မြေးစေးများခြောက်သွေ့မာကျောသွားသည်အထိ ကျွန်မစောင့်နေပါသည်။ ရာသီဥတု ပူအိုက်နေ သည် ဖြစ်၍ ကြာကြာတော့ မစောင့်ရပါ။ ကျွန်မက ကလေးမလေး၏ဖခင်အား '' သူ၏ စိတ်စောနေ မှုကိုထိန်းချုပ်၍ ပလာစတာကို တနင်္ဂနွေ ခြောက်ပတ်ကြာသည်အထိလက်ဖျားနှင့် မတို့ရန်နှင့် ခြောက်ပတ်ပြည့်ပြီးမှ အသား ကို မထိခိုက်စေဘဲ ဓားနှင့် ပလတ်စတာကို လှီးဖြတ်ရန်'' ညွန်ကြား လိုက်ပါသည်။ သူသည် ထပ်ခါတလဲလဲ ကျွန်မကို ကျေးဇူးတင် စကားပြောပြီး ကလေးကိုချီမကာ ထွက်သွား ပါတော့သည်။
စက်ဘီးပေါ်ပြန်တက်၍ အိမ်သို့ပြန်လာခဲ့ရာ ဖြစ်သလို ကုသခဲ့သည်ကို တစ်လမ်းလုံးတွေးပြီး စိုးရိပ် နေမိ ပါသည်။ '' ငါတတ်နိုင်သလောက်ကြိုးစာကုပေးခဲ့တာပဲ။ ငါဘယ်လိုကြိုးစားပေမယ့် သူလက်က တစ်သက်လုံး ပြန်မကောင်းတော့ဘူး ဆိုရင်လည်း ငါဘာတတ်နိုင်မှာလဲ'' ဟု၍ တွေးလာမိသည်။
ကျွန်မ၏ ခြမြေးစေးတွင် ရောဂါပိုးပါသွားနိုင်သည်။ ကလေး၏ဖခင်ကလည်း စိတ်ရှည်ရှည်ထား ချင် မှ ထား နိုင်မည်။ ပလာစတာ များ ကို အချိန်မကျဘဲ ခွာပစ်လိုက်သော်၊ အရိုး ကလည်း ကျကျနန မဆက် သေးလျှင်၊ ပလတ်စတာများကလည်း မူလ်ဇာတိဖြစ်သော မြေမှုန့်ဘ၀ကို ပြန်ရောက်ခဲ့ပါက စသော အတိမ်း အစောင်း များ အမှားအယွင်း ရှိနိုင်သည်များကို တွေး၍မဆုံးတော့ပါ။ ကလေးမလေး ရောဂါ မြန်မြန် ပျောက်ပါစေ ဟူ၍သာ ဆုတောင်း ရတော့သည်။
သို့သော် အားမရှိလှပါ။ ကလေးမလေး၏ အခြေအနေမှန်ကိုလည်း ကျွန်မသိနိုင်တော့မည် မဟုတ်ဟုပင် ထင်မိ ပါသည်။ မြန်မာနိုင်ငံတွင် ထို လုပ်သူကို သော်လည်းကောင်း။ ဖခင်လုပ်သူကို သော်လည်းကောင်း ပြန်လည်တွေ့ ဆုံနိုင်ဖွယ်ရာ မရှိဟုကျွန်မထင်မှတ်ခဲ့သည်။ ကျွန်မ၏ အထင်မှာ ဒီတစ်ချီတွင် မှားယွင်း သွားခဲ့ပါသည်။
လူနာများကို လိုက်လံ ကြည့်ရှု ဆေးကုသ နေရသည်ကို ကျေနပ် နေမိပါသည်။ သို့သော် အတိုင်း အတာ မရှိဘဲ ဆေးကုသ ပေးနေ၍ မဖြစ်ကြောင်း ကျွန်မ နားလည်ထားပါသည်။ ကျွန်မ၏ ဘ၀တွင် အခြေခံ လိုအပ်ချက် ပစ္စည်းများ ရရှိရေးမှာ တဖြည်းဖြည်း ပိုမို ခက်ခဲလာခဲ့ပါသည်။ ကျွန်မ၏ လူနာရှင် များကလည်း သူတို့၏ စီးပွားရေး အခြေအနေ နိမ့်ကျလာသည်နှင့် အမျှ ကျွန်မအား ပေးကမ်းနိုင်ခြင်း လျော့နည်း သွားခဲ့ ပါသည်။
မှောင်ခိုလုပ်ငန်းက ကြီးထွားလာပြီး ဈးတွေက ခေါင်ခိုက်နေသည်။ တန်ဖိုးရှိသော ပစ္စည်းတစ်စုံတစ် ရာ ၀ယ်ယူ လိုသော် တန်ဖိုးမရှိသော ငွေစက္ကူများကို အိတ်နှင့် အပြည့်အသိပ် ထည့်ယူသွားရန် လိုအပ်ပါသည်။ သို့ပင် ဖြစ်စေကာမူ များများ စားစား မရနိုင်ပါ။
ကျွန်မ ကုတ်ကုတ် စုဆောင်းထားသည့် လက်ဝတ် လက်စားများကို တဖြည်းဖြည်း ချရောင်း ရတော့ သည်။ လက်ဝတ် လက်စားများ ကုန်ခန်းသွားသော အခါ ရှိသမျှပစ္စည်းများကို ချရောင်းရပြန်သည်။ ခြင်ထောင်များ၊ ခန်းဆီးများ၊ စားပွဲ၊ ကုလားထိုင်များ ချရောင်းခဲ့ရာ ကျွန်မ ရောက်စက အိမ်ထောင်ပရိ ဘောဂများ ကင်းမဲ့ လျက်ရှိသော ' ဂျိုင်းဗီးလ်' သည်မူလအနေအထား ပြန်ဖြစ်လာခဲ့သည်။
မကုန်ခန်း နိုင်သေးသည်ကတော့ ကျွန်မ၏ အချိန်နှင့် ဆေးကုသမှုပညာပင် ဖြစ်ပါသည်။ အခြေအနေက တဖြည်းဖြည်း ဆိုးရွား လာသည်နှင့်အမျှ လူသူ အရေအတွက် က များပြား လာခဲ့သော် လည်း ကျွန်မ ရရှိသည့် အစားအစာ များက ပို၍ နည်းပါး လာပါသည်။
ကျွန်မအနေနှင့် ယခုအတိုင်း သွားနေ၍ မဖြစ်တော့ပြီ။ ပြတ်ပြတ် သားသား ဆုံးဖြတ်ရတော့မည်။ အာဟာရ ဓာတ် ပြည့်ပြည့်၀၀ မစားသုံးရ၍ အားအင်ကုန်ခန်းပြီး အခြားရောဂါများ ကပ်ငြိလာမည့် အရေးကို ကျွန်မ တွေးပူမိ သည်။ ထိုသို့ဖြစ်လျှင် ကျွန်မကို မှီခိုနေကြ သူသည်လည်း သူတို့၏ ကံကြမ္မာကို သူတို့ဘာသာ ဖန်တီး ရပေ တော့မည်။ ဘိုးသူတော်လဲလျှင် တောင်ဝှေးက ထူပေးနိုင်တော့မည် မဟုတ်ပါ။
ထိုသို့ လှည့်လည် ဆေးကုသနေစဉ် လူများက နေ့စဉ် ဖြစ်ပျက်နေသမျှတို့ကို အမြဲလေ့လာရန် နှင့် အခြား အကြံဥာဏ်များ ပေးကြပါသည်။ တစ်နေ့တွင် ကျွန်မက စားဝတ်နေရေး အခက်အခဲရှိနေ သည်ကို လူမမာ တစ်ဦးအား ပြောပြခဲ့ရာ ၄င်းက'' ရန်ကုန်မြို့တွင် ကံစမ်းသင့်ကြောင်း၊ ရန်ကုန်တွင် ဆိုလျှင်ငွေရှာရသည်မှာ လွယ်ကူ လိမ့်မည် ဖြစ်ကြောင်း'' အကြံပေးပါသည်။ ပြင်ဦးလွင်နှင့် ရန်ကုန် ခရီး အတန်လှမ်းပါသည်။
သို့သော် မက္ကင်တိုင်ယာတို့က ဖခင်နှင့်တကွ တိရိစ္ဆာန်မျာအတွက် တာဝန်ယူမည်ဟု ပြောဆိုနေပါသည်။ သူတို့ထက် စိတ်ချရသူ မရှိနိုင်ပါ။ ကျွန်မက ရန်ကုန်တွင်နှစ်ရှည် လများ နေရန် မရည်ရွယ်ပါ။ အကယ်၍ နေဖြစ် သွားခဲ့သော် ဖေဖေ့ကို တစ်နည်းနည်းဖြင့် ရန်ကုန်သို့ ခေါ်ယူ ရန်စဉ်းစားရပါမည်။
ယင်းသို့သော အခြေအနေတွင် ကျွန်မ၏မိခင်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့ပါသည်။ ယခုစာသည် ကျွန်မထံ ချောချော မောမောရောက်လိုမှ ရောက်မည်ဟု မေမေ ယုံမှားသံသယ ရှိနေပါ လိမ့်မည်။ စာအိတ် ပေါ်တွင် လိပ်စာတပ်ထားပုံက ထူးဆန်းနေသည်။
စစ်အကျဉ်းသားများ၏ စစ်အကျဉ်းသားစာတိုက်
မစ္စအိပ်(ခ်ျ)ရော့ဒရစ်၊
မေထရွန်၊ ပြည်သူ့ဆေးရုံ၊တောင်ကြီးမြို့။
တောင်ပိုင်းရှမ်းပြည်၊မြန်မာပြည်။
ဗြိတိသျှစစ်အကျဉ်းသားမှ၊ တစ်ဆင့် ဂျပန်ကြက်ခြေနီ သူနာပြု တိုကျိုမြို့။
စစ်မက်ဖြစ်ပွားနေသော နိုင်ငံနှစ်ခု နယ်စပ်ကို ဖြတ်ကျော်၍ ဤစာသည် ကျွန်မထံသို့ ချောချော မောမော ရောက်လာ ခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာ မျက်လှည့် ပြသလို ခံစားမိ ပါသည်။
'တောင်ကြီး ဆိုသော စာလုံးပေါ်တွင် မင်နီဖြင့် ဖြစ်ထားပြီး ' ပြင်ဦးလွင်' ဟူ၍ အစားထိုး ရေးထား သည်။ စာအိတ် ပေါ်တွင် ရိုက်နှိပ်ထားသော တံဆိပ် အမှတ်အသား များကိုမူ ဖတ်၍ မရတော့ပါ။
ယင်းစာ (တရိုတသေ သိမ်းထားပါသည်) တွင် မိခင်၏ လိပ်စာကို အစိုးရ၏ သီးသန့်ဆေးရုံ၊ ဘန်ဂလိုမြို့၊ အန္ဒိယနိုင်ငံ ဟု ဖော်ပြထားသည်။
မေမေ၏ အချစ်ဆုံး ဟယ်လင်
သမီးသာ ယခုအချိန်၌ မေမေတို့၏ ချစ်နှစ်သက်သည့် အိမ်တွင်နေထိုင်လျက် ရှိနေမည်ဆိုလျင် ဆေးရုံတွင် ရှိသော လူမမာများအား ပြုစုကုသပေးနေမည်ဟု မေမေသိနေပါသည်။ သမီးအတွက် မေမေ စိတ်ပူ နေရပါသည်။ ကျန်းမာချမ်းသာစွာ ရှိပါစေဟု ဘုရားမှာ ဆုတောင်းနေပါသည်။ လူအချို့က သမီးသည် တောင်ကြီး တွင်ပင်ရှိနေသေးသည်ဟု ပြောကြပါသည်။ မေမေနှင့် တစ်ပါတည်း မည်သည့်အတွက် သမီး လိုက်မလာသည်ကို မေမေ မသိပါ။ သမီးသည် ကျန်းမာသူများ၏ အပေါ်တွင် မေတ္တာတရား၊ ကရုဏာ တရား များ ထားရှိသူ တစ်ဦး ဖြစ်သည့်အတွက် သမီးအပေါ်၌ မည်သည့် ဘေးအန္တရာယ်မှ မကျရောက်နိုင်ဟု မေမေ သိနေပါသည်။
မေမေ၏စာများကို ဖတ်ရပြီးစိတ်ဓာတ်တက်ကြွ လိမ့်မည်ဟုမျှော်လင့်ပါသည်။သမီးဖေဖေကို ဂရုစိုက်ပါ။ တစ်နေ့သော အခါတွင် မေမေတို့အားလုံး ပြန်ဆုံကြရဦးမည် ဖြစ်ပါသည်။ မေမေသည် သမီးနှင့် အတူ မကွဲမကွာ နေခဲ့လိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ပါသည်။ မေမေ့ကို လော်ရီကားပေါ်သို့ တင်ပေးပြီး နောက်က သမီးလိုက်လာမည်ဟုပြောခဲ့သည်။ မေမေ စောင့်မျှော်နေပါ သေးသည်။ ဒါပေမဲ့ အချည်းအနှီး ပါပဲ။
အခုအချိန်မှာ မေမေ ဆုတောင်း နေရတာကတော့ သမီးနဲ့ မေမေတို့တစ်တွေ ပြန်လည်တွေ့ဆုံဖို့ နှဲ့ သမီး ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ ရှိစေဆိုတာပါပဲ။
မေမေ စာကိုဖတ်ပြီး ကျွန်မငိုမိပါသည်။ မိခင်ထံမှ နောက်ဆုံး အဖြစ်အပျက်များကို သိရသဖြင့် ၀မ်းသာ သွားခဲ့ပါသည်။ တစ်ချိန်တည်း တွင်ပင် စိတ်ထဲ၌ စိုးရိပ်ပူပန် သွားမိပါသည်။ မေမေသည် လက်ရေး လက်သား အလွန်လှသူ ဖြစ်သည်။ ယခုစာတွင် ရေးထားသည်တို့မှာ မပီမသ၊ စာကြောင်း များကလည်း အဆက် အစပ်မရှိ အလွန် ဖတ်ရ ခက်ပါသည်။ မေမေသည် ကြမ်းတမ်းသော ဘ၀ခရီး ၏ ဒဏ်ကို ခံစား နေရ ရှာကြောင်း လက်ရေးကို အကဲခတ်ခြင်း ဖြင့် သိသာထင်ရှားလှပါသည်။
ဖေဖေသည် စိတ်ကို မထိန်းနိုင်ရှာဘဲ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရှာသည်။ တစ်နည်း အားဖြင့် စိတ်သက် သာရာ ရသွား ၍ ဖြစ်ပါသည်။ သူ့အတွက်ဤစာသည် ပျော်ရွှင်မူ ဖြစ်စေခဲ့ပါသည်။ သို့အတွက် ကျွန်မသည် ရန်ကုန် သွား၍ အလုပ်လုပ်ရန် နောက်ဆံတင်းနေစရာ မလိုတော့ပါ။ အကယ်၍ ကျွန်မရှုံးနိမ့်ခဲ့သော် ဤစစ်ကြီး ပြီးဆုံးသည် အထိ ကျွန်မတို့၏ ဘ၀ရပ်တည်နိုင်ရေးမှာ မျှော်လင့် ချက် အလွန်နည်းပါး သွားဖွယ် ရှိပါသည်။

၅
စစ်အတွင်း မြန်မာပြည်၌ ခရီးသွားလာရသည်မှာ အပင်ပန်းခံနိုင်မှုရှိမရှိကို အစမ်းသပ်ခံရသလို သာ ဖြစ်လိမ့် မည်ဟု ကျွန်မစိတ်လျှော့ထားခဲ့ပါသည်။ တကယ် ခရီးထွက်သောအခါ သွေးထွက် အောင် မှန်နေ ပေသည်။ ကြက်သွန်ဖြူများ၊ ချင်းများ တင်ဆောင်ထားသော ကုန်တွဲနှင့်လိုက်ပါလာ ခဲ့ရာရက်အတန်ကြာ စီးရပြီး နောက် ခရီးဆုံးသို့ ရောက်သွားတွင် ကြက်သွန်နီဥများကို ရှာလေကာ ရည်နှင့် စိမ်ထားသော အနံ့များ ခံစားနေရသည်။
ကျွန်မနှင့် တရင်းတနှီးရှိပြီး ချစ်ရပါသော ရန်ကုန်မြို့မှာ ဂျပန်တို့၏ဗုံးဒဏ်ခံထားရကြောင်း အမှတ် အသား များကို မျက်ဝါးထင်ထင် တွေ့ရပါသည်။ မြို့သူမြို့သား အမြောက်အများ ထွက်ပြေး နေကြစေကာမူ ဆိပ်ကမ်း များ၌ လူစည်ကားလျက် ရှိပါသည်။ ရောင်းဝယ်ဖောက်ကားခြင်းမျိုး သက်သက်မဟုတ်ဘဲ အခြေအနေ ခိုင်မြဲ လာသည့် သဘော ဖြစ်ပါသည်။
မစ္စတာ မက္ကင်တိုင်ယာက ရန်ကုန်တွင်ရှိသော သူ့မိတ်ဆွေရှမ်းအမျိုးသမီးတစ်ဦး၏ လိပ်စာကို ပေးလိုက် ပါသည်။ ကျွန်မအား နေအိမ်နှင့်အလုပ်မရမချင်း သူမ၏အိမ်တွင် တည်းခိုပါဟု အလွန်ကြင်နာစွာနှင့် ခွင့်ပြု ခဲ့ပါ သည်။
ယာယီဆေးရုံအဖြစ် အသုံးပြုနေသော ဒိုင်အိုစီဆင် မိန်းကလေးကျောင်းသို့ နောက်တစ်နေ့ နံနက် စောစော ထွက်လာ ခဲ့ပါသည်။ ထိုဆေးရုံတွင် ကျွန်မနှင့် သိကျွမ်းသူက ဆေးရုံအုပ်ကြီး ဖြစ်နေကြောင်း ကို အံ့သြ ၀မ်းမြောက် စွာ တွေ့ရပါသည်။ မဆိုင်းမတွပင် '' ကျွန်မကို အလုပ်ခန့်မလား''
''ခန့်မှာပေါ့ ဟယ်လင်၊ ၀မ်းမြောက်ဝမ်းသာနဲ့ ခန့်မှာပါ၊ တစ်ခုတော့ ရှိတယ်၊ မင်းရဲ့နာမည်ကို ပြောင်းပစ် ရမယ်၊ မြန်မာအ၀တ်အစား ပြောင်း ၀တ်ရမယ်'' ဟုသူက ပြောပါသည်။
''နောက်ထပ်ဘာမှ မပြောနဲ့တော့၊ နာမည်လည်းမပြောင်းဘူး၊ အ၀တ်အစားလည်း မပြောင်းနိုင်ဘူး၊ ကျွန်မကို လက်ရှိ အခြေအနေအတိုင်း ခန့်ချင်ခန့်၊ ဒါမှမဟုတ် မခန့်လည်း ရပါတယ်'' ပြောလိုက်ပါသည်။
''မင်းရဲ့ လုံခြုံမှု့ အတွက် ပြောရတာပါ။ ဒီမှာက အသားဖြူ အမျိုးသမီး တစ်ယောက် အနေနဲ့ အန္တရာယ် သိပ်များတယ်၊ နောက်ပြီးဂျပန်တွေကလည်း မြန်မာလူမျိုး တွေကို သူတို့သာလျှင် မိတ်ဆွေစစ်ဖြစ်ကြောင်း ကြိုးစားပြီး သိမ်းသွင်းနေကြတာ''ဟုသူက ရှင်းပြပါသည်။
သူအကြံပေးသလို လိုက်လျောမည်ဆိုပါက အဆင်ပြေသွားပါမည်။ သို့သော် ထိုသို့သဘောတူရန် ကျွန်မ ကိုယ် ကျွန်မ တိုက်တွန်း၍ မရပါ ထိုသို့လိုက်လျောလိုက်ခြင်းဖြင့် ဂျပန်များအား စစ်နိုင်သူများအဖြစ် အသိ အမှတ် ပြုရာ ရောက်သွားပါမည်။

ဆက်ရန်
.
6 comments:
မရွှေစင်ဦး ရေ စာလာဖတ်ပါတယ်ခင်ဗျ။
ဖတ်ရတာ ဆံ့ ငင်ဆံ့ ငင်ဖြစ်နေပါတယ်။
:)
ကျေးဇူးပြုပြီး တော့ များများ တင်ပေးပါ။
ခင်သော
မောင်မောင်
မြန်မာပြည်၏ ဟယ်လင် အပိုင်း (18) ကို စောင့်နေတယ်လေ အမရာ။
အမ မအားလည်း အမ သမီးလေးတွေ ရိုက်ခိုင်းလေ။
နောက်ပြောတာမဟုတ်ဘူး။ စိတ်ဆိုးနဲ့။ လူဆိုး
ပြင်ဦးလွင်ဆေးရုံမှာ ဆိုင်ကယ်များနေ့စဉ်ပျောက်ဆုံးနေပါသည် ကူညီ၍အထက်သိအောင်ဆောင်ရွက်ပေးစေလိုပါသည် ကျေးဇူးအထူးတင်ရှိပါသည်

Post a Comment