Monday, February 8, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၃)

သေတ္တာအတွင်းမှ ရတနာပစ္စည်းများ

များမကြာမှီ မန္တလေးမြို့မှ ကျမ၏ဘိုးဘုရား မျှော်လင့်စရာမရှိတော့၍ အမြန်လာဖို့ကြေးနန်းရောက် ရှိလာသဖြင့် ကျေးဇူးရှင်ကြီးအား နောက်ဆုံးကန်တော့သော အနေဖြင့်သွားကြရပါသည်။ မန္တလေး ရောက်သော အခါ သက်တော်(၈၈)နှစ်မျှ ရှိသောဘိုးဘုရားအား အသက်မှီသည်ဆိုရုံမျှသာ မှီပါတော့သည်။ သား, မြေး, မြစ်တို့နှင့် အဆွေတမျိုး တပည့်တပန်းများမှာ အပါးတွင်ဝိုင်းရံလျက် အရိပ်ကြည့် နေကြရ ပါသည်။ ဆရာတော် သံဃာတော်ကြီးများလည်း ကြွရောက်လာလျက်ပရိတ် တရားတော်များရွတ်ဖတ် သရဇ္ဈာယ် ကြပါသည်။

ဆရာတကာဖြစ်သော ဘုန်းတော်ကြီးများအလှည့်ကုန်လျင် သ္မီးများ မြေများက ပရိတ်တော်များ ရွတ်ကြ ရမည် ဖြစ်ပါသည်။ သ္မီးများ ရွတ်ဖတ်၍ မြေများ အလှည့်ရောက်သောအခါ ဘကြီးဖြစ်သူက သူ၏သ္မီး အလတ် အား အထူးအခွင့်အရေးပေးပြီး တဦးတည်းသာ ရွတ်ဖတ်စေပါသည်။ မဟာသမယ သုတ်၊ အနတ္တ လက္ခဏာ သုတ်၊ ဓမ္မစကြာသုတ် တို့မှာ ကျမအဖို့ ၉-နှစ်အရွယ် ၁၀-နှစ်အရွယ်ကပင် ၀တ်ရွတ်သော လူကြီး များနှင့် ၀တ်ရွတ် နေကျဖြစ်၍ အားကျမခ့သင့်အံလေ့ကျက် ယူရသူမဟုတ်ပါ၊ သို့ရာတွင်ကျမအား ရှေ့တိုး၍ ရွတ်ဆို ပေးခွင့် မပြုဘဲ ချန်လှပ်ထားသည်။ ချန်လှပ်ထားရုံ ဆိုလျှင် တော်ပါသေးသည်။

ဝိညာဉ် ချုပ်ငြိမ်းမည့် အချိန်ကိုဝိုင်းရံစောင့်နေကြရသော လူမမာအနီးအပါးက လူများဘက်သို့လှည့် ကာ စာတတ်တယ် ဆိုဒါ ခုလို နေရာမျိုးမှာ အသုံးချရမှ အဖိုးတန်တာ၊ တွေ့ကရာ စာတွေ ဖတ်နေတတ် လို့ အလကား ပဲဟုကျမကို မျက်စောင်းထိုး ကြည့်ပြီး ပြောလိုက်သည် ကိုခံရပါသေးသည်။ အရေး ထဲအရာ ပေါ်ပြီး သ္မီးကိုဂုဏ်ဖော်ပေးသည်ထက် ကျမဘက်ကတွေးလျှင်လည်း ဘိုးအေ၏အရေး၌ ပင်ပရိတ်ရွတ်ရန် အခွင့်အရေးမရပိတ်ပင် တားဆီးမှုခံရသည်က တသက်တာတွင် မေ့နိုင်စရာအ ကြောင်းမရှိတော့ပါ။

ရည်ရွယ်ချက် ကတော့ ၀ိညာဉ်ချုပ်ငြိမ်းခါနီး လူမမာအားဘုရားတရား အာရုံကိုစွဲမြဲသွားစေရန် ထုံးစံ အရ ပြုကြခြင်း ဖြစ်ပါသည်။ ရေတွင်းရေကန် ရှစ်သောင်းလေးထောင်၊ ဘုရာစေတီပေါင်း ရှစ်သောင်း လေးထောင် ပြုခဲ့သော ကုသိုလ်ပါရမီရှင် သီရိဓမ္မာသောက မင်းကြီးပင်လျှင်ဝိညဉ်ချုပ်ခါနီး ဘုရားတရား အာရုံတခု မတော် တဆ လွတ် သွားမှုကြောင့် တမလွန်ဘ၀ ၌ ခေတ္တခဏ စပါးကြီးမြွေ ဘ၀ ရောက်ရသေး သောကြောင့် ထုံးစံ အလေ့အလာ အတိုင်း မတော်တဆ သတိလစ် ခဲ့သော မြတ်စွာ ဘုရားနှင့် တရားတော် တို့ကို သတိရ စေရန်ဖြစ်ပါသည်။

ကျမရောက် ၍ နောက်တနေ့၌ ဘိုးဘုရား အနိစ္စ ရောက်ပါသည်။ မြန်မာဘုရင် တို့၏ မှုးတော်မတ် တော်ကြီး များအနက် အားလုံး ကွယ်လွန် အနိစ္စရောက်ကုန်ကြပြီး တယောက် ထီးထီး အသက် (၈၈) တိုင်တိုင် နေထိုင် ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်၍တကြောင်း၊ ထူးကဲသော ပညာရှိကြီးတဦး အဖြစ် နှင့် တမြို့လုံး ကြည်ညို ရိုသေကြသည် တကြောင်း၊ ဆင်းရဲချမ်းသာ ဂုဏ်နိမ့်ဂုဏ်မြင့် မရွေး အကူ အညီ အလိုရှိ၍ အရေး ဆိုလာလျှင် သားသ္မီးများ၏ကိစ္စကို ဆောင်ရွက်ပေးသည်နှင့်မခြား တတ်အား သမျှ အကူအညီ ပေးလေ့ရှိသာ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်သောကြောင့်တကြောင်း၊ အင်္ဂလိပ်အစိုးရတို့ အတွက်လည်း အခက်အခဲပေါ်လာသမျှ ဖြေရှင်းပေးရခြင်းကြောင့် လေးစားရိုသေခြင်း ခံရသူဖြစ်ရာ နောက်ဆုံး ကျန် မှုးတော် မတ်တော်ကြီး တပါး၏ မသာတော် အခမ်းအနား မှာ မြို့လုံးကျွတ်မျှ သောင်းသောင်း ဖျဖျ ပို့ဆောင် သဲဂြိုဟ် ကြပါသည်။
 
ရက်လည်ဆွမ်းများကျွေးပြီးမှ ကျမတို့ ပြန်ကြရမည်ဖြစ်ရာ၊ ရက်မလည်မီ အတွင်း ပစ္စည်းဥစ္စာ ကိစ္စ နှင့် သားချင်း တွေ ကျွတ်စီ ကျွတ်စီ ဖြစ်ကြသည်ကိုလည်း တွေ့ရပါသည်၊ အကြောင်းကား ဘိုးဘုရား အနိစ္စ မရောက်မီ မဖွင့်ဘဲ ထားသော သံသတ္တော တစ်ခု၏ ကိစ္စဖြစ်ပါသည်။ ထိုသံသေတ္တာမှာ ဖွားဖွား၏ ပစ္စည်း ပစ္စယများ ထည့်ထားသော သေတ္တာဖြစ်ပါသည်။  ဖွားဖွား ၀န်ကတော်ကြီး ဆုံးသောနေ့မှ စ၍ ဘယ်သူမှ မဖွင့် ဘိုးဘုရား ကိုယ်တိုင်လည်း (အမသေတ္တာကိုမဖွင့်လို) ဟုဆိုထား၍ ဘိုးဘုရား အသက် ထင်းရှားရှိစဉ် မဖွင့်ဘဲ ထားခဲ့သော သေတ္တာဖြစ်ပါသည်။ ၀က်မစွတ် မြို့စားမင်းကြီးက ၀န်ကတော်ကြီး အား(အမ)ဟု ခေါ်လေ့ ခေါ်ထ ရှိပါသည်။ မိမိထက်အသက်ကြီး၍ ခေါ်ခြင်းမဟုတ်ဘဲ လေးစားသမှုပြု၍ ခေါ်ခြင်း ဖြစ်ပါ သည်။

ဝက်မစွတ် မြို့စားမင်းကြီးအား အခြားသော မှူးတော် မတ်တော်များကဲ့သို့ အဆွယ် အမျှောင်မယား များ မထားဘဲ ၀န်ကတော်ကြီးမှ လွဲ၍ တဦးမှမရှိသူဟု သီပေါဘုရင်၏ မိဖုရားကြီး စုဖုရားလတ်က ချီးကျူးခဲ့၊ ကြည်ညို လေးစားခဲ့သည်မှာ ဘုရင် အဖြစ် နန်းစံစဉ်အချိန်မှစပြီး ထီးနန်းကျ၍ ရန်ကုန်မြို့ သို့ပြန်လည် ကြွရောက် နေထိုင်တော် မူသည်အထိ ဖြစ်ပါသည်၊ ပစ္စည်းဥစ္စာ ဘက်မှလည်း တံစိုး လက်ဆောင် မစားသူ အဖြစ် ကျော်ကြားခဲ့သည်။ ယခု ၀န်ကတော်ကြီး၏ သံသေတ္တာတွင်းမှ ပစ္စည်းများသည် မိဘဘိုးဘွား လက်ထက် မှ ရခဲ့သော ပစ္စည်းများနှင့် အင်္ဂလိပ် လက်ထက် စောဘွားကြီးများက မိလိုဘလို ကြည်ညို၍ ကန်တော့သော ပစ္စည်းများသာ ဖြစ်သည်။

အများအားဖြင့် မိုးမိတ်စောဘွားကလေး ကန်တော့သော အဖိုးတန် ပတ္တမြားလက်စွပ်မျိုး၊ သီပေါ စော်ဘွား ကြီး ဆာစောချယ်က သူ၏ဖခင် စော်ဘွားကြီး စားသုံးသော ပတ္တမြားစီရွှေထုံးဗူးများ၊ မိုင်ခိုင်းမင်း၏ အမွေ ရသော မင်္ဂလာအခမ်းအနားတွင် သုံးလေ့ရှိသဖြင့် အစဉ်အလာလုပ်ဆောင် ထားသော ရွှေရည် သောက် ဖလား၊ ရွှေဇွန်း၊ မိုးကြိုး ရေတံခေါင်း၊ ရွှေကလပ်၊ ငွေကလပ်၊ မှူးတော် မတ်တော် အသုံးဆောင် ဖြစ်သော ရွှေစလွယ်၊ ရွေသွယ်ပြောင်း၊ ဘောင်းနားဒေါင်းများ၊ ဖြစ်ရာ အချို့ရွှေစလွယ်၊ ဘောင်းနားဒေါင်း များကို ရောင်းချပြီး အရွယ်ကြီး၍ ရှင်မပြုရသေးသော မြေးများကို လှူဒါန်း သင်္ကန်းဝတ် ပေးဘူးသည် မှ တပါး အားလုံးပင် ကျန်ရှိ နေသေးသည်။

သမီးများ ၀တ်ဆင်သော လက်ဝတ် လက်စား၊ မိုးကုတ်မြို့မှ ပြန်လာစဉ်က ကျမ၏ မိဘများက မှတ်မှတ်ရရ ကန်တော့ ထားသော စိန်ချယ်ပတ္တမြား လက်စွပ်ကြီးအထိ၊ သေတ္တာ ဖွင့်ကြည့် ရာ၌မရှိတော့ပါ။ ငွေကလပ် အကျိုးအပဲ့ နှင့် ရွှေဇွန်း ရွှေဖလား ဘ၀မှ မိုးကြိုးဇွန်း မိုးကြိုး ဖလားဘ၀ ကူးနေကြသော ပစ္စည်းပစ္စယ အနည်းငယ် မျှသာ တွေ့ကြရ ပါတော့သည်၊ လောကကြီးကား သာယာစီး လက်ဦးရာစား တွေသာ ဖြစ်ပါသည်။ ကျမ၏ မိခင်မှာ အိမ်ခွဲနေရသူဖြစ်၍ ဤအရှုပ်တော် ပုံထည်းတွင် ပါဝင်ခဲ့သူ မဟုတ်ပါ၊ ကျမ ကလဲ လူငယ်နှင့် မဆိုင်ရာ ကိစ္စ၌ ၀င်မပါတော့ဘဲ ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

ပေါ့စေလို၍ကြောင်ရုပ်ထိုး

မန္တလေးမှရန်ကုန်သို့ ပြန်ရောက်လာသောအခါ မှုလအလုပ်များနှင့် ၀င်သမျှငွေကို ကုန်မည့်နည်း အမျိုးမျိုးနှင့် သုံးစွဲလျက်ရှိနေပါသည်။ ကျမသုံးဖြုန်းပစ်ရာတွင် ပါဝင်မှီတွယ်ရသူများကလည်း ပျော်တပြုံးပြုံး တရုံးရုံးရှိ ကြပါသည်။ ပွဲလမ်းသဘင်ရုပ်ရှင် ရုံများတ၀ိုက်တွင်၎င်း၊ တရုပ်တန်းမဂို လမ်း ညဈေးတန်း စသော စားခန်း, သောက်ခန်း များတွင်၎င်း၊ ကျမခေါင်းဆောင်ရ တသိုက်တ၀န်း ကြီး ပါလာစမြဲဖြစ်သည်။ ကျမက ဤသို့ရသမျှ သုံးစွဲပစ်လေတဘက်မှ အနေအထိုင်ပေါ့၍ လာလေ၊ လူရိုသေရှင်ရှိသေ ဖြစ်အောင် အလုပ် တခုခု ချိပ်မိခြင်းမရှိဖြစ်နေရာ ကြာတော့ဘိန်းစားကို မယားက ဈေးရောင်းကြွေါ်ရသေားဥပမာနှင့် အလားတူ လာမည်စိုးသော ကြောင့် ရှက်လာသည်။ သို့ရာတွင် အပြင်အပ လူတွေနှင့် အဆက်အသွယ် မရှိ၍ မသိကြသေး၊ သူတို့ပတ်ဝန်းကျင် လောက်ကဤ အတွင်းရေးကို သိကြသဖြင့် တော်သေး၏။

အယူအဆ မတူမျှခြင်းပြောအဆို မပြေပြစ်ခြင်းကြောင့်လည်း မကြာခဏကတောက် ကဆဖြစ်ကြရ သည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးရာမှာ ဆေးအတွက်ဝန်လေးလာခဲ့သည်။ ဆင်းရဲခြင်း၊ ချမ်းသာ ခြင်းမှာ ပဓါန မဟုတ်။ စိတ်သဘောတူမျှ၍ အေးအေးချမ်းချမ်း နေရခြင်းကလူ့ဘ၀၏ သာယာမှု ဖြစ်ကြရပါမည်။ ကျမ၏ ဘ၀သည် လှုပ်လေ, မြှုပ်လေ ဆိုသည့် အဖြစ်ကို လက်တွေ့ ရောက်လာပေ ပြီ၊ သို့ကြောင့် ဤဘ၀ဆိုးတွင် ကြာရှည် အနစ်မျော မခ့ချင်သဖြင့်အကြိမ်ကြိမ် တိမ်းရှောင်ရုန်းကန် ကြည့်သည်၊ ရုတ်တရက် မလွတ် မြောက်ပဲ တ၀ဲလည်လည်သာ ရှိနေရသေးသည်။
ထို အခိုက်အတန့် ကျမ၏စာပေရေးသားခြင်းများ ခေတ္တရပ်နားထားခဲ့မိသည်။ အိမ်နားနီး၌ရှိသူ လယ်တ္တီ ပဏ္ဍိတ ဆရာဦးမောင်ကြီးသည် ကျမကိုဒဂုန်ခင်ခင်လေး ဖြစ်သည်ဟုဘယ် အချိန်ဘယ် သူက ဖောက်သယ် ချလိုက် သည်မသိ၊ အချိန်စောစောစီးစီး ခရီးရောက်စကပင် သိရှိနေပြီကို နောက်ပိုင်းမှ ကျမသိရပါသည်။

ဆရာ ဦးမောင်ကြီးသည် ကျမနှင့်တွေ့တိုင်း စားများ ရေးသားဖို့ရာ တိုက်တွန်း ပါသည်။ ကျမက လည်း စိတ်လေလွင့် နေသေး၍ ကလောင်တန်ကိုခဏ ချထားမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ နောက်ဆုံး အကြိမ် မှာတော့ ဒူးထော့နဲ့,  ထော့နဲ့နှင့်နာနေရှာသော လယ်တီပဏ္ဍိဆဆရာ ဦးမောင်ကြီးခမြာမှာ ကျမထံ အိမ်တိုင် ယာရောက်လာပြီး ဒဂုန်မဂ္ဂဇင်းထည်း မှာ ၀တ္ထုများကို ယခင်တုန်း ကလို ရေးပေးဖို့ ပြောလာ ပါသည်။ ကျမမှာအခြား အလုပ်များကလည်း တဖက်ရှိနေ သည်တိုင်အောင် စာရေးဖို့ကိုတော့ မစွန့်ပယ် နိုင်ပဲရှိ၍ ယခင် လိုများ, များမရေးပေးနိုင်သည့် တိုင်အောင်တလလျှင် ၀တ္ထုတပုဒ် တော့ပါနိုင်ရန် ကြိုးစား ရေးပေး ပါမည်ဟု အာမခံ ကတိပေး လိုက် ရပါသည်။

ဤတွင် ၀တ္ထုကို တလတပုဒ်ကျ မှန်မှန် ရေးပေးရပြန်သည်။ မန္တလေးမြို့တွင် နေစဉ်က ၀တ္ထုစာမှု လာယူခြင်း၊ ဥာဏ်ပူဇော်ခ လာပို့ခြင်း တို့ကိုဆိုင်ဆိုင်ခွဲ မန်နေဂျာက လာရောက်ပို့သလို ယခုလည်း ဒဂုန်မဂ္ဂဇင်း မန်နေဂျာ ဦးလှဖေ၊ ယခုဒဂုန်ဦးလှဖေက တာဝန်ယူ၍ လာရောက် ပေးပို့ရှာ ပါသည်။

လက်မှုပညာလုပ်ငန်းများ ဦးစီးရင်းစာရေးလိုက်၊ အပြင်အပထွက်လည်ခြင်းဖြင့် ဦးနှောက်ဆေး လိုက်၊ ကတောက် ကဆဖြစ်လိုက်နှင့် လုံးလယ်ချာလယ် လိုက်နေစဉ် လက်မှုပညာလုပ်ငန်း၏ ၀င်ငွေမှာ ယခင်ကလို မသွက်မလက် ဖြစ်လာသည်၊ ကုန်တိုက်ကြီးများမှာလည်း ရိုး၍ ခေတ်တိမ် လာသော ပစ္စည်းမျိုး အတွက် ရောင်းချက်မရှိသော အခါအလုပ်များ,  များမအပ်နိုင်တော့ပဲ ခပ်ကြဲ ကြဲဖြစ်လာသည်၊ ဒါတွေကို အစကပင်နားလည်ခဲ့ပါသည်။ အ၀တ်အစားဆိုသည်မှာ ပေါ်ပင်ခေတ် စားနေဆဲသာ ၀ယ်ယူ အ၀တ်များပြီး၊ ရိုးသွားလျှင် နောက် တခုက၀င်၍ဆန်းသစ် လာသည်ကိုကူး ပြောင်းဝယ်ယူကြမြဲဖြစ်ပါသည်။

သို့ကြောင့်၊ နောက်ဆန်းသစ်လာသော ကုန်ပစ္စည်းတမျိုးကို ကူးပြောင်းလုပ်ကိုင်ရန် ကြံစဉ်လျှင် ဖြစ်နိုင် သော်လည်း ကျမသည်ဘာမှ မလုပ်တော့ပဲဇွတ်ပေ၍ ဖြစ်သလိုနေလိုက်သည်၊ ရသလောက် ၀င်ငွေနှင့် မျှမျှတတ ခြိုးခြံနေသောအခါ သုံးဖြုံးရာတွင် နောက်မှတကောက်ကောက် လိုက်ပါခဲ့သူ များမှာ မနေတတ်,  မထိုင်တတ်ဖြစ်လာသည်။ ကာယကံရှင်က နေနိုင်သေလောက် သူတို့မှာ လျှာလယ် အာလျှပြတ်နေရမှုကို မကျေမနပ် ဖြစ်ပုံရသည်။ ကိုယ့်တာဝန်ကိုမယူပဲ သူတပါးနှာခေါင်း နှင့်အသက်ရှူချင်သော စိတ်မျိုး ပေါ်လာကြလျှင် သာ၍ပင်ခက်တော့မည် ဟုနောင်ရေးကို မျှောတွေးလျက် ငွေဝင်မည့်အလုပ်အကိုင်များနှင့် အဆက်ပြတ်ခါ ဖြစ်တတ် သလို နေလိုက်ပါသည်။

ဤသို့နေ၍ ခြောက်လလောက်ကြာလျှင် မန္တလေးမှ ကြေးနန်းတစောင်ရောက်လာ ပြန်ပါသည်။ ထိုကြေးနန်းစာမှာ ကျမအဖို့စိတ်သောက အကြီးအကျယ်ရောက်စေ သောကိစ္စဖြစ်ပါသည်။ မိခင် ဖြစ်သူ မျှော်လင့်ချက်မရှိအောင် မမာမကျန်းဖြစ်နေ၍ အမြန်လာခဲ့ပါ ဆိုသောကြောင့် မှီရာရထား နှင့်အပြေးအလွှား မန္တလေးသို့ပြန်ရောက်လာခဲ့ရ ပါသည်။ ရောက်သောအခါ လေဖြတ်သော ဝေဒနာနှင့် အိပ်ယာထဲ လဲနေသော မိခင်ကြီးကိုတွေရ ပါသည်၊ ကျမမှာမချိမဆန့်နှင့် ရင်ကွဲမတတ် အသဲနာမိပါသည်။ အချိန်အခါ အားဖြင့်တန်ဆောင်မုန်းလ ဖြစ်၍အလွန်အေးချမ်းသော ရာသီဖြစ် သည်။ ဤရာသီ ဤကာလအခါမှာ မန္တလေးမြို့တွင် ကထိန်ပွဲများ ခြိမ့်ခြိမ့်သဲသဲနှင့် ပွဲလမ်းသဘင် တွေကျင်းပနေချိန် ဖြစ်ပါသည်။

သားဖြစ်သူမှာ အပျော်တမ်းတီးဝိုင်း၏ အရေးပါသူဖြစ်၍ ညဥ့်နက်သန်းခေါင် ပွဲပြီးမှပြန်လာတတ် ရာ ချစ်သော သားအပြန်တွင် အရန်သင့် တံခါးဖွင့် ပေးလိုသော စေတနာကြောင့် အိမ်ပေါ်မအိပ်ပဲ အိမ်အောက် ထပ်မှာဆင်း၍ အိပ်သဖြင့် အအေးမိရာမှ လေဖြတ်သည့်ဝေဒနာ ဖြစ်ရရှာသည်ကို သိရပါသည်။ ကျမသည် မိခင်ကို ပစ်ခွာလာခဲ့ရခြင်းမှာ မိခင်စိတ်တိုင်းကျခွဲ လာရခြင်းသာဖြစ်၍ ကျမအပြစ်မဟုတပါ၊ မှုအားဖြင့် ကွဲလွဲခြင်းသာ ကျမ၏အပြစ်ဖြစ်ပါသည်။ မူလမိခင်၏အလိုမှာ မန္တလေးတွင် အိုးအိမ်နှင့်ခံနေ စေချင်သည်။

ကျမ မန္တလေးတွင် မနေချင်၍ တမြို့တရွာ ခွဲထွက်လာခဲ့ သည်။ မေမေသည်ကျမ မရှိသည့်နောက် စိတ်ရှိ လက်ရှိ သား၏ အလိုကို လွတ်လွတ်လပ်လပ် လိုက်နေမိနေရာ စိတ်ရောလူပါ မည်မျှ ပင်ပန်းခံ နေရသည် များကို ယခုလိုမကျန်းမမာနှင့် မျှော်လင့်စရာ မရှိတော့တာ ဝေဒနာ ခံစားရမှုကသာ သက်သေ ပြလျက် ရှိနေသည် ကို တွေ့ပါသည်။ သို့ရာတွင် လွန်ပြီးသားတွေကို တသနေ၍မဖြစ် တော့ပါ တတ်အား သလောက် ဆရာဝန် နှင့် အသက်ကို သေမင်းလက် မှ လုယူနေရပါသည်။

ပရိဒေဝမီးကြီးမှ အကြပ်အတည်း ဆက်ရန်
.

No comments: