ကျွန်မကမူ စက်ဘီးစီး၍ မီးရထား အလုပ်သမားများ၏ တန်းလျားသို့ ထွက်လာခဲ့၏။ ထိုနေရာ တွင် မိသားစု အတော် များများ နေထိုင်လျက်ရှိကြောင်း မူလကပင် သိထားပါသည်။ ထိုနေရာတွင် နေထိုင်လျက်ရှိသော မိသားစုများ အားလုံး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နက်ဒီကရု(စ်)နှင့် တွေ့ဆုံ၍ ၄င်းတို့အနေနှင့် မည်သို့ စီစဉ် ထားကြောင်း မေးမြန်းပါသည်။
သူတို့၏ လက်ရှိနေရာနှင့် ခြောက်မိုင်မျှ ဝေးကွာသော “ဘရာဘတ်တီးယား” ကျေးရွာရှိ သွပ်မိုးထားသည့် ကျောင်းတစ်ကျောင်း ၌ သူတို့လူစုအား ခိုလှုံခွင့်ပြုမည်ဟု သက်ဆိုင်ရာမှ အသိပေး ထားကြောင်းဖြင့် သူက ပြောပြ ပါသည်။ နောက်ထပ်လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း သေချာသည်ဟု သူက ပြောပါ သည်။
ကျွန်မသည် အိမ်သို့ ပြန်သွားပြီး တင်ဆောင်နိုင်သမျှ ပစ္စည်းတို့ကိုယူ၍ မီးရထားတန်းလျားသို့ ပြန်လာခဲ့ရာ ကျွန်မအား ''ဘရာဘတ်တီးယား'' ကျေးရွာသို့ မသွားသေးမချင်း သူတို့နှင့်အတူ နေထိုင် ခွင့် ပေးပါသည်။
နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် ကျွန်မသည် တန်းလျားကို သန့်ရှင်းရေးလုပ်နေစဉ် လေယာဉ်ပျံသံများ ကို ကြားသည်။ လူတွေက သူတို့၏ အခန်းအသီးသီးမှ ထွက်လာကြပြီး အယ်(L)ပုံ သဏ္ဍာန်လုပ်ထားသည့် ဗုံးခိုကျင်း ရှိရာသို့ ပြေးလွှားသွားရင် ကျွန်မကိုလည်း သူတို့နောက်သို့ လိုက်လာ ရန် အော်သွားကြသည်။
ကျွန်မကလည်း သူတို့နှင့်အတူ ပြေးလိုက်သွားမည်ပြုစဉ် မျက်စိထောင့် တစ်နေရာမှ ကြက်တူ ရွေးကလေး ကော်ကီ သည် ထိတ်လန့်တုန်လှုပ်စွာ အခန်းတွင်း၌ ပြေးလွှားခုန်ပေါက် အော်မြည်နေ သည်ကို တွေ့ရ၏။ ကျွန်မ သူ့ကို လှမ်းဖမ်းသည်ကို လွတ်အောင်တိမ်းရှောင်နေပါသည်။ ကျွန်မသည် စားပွဲအောက်သို့ ၀ပ်တွား ၀င်သွား ပြီး ပါးစပ်မှလည်း သူ့ကို ချော့သံပေး၍ ခြေထောက်ကို ဖမ်းကိုင်လိုက် စဉ် ပထမဆုံးဗုံးကျကာ ပေါက်ကွဲ ပါသည်။ တစ်အိမ်လုံး တုန်ခါသွားပါသည်။ အုတ်ခဲ အပိုင်းအစများ စားပွဲပေါ်သို့ ကျလာပါသည်။ စားပွဲက ခံနိုင်ရည်ရှိ၍ တော်ပါသေးသည်။
ကော့်ကီကို ပွေ့၍ အပြင်သို့ ပြေးထွက်လာရာ တစ်ခြံလုံး အံ့သြဖွယ် တိတ်ဆိတ်နေသည်ကို သတိ ပြုမိပါသည်။ မီးခိုးနှင့် ဖုန်မှုန့်များ တလူလူထနေသည့်ကြားထဲမှ အသံတစ်သံမျှ ထွက်ပေါ်မလာ ပါ။
ကျွန်မ သည် ဗုံးခိုကျင်းရှိရာသို့ ပြေးသွားခဲ့၏။ ဗုံးခိုကျင်း အတွင်း၌ လူ ၁၃ယောက်စလုံး သေဆုံးကုန်ကြပါပြီ။ သူတို့၏ ကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်မတွေ့ပါ။ မျက်နှာများကမူ ပြာနှမ်းနေ သည်။ ဗုံး၏ ပေါက်ကွဲမှုဒဏ်က အဆုတ် ကို ကြေမွသွားစေသည်ဟု ယူဆရပါသည်။
သူတို့ကို ကောင်းမွန်စွာ သင်္ဂြိလ်ရန် ကျွန်မတို့တွင် အချိန်မရပါ။ သို့ဖြစ်၍ ဗုံးခိုကျင်းကိုပင် ပြန်ဖို့ပြီး သဂြုင်္ိလ် လိုက်ရ ပါသည်။
ကျွန်မ တို့သည် ဤနေရာ၌ လိုသည်ထက်ပိုနေပါက မိုက်မဲရာကျပါလိမ့်မည်။ ကျွန်မသည် လက်တွန်းလှည်း တစ်စီး ကို ငှားရမ်းကာ ဖခင်နှင့် အထုပ်အပိုးများကို တင်ဆောင်၍ မြို့ပြင်သို့ ထွက်လာ ခဲ့သည်။
''ဒီတစ်ခါ ဘယ်ကို သွားကြမလဲ''ဟု ဖခင်က နွမ်းရိစွာ မေးရာ
''ဘရာဘတ်တီးယားရွာကို သွားမယ်''ဟု ကျွန်မက ပြန်ဖြေပါသည်။
''အဲဒါ ဘာနဲ့တူသလဲ''
''ကျွန်မတော့ မသိဘူး၊ ဟိုရောက်မှပဲ သိရတော့မယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် အသုံး ပြုရ မှာပဲ''ဟု ကျွန်မက ပြန်ပြောသည်။
ဖခင် သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သက်သောင့်သက်သာ မှိန်းနေပါသည်။ တစ်ချိန် က ဖခင်၏ ကိုယ် အလေးချိန် သည် ၂၂၄ ပေါင်မျှရှိခဲ့သောလည်း ကျွန်မ၏ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ပိန်ချုံး လာရာ ယခုအခါတွင် အရိုးပေါ်အရေတင် ဖြစ်နေပါပြီ။
နှစ်သစ်ကူး လာပါပြီ။ ကျွန်မတို့ တစ်တွေအတွက် ပျော်ရွှင်ရန် အရေးမှာ အလွန်ဝေးကွာလျက် ရှိနေ ပါတော့ သည်။
(6)
ဘရာဘတ်တီးယား ရွာကလေးသည် ဂေါ်ရခါးလူမျိုးများ နေထိုင်သောရွာဖြစ်၍ အများစုမှာ ဗြိတိသျှတို့ အပေါ် ဇွဲနဘဲကြီးစွာ သစ်စာစောင့်သိနေသည့် စစ်သားဟောင်းကြီးများ ဖြစ်ကြပါသည်။
ဂျပန်များ ၏ တုံ့ပြန်မှုကို ကြောက်ရွံ့ကြသဖြင့် မြန်မာလူမျိုးများအနေဖြင့် ကျွန်မတို့တစ်တွေကို လက်ခံ မထား လိုကြပါ။
ထိုနေရာတွင် ဂေါ်ရခါးနှင့် မြန်မာတို့၏ ခြားနားချက်ဖြစ်ပါသည်။ ထိုသို့ မြန်မာလူမျိုးများက သဘောထား ကြသည်ကို ကျွန်မအနေနှင့် အပြစ်မတင်လိုသော်လည်း ၀မ်းတော့ နည်းမိပါသည်။ ဂျပန်များသည် မြန်မာများ အား ကယ်တင်ရန်အတွက်ရောက်လာကြသည်ဟု ဆိုသည်။ သို့သော် ဗြိတိသျှတို့၏ ကိုလိုနီ စနစ်သည် ရက်စက်ကြမ်းကြုတ်မှုမရှိပါ။ ကိုလိုနီဘ၀မှ လွတ်မြောက်သွားကြ၍ မြန်မာများ ၀မ်းမြောက် ၀မ်းသာ ဖြစ်သွားကြသည်။
အမှန် အားဖြင့် အရှင်သခင်တစ်ဦး၏ လက်အောက်မှ အခြားအရှင်သခင်တစ်ဦး၏ လက်အောက် သို့ ပြောင်းသွားခြင်း သာ ဖြစ်ကြောင်းသိရသောအခါ အချိန်နှောင်းသွားပါပြီ။ မြန်မာများအနေဖြင့် နောက်ရောက် လာသည့် လူသစ်များအပေါ်တွင် တိုတောင်းလှသော အချိန်အတွင်း ရွံမုန်း သွားကြ သော်လည်း လူဟောင်းများကိုမူ ချစ်ရန်မဖြစ်နိုင်ကြပါ။ တိုင်းပြည်တွင်းမှ မြန်မန်ထွက်သွားရန်မြန်မားများက လိုလား ခဲ့ကြသည့် လူမျိုးများအတွက် သူတို့အသက်ကို ပေးပြီး ကာကွယ်ရန် မျှော်လင့်၍ မရပါ။
ဂေါ်ရခါးလူမျိုးများကမူ ဗြိတိသျှလူမျိုးများအပေါ်တွင် အစဉ်တစိုက် သစ္စာခံ လာကြသူများဖြစ်၍ မြန်မာ များနှင့် နှိုင်း၍ ရမည်မဟုတ်ပါ။ ကျွန်မတို့သည် သူတို့၏ မိတ်ဆွေများဖြစ်သည်။ ကျွန်မတို့မှာ အကူအညီ လိုနေကြသည်။ သူတို့က ကျွန်မတို့နားနေခိုလှုံရန်အတွက် နေရာပေးသည်။
ဖခင်ကြီး အား နေရာချထားပေးပြီးနောက် ပြင်ဦးလွင်သို့ ပြန်သွားကာ ကျန်သော ရှိစုမဲ့စု ပစ္စည်းများ ယူခဲ့သည်။ ကြက်တူရွေးကော့်ကီက ကျွန်မ၏ ပခုံးပေါ်တွင်၊ ခွေးနှစ်ကောင်က ကျွန်မ၏ဘေးတွင် ပြေးလွှား လျက်၊ ကျွန်မက စက်ဘီးပေါ်တွင် အိုးခွက် ပစ္စည်းများတင်၍ ငါးမိုင်မျှဝေးသော ဘရာဘတ်တီးယားရွာသို့ လှည်းလမ်းကြောင်းအတိုင်း စက်ဘီးကိုတွန်း၍ လာရသည်။ ရွာသို့ ပြန်ရောက်သောအခါ ပင်ပန်းလွန်းသဖြင့် မြေကြီးပေါ်သို့ အိပ်ချလိုက်ပြီး ဤအကြိမ်သည် နောက်ဆုံး လှုပ်ရှားမှုသာ ဖြစ်ပါစေတော့ဟု စိတ်အား ထက်သန် စွာ မျှော်လင့်မိ၏။
ကျွန်မတို့သည် ယခင်က ကျောင်းလုပ်ထားသည့် သွပ်မိုး တန်းလျားကြီး တစ်ခုတွင် နေရပါသည်။ ထိုတန်းလျားကြီး အတွင်းတွင် လူပေါင်း ၈၀၀ မျှ နေရာချထားပေးသည်။ များသောအားဖြင့် တစ်ဦးနှင့် တစ်ဦး မှာ လူစိမ်းများဖြစ်ကြပါသည်။ လူအချို့သာ သိဟောင်းကျွမ်းဟောင်းများ ဖြစ်နေကြ၍ မိမိတို့၏ အတွေ့ အကြုံ များကို အပြန်အလှန် မေးမြန်း ပြောဆိုကြပါ၏။
အနေအထိုင် ဆင်းရဲသော်လည်း ဗုံးကြဲမည့်နေရာနှင့် ကင်းဝေးရသဖြင့် ကျေးဇူးတင်ရပါဦးမည်။ ကျွန်မနှင့် ဖခင်ကြီး အား အဆောက်အအုံ၏ အစွန်ရှိ ပြတင်းပေါက်အနားတွင် နေရာချထားပေးသဖြင့် ဖခင်ကြီးမှာ ၀ရန်တာ သို့ ထွက်ကြည့်နိုင်ပြီး သန့်ရှင်းသော လေပြည်လေညင်းများကို ရှူရှိုက်ရပါသည်။
ကျွန်မတို့ အားလုံးသည် ကျဉ်းကျဉ်းကျပ်ကျပ်နေရသဖြင့် ညည်းညူနေ၍လည်း အရာရောက်မည်မဟုတ်ပါ။ စိတ်ဓာတ် ကို မြှင့်တင်ထားပြီး ဖြစ်လာသမျှကို ပြုံးပြုံးကလေး ရင်ဆိုင်ရန်သာ ရှိပါတော့သည်။ ကျွန်မ တို့သည် ကျရာနေရာ ၌ အခြေအနေအပေါ် မူတည်ပြီး ကျင့်သုံးနိုင်ခဲ့ကြသည်။ အုတ်နီခဲ နှစ်လုံးကို တစ်ဖက် တစ်ချက် မှာ စီပြီး ထင်းများကို အလယ်ကောင် တွင် ထိုး၍ မီးဖိုလုပ်ကာ ထမင်းချက်စား ကြသည်။ သန့်ရှင်းရေး ကို အထူးဦးစားပေး၍ လုပ်ဆောင် ကြရသည်။
နောက်ဆုံး ၌ မလွဲမရှောင်သာဘဲ ကျွှန်မ၏ အသက်မွေးမှု့ ပညာမှာ လိုအပ်လာသဖြင့် ကျွန်မသည် ခရိုင် သူနာပြု ဆရာမတဦး လို ဖြစ်လာရပြန်ပါသည်။ ဘရာဘတ်တီးယားရွာမှာ ဗုံးဒဏ် မခံရစေကာမူ ဗုံးဒဏ် မခံရ စေကာမူ ဗုံးဒဏ်ခံရသော ပြင်ဦးလွင်မှ ဒဏ်ရာရသူများ ကျွန်မတို့ရွာသို့ တဖွဲဖွဲ ရောက်လာကြသည်။ ရောက်လာသော လူနာများကို လက်မလည်အောင်ပြုစုနေရပြီး ကျောင်းအတွင်း ၌ ဖျားနာသူများ၊ ရောဂါ အမျိုးမျိုး နှင့် ရောက်လာကြသော ဂေါ်ရခါး များကိုပါ အချိန်ပြည့် ဆေးကုသ ပေးရပါသေးသည်။
ဆက်ရန်
.

No comments:
Post a Comment