Monday, February 1, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၆)
မုန်တိုင်းတချီ စ, လေပြီ
သို့နှင့် မန္တလေးမြို့ရှိ မိဘများအိမ်ကြီးတွင် ခေတ္တစတည်းချကာ ရောဂါအခြေအနေကို ဆရာဝန်ကြီးများနှင့် ပြသရာ သုံးလထည်းနား၍ ဆေးကုရန် ဆရာဝန်ကြီးက အတန်တန်တောင်းပန် သောကြောင့် ဆရာဝန် စကား နားထောင်ကာ ဆေးကုရပါသည်၊ ဆရာဝန်ကြီးမှာမန္တလေး ဆေးရုံးကြီးမှ ဆရာဝန်ကြီး မစ္စတာပင်နီ ဆိုသော ဘိလပ်သား ဆရာဝန်ကြီး ဖြစ်၍ ၎င်း၏ လက်ထောက်ဆရာဝန်မှာ၊ ဦးစံခြူး ဖြစ်ပါသည်၊ ဆရာဝန်ကြီး မစ္စတာပင်နီက  တနေ့တခေါက် လာ၍ဦးစံခြူးက တနေ့လျှင် နှစ်ခေါက်လာ၍ ရောဂါ အခြေ အနေကို ကြည့်၍ ကုသကြသည်၊ သို့သော်၃-လပြည့်လာသော အခါလည်း ရောဂါ အခြေအနေ က မကောင်းသေး ဟုဆိုကာ ထပ်၍ခွင့်ယူစေပါသည်၊ စင်စစ်အားဖြင့် ထိုရောဂါသည် တဖြေးဖြေ ကျွမ်းစေမည့် ရောဂါသာ ဖြစ်၍ ဆရာဝန်ကြီးက ရောဂါရှင်နှင့် သားမယားများ စိတ်မကောင်းမည်ကို စိုးရိမ်သဖြင့် ပြတ်ပြတ် သားသား ထုတ်ဖေါ်မပြောဘဲ လက် စွမ်းကုန်ကျဲ၍ ကုသ နေခြင်းသာဖြစ်ပါသည်။
ငယ်ရွယ်သူ ကျမကိုယ်တိုင် မပြောထား နှင့် မိခင်ဖြစ်သူ ကိုယ်တိုင်လည်း ပဋ္ဌမအကြိမ်လောကဓံ မုန်တိုင်း ကြီးစ, တော့မည်ကို မရိပ်မိသေးဘဲ ရှိနေပါသည်၊ မေမေသည်ပါလာသော အိမထောင် ပစ္စည်း များကိုပင် တပည့်ငယ်သားတို့အား နေရာတကျထားသိုစေရန် မစီမံမခန့်ခွဲနိုင်ဘဲ အခန်းရှိသမျှ၌ ကစင့် ကရဲ ပစ်ထားပြီး နေထိုင်မကောင်းသူကိုသာ ပြုစု စောင့်ရှောက်လျက် ရှိပါသည်။
ပါလာခဲ့သော တပည့်တပန်းများနှင့် အတူ လူမမာနှင့် သင့်တင့်မည့် အစားအစားများကို ချက်ပြုတ် ကျွေးမွေး စေပါသည်၊ သို့သော် ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် သူစားသောက်သော ထမင်းအုပ် ကဲ့သို့ အလားတူ ထမင်းတအုပ်ကို သားမက်နှင့် သမီးအခန်း သို့ ပို့စေရသည်၊ သို့သော် မေမေက နောက်ပိုင်း ရှိ လူများကို သက်ညှာ၍ ဟင်းတခွက်တလေ သာယူပြီး တိတ်တဆိတ် ပြန်ယူ သွားစေပါသည်။
ကျမကလည်း ဘိုးဘိုးဘုရား ထမင်းစားသောအခါ အမြဲအနီးတွင် ထိုင်၍ ထမင်းလိုက်ပေးခြင်း ငါးအရိုးသင် ပေးခြင်းစသည်များကို ပြုလုပ်ပေးလေ့ရှိသည်။ ထမင်းပွဲမှာရှေးအခါက မှုးကြီးမတ်ရာ တို့စားလေ့ ရှိသော ယဉ်ကျေးမှု ဓလေ့အတိုင်း ဒေါင်းပေါင်ခေါ်အုပ်တမျိုးတွင် ဟင်းမျိုးစုံထည့်၍ ထမင်းပုဂံကို ကလပ်နှင့် တင်ရသည်။ တယောက်စား ထမင်းအိုးငယ် ကလေးကို မီးငွေ့ငွေ့နှင့် ထားပြီး ဇွန်းကဲ့သို့သော ငွေယောက်မငယ် နှင့် ကော်ထည့်ပေးရသည်။ ထမင်းပွဲမ, ချီသယ်ပိုးလာသူများနှင့် အတူယပ်ရိုးရှည်ကို အနီးမှ ထိုင်၍ ခပ်ပေးရသော တပည့်ငယ် တယောက်ကလည်း ရှိသေးသည်။ ထမင်းစားရင်းလည်း ကျမအား အမျိုးမျိုးသော ရှေးဟောင်းနောက်ဖြစ် မှတ်သားစရာ စကားများ ပြောကြားလေ့ရှိပါသည်။ မင်းပွဲစိုးပွဲများနှင့် အခြား သွားစရာရှိသော နေရာများကိုလည်း အမြဲခေါ်သွားတတ်ပါသည်။
ဗေဒင်ကျမ်း ကို အင်္ဂ၀ိဇ္ဇာနှင့် လက်ရိုးကျမ်းမှ ဇာတာဖွဲ့တတ်သည်အထိ သင်ပြပါသည်။ ဖေဖေ ဦးမြတ်ကျော် မှာ ဆရာဝန်နှင့် ကုနေရသောလူမမာ ဖြစ်သော်လည် အိပ်ယာထည်း ၌ လဲနေသူမဟုတ်ပါ။ ငြိမ်ငြိမ်သက် သက် နေထိုင်လှုပ်ရှားမှု ပြုနိုင်ပါသည်။ တခါတရံ ခြံဝင်းထဲမှာ လမ်းလျှောက်ခြင်း၊ အိမ်ပေါ်၌ အပျင်းပြေ သူအလွန် ၀ါသနာပါသော ပတ္တလား တီးခြင်းများ ပြုနိုင်ပါသေးသည်။ သို့သော်ရောဂါနှင့် ဆေးကုရသည် မှာတော့ ငွေကို ရေလိုသွန်နေရပါသည်။ ဆရာဝန်ကြီးကလည်း တဖြည်းဖြည်း ယင်းသွင်း၍ ခွင့်ယူခိုင်းခဲ့ သည်မှာ သုံးလပေါင်း ၄-၅ကြိမ်ရှိလာပါပြီ၊ တကြိမ်၌သူမနေနိုင်တော့ဘဲ ခွင့်ဆက်မယူဟု ဆိုကာ ရန်ကုန် သို့ အလုပ်ဝင်ရန် ဇွတ်ထွက်သွားသည်၊ သူ့နောက်မှ ပါသွားသူမှာ ရန်ကုန်ကျောင်းသား ဘ၀တုံးက အိမ် မှ ထည့်လိုက်သော ငယ်တပည့်ဖြစ်ပါသည်၊ ၎င်းတပည့်မှာလည်း သူ့ဆရာ မမာမကျန်း ဖြစ်နေသည်ကို လာရောက် ပြုစုနေထိုင်သူ ဖြစ်ပါသည်။
ချိန်းထားသည့် အလား သာစည်ဘူတာတွင် ရန်ကုန်မှပြန်လာသော ဆရာဝန်ကြီးမစ္စတာ ပင်နီ နှင့် စားပွဲရုံ ထဲတွင် သွားတွေ့လေသည်။ ဆရာဝန်ကြီးသည် ဆက်မသွားရန် အမျိုးမျိုး ဖြောင်းဖျ ချော့မော့ခေါ်လာသဖြင့် မန္တလေးသို့ ပြန်ပါလာခဲ့ရာ ဤအခါတွင်မှု သူ့မျက်နှာ မကောင်းတော့ပါ၊ သူသေရတော့မည်ဟု ရိပ်မိ လာသည်။ သည်ပစ္စည်းနှင့် သည်သားသမီးများ နေထိုင်စားသောက် လောက်ဦးမည် မဟုတ်၍ ရှာဖွေ ပေးခဲ့ချင် သေးသည်ဟု ခဏ,ခဏငြီးထွားနေပါသည်။ သို့ရာတွင် သူရှာဖွေထားသော ပစ္စည်းများမှာ သူအသုံး အဖြုန်း ကြီးခြင်း၊ မကျန်းမာ၍ကုသနေရသော နှစ်ပိုင်း အထိ ကုန်ကျစရိတ်တွေ များပြားခြင်း ရှိနေစေ ကာမှု မေမေ၏ ကျစ်လစ်မှုကြောင့် အတွင်းပစ္စည်းတွေ အများအပြား ကျန်ရှိနေပါ သေးသည်။
လူကြီး မျက်နှာညိုးငယ်နေသည်ကို မြင်ရသောအခါ ကျမမှာလည်း ရှေးအခါကလို ပျော်မွေ့ကြည် လင်မှု မရှိတော့ပါ၊ စိတ်ကလည်း ဂဏာမငြိမ်ဖြစ်လာသည်။ တွေ့ရာစာအုပ်များကို ကောက်ဖတ်မိသည်။ တခါ, တခါလည်း ဘာတွေ တွေးမှန်းမသိ အတွေးသမား၊ အငေးသမားဘ၀ကို ရောက်မှန်း မသိ ရောက်လာ ခဲ့ပါသည်။
ဖေဖေဦးမြတ်ကျော်သည် သုံးနှစ်သားမျှသာ ရှိသေးသော သားအငယ်ကလေး နှင့် တခါတရံ ခြံဝင်း ထဲမှာ လက်တွဲ လမ်းလျှောက်သည်။ အင်္ဂလိပ်ရုပ်ရှင် ဇာတ်ကားများကို ကျမနှင့်အတူ သားအဖသုံး ယောက် သွားကြည့်လေ့ ရှိကြသည်၊ မန္တလေးမြို့တွင် ရွှေတိုက်ရုံ၊ အလ်ဖင်စတုံးရုပ်ရှင်ရုံနှင့် သီပေါ ရုပ်ရှင်ရုံတို့မှာ အင်္ဂလိပ်ကားများပြလေ့ ရှိပါသည်။ ပလိုတီယာ မိန်းမလူစွမ်းကောင်း ဇာတ်ထုတ်နှင့် ဇီးကိုးမား ခေါ် ယောက်ျား လူစွမ်းကောင်း ဇာတ်ကားများ စတင်ရောက်လာချိန်က ဖြစ်ပါသည်။
သို့သော်နောက်ပိုင်းမှာ ပြင်ပသို့ သားငယ်ကိုခေါ်သွားခြင်း မပြုရုံမက သားကလေး သူ့အနား လာသည် ကိုပင် မကြည့်ရက် သလို မျက်နှာလွှဲ၍, လွှဲ၍နေသည်။ တခါတခါ မျက်ရည်တွေ ၀ဲနေသည်။ သူ့တပည့်သည် ဆရာ့ အကြောင်းကို ကောင်းကောင်း ရိပ်မိသူဖြစ်ရာ၊ သားကလေး မောင်မောင်ကို သူ့ဆရာ မမြင်ကွယ်ရာ မှာသာ အမြဲသွား၍ ထိန်းနေတတ်သည်။ ရောဂါအခြေအနေသည် တနေ့ထက်တနေ့ ဆိုးလာပါသည်။ လှုပ်ရှားမှု့များ မပြုနိုင်တော့ဘဲ မှီးအုံးတွင်မှီ၍၎င်း၊ မှောက်၍၎င်း၊ အသက်ကိုခဲခဲ ယဉ်းယဉ်း ရှူရှိုက် နေရရှာ ပါသည်။
ဤတွင် ရင်းနှီးသော ဖေဖေဘက်မှ ဆွေမျိုး သားချင်းများထံသို့ ကြေးနန်းရိုက်၍ ခေါ်ရသည့် အခြေ အနေ သို့ ရောက်လာပြီး တနေ့သောကံဆိုး မိုးမှောင်ရက်၏ နံနက်လင်းအားကြီး အချိန်မှာ ကျမ၏ဖခင်ကြီးသည် နှလုံးရောဂါနှင့် အနိစ္စ ရောက်သွားရှာတော့သည်။ ကျမတို့မိသားတစု အဘို့မှီခို အားထားရာ မြင့်မိုရ် တောင်ကြီး ပြိုခဲ့လေပြီ။ လောကဓံ လှိုင်းတလုံးသည် ပြုံးပြုံးရွှင်ရွှင်နှင့် ဆီးကြို ငံ့လင့်လျက်ရှိလေပြီ။
လောကဓံ၏ နှိပ်စက်မှု အသေးစိပ်ကလေးများသည် ကြိမ်တံပြာနှင့် တဆပ်ဆပ်ရိုက်၍ နှိပ်စက်များ သည့်အလား နာကျင်ဘွယ်ရာတစုတို့သည် တခုပြီးတခုတွေ့ကြုံ ဆုံစီးလာတော့မည်။ သို့သော် ဒါတွေကို ကြိုတင် မသိမြင်နိုင်သေးပါ။ လောလောဆယ် ကြုံလာရသော ပူဆွေးဒုက္ခများကို ခါးစီး၍ ခံရင်း မေမေသည် ဖေဖေအား သဂြိုဟ်ပုံ အခမ်းအနားအတိုင်း အိမ်ဦးတွင် စီစဉ်နေပါသည်။ ရာထူး လက်ရှိနှင့် သေဆုံးသော ပုလိပ် အရာရှိ တဦးဖြစ်သည့် အပြင် ၀က်မစွတ် မြို့စားမင်းကြီး ၏ မျက်နှာကြောင့် မျက်နှာဖြူ ပုလိပ်မင်းကြီး၊ ရာဇ၀တ်ဝန်ကြီး တို့ အမိန့်ဖြင့် လိုသည်ထက်ပိုအောင် လက်နက်ထမ်း ပုလိပ်တပ်သား များကို မသာ အခမ်းအနား မှာ လိုက်ပို့စေခြင်း၊ အမိန့်ပြန်တမ်း ဖတ်စေခြင်းများ သည် မေမေအား အလူးအလဲ ပူဆွေး ဒုက္ခ ဖြစ်စေပြန်ပါသည်။
ဖခင်ကြီး ဆုံးပါးသွားသေအခါ မေမေမှာအသက် သုံးဆယ်ခန့်သာ ရှိ၍ ကျမအသက်၁၂-နှစ်ကျော် မောင်ငယ်လေး က သုံးနှစ်သား မျှသာ ရှိပါသေးသည်။ ဤမိသားစုနှင့် တပည့်တပန်းများ သည် အဘယ်မှာ နေရမည် မသိခဲ့၊ သို့သော် ၀က်မစွတ်မြို့စား မင်းကြီးသည် ငယ်ငယ်ရွယ်ရွယ် နှင့် မုဆိုးမ ဖြစ်ရသော သမီးအား ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက် လို၍ သူ၏ အရိပ်အာဝါက အောက်မှာပင် နေစေသည်။
မေမေသည် အနေအထိုင်ကို ကျဉ်းနိုင်သမျှကျဉ်းအာင် ကြိုးစားပြီးမလိုတော့သော ဘွိုင်ကုလား၊ သားငယ် ထိန်းသော ကုလားမအာယား စသည်များကို ဖြုတ်လိုက်ပြီး၊ လက်ရင်းတပည့် လင်မယား နှစ်ယောက်သာ ထားတော့သည်၊ ပိုလျှံနေသော အိမ်ထောင်ပစ္စည်း များကို လှည်းနှင့်တိုက်၍ အင်္ဂလိပ် လေလံဆိုင် များသို့ ပို့၍ ရောင်းချစေသည်၊ ဖခင်ကြီး အမြတ်တနိုးထားသော မိဘဘိုးဘွား တို့၏ ပုံတူဆီဆေး ပန်ချီ ကားကြီးများ နှင့် ဓါတ်ပုံကြီးများမှ တပါး အစိုးရအ၀တ်အစား၊ ဓါး, သေနတ် စသည်များကိုပါ မိတ်ဆွေပုလိပ် အရာရှိများသို့ ရောင်းချပြီး သွားလေသူအဘို့ ကုသိုလ်ကောင်းမှု ပြုရတော့သည်။
ပေးနိုင်မှ မျက်နှာချိုသွေး
ဤအတွင်း နောက်ပိုင်း၌ အခြေအနေသည်တမျိုးတဖုံ ပြောင်းမှန်းမသိပြောင်းလဲ လာပါသည်၊ ယခင်က လူမြင်လျှင် မျက်နှာချို သွေးနေကျ၊ အဆွေအမျိုးများသည် မျက်နှာထားခပ်တည်တည် ဖြစ်လာကြသည်၊ ရှင်းရှင်း ရေးရလျှင် မေမေသည် မိန်းမသားမုဆိုးမ ဖြစ်နေသဖြင့် ရှေးအခါကလို မချွေ နိုင်တော့ပြီ၊ အထူးသဖြင့် ဖခင်သည် လက်ကြီးသူ ဖြစ်သည့်အတိုင်း တူသားနောင်မယ်တို့ကို မုန့်ဘိုးပေးကမ်းရာ မှာပင် ငွေကို ပေးသည့်အခါ ပေး၍ တခါတရံ ရွှေဒင်္ဂါးကိုပင် ပေးတတ်သည်၊ ရွှေဒင်္ဂါး၏ တန်ဘိုးမှာလည်း ထိုစဉ် အခါတုန်း ကတော့ ဆယ့်လေးငါးကျပ်သာ တန်ဘိုးရှိပါသည်။
မေမေက မုဆိုးမ ဘ၀ကို ယခုမှ လပ်လပ်ဆပ်ဆပ် ရင်ဆိုင်ရသူ ဖြစ်သော်လည်း မေမေ၏အစ်မကြီး မှာ ခပ်စောစော အချိန်ပိုင်း ဆီကပင် အိမ်ထောင်နှင့်ကွဲလာပြီး သားနှစ်ယောက်နှင့် မိဘရိပ်တွင် ၀င်ရောက် နေထိုင် လျက်ရှိသည်။
ဝက်မစွတ်မြို့စားမင်းကြီးသည် တမျိုးတဖုံစီ အိမ်ထောင်ရေး အဆင်မပြေသူ သ္မီးနှစ်ယောက်အား သနား ကြင်နာစွာ ထိန်းသိမ်း စောင့်ရှောက်ပါသည်။ ကျမတို့ သားအမိကို ယခင်လို အိုးခွဲ မစား စေလိုသော စေတနာ ထားရိုးကား မှန်ပါသည်၊ သို့သော် အိမ်ဦးပိုင်း က လူကြီးများ၏စေတနာသည် အနောက်ဆောင် မိန်းမပိုင်းတွင် ပယောဂ ၀င်၍လာပါသည်။ မုဆိုးမ ဆိုသော်လည်း ပစ္စည်းဥစ္စာထုပ် ကြီး ရင်ခွင်ပိုက်လျက် မိဘ ကျွေးစာ၊ မွေးစာ ကို စားရန်မသင့်ဟု စောင်း၍တဖုံ၊ တည့်တည့် တမျိုး ပြောကြသောမေမေ၏ သားချင်း ဆွေမျိုးတို့ အသံကထွက်လာသည်၊ မေမေမှာယောကျာ်းဆုံး ပြီးစဖြစ်၍ မျက်ရည်မစဲသေးခင် တပည့်များနှင့် မီးဖိုချောင်ကိစ္စကို ပြန်မကြည့်နိုင်သေးမှီ ဤမျှ အမြင်တိုစွာနှင့် မနာလိုမရှုစိမ့်သော သဘောထားသေးမှုကို အချိန် အစောဆုံး ရင်ဆိုင်ရသည်။ တပည့် တပန်းများ အားလည်း စားသော ထမင်းလုပ်ကို မျိုမကျအောင် စူကြ, ဆောင့်ကြ သည်၊ ထို့သို့မြင်းက မလှုပ် ခုံကလှုပ်သူ များမှာ မေမေရောက်လေရာ မြို့သို့လိုက်၍ ပေးကျွေး မှုကို ခံယူခဲ့ဘူးသူများက ပို၍ဆိုးရွားပါသည်။
သို့ကြောင့် ယခင်အတိုင်းပင် တသီးတခြားပြန်၍ စားအိုးတည်ရသည်၊ သို့သော်ရှေ့ပိုင်းက မေမေ၏ မွေးဖခင် အား အသိမပေးပါ၊ ကျမအဘို့ဤကိစ္စကို စောစောပိုင်းက မရိပ်မိ မသိရှိပါ၊ ကျမကိုယ်တိုင်လည်း ထမင်းဟင်း ကို စားနေကြမဟုတ်၍ မစားသောကြောင့် သူတို့ မီးဖိုဆောင်ပိုင်း သို့ မ၀င်မိသဖြင့် မသိရခြင်း လည်း ဖြစ်ပါသည်။
ကျမမှာမွေးဖခင်၏ ပေါင်မုန့်နှင့် ကြက်သားရိုးစ်ကို အကျင့် လုပ်ပေးထားခဲ့မှုကြောင့် ထမင်းနှင့် ဟင်းကို စားသော အကျင့်မရှိဘဲ နေသူဖြစ်၍ ယခုအခါ တားမြစ်မည့်သူ မရှိတိုင်း လွတ်လပ်ရေးရပြီး ကြိုက်ရာ မုန့်များကို ၀ယ်စား တတ်လာသည်၊ အရင်ကတခါမှ မစားရဘူးသော လက်သုတ်၊ မုန့်တီ စသည်တို့အား များစွာ ကြိုက်နှစ်သက်နေပါသည်၊ ထိုအချိန်ကမန္တလေးမြို့တွင် မုန့်စုံအထုပ်များကို ခံတောင်းနှင့်ထည့်၍ အရပ်ထဲ သို့လည်ရောင်းသည်၊ ထိုလက်သုတ်သယ် မုန့်တီသည်မုန့်စုံ အထုပ်များမှာ ကျမ၏ အဟာရ အတွက် ဖေါက်သည်များ ဖြစ်နေသည်။ မင်းစိုးရာဇာအိမ်ဆိုပြီး ဈေး သည်များ အိမ်ရှေ့မလာဝန့်ပါ၊ နောက်ဖေးဘက် လှေခါးမှ တတ်ရပါသည်၊ ဈေးသည်တွေ ကလည်း ဘုရားထူးပြီး ရောင်းသည်၊ သူတို့ ဈေးတောင်း ချပြီး မသိသေးလျှင် (မောင်မောင်တို့ ခင်ခင်တို့ ကိုယ်တော်လေးတို့မုန့်သည်လာပြီဘုရာ့) ဟု ခပ်အုပ်အုပ် အော်ပြောသည်။
ထိုအခါက ကြိုက်ရာမုန့်ကို ၀ယ်စားပြီး ကာဖီတခွက် ဖျော်ခိုင်းပြီး သောက်လိုက်ခြင်းဖြင့် မနက်စာ ညစာ ကိစ္စ ပြီးစီး သွားပါသည်၊ အများအားဖြင့် အနောက်ဆောင်ခေါ် မိန်းမပိုင်းတွင်ကျမ မနေချင်သော အကြောင်း ရှိသည်၊ ထိုအကြောင်းမှာ ယခင်ကကျမ ဘာဘဲလုပ်လုပ် ချီးမွမ်း မြှောက်ပင့်နေကြသော အိမ်သူအိမ်သား အချို့တို့သည် ကျမကိုမြင်လျှင် မေးငေါ့သည်၊ ဘာကို ငေါ့မှန်းတော့ မသိပါ၊ ခါတိုင်းလို သူတို့ဝိုင်းနား ကပ်လျှင် ကောင်းစွာ လက်မခံချင်၊ အို ဖယ်စမ်းပါ-ဟူ၍၎င်း၊ နေဒါထိုင်ဒါကြီး ကကြမ်းလိုက်တာ- ဟူ၍၎င်း အပြစ် တင်ကြ ဖယ်ထုတ်ကြသည်။ ကျမသည် ဒါကို ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်း ဆိုသော လောကဓံ ဟူ၍ နားမလည် သေးသော ငယ်ရွယ်သူ ဖြစ်ယုံမက တကြိမ်အတခါမှ ဤသို့ ပြောခြင်းမျိုးမခံရ ဘူးသဖြင့် အံ့အား သင့်လျက် မတွေးတတ်အောင် ရှိနေဆဲပင် ဖြစ်ပါသည်။
ဝတ်စား ဆင်ပြင်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုနည်း၎င်း အပြစ်တင် ခံရပြန်သည်၊ ယခင်ရေးဘူး သည့် အတိုင်း မေမေသည် မိုးကုတ်မြို့တွင် နေ့စဉ်က ပတ္တမြားကျောက်နီ အဘိုးတန်များ အများ အပြား ပါလာရာ မေမေက တဆင်စာနှင့် သ္မီးတဆင်စာ သားအမိနှစ်ယောက် ရဲရဲတောက် နီးမြန်း နေအောင် ၀တ်ဆင် ခဲ့ရသည်။ ထို့အပြင် ကျမ ဖေဖေက အနောက်တိုင်းသား ဆန်ဆန် အယူအဆ နှင့် ရွှေနှင့်ပတ္တမြား စီခြယ် ထားသည့် တပေခွဲခန့်အရှည်ရှိသော ထီးရိုး တခုကို လုပ်၍ ဆောင်းစေသည်။ ဟိုအချိန် တုန်းက သည်ပစ္စည်း တွေ ၀တ်ဆင်လျှင် ၀ိုင်းအုံ ချီးကျူးကြသူ တွေမှာ သူတို့ဘဲဖြစ်၍ ယခု ဒါတွေ ၀တ်မိလျှင် ရိုင်းလိုက်တာ တောက လာတဲ့ သူကြီးသ္မီး လိုလို၊ ရှမ်းပြည်ကဆင်းလာတဲ့ စော်ဘွားသ္မီး လိုလိုဟု  သြဘာ ပေးကြပြန် ပါသည်။
ကျမသည် လူ့သဘောကိုစတင် ရင်ဆိုင်ရသော ပဏာမနိဒါန်းအဖြစ် အထက်ပါကိစ္စမျိုး တွေခဏ, ခဏ ကြုံရ ကြားရ များသောအခါ သူတို့အနားကို မသွားတော့ဘဲ ဘိုးဘိုးဝက်မစွတ် မြို့စားကြီး အနားကပ်ခါ စာပေ ဗဟုသုတ ပေးသမျှ ရအောင်ယူခဲ့သည်။ ထိုမှ အားလျှင် ပစ်ထားခဲ့ရသော အင်္ဂလိပ် ဖတ်စာအုပ် ကလေးများ ပြန်လှန် လေ့လာသည်။ နောက်ပိုင်းမှာ လူ့ဘ၀၏ ပြောင်းလဲမှုတွေ ကို မတွေးတတ် တွေးတတ် နှင့် အတွေးနယ်ချဲ့ လာသည်။ မိမိစိတ်ဓါတ် ၌ ခံစားချက် အရပ်ရပ် များကို တခုခု ပွင့်ပွင့်လင်းလင်း ပေါက်ကွဲ ပစ်လိုသည်။
သို့သော်ဆွံ့အသူ အိမ်မက်မက်သကဲ့သို့ ပြန်၍မပြောတတ်သလို ရှိနေသည်။ မြုံ၍အုံ၍ နေသော တွေးတော မှု့များသည် ပြည့်သည်ထက် ပြည့်ကြပ်လာသည်။ ပြည့်အားကြီးလျှင် ဆီများကဲ့သို့ ယိုဖိတ် စီးဆင်းရန် ထွက်ပေါက်ကို တွန်းကန်လိုက်ရှာလျက် ရှိရာမှ နောက်ဆုံးထွက်ပေါက်၏ အစကိုတွေ့ရသည်။ ထိုထွက်ပေါက်ကို တအုံနွေးနွေးခံစားရ ပြီဖြစ်သော ဘ၀၏ အဆင်မပြေမှု၊ လူတွေ ပြောင်းလဲမှုစသည်များကို ပုံပမာ တခုသဘွယ် ချယ်လှယ်မွမ်းမံကာ စာဖွဲ့ရေးသားချင်သော စိတ်ဆန္ဒ ပေါ်ပေါက် လာရသည့် ထွက်ပေါက် ပင်ဖြစ်ပါသည်။
မိမိခံစားချက်ကို မှုတည်၍ရေးသားလိုသော်လည်း ထိုခေတ်ထိုအချိန် အခါကရေးအသားမှာ ခန့်ငြား သောစားကြီး,ပေကြီးတွေသာ ဖြစ်သည်။ မှာတမ်းလင်္ကာ ဆိုသည်ပင်အောင်ထစ်ဆုံး အပေါစား အသုံး အစွဲ ဖြစ်သည်ဟု ပညာရှိပိုင်းက ယူဆနေကြသည်။ စကားပြေ အရေးအသားမျိုးကို တတ်မည့်သာ တတ်ကြသည်၊ လူရာ မသွင်းခဲ့သေးပေ၊ သို့အတွက် ရေးလိုသောစာတခုခုကို ဘာနှင့်ရေးရမည့်ဟု မဝေခွဲနိုင်၊ အုန်းသီး ကိုင်ထားသော မျောက် လိုဖြစ်နေပါသည်။
မှာတမ်းလင်္ကာမျိုးနှင့် စရမည်လားဟု စချီရေးကြည့်သည်။ ဦးပုညမေတ္တာ စာမျိုးလိုအထေ့အငေါ့၊ အရွှမ်း အသော ကလေးများနှင့် စကြည့်သည်။ တောင်တွင်း ဦးသြဘာသနှင့် မှန်နန်းရာဇာဝင်သုံး စကား ခန့်ခန့်ကြီးများနှင့် ရေးသားကြည့်သည်။ ကဗျာဘက်မှ လှည့်၍ တေးထပ်၊ ဒွေးချိုး၊ လေးချိုး၊ ဘောလယ် စသည် နှင့် စမ်းသည်။ တပိုင်းတစ တစိတ်တဒေသ မျှသာ လိုသလို ရခဲ့ပြီး ရှေ့ခရီးကို ဆက်၍ ရေးသား ချီတက်ရမည်မှာ ကျမ်းစာအုပ်တအုပ်လောက် ရှည်ရှည်လျားလျား ဖြစ်လာမှ အဆုံးသတ် ၍ ရမည်။ သို့ကြောင့် တပိုင်းတစတွေ ကလောင်စမ်းခဲ့သမျှ တို့ကို ခေတ္တရပ်ဆိုင်းထားပြီး တမျိုးတဖုံ လှည့်ရေးရန် စဉ်းစား မိပြန်သည်။
စဉ်းစားခြင်းမှာ တကယ်တန်း စဉ်းစား ဆင်ခြင် တတ်သေး၍တော့ မဟုတ်ဘဲ ဘာလုပ်ရမည်ဟု မရဲတရဲ ဖြစ်နေခြင်း သာ ဖြစ်ပါသည်။ နေ့စဉ်ကြားသိ တွေ့မြင် နေရသော အိမ်ဦးခန်း မှ လူကြီးများ စကား အသုံးအနှုန်း အပြောအဆို ဆွေးနွေးချက်များ နှင့် ဖတ်ကြား မှတ်သား ရသော လက်တွေ့ စာပေများက လည်း အရွယ်နှင့် မကိုက်ညီအောင် အဆင့်အတန်းမြင့်တာတွေချည်းသာ တွေ့နေရပါသည်။
နန်းတွင်း ဇာတ်ဝတ္တုတော်ကြီးများ အဖြစ် ဖတ်ခဲ့ရသော ဣန္ဒာဝံသ၊ ကေသာသီရိ၊ ဇင်းမယ်ကဏ္ဏာသ၊ ဦးကြင်ဥ၊ ဦးပုညတို့ပြဇာတ်များ ကဲ့သို့ရေသားရန်မှာလည်း သူတို့ခေတ်၏ပတ်ဝန်းကျင် စရိုက်အယူ အဆ အတိုင်း ရှင်ဘုရင်များ အကြောင်းတွေ၊ ဘုရင့်သားသ္မီးတို့၏ ချစ်ခန်းကြိုက်ခန်း စစ်တိုက်ခန်း၊ နတ်သိကြား များက မနေနိုင်၍ ကူညီရပုံ၊ ဘုန်းတန်ခိုးကြီး၍ နဂါးများ ဘီးလူးများ၊ ၀ိဇ္ဇာဇော်ဂျီ များက လာရောက် ခစားပြီး လူသား တို့နှင့် ထွေးလား,လုံးလား ရှိနေပုံ၊ အကြောင်းတွေချည်းသာ မူတည်ရေးကြ ခြင်းဖြစ်ရာ ရှေးဦးစွာ ကျမ ရေးချင်သည်မှာ ဒါတွေ မဟုတ်သေးပါ။
ထိုအဖြစ်အပျက်များသည် ကျမ၏မျက်မှောက် လက်တွေ့တွေ့မြင်ရသော အဖြစ်အပျက်မျိုး မဟုတ်ဘဲ ဘတ်ကောင်းသော ဒဏ္ဍရီတခုလိုသာ ရှိသည်။ ကျမပွင်အံထွက်ချင်သည်မှာတော့ ယခု လက်ငင်း တွေ့ ကြုံ ရင်ဆိုင်နေရသော လက်ရှိအခြေအနေနှင့် လက်ရှိခေတ်အမြင် အတွေ့များကိုသာ မှုတည်ရေးသား လိုခြင်း ဖြစ်ပါသည်။ ဒါတွေကို စကားပြေ ရိုးရိုးနှင့် ရေးဘို့မှာလည်း အလွန်လွယ်ကူသော အလုပ်ဟု ယူဆ လာမိပါသည်။
သို့ရာတွင် လူကြီးပိုင်းမှ အယူအဆကြောင့် သိမ်ဖျင်းသေးနုပ်သည်ဟု အထင်ရောက်ပြီး ရဲရဲကြီး ရေးမချဝံ့ဘဲ ထစ်ငေါ့ နေဆဲရှိပါသည်၊ နောက်ဆုံး ကျမကို အောင်မြင်စွာ စာရေး ဖြစ်အောင် စ၍ တွန်းပို့ လိုက်ရခြင်း ခံရသော မဂ္ဂဇင်း နှစ်စောင် ထွက်လာပါသည်။ ၎င်းမှာ မြန်မာမဂ္ဂဇိန် ခေါ်သော မဂ္ဂဇင်း ပျက် သွားပြီးနောက် ပေါ်ထွက်လာသော ပညာ့အလင်း မဂ္ဂဇင်း နှင့် သူရိယမဂ္ဂဇင်း တို့ ဖြစ်ကြပါသည်။
ဝတ္ထုစ၍ ရေးရချိန် ဆက်ရန်
.
2 comments:
မြစ်ကျိုးအင်း said...
အခုခေတ်လူတွေ စိတ်ကြိုက်ရေးခွင့်ရအောင် ရှေးကလူတွေ အတိုက်အခံ လုပ်ခဲ့ရမှာတွေ မြင်ယောင်မိတယ်။ ဖိနှိပ်တာတွေ ကဲ့ရဲ့တာတွေ ကိုတော်လှန်ခဲ့ကြရမှာပါပဲ။
နောက်တပိုင်းကို မျှော်နေတယ်အမရေ
Anonymous said...
အမရာ..ရွှေရှိမှမျိုးတော်တာ...သူဆိုတော်တော်ထိခဲ့မှာပဲနော်..
ကျနော်လည်းကိုယ်တွေ့..။မေမေသေတော့ ဖေဖေက စီးပွါးရေးမလုပ်တတ် ပစ္စည်းတွေက ရှုံး လိုက်အလိမ်ခံလိုက်နဲ့ ..အမျိုးတွေက အဖတ်မလုပ်။ ဖေဖေ့ဘက်ကအမျိုးတွေကို သိပ်မုန်းတာပဲ..။
အခုကျနော်တို့တေအပျိုပေါက်ဖြစ်လာတော့ အတော်အဆင်ပြန်ပြေတော့ ဟော..တယောက်ပီးတယောက်.. လာလိုက်ကြတာ ရွှေမျိုးတွေများ.ကျနော်ကတော့ လုံးဝပဲ။ လူကြီးတွေကသာ..မျက်နှာလေးပြုံးပြလိုက်တာနဲ့ အရင်ကခံခဲ့ရတာတွေမေ့သွားတာ..။
ရွှေရှိမှမျိုးတော်တာ သိပ်မှန်တာပဲ..နော်။
နောက်ဆက်တွဲတွေ မျှော်နေပါတယ်..ချစ်အမကြီး..