ဦးမြင့်ဆွေက "မြန်မာပြည်၏ ဟယ်လင်" ကို ဖတ်ကြည့်စမ်းပါဟု ပြော၍ ညအိပ်ရာဝင်သောအခါ ဖတ်ရှု ခဲ့သည်။ စာအုပ်၏ ဆွဲဆောင်မှုကြောင့် တစ်ညလုံး မအိပ်တော့ဘဲ ဖတ်ရှုခဲ့ရာ မိုးလင်း သွားခဲ့ ၏။
သခင်တင်မြ
အစ်ကိုကြီး ဦးမြင့်ဆွေက ကျွန်တော့်အား သူ့စာမူကို ဖတ်ပါ တည်းဖြတ်ပေးပါဟု ပြောသဖြင့် ကျွန်တော် ပထမ အစမ်းသဘော ဖတ်ရှုခဲ့သည်။ လက်က မချနိုင်သဖြင့် တစ်ထိုင်တည်း အပြီးဖတ် လိုက်သည်။
အထောက်တော် လှအောင်
သခင်တင်မြ
အစ်ကိုကြီး ဦးမြင့်ဆွေက ကျွန်တော့်အား သူ့စာမူကို ဖတ်ပါ တည်းဖြတ်ပေးပါဟု ပြောသဖြင့် ကျွန်တော် ပထမ အစမ်းသဘော ဖတ်ရှုခဲ့သည်။ လက်က မချနိုင်သဖြင့် တစ်ထိုင်တည်း အပြီးဖတ် လိုက်သည်။
အထောက်တော် လှအောင်
ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် အမှာစာ
တောင်ငူခရိုင် ဂျပန်ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်ဆွေ(ဖြူး) ဗြိတိန်နိုင်ငံ သို့ ရောက်ရှိစဉ် မြန်မာပြည်၏ ဟယ်လင် (Helen of Burma) စာအုပ်ကို တွေ့ရှိခဲ့ပြီး အထူး နှစ်ခြိုက် သဘော ကျ၍ ဘာသာပြန် ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာသောအခါတွင် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် နှင့်တကွ အစိုးရအုပ်ချုပ်ရေးဆိုင်ရာ အရာရှိများအားလုံး ကိုယ်လွတ်ရုန်းထွက်ပြေးကြ ချိန်၌ မိမိ အသက် ဘေး ကို မငဲ့ကွက်ဘဲ မြန်မာပြည်သူပြည်သားများနှင့်အတူ ကမ္ဘာစစ်ကြီး၏ ဒဏ် ကို ခါးစည်း ရင်ဆိုင် ခဲ့သည့် အမျိုးသမီးသူနာပြု ဆရာမလေး ဟယ်လင်ရော့ဒရစ်၏ စွန့်စားမှုများမှာ ယုံနှိုင်ဖွယ် မရှိအောင် ပီပြင် ပြတ်သား လှပါသည်။
သူမ၏ ကိုယ်ကျိုးမဖက် အများအတွက် စွန့်လွှတ် အနစ်နာခံမှုများနှင့် ဒုတိယကမ္ဘာစစ်အတွင်းက တောင်ကြီး မြို့တွင် လူနာများကို ပြုစုကုသ စောင့်ရှောက်ခဲ့ခြင်းများအတွက် ဗြိတိသျှအစိုးရ ကလည်း သူရ သတ္တိဆိုင်ရာ ဆုတံဆိပ် (The George Medal) ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ှ
လော့မောင့်ဘက်တန် (Lord Mountabttern of Burma)၏ ဇနီး လေဒီမောင့်ဘက်တန် (Lady Mountbatten) ဒုတိယ ကမ္ဘာစစ်အတွင်း တောင်ကြီးမြို့ ဆေးရုံတွင် သူနာပြု ဆရာမအုပ်အဖြစ် လုပ်ကိုင်ခဲ့သော ဟယ်လင် ရော့ဒရစ် (Helen Rodriguez)ကို 'ဟယ်လင့်အော့ဖ်ဘားမား' (Helen of Burma) ဟု မှည့်ခေါ်ခဲ့သည်။ အသိ မိတ်ဆွေ အချို့ကလည်း ၎င်းအမည်ဖြင့်ပင် စာများ ရေးခဲ့ ကြသည်။
