Thursday, February 18, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၁၈)

ကျွန်မ မေမေနှင့်ဖေဖေတို့တစ်တွေ အပင်ပန်းခံလာသမျှ ထိုသို့ လိုက်လျောလိုက်ခြင်းကြောင့် လူအများ၏ ကဲ့ရဲ့ လှောင်ပြောင်ခြင်းကို ခံရဖွယ်ရှိပါသည်။ ပို၍ဆိုးရွားသည်မှာ ငွေမက်၍ လိုက်လျောသည် ဆိုပါက သစ္စာ ဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သွားခဲ့ပါသည်။

ကျွန်မဘက်က တင်းလွန်းသဖြင့် အဆင်မပြေ ဖြစ်သွားခဲ့ပါသည်။ လိုက်လျောလျှင် ကျွန်မအား တစ်လ လခငွေ ၃၀ ဖြင့် အလုပ်ခန့်မည်ဖြစ်ပါသည်။
အဓိဌာန် ချထားသော ကျွန်မ၏မျက်နှာကို မြင်တွေ့နေရသဖြင့် သူသည် ကျွန်မခေါင်းမာနေပုံကို ရိပ်မိပြီး စကားပြောင်း လိုက်ပါသည်။
'' မင်းကို တွေ့ချင်နေတဲ့လူ တစ်ယောက် အပေါ်ထပ်မှာ ရှိတယ် စစ္စတာ ဒေါ်ခင်ကြည် လေ'' ဟုပြော ပါသည်။

မမျှော်လင့်သော သတင်းကို ကြားရ၍ ၀မ်းသာသွားခဲ့၏။ တစ်ချိန်သောအခါက လောကနိဗ္ဗာန် အလား ပျော်စရာ ကောင်းလှသော ရန်ကုန်မြို့တွင် ကျွန်မတို့နစ်ဦး သူနာပြုဆရာမများအဖြစ် အတူ လုပ်ကိုင် ခဲ့ကြရာမှ အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာကွဲကွာ နေသော မိတ်ဆွေ တစ်ဦးအား တွေ့ရမည်ဖြစ်၍ အံ့သြသွားမိ၏။

သူမ၏ အခန်းထဲသို့ ရောက်သောအခါ '' သီးသန့်လူနာဆောင်၌ တက်ရောက်ကုသလျက်ရှိသော လူမမာ တစ်ဦးအား သူမ အနေနှင့် ချစ်ခင် စွဲလမ်းလျက် ရှိကြောင်း၊ သူတို့နှစ်ဦးလက်ထပ်ရန် စေ့စပ် ထားကြောင်း'' ပြောပြပါသည်။

ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ကျွန်မသိတန်သလောက် သိထားပါသည်။ ဂျပန်များက သူ့အား ဗိုလ်ချုပ် ရာထူး ပေးပြီး မြန်မာစစ်တပ်၏ သေနာပတိအဖြစ် ခန့်ထားသည်။ သူသည် စစ်မဖြစ်မီက ဗြိတိသျှ ဆန့်ကျင်ရေး သမားဖြစ်၍ သခင်ပါတီ၏ အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့သည်။
၎င်း တို့၏သခင်ပါတီကို မတရားအသင်း အဖြစ် ကြေညာလိုက်သော အခါသူနှင့်အတူ အဖွဲ့ဝင်အချို့၊ ဂျပန်ပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။

သူ့အား အရာရှိသင်တန်းကျောင်း၌ တက်ရောက် စေပြီး ဂျပန်ကဗြိတိသျှတို့အား မြန်မာပြည်မှ မောင်းထုတ် နိုင်က မြန်မာတိုင်းသူ ပြည်သား များ လွတ်လပ်သွားကြမည် ဟူသောယုံကြည်ချက်ကို လက်ခံ လာစေသည်။ သူသည်ဂျပန် ကျူးကျော်ရေး သမားများနှင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာပြီး ပဉ္စမံ တပ်သားများ ထူထောင်ရာတွင် ကူညီခဲ့သည်။

မခင်ကြည်၏ လူရွေးမှုကို ဘ၀င်မကျလှပါ။ သူမအား စိတ်မပါတပါနှင့်ပင် ချီးကျူးစကား ပြောခဲ့ပါသည်။ သူမ အနေနှင့် စိတ်ဓာတ် မကျစေလိုပါ။ သူမကဆက်လက်၍ '' ကန်တော်ကလေး ရပ်ကွက်ရှိ ဆင်းရဲသားများ၏ သီလရှင် ကလေးများ ဆေးရုံ၌ အလုပ်ခန့်အပ်ခြင်းခံရကြောင်း၊ သူမအနေဖြင့် အလုပ်လက်ခံရန် မလို တော့၍ ကျွန်မအား ထိုအလုပ်ကို လျှောက်ရန်'' ပြောသောအခါကျွန်မမှာ ၀မ်းသာအားရ ဖြစ်သွား ခဲ့ပါသည်။ ကျွန်မအား နှစ်ခါတိုက်တွန်းရန်မလိုပါ။

နေ့လယ်စာ စားရန်ဖိတ်ခေါ်သည်ကိုပင် မစားတော့ဘဲ ကန်တော်ကလေးဘက်သို့ ထွက်ခွာလာခဲ့သည်။ မခင်ကြည်နှင့် မတွေ့မီ အချိန်တုန်းကသာဆိုလျှင် ဤသတင်းမျိုးအတွက် လက်တစ်ဖက်ကိုပင် ဖြတ်ပေး နိုင်ပါသည်။

ဤနေရာတွင် အလျဉ်းသင့်၍ ရေးရပါဦးမည်၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ်တွင် အမြင်မှန်နှင့် ကြည့်ရပါမည်။ သူ့ကိုအကြိမ်ပေါင်းများစွာ ကျွန်မ တွေ့ဖူးခဲ့ရာမှ သဘောကျလာခဲ့ပါသည်။ သူသည် ကောက်ကျစ်သော သွေဖည်ရေး သမားတစ်ဦး မဟုတ်သည့် အပြင် တိုင်းပြည်ကို လေးလေးနက်နက် ချစ်ခင်သူ တစ်ဦးဖြစ်ပြီး လွတ်လပ်ရေး ရသည်ကို မြင်ချင်သူတစ်ဦး ဖြစ်ပါသည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် သူ လိုချင်သော လွတ်လပ်ရေးမျိုး မဟုတ်သည်ကို သူမကြာမီ တွေ့ရှိလာခဲ့ပါ သည်။ တစ်စထက်တစ်စသူ၏ မျှော်မှန်း ချက်များ၊ ပြိုကွဲသွားခဲ့သည်။

နောက်ဆုံးတွင် ဗြိတိသျှတို့ဘက်သို့ သူ၏စစ်တပ်နှင့်အတူ သူကိုယ်တိုင်ပူးပေါင်းလာသည်။ ယင်းသို့ ကမ်းလမ်း လာသည်ကို ဘုရင်ခံနှင့် တကွဝန်ကြီးများ အဖွဲ့က ဒေါသတကြီး ပယ်ချခဲ့သည်။ သို့သော် လော့ဒ် မောင့်ဘက်တန် နှင့် ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း တို့ကမူ သူ၏ ကမ်းလှမ်းချက်ကို လက်ခံ လိုက်ကြပါသည်။ သူတို့နှစ်ဦး ယင်းသို့ဆုံးဖြတ်လိုက်သည့် အတွက် ၀မ်းနည်းဖွယ်ရာ အကြောင်း တစ်စုံတရာ မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်း ၏ စစ်တပ်များသညှ်ဗိုလ်ချူပ်ကြီးစလင်း၏ လက်အောက်တွင် တိုက်ပွဲ ၀င်ခဲ့ရာ မျိုးချစ် စိတ်ရှိသူ အစစ်အမှန်ဖြစ်ကြောင်း သိရှိသွားပြီး အထင်ကြီး လေးစား သွားခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေး ရရှိရန်အတွက် သူ၏အစဉ်တစိုက် ကြိုးပမ်းမှု ဆုလာဘ်သည် '' ကျဆုံးခြင်း '' ပင်ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၁၉ ရက်နေ့တွင် ၀န်ကြီးများအစည်းအဝေး ကျင်းပနေခိုက် ဦးစော၏ တပည့်များ အခန်းထဲသို့ ရုတ်တရက်ရောက်လာကြပြီး မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခြင်း ခံရ၍ အခြား ၀န်ကြီးများ နှင့်အတူ ကျဆုံးသွားခဲ့ပါသည်။ ဤနိုင့်ငံတော် လုပ်ကြံမှုတွင်ဦးစောသည် လည်းပါဝင်ပတ်သက်ကြောင်း ခုံရုံးတော် က စစ်ဆေးတွေ့ရှိသဖြင့် သေဒဏ်ပေးလိုက်ပါသည်။

ဆေးရုံ၏ တာဝန်ခံ ဆရာဝန်ကြီးမှာ ဂျပန်ဆရာဝန် ဒေါက်တာဆူဇူကီးဖြစ်ပါသည်။ စစ်မဖြစ်မီက ရန်ကုန်မြို့ တွင် ဆေးခန်းဖွင့်၍ ငွေကြေးအမြှောက်အမြား ရယူသွားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သွားကြသော ဂျပန်အများအပြားထဲမှ တစ်ယောက်ဖြစ၍ ဗြိတိသျှတို့ကလည်း ၄င်းတို့အားပေါ့ သေးသေးဟုပင် ယူဆခဲ့ ကြပါသည်။ သူတို့သည် ခွေးကလေးများ အမြီးတ နန့်နန့်လုပ်သလို ဗြိသျှတို့ အားမျက်နှာလိုအားရ  လုပ်တတ် ကြပါ သေးသည်။

ဓာတ်ပုံဆရာသည် စစ်အရာရှိများ၏ ဇနီးမယားနှင့် ကလေးများကိုဓာတ်ပုံရိုက်ပေသလိုနှင့် စစ်ရေးပြ ပွဲများ၊ ခံတပ် များကို ဓာတ်ပုံရိုက်ယူကြသည်။
သွားစိုက်ဆရာ ကလည်း သွားကိုနုတ်ပေးသလို၊ ညှိပေးသလိုဖြင့် သတင်းများကို နှိုက်ယူသွား ကြသည်။ ဆရာဝန် များကလည်း 'ဒီပုတ်ထဲကပဲ ဒီပဲ' ပင်ဖြစ်ပါသည်။
တစ်ဖက်သားအား ကူညီတတ်သော၊ ရိုးသားပုံရသော၊ ပညာရှင်များကို ဂျပန်စုံစမ်းတောက် လှမ်းရေးဌာနက လူစုပြီးမြန်မာနိုင်ငံသို့ စေလွတ်၍ သူတို့တွေ့ရှိချက်များကို တိုကျိုမြို့သို့ အစီရင်ခံ စေလိမ့်မည်ဟု လူအများ၏စိတ်တွင်းဝယ် အထင်မှတ်ခဲ့ကြပေ။

သို့ဖြစ်၍ဂျပန်စစ်တပ်များ ၀င်ရောက်တိုက်ခိုက်လာကြသောအခါ ရန်သူ၏အင်အားကို သိနေပြီး ၀င်ရောက်ရန် လမ်းများကိုပါ သိနေကြပြီးဖြစ်ပါသည်။
ဒေါက်တာဆူဇူကီးနှင့် ၀င်ရောက်တွေ့ဆုံရသည်က တိုတိုတုတ်တုတ်ဖြင့်ပင် ကိစ္စပြီးစီး သွားခဲ့သည်။ အလုပ် ကို ကျွန်မ ရပါသည်။ ကျွန်မအနေဖြင့်' ဘူးသုံးဘူး' ကိုဆောင်းရပါမည်။ အလုပ်ခွင်တွင်ကြုံ တွေ့ကြားသိ ရသမျှ မျုားကို ' မကြားဘူး၊' 'မပြောဘူး 'ဟူ၍ကတိတည်ရပါမည်။

ကျွန်မကသာ စိတ်ဝင်စားမည် ဆိုပါက သီးသန့်ပြင်ပ လူနာဌာနကို ကျွန်မအား အုပ်ချုပ်စေမည်ဟု ပြောပါသည်။ လခမှာ ၇၅ကျပ် ဖြစ်သည်။သူ၏ စည်းကမ်းသတ်မှတ်ချက်များကို ကျွန်မသဘောတူ လိုက် ပါသည်။ ကျွန်မဘက်က အပြန်အလှန် စည်းကမ်းချက် ရှိရမည် ဖြစ်သော်လည်း ကြိုတင်မျှော် မှန်း၍ လည်းမရ၊ တိုင်ပင်ရမည့်သူကလည်း မရှိ၍ ဘာမျှမပြေပါ။

အလုပ်ကပင်ပန်းလှသည်။ သို့သောမကျေနပ်စရာမရှိပါ။ မြို့ပေါ်တွင်လူ အတော် များများသည် ငွေဝယ်ကျွန် များသဖွယ် မ၀ရေစာ စားနေရချိန်၌ ကျွန်မ၏ လခက ကောင်းလှပါသည်။ ဂျပန်များသည် အလုပ်တစ်ခု လုပ်ရန်ရှိသည့်အခါတွင် ထိုအလုပ်ပြီးစီးနိုင်ရန်အတွက် လူများကို စုဆောင်းရာ၌ သူုတို့ငှားရမ်းသူသည် ထိုအလုပ်နှင့် ကိုက်ညီသည်မကိုက်ညီသည်ကို လည်းကောင်း၊ အခကြေးငွေ ပေးချေရာတွင် တန်ရာတန်ဖိုး ဖြစ်သည်ကိုလည်းကောင်း စဉ်းစဉ်းစားစား လုပ်ကြသူမျုား မဟုတ်ကြောင်း ကျွန်မကိုယ်တွေ့ ဖြစ်လာ ခဲ့ပါသည်။

ဒေါက်တာဆူဇူကီးသည် သူ၏အလုပ်တွင် အလွန်တော်သူ၊ဆက်ဆံရေး ကောင်းသူတစ်ဦး ဖြစ်ရုံသာ မက ရန်ကုန်မြို့ ၏ ဘုရင်ခံတမျှ အာဏာရှိနေသူလည်း ဖြစ်ပါသည်။ သူသည်သူ၏ ငွေကြေးချမ်းးသာ မှုကို ရှေးရှု့ လုပ်ကိုင်နေသူ ဖြစ်ပါသည်။

ကျွန်မအတွက် ရသောအခန်းမှာ ယခင်က သီလရှင်တစ်ဦး၏ အခန်းဖြစ်၍ ပြတင်းပေါက်မရှိပါ။ လေမရ၍ အလွန်ပူအိုက်လှပါသည်။ တစ်ချိန်သောအခါက ယခု လုပ်ထားသော ဆေးရုံသည် ဘုရားကျောင်း တစ်ခု ဖြစ်ခဲ့သည်ကိုမူ ခေါင်းပြတ်၊ လည်းပင်းပြတ်ဖြစ်ကာ ပြန့်ကျဲနေသည့် ရုပ်တုများက သက်သေခံနေပါသည်။ အလွန်တရာလှပခဲ့သော ဘုရားရှိခိုးကျောင်းသည် ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီး ဘုရားဆောင် ကိုမူ တမင် တက်သက် ဖျက်ဆီးထားပါသည်။

ဒေါက်တာဆူဇူကီးသည် သူလက်ခံ ကုသပေ့းနေသော လူနာထံမှ ဆေးကုသခအဖြစ် အင်္ဂလိပ် ငွေစက္ကူ ကိုသာ လက်ခံပါသည်။ သူသည်သူ၏ အရှင်သခင်များကို တက်တက်ကြွကြွ ထောက်ခံ အားပေး နေသူဖြစ်သော်လည်း ဂျပန်ငွေစက္ကူအပေါ်တွင် အယုံအကြည်ရှိသူ တစ်ဦးမဟုတ်ပါ။
သူ၏ သီးသန့်သူနာများ၏ ဆေးကုသခများကို သူ၏အိတ်ကပ်ထဲသို့ တန်းတန်းမတ်မတ် ၀င်သွားခဲ့ သလို အိတ်ကပ် ထဲမှပင် မကြာခဏပြန် ထွက်လာကြပြန်သည်။

ထွက်လာပုံမှာ နှစ်မျိုးနှစ်စားဖြစ်ပါသည်။ သူသည်အရက်သေစာ အလွန်ကြိုက်သူ ဖြစ်ပါသည်။ သူ၏ မယားငယ် အမျိုးသမီးကိုလည်း အရူးအမူးချစ်နေသူ တစ်ဦးဖြစ်ပါသည်။ သူသည် အရက် အလွန် အကျူး သောက်စေကာမူ အရက်မူးခြင်းဒဏ်ကို ခံနိုင်ရည်ရှိသူ မဟုတ်ပါ။ သူအရက် မူး၍လူမှန်းသူမှန်း မသိချိန် တွင် အမျိုးသမီးက သူ၏အိတ်ကပ်ထဲ ပါလာသမျှသော ဆေးကုသခ များကို အကုန်အစင် နိုက်ယူ ထားလိုက် တတ်ပါသည်။

သူပြန်လည် သတိရလာသော အချိန်တွင် ခေါင်းက မူးနောက်နောက် ဖြစ်နေသေးသဖြင့် ငွေရေး ကြေးရေး အကြောင်းကို သတိမရနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ၏အမျိုးသမီးကို ချစ်လွန် လွန်း၍ မကန့် ကွက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သူ၏ငွေရပေါက်ရလမ်းမှာ အပြင်လူနာများဖြစ်၍ ငွေကြေးချမ်းသာသော အိမ်တွင်းပုန်းမများ ဖြစ်ပါသည်။ အိမ်တွင်ပုန်းမများ၏ မျက်နှာကို သူတို့၏ ယောကျာ်းများကသာ ကြည့်ခွင့်ရှိသဖြင့် လူနာအား တစ်ကိုယ်လုံး စမ်းသပ် စစ်ဆေးရန် ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ သူတို့သည် သူတို့ ၏ အိမ်များတွင် ကျွန်မ ကိုသာ အစစ်ဆေးခံလိုကြပါသည်။

အမျိုးသမီင်္း များ၏ အိမ်တွင်းပုန်းစနစ်မှာ ခေတ်မမီတော့သော်လည်း တစ်ဦ်းနှင့်တစ်ဦး ပြောင်ပြောင် တင်းတင်း ကြည့်ခွင့် ပေးခဲ့လျှင်မနာလို ၀န်တိုဖြစ်ကြမည်ကို တားဆီးလို၍ စည်းကမ်းချမှတ်ထား ခြင်းဖြစ် ပါသည်။

အိမ်တွင်း ပုန်းအမျိုးသမီးများနှင့် ခင်မင်သိကျွမ်းခွင့် ရသောအခါ သူတို့က '' ယောကျာ်းဆရာဝန် များ ကိုင်တွယ် စမ်းသပ်ခြင်းကို တထိတ်ထိတ်ဖြင့် စိုးရိပ်မိကြောင်း'' ဖွင့်ဟပြောပြကြပါသည်။ ယင်းသို့ အိမ်တွင်းပုန်း ကုလားများထံ သွားရောက်ရန် ဒေါက်တာဆူဇူကီးအား ခွင့်တောင်းခဲ့ရာ ရှောရှော ရှူရှူ ခွင့်ပြုရုံ မျှမက သူ၏ မော်တော်ကားကိုပင် သုံးခွင့်ပြုခဲ့ပါသည်။ သူ၏၀င်ငွေကို မထိခိုက် သမျှ သဘော ကောင်းသော လူစားမျိုးဖြစ်ပါသည်။ယင်းသို့ ၂လမျှအိမ်တွင်းပုန်း အမျိုးသမီးများနှင့် ဆက်ဆံလာရသောအခါ ကျွန်မ ရသော လစာငွေကို ဓာတ်ဆီဖိုး အဖြစ်နှင့် သူ့ကိုပြန်ပေးနိုင်ခဲ့ ပါသည်။

ဒိုင်အိုစီဆင် မိန်းကလေးကျောင်းအတွင်းရှိ ဆေးရုံသို့ သွားရောက်ခဲ့စဉ် မိမိသိက္ခာကို ထိန်းသိမ်း သောအားဖြင့် ခေါင်းမာခဲ့မူကို တစ်ပတ်လျှော့ချလိုက်ပါသည်။ လမ်းမပေါ်၌ လှောင်ပြောင်ရှုတ်ချလို ကြပါသည်။ ကျွန်မအနေဖြင့် အန္တရယ်နှင့် ရင်မဆိုင်ရစေကာမူ စိတ်မောဖွယ်ရာ အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာ ပါသည်။ သို့ဖြင့်ပင်ကျွန်မသည် ကုလားမများဝတ်သော ဆာရီကို ပြောင်းလဲ ၀တ်ဆင်ရ ပါတော့သည်။

အစပထမ၌ ရှက်သလိုလို ဖြစ်သော်လည်း ကိုယ်ကျိုးစွန့်ရခြင်းမျိုးတော့ မဟုတ်ပါ။ အမှန်အားဖြင့် ဆာရီသည် ပူအိုက်သော ရာသီနှင့် ကိုက်ညီသည့်အပြင် ၀တ်ဆင်ရာ၌ သက်သောင့်သာ ရှိလှပါသည်။ ကုလား အမျိုးသမီးများ မည်သည့်အတွက် ဆာရီကို အစဉ်အလာအားဖြင့် တန်ဖိုးထား ၀တ်ဆင်ကြောင်း သဘောပေါက်မိကာ များစွာ အချိန်နှောင်းပြီးမှ လက်ခံ ကျင့်သုံးမိသည်ကိုပင် စိတ်မကောင်း ဖြစ်မိပါသေးသည်။

ကျွန်မသည် တစ်လလျှင် ၀င်ငွေ ၂,၀၀၀ ကျပ်မျှရရှိနေရာ ထိုအချိန်က ငွေလုံးငွေရင်းပင် ဖြစ်ပါသည်။ ငွေကြေးစုဆောင်းမိလာသောအခါ ပြင်ဦးလွင်သို့ ပြန်ရန်အစီအစဉ် ချပါသည်။ ဖခင်အ တွက်အသုံး လိုမည်ပစ္စည်းများကို စတင်ဝယ်ယူပါသည်။ ဈေးနှုန်းများက ခေါင်ခိုက်နေသောကြောင့် ကြောက်စရာ ကောင်း လောက်အောင် ငွေများက အသုံးမခံပါ။

ရှပ်အကျီတစ်ထည် ၄၅ ကျမ်၊ စွပ်ကျယ် တစ်ထည် ၄၅ကျပ်၊ ဖလန်နယ် ဘောင်းဘီ တစ်ထည်ကို ၁၀၀ကျော်ပေးရသဖြင့် ရှိသမျှငွေများချောကုန်ပါသည်။ ဖိနပ်တစ်ရန်၏ ဈေးသည် စစ်ကြိုခေတ်၌ အရန်၃၀ ၀ယ်ရ၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံ၌ မရှိမဖြစ်သော နွေမိုးနှစ်မျိုးစလုံးသုံးနိုင်သည့် ထီးဟောင်း တစ်လက်၏ တန်ဖိုး သည်ပင် ကျပ်၂၅၀ ခန့်ဖြစ်နေပါသည်။

ဒေါက်တာဆူဇူကီးက အင်္ဂလိပ်ပိုက်ဆံကိုသာ ဆေးကုခအဖြစ်ဘာကြောင့် လက်ခံကြောင်း နားလည် သဘောပေါက်လာခဲ့ပါသည်။ ကျွန်မသည်ပိုက်ဆံများများရလေ ပြင်ဦးလွင်၌ ၀ယ်၍မရနိုင် သည့်မရှိ မဖြစ် ပစ္စည်း များကို လိုက်လံဝယ်ယူရသဖြင့် များများကုန်လေ ဖြစ်နေပါသည်။ ဇိမ်ခံပစ္စည်း များ မဟုတ်ပါ။

စုဆောင်း ထားသော ငွေများကုန်သွားသောအခါ ရန်ကုန်တွင်ပင် ဆက်နေပြီး ငွေရှာရ ပြန်သည်။ ကြယ်သီးကတ် များ၊ မျှော့ကြိုးများ အပ်ချည်လုံးများကို ရှာဖွေဝယ်ယူ စုဆောင်းရပါသည်။ အင်္ဂလိပ် စစ်တပ်များ ဆုတ်ခွာသွားစဉ်က ကျန်ရစ်ခဲ့သော အ၀တ်အထည်များကို ဆိုင်များတွင် တင်၍ ရောင်းချ နေသည် ကို တွေ့ရသဖြင့် တော်တော် များများ စိတ်ကြိုက်ဝယ်ယူခဲ့ပါသည်။

ဆက်ရန်
.

1 comment:

Anonymous said...

ဒါမှ ဒို့အမကွ

မဖတ်ရ မချင်း မအိပ်ဘူး
စောင့်နေတာ။

ကျေးဇူးပါဘဲ အမ နဲ့ သမီးများရေ

အိပ်ပြီ
ခူးခူးခေါခေါ