Sunday, February 21, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၆)
ပုံနှိပ်လုပ်ငန်း ပြန်လည်တာစူခြင်း
    ကျမသည် ထိုသူ ချမ်းချမ်းသာသာရှိနေပြီဖြစ်၍ သူ၏သမီးများကို လာရောက် ပြန်ခေါ်သည် ကို တားမြစ်ရန် မရှိပါ။ ၀မ်းသာအားရနှင့်ပင် ပြန်ထည့်လိုက်ပါသည်။ သို့သော် ပစ္စည်းဥစ္စာကို ကံထောက်မ၍ ရလာသော အခိုက်အတန့်မှာ နောင်ရေးကို မမျှော်တွေးဘဲ အရမ်းမဲ့အောက်ခြေ လွတ် သုံးဖြုံးမပစ် ဘို့နှင့် အရင်းအနှီး ရှိသည့်အခါ အိမ်ပိုင်ယာပိုင် အရောင်းအ၀ယ် အလုပ်တခု ကောင်းရောင်း ကောင်းဝယ်ပြုလုပ်၍ တသက်လုံး ထိုင်စား သွားနိုင်အောင် စီမံထားရန် သတိပေး ခြင်း ပြုမိပါသည်။
    သူကလဲ မှန်ပါသည်၊ ကျွန်တော်၏ သားသမီးများနှင့်အတူ ပြန်နေရလျှင် သံယောဇဉ်အ ထိန်းအချည် ရှိသဖြင့် အခြေတကျ ဖြစ်ရပါလိမ့်မည်။ ယခုတော့ သူ့မှာ တယောက်တည်းဖြစ်ခါ ရှာရသမျှ ရွှေငွေများကို သူနှင့် အလားတူ ဘီ-အို-စီ ရွှေရည်ရောင်းဖေါ်များနှင့် ဖဲရိုက် အရက် သောက် အောက်ခြေလွတ် နေမိ ပါသည်။ ကျွန်တော်တို့ လယ်ကူလီဘ၀က ထပွသူများ၏ ဖဲဝိုင်းမှာ ရာတန်နှင့် ရွှေဒင်္ဂါး များ ရွှေတုံး ရွှေခဲများ နှင့်ချည်းကို မီးခဲလောင်းကစားကြသည်။
ကျွန်တော်ဖဲရှုံး၍ ရွှေတွေ အတော်ဖြုံးသွားပြီး၊ ဒီအကျန်အကြွင်းကလေးများနှင့် သားသမီးတွေ သတိရ၍ လာခေါ်ရ ခြင်း ဖြစ်ပါသည်။ နောက်တခါ ရှာဖွေရသော ပစ္စည်းများကို လောင်းကစားခြင်းဖြင့် ဖြုံးတီးမပစ်  တော့ပါ ဟု ပြောသွားပါသည်။ သို့သော် လူမိုက်နှင့်ငွေ အတူမနေဆိုသော စကားအတိုင်း သံလျင် ဘီ-အို-စီ ဓါတ်ဆီ တိုင်ကီကြီး များကို ရွာသားတစုမှာ ဖဲရှုံးတိုင်း မကြာခဏ လာရောက် ဖောက်ယူ ခိုး ထုတ်ကြသဖြင့် ကြာသော် ဂျပန်စစ်ဘက်က စက်သေနတ်နှင့် ပစ်သတ်ရာတွင် တကြိမ် မှာတော့ လူ အတော် များများ သေဆုံး သွားကြကြောင်း ကြားရသောအခါ အန္တရာယ်ကင်းပါစေဟု မေတ္တသာ နာနာ ပို့လိုက်ရ သော်လည်း ယနေ့ အထိ သူ့တို့အား မတွေ့ရတော့ပါ။
    ထို့ကြောင့် ဤခလေးမ ၃-ယောက် ပြန်ထည့်လိုက်ရသော အခါ ယောကျာ်း ကောင်ကလေး ၂-ယောက် သာ ကျန်ခဲ့သည်။ သူတို့မှာ မလောက်လေး မလောက်စား အရွယ်ဖြစ်ပြီး အိမ်ဖော်အဖြစ် လည်း အသုံးချ ၍မရ။ အား, အားရှိလျှင် ကစား၍သာနေတတ်ရာ ထမင်းချက်ရန် အိမ်အမှုလုပ်ရန် အိမ်ဖော်များ ငှားမရ သော အခက်အခဲနှင့် ရင်ဆိုင်ရလေသည်။ လုပ်ရဲ ကိုင်ရဲ ရောင်းဝယ်ရဲသူ လူမွဲ တွေမှာ လက်ဖျား ငွေသီး နေချိန် ဖြစ်သဖြင့် အိမ်ဖော်လခစား အဖြစ်နှင့် မည်သူမျှ လုပ်ကိုင်လိုသော ဆန္ဒမရှိ ဘာပစ္စည်း ဖြစ်ဖြစ် လက်လွှဲ အရောင်း အ၀ယ်ပြုလုပ် ငွေရွှင်၍ ဆူဖြိုးမြဲ ဖြစ်ပါသည်။
    ဒါကြောင့် အိမ်ကြီးကို ငှား၍ရသော်လည်း နေမည့်သူက လူကြီးနှစ်ယောက်နှင့် ကောင်ငယ် ကလေး နှစ်ယောက် ပေါင်း လေးယောက်သာ ဖြစ်နေသဖြင့် အလုပ်အကိုင်နှင့် နေရေး ထိုင်ရေး အဆင်မပြေသေးသူ အသိ မိတ်ဆွေများအား ကျမတို့အိမ်ကျယ်ကျယ်ကြီးမှာ နေရေးတွင်မက စားရေးပါ တာဝန် ယူပြီး အတူ လာနေရန် ခေါ်ထားလိုက်ပါသည်။ ထို့ကြောင့် ပဋ္ဌမဦးဆုံး ထိုအိမ်ကြီး ကို ပြောင်းရွေ့ လာသောအခါ ကွယ်လွန်သူ အင်ဒီပင့်ဒင့် ဒေါ်စန်း(ဒေါ်ကွာစိ)နှင့် ပန်းချီဆရာ လင်မယား၊ အခြားအမည် မမှတ်မိ တော့သော ကုလားကပြား ကုန်သည်လင်မယား၊ ပေါင်း ၅-ယောက်ဖြစ်ကြ၏။ ကုန်သည် လင်မယား မှာ ညလောက် သာအိပ်၍ တလလောက်နေပြီး မြို့တည်း အလုပ်တိုက် ဆိုင်ဖွင့်သဖြင့် ပြန်ရွှေ့ ပြောင်းသွား ပါသည်။
    မနက်လင်း လျှင် မြို့တွင်းက ပုံနှိပ်တိုက် သွားကြည့်ကြရင်း စားသောက် ဖွယ်ရာများ ၀ယ် ချမ်းလာရသည်။ မြို့တည်းမှ ညစဉ်လေယာဉ်ပျံလာ ဗုံးကြဲသဖြင့် ဘယ်နေ့ ဘယ်အချိန် ဘယ်သူ့ အိမ် ဘယ်သူ့တိုက်ထိ၍ ပြိုပိ ပျက်ပြုန်းကြ ရမည်မသိ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုသလို ဖြစ်နေကြရသောအခါ ပုံနှိပ်စက် ပိုင်ရှင်များ က သူတို့စက်များ ဘေးကင်းရာ ပြောင်းရွှေ့သယ်ယူ ထားပြီး ပုံနှိပ်စက်ငှားခ ပေးမြဲ ပေးထားမည် ဆိုသောကြောင့် စက်ပိုင်ရှင်များကလည်း အားရကြေနပ် စွာ ပြောင်းရွှေ့ယူရန် သဘောတူကာ ငှားမြဲတိုင်း ငှားထားပါသည်။
    ဤတွင် တိုက်ကြီးမြို့၌ ရွှေ့ယူထားသည့် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက် ပစ္စည်းများဖြစ် သော မျက်နှာဖုံး ကာလာရိုက် စက်ကလေး စာပုံနှိပ်တိုက်ဆိုင်ရာ ပစ္စည်းအသုံးအဆောင်များ၊ ဒဂုန် ခင်ခင်လေး ၀တ္ထုတိုက်မှ ထုတ်ဝေသော စာအုပ်များ၊ အလုပ်တိုက်သုံး ရုံးသုံးစားပွဲ ကုလားထိုင် ဘီရိုစသည်တို့နှင့် အိမ်ထောင်မှု ပစ္စည်းများပါ ကုန်တင်ကားကြီးများနှင့် နှစ်ရက် သုံးရက်ဆက်ကာ ရွှေ့ပြောင်းသယ်ယူရပါသည်။ တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် စာအုပ်တိုက်ပြန်လည် ဖွင့်လှစ်မည်ကြား သောအခါ မူလတပည့်ဟောင်း၊ အလုပ်သမား ဟောင်းများ ပြန်ရောက်ရှိလာကြပါသည်။ အချို့ လည်း ကုန်သည်ကြီးများဖြစ်သွားကြ၍ အလုပ်တိုက် သို့ ပြန်မ၀င်တော့ဘဲ ဧည့်သည်အဖြစ်နှင့်သာ မကြာ မကြာလာရောက် လည်ပတ် လေ့ရှိကြပါသည်။
    ၄၇-လမ်းအိမ်မှာ ဆွဲချိပ်ထားသော တိုင်းပြည်ပြုပုံနှိပ်တိုက် ဆိုင်းဘုတ်ကြီး ကိုလည်း ဖြုတ် ယူကာ ရွှေဂုံတိုင် လမ်းအိမ်ကြီး ၏ ၀င်းပေါက်ဝတွင် စိုက်ထူထားပါသည်။ ရွှေ့လာသော အငှားပုံနှိပ် စက်ကိုလည်း အိမ်ကြီး ၏ ရှေ့ပိုင်းရှိ မြေလပ်မှာ ယာယီဓနိမိုးတဲကြီးတခု ထိုးလျက်စက်လည်စရာ တပ်ဆင် ပြုပြင် နေရ ပါသည်။ အိမ်အောက်ထပ်ရှိ အခန်းတ၀က်မှာ စာစီခုံများထား၍ ရှေ့ဆင်ဝင်ခန်း မကြီးမှာ ဧည့်ခန်း အဖြစ်နှင့် အလုပ်အခန်းအဖြစ် ပေါင်းထားပြီး တဘက်ဆောင် ခန်းမကြီးမှာတော့ ထမင်းစားခန်းအဖြစ် အသုံးချ ထားပါသည်။ နောက်ပိုင်းရှိ အခန်းများမှာလည်း သူ့နေရာနှင့်သူဆိုင် ရာ အသုံးချ ထားလိုက်သော အခါ အိမ်ကြီးက ကျယ်သလောက်ဟာ မနေဘဲ အလိုက်အထိုက်ပြည့် သွားပါသည်။ ဤအချိန်က အစပျိုး လိုက်သည်မှာ နောက်ပိုင်းတွင် အိမ်အပြည့် လူအပြည့်မှ နောက် ဖေးအစေခံ တန်းလျားများအထိ တအုံးအုံး တရုံးရုံး ဖြစ်ရှိလာပါတော့သည်။
    ပုံနှိပ်စက်လည်ရန်မှာ ဓါတ်မီးအား ရရှိဘို့လည်း လိုအပ်လာပါသည်။ ဂျပန်စစ်ဗိုလ်များသည် အကြို အကြား မကျန်ရှာဖွေကာ ပုံနှိပ်တိုက်မှန်သမျှ သူတို့အသုံးချလိုသော စာရွက်စာတမ်းများကို ရိုက်ရန် အပ်နှံ ကြပါသည်။ ပုံနှိပ်တိုက်ကလည်း များများစားစားမရှိသေးမှီ ကျမတိုင်းပြည်ပြု ပုံနှိပ် တိုက်ကို ရောက်လာ ကြသည်။ အပ်လိုသော ပိုစတာများကို ဓါတ်မီးအားရမှ ရိုက်နှိပ်နိုင်မည်ကိုသိ၍ မီးသွယ်ပေးရန် ကူညီ မည်ဆိုသည်။ စစ်မဖြစ်မှီက ဗမာပြည်တွင် လာရောက်နေထိုင်သွားသော ဗုဒ္ဓ ဘာသာ ဂျပန် ဘုန်းတော်ကြီး ဦးနာဂါအီ နှင့် မျက်နှာသိခဲ့ဘူး၍ ဓါတ်မီးတပ်ဆင်ပေးရန် ဂျပန်စစ်ဗိုလ် များကို ပြောရာ၌ အကူ အညီ ပေးပါသည်။ ဂျပန်ဘုန်းတော်ကြီး ဦးနာဂါအီသည် ဂျပန်များ ၀င်လာ သောအခါ သြဇာရှိ ပုဂ္ဂိုလ် တဦး ဖြစ်နေပါသည်။ စောစောစီးစီး လျှပ်စစ်ဓါတ်မီးရရှိဘို့မှာ ကြီးကြီး မာစတာခေါ် ဂျပန်စစ်ဗိုလ်ကြီးများ၏ ခွင့်ပြုချက် ရမှ ဖြစ်နိုင်ပါသည်။
ဂျပန်ခေတ် အုပ်ချုပ်ရေး
    ဂျပန်များဝင်ရောက်လာသောအခါ ရန်ကုန်မြို့မှ အစပြု၍ မြို့ကြီးမြို့ငယ် အသီးသီး၌ ရှိကြ သော မြို့မိမြို့ဘအခေါ်ခံ လူကြီးလူကောင်းများမှာ ဆိုင်ရာဆိုင်ရာ ဒေသအလျောက် ပုဆိုးရှည် ခေါင်းပေါင်းစ များနှင့် ကြိုဆိုကာ ဧည့်ဝတ်တော်ကြေကြေနှင့် ကွမ်းရေတော် ကမ်းကြပါသည်။ သို့ရာ တွင် ခက်ထန်သော ဂျပန်မာစတာတို့၏ ရုန့်ရင်းကြမ်းတမ်းစွာ ပြုမူကြောင့် အောင့်သက်သက်နှင့် ခိုးလိုးခုလုဖြစ်ကြရရှာသည်။
    သြဇာအာဏာ ကလည်း အလွန်အမင်း ပြင်းပြသည်။ စ၍၀င်လျှင် ၀င်ခြင်း မြို့ခံ လူကြီးမင်း များနှင့် ယာယီ အုပ်ချုပ်ရေးမှ စလုံးရေး စကာ နောက်ပိုင်းမှာတော့ သူတို့ကြိုးကိုင်ထားသော လွတ် လပ်ရေးခေါ် အုပ်ချုပ်ရေးကို ဒေါက်တာဘမော် အမှူးပြုသော ဗမာအစိုးရ၀န်ကြီးအဖွဲ့အားဖြင့် ဖွဲ့ စည်းအုပ်ချုပ်သွား စေကာမူ တကဲ့ အာဏာမှာ သူတို့လက်တွင်း၌သာထားပြီး ကင်ပေတိုင်အဖွဲ့ ကေဘိုတိုင် အဖွဲ့၊ ချွေးတပ် အဖွဲ့ စသည် စင်းလျက်ရှိကြပါသည်။
    ဂျပန်များ ၀င်စအုပ်ချုပ်ရေး အသားမကျမှီ အချိန်က ဒေါက်တာဘမော်၊ သခင်နုစသသည့် နိုင်ငံရေး ခေါင်းဆောင် တို့အား အင်္ဂလိပ်အစိုးရများက ချထားခဲ့သော ထောင်အတွင်းတွင် ကျန်ရှိခဲ့ရာ အင်္ဂလိပ် ပြေးသွား သော စပ်ကူးမတ်ကူး အခါ ထောင်အာဏာပိုင်များက အပြင်ထုတ်လျက် စောင့်ရှောက် ထားသင့် သူ ကို စောင့်ရှောက် ကူညီထားကြသဖြင့် ဂျပန်အစိုးရက အုပ်ချုပ်ရေးဖွဲ့ရာ တွင် အသင့်ဝင်ရောက် ပါဝင် နိုင်ကြ သည်။
    လျှပ်စစ်မီးအားများ ရရှိသောအခါ ပုံနှိပ်တိုက်လုပ်ငန်းကို စနိုင်ပါပြီ၊ တစီစီနှင့် နေ့ရောညပါ အခါမပြတ် လာလေ့ရှိသော အင်္ဂလိပ်ဗုံးကြဲလေယာဉ်ပျံများကလည်း သူ့ဝတ္တရားအတိုင်း တရက်ခြား နှစ်ရက်ခြား ဆိုသလို ၀တ်မပျက် လာရောက်ဗုန်းကြဲချသည်။ ဂျပန်စစ်တပ်ကလည်း လေယာဉ်ပျံ ပစ် အမြောက်များနှင့် ပြန်ခုခံ သည်။ လေကြောင်းအချက်ပေးဥသြဆွဲလျှင် ရန်ကုန်လူထုမှာ နီးရာ ဗုန်းခိုကျင်းအတွင်းသို့ ဆင်းပြေး ၍ အန္တရာယ်ကင်းပါပြီဆိုသော ဥသြသံကြားသောအခါမှ ကျင်းက ထွက်သော ပလူပရွက်တို့ ကဲ့သို့ ကူးလူး ဆန်ခပ် သွားလာ ရောင်းဝယ်ခြင်း အလုပ်များကို ဆက်လုပ် ပြီး နီးစပ်ရာ ဗုန်းဒဏ်ထိသူ ကံဆိုးမိ သူများ အတွက် လည်း မရှုရက် မမြင်သာ ဖြစ်ကြရပါသည်။
    သို့ရာတွင် ကြာတော့လဲ ဤအတွေ့အကြုံမျိုးက ရိုးသွားပြီး မိမိတို့စီးပွားရေးကိုသာ သဲသဲ မဲမဲ လုပ်ကိုင် ရှာဖွေခြင်း ပြုကြသည်။ ကျမတို့အိမ်မှာလည်း အရပ်ရပ်မှ လာရောက်ကြသူ ကုန်ကူး သမားများ အစိုးရ လခစား များကို ဇရပ်တခုပမာ တည်းခိုစရာအဖြစ် လက်သင့်ခံရလျက်ရှိနေပါသည်။ ထိုသို့ စစ်အတွင်း လေကြောင်း ရန်ကို မပြတ်ခံယူရရင်းပင် ဒေါက်တာဘမော်နှင့် ဒို့ဗမာသခင်များ ဖြစ်ကြသော သခင်နု၊ သခင် ဗစိန်၊ သခင်ထွန်းအုပ်တို့နှင့် ဗန္ဓုလဦးစိန် စသော ၀န်ကြီးများ၏ ခေါင်း ဆောင် ဒေါက်တာဘမော်အား အဓိပတိ ကြီးဟု ခေါ်ကြရသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဘီအိုအေ တပ်မတော်ကိုလည်း စနစ် တကျ ပြန်လည်စုရုံးကာ ဘီဒီအေဟု အမည်ပြောင်းလဲ ခေါ်စေသည်။
    ခေတ်တမျိုး ပြောင်းလာသော အခါသမယကို ဖေါ်ပြရခြင်းသာဖြစ်၍ ကျမ၏ နှစ်ပေါင်း ၆၀၊ ဘ၀ခရီးကို ဤအပြောင်းအလဲများနှင့် ရောနှောမျောပါရသမျှ ဆက်လက်ရေးသားရမည် ဖြစ်ပါ သည်။ ပုံနှိပ်လုပ်ငန်းကို လုပ်ကိုင် နေရင်းမှ စာအုပ်များပြန်လည်ရိုက်နှိပ်ရန် ကြိုးစားရပြန်ပါသည်။ စာရေးမည်ဟု စားပွဲ၌ထိုင်လိုက်ပြီး တရွက် တလေမျှ ရေးအပြီးလောက်မှာ ကြောက်စရာကောင်း သော လေကြောင်းဥသြသံကြီး ပေါ်လာ တက်သည်။
ထိုအခါ ထိတ်ထိတ်ပြာပြာနှင့် ဗုန်းခိုကျင်းရှိရာ ဆင်းပြေးရပါသည်။ အန္တရာယ်ကင်း ဥသြသံကြားရမှ ကျင်းထဲက ထွက်လာရပါသည်။ သည်တော့ လဲ ရေးလက်စ စာကို ဆက်၍မရေးချင်လောက်အောင် သတင်း ဆိုး အမျိုးမျိုး တို့ကို ကြားရပါသည်။ ထိုသတင်းဆိုးများမှာ ဘယ်နေရာ ဘယ်အရပ်မှာ ဗုန်းထိသွားပြီ၊ လူတွေ ဘယ်လောက် သေပြီ၊ တိုက်တွေဘယ်လောက် ပြိုလျက် မီးလောင်ဗုန်း လက်ချက်ကြောင့် မီးခိုးတွေ တလူလူ တက်လာ သည့် ကံဆိုးမိုးမှောင်ရပ်ကွက်များဆီသို့ မျှော်မှန်းကြည့်လိုက်ရတိုင်း စိတ်မချမ်းမသာနှင့် ငါတို့လဲ ဘယ်နေ့ ဘယ်အချိန်မှာ ဒီအဖြစ်မျိုးကြုံလာ ရမလဲဟု ကျောထဲက စိမ့်လာကြရပါသည်။
သို့နှင့် အလုပ်များတွင်ကျယ်စပြုလာသောအခါ ပုံနှိပ်စက်ကို အခနှင့် ငှားထားသူ ပစ္စည်းရှင် ကပြန်လည် ပြောင်းရွှေ့ ယူလိုသည်။ သူတို့လည်း ရွှေကြက်ယက် ကုန်းအနီးရှိ ခြံမှာ ပုံနှိပ်တိုက်ဖွင့်ပြီး အပြင် အလုပ်များ လုပ်တော့မည် ဆိုသောကြောင့် ပုံနှိပ်စက်အစားထိုးရန် အပြေးအလွှား ရှာဖွေဝယ်ယူရပါသည်။
ဝယ်ယူရရှိသော ပုံနှိပ်စက်မှာလည်း စစ်ကြီးအတွင်းဖြစ်၍ ရရာကို ရှာယူလျက် အပျက်အစီး များ အစား ဖြည့်စွက် တပ်ဆင်အသုံးပြုမှသာ ဖြစ်နိုင်ပါသည်။ ထိုကြောင့် မြို့ထည်းရှိ အစိုးရပုံနှိပ် တိုက်တွင် အနှစ် ၂၀-လောက် သုံးပြီး ဟောင်းနွမ်းပျက်စီးပြီး သံတိုမယ်န ဖြစ်နေသဖြင့် ပစ်ထား သော ပုံနှိပ်စက်အပျက်ကြီး နှစ်လုံး ကို တင်ဒါစနစ်နှင့် ချရောင်းခိုက်မှာ ၀ယ်ယူလိုက်ရပါသည်။ ပုံနှိပ် စက်သာဆိုသည် ကိုယ်ထည်နှင့် ဆလင်ဒါ ခေါ် မျဉ်းလုံးကြီးသာပါလာသည်။ စပယ်ယာပတ်ခေါ် ကျန်ပစ္စည်း အစိပ်အပိုင်း တ၀က်လောက်မှာ အပြင် အပ သံပစ္စည်းရောင်းသောဆိုင်များမှ ၀ယ်ခြင်း၊ ၀ယ်မရသော ပစ္စည်းများ ပန်းဘဲမှာဖြစ်သလို လုပ်ခိုင်း ၍ တပ်ဆင်ခြင်း ပြုလုပ်သောအခါမှ အပြည့် အစုံရိုက်နှိပ်၍ ရရှိပါသည်။
ဗုန်းကြား အမြောက်ကြားမှ စတုဒီသာ ဆက်ရန်
.
No comments: