Monday, February 8, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၈)

ကျွန်မသည် ဘေးချော် ရေးနေမိပါသည်။
သူတို့တပ်ဖွဲ့ နောက်ဆုံး ထွက်ခွာမသွားမီ တပ်ကြပ်ကြီးသည် ကျွန်မထံရောက်လာပါသေးသည်။ စုတ် ပြတ်ဟောင်းနွမ်နေ၍  စွန့်ပစ်ထားဟန်တူသော ပို့ဒ်ဆီဒင်ကားနှင့် သူရောက်လာခြင်းဖြစ်ပါသည်။ ကျွန်မသည် ထိုအချိန်၌ ခွဲစိတ်ခန်းကို ဆေးကြောသန့်စင်နေစဉ် ၀ရန်တာမှ လျှောက်လာသော သူ၏ ဖိနပ်သံ ကို ကြားရပါသည်။

"ရှင်တို့လူစု ထွက်သွားကြပြီလို့ ထင်နေတာ"ဟု ကျွန်မက ပြောပါသည်။
"ကျွန်တော်တို့ အခုပဲ ထွက်ကြတော့မယ်၊ ဒီကို ပြန်ရောက်မှာမဟုတ်တော့ဘူး"
ကျွန်မသည် သူ၏ စုတ်ချာချာ ကားကလေးကို ကြည့်ရင်း အားယူပြုံးလိုက်သည်။
"ရှင်က ဇိမ်နဲ့ခရီးထွက်ရတော့မှာကိုး"ဟု မှတ်ချက်ချမိသည်။

"မင်းအတွက် ယူလာတာပါ  ဖလော၊ ဒီကားကို ငှားလာတာပါ၊ မင်းစိတ်သဘောထား ပြောင်းမယ်ဆိုရင် တို့ရဲ့ လော်ရီကား တစ်စီးစီးပေါ် တက်ပေါ့"
ကျွန်မက ဘာမှပြန်မပြောဘဲ ခေါင်းခါပြသည်
"ဒီကားကို ဆေးရုံနောက်ဖက် တစ်နေရာရာ မှာ ၀ှက်ထားပါ၊ ဂျပန်တွေ ရောက်လာတဲ့ အခါကျရင် ဆန့် သလောက် လူတွေတင်ပြီး ဝေးနိုင်သလောက် ဝေးဝေးကို မြန်မြန်သာ မောင်းပြေးပါ"
"ကားထဲမှာ သော့ ထားခဲ့သလား"
"သော့ မရှိဘူး ၀ိုင်ယာကြိုး ဆက်ပြီး မောင်းလာတာ၊ တိုင်ကီထဲမှာ ဓာတ်ဆီ တစ်ဝက် ကျော်ကျော်ရှိ တယ်၊ ဝေးဝေး ရောက်နိုင်သလောက် ရောက်အောင် သွားပါ"သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး လေသံ တိုးတိုးဖြင့် "ဘုရား သခင်က မင်းကို စောင့်ရှောက်ပါစေ"ဟု ပြောပါသည်။

"ဂွတ်ဘိုင် တပ်ကြပ်ကြီး"
"ဂွတ်ဘိုင် ညီမလေးရေ"ဟု သူက ပြောသွားသည်။
"ညီမလေးရေ"ဟူသော အသုံးအနှုန်းသည် ကျွန်မအား အချိုသာဆုံး ဂုဏ်ပြုခြင်း ဖြစ်ပါသည်။ အကယ် ၍သာ သူက 'ဖလော'ဟူသော အသုံးအနှုန်းကို သုံးခဲ့သော် သူအား ကျွန်မ မုန်းတီးနေမိပါလိမ့်မည်။
ဒီအခေါက်သည် သူ့ကို နောက်ဆုံးတွေ့ရခြင်း မဟုတ်ပါ။

ညနေ၀င်ရီတရောတွင် သူတို့သည် တစ်တန်ခွဲ လော်ရီကားကို စီး၍ ဆေးရုံနားမှဖြတ်မောင်းပြီး လက်ဝှေ့ ယမ်း ပြသွားကြသည်။ သူတို့လာမည် ကို ကျွန်မက ကြိုတင်သိနေသဖြင့် စိတ်ဓာတ်ကျနေသည့် ပုံပန်းမျိုး မဖြစ်ရလေအောင် အသန့်ရှင်းဆုံး သော သူနာပြုဝတ်စုံကို ၀တ်ဆင်ထားပါသည်။ ကျွန်မက ပြုံးပြီး ပြန်လည် ၍ လက်ဝှေ့ယမ်းပြပါသည်။ ကားနောက်ပိုင်း၌ ဖုန်လုံးကြီးထလာသောအခါ ကားနောက်သို့ ပြေးလိုက် သွားမိခဲ့ပါသည်။

ကျွန်မသည်  ကိုက်အနည်းငယ်မျှ ပြေးလိုက်မိသည်ဟု ထင်ပါသည်။ ယင်းနောက်ကျွန်မသည် ဆေးရုံ သို့ ပြန်လာ ခဲ့သည်။
ကားနောက်မြီးတွင် ထကျန်ရစ်ခဲ့သော ဖုန်များအကြားမှပင် သူ့တို့၏ပြုံးဖြဲဖြဲ ပါးစပ်ထဲမှ  သွားများကို လှမ်းမြင် နေရသည်။ သူတို့အား မျက်စိတဆုံးကြည့်နေမိသည်။ နောင်၃နှစ်ခွဲ အချိန်အတွင်း ကျွန်မ နောက်ဆုံးမြင် တွေ့ရသော လွတ်လပ်သူများပင် ဖြစ်ပါသည်။

