အိမ်ထောင်မှုစံနစ်ဆိုးများ
ငယ်စဉ်က သတ္တိမျိုးကလေးများက တခါတရံပေါ်လာပြီး ခပ်ကြမ်းကြမ်းနှင့် ယောကျာင်္းစိတ် ၀င်လာကာ ကိုယ့်မာနဇွဲနဲ့ ကိုယ့်ကိုယ့်ကို အားကိုး၍ တခုခုလုပ်ကိုင်နေထိုင် သွားလိုသောဆန္ဒသာ ရှိခဲ့သည်။ အချို့ မိန်းမပျို သူငယ်ချင်းများ အိမ်ထောင်ကျ၍ လင်ယောကျာင်္းလုပ်စာကို ထိုင်စားကြသည်၊ ယောကျာင်္းကို ထမင်း တလုပ်နှင့် ကျွန်ကဲ့သို့လုပ်ကျွေး ပြုစုရသည်၊ ယောက္ခမ ကိုလည်း မျက်နှာချိုသွေးရ၊ ပေးကမ်း ထောက်ပံ့ ရသည်၊ သားသ္မီးတွေကိုလည်း မွေးရသေးသည်၊ အချို့အိမ်က ပါလာသော ပစ္စည်းဥစ္စာကိုပင် လင်ဖြစ်သူက ဖြုန်းတီး ပစ်ကြသည်၊ လခစား ဂုဏ်ရှိ အရာရှိဆိုလျှင် မိန်းမရှင်က တင်တောင်း ရသည်၊ ဤကိုယ်တွေ့ မျက်မြင် လူ့အစဉ်အလာတွေကို ကျမလက်မခံချင်၍ပင်၊ တခါ၊ တခါ ကျမရေးသော ၀တ္ထုများ၌ ထည့်သွင်း ပြောင်လှောင် ထားခဲ့မိ ပါသည်။
ဒါကြောင့် အိမ်ထောင်ပြုသောနည်းဖြင့် အိမ်ကခွဲထွက်ဖို့ကိစ္စကို ဘယ်အခါမှအတွေးမပေါ်ခဲ့ ဘဲရှိနေပါ သေးသည်၊ မိစုံဖစုံနှင့် ပစ္စည်းပေါလျှင် ဂုဏ်လက်ကိုင်ရှိသူများက ဂုဏ်နှင့်ပစ္စည်းဖလှယ် သော မေတ္တာစစ် မဟုတ်သည့် အိမ်ထောင်ရေးပွဲစားများသည် သားရှင်သ္မီးရှင်များ အိမ်သို့ဝင်ကာ ထွက်ခါ သုံးဦးစပ် ကိုယ်ကျိုး ရှာကြပုံ တွေကို ကျမအဖို့အကြားအမြင်နှင့် စက်ဆုတ်ရွံ့ရှာ ခဲ့သည်၊ ပစ္စည်းမထည့်နိုင်သော သ္မီးပျိုများ အဖို့မှာတော့ မုဆိုးဖို-တခုခပ်များ ဦးလေးရွယ် အဖေအရွယ်များ ကသာလျှင် သိမ်းပိုက်တတ် ကြသည်က များပါသည်။ ဤစံနစ် ဆိုးကြီးများမှာ မိန်းမဖြစ်လာလျှင် လင်ယောကျာင်္း၏ လုပ်စာနှင့်ထိုင်စားရမည့် ဆိုသော မူသေ ရှေးစံနစ် ဗီဇမှ ပေါက်ဖွားဖြာထွက်လာ သောအကိုင်းအခက် အမျိုးမျိုးတွေ ဖြစ်သည်၊ ဘယ်အကိုင်း အခက်မှာမှ သဘောကျစရာ မတွေ့ မမြင်ရဘဲအမြဲလှောင်ပြောင် ပျက်ရယ်ပြုမိသော စာတွေကိုရေးမိသည်။
ဤအယူအဆကြောင့် ကိုယ့်ကိုယ်အားကိုးပြုကာ မာနတက်လာခဲ့၍ အသက်နှစ်ဆယ်ကျော်သည် အထိ ထွေထွေ ထူးထူးမရှိ၊ သည်လိုအတိုင်းဘဲ နေသွားနိုင်လိမ့်မည်ဟု ယူဆမိသည်၊ သို့ရာတွင် အဆင်မပြေသော မိသားစု ပြဿနာကြောင့် ဘာလုပ်ရမှန်းမသိအောင် တွေဝေလာခဲ့သည်၊ ကျမရေးလာသမျှ ၀တ္ထုများတွင် ဇာတ်လမ်း အရ ဖို-မ ချစ်ကြိုက်မှုများနှင့် စပ်လျဉ်း၍ စတင်တွေ့မြင် ခြင်းချစ်, ကြိုက်, ကွဲ, ညား လူ့သဘာဝ များနှင့် ၀တ္ထုကိုဝတ္ထုလို အကွက်စေံအောင် ရေးသွားရသော် လည်း ထိုစဉ်အခါကတော့ မလွှဲမရှောင်သာ၍ ရေးသားရခြင်းဖြစ်ပါသည်၊ အိမ်ထောင်ရေးကို မရည်မှန်းခဲ့သူပီပီ၊ လက်တွေ့သဘောတရား တွေကို မကြုံဘူး သေးပေ၊ ဤနေရာမျိုးတွင် မကျွမ်းကျင်သေးသော နလဗိန်တုံးဘ၀၌သာ ရှိနေတဲ့အတွက် ရင်ဆိုင် လျက်ရှိသော အခက်အခဲကို ပြေလည်အောင် ရှင်းလင်းခြင်းမပြုနိုင်ပါ။
ဤအတောအတွင်း မှာ မိခင်ဖြစ်သူ၏ သားချင်း အကိုအရင်း၏ သ္မီး တဦးသည် အရာရှိ မုဆိုးဖို တဦး နှင့်မင်္ဂလာ စကား စေ့စပ်ကြောင်းလမ်း ပြီးနောက် မင်္ဂလာပွဲပြုသောအခါ အသုံးပြုရန်ခန်းဝင် ပစ္စည်းအဖြစ် ကုတင်နှင့်ဘီရိုတခုကို လှည်းနှစ်စီနှင့် တိုက်ခါကျမတို့နေသော အိမ်တွင် ထားလာပါ သည်။ ၎င်းမင်္ဂလာ ကိစ္စ ကိုမေမေက အစ်ကို၏ ခိုင်းစေချက်အရ ပါဝင် ဆောင်ရွက်ရသူ ဖြစ်ပါသည်။ စာအုပ်များ ရိုက်ရောင်း၍ မိခင်၏ ပစ္စည်းဥစ္စာများ ဖြုန်းပစ်သူဟူသော စွဲချက်မျိုး၊ မိခင်ကိုလည်း သားသ္မီးများကိုပင် ကြောက်ရွံ့နေရသူ ဟူ၍၎င်း၊ အမြဲတန်းရေရွတ် မြည်တွန်ခြင်းပြုပါသည်။ ကျမတို့က မိုက်မဲသလောက် သူ၏သားသ္မီးများက လိမ်မာ သည်ဟုလည်း အမြဲ ဂုဏ်ယူ ပြောဆို ပါသည်။
ကျမတို့က မျက်နှာငယ် ဘ၀၌ လူများပြောသမျှ ငြိမ်ခံနေရသော်လည်း ဘကြီးဖြစ်သူကတော့ မန္တလေးမြို့မှာ ယစ်မျိုး ဘက်မှ အရာရှိတဦးအဖြစ် မျက်နှာပွင့်နေသောကြောင့် ပြောသမျှ တင့်တယ် ပါသည်။ သို့သော် ဘယ်သို့ပင် လိမ်မာသည်ဟု ၀င့်ကြွားစေကာမူ အိမ်ထောင်ရေးပြဿနာကိုတော့ သားသ္မီး တိုင်းကို ထိန်းသိမ်း ၍ မရနိုင်ပါ။ တနေ့သ၌ ကိုကြိုက်ရာကိုယ် လုပ်သွားကြသည်ကို ခံရမြဲ ဓမ္မတာဖြစ်ပါသည်။ လိမ်မာ ပါသည် ဆိုသူတိုင်းလည်း အပြောနှင့်အဟော ညီချင်မှညီပေမည်။ မလိမ်မာ မိုက်မဲသူများလည်း နည်းလမ်း မှန်ချင်က မှန်သွားရသည်မှာ ဘ၀အကြောင်း ကံ၏ ပြုပြင် သမျှ ရမြဲသာ ဖြစ်ပါသည်။
ထိုခေတ်က သ္မီးပျိုများ မင်္ဂလာဆောင်ရှိမှသာခန်းဝင်ပစ္စည်း အဖြစ်ကုတင်သစ်၊ မှန်ဘီရိုသစ်များ ၀ယ်လေ့, ၀ယ်ထ ရှိကြရာ ကျမတို့အိမ်သို့ ကုတင်တွေ, ဘီရိုတွေလှည်းနှင့် တိုက်လာသော အခါ အရပ်က ၀ိုင်း ကြည့်ခြင်း ခံရပါသည်။ မင်္ဂလာဆောင်ဖို့ ပစ္စည်းများ သာဟု မမေးဘဲ နားလည်းနေပါ သည်။ စေ့စပ် ကြောင်းလမ်းခြင်း လက္ခံထားသူ ညီအမ၀မ်းကွဲ၏ အမည်မှာလဲ ကျမအမည် နှင့် ဆင်ဆင် ဖြစ်နေရာ နားစွန် နာဖျား ကြားသူများ အဖို့ အထူးယုံမှား နေစရာမလိုတော့ပါ၊ အကယ်၍ ထိုမင်္ဂလာပွဲသည် ကာယကံရှင် များ ကိုယ်တိုင် ထမြောက် အောင်မြင်စွာ ဆင်နွဲ့ဖြစ်မည် ဆိုလျှင်လည်း တနည်းတဖုံ ပြဿနာပြေ လည် သွားမည် ဖြစ်ပါသည်။
သို့ရာတွင် ကံမကောင်းတော့ ၎င်းတို့မင်္ဂလာပွဲသည် စေ့စပ်ကြောင်းလမ်း၍ ခန်းဝင်ပစ္စည်းများ ပို့ပြီးမှ သတို့သား ဘက်က အကြောင်း မညီညွတ်သော ကိစ္စ ပေါ်လာသောကြောင့် ဖျက်သိမ်း လိုက်ရပါသည်၊ ဤဒဏ်ချက် က လည်း မြို့ဝန်အတွက် င၀တ်ကဒဏ်ခံရသလို နာမည်ဆင်တူခြင်း အိမ်မှာကုတင်, ဘီရို တွေလာ ထားခြင်း ခံရသောကြောင့် အရပ်က တလွှဲထင်ကာ ကျမအပေါ်တွင် စက်ကွင်း မိရပြန်ပါသည်။ ဤ ကိစ္စမျိုး မှာလည်း တယောက်ခြင်းလိုက်လံ ရင်းလင်းရန် မဖြစ်နိုင်သော ကိစ္စမျိုး ဖြစ်ပါသည်။
စိတ်ဓါတ် ကြံ့ခိုင်သူလည်း မဟုတ်ဘူးဆိုလျှင် အပြင်အပ အပေါင်းအသင်းတွေ ရောရော ထွေးထွေး နေသူလည်း ဖြစ်မည် ဆိုလျှင် ထိုအချိန်ကကျမသည် အပ်ဖျားပေါ်တွင် တင်ထားသော မုံညင်းစေ့ အလား ကျချင်ရာ ချောက်ကမ္ဘား သို့ ကျသွားဖို့ အလွန် လွယ်ကူနေချိန် ဖြစ်ပါသည်။ အကယ်၍ ခြေတလှမ်းမှားပြီး ချောက် ကမ္ဘား ကျသွားလျှင်လည်း ကျမအဖို့မလိမ်မာ မိုက်မဲသည်ဟု သူတို့ဝါဒ ဖြန့်ထားမှုထည်းမှာ နှစ် အတန်ကြာ မျောပါခဲ့ရပြီး ဖြစ်နေသောကြောင့် အကြောင်းထူး လှမည်တော့ မဟုတ်ပါ၊ လိမ်မာသူ တွေပင် မကြာခဏ ယောင်းမ မြင်းစီးပြလိုက် ကြသည်ကိုတွေ့မြင် ရသော ကြောင့်ဖြစ်ပါသည်။

နောက်များ မကြာမှီ ဆိုသလိုအိမ်ထောင်ပြုရေးကို အရေးဆို၍ ရင်ဆိုင်ရမလို ဖြစ်လာပါသည်။ မေမေ သည် ကျမအား အိမ်ထောင် ရက်သားပြုလျက် အပြင်ဘက် ရောက်သွားပြီးမှ သူတို့သားအမိအား တတ်အား သလောက် ထောက်မ ပြုစုစေလိုသော လက္ခဏာ ရှိသည်။ ကျမသည် အိမ်တွင် ရှိနေလျှင် သားကို သူ့ စိတ်တိုင်းကျ အလို လိုက်ရာ၌ ကျမ၀င်၍ ကာဆီး, ကာဆီး ပြုမည်ကို မလိုးလားသော ကြောင့်ဖြစ်သည်။ ထို့ကြောင့်သည်မူကို အရေးတကြီးစိုင်းပြင်းလေတော့သည်။
ဤကိစ္စအောင်မြင်သွားလျှင် ကျမဖို့မန္တလေးမြို့က ပတ်ဝန်းကျင်တွင်သာ သေသည်အထိ နေထိုင် သွားရ တော့မည် ဖြစ်ပါသည်။ ဒါကိုအလွန်အမင်း ကြောက်သွားသည်။ ဤပတ်ဝန်းကျင်နှင့် ဝေးရာသို့ပြေးခွာ ရှောင်တိမ်း၍ မထင်မရှားနေလိုသော မူလအစီအစဉ်စိတ်ကူယဉ်ကြီး ပျက်စီးသွား ရတော့မည်ကို အနည်း ငယ်မျှ မလိုလား အောင်ရှိနေပါသည်။
ဖခင် သေဆုံး၍ သည်ပတ်ဝန်းကျင်တွင် ၁၀-နှစ်ကျော်လုံးလုံး ကုန်းရုန်းခံခဲ့ရသော ဖိနှိပ်ရှုံချခြင်း၊ ကဲ့ရဲ့ခြင်း စသော ခံစားချက်ဒဏ်ရာအမျိုးအမျိုး တို့မှာ အသဲကျင်အောင်နာခဲ့သည်နှင့် အမျှ ဤသဲကန္တာရ ဤ ငရဲပြည်ကြီး မှ ထွက်ပြေးတိမ်းရှောင်၍ လွတ်အောင်ရုန်းလိုက်ရလျှင် တနေရာတွင် စိတ်အေးချမ်းသာ နေနိုင်မှာ ပဲဟူသော အစွဲကလည်း ဇွဲကောင်းလျက်ရှိနေပါသည်။