ဂျော့ခ်ျတံဆိပ်ရှင် ဆရာမကြီး ဟယ်လင်ရော့ဒရစ်သည် ထို (Helen of Burma) အမည်ကို ယူ၍ သူနာပြုဆရာမတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံအတ္ထုပ္ပတ္တိစာအုပ်ကို ရေးသား၍ ၁၉၈၃ခုနှစ် တွင် ထုတ်ဝေသည်။ စာအုပ်ထွက်လာချိန်တွင် သူနာပြု ဆရာမကြီး ဟယ်လင်ရော့ဒရစ်မှာ နှလုံး ရောဂါဖြင့် ကွယ်လွန် သွားရှာပြီ ဖြစ်သည်။
ဟယ်လင့်ရော့ဒရစ်ကို ဖခင် ပေါ်တူဂီလူမျိုး ခွဲစိတ်ကု ဆရာဝန်ကြီးနှင့် မိခင် စကော့လူမျိုး သူနာပြု ဆရာမတို့မှ ၁၉၁၄ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်နေ့၌ မြန်မာနိုင်ငံ ချင်းတောင်တန်းတွင် မွေးဖွားခဲ့သည်။ ဖခင် ပြောင်းရွှေ့လုပ်ကိုင်သော တောင်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ အိန္ဒိယနိုင်ငံ ဒါဂျီလင်တွင် ပညာသင်ပြီး ရန်ကုန်၌ သူနာပြု ဆရာမအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ၁၉၄၁ခုနှစ်၊ သြဂုတ်လတွင် တောင်ကြီး ဆေးရုံ သို့ သူနာပြုဆရာမအုပ်အဖြစ် ပြောင်းရွှေ့လုပ်ကိုင်ရသည်။
သူနာပြုဆရာမတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံများ အကြောင်းကို ရေးသားထားသည့် (Helen of Burma) စာအုပ်တွင် တောင်ကြီးမြို့မှ အဖြစ်အပျက် အကြောင်းအရာများကို အများဆုံး ရေးသားထားသည်။
သတ္တိခဲ သူနာပြု ဆရာမ ဟယ်လင်ရော့ဒရစ် အတ္ထုပ္ပတ္တိ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် "Helen of Burma" ကို "မြန်မာပြည်၏ ဟယ်လင်" အမည်ဖြင့် ဆရာကြီး ဦးမြင်ဆွေ(ဖြူး) ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်မှာ ၁၉၈၇ ခုနှစ် က ဖြစ်၍ ယခုအချိန်၌ အနှစ်(၂၀)တိတိ ကြာညောင်းခဲ့ပြီ ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးနှင့် ဖက်ဆစ် ဂျပန် များကိုမိမိတစ်ဦးတည်း ကြံ့ကြံ့ခံ အန်တုခဲ့သည့် အမျိုးသမီး သူနာပြု ဆရာမလေး ဟယ်လင် ရော့ဒရစ် ကို ဂုဏ်ပြုသည့်အနေဖြင့် နေရီရီစာအုပ်တိုက်က ယခု ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါ သည်။
ဒုတိယအကြိမ် ထုတ်ဝေနိုင်ရန်အတွက် ခွင့်ပြုခဲ့သော ဆရာကြီး ဦးမြင့်ဆွေ၏ သမီးများဖြစ်သည့် ဒေါက်တာ ဒေါ်ရင်ရင်ဦး၊ ဒေါ်နီနီတို့ကိုလည်းကောင်း၊ ဤစာအုပ်နှင့် ပတ်သက်၍ အကူအညီပေးခဲ့သည့် ဆရာကြီး သခင်တင်မြ အား လည်းကောင်း အထူး ကျေးဇူးတင်ရှိပါသည်။
သခင်ကျော်စိန်၏ မိတ်ဆက်အမှာ
တောင်ငူခရိုင် ဂျပန်ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ ရဲဘော်ကြီး ဦးမြင့်ဆွေ ဘာသာပြန် ထားသော 'Helen of Burma' စာအုပ်ကို ဖတ်ရှုကြည့်ရန် ကိုယ်တိုင် ယူလာခဲ့ပြီး ပထမ တွင် 'စစ်အတွင်းက သူနာပြု ဆရာမတစ်ဦး၏ သာမန် အတွေ့အကြုံမျှသာ ဖြစ်မှာပါ'ဟူသော သဘောဖြင့် အကြမ်းဖျင်း ကြည့်မိ ပါသည်။ ထိုသို့ ကြည့်လိုက်ပါမှ ဂျပန်ခေတ် မြန်မာနိုင်ငံသမိုင်းကို သူ့ရှုထောင့်၊ သူ့အတွ့ အကြုံ၊ သူ့အမြင် များဖြင့် ရေးထားသည်ကို တွေ့ရသဖြင့် လုံးစေ့ပတ်စေ့ တစ်ခေါက် ပြန်ဖတ်ရပါတော့သည်။
၁၃၀၀ပြည့် အရေးတော်ပုံ၏ ရှေ့ပြေး အခန်းတစ်ခန်း ဖြစ်ခဲ့သော ၁၉၃၈ခု၊ ဒီဇင်ဘာလ၊ ၂၀ရက်နေ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးကို ကျောင်းသားများ ဆန္ဒပြ သပိတ်တားစဉ်က ကွယ်လွန်သွားရှာသူ ဗိုလ်အောင်ကျော်နှင့် ကျွန်တော်တို့ 'ကိုလိုနီပုလိပ်'များ၏ ရိုက်နှက် လူစုခွဲရာတွင် ဒဏ်ရာများ အသီးသီး ရရှိပြီးလျှင် ရန်ကုန်ဆေးရုံကြီး အခန်း၇နှင့် ၈သို့ တက်ရောက်ခဲ့ရစဉ်က စာအုပ်ရေးသူ Helen Rodriguezကို စတင် တွေ့ရှိ သိကျွမ်းခဲ့ရပါသည်။ ထိုအခါက အလုပ်သင် ကျောင်းသူ သူနာပြု ဆရာမကလေးအဖြစ် အမှုထမ်းနေပါသည်။ လူနာများကို ကိုယ်ချင်းစာနာပြီး ယုယုယယ စေတနာ ကြီးမားစွာဖြင့် ပြုစု ပေးခဲ့ သည်ကို ယနေ့တိုင် မမေ့နိုင် ဖြစ်ရပါသည်။ နောက် ကျွန်တော်၏ ဦးခေါင်းမှ ဒဏ်ရာမှာ အနည်းငယ် 'ရင်း' ချင်သလိုလို ဖြစ်နေ၍ ရန်ကုန်ဆေးရုံကြီးအခန်း၁၃နှင့် ၁၄သို့ ပြောင်းပြီး ကုသခံနေရစဉ်တွင်လည်း ညဥ့်ဆရာမ ဒေါ်အေးငွေ၏ လက်ထောက် ဆရာမ ကလေးအဖြစ် ရက်ပေါင်း ၃၀တိတိ ထပ်မံ ကြုံဆုံခဲ့ရပါသည်။ ကျန်းမာသန်စွမ်း၍ လူနာများကို စေတနာအပြည့်ဖြင့် နှစ်သိမ့်ပေးပြီး ပြုစုစောင့်ရှောက်မှု တာဝန် အရပ်ရပ်ကို လိုလေသေး မရှိရ အောင် ထိုအခါက ပြုစုခဲ့သည့် ကျေးဇူးကိုလည်း တွေးမိတိုင်း သတိရ နေပါသည်။
'Helen of Burma' စာအုပ်ထဲတွင် သူနာပြု လက်မှတ်ရ စာမေးပွဲ အောင်မြင်ပြီးနောက် ရှမ်းပြည် နယ် တောင်ကြီး ဆေးရုံတွင် ဆရာမအုပ် (Matron)အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာ စစ်ကြီးသည် ကမ္ဘာ့ အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ကူးစက်ပြန့်ပွားလာသောအခါ တောင်ကြီး မြို့ပေါ်၌ တစ်ဖက် နှင့် တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ပွဲများ သာမက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရပုံများ၊ စစ်သား၊ လူနာများ၊ အရပ်သား လူနာများကို ကူညီ ကုသပေးရာတွင် လူနာများ သက်သာရေးနှင့် အသက်ရှင် ရေးအတွက် အဆက်မပြတ်လိုလို ပစ်ခတ်နေသော အမြောက်ဆန် များကြား၌ ယာယီ စစ်ဆေးရုံမှ လူနာများ၊ အရပ်ဘက်ဆေးရုံမှ လူနာများကို သက်စွန့်ဆံဖျား သူ မတူအောင် ပြုစု လုပ်ကိုင် ဆောင်ရွက် ပေးခဲ့ပုံတို့ကို ဤစာအုပ်တွင် ဖော်ပြထားသည်တို့မှာ ဖြစ်ရပ် မှန်များ ဖြစ်ပါသည်။ ထို့ကြောင့်လည်း 'မိမိ အသက်ကို ပမာမပြုဘဲ နမူနာယူလောက်သော ကိုယ်ကျိုးစွန့်လွှတ်မှုဖြင့် အလွန် မွန်မြတ်သန့်ရှင်းသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း' ဖြစ်၍ ဗြိတိသျှအစိုးရက 'George Medal' ဘွဲ့တံဆိပ်ကို ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
ထိုစဉ်က မြန်မာပြည်ဘုရင်ခံ Sir Reginald Dorman Smithက အစိုးရအမှုထမ်း၊ အရာထမ်းတိုင်း မိမိတို့ တာဝန်ကျရာ နေရာအသီးသီးတွင် ဘာပဲဖြစ်ဖြစ် နေမြဲသဘောဖြင့် (stay-put) တာဝန် ထမ်းဆောင်ရန် အမိန့်တစ်ရပ် ထုတ်ဆင့်ခဲ့ပါသည်။ စစ်မြေပြင် စစ်တလင်း တကယ်ဖြစ်လာသော အခါတွင်မူ ထိုအမိန့်ကို ထုတ်ဆင့်ခဲ့သော ဘုရင်ခံနှင့်တကွ ဆရာဝန်များ၊ သူနာပြုများ အပါအ၀င် အစိုးရအမှုထမ်း၊ အရာထမ်း အားလုံးလိုလိုသည် ဘေးလွတ်ရာ လွတ်ကြောင်းအတွက် ထွက်ပြေး ကြသော စစ်ပြေးဒုက္ခသည်များ ဘ၀သို့ ရောက်ခဲ့ ကြပါသည်။ ဖခင်ဖြစ်သူ အငြိမ်းစားဆရာဝန်ကြီး မှာမူတောင်ကြီးရှိ 'မိခင်အိမ် မှ စစ်ပြေး ဒုက္ခသည်များ နားမှ မခွာ' ဟု ဆုံးဖြတ်နေထိုင်နေစဉ် စစ်ပြေးဒုက္ခသည်များ ကားကြုံတစ်စီးပေါ်သို့ မိခင်နှင့် အစ်မ ဖြစ်သူတို့ကို တင်ပေးလိုက်ပါသည်။
တောင်ကြီးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်လာသောအခါ မိတ်ဆွေများက ဖခင်ဖြစ်သူကို ဘေးလွတ် ရာ ရွာတစ်ရွာသို့ ခေါ်ဆောင်သွားသဖြင့် တောင်ကြီးကို ဂျပန်များသိမ်း လိုကသောအခါ၌ မိကွဲ၊ ဖကွဲ ဖြစ်ခဲ့ရပုံများ၊ ဆေးရုံလုပ်ငန်း၊ လုနာပြုစု ကုသရေး လုပ်ငန်းတို့ကို ကူညီဆောင်ရွတ်ပေးနေသူများနှင့် ဆက်လက် လုပ်ကိုင်ပေးနေပုံကို တွေ့ရှိရသောအခါ ပထမပိုင်း၌ အထင်မှားသလို သံသယ ဖြစ်နေသော် လည်း နောင်တွင်ဆက်ပြီးလုပ်နေရန် ဂျပန်စစ်တပ်က ခွင့်ပြုခဲ့ပုံများ၊ ဖခင်ကို ပြန်တွေ့ပြီးနောက် ကွဲသွား ခဲ့သော မိခင်နှင့်အစ်မကို လိုက်ရှာရင်းပြင်ဦးလွင်ရှိ စစ်ပြေးဒုက္ခသည်များနှင့် ပူးပေါင်းမိပုံများ၊ ရန်ကုန်မြို့သို့ ဆင်း၍ အလုပ်ရှာပြီး လုပ်ခဲ့ရပုံများ၊ ထို့နောက်ပြင်ဦးလွင်ရှိ ဖခင်ထံပြန်ခဲ့ပြီး ရောက်ရာနေရာတွင် 'အမျိုးသမီး မွေးလူနာ' များအပါအ၀င် လူနာအမျိုးမျိုးကိုပြုစုစောင့်ရှောက် ကုသပေးနေစဉ်' ဗြိတိသျှ သူလျှို'ဟုစွပ်စွဲကာ ဂျပန်ကင်ပေတိုင် စစ်ပုလိပ်တို့က ဖမ်းဆီးပြီး ပလိုင်ယာဖြင့် လက်သည်းများကို ဆွဲထုတ် ညှင်းပန်းသည်အထိ အမျိုးမျိုးခံခဲ့ရပုံများ၊ ဂျပန်ကင်ပေတိုင် စစ်ပုလိပ်ငရဲမှ လွတ်လာသောအခါ ပြင်ဦးလွင် ဒုက္ခသည်များ စခန်းတွင် စနစ်တကျ စည်းရုံးနေထိုင်ခဲ့ရပုံများ၊ နောက်ပိုင်းတွင်မဟာမိတ်' လေထီး' ဆင်း များနှင့် ဆက်သွယ်ပြီး မဟာမိတ်တပ်များကို လျှို့ဝှက်အသံလွှင့်စက်ဖြင့် ကူညီလုပ်ကိုင်ပေးခဲ့ ပုံများ၊
မိမိတို့ဒုက္ခသည်များ စခန်းရှိ ပျိုငယ်သော အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပုံ များ၊ မိဘမဲ့ကလေးများကို သားသမီးအရင်းကဲ့သို့ ပြုစုခဲ့ရပုံများ၊ မဟာမိတ်များ ပြန်လည်ရောက်ရှိ လာသောအခါ ရောဂါသည် ဖခင်ကြီးကို အိန္ဒိယသို့ ဆေးကုသရန်ပို့ပေးသော်လည်း ကလကတ္တားမြို့ ဆေးရှံတွင် ကွယ်လွန် သွားခဲ့ပုံများ၊ နေက်သူကိုယ်တိုင် အိန္ဒယသို့ လိုက်ပါသွားပြီး မိခင်နှင့် အစ်မကိုပါ ပြန်လညိတွေ့ဆုံရပုံများ၊ အိန္ဒိယတွင် အလုပ်လုပ်နေစဉ် ဗြိတိသျှအစိုးရက ' George Medal ' ကိုချိးမြှင့် ပေးအပ်ခဲ့ပုံများ၊ မြန်မာပြည် အစိုးရကလည်း စစ်ကြီးအတွင်းသူမတူအောင် တာဝန်များ စွန့်စွန့်စားစား လုပ်ဆောင်ချက်များကို ချီးကျူး သောအား ဖြင့်ဆုငွေ ၅,၀၀၀ ပေးခဲ့ပုံများ၊ စစ်ပြေးဒုက္ခသည်များ အိန္ဒိယသို့ သွားရာလမ်း တစ်လျှောက်တွင် အလုအယက်မခံရဘဲ ကျန်ရှိနေသည့် လက်ဝက်လက်စားနှင့် အတူပါသွားသော ရတနာများကို 'နောင်တစ်နေ့ ပြန်လည်ရယူနိုင်ကောင်းရဲ့'ဟုသဘောပိုက်ပြီး သိုဝှက်ထားခဲ့ပုံများ၊ လမ်းတွင် အစာပြတ်၍ လည်းကောင်း၊ ပင်ပန်း၍ လည်းကောင်း၊ ရောဂါဆိုးများကြောင့် လည်းကောင်း၊ အတုံးအရုံး သေကြေ ပျက်စီး ခဲ့ကြပုံများ အစရှိသဖြင့် သည်းထိတ်ရင်ဖို ဖြစ်ရပ်ပေါင်းများစွာတို့ကို အမှန်ဖြစ်ရပ်များအတိုင်း ရေးသား ထားပါသည်။ စ၍ဖတ်မိလျှင် လက်မှမချနိုင်လောက်အောင် စာအုပ်အဆုံးအထိ ကွက်ကွက် ကွင်းကွင်း ရေးသား ထားသည်ကို ဖတ်ရှုနိုင်ကြပါသည်။ စာအုပ်ကို အဆုံးထိရေးသား၍ မပြီးမီစစ်အတွင်း ကြုံကြိုက် ခဲ့ရသော ဒုက္ခအမျိုးမျိုးတို့၏ ဖိစီးနှိပ်စက်မှု ဒဏ်ဖြင့်ကွယ်လွန်သွားပုံတို့ကို ကြေကွဲဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။
Miss Helen Ridriguez ရန်ကုန်ဆေးရုံကြီးတွင် အလုပ်သင်သူနာပြု ကျောင်းသူဆရာမ ကလေးအဖြစ်လုပ်ကိုင်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၊ ကျွန်တော်၏ဇနီး ဒေါ်မိမိကြီး တို့၏ လက်ထောက် အဖြစ်လုပ်ကိုင်ခဲ့ဖူဲးရာ စိတ်သဘောထား မြင့်မြတ်ပုံ၊ လူနာများအ ပေါ်စေတနာ အမြဲ ထားရှိပုံ၊ အလုပ်တာဝန်များကို စိတ်ရောကိုယ်ပါ ပေါ့ပါးဖျက်လတ်စွာ လုပ်ကိုင်ခဲ့ပုံတို့ကိုလည်း တစ်ဆင့် စကား ကြားသိရပါသည်။
ဤစာအုပ်ကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဂျပန်ခေတ် မရောက်မီကစ၍ မဟာမိတ်များ ပြန်လည်ရောက်သည်အထိ စစ်ပြေးဒုက္ခသည် လူနာများ၊ ဂျပန်ဗုံးဒဏ်ခံခဲ့ရသော လူနာများကို ပြုစုပေးခြင်း၊ ဘီအိုင်အေ စစ်သားလူမများ၊ အရပ်သားလူမမာများကို ကိုယ်ကျိုးလုံးဝမပါဘဲ ပြုစုပေး ခဲ့ရုံမျှမက ဆေးတက္ကသိုလ်သင်တန်းများ၊ သူနာပြုဆရာမသင်တန်းများကို စစ်တလင်း စစ်မြေပြင် အခြေအနေတွင် အခက် အခဲမျိုးစုံ၊ ချို့တဲ့မှုမျိုးစုံတို့ကို ရင်ဆိုင်ပြီး ပြည်သူတို့၏ ကျန်းမာရေးကို အာရုံတစ်ခုထား၍ မလျှော့သော စွဲ လုံ့လ၊ ကြီးစွာသော ကိုယ်ကျိုးစွန့်လွှတ်မှုတို့ဖြင့် ကြီးစွာသော ကိုယ်ကျိုး စွန့်လွှတ်မှုတို့ဖြင့် လုပ်ခဲ့ကြသော ဆရာဝန်ကြီး ဒေါ်တာဦးဘသန်း နှင့် ဆရာဝန်များ၊ ဆရာမများ၊ အနယ်နယ် အရပ်ရပ်ရှိ ဂျပန်ခေတ် ဆေးရုံ အမှုထမ်း များ၏ အားထုတ်ခဲ့ ပုံများကို ကောင်းစွာ စဉ်းစားကြည့် နိုင်ကြပါသည်။
၁၉၄၃ အကုန် ခန့်မှ စ၍ မဟာမိတ်များ ပြန်လည် ရောက်ရှိလာသည် အထိ ရန်ကုန်မြို့ကို မဟာမိတ် ဗုံးကြဲ လေယဉ်တို့က နေ့စဉ်လိုလို ဗုံးမိုးများ ရွာချနေသည့် ကြားမှ တစ်ခါတစ်ရံ လေး ငါးရက် နေ့ရောညပါ အိပ်သည် ဆိုရုံ မျှ ကလေး ခေတ္တနားကာ နာရီမပြတ် အလှည့် နှင့် ခွဲစိတ်ကုသ ပြုစုပေးခဲ့ ရသော ဒုက္ခမျိုးစုံကိုလည်း တွေးကြည့် နိုင်ကြပါကြောင်း အလျှင်းသင့်၍ ဖော်ပြပေးလိုက်ရပါသည်။
ဤ 'Helen of Burma' မြန်မာပြန်စာအုပ်ကို ဖတ်ရှုကြသော ပရိသတ်ကို စစ်မြေပြင်၊ စစ်တလင်းပေါ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက လူနာများ လူမမာများကို အသက်ကယ်ဆယ်ရေး၊ စိတ်ချမ်းသာရေး၊ ရောဂါပျောက်ကင်းရေး တို့အတွက် စံနမူနာ ယူလောက်အောင် အန္တရာယ် မျိုးစုံ ကိုရင်ဆိုင်ပြီး ကိုယ်ကျိုးစွန့် လုပ်ကိုင် ခဲ့ကြသော ဆရာဝန်များ ဆရာမများနှင့် ဆေးဘက်ဝန်ထမ်းတို့ ၏ မဟာကုသိုလ် လုပ်ငန်းကြီးကို သာဓုအနုမောဒန ပြုကြရန်တိုက်တွန်းအပ်ပါသည်။
ဆက်ရန်
.
.
7 comments:
မြန်မာပြည်၏ ဟယ်လင်ဆိုတော့ ဟို ထရွိုင်မြို့ကို ပျက်စေခဲ့တဲ့ ဟယ်လင်လိုမျိုးလားလို့ .. ဟုတ်ပဲနဲ့ကို ...နော ..
မမရေ...
တကယ်တော့ စာအဟောင်းတွေကိုမွှေမလို့ပဲ
ဒါပေမယ့် ဒီ မြန်မာပြည်၏ ဟယ်လင်ကို ဖတ်ကြည့်လိုက်တော့ စိတ်ဝင်စားသွားတာနဲ့ ဒါကို ပဲဆက်ဖတ်တော့မယ်....နောက်မှ အဟောင်းမွှေမယ်
ချစ်ညီမလေး
စာအုပ်ကောင်းလေးတစ်ပုဒ်ပဲနော်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းတယ်.. ဒီတခါ ရှာဖတ်ဦးမယ် :)တင်ပြပေးတာ ကျေးဇူးတင်ပါတယ်..။
အမ မြန်မြန်ဖတ်ချင်လှပီ။မနက်စာစား၇င်းဖတ်တာ..
အမစာတွေကို နေ့စာညစာခွဲထားရတယ်..။
ကျေးဇူးနော်..အမ..တကယ်တကယ်..
ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့တဲ့ စာအုပ်ပေါ့ ပြန်ဖတ်ခွင့်ရလို့ ကျေးဇူးအထူးပါနော် ...
ကျမလဲ မနက်စာစားရင်း ဖတ်တာပဲ။ :)
စိတ်ဝင်စားဖို့ကောင်းတယ်။ ကျမ မဖတ်ဖူးသေးဘူး။ ကျေးဇူးတင်ပါတယ်မရွှေစင်ဦး။
Helen Rodriguez ဖြစ်ပါတယ်။ Helen Ridriguez မဟုတ်ပါ။ Rodriguez ကို ရောဒရီးဂပ်စ် လို့  ဖတ်ပါတယ်။ ရော့ဒရစ် မဟုတ်ပါ။
Post a Comment