Thursday, February 25, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၀)

ကြာကူရီ ဇာတ်ခင်းနေကြသူတွေ

နောက်တနေ့မနက် ၁၀-နာရီ မထိုးမှီ ဘုန်းတော်ကြီးကျောင်းသို့ အရောက်လာရသည်။ ယမန်နေ့ က မန်းမဖော်နှင့် ကျမ ဆိုက်ကားတစီး ဘုန်းတော်ကြီးဦးနာဂါအီအတွက် အသင့်ဖြစ်အောင် အပိုငှား လာသော ဆိုက်ကားက တစီးပါလာသဖြင့် ဘုန်းတော်ကြီးက ရှေ့မှ ဆိုက်ကားတစီးနှင့် ကြွ၍ ကျမတို့ ဆိုက်ကားက နောက်မှ ကပ်လိုက်ရသည်။ နေကလည်း ပူလောင်လှသည်။ ဆောင်းစရာမပါ၊ ဂျပန် ဘုန်းတော်ကြီးခမြာက သင်္ကန်းစ ခေါင်းကာ၍ ကျမတို့ တကာမ နှစ်ယောက်မှာ လည်း ပါလာသော အ၀တ်ထုပ် ကလေး ခေါင်းပေါ်တင်ပြီးနေကာဖြင့် အသုံးပြုရပါသည်။

ပုံသဏ္ဍာန်မှာ တောရပ်ရွာ၌ ငယ်စဉ်က တွေ့မြင်ခဲ့ရဘူးသော အချုပ်ခန်း တရားခံ ရှိရာသို့ တဘက် ကလေး ခေါင်းတင်ပြီး လူဆိုးမယား တဖားဖားဆိုသော စကားပမာ ကြောက်ကြောက်လန့်လန့်နှင့် လာရ ရှာသော အချုပ်တရားခံ၏မယားတဦးပမာ ဖြစ်နေပါသည်။ ဤ ပုံသဏ္ဍာန်ကို  မျက်စိထဲမှာ ရေးရေးပေါ် လာသော်လည်း ကျမဘ၀ဖြစ်စဉ်ကို ၀မ်းနည်း မနေအားပါ။ ယခု လောလောဆယ် ဖြတ်သန်း လာနေရသော ရန်ကုန်မြို့အတွင်းမှာ သင်းချိုင်း သုသာန်တစကဲ့သို့ ငြိမ်သက် တိတ်ဆိတ်လျက် ကြောက်မက် ဖွယ်ကောင်းလှပါသည်။ 

မီးခိုးမသေသေးသော စစ်မြေပြင် စစ်တလင်းပမာ ယမန်နေ့ ညပိုင်းက ကြဲချသွားသော မီးလောင် ဗုန်းများ၏ ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် ပျက်စီး မီးလောင် ထားသည့် နေရာ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ရသဖြင့် ကြက်သီးတဖြန်းဖြန်း ကျော တချမ်းချမ်းနှင့် လာခဲ့ ရပါသည်။ ရှေ့ကသွားသော ဘုန်းကြီး၏ ဆိုက်ကားနှင့်လည်း အပျက်မခံဝံ့ဘဲ ရှိသည်. စိတ်တွင်းမှ ကိုယ်စီကိုယ်ငှ အတွေးအခေါ်များက တော့ ခုနေခါ လက်သည်းကို ပလာယာနှင့် ညှပ်ခွါ ခံနေရသလား ရေနွေးလောင်း ပါးရိုက် နားရိုက်စသော ကင်ပေတိုင် ထုံးစံအရ စစ်ဆေးလို့ မပေါ်သမျှ ငရဲသားကဲ့သို့ နှိပ်စက်ခံရသည် ဆိုသော သတင်းများကို ကြားဘူးနားဝ ရှိခဲ့ကြသည်အတိုင်း တွေးမိ ပူပင်မိကြသည်။

ညတိုင်းညတိုင်း ရေဒီယိုနားထောင်ချေဦးမည် ဆိုပြီး တချက်ခုတ် နှစ်ချက်ပြတ် အိမ်အပေါ်ထပ်တက်၍  ဇိမ်ခံမှုများမှ ဆင်းသက် ပေါက်ပွားလာသော ဒုက္ခအမွေအနှစ်ဆိုးကို ကျမက ၀င်ပြီး ဘုမသိ ဘမသိ ထမ်းဆောင် ခွဲဝေခံယူနေရသည်။ ထိုအချိန်က အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသော သဘော မထား အချိန်မှန် စားရပြီးရောဆိုသော အိမ်သူအိမ်သား အချို့လည်း ရှိသေး၏။ 

ကျမအိမ်ပေါ်တွင် လူတွေ များနေသလောက် နောက်မီးလင်းသူ ကြာကူရီဇာတ်ခင်းနေကြသူတွေ အကျင့်ဖောက် ပြန်နေသူ တွေ မယားတညင် လင်မုဆိုး လုပ်နေကြသူတွေ ရောနှော နေကြသော်လည်း အပြစ် ကျူးလွန်နေ သူများ အား တယောက်တပြန် နှုတ်ပိတ် ဖုံးဖိထားကြသောကြောင့် ဘာအကြောင်းကိုမှ ကျမက မသိရှိရ မရိပ်မိခဲ့ရသေးသူ ပြီပြီ အိမ်တွင်းရေး ဇာတ်ရှုပ်များကို နားမလည် ယခုလည်း ကိုယ်တွေ့ကြုံလာရသော ဒုက္ခ၌ တည်ကြည်ဖြောင့်မတ်သူ ဘ၀ခရီးဖော်တဦးအနေနှင့် အေးလျှင်အတူ ပူလျှင်အမျှ ဒုက္ခတွေ့ လျှင်ဦးပဲ့ ၀င်၍ ထမ်းပြီး မိမိ၏ဘ၀ခရီးကို တက်လှမ်းခဲ့ ရသည်။

များမကြာမီ ကြောက်စရာမြို့ပျက်ကြီးသဘွယ် ဖြစ်နေသော ကန္နားလမ်း ပုလိပ်ရုံးကြီး အနီးသို့ ဆိုက္ကား၂စီး ရောက်လာခဲ့ကြ ပါသည်။ သံဆူးကြိုးအထပ်ထပ်မှ ကျော်ဖြတ် ၀င်ခဲ့ရာမှ ပုလိပ်ရုံးကြီး အ၀င်ဝမှာ လူတွေ ပျားပန်းခပ်မျှ လှုပ်လှုပ်ယွယွ ဆူဆူညံညံ တွေ့မြင်နေရမြဲမှာ ယခုအမြင်မှာ လူသူ မမြင်ရ အပ်ကျသံကို ကြားရမတတ် ငြိမ်သက် တိတ်ဆိတ်ပြီး သဲအိတ်ကြီးတွေ၏ ပြောင်ပြောင် လက်လက် အရောင်ထွက်နေကြသည်ကိုသာ တွေ့ရပါသည်။ ကျမတို့သည် ဘုန်းကြီးနောက်မှ ကုတ်ကုတ် ကလေး ၀င်လိုက်လာရသည်။ 

လှေခါးဝ၏ ဘယ်ဘက် အခန်းကျယ်မှာ စားပွဲတစ်လုံးနှင့် ထိုင်နေသော ဂျပန်စစ်ဗိုလ်တယောက်ကို တွေ့ရသည်။ ဘုန်းကြီးက ဂျပန်လိုပြောသော အခါ ကျမတို့ အား သူ့စားပွဲနားက ခုံတန်းလျားလေး တခုတွင် ထိုင်ခွင့်ပေးသည်။ ထိုနောက် ဘုန်းကြီးက အကျိုး အကြောင်း ပြောပြ ပြန်သောအခါ သူ့စားပွဲ ပေါ်က တယ်လီဖုန်းဖြင့် ပြောပြီး ခေါ်သောကြောင့် အစောင့် တယောက်ထွက်လာသည်။ ဘုန်းကြီးက ကျမတို့အား အပြင်မှ နေရစ်စေပြီး အစောင့်နှင့်အတူ အပေါ်ထပ်တက်သွားသည်။

ဘုန်းကြီး အပေါ်ထပ်သို့ တက်သွားပြီး နောက် အခြားအစောင့်တစ်ယောက်ထွက်လာသည်တွင် ပထမ တွေ့ရသော စားပွဲခုံပိုင်ရှင် အစောင့် စစ်ဗိုလ်က ကျမတို့ယူလာသော အ၀တ်များကို ပေးရန် လက်ဟန် ခြေဟန်နှင့်ပြ၍ တောင်းသော ကြောင့်ပေးလိုက်ရသည်။ စစ်ဗိုလ်သည် အ၀တ်ထုပ်ကို သူ၏ စားပွဲပေါ် တင်၍ ဖြေကြည့်သည်။ အင်ကျီ လုံချည်တို့ကို တလွှာချင်းဖြန့်ကာ ကြည့်သည်။ ဘာတွေပါ သလဲဆိုသော အကြည့်မျိုးဖြစ်ပါသည်။ နောက်သူကျေနပ်သော အခါမှ အတွင်းက ထွက်လာသူ အစောင့် အား သူတို့တွေ ဘာသာစကားဖြင့် ပြော၍ အ၀တ်တွေလုံးထွေးပြီး လှမ်းပေးလိုက်သည်။ 

အစောင့် သည် အ၀တ်များကို ချိုင်းကြားညှ်၍ သူ့စစ်ဗိုလ်ကို အလေးပြုပြီး အထက်ထပ်သို့ တက်သွား ပါသသည်။ ကျမတို့ကလည်း အတော်ကြာကြာ ထိုင်စောင့်နေရပါသည်။  မျက်နှာထား တင်းမာလှသော စစ်ဗိုလ် ကလည်း ဣနြေ္ဒကြီးနှင့် သူလုပ်စရာရှိသည်ကို လုပ်နေပါသည်။ ဒီအချိန်ဆိုလျှင် ဗုံးကြဲ လေယဉ်ပျံတွေ လာနေကျဖြစ်၍ တထိတ်ထိတ် နှင့် ဘုရားကို ကြိတ်၍ တနေရပါသည်။ လေကြောင်း အချက်ပေး ဥသြသံမကြားရပါစေနှင့် ဟုလည်း ဆုတောင်းလျက်ရှိ ၏။ တမေ့တမောကြီး ကြာလာသော အခါ အ၀တ်တွေ ယူသွားသော စစ်သားပြန်ထွက်လာပါသည်။ ဖမ်းဆီးခံရစဉ်က ၀တ်ထားသော လုံချည် ဟောင်း အင်္ကျိဟောင်းများ ပြန်ပါလာပါသည်။ 

ဒါကိုလဲ စစ်ဗိုလ်က သူ့စားပွဲမှာ တင်ပြီး ဖြန့်ခါ စစ်ဆေး ကြည့်သေး သည်။ မသင်္ကာစရာဆို၍ ဘာမှ မပါတော့မှ ကျမတို့ကို လှမ်းပေးလိုက်ပါသည်။ ဤ ကိစ္စပြီး သော်လည်း ဘုန်းတော်ကြီး ဦနာဂါအီမှာ ပြန်ဆင်းမလာသေးဘဲရှိနေပါသည်။ ပြန်ဆင်းမလာဘူးဟု ရေးရသော်လည်း အပေါ်ဆုံးအထပ် တက်သွားခြင်းလား အောက်ထပ်များရှိ အခန်းများတွင်ဘဲ ဆိုင်ရာ မာစတာကြီးကြီးများနှင့် စကား ဆွေးနွေးနေသလား အတတ် မပြောနိုင်ပါ. အကြောင်းကတော့ ကန္နား ရုံးကြီး၏ လှေခါးကျယ် ကြီးတခုလုံးမှာ ၀င်္ဂဘာလမ်းကဲ့သို့ သဲအိတ်တွေ အကွေ့အကောက်ပုံစံ အမျိုးမျိုး နှင့် ခံကတုတ်များ ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ကင်ပေတိုင်ဌာနချုပ်အထိ ရောက်ခဲ့ရပုံ

နောက်ထပ်နာရီဝက်နီးပါးရှိမှ ဘုန်းတော်ကြီးဦးနာဂါအီ ပြန်ကြွလာပါသည်. အစောင့်စစ်ဗိုလ်ရှေ့မှာတော့ ဘာစကားမှ မပြောပါ။ ပြန်ကြမယ်ဆိုပြီး ထွက်လာကြရာ စစ်ဗိုလ်က ဘုန်းကြီးကို အရိုအသေပေးပြီး နှုတ်ဆက် သည်ကို မြင်ရပါသည်။ အလာတုန်းကလိုဘဲ ဘုန်းကြီးကရှေ့မှ ကျမတို့က နောက်မှ ဆိုက်ကား နှစ်စီးဖြင့် ပြန်ခဲ့ကြသည်။ နေက က မွန်းတည့်လုပြီ ဖြစ်၍ ခြစ်ခြစ်တောက်ပူလျက်ရှိသည်။ ဘုန်းကြီး ဆွမ်းစားချိန်မှ မှီပါတော့မလားဟု တွေးပူသည်က တမျိုး မိုးပေါ်မော့ကြည့် ကာ ခုနေ လေယာဉ် တွေလာတာနှင့် တိုးနေရဦးမည်လားဟု မြန်မြန်နင်းဘို့ရာ နားပူရပါသည်။ ထို့ကြောင့် ရှေ့က ဆိုက်ကား ဆရာကို နောက်က ဆိုက်ကားဆရာက မြန်မြန်နင်းဘို့ရာ နားပူရပါသည်။   ထို့ကြောင့် ရှေ့က ဆိုက်ကားဆရာကို နောက်က ဆိုက်ကားဆရာက မြန်မြန်နင်းပေးကွ တော်ကြာ လေယာဉ်ပျံ တွေလာတာနဲ့ မိနေဦးမည် ဟု ချောက်လှန့်ပေး၍ ရှေ့ကဆိုက်ကားဆရာကလည်း အတင်းနင်း ပြေးရှာသည်။


ကျောင်းရောက်သောအခါ ဘုန်းကြီးဆီမှ ဘယ်လို အဖြေရမည်ကို မမေးအားသေးဘဲ ဆွမ်းပွဲပြင် စောင့်နေ သော ကျောင်းသားများ ဘက်သို့ ပို့ကာ မွန်းမလွဲမီ ဆွမ်းဘုန်းပေးပါဦး ဟု လျောက်ထား ရပါသည်။ ဘုန်းကြီးခမျာလည်း အပင်ပန်းခံရှာ ပါသည်။ ဘာမှ မစိုးရိမ်ပါနဲ့ အနှိပ်စက်လဲ မခံရပါဘူး ကောင်းကောင်း မွန်မွန်ထားပါတယ်လို့ ကင်ပေတိုင်ဗိုလ်က ပြောလိုက်ပါတယ် စစ်မေးလိုတာလဲ မေးပြီးပါပြီ။ သို့ရာတွင် ဆိုင်ရာ စစ်ဗိုလ်ကြီး ခရီးထွက်သွားသော ကြောင့် သူပြန်လာ သောအခါမှ အပြစ် မရှိလျှင် လွှတ်ပေးဘို့ သူ့အမိန့်ကို စောင့်ရပါမည်ဟု ကြားသိခဲ့ရကြောင်းပြောပြပါသည်။

ကျမတို့ ပြန်ဖိုပ ၀တ်ပြုသောအခါ ဘုန်းတော်ကြီးကပင် ဘာမှမပူပါနဲ့ စစ်ဗိုလ်ကြီးပြန်ရောက် မရောက် မကြာ ခဏ တယ်လီဖုန်းဆက်မေးနေပါမည် ဟု အာမခံလိုက်ပါသေးသည်။ သို့သော် သုံးလေးရက် ရှိလာသည်အထိ စောင့်ကြည့်နေရ တုန်း ဘဲ ဖြစ်ပါသည်။ ပုံနှိပ်လုပ်ငန်းနှင့် သတင်းစာ ရိုက်ပေးသော အလုပ်များ ကတော့ နေ့ညမစဲ လုပ်မြဲလုပ်လျှက်ရှိပါသည်။


ကင်ပေတိုင် ဖမ်းဆီးဆွဲခေါ်သွားသော ကိစ္စနှင့် ပတ်သက်၍ ဘုန်းတော်ကြီး ဦးနာဂါအီနှင့် ကျမတို့သာ လုံးပန်း နေရပါသည်။ ဘယ်သူမှမသီဝံ့သော ကင်ပေတိုင် ဌာနချုပ်နေရာသို့ ကျမသာလျှင် ဘုန်းကြီး အမှီပြု၍ ရောက်ခဲ့ရပါသည်။ ဘယ်နေရာတွင် ထား၍  ဘယ်အမှုနှင့် ဖမ်းဆီးထားခြင်း စစ်ဆေးပြိး၍ ဗိုလ်အကြီးဆုံး ပြန်လာသောအခါ လွတ်ပါမည်ဆိုသော အကြောင်းများ ကလည်း ကျမကသာ သိရှိလာ ခဲ့ရသူဖြစ်၍ အပေါင်းအသင်း ပတ်ဝန်းကျင်လူများက ကျမထံသို့မှသာ တဆင့် သိရှိကြရိခြင်း ဖြစ်ပါသည်။

စောစော ပိုင်းက ဖြီးဖြန်းညာဝါး၍ ကင်ပေတိုင် စစ်ဗိုလ်များနှင့် သိကျွမ်းသည်။ သောက်ပွဲ ကျင်းပပြီး မေးမြန်း စုံစမ်းပေးမည် ဆိုသော ပုဂိုလ် စဖြီးများလည်း စုတ်စ မြုပ်စမပေါ်လာကြတော့ပေ။ ဂျပန် ငွေစက္ကူတွေ တန်ဖိုးမရှိသည့် အခါဖြစ်လို့ နှမြောစရာ မရှိတော့လှပါ။

ဘုန်းကြီးကျောင်းထံ မသွားမှီက ကျမဆန္ဒအရ မဟုတ်ဘဲ အိမ်မှာ အတူလာနေသူ မင်းကတော် တဦးသည် ဗေဒင်မေးချင် လှပါသည်ဆိုပြီး သူအလွန်ယုံကြည်နေသူ ဗေဒင်ဆရာတဦးကို အတင်း ခေါ်လာပြီး မေးပါတော့သည်။ သူခေါ်လာသော ဗေဒင် ဆရာ၏ ပုံပမ်း လက္ခဏာကြည့်ရသည်မှာ လမ်းဘေး ထိုင်ဟောသော ဗေဒင်ဆရာမျိုးတော့ မဟုတ်ပါ ကျမက ထိုလူကြီးကို အထင်သေးစွာနှင့် ကြည်မိ သလောက် မင်းကတော်မမကဖြင့် ယုံကြည်လေးစားနေပုံရပါသည်. သူလုပ်ချင်ရာ လုပ်ပါစေ ဟု ကျမက လွတ်ပေးထားလိုက်ရာ ဗေဒင်ဆရာက တွက်ချက်ပြီး ဟောကိန်းကြီးထုတ်ပါတော့သည်။ နက်ဖြန် ကာ ညနေမုချ လွတ်လာရမည် ဒါတွေ ဒါတွေ ယတြာချေပါ။ 

ဒီလိုဒီလို ဓါတ်ရိုက်ပါဆိုပြီး လုပ်စရာ အစီအစဉ်တွေကို ပြောလေသည်။ ဤ အထည်းမှာ တတ်နိုင်လျှင် ယနေ့ညဖြစ်စေ မနက် စောစော ဖြစ်စေ ကြက်အရှင်တကောင်ကို  ရှာထားပါ ရှာလို့ရလာသောအခါ လာခေါ်ပါ။ ဘယ်ဒေါင့်မှာ ဘယ်လို မန်းမှုတ်ပြီး ဘေးမဲ့လွှတ်မည်။ ယနေ့ညနေသူအိမ်ကနေပြီး ကြက်သားဟင်းချက်၍  ငှက်ပျော ဖက်နှင့်ထုပ်ခါ တနင်္ဂနွေဒေါင့်အရပ်ကို သားပစ်ပေးမည်စသော အစအစဉ်များ ပြောလာဓါတ်ရုက် ယတြာ ချေစရိတ် ငွေတောင်းသည်။


ကျမ,မယုံကြည်၍ မပေးချင်ဘူးဟု မင်းကတော်ကိုပြောသောအခါ သူ့ဗေဒင်ဆရာက အလွန် ဓါတ်ရိုက်ကောင်းပါသည်။ ကိုယ်တွေ့ပါ။ မုံလို့မပေးချင်သေးနေပါ။ ယခု သူစိုက်ပေးထားပါမည်။ မှန်ျှင် နှစ်ဆ တိုးနှင့် သူ့ကို ငွေပြန်ဆပ်ရမည်ဆိုပြီး ငွေစိုက်ထုတ် ပေးလိုက်ပါသည်။ ကြက်အရှင် အကောင် ကိုလဲ ဒီနေ့ညနေမှာဘဲ မရ, အရရှာပြီျး အ၀ယ်ခိုင်းသည်။ ကြက်ရသောအခါ ရှေ့တွင် ယတြာ ချေပေးစေ မည်ဟုဆိုကာ သူ၏ဆရာကို ချက်ခြင်းသွားခေါ်စေပါသည်။ 

မကြာမှီ ဗေဒင်ဆရာသည် အိမ်က စေလွှတ်လိုက်သော သူငယ်နှင့်အတူ ပါလာသောအခါ မျက်စိမျက်နှာပျက်နေသည်။ သူ၏ ပါးစပ်မှ ဂဇော်နံ့ကလည်း တသင်းသင်းပါလာသည်။ မင်းကတော်မှာ သူ့ဗေဒင်ဆရာ၏ ဂဇော်နံ့ကို ရှူမိသော ကြောင့် အောင့်သက်သက်နှင့် မျက်နှာပျက်လာသည်။ ခိုင်းလိုက်သော သူငယ်က ပြောပြ သည်မှာ ဗေဒင်ဆရာသည် ကြက်သားဟင်းတခွက်ကို အမြီးပြုလျှက် ဂဇောခွက်ကိုင်သောက်နေရာမှ ဆွဲခေါ်လာခဲ့ရကြောင်း တီးတိုးပြောပြသည်။ ကျမက သူ့ကိုကြည့်ပြီး ပြုံးလိုက်သောအခါ မင်းကတော်ခမြာ အတော်ရှက်သွားသည်။ သူ့အာမခံနှင့် စိုက်ထားသော ပိုက်ဆံ ပြန်မှ ရပါတော့ မလားဟု နှမြောသွားပုံလည်းရပါသည်။

           
ဗေဒင်ဆရာကို အဆိုးမဆိုသာပါ။ သူတို့လုပ်စားရိုးစားစဉ် လုပ်ငန်းသာဖြစ်၍ ယုံကြည်သူ၏ တာဝန် သာလျှင် ဖြစ်ပါသည်။ ဗေဒင်ဝါသနာပါသူ ယုံကြည်သူအပြင် နတ်ဝင်သည်ခေါ်လာဦးမည့် ၀ါသနာအိုး များ နောက်ထပ်မပေါ်လာခြင်းကိုပင် ကျေးဇူးတင်ရဦးမလို ဖြစ်နေပါသည်။ ထို့ကြောင့် သူ့ဗေဒင် ဆရာသည် ပေးလိုက်သော ငွေနှင့် ကြက်သားဟင်းချက်၍ ဖက်နှင့်ထုပ်ပြီး တနင်္ဂနွေဒေါင့် သွားလွှင့်ပစ် လိုက်မည့်အစား သူ့ဝမ်းဗိုက်တွင်းသို့ ဂဇော်တပုလင်းနှင့် မျှေချလိုက်ခြင်းမှာ သူ့အဘို့ အလဟဿ မဖြစ်စေသလို ယခုနောက်ထပ်ပေးမည့် ဘေးလွှတ်ရမည့် ကြက်အရှင်ကိုတော့ လက်လွှဲ အပ်လိုက်လျှင်  ယခင်လမ်းစဉ်အတိုင်း ဟင်းခွက်ထဲ မရောက်စေချင်သဖြင့် တနေရာမှာ သွားလွှတ်ခိုင်း လိုက်ရပြီး ငွေစိုက်အကုန်ကျခံသူ ဗေဒင်ဝါသနာအိုးအားလည်း သူ့ငွေများအစားပြန်ပေးလိုက်ခြင်းဖြင့် နှစ်သိမ့် စေခဲ့ပါသည်။


ကာမဂုဏ် အာဇာနည် သူရဲကောင်း ဆက်ရန်
.
(အလုပ်များ နေတဲ့ အတွက် နောက်ကျ သွားပါတယ်.. ဆုမရတဲ့ အတွက် စာဖြတ်ခြင်း မဟုတ်ပါ.. အဲဒီလို ထင်မှာကို ချစ်ညီမ က ကြောက်နေတဲ့ အတွက် ညက သူတယောက်ထဲ ရိုက်နေပါတယ်.. သမီးများ မအားပါ...)
.

1 comment:

မေဓာဝီ said...

မရွှေစင်ရေ မအားရင် ဖြည်းဖြည်းပဲတင်ပါ။
ကိုယ့်အလုပ်တွေကြားက ခုလို တင်ပေးနေတာပဲ ကျေးဇူးတင်လှပါပြီ။