ထို့ကြောင့် ဤပြဿနာကို ဘယ်လိုဖြေရှင်ရမည် မသိသေးပဲ၊ အချိန်အခါကိုငံ့ဆိုင်းပြီး အကြံထုတ် ရပြန်ပါသည်။ လူ့ဘ၀သက်တန်းမှာ တွေ့ကြုံလာရသော ကိစ္စများအနက် ဤတကွက်မှာ တသက်လုံး ၏ အရေးသာလျှင်ဖြစ်၍ လေးလေးနက်နက်ဆုံးဖြစ်ချက်ချ ရတော့မည်။ စွန့်စားခန်းတရပ်အနေ နှင့်လည်း လူ့ဘ၀ကြီး၏အရှုံး- အနိုင်လမ်းနှစ်သွယ်၏ လမ်းဆုံးမှာ ရပ်နေမိလေပြီ၊ မိသားစု၏ အိမ်တွင်းရေး အေးချမ်း ညီညာလျှင် ဗိုင်နေမြဲ, ကြားနေမြဲ နေနိုင်ကာ သည်ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း မညီညာမှုပေါ်တွင် အခြေတည်းကာ ဝေးရာသို့ပြေး ခွာချင်သော စိတ်ကသာလျှင် ရှေ့ဆောင် နေချိန်ဖြစ်သဖြင့် ကိုယ်ရေးကိုယ်တာဘ၀ ခရီးစခန်းကို ဘယ်လို, ဘယ်ပုံ လှမ်းရမည် မသိသေးဘဲ ဤပတ်ဝန်းကျင်ကြီးထဲ့က ဤသို့မနှစ်မျို့စရာ တွေဖြင့် ခြံရံသော အသိုင်းအ၀ိုင်းကြီး ထဲမှ ခွဲထွက် လိုက်ဖို့ စူးစူး စိုက်စိုက် စိတ်ဝင်စားနေခိုက် ဖြစ်သူကျမမှာ တုန်းတိုက်တိုက်, ကျားကိုက်ကိုက် ဖြစ်ချင်ရာ ဖြစ်စေတော့ ဟူသည့် ဆုံးဖြတ်မှု့ တခုကို နောက်ဆုံး ပြုလိုက်ပါတော့သည်။
မိမိကိုယ်သာလျှင် အားကိုးချင်သော ၀ါသနာက အမြဲစွဲလန်းနေပါသည်။ အိမ်ထောင်ပြုခြင်းဖြင့် သူတပါး လက်တွင်းသို့ ကိုယ်ကိုယ်အပ်နှင်း၍ သားချင်းမိဘစသူတို့ အတွက်ကိုပါတာဝန်ယူ ပြုစု ကျွေးမွေး ရခြင်း၊ စောင့်ရှောက်ထောက်ပံ့ခြင်း စသည်တို့မှာ စိတတူသဘောမျှသော အိမ် ထောင်ဘက်မျိုးကိုရသော်၎င်း၊ အကြောင်းကြောင့်ကြောင့် အလေ့ဝါသနာမတူ အသက်အရွယ်ချင်း မမျှအစစဘက်မညီ သူနှင့်ခရီးတွင် စိတ်ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်ရမည်။ ပင်ပမ်းဆင်းရဲခြင်းသာ ဖြစ်ရမည်။ ပင်ပမ်းဆင်းရဲစွာ နေသွား ရမည်ဆိုလျှင် ဤအိမ်စား ငွေရှာရသူများနှင့် ခြားနားတော့ မည်မဟုတ်သဖြင့် စက်ဆုပ်ရွံရှာ ဖွယ်ရာသာ ဖြစ်သည် ဟုယူဆပါသည်။
ဤအချိန်ပိုင်း မှာ အိမ်ထောင်ဘက် ဖြစ်လာမည့်သူတဦးနှင့် တွေ့ရသည်။ သို့ရာတွင် အလုပ်အကိုင် ရှိသေးသူ မဟုတ်ပဲ အထက်တန်းကျောင်းတွင် ပညာ ဆက်လက်သင်ကြားသည့် အချိန်မှာ ရန်ကုန်မှ မန္တလေး သို့ ခေတ္တ အလည် ရောက်လာရာတွင် တွေ့ကြုံရခြင်းဖြစ်သည်။ ကျမ ကလည်း မန္တလေးမြို့တွင် အိုးအိမ် တည်ထောင် ၍ အမြစ်တွယ် မနေချင်သူ ဖြစ်သည့်အတိုင်း ဝေးရာ တမြို့မှာ ဖြစ်သရွေ့ နှင့် ဘ၀ ခရီးကို ခြေလှမ်း စတော့မည်ဟု ဆုံးဖြတ်ပြီး စွန့်စားမှုကြီး တရပ်ကိုပြုလိုက်လေ သည်။ စောစောပိုင်း ကတော့ ယင်းသို့ စွန့်စားလိုက်လျှင် တခါတည်း ဤ ပတ်ဝန်းကျင် မှ လွတ်ပြီ ကျွတ်ပြီ ဟု ထင်သော်လည်း ကိစ္စက မပြီးသေးပဲ ဈေးဆွဲခြင်း ခံရပြန်ပါသည်။
အကြောင်းပြချက် မှာ အသိုင်းအ၀ိုင်း ပကာသနနှင့် ထုံးစံ ရှိသမျှ ကျင်းပ ရဦးမည့် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ဖြစ်ပါသည်။ ဘိုးဘွား မိဘဂုဏ်ကို ထုံးတမ်းစဉ်လာ မပျက် ပြုရဦးမည်။ သို့ရာတွင် တယောက် ကလည်း မိဘမရှိ။ အုပ်ထိန်းသူ အဖွားနှင့် အမများကို အားထားမှီခို နေရသေးသော ကျောင်းသား လူထွက် အလုပ် အကိုင် မရှိသေးသူဖြစ်သည်၊ ကျမကလည်း မိခင်ကို အားမထားရဘဲ အိမ်ထဲမှဝင်ငွေကိုရှာ၍ ကိုယ့် တာဝန် ကိုယ် ယူနေသူ ဖြစ်ပါသည်။ သို့ကြောင့် ဘယ်နည်း ဘယ်ပုံနှင့် အခမ်းအနား စရိတ် ကို ဖြေရှင်း ရမှန်မသိပါ။ ယခုခေတ် အခါကဲ့သို့ ရုံးသွားပြီး တရားသူကြီး တဦးဦး ရှေ့မှာ အကျဉ်းရုံး၍ ဖြစ်နိုင် ပါလျှင်လည်း ကိစ္စပြီးမည် ဖြစ်ပါသည်။ ဤအခက်အခဲ ကို မျက်နှာ လွှဲကာ စိတ်နာနာ နှင့် တင်းမာ နေမိ သော်လည်း နောက်ဆုံးမှာ ကျေးဇူးရှင်ဘိုးအေကြီး မျက်နှာက ကွက်ခနဲ ပေါ်လာပါသည်။
ဤပုဂ္ဂိုလ်ကြီး၏ မျက်နှာကိုဖြင့် အထိခိုက်မခံနိုင်တော့ပါ။ သို့ကြောင့် ပတ်ဝန်းကျင်၏ အယူသီးမှု ကို လက်ခံ လိုက်ရပါသည်။ သည်တော့မှ မြို့ပေါ်ရှိ အသိမိတ်ဆွေများနှင့် ညာတကာနံ တို့အား ဖိတ်စာ များပို့ကာ မဏ္ဍာပ် ကန္နး အငြိမ့်ပွဲများ ပါမကျန် ထမင်းခွန့်ထမင်းခံ ပူဇော်ပွဲရံ နှင့် အခါပေး ဘိတ်သိတ်သွန်း ပုဏ္ဍားတော် များ အပါအ၀င် ဆင်နွဲပေးရမည့် မျိုးရိုးစဉ်လာ မင်္ဂလာလက်ထပ်ပွဲ မျိုးကိုကျင်းပ လိုက်ရပါသည်။ စရိတ်စက အကုန်အကျ များကို သတို့သားဘက်မှ ရသမျှ အပြင် ကျမကိုယ် ၌ ၀တ်ဆင်ထားသော ပစ္စည်း အချို့ကို ထုခွဲ ဖြည့်စွက်ခါ ဂုဏ်ပကာသန၏ ဒဏ်ကို အံ ကြတ်၍ ခံလိုက်ရပါသည်။
ဤအခါတွင်မှ ညာတကာနံ တို့ကလည်း ဧည့်ခံပွဲမှာ ကျော့ကျော့မော့မော့ ပွဲနေပွဲထိုင် ရောက်လာ ကြပြီး အိုက်စကရင် -ပလိန်းကိတ် နှင့် ဆိတ်သားသွပ်မုန့်များ အ၀အပြဲစားရုံမက အိမ်ဖို့ များတောင် စက္ကူအိတ် နှင့် ထည့်ကာ သယ်ယူသွားလိုက်ကြပါသေးသည်။ ဘာအကြောင်းမှ မသိရှာသော သက်တာ်(၈၇)နှစ်ရှိ ဘိုးဘုရား မှာ ဒူးနာရောဂါကြောင့် အိမ်ပေါ်မှပင် လူတွဲနှင့် သွားနေရသော်လည်း မြေးမင်္ဂလာ ကိစ္စကို ချီးမြှင့်ရန် ကြိုးစား ကြွရောက်ရှိပြီး အင်္ဂလိပ်အရာရှိကြီးပိုင်းက ဧည့်သည်များ ကို ပါ ဧည့်ခံလျက် မိတ်ဆက် ပေးရှာ သည်။
ကျမသည် ယင်းသို့လက်ထပ်မင်္ဂလာကိစ္စ ပြီးသောအခါ ဘာပဲဖြစ်ဖြစ် လွတ်ရာသို့ပြေးတော့မည် ဆိုသော ရည်ရွယ်ချက် အတိုင်း အချိန်သိပ်မဆိုင်းတော့ပဲ ပြေးရှောင်လာခဲ့ပါတော့သည်။ သို့မဟုတ် ပါက နောက်ဆက်တွဲ လာဦးမည့် ကဲ့ရဲ့ ရှုံ့ချသံများသည် နားမဆန့်အောင် ကြားလာ ရပါမည်။ ပြေးမလာမှီ အချိန်ပိုင်း ကလေးမှာပင် မင်္ဂလာကိစ္စကတော့ ပြီးသွားပြီ၊ ဒီလူကို ဘာမျှော်မြင် ယူသလဲ။ အလုပ်မရှိတဲ့ ကျောင်းသား ဆိုတော့ ဘယ်လို နေထိုင်ကြမှာတုံး ဟူသော စကားလုံးတွေနှင့် စလုံးရေ စ, လာကြသော ထောပနာသံ သြဘာသံ များသည်၊ အပြင်အပ လူများထက် ညာတကာနံတို့၏ ရွှေနှုတ်တော်မှ ထုတ်ဖော် မြွတ်ကြားခြင်း ကြောင့် ဖြစ်ပါသည်။
ဘ၀သစ်သို့စွန်းစားရောက်လာခြင်း
ယင်းသို့လျှင် အဆွေအမျိုး တည်းဟူသော ညာတကာနံတို့၏ နှုတ်ပြစ်ဒဏ်ကို ၁၂-နှဏ်ကျော် ခံခဲ့ရပြီ။ နောက်ဆုံး စွန့်စားမှု့ကြီး တရပ် အနေနှင့် ဝေးရာသို့ ပြေးရှောင် လာခဲ့ခြင်ဖြင့် ရန်ကုန်မြေကို နင်းမိ ပေပြီ။ ရောက်ခါစ မှာ ဘာမှ စိတ်မ၀င်စားသေးဘဲ သဲကန္တာရမှာ လွတ်မြောက် လာသူ ပမာ ရှုပ်ထွေး ကြပ်တည်း လာခဲ့သော ဦးနှောက်များကိုအနားပေး၍ ဆေးကြောပစ် နေသည့်အလား၊ သွားလာ လည်ပတ်ခါ ဖြင့် အချိန် ကို ဖြုန်းလျက် ရှိပါသည်။
တမြို့တရွာ ရောက်လာခြင်းကြောင့် မျက်နှာသိ ဟူ၍ မရှိသေးပါ။ တရံတခါ မိတ်ဟောင်း ဆွေဟောင်းများ နှင့် ရင်ဆိုင် ရမှာ ကိုပင် တမင်တကာရှောင် တိမ်းနေလိုက်မိပါသည်။ ရန်ကုန်ရောက်၍ နောက်မှ တွေ့မြင် သိရှိရသော အသိအကျွမ်း များအားလည်း ကျမသည် မည်သူ၏ သားသ္မီး မြေး ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခြင်း မပြုပဲ ဇာတ်မြုတ် နိုင်သမျှ မြှုတ် ထားလိုက်ပါသည်၊ ယုတ်စွ အဆုံး စာပေများ ရေးသားနေသော ကလောင် အမည်ကိုပင် လူမသိစေချင်၍ လျှို့ဝှက် ထားမိလေသည်။
ရောက်ခါစ၌ အညတြဘ၀နှင့် ရန်ကုန်၏ အတွေ့အကြုံများကို လက်တွေ့ ဆည်းပူးရာဝယ် မအီမလယ်နှင့် နားထဲမှာ စူးစူးဝါးဝါး ၀င်လာတတ်သည့် အသုံးအနှုန်းများကို ပထမဦးဆုံး ရင်ဆိုင် ရပါသည်။ ထို အသုံး အနှုန်းများမှာ အသက်အရွယ်ကြီးသော အဒေါ်အရွယ် အမေအရွယ် အဖွားအရွယ် မိန်းမကြီး များက စကား ပြောလျှင် ညည်းနှင့် ငါနှင့် ပြောခြင်းကို ခံရခြင်း ဖြစ်ပါသည်။
မန္တလေးမြို့ ကတော့ မင်းမျိုးမင်းနွယ်တို့တွင် မဆိုထားနှင့် လူလပ်တန်းစားပိုင်းမှာပင် ညည်းနှင့်ငါ နှင့် မသုံးကြပါ။ သ္မီးရယ်၊ တူမရယ်၊ မြေးရယ်ဟု ခေါ်၍ ဒေါ်ဒေါ်က ဘယ်သို့၊ အဖွားက ဘယ်ပုံစသည် ဖြင့် ယဉ်ကျေးစွာ သုံးစွဲ ပြောဆို နေကျဖြစ်၍ ဒါတွေကို ကြားရသော အခါ နားခါးလှပါသည်။ သို့သော် သူတို့ ရပ်ရွာဓလေ့သာ ဖြစ်သည်။ ကျမ ကိုမှ တမင် သက်သက် ဖိနှိပ် ခေါ်ပြောခြင်း မဟုတ်ကြောင်း နားလည် ကာ စိတ်ကို ဖြေရပါသည်။
သို့ကြောင့် နားခါးမှုကို သက်သာရာရစေရန် ဤသို့ညည်းလုံး, ငါလုံးမသုံးကြပါနှင့်ဟု မသုံးကြပါ နှင့်လို့ တားမြစ်လို့လဲ မတော်ပါ၊ ဒါဟာကျမတို့ဋ္ဌာနနယ်မြေမဟုတ်ပါ။ အသက်သာဆုံး နည်းလမ်းကို ရှာရ ပါတော့သည်။ အကောင်းဆုံး က သူတို့ကို တွေ့ရအောင် နေရခြင်းက ပို၍ သင့်လျှော်မည် ဟု ထင်ကာ အသက် အရွယ် ကြီးကြီး အဒေါ်ကြီး များကို မြင်လျှင် နှုတ်ခွန်း မဆက်ရခင် က ရှောင်တိမ်း နေလိုက် မိပါသည်၊ ဈေးဝယ်ရာ မှာပင် ဒေါ်ကြီး အရွယ် ဈေးသည် ကို ခေါ်၍ မ၀ယ်ဝံ့ပါ။
၎င်းပြင် ကျမ၏ နာမည်ကို ခင်ခင်လေး ဟု မခေါ်ကြဘဲ မခင်လေးဟု ခေါ်ကြသည်၊ ကျမအဖို့ကြား နေကြ အကျင့် ကမရှိ ၍ အင်မတန် နာကျည်း မိပါသည်။ ကျမထက် အသက် ငယ်ရွယ်သူ ကလေး များက လည်း အမကြီး အရွယ်၊ ဒေါ်လေးအရွယ် ဟူ၍ ဂါဝရမရှိ ခေါ်လိုက်ပုံမှာ 'မခင်လေး' သာဖြစ်ပါ သည်။ ကျမ ရောက်လာသော ပတ်ဝန်းကျင်မှာ ဒါတွေနဲ့ရှေးဦးစွာ ရင်ဆိုင်သမှုပြုရပါသည်။ နားမချမ်းသာ- ဃာန, သုခ မရှိသော်လည်း၊ သူတို့ ပတ်ဝန်းကျင် သူတို့စရိုက်မို့- မကျေနပ်မှုကို ထုတ်မပြောပဲ အလိုက်အထိုက် အသက် အောင့်ကာ သည်းခံ ရပါတော့သည်။
ကျမတို့မူနှင့် အယူအဆ အစဉ်အလာမှာ (ခင်ခင်) သာလျှင် နာမည်၏ ရှေ့က ၀ိသေသ ဖြစ်သည်ဟူ သော အစွဲ အလန်း က ပါလာသဖြင့် ခင်ခင် မပါလျှင် အလွန် ရိုင်းသည်ဟု ယူဆ ပါသည်။ သူတို့အယူ အဆ ကလည်း နာမည်၏ ရှေ့မှ(မ) ဆိုသော ၀ိသေသ မပါလျှင် ရိုင်းပါသည်။ ဤသို့ ယဉ်ကျေးမှု အယူအဆ, အသုံးအနှုန်း ချင်းက ခြားနား နေခြင်းကြောင့် သာဟု စိတ်ကိုဖြေကာ နေရပါသည်။
အထွေထွေသော အကြောင်းများ အပြင် ကျမအား အိမ်ထောင်ချ ပေးလိုက်ခြင်းဖြင့် တနေရာ တဋ္ဌာန အိုးအိမ်ခွဲ ၍ ကဏ္ဍ ခြားသွားစေချင်သော ကျမမိခင်၏ စိတ်တိုင်းကျ စိတ်နာနာ နှင့် အရွဲ့တိုက်၍ တိမ်း ရှောင် နေမှု့က ၂၅-ရာခိုင်နှုန်း ပါဝင်ခဲသော ကျမ၏ အိမ်ထောင် ပြုလိုက်ရမှုတွင် ပထမဦးစွာ ရင်ဆိုင်ရ သော အထက်ပါ အသေးအဖွဲ ကိစ္စ ကလေးမျိုးမှာ နောက်ပိုင်း၌ အဓိကထား၍ပြောပ လောက်သော ကိစ္စများ မဟုတ် တော့ပါ။ သူ့ထက်ကဲ၍, ကဲ၍လာသော အစိတ်အပိုင်းမျိုးစုံတွေသည် သာလျှင်မ ကြာ ခဏ ခြေလှမ်း စ၍ နင်းကျော် ခဲ့ရပါသည်။
နှစ်လ, သုံးလလောက်မှာတော့ ရောက်စပေါက်စမို့ ဧည့်သည်အဖြစ် နေလို့ကောင်းသေးသော် လည်း၊ သည်ပုံ သည်နည်း အတိုင်း ကြာကြာကြီး နေ၍မဖြစ်ပါ၊ ကျမအတွက် မိခင်ဖြစ်သူကိုပင် တာဝန် မကြီးစေချင်သူဖြစ်ရာ တစိမ်းတရံဆံများကို ပိုလို့ပင်အားတုန့် အားနာရှိလှပါသည်။ သူတို့ မှာလည်း သူတို့ အလျောက် ပတ်ဝန်းကျင် မှ ဝေဖန်သံ မျိုးတွေ ထွက်လာပါသည်။ ကျောင်းလဲ ဆက်မနေ အလုပ်လဲ မလုပ် ဘဲနှင့် အိမ်ထောင်ရေး စခန်းကို ဘယ်လို လှမ်းကြမည်။ သည်ဆွေ, ဒီမျိုး အားထားပြီး တသက်လုံး နေသွား ကြတော့ မလား စသော စကားမျိုးများ ကို ကြားစ ပြုလာသည်နှင့် မဆိုင်းမတွ ကျမတို့ နေရေး, ထိုင်ရေး အတွက် ရုတ်တရက် စီမံဖန်တီးမှု ပြုရတော့သည်။
မှုလ အစီအစဉ်မှာလည်း သူများနှာခေါင်းနှင့် အသက်ရှုရန် ဘယ်သောအခါ မှ ရည်သန် ရွယ်စူးခြင်း မရှိခဲ့ပါ။ ဝေးရပ် မြေတာတွင် ကိုယ်တတ်သမျှ ပညာနှင့် သက်မွေး ၀မ်းကျောင်း တခုခု ကိုပြုလုပ်နေ ထိုင်နိုင် လိမ့်မည်ဟု ယုံကြည် စိတ်ချ၍ လာခဲ့သူ ဖြစ်ပါသည်။ မထင်မရှားဘ၀နှင့် နားအေး, စိတ်အေး တအိမ်, တအိုး ကလေး၏ တာဝန်ကို ဦးနှင့်ပဲ ချီ၍ ညီညွတ်စွာ နေရန်မှာ များစွာဖြစ်၍ ကိုယ်ချင်းစာ ကာနေရေး, စားရေး ပါ တာဝန်ယူ လိုက်ပါသည်။
သူတို့သည် ကျမအပေါ်၌ ယနေ့ထိ ကျေးဇူးတင် မည်, မတင်မည် ကိုမသိရ သော်လည်း ကျေးဇူး မဲ့ခြင်း, မကောင်း ကြံစည်ခြင်း ပြုလုပ်သူ များ မဟုတ် ကြပါ။
ထိုအချိန်အခါ က အစားအစာ ကုန်ပစ္စည်းတွေ အလွန်ပေါ၍ တန်ဖိုးနည်းပြီး ငွေကြေး က တန်ဖိုးရှိ သော အချိန် ဖြစ်ပါသည်။ ကျမမှာ နေရင်းထိုင်ရင်း အိမ်တွင်းမှာ သုံးရာက ခြောက်ရာအထိ ၀င်ငွေ ရှိနေ သော်လည်း စုဆောင်း သိုမှီခြင်း မပြုချင်တော့ဘဲ စိတ်ရှိ လက်ရှိသုံးဖြုံး လို့ချည့် ပစ်လိုက်ပါသည်။
ခေတ်စားတုန်း ပေါ်ပင် အဖြစ်နှင့် တွင်ကျယ်သော ရောင်းကုန် လုပ်ငန်းဖြစ်ပြီး ခေတ်မစား၍ အရောင်းရ ပါးလာလျှင် အဆိုပါ ပိုးကုန်တိုက်ကြီး များက လုပ်အား ရှိတော့မည် မဟုတ်သည်ကို တွေး မိသော်လည်း အရေး မကြီး၊ နောင်လာ နောင်ခါဈေး သည်ကွေ့သည်တတ်နှင့် လှော်၍ ဟိုကွေ့ကျ တော့လည်း ဟိုတတ်နှင့် လှော်ဦးမည် ဟု ဘ၀ကို အရွဲ့တိုက်ထားသူ ဖြစ်ပါသည်။
သေတ္တာအတွင်းမှ ရတနာပစ္စည်းများ ဆက်ရန်

.
No comments:
Post a Comment