(၃)
ကျွန်မသည် ၀ရန်တာ၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး အထီးကျန်ဘ၀၏ ခံစားမှု့ လွမ်းခြုံလျက် ပူဆွေး ၀မ်းနည်း နေပါသည်။
သင်္ဘောလမ်းများနှင့် ကမ်းဝေးပြီး လူသူမရှိ ချောင်ကျသည့် ကျွန်းတစ်ကျွန်းပေါ်၌ သောင်တင်နေ သောကြောင့် ကယ်မည့်သူ ဝေးနေသော လူတစ်ယောက် ကဲ့သို့ ခံစားနေမိသည်။
ကျွဲနွားများ သယ်ဆောင်သည့် အလွန်ကျယ်ဝန်းသော သင်္ဘောဧရာထဲဝယ် တစ်ယောက်တည်း လူးလိမ့် နေရသလို ခံစားမိသည်။ ကြေကွဲ ၀မ်းနည်းသွားမိသည်။

သို့သော် ယခုလို စိတ်လွတ်ထွက်သွား သည်မှာခဏလေးပင် ဖြစ်ပါသည်။ ကျွန်မသည် မိမိ၏ ကြမ္မာကို မိမိ ကိုယ်တိုင် ရွေးချယ်ခဲ့သည် မဟုတ် ပါလားဟုမိမိကိုယ်ကိုယ် ပြန်သတိပေးရသည်။ ကိုယ့်ကိုယ်ကိုယ် သနား မိရာမှ ရှက်လာပြန်သည်။ ဗိုလ်မှူးကြီးဘရော့ကယ်လ်ဟပ်(စ် )က ဒီနေရာကို ထွက်ခွာသားရန် တိုက်တွန်း ခဲ့စဉ် ကျွန်မက ရဲရဲတောက် ခွန်းတုံ့ပြန်ခဲ့တာကို သတိရလာမိပြီး သူကပင် ကျွန်မအား ကွယ်ရာမှ ချောင်းကြည့် နေသည် ဟုခံစားရကာ မျက်နှာများနီ၍ ရှက်သွေးဝင်သွားခဲ့၏။

ကျွန်မသည် ခါးကို ဆန့်လိုက်ပြီး ဘာတွေလုပ်ရမလဲဟု လေးလေး နက်နက်စဉ်းစား လိုက်သည်။ ကျွန်မတို့၏ အခြေ အနေသည် အလွန်ဆိုးရွားနေကြောင်းကို ဟန်ဆောင်း၍ မရပါ။ ပြင်ပကမ္ဘာနှင့် အဆက်ပြတ် သွားပြီဖြစ်၍ စစ်၏အခြေအနေ မည်သို့ရှိသည်ကို မခန့်မှန်းနိုင်ပါ။ ဒါပေမဲ့သေချာတာ တစ်ခုကတော့ ကျွန်မတို့ ဘက်က အခြေအနေ မဟန်တာပါပဲ။
နောက်တစ်ကြိမ် ယူနီဖောင်းဝတ် စစ်သားတွေနှင့် ဆုံခဲ့သော် ထိုစစ်သားသည် ဗြိတိသျှ စစ်သားများ ၀တ်သည့် ယူနီဖောင်းမဟုတ်နိုင်တော့ ဆိုသည်ကို သိနေပါသည်။ ရုပ်ရှင်ဇာတ်လမ်း ဆန်ဆန်လာ ရောက် ကယ်တင် မည့်နည်းလမ်းတွေကို စဉ်းစားနေ၍ မဖြစ်ပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မက အသက်ဆက်ရှင်နေမှသာ ကျွန်မ၏ လူနာများ အသက်ဆက် ရှင်ဖြစ်ပါသည်။
''မည်သို့ လုပ်ရမည်နည်း '' ဟုကိုယ့်ကိုယ် ပြန်မေးရပါသည်။ ၀မ်းနည်းပူဆွေးပြီး ကြံရာမရသော လူတွေ လုပ်ပုံလုပ်နည်းအတိုင်း ခေါင်းငုံ့၍ ဘုရားကို တိုင်တည်လိုက်သည်။ '' သူနာပြုဆရာမ တစ်ဦး၏ လက်စွဲ ဘုရားရှိခိုးလင်္ကာ'' ကို ခပ်ကျယ်ကျယ် ရွတ်ဆိုမိပါသည်။ ကျွန်မ၏ ခေါင်းရင်းတွင် ဤလင်္ကာလေး ကိုမှန်ပေါင် သွင်း၍ ထားပါသည်။ လင်္ကာကို ပြန်ကြည့်ရန် မလိုပါ။ ကျွန်မ အနေနှင့် ဇဝေဇ၀ါ ချီတုံချတုံ ဖြစ်နေသော ကာလ များ၌ ထပ်ခါတလဲလဲ ရွတ်ဆိုခဲ့ဖူးသဖြင့် ကျွန်မ၏ အသည်းတွင် တွဆိပ်ခတ်ထား ဘိသကဲ့သို့ အလွတ် ရနေပါသည်။ လောလောဆယ် အရေးတကြီး လိုအပ်ချက်မှာ တောင်းကြီးမြို့ တွင် ကျွန်မ ချန်နေရစ် ခဲ့ခြင်း၏ အကြောင်းတရားကို ပြန်လည်သတိရနေရန်သာ ဖြစ်ပါသည်။

ကျွန်မလုပ်တာ မှန်သည်၊ အခြားနည်းလမ်း တစ်ခုခုကို ကျွန်မအလုပ်နိုင်ဟူသော ယုံကြည်စိတ်ချမှုကို အလိုရှိ နေပါသည်။
'' သူနာပြု ဆရာတစ်ဦး၏ လက်စွဲဘုရားရှိခိုး'' ကဗျာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကမ္ဘာနှင့် အ၀န်းဘေးဒုတ်က္ခ အသွယ်သွယ်တို့ဖြင့် ကြုံတွေ့နေရသော လူပေါင်းတို့၏ ကယ်တင်ရှင် အို ဘုရား သခင်၊ နားဆင်တော်မူပါ။
ရောဂါ ဝေဒနာတို့၏ ဇာစ်မြစ်ကို မြင်သိနိုင်သော စက္ခုအာရုံ၊ နာကျင်ကိုက်ခဲမှုများကို လက်ဖြင့် ထိတွေ့ရုံ မျှနှင့်ပျက်ကင်းစေနိုင်သော စွမ်းအင်၊ ဝေဒနာ ခံစားနေရသူများ၏ ညည်းညူသံကို ဆောလျင်စွာ ကြားနိုင်သည့် သောတ အာရုံ၊ လူအပေါင်းတို့အား ဖြေသိမ့်နိုင်ပြီး အားအင်ဖြည့်တင်း ပေးနိုင်သည့် ပီယ၀ါ စာ စကားကို ချီးမြှင့် ပေးသနားတော် မူပါအရှင်။

အရှင်၏စွမ်းအင်နှင့် ခြေလုမ်းများအတိုင်း လျှောက်လှမ်းနိုင်ရန်နှင့် သင်၏ မွန်မြတ်သော လုပ်ငန်းများ ကိုဆောင်ရွတ်နိုင်ရန် ကျွန်ုပ်ကိုခွန်အား ပေးသနားတော်မူပါ။
ဘုရားရှိခိုးသည် အတိတ်ကာလ ကျွန်မအတွက် လက်စွဲဖြစ်နေသဖြင့် စာသားများက အလိုလိုပါးစပ် ထဲသို့ရောက်လာခဲ့၏။ အရေးတကြီးအခြေအနေမျိုးမှာ ထုတ်ပြီးရေရွတ်ရလိမ့်မည်ဟု ကျွန်မမထင်ခဲ့ပါ။ ယခုတော့ အရေးကြုံလာပါပြီ။

ဘုရားရှိခိုးကို ထပ်ခါတလဲလဲ ရေရွတ်ပြီးနောက် နေသာထိုင်သာရှိသွားပါသည်။ ဘုရားရှိခိုးသည် လင်္ကာသာရ ရှုထောင့်က ကြည့်လျှင်အဆင့်အတန်းမြင့်လှသည် မဟုတ်သောလည်း စာသားများက အဆင့်အတန်းမြင့်လှ၍ ကျွန်မအလိုရှိသည်ကိုတော့ ဖြည့်တင်းပေးလိုက်ပါသည်။ ယင်းဘုရားရှိခိုးသည် ကျွန်မအားဘ၀မှန်သို့ ပြန်ပို့ပေးခဲ့သည်။ ကျွန်မ၏အခြေအနေကို ပြန်လည်စဉ်းစားနေခြင်းထက် ကျွန်မမှာလုပ်စရာတွေ တစ်ပုံတစ်ခေါင်း ရှိနေပါသည်။ ကျွန်မသည်ဘုရားသခင်အား တိုင်တည်ပြီး နောက်အ၀တ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသော် လူနာဆောင်များအတွင်း၌ လှည့်လည်ကြည့်ရှုရန် တာဝန်ရှိသူ တစ်ယောက်အဖြစ်လှမ်းထွက်ခဲ့ပါသည်။

ကျွန်မ၏ ယုံကြည်မချက်များသည် လွင့်ပါးသွားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ရုံမျှမက ဝေဒနာခံစားနေရသူတို့၏ နာကြည်းစွာညည်းညူသံများက ကျယ်လောင်လှပါသည်။ သို့သော် ကျွန်မအလိုရှိသည်များကို အင်အားအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွတ်နိုင်တော့မည်ဟု ခံစားလာရသည်။
ကျွန်မသည် လူနာကုတင်တိုင်းရှိ ခြေရင်း၌ မတ်တတ်ရပ်၍ လူနာများကို အားပေးစကား အနည်းငယ် စီပြောကြားခဲ့ပါ၏။ အခြေအနေများတိုးတတ်ကောင်းမွန်လာ သယောင်ယောင် သူတို့ကို ထင်မှတ် စေပါသည်။

'' အခုဆိုရင် ကျွန်မတို့ချည်းပဲ ကျန်တော့တယ်၊ဒီလိုကြားရတာအားလုံး ၀မ်းသာကြမှာပါ၊ ရှင်တို့တစ်တွေ ကျန်းမာလာအောင် ထူထူထောင်ထောင် ဖြစ်လာအောင် ကျွန်မဂရုစိုက်နိုင်တာပေါ့၊ ဒါပေမဲ့ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ၊ ကျွန်မပြောတာ မှတ်ထားကြနော်''ဟူ၍ ပြောကြားခဲ့ပါသည်။

ကျွန်မပြောသွားသော စကားလုံးများသည် သူနာပြုနှင့် လူနာတွေ့လျှင် သုံးနေကျ စကားများဖြစ်၍ သန်းချီ၍ သုံးစွဲသွားခဲ့ဖူးပြီး ဖြစ်ပါသည်။ကျွန်မ၏စိတ်ထဲ၌ သင်္ကြန်အမြောက်ကဲ့သို့ ထင်မှတ်စေကာမူ သူတို့ တစ်တွေ စိတ်ချမ်းသာ သွားကြပါ၏။ လူမမာတစ်ဦးတစ်ယောက်ကို '' စိတ်ဓာတ်ခိုင်ခိုင်ထားပါ၊ မကြာခင် ရောဂါ ပျောက်ကင်း သွားမှာပါ''ဟူသောအားပေးမှုသည် ဆေးကောင်းတစ်လက်ထက်ပင် ပိုမိုခရီးရောက်ပါသည်။

ထို့ကဲ့သို့ ရင်ဖွင်လိုက်ပြီးသောအခါ အဆုံးအစမရှိသော နိစ္စဓူဝ အလုပ်များကို ပြန်လုပ်ရပြန်သည်။ လူနာ ဆောင်များကို သန့်စင်ဆေးကြောသည်။ ဒဏ်ရာရသူများအား သန့်စင်ဆေးထည့်ပေးသည်။ လူမမာ များအား ဆေးပေးသည်။ အစားအစာများလုပ်ပေးသည်။ ကျွန်မ၏အစားအသောက်က တစ်မျိုးတည်းပါ။ အစာလည်း အကြေပါ။ သို့သော်ကျွန်မတို့ရိက္ခာပြတ်ပြီး ငတ်မနေကြပါ။ ကျွန်မတို့ ဆေးရုံဝင်းထဲရှိ ထင်းပုံ အောက်၌ အရေးပေါ်လာခဲ့သော် စားရန်မြှုပ်ထားသော အစားအစာများမှာ အချိန်အတော်ကြာကြာ စားနိုင် ပါလိမ့်မည်။

နို့ဆီနှစ်သေတ္တာကို ၀ှက်ထားခဲ့ပါသည်။ ကလေးမိခင်နှင့် ကလေးတွေအတွက် သီးသန့်ချန်ထားခြင်း ဖြစ်ပါသည်။ နောက်ပြီး ဟင်းသီးဟင်းရွက်နှင့် ပြုပြင်ထားသော ဟင်းချိုဘူးများကလည်း သုံးသေတ္တာ ရှိပါသေးသည်။ ယင်းဟင်းချိုဘူးတွေကိုလည်း ကြက်တွေအတွက် လျာထားသော ကြက်စာနှင့် ရောကျိုပြီး စားကြပါသည်။ အစေကြေချင်မှ ကြေမည် ဖြစ်စေကာမူ ယင်းထက် ကောင်းသောအစား အစာ သို့တည်း မဟုတ် အခြားအစားအစာများနှင့် အစားထိုးနိုငသော အခြေအနေအရှိပါ။ ဤအစား အစာများနှင့်ပင် လူတွေ အသက် ရှင်သန် နေကြပါသည်။

ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အတွေ့အကြုံများ၏ နောက်ဝယ်စွန့်ပစ် ခံထားရသူများသဖွယ် ခံစားနေ ရခြင်း ကပင်လျှင် စိတ်သက်သာရာရစေပါသည်။ ဂျပန်များက ကျွန်မတို့တစ်တွေသည် တန်ဖိုးရှိသော ပစ်မှတ်များမဟုတ် ယူဆလေရော့သလား အသိပါ။ ဗုံးခိုကျင်းများသို့ ကျွန်မတို့ပြေးလွှား ပုန်းအောင်းရန် မလိုတော့ပါ။ လူနာများကိုလည်း ချိမ၍ ဘေးကင်းရာ နေရာများသို့ မသယ်ရပါတော့ပါ။ တိတ်ဆိတ် ခြင်းသည် တုန်လှုပ်စရာကောင်းသည် မှနစေကာမူ ဗုံးဆန်အမြှောက်ဆန်များ နောက်ဝယ် တုံးလုံးပက် လက်သေကြေ ဒဏ်ရာရသူများ၊ စိတ်ဓာတ်ချောက်ချားပြီး အော်ဟစ်နေသူများနှင့် စာလျှင်ကြိုက်နှစ် သက်ဖွယ်ဖြစ်ပါသည်။

အေးချမ်းတည်ငြိမ်မူ ရသည့်ကာလမှာ တိုတောင်းလှပါသည်။ တစ်နံနက်တွင် အယ်နီတစ်ယောက် ကျွန်မထံ ပေါက်လာပြီး စိုးရိမ်တုမ်လှုပ်စွာဖြင့် '' ဗမာလူမျိုးနှစ်ဦးသည် ဆေးရုံအပြင်ဘက်တွင် သကာင်္မကင်း ဖွယ်ရာ အပြုအမူများ လုပ်နေကြကြောင်း''လာပြောသည်။ သူတို့သည် လုယက်ရန်အတွက် ပစ္စည်းများကို လိုက်လံ ရှာဖွေနေသူများသာ ဖြစ်မည်ဟု ကျွန်မမှတ်ထင် ယုံကြည်သွားမိပါသည်။
ကျွန်မသည် ဆင်ဝင်ဆောင်လှေကားမှ ဆင်းသွားကာ စိတ်ခိုင်ခိုင်ထားပြီး၊ ၄င်းတို့နှစ်ဦးအား '' မည် သည်တွက် ပုဂ္ဂလိကပိုင် ၀င်းခြံထဲဝင်ရောက်နေကြသနည့်း''ဟုမေးပါသည်။

၎င်းတို့နှစ်ဦး၏ ရုပ်သွင်လက္ခဏာမှာ အခြားတိုင်းရင်းသားများကဲ့သို့ပင် ဖြစ၍ ထူးထူးခြားခြား ကြောက် စရာမရှိပါ။ ဆံပင်များရှည်နေပြီး သူတို့သည်ဗမာလူမျိုးများကဲ့သို့ အကျီင်္နှင့် လုံချည်များ ၀တ်ဆင်ထား ကြသည်။ ၄င်းတို့က '' ဆာလောင်မွတ်သိပ်နေ၍ အစားအစာများကို လိုက်လံရှာဖွေနေကြကြောင်း'' ရိုကျိုးစွာ ပြန်ပြော ပါသည်။

သူတို့ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်တည်း ဗမာလူမျိုးမဟုတ်သည်ကို ကျွန်မသိလိုက်ပါပြီ။ မြန်မာစကား ပြောရာ၌ လေသံမှာ အလွန် ထူးဆန်းနေပါသည်။ ကျွန်မသည်အမှန်ပင် တုနလှုပ်ချောက်ချားလာ ပါပြီ ကြောက်ရွံ့မှုများကို အတတ်နိုင်ဆုံး ဖုံးကွယ်၍ '' ကျွန်မတို့ မှာလည်း အစားအစာ လိုအပ်နေ ကြောင်း၊ ကျွန်မ တို့ထံတွင် ရှိသည်များမှာ ဆေးရုံရှိ လူနာများ အတွက်သာ ဖြစ်ကြောင်း၊ ၄င်းတို့ အနေနှင့် အခြား တစ်နေရာ တွင် သွားရောက်ရှာဖွေသင့်ကြောင်း'' ပြောလိုက်သည်။

ကျွန်မ၏ ရှင်းပြချက်များကို နားပင်းနေကြသလား မသိ၊နားမထောင်ဘဲ ကျွန်မဆီသို့ လျှောက်လှမ်းလာ နေသည်။ ထိုမှတစ်ဆင့် တစ်ယောက်က ဆက်ခနဲ ကျွန်မထံ ပြေးလာသည်။ အခြားတစ်ယောက်က အယ်နီ့ထံပြေးသွားသည်။ ကျွန်မထံပြေးလာသူက ကျွန်မ၏ လက်တစ်ဖက်ကိုကျောဘက်သို့ ဆွဲဖမ်းပြီး လှန်ချိုးလိုက်သည်။ ကျန်တစ်ယောက်က အယ်နီ၏ လည်ပင်းကို ဆွဲဖမ်းပြီး အယ်နီအား မြေကြီးပေါ်သို့ တွန်းလှဲ လိုက်သည် ကျွန်မမှာ နာကျင်လွန်းလှ၍ တအားအော်ပြီး '' တို့အသားကို မထိနဲ့၊ သေနတ်နဲ့ ပစ်လိုက်မယ်'' ဟုပြောလိုက်ပါသည်။

ကျွန်မ၏ ခြိမ်းခြောက်မှုသည် သူတို့အတွက် ရယ်စရာပါ။ ကျွန်မတို့ကို ထိရုံအခြေအနေက ကျော်လွန် လာခဲ့ပြီမို့ ရယ်စရာလို ဖြစ်နေပါသည်။ အယ်နီကို ချုပ်ကိုင်ထားသူက အယ်နီ၏ လည်ပင်းကို လိမ်ချိုး နေသည်ကို တွေ့ရပါသည်။ ကျွန်မကို ချုပ်ဖမ်းထားသူကလည်း သူ့တွင်ရှိသမျှ အင်အားအပြည့် ထုတ်သုံးပြီး ကျွန်မ၏ လက်ကို ချိုးပစ်ရန် ကြိုးစားနေပါသည်။ သို့သော် ကျွန်မ၏ လက်တစ်ဖက်က တော့ လွတ်လွတ် လပ်လပ် ရှိနေပါသည်။

ဆုတ်ခွာ သွားခါနီး ကလေးမှာပင် ဂျော့(ခ်ျ)ဂရက်တီသည် ကျွန်မကို ပွိုင့်၃၈ ခြောက်လုံးပြူးတစ်လက် လိုရ မည်ရ ထုတ်ပေးခဲ့သည်။ သူ့ပါးစပ်က မည်သို့မျှထုတ်ဖော်ပြောဆိုခြင်း မရှိစေကာမူ ဂျပန်များက ကျွန်မကို ဖမ်းပြီး မုဒိမ်း ကျင့်ခဲ့သော် ကျွန်မ ကိုယ်ကိုယ်ကို ကာကွယ် နိုင်ရန် ရည်ရွယ် ခဲ့ဟန် တူပါသည်။

ဥရောပ တိုက်သားများသည် ၄င်းတို့၏ အမျိုးအမီးများအား ယင်းသို့အကြံပေးခဲ့ကြသည်ကို ကျွန်မ ကြားဖူး ပါသည်။ ဥရောပ တိုက်သူ တစ်ဦးကို အရှေ့တိုင်းသား တစ်ဦးက မုဒိမ်း ကျင့်ခဲ့သော် သေရသည်က ပင် ကောင်းသေး သည်ဟူသော အယူအဆအတွက် စောဒကတက်ရန်မလိုပါ။ ကျွန်မတွင် ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံဖို့မရှိစေကာမူ ခြောက်လုံးပြူးကိုတော့ လက်ခံထားလိုက်ပါသည်။ သို့သော်ကျွန်မကို ကာကွယ်ရန်အတွက် အသုံးပြုရအံ့ဟု မထင်မှတ်ခဲ့ပါ။ ခိုးဆိုး လုယက်ရန် လာသူကို သေနတ်ပြပြီး ခြိမ်းခြောက် ရန်သာ လိုမည်ဟု ထင်ခဲ့ပါသည်။

ကျွန်မဘောင်းဘီ၏ နောက်အိတ်ကပ်ထဲတွင် သေနတ်ကို အမြဲ ထည့်ထားလေ့ ရှိပါသည်။ ဒါကိုကျွန်မ အမှတ် မထားမိရုံမက သေနတ်ကိုပင် စိတ်အား ထက်သန်စွာဖြင့် အသုံးချ ရလိမ့်မည်ဟု မျှော်လင့် မထား ပါ။ ယခု မမျှော်လင့်ဘဲ ဖြစ်လာရပါပြီ။ လွတ်နေသော လက်တစ်ဖက်ကို ဘောင်းဘီအိတ် ထဲသို့ သွင်းလိုက်ပြီး သေနတ်ကို ဆွဲထုတ် လိုက်သည်။

အယ်နီသည် မြေကြီးပေါ်မှာ လူးလှိမ့်ပြီးဟစ်အော်နေသည်။ ကျွန်မက သေနတ်ကို  ဆွဲမ၍ ချိန်လိုက် သောအခါ သူမကို မှန်သွားမှာ အလွန် စိုးရိမ်မိသည်။ ဖြုန်းခနဲ ထိုသူ၏ ခေါင်းက သူမနှင့် တသီးတခြား ဖြစ်သွားသည်။ ကျွန်မက ခလုပ်ကို ဆွဲညှစ်လိုက်ရာ အသံက နားကွဲလုမတက် မြည်သွားသည်။ ပေါက်ကွဲမူသည် ကျွန်မ၏မျက်နာကို လာဟပ်ရုံမျှမက ယမ်းနံ့များကိုလည်း ရှူရှိက်မိပါသည်။ ကျည်ဆန် လွဲ သွားလိမ့်မည်ကို ကျွန်မစိုးရိမ်ခဲ့မိသည်။ လက်တည့်၍တော့ မဟုတ်ပါ။ ကုသိုလ်ကံ  ကောင်း၍ထင့်၊ သူ၏ ခေါင်းခွံ ပွင့်ထွက်သွားခဲ့ပါသည်။

အယ်နီသည် ထိုသူ လဲကျသွားသည်နှင့် တစ်ပြိုင်တည်း ကမန်းကတန်း မတ်တက်ရပ်ပြီး ကျွန်မကို ကူညီရန် ပြေးလာ ပါသည်။ ကျွန်မအား ချုပ်ကိုင်ထားသူသည် သူ၏အဖော် လူယုတ်မာ လဲကျသေဆုံး သွားသည်ကို မြင်တွေ့ ရသောအခါ အံ့အားသင့် သွား၍ ကျွန်မ၏ လက်ကို ဖြေပေးလိုက်သည်။

ကျွန်မက သူ၏မျက်ခွက်တည့်တည့်ကို သေနတ်နှင့် ပစ်လိုက်သည်။ သူ့မျက်နှာသည် ကျွန်မနှင့် လက်မ အနည်းငယ်မျှသာ ကွားဝေးပါသည်။ အမှည့်လွန် နေသော ဖရဲသီးကို ရိုက်ခွဲ လိုက်သလို သူ၏ မျက်နှာ သည်လည်း တစ်စစီ ဖြစ်သွားပါသည်။ ကျွန်မ တစ်ကိုယ်လုံးမှာ အရိုး အစအနများ၊ သွေးများနှင့် ပေကျံ ကုန်ပါသည်။
ကျွန်မ၏ လက်ထဲမှ သေနတ် လွတ်ကျ သွားခဲ့သည်။

မထိန်းနိုင် မသိမ်းနိုင်အောင် တုန်လှုပ်သွားခဲ့ပြီး တရှုပ်ရှုပ် ငိုကြွေးနေမိသည်။ ကျွန်မလုပ်ခဲ့သည် တို့ကို ပြန်မကြည့် ရက်ပါ။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ အလောင်းများသည် ကြည့်ရက်စရာ မရှိပါ။ ကျွန်မ လက်ချက်နှင့် သေသွားရသော အလောင်းများဖြစ်၍ ဆိုဖွယ်ရာ မရှိတော့ပါ။ '' ငါတော့ လူသတ်မိလေပြီ'' ဟူသော အသိနှင့်အတူ အပြစ် ရှိနေပြီဟု နောင်တ ရနေပါသည်။

ကျွန်မ ဘ၀တွင် လူမျုား၏အသက်ကိုသာ ကယ်ဆယ်လာခဲ့သည်။ မကြာသေးခင်ကပင် လူအပေါင်း၏ အသက် ကို ကယ်ရပါလိုကြောင်း ဘုရားထံတွင် ဆုတောင်းခဲ့ပါသေးသည်။ ယခုလူသတ်သမားဖြစ်နေ ရပြီ။ ကျွန်မ၏ စိတ်ထဲဝယ် မှားများ သွားလေပြီလား ဟူသော သံသယဖြင့် လူရော စိတ်ပါ ၀မ်းပန်းတနည်း ဖြစ်နေ ပါသည်။ ကျွန်မထင်သလို သူတို့နှစ်ယောက်သည် တကယ့်လူသတ်သမား တွေလား၊ အခြား အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ထမင်းဆာသည်ဆိုသော အချက်တစ်ခုတည်းနှင့် သတ်မိလေရော့သလား ဟူ၍ အလွန် စိုးရိမ် ကြောက်ရွံ့ သွားပါသည်။

အယ်နီတစ်ယောက် အလန့်တကြား အရူးလို ဟစ်အော်နေသည်ကို ကျွန်မသတိပြုမိပါသည်။ သူမ ဘက်သို့လှည့်ကြည့်လိုက်သည်။ အယ်နီသည်သေဆုံးသူအနီး၏ အလောင်ဘေးတွင် ဒူးထောက်လျက် အကျီင်္ကို ဆွဲလှန်ရာမှ အောက်ဘက်တွင် အစိမ်းရောင်စစ်အင်္ကျီနှင့် တံဆိပ်များ ထွက်ပေါ်လာ သည်ကို တွေ့သဖြင့် '' ကြည့်ပါဦး၊ ဒါဟာ ဂျပန်စစ်သားတွေပဲ၊ သူတို့အတွက်တော့ ငိုမနေပါနဲ့၊ သူတို့ဟာ ညစ်ပတ် တဲ့ ခွေးတိရိစ္ဆာန်တွေပဲ'' ဟုဟစ်အော်နေပါသည်။

အသက်တစ်ချေင်း၏ တန်ဖိုးမည်မျှရှိသည်ကို ကျွန်မသင်ကြားခဲ့ဖူးသော်လည်း အယ်နီ၏ စကားများ ကြားရ သောအခါ ကျွန်မစိတ်ချမ်းသာ သွားခဲ့ပါသည်။ ကျွန်မသည် ကျန်အလောင်းဘေးတွင် ဒူးထောက်၍ အကျီင်္ကို ဆွဲဖွင့်လိုက်သောအခါ စစ်အကျီင်္နှင့် ရာထူးတံဆိပ် အမှတ်အသားများကို တွေ့ရပါသည်။ မည်သည့်တံဆိပ် အမှတ် အသားဟူ၍ ကျွန်မမသိပါ။ ဂျပန်လူမျိုးဟု သိရသည်နှင့်ပင် မြွေများ အရေခွံလဲသလို ကျွန်မ၏ ရင်ထဲ၌ အပြစ်ရှိသူ ဟူသောခံစားချက်ကို ခွာချပစ် လိုက်ပါသည်။

သူတို့သည်မည်သည့်အတွက် မြန်မာအ၀တ်အစားများကို ၀တ်၍ ကျေးတောသား ယောင်ဆောင်ထား ကြသနည်း။ ယင်းသို့ဆိုလျှင် ဂျပန်စစ်တပ်ကလည်း သိပ်မဝေးနိုင်တော့ပြီ။ ဂပန်စစ်တပ်သည် မကြာခင် ရောက်လာတော့မည်။ ရောက်လာခဲ့သော် သူတို့၏ ရဲဘော် ဂျပန်စစ်သားများ အလောင်းကို တွေ့သွားမည်။ အလောင်းများကိုတွေ့လျှင် ''အယ်နီနှင့်ကျွန်မတို့နှစ်ယောက်ကိုတော့ သေနတ်နှင့် ပစ်သတ်တော့မှာပဲ '' စသည်ဖြင့် တစ်မျှော်တစ်ခေါ် အတွေးများ ပေါ်လာသည်။အလွန်တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော အတွေးများဖြစ်စေကာမူ မိမိကိုယ်ကိုယ် မကြောက်အောင် ထိန်းထား ရန် အချိန်ဖြုန်းနေ၍ မဖြစ်တော့ပါ။

'' သူတို့ ဒီနေရာကို ရောက်လာတယ်ဆိုတဲ့ အစအန မကျန်ရစ်ခဲ့အောင် ဖျောက်ဖျက်ပစ်ရမယ် အယ်နီ''ဟု ကျွန်မက ပြောသည်။ ကျွန်မပြောလိုက်သည့်အသံက တည်တည်ငြိမ်ငြိမ် ဖြစ်သော်လည်း စိတ်ထဲကမူ ဂျပန်စစ်တပ်များ ချီတက်လာသံကို ကြားနေရသလို ခံစားမိသည်။

အယ်နီက သဘောတူကြောင်း အထိမ်းအမှတ်အဖြစ် ခေါင်းညိတ်ပြသည်။ ကျွန်မတို့ နှစ်ဦးသည် အလောင်း တစ်လောင်း၏ ခြေထောက်ကို တစ်ယောက်တစ်ဖက်ကိုင်၍ ဗုံးခိုကျင်းသို့ဆွဲယူသွားကြ သည်။ အလောင်း၏ ခေါင်းက လမ်းတွင် တဒုံးဒုံးဆောင့်ပြီး ပါလာသည်။ ဆွဲကြောင်းတစ်လျှောက်၌ ဖုန်နှင့် သွေးများ အလိမ်းလိမ်း ပေကျံ နေရစ်သည်။

ကျွန်မတို့သည် အလောင်းကို ကျင်းထဲသို့ ပစ်ချ လိုက်သောအခါ အင်္ကျီအိတ်ကပ်များထဲမှ အဖိုးတန်စိန် ရွှေရတနာများ၊ ငွေများ၊ထွက်ကျလာပါသည်။ အယ်နီသည်သူမကိုင်ထားသော ခြေထောက်ကို လွှတ်ချပြီး စိန်ရွှေရတနာများနှင့် ငွေများကိုကုန်း ကောက်ရင်း '' ကျွန်မတို့ ပစ္စည်း ပစ္စယ ၀ယ်ရအောင် လိုရမည်ရ ယူထားမယ်'' ဟု ပြောပါသည်။ ကျွန်မက '' အဲဒီပစ္စည်းတွေ အားလုံး အိတ်ကပ်ထဲ ပြန်ထည့်လိုက်၊ ဒီပစ္စည်းတွေ မရှိဘဲနဲ့ နေနိုင်တယ်ဟု'' စိတ်ဆိုးဆိုးနှင့် ပြောလိုက်သည်။

ကျွန်မတို့သည် ကျန်အလောင်းကိုလည်းပထမ အလောင်းနည်းတူ ဗုံးခိုကျင်းထဲသို့ ဆွဲသယ်လာပြီးပစ် ချလိုက်ပါသည်။ ကျင်းနှုတ်ခမ်းတွင် မတ်တတ်ရပ်ပြီး ကျွန်မတို့၏ လုပ်ရပ်ကို ပြန်လည်သုံးသပ်ပါသည်။ အလောင်းနှစ်လောင်းကတော့ ကျင်းအောက်ခြေတွင် ပုံပျက်ပန်းပျက် အနေအထား၌ ရှိနေပါသည်။ ကျွန်မက အယ်နီအား
’’ အလောင်းတွေရဲ့ အရိပ်ယောင် အစအန မကျန်အောင် မီးရှို့ ရမယ်၊ ဒါကြောင့် ထင်းနဲ့ ရေနံဆီပုံး တွေ ကျွန်မနဲ့ အတူတူ ကူသယ်ပေးပါ’’ဟု ပြောရသည်။

ကျွန်မတို့သည် အဆောတလျင် သစ်ကိုင်းခြောက်များ၊ ထင်းများကိုစုဆောင်း၍ အလောင်းများအပါ်၌ စုပုံထားကြသည်။ ပင်းပန်းလှသဖြင့် ချွေးတို့ဖြင့် စိုရွှဲနေကြသည်။ တချိန်လုံးတွင်ပင် ဂျပန်စစ်တပ်များ ဒီကြားထဲ ရောက်လာလေမလားဟု ပခုံးပေါ်မှ ကျော်ပြီး စိုးရိမ်ပူပန်စွာ ရှာဖွေရသည်က အမောသကော ရှိလှသည်။ အလောင်းများပေါ်၌ ထင်းများကို စုပုံပြီးသော် ရေနံဆီလောင်း၍ မီးရှို့ကြသည်။ လူသေ အလောင်းမျုား ကို မီးရှို့ရာတွင် အလွန်ခက်ခဲသည်ကို လက်တွေ့ ကြုံကြရပါသည်။ မီးတောက် မီးလျှံများ  မီးငြိမ်း သွားသောအခါ အလောင်းများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားတာ မှတ်မိနေပါသည်။

 ထင်းများကို အလောင်းပေါ်၌ တင်သည်၊ တငွေ့ငွေ့လောင် စေရန်အတွက် သစ်ရွက်များကိုပါ ရောပုံပါ သည်။ ရေနံဆီလောင်းပြီး မီးရှို့ပြန်ပါသည်။ သို့သော်လည်း ကျွန်မတို့ကျူးလွန်ခဲ့သော ပြစ်မှုကို ဖုံးကွယ်၍ မရ သေးပါ။ ကျွန်မတို့သည် လောင်စာဆီ မှန်သမျှကို ရှာဖွေစုဆောင်းကြရာ စားသုံးဆီပါမကျန် အလောင်း များပေါ်သို့ လောင်းထည့်ပြီး မီးရှို့ကြပြန်သည်။ တမေ့တမော ကြာတော့မှ မည်းမည်း အရောင် ပြာပုံကြီး ကျန်ရစ်ပါတော့သည်။ ကျွန်မတို့သည် မူလက မရှိခဲ့သယောင်ဖြစ်အောင် ပြန်ဖို့ပြီး အပေါ်မြေသားကို ပုံပန်းမပျက်စေရန် ညှိကြသည်။ သွေးများဖြင့် လိမ်းကျံနေသော မြေကြီးပေါ်မှ ဆွဲကြောင်းကြီးကို လှဲကျင်း ဖျောက်ဖျက် ပစ်လိုက်သည်။

ကျွန်မမှာ အလွန် ပင်ပန်း လှသဖြင့် မတ်တတ်ပင် အနိုင်နိုင်ရပ် နေရပါသည်။ ကျွန်မကို အယ်နီက ၀ရန်တာ သို့ ဆွဲခေါ်လာသဖြင့် ထိုင်ခုံပေါ်မှာ ခြေပစ် လက်ပစ် ထိုင်ချ လိုက်သည်။

ဆက်ရန်

No comments: