည် ချမ်းသာကြွယ်ဝကြသည်။ ကျွန်မငယ်ငယ်က မင်းခမ်းမင်းနားများတွင် ထီးလက်ကိုင်ရိုးကို ရွှေဖြင့်ပြုလုပ်ပြီး စိန် ရွှေ ကျောက်သံ ပတ္တမြား များ စီခြယ်ထားခြင်း၊ အင်္ကျီအ၀တ်အစားများတွင်လည်း အလားတူ အဖိုးထိုက် အဖိုးတန်များ စီခြယ်ထားခြင်းများကို တွေ့ဖူးပါ၏။ ယင်းရန်ပုံငွေမှာ အလေးချိန်အားဖြင့် ၁၄တန်ရှိ၍ ငွေစက္ကူများ၊ အဖိုးတန် ကျောက်သံပတ္တမြားများ၊ ရွှေတုံး ရွှေခဲများဖြစ်ပါသည်။ ၎င်းပစ္စည်းများကို တောင်ကြီးမြို့အစိုး ရ  ငွေတိုက် ၌ သိမ်းဆည်းထားသည်ဟု သိရှိခဲ့ပါသည်။

ငွေစက္ကူများကို မီးရှို့ဖျက်ဆီးပစ်နိုင်စေကာမူ အခြား ရွှေတုံးများ၊ ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ ကျောက်သံ ပတ္တမြားများကိုမူ ဖျက်ဆီး၍ မရပါ။ ယင်းအဖိုးထိုက်တန်သော ပစ္စည်းများကို ရန်သူ ဂျပန်များ လက် တွင်းသို့ အရောက်မခံနိုင်ပါ။ မဟာမိတ်တပ်များ၏ စစ်ရေးစစ်ရာတွင်သာ သုံးစွဲသင့်ပါသည်။ အဆိုပါ ပစ္စည်းများကို သူခိုး၊ ဓားပြများက လုယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။ စစ်အတွေ့အကြုံများအရ အဖိုးထိုက်တန်သော ရွှေငွေများနှင့်သာလျှင် ခဲယမ်းမီးကျောက်နှင့် လက်နက်များကို ၀ယ်ယူရနိုင် ကြောင်း သိထားပါသည်။ ထိုသို့မှမဟုတ်လျှင် အမေရိကန် နယ်ချဲ့တို့ကဲ့သို့ လိုသမျှအလကားပေး မည်ဆိုသော လူစားမျိုးနှင့် တွေ့ရန် လိုပါသည်။

ကွန်မင်ဒိုများအတွက် အထူးတာဝန်တစ်ရပ်၊ ပေးထားကြောင်း စစ်သားများထံမှ သိရပါသည်။ သို့ဖြစ်၍ တစ်နေ့သော နံနက်ခင်းတွင် ဗိုလ်မှူးကြီးကိုယ်တိုင် ရောက်လာပြီး ၎င်းတို့လူစု တောင်ကြီးမှ ထွက် သွားတော့မည်ဟု ပြောလာခြင်းကို မအံ့သြတော့ပါ။ လန်ဒန်အရှေ့ပိုင်းသား တပ်ကြပ်ကြီးက "ဖလော အတွက် ရော"ဟု မေးသံကြားရပါသည်။ သူသည် အရေးအကြောင်းထဲမှပင် ကျွန်မ၏နာမည် 'ဟယ် လင်'ကို ခေါ်ရမှာ ၀န်လေးနေပါသည်။

ဗိုလ်မှူးကြီးသည် ကျွန်မကို သူ့နံဘေးသို့ ဆွဲယူလိုက်ပြီး ''နောက်ချန်နေရစ်ခဲ့သည်အထိ မမိုက်မဲသင့် ကြောင်း၊ ရင်ဆိုင်ရမည့် အန္တရာယ်အသွယ်သွယ်နှင့် ဂျပန်များက ကျွန်မ၏ဆေးရုံအလုပ်ကို ဆက်လက် လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း"ဖျောင်းဖျပြောဆိုပါသည်။

ကျွန်မကလည်း "ကျွန်မ၏ လူနာများကို ပစ်ပြီး ထွက်မသွားနိုင်ကြောင်း" ခေါင်းမာနေပါသည်။ ကျွန်မ ပြောသည်မှာ မှန်ကန်ကြောင်း သူလက်ခံသွားဟန် တူပါသည်။ ကျွန်မကိုဆက်ပြီး မတိုက်တွန်းတော့ပါ။ နောက်တစ်ကြိမ် သူပြန်လာသည်။ ပုံစံတစ်မျိုး ပြောင်းလာသည်"တို့ သွားကြစို့"ဟု ကျွန်မကို အမိန့် ပေးပါသည်။
 
"ရော့ ဟောဒီမှာ မင်းအတွက်"ဟုပြောပြီး ကာကီအင်္ကျီနှင့် ဘောင်းဘီတစ်စုံ ထုတ်ပေးသည်။ "မင်း ဆံပင် လည်း တိုတိုညှပ်ရမယ်"ဟု ပြောသေးသည်။ ကျွန်မကို စစ်သားတစ်ယောက်အလား အမိန့်ပေး နေပါသည်။ "မြန်မြန် လုပ်၊ မင်းအတွက် ၁၀မိနစ်ပဲ အချိန်ရမယ်"ဟု ပြောနေပြန်ပါသည်။

"ဒီအတွက်တော့ ကျွန်မအဖို့ ၁၀မိနစ်လည်း မလိုဘူး၊ ၁၀ရက်လည်းမလိုဘူး၊ ကျွန်မဆုံးဖြတ်ပြီးပြီ ရှင် တို့ သွားကြပါတော့"ဟု ပြောလိုက်ရပါသည်။ ကျွန်မတို့ ဆက်လက်ငြင်းခုံနေ၍လည်း အကြောင်းထူး လာမည် မဟုတ် သည်ကို သူသိပါသည်။ သူမည်မျှ စိုးရိမ်ပူပန်သွားသည်ကို သူမျက်နှာပေါ်တွင် ကျွန်မ မြင်နေရသည်။
"ငါတော့ ငါ့သမီးတစ်ယောက်ကို ချန်ထားရစ်ခဲ့ရသလိုပါပဲ"ဟု သူက ပြောပါသည်။

ကျွန်မသည် ဆေးရုံဘက်သို့ ရုတ်တရက်လှည့်ကြည့်ပြီး
"လူနာတွေဟာ ကျွန်မနဲ့ မိသားစုလို ဖြစ်နေပြီး သူတို့မှာ အကူအညီမဲ့နေပါတယ်၊ ကျွန်မသာ ဒီက ထွက်သွားရင် သူတို့ သေကုန်မှာပဲ"ဟု ပြောလိုက်သည်။
"မင်းဘာတွေ လုပ်နေတယ်ဆိုတာ သိရဲ့လား မင်းကို ဂျပနတွေက မုဒိမ်းကျင့်မယ်၊ နှိပ်စက်မယ်"ဟု သူ က ပြောသည်။ သူသည် နာရီကို ငုံ့ကြည့်ရင်း "တို့မှာ အချိန်မရှိတော့ဘူး၊ မင်းအတွက် နောက်ဆုံး အခွင့် အရေးပဲ"ဟု ပြောပါသည်။

"ဗိုလ်မှူးကြီး အနေနဲ့ ကျွန်မရဲ့ စိတ်သဘောထား ပြောင်းအောင် အမျိုးမျိုး နားချပြီးပြီပဲ၊ ဒါကြောင့် ဒီ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးမှာ တာဝန်လုံးလုံး မရှိတော့ပါဘူး၊ စိတ်ဖြောင့်ဖြောင့်ထားပြီး သွားကြ ပါတော့"ဟု ကျွန်မ၏ ပါးစပ်ထဲမှ စကားကြီး စကားကျယ်များ ရုတ်တရက် ထွက်သွားခဲ့ပါသည်။ ဗိုလ်မှူးကြီး ၏မျက်နှာတွင် ပြုံးယောင်တစ်ချက် သန်းသွားရင်း မသက်မသာစွာနှင့် မုတ်ချက်ချသည်။

"မင်းဟာ အလွန်ထူးခြားတဲ့ အမျိုးသမီးတစ်ဦးပါပဲ၊ မင်းလည်း သိပါတယ်လေ"
ကျွန်မက ပြန်လည်ပြုံးပြရင်း
"ကမ္မသကာပေါ့ရှင်"ဟု ပြန်ပြောလိုက်သည်။
"မင်း အသက် ငယ်သေးတယ်၊ ခံနိုင်ရည်ရှိပါ့မလား"
"ကြိုးစားရမှာပဲ၊ ကျွန်မအတွက်  စိတ်ပူမနေပါနဲ့၊ ရှင် ခရီးဆုံးမရောက်ဘဲ ဖြစ်သွားလိမ့်မယ်"

နောင်နှစ်ပေါင်း များစွာကြာသောအခါ ကျွန်မ၏ မုတ်ချက်သည် မှန်ကန်သွားကြောင်း သိရပါသည်။ ဗိုလ်မှူးကြီးသည် တစ်ဖက်နိုင်ငံသို့မရောက်ပါ။ ဗိုလ်မှူးကြီးနှင့် သူ၏ လူအများစုသည် ကျည်ဆန်မှန်၍ လား၊ ရေနစ်လို့လား၊  ဖျားနာလို့လား၊ အစာရေစာ ငတ်ပြတ်လို့လားမသိ၊ လမ်းခရီး၌ ကျဆုံးကုန်ကြ သည်။ တပ်ကြပ်ကြီးနှင့် နှစ်ဦး သုံးဦးခန်သာ အသက်မသေ ကျန်ရစ်ပါသည်။ ကျွန်မသည် စိတ်ထဲက မပါဘဲ ပေါ့ပေါ့ တန်တန် မှတ်ချက်ချခဲ့စဉ်က ရယ်စရာအဖြစ်သာ ပြောခဲ့ခြင်း ဖြစ်ပါသည်။ သူတို့ကဲ့သို့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ရော သတ္တိဗျတ္တိပါ ပြည့်စုံသူများကို မည်သည့်ရန်သူကမျှ မဖြိုဖျက်နိုင် ဟု ကျွန်မ လေးလေး နက်နက် ယုံကြည်ခဲ့သည်။

သေဆုံးသွားသူမျာအနက် အမှတ်အသားမရှိသော မြေပုံထဲ၌ မြှုပ်နှံထားသူများ၊ တချို့ကျတော့လည်း မြေပုံ ပင် မရှိရှာကြသူများမှာ မြန်မာပြည်၌ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ စစ်ကြီးပြီးသွားသောအခါ ကွန်မင် ဒိုများနှင့် ပေးလိုက်သည့် ရတနာများအကြောင်း စုံစမ်းကြည့ပါသေးသည်။ အစအနပင် သတင်းမရပါ။ ဂျပန် တွေကပဲ ရသွားသလား၊ လူဆိုးသူခိုးတွေ လက်ထဲပဲ ရောက်သွားသလား၊ တစ်နေရာရာမှာပဲ မြှုပ် နှံထားခဲ့ လေသလား မသိပါ။

ဆုတ်ခွာကြသည့် အချိန်တုန်းက လူအချို့သည် သူတို့၏ အဖိုးထိုက်အဖိုးတန် ရတနာပစ္စည်းများကို မြှုပ်နှံခဲ့ကြသည်။ တစ်နေ့ပြန်လာပြီး တူးယူမည်ဟု မျှော်လင့်ခဲ့ကြသည။ သို့သော ပြန်လာနိုင်သူက အလွန် နည်းသည်။ မြန်မာပြည်၏ မြေကြီးအောက်၌ ရှိနေသော ရတနာသိုက်များသည် သူတို့ကိုလာပြီး ခလုတ် တိုက်မည့် တောသူတောင်သားများကို မျှော်လင့်နေကြပါသည်။

ဆက်ရန်
.

No comments: