Thursday, February 18, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၃)

နောက်ဆုံး ပရိဒေ၀မီး

စာအုပ်တိုက် ပုံနှိပ်တိုက် အလုပ်များနှင့် နေလာသည်မှာ တနှစ်ခန့် ရှိလာပါသည်။ ဤကာလ အပိုင်း အခြား အတွင်းတွင် နောက်ဆုံးပိတ် သံယောဇဉ်ကြိုးတစ်ချောင်း ပြတ်ခဲ့ ရပြန်သောကြောင့် စိတ်ထိခိုက်မှု တစ်ခု ဖြစ်ပေါ် ခဲ့ရပါသည်။ ထိုဖြစ်ရပ်မှာ မိဘဘိုးဘွားများ ကွယ်လွန်သွားသောအခါ ကျမတွင် မောင်အငယ် တယောက် သာလျှင် သွေးသားအရင်း တဦးတည်းရှိ၍ သူ၏ဇနီးနှင့်အတူ ကျမထံ၌ ခေါ်ယူပြုစုထားခဲ့သဖြင့် သုံးနှစ်ခန့် အတူ နေလာသည်။ သူကြိုက်ရာ ဂီတဘက်တွင် ၀င်ရောက်လုပ်နေသည်ကိုပင် တားမြစ် ပိတ်ပင် ခြင်း မပြုတော့ဘဲ မြှောက်ထားပါသည်။

အေ၀မ်းကုမ္ပဏီ၏ ဓာတ်ပြား သွင်းခြင်း၊ အသံ ထွက် ရုပ်ရှင်ကားများ အသံသွင်းခြင်းစသော အေ၀မ်း တူရိယာအဖွဲ့တွင် သူအင်မတန် ၀ါသနာကြီးလှသော မှုတ်စရာကြီး ဆိုက်ဇိုဇုံးကို မှုတ်ရရင် သူကျေနပ် ပျော်ရွှင်နေပါသည်။ အခကြေးငွေ ရသမျှကိုလည်း သူ့စိတ်အတိုင်း သုံးစွဲလိုရာ သုံးစွဲရသဖြင့် အပေါင်းအသင်း များနှင့် အပျော်အပါး အသောက်အစားများ ဖက်လာလေသည်။

သူ့ဇနီးကလည်း နှစ်နှစ် နီးပါး အိမ်တွင် အပိုးသေသေ နေခဲ့စေကာမူ နောက်ပိုင်းတနှစ်ခန့် အတွင်းမှာ နဂါးနီ စာအုပ်ဆိုင်ခွဲ တခုဖြစ်သော ဆူးလေဘုရား စာအုပ်ဆိုင်တွင် အလုပ်ဝင်လုပ်သည့် အချိန်က စ၍ အပြင် အပတွင် အချိန်ကုန်သည်သာ များနေသည်။ စာအုပ်တိုက် အလုပ်မှ ထွက်လာ ရသော အခါတည်း ပြင်ပ အသွား အလာများ မလျှော့ဘဲ။ တခါတရံ တောပြန်လိုက်၊ ကျမထံ ပြန်လာလိုက်နှင့် စိတ်လေလွင့် နေပုံ ရသည်။
နောက်ဆုံး တချီတွင် သူ့မိခင်ရှိရာ မြောင်းမြမြို့မှာ သူအတော်ကြာကြာ နေမည်ဆိုပြီး မောင်မောင်ကိုပါ ခေါ်သွား ပါသည်။

တလ လောက်ကြသောအခါ ရန်ကုန်ပြန်လာကြ ပြန်ပါ သည်။ ဤအခါ၌ မောင်ငယ်မှာ စိတ်ဂယောင် ချောက်ချား ဖြစ်လာသည်။ ဘယ်ပုံ ဘယ်နည်း ဖြစ်ရသည်ဟု မသိရသော်လည်း တချို့ အပြောမှာ ဆေးဝါး ပယောဂနှင့် အလုပ် ခံရသဖြင့် ဖြစ်သည်။ ဘယ်သူဘယ်ဝါများနှင့် သွားလာပေါင်းသင်းမှု ရှိသည်စသော အပြော များကို ကြားသိရပါသည်။ ကျမမှာ ဒါတွေကို သိပ်မယုံပါ။

လူတွင်ပါလို့ နွားကျားကိုက်သည် ဆိုသော စကားအရ၊ သူ့ကိုယ်၌က လူငယ်ဘာဝ အပေါင်းအသင်းများနှင့် အသောက် အစား အပျော်အပါးအားကြီးမှုကြောင့် ဦးဏှောက် သွေးကြောမှာ ရောဂါပိုးဝင်စပြုလာခြင်းသာ ဖြစ်မည် ဟု ယူဆမိပြီး ပယောဂဆရာများနှင့် ကုစားရန် အကြံပေးကြသည်ကို လက်မခံဘဲ စိတ္တဇဆေးရုံမှာ အလျင် အမြန် စမ်းသပ်ပြသခြင်းဖြင့် ကျမထင်သည့်အတိုင်း ဖြစ်နေသည် ကို ဆရာဝန်များက ပြောပြ ပါသည်။

ကံကောင်းချင်၍ ရောဂါမရင့်မှီ ရောက်လာမိခြင်း ဖြစ်ပါသည်။ ခုတ်ရာ တခြား ရှရာ တလွဲဆိုသလို ပယောဂဆရာများနှင့်သာ ကုစားနေမိလျှင် အချိန်ကုန် ရောဂါကျွမ်းရင့် ခံရ ခြင်းသာ အဖတ်တင်ပါမည်။ သို့ကြောင့် စိတ္တဇဆေးရုံအထူးတန်းတွင် တင်၍ ကုသခဲ့ရာ တလကျော်မျှ အကြာတွင် ရောဂါသိသိသာသာ ပျောက်ကင်းလာသည်။ တနင်္ဂနွေနေ့များ တွင် စားစရာအစုံအလင်နှင့် သူ့မိန်းမအား သွားကြည့်စေသည်။

ငွေကုန်သည်ကို မနှော မြောပါ ရောဂါပျောက်ကင်းလာသည့်အတွက် ၀မ်းမြောက် နေမိပါသည်။ သို့ရာတွင် ဆရာဝန်က နောက်ထပ်တလလောက် နေစေချင်သည်။ အပြင်မှာဆိုလျှင် မမှားသင့်ဒါတွေ ထပ်တွေ့ပါက ပြန်၍ရောဂါ ရဦးမည်ဆိုသောကြောင့် တလထပ်နေစေရန် နားချရပါသည်။ သို့ရာတွင် နားမထောင်ပါ။ အိမ်မှာသူ့မိန်းမနှင့် အတူလာနေချင်သည်ဆို၍ ဆရာဝန်နှင့် တိုင်ပင်ရပြန်သည်။

ဆရာဝန်က အနေအထိုင် ဆင်ခြင်နိုင်မည်ဆိုလျှင် အပြင်မှာဘဲ နေပါစေ၊ ဆေးထိုးရန် တပါတ် တခါလာ ဘို့နှင့် နေ့စဉ်စားဆေးများလည်း ထုတ်ပေးထားပါမည်ဆိုသောကြောင့် ပြန်ခေါ်ရပါသည်။ သို့သော် ကောင်းစွာ မနေပါ။ သူ့ဇနီးကလည်း အိမ်ထဲမှာချည်း မနေနိုင် ပျင်းသည်ဆိုကာ မကြာ မကြာ အပြင် ထွက်လည် တတ်ရာ သူကပါ မနေရစ်ဘဲ၊ ပူးတွဲ ပူးတွဲ နှင့် လိုက်သွားကာ နေ့ညမစဲ ရုပ်ရှင်ပွဲ အငြိမ့်ပွဲများ သွားလာ ကြည့်လေ့ရှိသည်။ စားရန် ဆေးဝါးများမှာလည်း အချိန်မှန် မှီဝဲခြင်း မပြုတော့ပါ။

ဆေးကိုအချိန်မှန် စားသော်လည်း အပြင်ထွက်သောအခါ အပေါင်းအသင်းများနှင့် ပြန်တွေ့ပြီး မူရင်းအတိုင်း ၀ါသနာကို ပြန်ကောက် ပျက်စီးနေသည်။ ကျမမှာ အလုပ်တာဝန် များက တဘက် သူတို့အတွက် ကြောင့်ကြ နေရသည် ကတဘက်နှင့် စိတ်မသက်မသာ ရှိနေရပါသည်။ ထိုအတွင်း ယောက်မဖြစ်သူအား စိတ်မှပျော်ပါစေတော့ဟု ကျမတတ်အားသမျှ လက်ဝတ်လက်စား ကလေးများ တပ်ဆင်ပေးထားရာ တခါတွင် သူ၏မိတ်ဆွေများကို ၀ါးခယ်မ သင်္ဘောတွင် သွားပို့ရင်း ကျမဆင်ထားသော စိတ်ချယ် လက်စွပ် တကွင်း ရေထဲ မတော်တဆ ကျသွား သည်ဆိုပြီး၊  လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ခါ ပြန်လာ ကြသည်။

ဤသို့ ဒေါသဖြစ်လာလျှင် အကင်းမသေသော ရောဂါက တိုးလာတတ်ပါသည်။ လက်စွပ်ရေထဲ ကျရသည်မှာ သင်္ဘောမှာ လိုက်ပို့ခဲ့ရသော မိတ်ဆွေမက ပြစမ်းပါဆို၍ ချွတ်ပြရင်း လက်ထဲမှ မတော်တဆ ရေထဲသို့ လွတ်ကျရသည်ဖြစ်ကြောင်း သက်သေထူကြသည်။ ကျမက ပြန်ရမှာ မဟုတ်၍ အပြစ်တင် မနေတော့ပါ။ နောက်များ မကြာမီ မြောင်းမြမြို့သို့ ပြန်ဦးမည် ဆိုပြန်သည်၊ မောင်ဖြစ်သူကလည်း သူ့မယား ပြန်က သူပါခဏလိုက်သွားဦးမည် ဟု ဆိုသည်။ ကျမက ဆေးထိုးရန် ဆေးစားရန် မပျက်ကွက် စေလိုသော ကြောင့် နေရစ်ခဲ့ ဘို့ နားချသော်လည်းမရပါ။

သို့မိန်းမကို မျက်စေ့အောက်က အပျောက်မခံနိုင်သော အခြေ အနေ ထူးဆန်းမှု တခုကို တွေ့မြင်ရပါသည်။ ကျမ အတန်တန် တား၍မရသောအခါ ယခင် တခေါက်သွားစဉ်က စိတ်ကတောက် ကတက် ဖြစ်လာသည်၊ ကံကောင်း ၍ ကုရကျိုးနပ်ပြီး လူပြန်ကောင်းလာရသည်။ ယခုတခေါက်သွားလျှင် အမှားမှားအယွင်းယွင်း ဖြစ်ပြီး ရောဂါ ပြန်ရပါက သေသည်အထိ ကု၍ရတော့မည် မဟုတ်ကြောင်း ဖွင့်ပြောရပါသည်။ ဒါပေမဲ့ ဘယ်နည်း နှင့်မှ တားမရ၊ တားသူကိုပင် ဒေါသတကြီးနှင့် ခံပြောလျက် ထွက်ခွာသွားပါ တော့သည်။

ထင်သည့်အတိုင်းပင် ထွက်သွားပြီး ၁၅ရက်ခန့် ရှိသောအခါ မောင်မောင် အသဲအသန် မမာ၍ ဆေးရုံတင်ထားရသည်။ မျှော်လင့်စရာ မရှိဟု သံကြိုးရပါသည်။ ကျမ ဘာမှမတတ် နိုင်တော့ပြီ ကျမစကား နားမထောင်၍ ဖြစ်ရလေခြင်းဟုသာ အသဲနာရတော့သည်။ ရန်ကုန်မှာလည်း စစ်မီးကြောင့် လှုပ်လှုပ်ရွရွနှင့် ညစဉ် မီးမှောင် များချထားချိန် ဖြစ်သည်။ ကျမကိုယ်တိုင် သွားကြည့်ရန် စီစဉ်နေဆဲ၌ နောက်တနေ့ မောင်မောင် ဆုံးပြီဟု သံကြိုးရ ပြန်သည်။

သေဆုံးရသည့် ဝေဒနာမှာ အံသွားနာကြောင့် ရောင်နေသော သွားဖုံးများကို ပါးစောင်ရိုး အောက်မှာနေပြီး ခွဲစိပ် ကုသခံရာမှာပင် ကြက်အရှင် လယ်လှီးခံရသလို မချည့် မဆန့် သေရသော ကံဆိုး မိုးမှောင် မောင်ကလေး ပါလားဟု မကြည့်ရက် မမြင်ရက်နှင့် အဝေးမှ ရင်ကွဲပက်လက် ပရိဒေ၀မီး တောက်ရပါသည်။ သို့ကြောင့် ကျမ စိတ်ကို ဆုံးဖြတ် ချက်ချလိုက်သည်။ အသက်ပြန်ရှင်လာတော့မည် မဟုတ်သည့်အတူ မြင်ရလေ ရင်ကွဲရ လေဖြစ်မည့်အတူ၊ သူလိုက်သွားချင် လှတဲ့ မြောင်းမြမြို့မှာ အစဉ်ထာဝရ ခေါင်းးချ နေလေ တော့ဟု လှလှပပ သင်္ဂြိုဟ်ပြီး အုတ်ဂူကလေးနှင့် ထားလိုက်ပါ။ ကျမလာမကြည့်ရက်ဘူး ဟု စရိတ် စက ကုန်ကျရန် ငွေကြေးအလုံအလောက် သံကြိုးနှင့်ပို့ပေးလိုက်ပါတော့သည်။ ဤအချိန်ကစ၍ လောကကြီး မှာ ကျမသည် အရင်းအချာ သွေးသားသံယောဇဉ်ဟူ၍ မရှိတော့ဘဲ တကောင်ကြွက် တမျက်နှာ နှင့် နေလာခဲ့ရသည်မှာ ယနေ့အထိ ဖြစ်ပါတော့၏။

ယင်းသို့ မောင်အငယ် မောင်မောင် သေဆုံးခဲ့သည်မှာ နှစ်ပေါင်း-၂၀ကျော်လာခဲ့ပြီဖြစ်သော် လည်း ဒိုရာမသန်းအေး ၏ မြပန်းခွေသီချင်း၊ မေရှင်နှင့် ခင်နှင်းရီ စသူတို့ သီဆိုကြသော အေ၀မ်းဓာတ်ပြား သီချင်း များကို တခါတရံ ရေဒီယိုမှ အသံလွှင့်လိုက်သောအခါ သူ၏ စိုက်ဇိုဖုံးသံ ကို တီးကွက်များ အကြားမှ ပေါ်လာ တိုင်း ရင်ထည်းမှာ ဆို့လာတတ်၍ ကျမ နားကို ကပြာကသီ ပိတ်ထားလိုက် ရသည့်ချည်းသာ ဖြစ်ပါသည်။

အလာကောင်းသော်လည်း အခါနှောင်းလေပြီ

၁၉၄၀-ခု ဒီဇင်ဘာလတည်းသို့ ရောက်ရှိခဲ့လေပြီ။ တယောက်တည်းသာ ရှိသော သားချင်း အရင်းတဦး ဆုံးပါးသွားရသဖြင့် စိတ်ကြည်လင်မှု မရှိသော်လည်း အလုပ်စားပွဲမှာ ထိုင်၍ စာရေးနေချိန်မှာ မေ့မေ့ လျော့လျော့ နှင့် သက်သာရာ ရပါသည်။

စာအုပ် ထုတ်သော လုပ်ငန်းမှာ အောင်မြင်နေလျှက် စီးပွားရေးဘက်မှ နေကြည့်လျှင်လည်း တနည်း အားတက် စရာ ကောင်းလျက် ရှိပါသည်။ သို့ရာတွင် ကျမမှာ စာရေးရန် အကြံဥာဏ် ထုတ်ရသည် က တဘက်၊ ကျန်ရှိသော အလုပ်ကိစ္စ ဗါဟီရတွေတဘက်နှင့် လပိုင်းမှ နှစ်ပိုင်းသို့ ကူးလာသောအခါ ပင်ပန်း နွမ်းနယ် လာသည်။ စီးပွားရှာဘက် ဖြစ်လိမ့် မည်ထင်ခဲ့သော ဘ၀ခရီးဖေါ်မှာ ဟံသာဝတီတိုက်မှ ယခု အချိန်ထိ အလုပ်က မထွက်သေး ဘဲ အချိန်ဆွဲ နေခြင်းကိုလည်း စိတ်တိုလာပြီ။

သို့ကြောင့် တနေ့သောနံနက် စောစောအခါ ကန်တော်ကြီးတပတ် လမ်းလျှောက်နေကြအတိုင်း လျှေက်လာ ခဲ့ကြရာ ကုတ်ကိုင်း လမ်းတလျှောက်တွင် အလုပ်ထွက်ဘို့ကိစ္စကို အရေးဆိုလိုက်သည်။ ယခင်နည်းအတိုင်း ခဏဆိုင်းပါဦးဟူသော အဖြေကိုသာ ပေးသည်။ ကျမသည် ရှေ့ဆက်ပြီး သည်းမခံလို တော့၍ ယနေ့အလုပ်မှ ထွက်မလား၊ မထွက်ဘူးလား ဆိုဒါ ယတိပြတ်ပြောပါဟု တင်းတင်း မာမာ မေးရတော့သည်။ ဤတွင်မှ ယနေ့ဘဲ ထွက်ခဲ့ပါတော့မည် ဆိုသော ကတိကို ဘောင်ဒရီလမ်း ယခု မိုးညှင်း တောရ ရှေ့ အရောက်တွင် မှတ်မှတ်ရရ ရရှိပါတော့သည်။

အိမ်ပြန်ရောက်သောအခါ ၉-နာရီ လောက်တွင် အလုပ်တိုက်သွား၍ နှုတ်ထွက်ရန် အကြောင်းကြားပြီး ခါတိုင်းလို ၁၂-နာရီအထိ မနေစေဘဲ ၁၀-နာရီ ပြန်ရောက်ဘို့ မှာလိုက် သည့်အတိုင်း ပြန်ရောက်လာခဲ့သည်။ ယနေ့အလုပ်ထွက်ပြီးခဲ့၍ ကိုယ့်အလုပ်တိုက် ကိုယ်ဦးစီးလျက် ရှေ့ဆက်လုပ်ငန်းချဲ့ထွင်ရန် အကြံအတိုင်း ဆောင်ရွက်ရတော့မည်ဟု စိတ်ချလိုက်သည်။ ဤသို့ အတင်းအကြပ်ကိုင်ရခြင်းကြောင့် အလုပ်က ထွက်ဖြစ်ခဲ့သည်။

သို့ရာတွင် အလာကောင်းသော်လည်း အခါနှောင်းခဲ့ရချေပြီ။ ၁၀-နာရီခွဲ ခန့်လောက်ပင် ရှိဦးမည် ထင်ပါသည်။ ယခင် လေ့ကျင့်ထားခဲ့သောလေကြောင်း ရန်အတွက် အချက်ပေး ဥသြသံများသည် ဆူညံစွာ မြည်ဟီး ကြွေးကြော် လိုက်၏။ လူတွေသည် ရှေးဦးစွာ နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြုံ လာရသောအခါ ရုတ်တရက် ဘာလုပ် ရမှန်းမသိ ပြူးကြောင်သော မျက်စိကလေးတွေနှင့် အငေးသား ဖြစ်နေကြပါသည်။ ဥသြ သံနှင့် မရှေ့မနှောင်း ကောင်းကင်ယံမှ များပြားလှသော လေယာဉ်စက်သံတွေ ပေါ်လာပြီး ၀ှီးကနဲ နိမ့်ဆင်း ပျံဝဲလာသည်ကို သိလိုက်ရသည်။

တခဏ ၌ အုံးကနဲ၊ ဒိုင်းကနဲ သိမ့်သိမ့် ခါ ပေါက်ကွဲသံကြီးများကို၎င်း၊ တဒက်ဒက်နှင့် အချက်ပေါင်းများစွာ စက်သေနတ်ပစ်ဆွဲရင်း နိမ့်ဆင်းရာမှ ၀ဲကျံတက်သွားသော လေယာဉ်ပျံတို့၏အသံကို၎င်း၊ ကမ္ဘာပျက်သည့် အလား တပြိုင်နက် ပေါ်ပေါက်လာကြပါတော့သည်။

ကျမ တို့လည်း ဘာလုပ်ရမည်မသိ၊ လျင်မြန် တိုတောင်းလှသော အချိန်ပိုင်းကလေး အတွင်းမှာ လေကြောင်း သတိပေးဥသြဆွဲသံ၊ အုပ်လိုက် ၀င်လာသော ဂျပန် တိုက်လေယာဉ်ပျံသံများနှင့် တဆက်တည်း ဗုန်းကြဲသံ၊ စက်သေနတ် ပစ်သံတို့ တခဲနက် ပေါ်လာသောအခါ ဒုတိယကမ္ဘာစစ်၏ ဘေးဒဏ် ကို ပဌမဦးဆုံး လက်တွေ့အားဖြင့် ဆားမြီး ကြရပြီး၊ စစ်မီး၏ပူလောင်သော သရုပ်သဏ္ဍာန်ကြီးက အကောင် အထည်စ၍ ဖေါ်ပြလိုက်ခြင်းခံရသောအခါ တိုက်ခန်းအတွင်းမှာ စားပွဲအောက်ဝင်သူဝင်၊ ကုတင် အောက် ပုန်းသူကပုန်း၊ အခန်းဒေါင့်ကြားမှာ သွားကပ်သူက ကပ်နှင့်၊ ဖြစ်ကတတ် ဆန်း ဘေးလွတ်မည် ထင်ရာ၌ အကာအကွယ် ယူလိုက်ကြပါသည်။
ထိုနေ့သည် ဒီဇင်ဘာလ ၂၃-ရက်နေ့ မနက် ၁၀-နာရီနှင့် ၁၁-နာရီကြားမှာ ဂျပန် ဗုန်းကြဲ တိုက်လေ ယာဉ်များ ရန်ကုန်မြို့သို့ ပထမအကြိမ် လာရောက်ဗုန်းကြဲတိုက်ခိုက်ခံရခြင်း ဖြစ် ပါသည်။

ဗုံးချသံများ စဲသွားသည်နှင့်တပြိုင်တည်း တမြို့လုံးရှိ သူများသည် ပုန်းအောင်းရာ မှ ထွက်၍ အုတ်အုတ် ကျက်ကျက် ကြည့်ရှုကြသည်၊ ထွက်ကြည့်သူတိုင်းမှာ အကြောက် လွန်ပြီး မျက်လုံးကြီးတွေ ၀ိုင်းနေသည်ကို တွေ့ရပြီး၊ တချို့မှာ သွေးရူးသွေးတန်း ပြေးလွှား လာသည်။ မီးလောင်ဗုံးအထိခံရသော ရပ်ကွက်များဆီမှ မီးခိုးလုံး တွေလည်း အလိပ်လိပ် တက်လာလျက် ရှိပါသည်။

တယောက် စကားတယောက်ကူးလျက် ပန်းဆိုးတန်းဘက်တွင် ရှိသော ၀ပ်ဆင်တိုက်နှင့် ၎င်းနေရာ ပတ်ဝန်းကျင်တ၀ိုက်မှစပြီး ကမ်းနားဘက်တွင်၎င်း၊ ဆူးလေဘုရားအနီးဒါလဟိုဇီလမ်းမကြီးပေါ်တွင်၎င်း၊ စက်သေနတ်ထိမှန်ခံရသူ၊ ဗုံးဒဏ် ခံရသူတို့၏ အလောင်းတွေသည် အနှံ့အပြား မြင်မကောင်း၊ ရှုမကောင်း ဖြစ်နေသည်ကို ကြားသိရသောအခါ ရန်ကုန်တမြို့ ဖြစ်နေသည်ဟု ကြားသိရသောအခါ ရန်ကုန်တမြို့လုံး ဗြုံးကနဲ ချောက်ချားတုန်လှုပ်သွားပါသည်။

လေကြောင်း ရန်ကို လက်တွေ့ နားမလည်ကြသေးသဖြင့် ပလူပရွက်တွင်းက ထွက်သည့် နှယ်၊ ပုန်းရာမှ ထွက်လာကြပြီး မီးလောင်ဗုံးကျရာဋ္ဌာနများနှင့် နေရာအနှံ့ အတုံးအရုံး သေဆုံးနေကြသူများကို သွားရောက် ပြေးလွှား ကြည့်ရှုသူများသည်၊ နောက်တချီ တိုက်လေယာဉ်ပျံများ တကြော့ပြန်လာပြီး ဗုံးချဦမည်ဆိုလျှင် ခံကြရ ပေဦးမည်။ ကျမတို့ လမ်းထိပ်သို့ ထွက်ကြည့်ကြသောအချိန်မှာပင် အလွန်တရာ စောလွန်း နေသေးသဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ဂျပန်ဗုံးကြဲတိုက်လေယာဉ်ပျံ အုပ်စုသည် ရင်ဘောင်တန်း ပျံဝဲသွားသော ဗျိုင်းအုပ်တအုပ်၏သဏ္ဍာန်ကဲ့သို့ ပြန်လှည့်သွားကြဆဲ ဖြစ် သည်ကို တွေ့မြင် နေရ ပါသေးသည်။

လေယာဉ်ပျံ ပစ်အမြောက်တို့၏ မီးခိုးကလေးများ ကလည်း မထိမမိနှင့် မိုးပေါ်မှာ မကြာခဏ ပေါက်ကွဲ ပြလျက် ရှိပါသေးသည်။ သို့ရာတွင် ထိုနေ့က အတင့်ရဲလှသော ဂျပန်လေသူရဲနှစ်ဦး မောင်းနှင်သော ဗုံးကြဲ တိုက်လေယာဉ် နှစ်စင်းမျှ အမြောက်ထိမှန်လျက် ပျက်ကျခဲ့သေး၏။

ဗုံးကြဲမခံရမှီ စောစောပိုင်းကလည်း စစ်ဘေးကို ကြောက်လန့်သော အချို့သူများသည် ရန်ကုန်မြို့မှ သူတို့ အဆက်အသွယ်ရှိရာ တောမြို့များသို့ တဖျောက်ဖျောက် ထွက်ခွာ ပြောင်းရွှေ့လျက် ရှိကြပါသည်။ ယနေ့ကဲ့သို့ မြင်မကောင်းအောင် ကြမ်းကြုတ် ဆိုးဝါးလှသော အဖြစ်များကို ကိုယ်တွေ့မျက်မြင် ဖြစ်လာ သောအခါမှာ အသက်ကိုလု၍ ပြေးမှသာ ဖြစ်တော့မည်ဟု သဘောပေါက်ကုန်ကြပါသည်။

နှစ်ပေါင်းများစွာမှ အေးချမ်းသာယာစွာ နေလာသော မြန်မာလူမျိုးတို့အဘို့မှာ ကမ္ဘာပျက်သလောက် ထိတ်လန့်ကြောက်ရွံ့မှု ပြင်းထန်ကြည်မှာလည်း ခေတ်မှီလက်နက် ဖြစ်သော ဗုန်းအမြောက် စက်သေနတ် လေယာဉ်ပျံများ ပေါ်လာမှ ဖြစ်ပွားခဲ့ကြသော စစ်ဘေးဒဏ်ကို ဤတကြိမ်သာ ပထမ ဦးစွာ လက်တွေက သိရှိ ရသောကြောင့် ဖြစ်ပါသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက စာတွေ့ မှတ်သားကြားနာ လာခဲ့ရသော ဗုံးကြဲ တိုက်လေယာဉ်တို့နှင့် တိုက်ခိုက်ခြင်း တမိနစ်လျှင် အချက်ပေါင်းများစွာ လူသားတွေကို သတ်နိုင် သော၊ စက်သေနတ်များအကြောင်းကို ယနေ့ ကိုယ်တွေ့ ကြုံကြရလေပြီ။

သို့ဖြင့် အထုပ်အပိုး ပြင်ကြပြီး နီးစပ်ရာ မြို့ရွာများသို့ ရှောင်တိမ်းကြရန် အမြန်ဆုံး လှုပ်လှုပ် ရှားရှား ပြေးလွှား နေကြပါသည်။ စပြီး ဗုံးကြဲချပြီဆိုလျှင် ဂျပန်တိုက်လေယာဉ်ပျံများမှာ နောက်ထပ်အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ရန် ရောက်လာတော့မည်ဖြစ်ရကား၊ သူ့ထက်ငါ ဦးအောင်သာ ပြေးရှောင်ကြရန် ပြင်ဆင် ကြပါ တော့သည်။

အချို့အလုပ်ခွင်မှ မရှောင် သေးသော သူများကလည်း သားသမီး နှင့် ဇနီး အိမ်သူတို့ကို ဘေးလွတ်မည် ထင်ရာ သို့ ကမန်း ကတန်း ပို့ကြသည်။ အထုပ်အပိုးတထမ်းတရွက်စာနှင့် မီးရထားသင်္ဘော တို့မှ ပြေးသူများ၊ မီးရထား သင်္ဘောများက လူမဆန့်၍ နောက်တနေ့ မဆိုင်း လိုသူများကလည်း ကုန်းကြောင်း ခရီးမှ နီးစပ်ရာ မြို့ရွာသို့ ခြေလျင်သွားသူများသည် ကတ္တရာခင်း လမ်းမကြီး၏ ဘေးစောင်း မှာ ရေစီးချောင်း သဘွယ် အဆက် မပြတ် လူတွေပြည့်ကြပ်ရွေ့ ရှားလျက် ရှိနေပါသည်။
ကားကြီး ကားငယ် အသွယ်သွယ်ကလည်း ပြည်လမ်း-မန္တလေးတလျှောက်မှာ ခေါင်းအမြီး ဆက်၍ ပြေးကြ သော တိရစ္ဆာန်ပုံပြင် တခုအတိုင်း ရိုင်းသည်ဟုမဆိုသာ မိမိ အသက်ဘေး လုံခြုံရာကို သတ္တ၀ါမှန်သမျှ ရှာဖွေ ပုန်းအောင်း ရမည့် အသိတရား အတိုင်း ကြိုးစားကြ ခြင်းသာ ဖြစ်ပါတော့သည်။

စစ်ပြေးဘဝ ဆက်ရန်
.

No comments: