Saturday, February 6, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၁၁)

အနုပညာမြတ်နိုးမှု

ကျမသည် ထိုအချိန်က တယောခေတ်စား၍ တယောတလက် ၀ယ်ထားပြီး"မြိုင်ကြီးဟေမာ" သီချင်းကို တီးကွက် လေ့ကျင့်လျက် ရှိပါသည်။ တရက်ခြားနှစ်ရက်ခြား ဆိုသလို တီးကွက်ပ်ြသေးသူမှာ ကွယ်လွန် သူ နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် ဖြစ်ပါသည်။ မစ္စကွစ်ကုမ္ပဏီမှ ငှါးထားသော စန္ဒယား တစ်လုံရှိ၍ စန္ဒယားသင်ပေးသူက ဆရာမောင်ဖြစ်ပြီး သူကလည်းနှစ်ရက်တစ်ခါ, သုံးရက်တစ်ခါ ကြိုးသီချင်း ကြီးများကိုလာ၍ ပြသပေးပါသည်။ ထိုခေတ်က ဆရာမောင်တို့ စန္ဒယားတီးနည်းမှာ လက်ညှိး၂ ချောင်းနှင့်တို့၍ တီးသည်က များပြီးဒရန့်ခေါ်သော အကွက်ကလေးများ တီးသည့်အခါမှ သာ ညာဘက်လက် မှ လက်ခလယ် နှင့် လက်သူကြွယ်တို့ကို ထည့်၍သုံးပါသည်။ ယခုခေတ်ကဲ့သို့ ၀ဲ, ယာ လက် လေးငါးချောင်း အသုံးပြုနည်းက ခေတ်စား ကျယ်ဝန်းခြင်းမရှိသေးပါ။

စန္ဒယား ဆရာမောင်မှာ ကျမတို့ရပ်ကွက်နှင့် မနီးမဝေးနေရှင်နယ် ကျောင်းတ၀ိုက်ရှိ လမ်းတလျှောက် တွင် နေထိုင်ကြသူ ဂီတအနုပညာသည်ကြီးများ ဖြစ်သော်ဦးချစ်ဖွယ်၊ ဒေါ်စိန်သုံးကြီး၊ မြန်မာညွှန့် ဦးချစ်မောင်တို့ နှင့် တလမ်းတည်း နေသူ ဖြစ်ပါသည်။ နန်းတော်ရှေ့ ဆရာတင်မှာတော့ ကျမတို့ ၀င်းအတွင်းရှိ ကျမတို့ အိမ်သစ် မဆောက်မှီ ပြောင်းရွေ့လာစဉ်က နေထိုင်ဘူးသော အိမ်မှာလာရောက် အိမ်ငှါးနေခြင်းဖြစ်ပါသည်။ ထိုအိမ်တွင် လာနေသည်မှာလည်း မေမေကသူ့မျက်စေ့ အောက်မှာ လာရောက်နေထိုင်စေချင် သောကြောင့် နေလာရခြင်းဖြစ်ပါ သည်။ နန်းတော်ရှေ့ ဆရာတင်မှာငယ် စဉ်ကကျမမိဘများက တူသား ကဲ့သို့ အိမ်မှာ ခေါ်ထားဘူး၍ ဖြစ်ပါသည်။

နန်းတော်ရှေ့ ဆရာတင်၏ ဖခင်မှာမြန်မာရှင်ဘုရင် များလက်ထပ်က မြို့စာရေး, အမှာတော်ရေး, မင်း ခေါ် အရာရှိ ဖြစ်၍ ဘိုးဘိုးဝက်မစွက်မြို့စားမင်း ထံ မကြာခဏ၀င်ထွက် နေသူဖြစ်ရာ သူ့သားငယ် မောင်တင် သည် အင်္ဂလိပ်ပညာသင်၍ ၇-တန်း အရောက်တွင် စာသင်ကျောင်းသို့ မသွားဘဲ ပွဲလမ်းသဘဝ ဇာတ်စင်၊ ရုပ်သေးစင်တို့နောက်မှာ တကောက်ကောက်ပါနေပြီး အဆိုအတီးဘက်၌ အလွန် ၀ါသနာထုံ နေသူ ဖြစ်သည်။ သူ့အဖေက ဘယ်လိုပင်ရိုက်နှက် ဆုံးမသော်လည်း မရသဖြင့်ကျမ ဖေဖေထံသို့ လာရောက် အပ်နှံထားသည်၊ ထိုအချိန်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်စနားထွင်း အလှူကိစ္စ အပြီး တွင်ဖြစ်ပါ သည်။

ကျမဖခင်က ပတ္တလားတီးရာ၌ အဆိုသမားလိုနေချိန်တွင် ၁၇-နှစ်သားမျှ ရှိသေးသောမောင်တင် ရောက်လာ သောကြောင့် သူဆိုနိုင်သော ရှေးမဟာဂီတ၀င် သီချင်းကြီးများကို သိဆိုစေ၍ ပတ္တလားတီး ပါသည်။ ကျမငယ်စဉ်က ဆိုတတ်သရွေ့ကိုလည်း မောင်တင်နှင့်အတူ လိုက်ဆိုပေးလေ့ရှိသည်။ ထိုနောက် အခွင့် စေ့၍ အလုပ် ၀င်သောအခါ မောင်တင်က သူ့အဖေအမှာတော်ရေး မင်းအိမ်သို့ပြန်နေ သည်။

နောက်သူ့သတင်းကို မကြားရတော့ပါ၊ သူဝသည်စစ်ကြီးအတွင်းက စိတ်လေးပြီးစစ်ထည်း လိုက်သွား၍ မက ဆိုပိုတေးမီးယား စစ်မြေပြင်အထိရောက်သွားခဲ့ကြောင်း။ တိုင်းပြည် အေးချမ်း၍ စစ်ပြေငြိမ်းပြီးနောက် သုံးလေးနှစ် အရှိတွင် ရွှေကျီးညိုသီးချင်းနှင့် အောင်ပင်လယ်သီချင်းများ၊ ဦးရွှေရိုး သီချင်းများ တနိုင်ငံလုံး ခေတ်စား လျက် သီးချင်းရေးသူ နန်တော်ရှေ့ ဆရာတင်ဟု ကျော်ကြားလာ သည်။ အစကမောင်တင်သည် နန်တော်ရှေ့ ဆရာတင်ဖြစ်နေသည်ကိုမသိပါ၊ သူကမေးစမ်းလိုက်ရှာ၍ ပြန်တွေ့ရခြင်းဖြစ်ပါသည်။

သူသည် နာမည်ကြီး၍ လက်ဖျားမှာငွေသီး နေသလောက် အသုံးအဖြုံးကြီးသူ ဖြစ်နေမှန်းသိသဖြင့် မေမေကမင်း- ငါ့မျက်စေ့အောက်မှာနေပြီ့းပစ္စည်းဥစ္စာ အဖတ်တင်အောင် လုပ်ရမည်ဆိုသော ကြောင့် သူဇနီးနှင့်အတူ အိမ်ငှါးနေလာခြင်းဖြစ်ပါသည်။ နာမည်ကျော် စာရေးဆရာအဖြစ်နှင့် ခေတ်စားချိန်ဖြစ် ၍ သူ့သီချင်းများကိုဆိုမှ ပရိသတ်သဘောကျသောကြောင့် ဇာတ်မင်းသ္မီး, မင်းသား၊ အငြိမ့်မင်းသ္မီးများ သူထံသို့တရုံးရုံးလာရောက် သီးချင်းတောင်းသည်။ ဇာတ်ထောင်၊ အငြိမ့်ထောင်သူများ၊ ရှပ်ရုင်တီးဝိုင်း သမားများလည်းအတွက်, အ၀င်မစဲသူ့အိမ်သို့ လာကြသည်။ အချို့ကလည်း နန်းတော်ရှေ့ဆရာတင် အား လေးစားသလို ဆရာတင်ကမိဘလို ရိုသေကျိုးနွံနေ သော မေမေ၀င်ရောက်နှုတ်ဆက်ကြသည်။ စားဦး, စားဖျား လက်ဆောင်များ လာပေးတတ်ကြသည်။ ကွယ်လွန်သူ နာမည်ကျော်အငြိမ့်လူပျက် ဓါတ်ဆီကဆိုလျှင် အိမ်မှာတောက်တိုမယ်ရ အိမ်ဖေါ်မိန်းခလေးများကို သူ့နေရပ်ရွာမှ မကြာခဏ ခေါ်လာ ထားပေး လေ့ ရှိပါသည်။

ဤ အကွက် အခန်းကလေးများကို ယူလျက်တဘက်အိမ်မှ အမြဲစောင့်၍ ကဲ့ရဲ့နေသူများသည် ကျမအား တီးသမား, မှုတ်သမား များနှင့် ဒူးတင်ပေါင်တင် တယောတီးသင်၍ တရုံးရုံးနေထိုင်သည် ဟု မဲ့ကာ, ရွဲ့ကာ နှင့်သတင်းလွှင့် ခံရပြန်ရာကျမနားသို့ ပြန်ပြီးပဲ့တင်ခပ်ဝင်လာသည်။ ပြောကြပါ စေတော့လေဟု သာ သဘောထား ယုံမှ တပါးထူးခြားခြင်း မရှိတော့ပါ။

ကျမက တတ်သင့်သောပညာ မှန်သမျှကိုမလွတ်တန်း ရယူလိုခြင်းဖြစ်၍ ယခုခေတ်အခေါ် အားဖြင့် အနုပညာနှင့်စပ်လျဉ်းသည်တို့ကို မြတ်နိုးတတ်သူ ဖြစ်သည်ဟု ယူဆကြမည်ဖြစ်သော်လည်း ကျမတို့ပတ်ဝန်းကျင်က သည်လိုမယူဆပါ။ ကျဉ်းမြောင်းသော အမြင့်ဖြင့်ကဲ့ရဲ့ရှုံ့ချမှု့ အမျိုးမျိုးတို့ ကိုသာဆုလာဘ် အဖြစ်ရရှိခဲ့ပါသည်။

သို့သော် ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးကတော့ တခါ,တခါ အိမ်သို့ကြွရောက် လာလျှင် စန္ဒယား ကိုလက်နှင့်တို့၍ တီးပြပါသည်။ ဇေယျာရွှေမြေခေါ်သော သီချင်းကြီးကိုလည်း ဘယ်နည်း ဘယ်ပုံ ဆိုရသည်ဟု အဖြတ်အတောက်အဆွဲအငင်နှင့် တကွရွတ်ဆိုသင်ပြ တတ်ပါသည်။ ရှေးပညာ ရှိကြီးများသည် အဋ္ဌာရသပညာအ၀င်အပါ၊ ပန်းချီရေးခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း စသဖြင့်တတ်မြောက် သူချည်း ဖြစ်ပါသည်။ ၀က်မစွတ်မြို့စား မင်းကြီးမှာ အခြားသော မှူးဆော်မတ်တော်များ ထက်ပို၍ အမှတ်အသားထူးကဲကျနသူဖြစ်ရာ မဟာဂီတကျမ်း ကြီးတစောင်လုံးကို သူကိုယ်တိုင်စိတ်တိုင်းကျသတ်ပုံ သတ်ညွှန်းသဝေ, ၀စ္စ, ပုဒ်ဖြတ်, ပုဒ်စပ်မှန် ကန်အောင် တည်းဖြတ်ထားသော ပေမှုတခုကို စိရင်ခဲ့ပါသည်။ ၎င်းပေမှုရင်းကို ကျမ၏ဖခင်နှင့် သီပေါစော်ဘွားကြီး ဆာစောချယ်တို့ကလည်း ပေမူများတပြိုင်နက် ကူးယူထားခဲ့ရာ ကျမထံတွင် မဟာဂီတပေမူမှန်မှာ ယခုတိုင်အထမမြောက်ခဲ့သေးပေ။

စန္ဒယား ဆိုသည်မှာ မင်းတုန်းမင်းလက်ထက် နောက်ပိုင်းနှင့် သီပေါမင်းတို့ လက်ထက်၌ နိုင်ငံခြား မှ ရောက်လာခြင်း ဖြစ်၍၊ (ပြနိုး) ဟုခေါ်ကြောင်း။ ပြနိုးဆိုသည်မှာ အင်္ဂလိပ်မခေါ် ပီယာနိုးကိုမြန်မာ အသံနှင့် အနီးဆုံး ပြီးစလွယ် ခေါ်ခြင်း ဖြစ်သည်။ စန္ဒယားမှာ ပတ္တလား များ၏ ခုနှစ်သံ နှင့်ညှိ၍ အလားတူစမ်းသပ်တီးကြည့်ရာ မြန်မာသီချင်းကြီးများတီးလို့ ရသဖြင့်နောက်မှာ စန္ဒယားဟူသော မြန်မာ ဝေါဟာရ အခေါ်တခု ဖြစ်လာသည်ဟု လည်း ပြောပြပါသည်။

ထိုအချိန်မှာ ၀က်မစွတ်မြို့စား မင်းကြီးသည် အသက်၈၀-ကျော်၍ ဒူးကလည်းနာရှာသဖြင့် သမီးအလတ် အိမ်သို့ ရှေးကလိုမကြာခဏမကြွရောက်နိုင်ဘဲ တလမှသုံးကြိမ်လောက်သာ ရောက်လာနိုင်သည်။ ကျန်သော နေ့များမှာ မေမေကသွားတွေ့ရပါသည်။ သမီးမလာဘဲ နေလျှင် နေကောင်း,မကောင်း လူလွတ် ၍ မေးခြင်းခံရပါသည်။

သို့ကြောင့် မေမေကလည်းနေ့စဉ် မရောက်နိုင်သည်တိုင်အောင် တရက်ခြားတော့ အမြဲ သွားရောက် ဦးချ ရပါသည်။
ထိုအခါမျိုး မှာလည်း အမြဲကျမလိုက်ပါ မသွားပါ။ ကျမမှာစရေးရခြင်းကြောင့်လည်း အားလပ်သည် မရှိ သည်က တကြောင်း၊ အလွမ်းမသင့်သူများနှင့် တွေ့လျှင်မခံချင်စရာထိပါး ပုတ်ခတ်သော စကားသံများ ကြားရ ဦးမည် စိုးသောကြောင့် တကြောင်း၊ အသွားအရောက် နည်းပါသည်။ ဒါတောင် မှတခါ, တခါ မေမေ အရှေ့ဝင်း အိမ်က ပြန်လာလျှင် မျက်စိမျက်နှာမကောင်းပါ။ ကျမကဘာဖြစ် လာသလဲဟုမေးသော်လည်း မရဘဲရှိသည်။ တယောက်ယောက်က လေမှုတ်လွှတ်လိုက်ပြီဟု ရိပ်မိသဖြင့်ခဏ,ခဏ မသွားရန် တားမြစ်မိ ပါသော်လည်း ဖခင်ကြီး၏စိတ်ချမ်းစာ မှုကိုရှေ့ရှုလျှက် သွားမြဲသွားရှာပါသည်။
မေမေက ဖခင်ကြီးအပေါ် သံယောဇဉ်ကြီးသကဲ့သို့ သူ၏သားငယ်ကိုလည်း ဖခင်မရှိသူဖြစ်၍ သနားပိုကာ အထူး လိမ္မာစေလိုသည်။

ပညာကိုလည်းကြိုးစားစေလိုသည်။ သို့ကြောင့် အိမ်မှပင်မ ထားဘဲ ဆရာမများထံတွင် ဘော်ဒါ အဖြစ်ထားပါသည်။ ၁၀-နှစ်သားအထိ ဆရာမများနေသော မိန်းမကျောင်းမှာ နေပြီးမှ ယောင်္ကျား ကလေး ကျောင်း သို့သူ့ အတန်းပြဆရာမများနှင့် အတူသွားအတူပြန်လေ့ ရှိသည်၁၀-နှစ်ကျော် လာသောအခါယောင်္ကျား အတန်းပြဆရာထံမှာ ပြောင်းပြီး ဘော်ဒါ ထား၍ သူ့ဆရာနှင့် အတူကျောင်းသို့ တက် စေပါသည်။ သို့ကြောင့် အသက်၁၄-နှစ် သားလောက်တွင် ၇-တန်းသို့ရောက်ခဲ့ပါသည် အိုမင်းမစွမ်း ရှိသော အခါ ဒီသားကိုဘဲ အားကိုးအားထားပြုလိုရှာသည်။

အရွယ်အတန်းကြီးလာ သဖြင့် သားမောင်မောင်အား သူ့မျက်စေ့အောက်တွင် ထားလိုသောကြောင့် တကြောင်း၊ ၇-တန်းစာမေးပွဲကို နှစ်ချင်းမအောင်သောကြောင့် တကြောင်း၊ နောက်တနှစ်၌ မှုလကျောင်း မှထုတ်၍ အိမ်မှာထားပြီး၊ အိမ်နှင့်အနီးကပ်ဆုံး ဖြစ်သောမန္တလေး နေရှင်နယ်ကျောင်း ခေါ် အမျိုးသားကျောင်း သို့ ပြောင်းရွှေ့ ထားပါသည်။ ကျောင်းအုပ်ကြီး မှာ ဆရာကြီးရာဇ၀တ် (ဗိုလ်ချုပ် အောင်ဆန်း နှင့် အတူကျဆုံးသူ)ဖြစ်၍ အတန်းသားများတွင် မှတ်မိသူမှာ ကိုဘဟိန်း ကွယ်လွန်သူ တို့ ဖြစ်ပါသည်၊ ကိုဘဟိန်းတို့၁၀-တန်းအောင်သွားသော်လည်း မောင်မောင်မှာ ၇-တန်းမှာဘဲ ကျန်ရစ် ပါသည်။

နောက်ပိုင်းဆရာကြီးနှင့် တွေ့သောအခါ၎င်း၊ အတန်းပြဆရာမနှင့် တွေ့သောအခါ၎င်း၊ ကျောင်းတက်ရက် မမှန်ဟု သိရပါသည်။ ကျောင်းမရောက် လာသောနေ့မှာ တရုပ်တန်းတ၀ိုက်တွင် ဘင်ဂျို တလုံးနှင့် တီးမှုတ် တတ်သူ တစုရှိရာ ဋ္ဌာနေ၌နေပြီး ကျောင်းဆင်းချိန်ရောက်မှ စအုပ်ပိုက် ပြန်လာတတ်သည်၊ မေမေသည်သား အတွက် ရင်နင့် နေသည်။ ချစ်၍လည်း အလိုလိုက်ချင်သည်။ ပညာလည်းတတ်စေချင်သည်၊ သို့ကြောင့် အပြင်တွင် လည်းမနေဘဲ၊ ဘင်ဂျိုတီးလိုလျှင် အိမ်မှာ တီးရန်ဝယ်ပေးသည်။ ကျောင်းချိန်ရောက်လျှင် ကျောင်းမှန်မှန် တက်ခါ ပညာသင်ကြားစေရန် တိုးတိုးတသွယ် ကျယ်ကျယ်တလှည့် ဖျောင်းဖျ နားချ ရှာ သည်။

ထိုအထဲကပင် ကျောင်းအားသော အခါဘင်ဂျိုကိုဆွဲကိုင်သော လိုက်ပါသွားပြီး သန်းခေါင်သန်လွဲ အခါမှ ပြန်လာ တတ်ပါသည်။ သို့နှင့် နောက်ဆုံးမှာတော့ မန္တလေးမြို့၌ နာမည်ကျော်ပျော်တမ်းတီးဝိုင်း ၂-၀ိုင်း ဖြစ်သောမြို့မတူရိယာ အဖွဲ့နှင့် မာဃတူရိယ အဖွဲ့နှစ်ခုတွင် မောင်မောင်သည် မာဃတူရိယာအဖွဲ့မှ နာမည်ရ ဘင်ဂျိုတီး ဇာတ်လိုက်ကြီးဖြစ်နေသည်ကို သိရှိရပါတော့သည်။

မာဃမောင်မောင်ဆိုးပြီးသူ့ အသိုင်းအ၀ိုင်းနှင့် သူထင်ပေါ်နေသော်လည်း ကိုယ်ရေးအတွက်ပညာ စခန်းက မတိုးတက် ဘဲ ရှိနေပါသည်။ ထိုခေတ်မှာ အနည်းဆုံး၁၀-တန်း လောက်မှမအောင်လျှင် လူရာဝင်မည့် အလုပ် အကိုင်များ မရနိုင်ပါ။

မေမေသည် သားအတွက် စိတ်မကောင်းသော်လည်း မဆိုရက် မငေါက်ရက် နှင့် အစားအ၀တ် မှ အစ အောက်ကျ, နောက်ကျ မရှိစေရအောင် ထားသောကြောင့် ပူပင်ကြောင့်ကြ ရမှန်း မသိသော သားငယ် ကလည်း လူပျိုလူရွယ် အလျောက် ၀တ်စားသုံးစွဲကာ သူလိုရာကိုမိခင်က ဖန်တီးပေးနိုင် သည်ဟူသော ယုံကြည်မှု တခုကို လက်ကိုင်ပြုနေသူ ဖြစ်ပါသည်။ ထိုအရေးကိစ္စနှင့် ပတ်သက်၍ ကျမသည် မိခင်ဖြစ်သူနှင့် စိတ်သဘောချင်း မတိုက်ဆိုင်မှု ကလေးများ တခါတရံ ဖြစ်စ ပြုလာပါသည်။

ကျမက အဖြစ်မှန်ကို မသိစေဘဲ အလိုလိုက်ထားခဲ့သဖြင့် မှားသည်ထင်ကြောင်း ပြောလျှင် မိခင်ဖြစ် သူက ခါးခါး သီးသီး ဖြစ်သွားတတ်ပါသည်။ သည်သားကလေးမှာ ပစ္စည်းဥစ္စာ ပျက်စီးမှလူလား မြောက်ရံရှာသဖြင့် သနား ကရုဏာ ပိုခြင်းကြောင့် သူစိတ်မကောင်းမည့် စကားမှန်သမျှ ဘာမှအသိ မပေးဘဲ ယနေ့ အထိ လိုတရ စေရန် ကြံဖန်ကြိုးစား အားခဲကြောင်းနှင့်သာ အကာအကွယ်လုပ် လျက်ရှိပါသည်။

ရေလယ်မှာလှေငယ်နဲ့မျောခဲ့ရပုံ

ဤအချက် များကို အကွက်ယူ၍ မေမေ၏သားချင်းများက သားဆိုး, သ္မီးဆိုးများကို အလိုလိုက်လွန်း သည်ဟု မေမေကို ၀ိုင်း၍ အပြစ်တင်ခံရသည်။ ကျမတို့ကွယ်ရာ၌ နိုင့်ထက်စီးနင်း ပြောလွှတ် သမျှ မျက်စေ့မလှ မျက်နှာမလှ နှင့် အိမ်ပြန်ရောက်တိုင်း မေးမြန်း မရဖြစ်ပေါင်း  များလှပါသည်။
တမြို့တည်းနေ မေမေ၏သားချင်းဆွေမျိုး တွေကသာကိုယ့်ထမင်း ကိုယ်စား၍၊ အားပါးတရ ပြစ်တင် ဝေဖန်မှု တို့ကို ခံနေရပြီးသည့်နောက် ကျောက်ပန်းတောင်းမြို့ ဖေဖေ၏သားချင်းများက လည်း စခန်း တမျိုးထ ကြပါ သေးသည်။

သူတို့က အနေဝေးသည် တကြောင်း၊ ဖခင်မရှိသည်နောက်- အရောက်အပေါက် အဆက်အသွယ် ကလည်း နည်းလျက် ရှိရာမှ၊ တနေ့သောအခါတွင် ဖွားဖွားမသက် အနိစ္စရောက်သွားပြီးဖြစ်ကြောင်း၊ ကျန်ရှိ ရစ်သော နေအိမ် အတွင်းပစ္စည်း အရပ်ရပ် နှင့်တကွ လယ်ယာခြံမြေမှန်သမျှ တို့ကိုလည်း အလုံးစုံ သ္မီးအငယ်ဆုံး အား အမည် လွှဲပြောင်း ပေးသွား ကြောင်းနှင့် မိတ်ဆွေ တဦးထံမှ စာရောက် လာပါသည်။

သားသုံးယောက် လုံး သေဆုံးကြပြီး ဖြစ်၍ သ္မီးအငယ်ဆုံး တယောက်ထည်းအား ရှိပစ္စည်း အားလုံး စုပုံ ပြောင်းလွှဲ ပေးလိုက်စဉ် အခါက လက်ထိုး ပြုမူကြသဖြင့် အသိ မပေးဘဲ ထားခဲ့ သောကြောင့်၊ ဖွားဖွား သေဆုံးသော အခါလည်းအကြောင်း မကြားဘဲ လျို့ဝှက်ထားကြောင့် သိရှိရပါသည်။ ဤအကြောင်းများ သိရသော အချိန်မှာ အဖွားဆုံး ပြီးခြောက်လလောက်ကြာမှ သိရှိရခြင်းဖြစ်ပါသည်။

သားအကြီးဆုံးမှာ သားသ္မီးမထွန်းကား၊ သားအငယ်တွင် ကျမတို့မောင်နှမ ကျန်ရစ်သောကြောင့်၊ သားအစု အတွက် အမွေမမှီသော်လည်းမြေး အစုအတွက်ရထိုက်သော ဗုဒ္ဓဘာသာ ဓမ္မသတ်ရှိပါ သည်။ သို့ရာတွင် မြေးစု အတွက် ပေးဖို့နေနေသာသာ ဖခင်နှင့်မိခင်တို့လက်ထပ်စဉ် အခါကလက်ဖွဲ့သော လယ်ယာ ထန်းတော အချို့ အမည် မလွှဲဘဲ ကျန်ရှိနေသည်များထည်းမှပင် မြေး၂-ယောက်အားခွဲမမေးတော့ဘဲ၊ အလုံးစုံ သ္မီးအား လွှဲလိုက်သည်။ ယူသော သူကလည်း ခပ်ပြောင်ပြောင်ပင် ယူလိုက်သည်။ ချမ်းသာ လောက်သော ပစ္စည်းဖြစ်၍ ယူလိုက်သည် ဆိုရန်ကလည်း ထိုအချိန်က ထန်းတောတတော ဆိုလျှင် ထန်းပင် ငါးဆယ် မှ တရာခန့်ရှိ၍ တပင်မှ နှစ်ကျပ်နှုန်း လောက် တန်ဘိုးရှိပါသည်။

မြေမှာ တန်ဘိုးထည်း၌ပင် မထည့်ပါ။ ထန်းတောများကို လည်း လယ်ငှါးချ ရသကဲ့သို့ လုပ်သား ချထား ရသည်။ လုပ်သားက ထန်းရည်မှ ထန်းလျက်ထွက်သည် အထိ ကျိုချက်မှ သုံးစုတစု ရသည်။ ထန်းလျက် တပိဿာမှာ တမူးမျှသာ တန်းဖိုးရှိ၍ တနှစ်လုံး၏ ထန်းတောတတောမှ ၀င်ငွေသည် ငါးကျပ် တဆယ်မျှသာ ရှိပါသည်။ စုံမက်လောက် ဖွယ်ရာ မဟုတ်ပါ။

မျက်စေ့ မှိတ်၍ ယူလိုက်သူကိုလည်း သူဋ္ဌေးမဖြစ်စေနိုင်၊ မရလိုက်သူများအတွက် ကလည်းထူး၍ ဆင်းရဲ မသွားနိုင် သော တန်းဖိုး မရှိသည့် ပစ္စည်းကလေးများနှင့် တရားမဲ့လှသည်ဟု ဖျောက်မရသော အမဲကွက် ကြီးကို တသက်လုံး အစွန်း အထင်း ခံလိုက်ပါသည်။ အကယ်၍ ဖခင်သာ အသက်ထင်ရှား ရှိပါမှု ဤသို့ မထေမဲ့မြင် ပြုဝံ့မည် မဟုတ်ကြောင်း နားလည်ပါသည်။ သို့သော် လူသတ္တ၀ါတို့မည်သည် လောဘ ကို သိမ်းဆည်းနိုင်သူ နည်းပါသည်။ ရသာလျှင် ဘနဖူးကိုပင် သိုက်တူးယူ ကြသည် ဆိုသော စကားပုံအတိုင်း ကျင့်သုံးလိုက်နာ သွားသူတွေသာ များလှပါသည်။

သို့ကြောင့် နောက်ပိုင်း၌ နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်သွား ကြပါသည်။ သို့ရာတွင် လွန်ခဲ့သော သုံးလေးနှစ်ခန့် ကွယ်လွန်သူ ဘိုးဘိုးမြို့အုပ်ကြီး ဦးဘိုးဆွေ၏ ကောင်းမှု ကုသိုလ်ဖြစ် သော ကျောက်ပန်းတောင်း မြို့ရှိ ရွှေတော်ဦး ဘုရားတောင်ကုန်း တခုလုံး မြင်မကောင်းအောင် ပျက်စီး ယိုးယွင်း နေသည်ကို ကျမ တွေ့ခဲ့ရသဖြင့် မွမ်းမံပြင်ဆင် ပါသည်။

တောင်ထပ်မှ စေတီတော်ကို ရွှေချခြင်း- တောင်ထိပ်မှ တောင်အောက်အရောက် သွပ်မိုး စောင်းတန်းကြီး တခု အသစ်ပြုပြင် ဆောက်လုပ်ခြင်၊ ဘုရားတောင်ပေါ်သို့ ဓါတ်မီး သွယ်တန်း၍ ယနေ့ အထိ ညစဉ် မီးပူဇော်ခြင်း၊ နှစ်ပေါင်း များစွာက ဂေဇက်ဝင် ဘုရားပွဲတော် ဖြစ်ခဲ့သည်ပင် မကျင်းပ နိုင်ဘဲ ပစ်ထားခဲ့ရ၍ ဘုရားပြင် ပြီးသည်မှ အစပြုပြီးတနှစ်တကြိမ်ဘုရား ပွဲတော်ပြုလုပ်လှူဒါန်းခြင်းများ ပြုလုပ်ပါသည်။ ထိုကောင်းမှု များသည် ကွယ်လွန်သူ ဘိုးဘွားနှင့် ကျမ၏ ဖခင်အတွက် ရည်စူးလျက် လှူဒါန်းသောကြောင့် သီးသန့် ရေစက်ချ လိုက်ပါသည်။

ယင်းသို့လျှင် ဆွေမျိုးအသိုက်အအုံက နှစ်ဘက်လုံးတောင့်တင်းလှသည်ဟု အပြင်ကမြင်သူတို့ နားလည် ကြသော်လည်း၊ ကျမတို့သားအမိတစုမှာ တက်လက်မပါသော လှေငယ်နှင့်ရေလယ်မှာ မျောနေသကဲ့သို့ ရှိကြ ပါသည်။ ပစ္စည်းဥစ္စာများ ကုန်ခမ်းလာပုံကလည်း တခါတည်းပျက်စီးသွား ခြင်းမျိုးမဟုတ်၊ ရေအိုး အောက် မှ ကရွက်ပမာ တအေးအေး တဖြေးဖြေးနှင့် ဆွေမြေ့လာခြင်းဖြစ် ပါသည်။ မိခင်မှာ အစိုးရ ထောက်ပံ့ကြေး ပင်စင်ကလေးသာ မရှိပါက မလုပ်တက်, မကိုင်တတ်နှင့် အကြပ်အတည်းတွေ့ရမည်။ ယခုတော့  ဣနြေ္ဒမပျက် နေနိုင်ပါသည်။ ဒါပေမဲ့ မိခင်ဖြစ်သူမှာ သားငယ် အတွက် ဒုက္ခတခုပိုလာသည်။

သားငယ်က မိခင်၏ ရည်ရွယ်အားကိုးချက် အတိုင်း ပညာရအောင် ကြိုးစားလိုစိတ်မရှိတော့ဘဲ ဂီတ လောက ထဲသို့ ခြေစုံပစ်၍ ၀င်နေပါသည်။ ကြေးစားတီးဝိုင်းမျိုး မဟုတ်ရှိုးထိုတ်ရသော အပျော်တမ်းတီးဝိုင်းများ ဖြစ်သည့် အတိုင်း ပြိုးပြိုးပြောင်ပြောင် နိကယ်ရောင် တောက်သည့် အနောက်နိုင်ငံက တီးဝိုင်း အသုံး အဆောင် များ နှင့်လူတွေက ၀တ်ဆင်ရသည့် အ၀တ်အစား များကလည်း ပိုးနှင့်ဘန်ကောက် အလဲလဲတရှဲရှဲ မြည် သော အသစ်စက်စက်များ ကိုသာ ၀တ်စားရ သည်။ နာမည်ရ အပျော်တမ်းတီးဝိုင်းများ ဖြစ်ကြသည် နှင့် အမျှ မြို့ပေါ်က ဧည့်ခံပွဲ ရှိသမျှ၏ ဖိတ်ကြားခြင်း ခံရ၍ သွားရောက် တီးမှုတ် ပေးကြရသည် မှာလည်း နားရက် မရှိသလောက်ပင် ရှိပါသည်။

ဤတွင် သားအတွက် အ၀တ်အစားအသစ်များကို မနားတမ်းလိုည်ထက် ပို၍၀ယ်ယူပေးရခြင်း၊ တီးစရာ ဘင်ဂျိုမှာ ကော်နက်-ကော်နက် ဆိုသော မှုတ်စရာက တဆင့်၊ ဆိုက်ကဆိုဖုံး ခေါ်သော မှုတ်စရာ အကြီး ဆုံးကြီး အထိ တဆင့်ထက်တဆင့် မြင့်၍, မြင့်၍ တက်လာသော အခါ၊ မိခင်၏ ၀င်ငွေ ပင်စင်မှာ မလောက် မငှ ဖြစ်လာပါသည်။ သို့ရာတွင် မိခင်ဖြစ်သူက သား၏စရိတ်စက ပြဿနာကို ကျမ မသိအောင် ကြိတ်၍ ဖြေရှင်း ပေးနေသည်ဟု ရိမ်မိလာပါသည်။

ငွေကြေးလိုလာသောအခါ မိခင်သည် တနေရာ၌ မရအရချေးငှါးရှာဖွေပြီး သားလိုသောပစ္စည်းကို ကြိတ် ၀ယ်ပေးလိုက်သည်၊ ပင်စင်ရသောအခါမှ ဆပ်တန်သည်တို့ကို ပေးဆပ်ပါသည်။ လဆန်းသောအခါ ကြွေးတို ကြွေးစ လာတောင်း သူများအား လက်သိပ်ထိုး ပေးလိုက် ရသည်ကို ကျမရိုးတိုးရိပ်တိတ်မြင်ရသည်၊ မိခင်နှင့် အယူမတူ၍ မကြာခဏပြောရလျှင်ပင် သဘောကွဲလွဲမှု ဖြစ်ရသောကြောင့် နောက်ပိုင်းမှာ ဘာဘဲ လုပ်လုပ် နေနေ မပြောဘဲ ရေငုံနေလိုက် ပါသည်။

ကျမအလိုမှာ မျှမျှတတ သုံးစွဲခြင်းဖြင့် ဖြစ်သလိုရောင့်ရဲ နေထိုင်ရခြင်းသည် လူ့အောက်မကျဟု ယူဆခြင်းသာဖြစ်ပါသည်၊ ကျမ၏တာဝန်ကို မိခင်ဖြစ်သူ မထမ်းဆောင်ရလေအောင် အိမ်တွင်းမှနေ ၍အမြဲဖြေရှင်းလာခဲ့သည်၊ ကျမအသုံးစရိတ်မှ ပိုလျှံသမျှကိုလဲ ခွဲဝေကူညီခဲ့သည်၊ သို့ရာတွင် တခါ, တခါ၌ အသုံးကြမ်းလာသော မောင်ငယ်၏ ဒဏ်ကိုကျမပါ ကူးစက်ခံယူ လာရပြန်ပါသည်။

ဤသို့ မပြေမလည် ဖြစ်နေသည်ကို ကျမသည်စိတ်မချမ်းမသာ ဖြစ်ရပါသည်၊ ပတ်ဝန်းကျင်၏ ဖိနှိပ်ရှုံ့ချ မှုများမှာလည်း ယခင် တင်ပြလာခဲ့သည့်အတိုင်း အမြဲဝိုင်းရံလျက်ရှိသည်၊ အိမ်တွင်မှ အိမ်ပြင်မထွက်ဘဲ ကလောင်တန် ကိုင်လိုက် ဆေးရေးစုပ်တန် ကိုင်လိုက်၊ ဇာထိုးအပ်ကိုင်လိုက်နှင့် မည်သူ့ကိုမှ အားမကိုး ကိုယ့်ကိုယ်သာ အားကိုး၍ လူနေမှုမနိမ့်ကျအောင် ပြဿနာကို ဖြေရှင်းနေပါလျက် တဖက်မှလှေခွက် ချည့် ကျန်သော်လည်း အလံမလွှဲ၊ မာနကြီးလှသည်ဟု ကြွေးရှင်များ၏ ဝေဖန်မှုတခု တိုးလာရပြန်သည်။ အထက်ပါ အတိုင်း လစဉ်ကြွေးတို၊ ကြွေးစ ရှင် များက ပင်စင်ထုတ်ပြီးစ ၌ လာကြတောင်းကြခြင်းကို ကျမက အသိ လုပ်၍ သူတပါးထံမှ ချေးငှါးခြင်းကို ကန့်ကွက်မိသဖြင့် မိခင်၏မကျေနပ်မှုက လစဉ်နှင့်အမျှ တထပ်တိုး, တိုးလာ ပြန်သေးသည်။

လောကဓံရေလယ်ကြော၌ လှေငယ်နှင့်မျောနေကြသော သားအမိသုံးဦးအနက်မှာ ကြာတော့ ကျမတဘက် အုပ်စုကွဲနေသလိုလို ဖြစ်လာပါသည်၊ သို့ကြောင့် မရှိအေးအေး, ရှိအေးအေးမဟုတ် တော့ဘဲ နေရထိုင်ရသည်မှာလည်း၊ ပျော်ရွှင်မှုဟူ၍ မရှိတော့ပါ၊ ဤမြို့ဤပတ်ဝန်းကျင် ဤ၀င်းခြံနှင့် ဤအိမ်ကြီးမှာ နေရခြင်းသည် ကျမအဖို့ခြောက်သွေ့သော သဲကန္တရကြီးလိုလို၊ ငရဲပြည်ကြီးလိုလို၊ ထင်မြင်လာစေပါသည်၊ အသက်ကလည်း နှစ်ဆယ်ကျော်လာပြီ၊ လွတ်လပ်စွာ တနေရာ၌ မျက်စေ့အေး၊ နားအေးသွားပြီးအလုပ်, လုပ်နေချင် စိတ်မျိုး တွေပေါ် ပေါက်လာတော့ သည်။

သို့သော်ထိုအချိန် ထိုခေတ်က မိန်းခလေးများအဖို့ ဘာအလုပ်မှမရှိပါ၊ အလွန်ဆုံး ကျောင်းဆရာမ အလုပ် သာ ရှိပါသည်၊ ကျောင်းဆရာမ လုပ်၍ နေရာရာမှာ သွားနေရလျှင် ဖြစ်နိုင်သေးသော်လည်း ကျမမှာ ကျောင်းဆရာမ လုပ်နိုင်ရန် ဆရာဖြစ် စာမေးပွဲ အောင်လက်မှတ်ကိုလဲ ရယူ ထားခဲ့ခြင်း မရှိပါ။ ယောင်္ကျား ကလေး ဆိုလျှင်တော့ မုချအိမ်ပြေး ဘ၀ရောက်ခဲ့ရမည်၊ မိန်းမ အိမ်ပြေးဘ၀နှင့် နေရန်လည်း ယခုခေတ် ကဲ့သို့ မိန်းမ ကလေးများအဖို့ လွတ်လပ်စွာ သွားလာ နေထိုင်ခြင်း အလေ့အထ မရှိ၍ တွေးမျှပင် မတွေးဝံ့ သောအခါ ကာလ ဖြစ်ပါသည်။

အိမ်ထောင်မှု့ စနစ်ဆိုးများ ဆက်ရန်
.

No comments: