Thursday, January 7, 2010

ပန်းသတင်း (ဇန်နဝါရီ ၇)

နောက်ကျတဲ့နံနက်ခင်း
ကြူးနစ်

သက်တော်(၇၀)ကျော် ဘုန်းတော်ကြီးက ချွဲသလိပ်တစ်ဆို့သော အသံတုန်တုန် အက်အက်ကို ဣနြေ္ဒရစွာ ညှစ်ထုတ်ရင်း မြတ်စွာဘုရား၏ မင်္ဂလာသုတ်တရားတော်နှင့် တွဲစပ်လျက် အာဝါဟ၊ ၀ိဝါဟ မင်္ဂလာ ရေးရာများ၊ လင့်ဝတ်မယားဝတ် စသည်များကို ရှည်လျားဝေ့လည်စွာ ဟောကြာပြီးနောက် အနုမောဒနာ တရားကို တိုတိုကျဉ်းကျဉ်းဟောပြောပြီးချိန် နံနက်(၁၁) နရီထိုးသွားပြီး ဖြစ်သည်။ လည်ချောင်း ခြောက်သွေ့ သွားပုံရသော ဘုန်းတော်ကြီးများသည် သာဓုခေါ်သံများ ရပ်တန့် သွားသည်နှင့် သူ့ရှေ့မှာ အသင့်ရှိနေ သော ကမ္ဗလာသီး ဖျော်ရည်ကို တစ်ကျိုက်၊ နှစ်ကျိုက်မျှ ဘုန်းပေးတော်မူသည်။

သူသည် ငယ်ဖြူစင်စစ်၊ သက်တော်ရှည်၊ သီလသမာဓိကြီးမားသော ရဟန်းတစ်ပါး ဖြစ်သော်ငြား ယခုကဲ့သို့ မင်္ဂလာဆွမ်းကျွေး၊ မင်္ဂလာအလှူ ဒါနပွဲငယ်ကလေးများတွင် မမော မပမ်းနိုင် ရှည်ရှည်လျားလျား ကျယ်ကျယ် ပြန့်ပြန့် ဟောကြား ဆုံးမလေ့ရှိပါသည်။ ဘာကြောင့်မှန်းတော့ ဘယ်သူမှမသိ။ ပုကွဝဖိုင့်သော သတို့သား ခင်မောင်စိန်သည် ဘုန်းတော်ကြီးရှေ့ လေးပေအကွာလောက်မှာ (၁)နာရီခန့်ကြာအောင် ကျုံ့ကျုံ့ ၀ပ်ဝပ် ထိုင်နေခဲ့ရသဖြင့် ညောင်းညာထုံကျဉ်ကာ ငုံ့ထားခဲ့သော ဦးခေါင်းကို ပြန်မော့၍ မရတော့ သလို ဇက်ကြီး ခိုင်လျက် စိတ်ညစ်သလိုခံစား နေရ၏။ နံနက်(၁၀) နာရီနေရှိန် သောကြောင့် သူတစ်ကိုယ် လုံးမှာ ချွေးစိုပြီး ပူစပ်အိုက်လှောင်၊ ယားကျိကျိဖြစ်နေသည်။

သူ့ဘေးမှ သတို့သမီးမာလာသန့်သည်လည်း ခင်ပွန်းလောင်းနည်းတူ မလှုပ်မယှက် ထိုင်နေခဲ့ရာက ကျောက်ရုပ် ကြီးဖြစ်သွားသကဲ့သို့ ပကတိငြိမ်သက်နေ၏။ မာလာသန့်၏ သေးလေး ချွန်ချွန်နှာခေါင်းဖျား ထိပ်၌ ချွေးပွင့်ကလေးတွေ စို့တွယ်နေသည်ကို သူမကိုယ် တိုင်ပင် သတိမထားမိနိုင် ထုံထိုင်း နွမ်းနယ် နေသည်။

မင်္ဂလာဆွမ်းကျွေး၊ မင်္ဂလာတရားပွဲ ကလေးသို့လာရောက် တရားနာ သဓုအနုမောဒနာ ခေါ်ကြသူ များများ စားစားမရှိ။ ဆရာတော်တရား ချီးမြှင့်ရာ အခန်းကလေးမှာလည်း တရားနာ ပရိသတ်များများ စားစားအတွက် နေရာကျယ်ဝန်းမှု့မရှိ။ နှစ်ဖက် မိဘများ၊ အရင်ခြာဆုံး နှစ်ဖက်ဆွေမျိုး အနည်းငယ်၊ ဆွေမျိုးလို ခင်မင်သူမိတ်သင်္ဂဟ အချို့နှင့်ဆိုလျှင် စုစုပေါင်း တစ်ဒါဇင်ခွဲ လောက်ပဲရှိနိုင်သည်။ ဆရာတော်၏ ကျောင်းသင်္ခမ်းအပြင်ဘက် ဓမ္မာရုံခန်းမကြီထဲ၌ ဧည့်သည်ပရိသတ် (၁၀၀) နီးပါးခန့် စုဝေးနေကြ၏။ သူထို့ထဲက အများစုမှာ မင်္ဂလာဦး တရားနာရေစက်ချ အစီစဉ်ပြီးသည်နှင့် ရေခဲမုန့်အ၀အပြဲ လွေးကြရန် သာ စိတ်စောနေကြ သူများဖြစ်သည်။ ဧည့်သည်အချို့မှာ ဟန်မဆောင်နိုင် လောက်အောင် ဣနြေ္ဒမဲ့လျက်။ ဆရာတော်၏ တစ်ထပ်တိုက်ကျောင်း ကလေးဆီသို့ လည်ပင်းကြီးတွေ စောင်းလိမ်ရင်း မကြာခဏ လှမ်းကြည့် နေကြသည်။ ကလေးအချို့ကတော့ စားပွဲများပေါ်ရှိ ရေခဲ ရေဘူးများထဲမှ ရေခဲရေများကို မကြာ ခဏငှဲ့ သောက်နေကြ၏။ ယောကျာင်္း ကြီးအချို့က စိတ်မရှည်ဟန်ဖြင့် စီးကရက် တရကြမ်း ဖွာရှိုက် နေကြ သည်။

အသက်(၄၁)နှစ်သား ခင်မောင်စိန်သည် သတ္တုကိုင်း ပါဝါမျက်မှန် ကလေးတပ်ထားပြီး ဥပဓိရုပ် ကောင်း သဖြင့် ဥာဏ်ပညာထက်မြက်သူတစ်ဦးအသွင် ပေါ်လွင်နေသော်လည်း (စင်စစ်) သူသည် “အခေါက်ထူ” ထုံထုံ ထိုင်းထိုင်းထဲကသာဖြစ်၍ အရက်အနည်းငယ်မျှ မူးချိန်မှအပ စိတ်မြန်လက်မြန် စကားပြော မြန်လှသူ မဟုတ်ချေ။ သူသည် နိုင်ငံခြားပြန်“ကြေးရတက်”တစ်ဦး ဖြစ်သည့်တိုင် ပညာရှင် ပညာတတ် တစ်ဦး မဟုတ်၊ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံရှိ အထည်လိပ်စက် ရုံကြီးတစ်ရုံမှာ (၆)နှစ်ကြာ သာမန် ထုတ်ပိုး ၀န်ထမ်း အလုပ်သမား အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သူသာဖြစ်၏။ ရုတ်တရက် ကြည်လိုက် လျှင်တော့ ခင်မောင်စိန် က ငယ်ငယ်ရွယ်ရွယ်နှင့် တက္ကသိုလ်တစ်ခုခုမှာ ပါမောက္ခရာထူး ရထားသည့် ပညာရှိငယ် တစ်ဦး အလား ထင်ရသည်။ ခင်မောင်စိန်သည် (စင်စစ်) ဆယ်တန်းပင် အောင်ခဲ့သူ မဟုတ်ချေ။

အသားညိုညို၊ ပိန်ကပ်ကပ်ရိုးကြီးဂေါင်ဂင် သတို့သမီးမှာ အသက်(၃၆)နှစ်ရှိပြီဖြစ်၏။ နိုင်ငံကျော် အလှ ဖန်တီးရှင်(ကို) စူဇီသက်လျာက သတို့သမီးမှာမာလာသန့်ကို (၁၆)နှစ်သမီးဟု ထင်ရလောက်အောင် ကြိုးစားပမ်းစား ပြင်ဆင်ခြယ်မှုန်းပေးခဲ့သော်လည်း ထိုမိန်းမလျာကြီး ကြိုးပမ်းမှုက အောင်မြင်ခြင်းမရှိ။ မာလာသန့် မှာ ရွှေထည် စိန်ထည်လက်ဝတ်လက်စား များအောက်တွင် တောနယ် ကျေးလက်ဘုရားပွဲ ဈေးတန်းမှ တိုင်းရင်းဖြစ်ရိုးရာ အရုပ်တစ်ရုပ်ကဲ့သို့ မာတောင့်တောင့်ပြောင်ဝင်းဝင်း ကြီးဖြစ်နေပြီး မျက်တောင်တု ကြီးတွေက သူမ၏ မျက်နှာအပေါ်ခြမ်း ကို လွှမ်းမိုးထားသယောင်ပင် ထင်နေရသည်။

ဘုန်းတော်ကြီး၏ မင်္ဂလာတရားဒေသနာ ချီးမြှင့်ဟောပြော ဆုံးမမှုမအစီအစဉ်ပြီးဆုံး သွားသောအခါ သတို့သား က သတို့သမီးဘက်သို့ မသိမသာ ခေါင်းငဲ့၍ မျက်လုံးစွေကြည့်သည်။ သတို့သမီးက သူမ၏ ရှေ့မှ လှူဖွယ်ဝတ္ထုမျိုးစုံ ပါရှိသောဆွဲခြင်း ကြီးဆီသို့သာ ငေးကြည့်နေ၏။

မကြာမီသတို့သမီးက သတို့သားဘက်သို့ ဖျက်ခနဲ ခိုးကြည့်၏။ သတို့သားကား ဘုန်းတော်ကြီး၏ ရှုံ့တွတွ အိတွဲတွဲမျက်နှာတော်ဆီသို့ ယခုမှ မြင်ဖူးသလို အကြည့်မျိုးဖြင့် မော့ကြည့်နေ၏နောက် စက္ကန့်အနည်းငယ် အတွင်း သတို့သားနှင့် သတို့သမီးတို့ ရုတ်တရက်အကြည့်ချင်းတိုက်သွားကြ သည်။

သူစိမ်းတစ်ရံ တစ်ယောက်ကို အခြား သူစိမ်းတစ်ရံတစ်ယောက်က ကြည့်မိသည့် အေးစက်စက် အကြည့် မျိုးတွေ ဖြစ်နေကြသည်။ အမှန်စင်စစ်ခင်မောင်စိန်နှင့် မာလာသန်တို့သည် သူစိမ်းပြင်ပြင် များသာ ဖြစ်ခဲ့ကြပြီး လွန်ခဲ့သော လအနည်းငယ်ကမှ တစ်ဦးနှင့် တစ်ဦးတွေ့မြင်ဖူးခဲ့ ကြ၊ မိတ်ဖွဲ့စကား ပြောဆိုခွင့် ရခဲ့ကြ သူများသာ ဖြစ်ကြသည်။ နှစ်ဘက်မိဘများသည် သူတို့ နှစ်ယောက်ကို ကမန်းကတန်း စေ့စပ်၊ ကမန်းကတန်းနေရာချခဲ့ကြရာ ယခုအခါ တရားရုံး၌ အကြင်လင်မယား အဖြစ်နှစ်ဦး သဘောတူ လက်မှတ်ရေးထိုး ကတိက၀တ်ပြုပြီး ကိုးကွယ်ကြည်ညိုရာဆရာတော် အရှင်မြတ် ကြီးထံပါး တွင် မင်္ဂလာဆွမ်းကျွေးအလှူကို အတူတကွ ရေစက်သွန်ချပြီး ခဲ့သည်တိုင် သူတို့ကိုယ် သူတို့ ဇနီးမောင်နှံ အဖြစ် ရဲရဲတင်းတင်း နားလည်းခံယူကြရန် နှစ်ယောက် စလုံး မ၀ံ့မရဲ ဖြစ်နေကြဆဲဟု ထင်စရာ ကောင်းနေသည်။

သူတို့နှစ်ယောက်သည် လူကြီးမိဘများ ခြံရံလျက်၊ သီးသန့်ရွေးချယ်၍ဖိတ်ကြားသည့် ဧည့်ပရိသတ် မိတ်ဆွေ အများစုနေရာယူထားကြသော ဧည့်ခံကျွေးမွေးဆောင်ကြီးဆီသို့ယှဉ်တွဲ၍ လျှောက်လာကြသည်။ တစ်ဦးကို တစ်ဦးစကားမပြော ဖြစ်ကြ၊ ဘယ်သူက စပြောမလဲဟု အပြန်အလှန်စောင့်စားမျှော်လင့်ရင်းနှင့် စကား မပြောဖြစ်ကြတော့ခြင်းဖြစ်သည်။ စင်စစ်မှာတော့ ပုပု၀၀ခင်မောင်စိန်ကော၊ ညိုညိုပိန်ပိန် မာလာသန့် ပါ စကားပေါစကားနည်း သူတွေလို နှုတ်ဆိတ်လျက်ရှိ နေကြသည်။ အသားလတ်သော ခင်မောင်စိန်၏ မျက်နှာ ၀ိုင်းဝိုင်းဖောင်း ဖောင်းကြီးမှာ "မျက်နှာလိမ်းခရင်မ်"ခေါ် အလှဆီထူထူ လူးထားသဖြင့် နေရောင်အောက်မှာ ချွေးပြန်ပြီး ရှောက်သီးမှည့် တစ်လုံးနှင့် တူနေ၏။ မာလာသန့်၏ မျက်နှာ ကတော့ မိန်မလျာကြီးက လက်စွမ်းပြထားသည့်အတိုင်း မီးဖိုပေါ်မှ ကျွမ်းလုလုအသားကင် တစ်တုံးပမာ ညိုပြောင်ပြောင် ပြာလဲ့လဲ့ ဖြစ်နေသည်။ သူတို့၏ မျက်နှာထားတွေကို ကြည့်ရှု အကဲခတ်သူ သည် မနောစွမ်းအင် ထူးသာရှိခဲ့ပါလျှင် သူတို့နှစ်ယောက်စလုံး ဧည့်ပရိသတ်တွေကို ဧည့်ခံရာတွင် မည်သို့ သရုပ်ဆောင်ရမည်၊ ဗွီဒီယိုကင်မရာ ရိုက်ကွင်းထဲမှာ မည်သို့ကိုယ်နေ ဟန်ထားပြုမူရမည်၊ မည်သို့ သော ရွှင်ပျဖွယ် ဧည့်ခံစကား ကျေးဇူးတင်စကားတို့ကို ပြောဆိုရမည် တို့ကို အပြေးအလွှားစဉ်း စား ပြင်ဆင် နေကြကြောင်း သိရိုနိုင်ပေလိမ့်မည်း။ ထိုစဉ်တစ်ယောက်ယောက်က "လက်ချင်းချိတ် ထားလေ" ဟု ခပ်တိုးတိုး အသံပြု၏။ ညားကာစစုံတွဲက အုတ်အုတ်ကျက်ကျက် အသံတွေကြားမှာ နှိုးဆော်သံကို ကြားဟန် မရှိ။

ဆွမ်ကျွေး ဆောင်တံခါးဝမှာ ကြိုတင်နေရာယူထားခဲ့သော ဗွီဒီယိုကင်မရာ သမားက သူ့အဖော်ကို "လက်ချင်းတွဲထားဖို့ သွားပြောစမ်းကွာ၊ လမ်းလျှောက်တာလည်း ခပ်နှေးနှေးနဲ့ ခပ်လျော့လျော့ လျှောက်ဖို့ ပြော၊ သူတို့စတိုင်လ်တွေက စက်ရုပ်ကားထဲက သရုပ်ဆောင်တွေကျ နေတာပဲ"ဟု နှစ်ကိုယ်ကြား လှမ်းပြော၏။ ဗီဒီယိုရိုက်ကူးရေးအဖွဲ့ဝင်က မင်္ဂလာဦးစုံတွဲဆီသို့ အူယားဖားယား ပြေးချ သွားလိုက်၏။ ကင်မရာသမား၏ အမှာစကားကို လိုတိုး၊ ပိုလျှော့ပြေဖြစ် အောင် ပန်ကြားတောင်ပန်လိုက်၏။ ထိုအခါ သတို့သမီးက ရုတ်ခြည်းအသက်ဝင်လာ သလို သူမ၏ ဘယ်လက်ကို ဆန့်တန်းပေးလိုက်စဉ် သတို့သား ကလည်းယောင်တိယောင်ကန်းနှင့် သူ၏ ဘယ်လက်ကို ထုတ်လှမ်းလိုက်ရာ၊ ဘယ်ဘယ်ချင်း ချိတ်မိလျက်သားဖြစ်သွားရာမှ ပြိုင်တူရယ်မောပြီး သတို့သားကသူ၏ ညာလက်ဖြင့် သတို့သမီး၏ ဘယ်လက်ကို လှမ်းကိုင်သည်။ လက်ချောင်းချင်းတွယ်ချိတ်ရမည်းအစား သတို့သားက သတို့သမီး လက်ကောက်ဝတ်ကို ကိုင်မိလျက်သားဖြစ်နေပြန်၏။ သတို့သမီးက မသိမသာရုန်းဖယ်သည်။ သတို့သားက အလန့်တကြား လွှတ်ပေးရင်း အရှက်ပြေရယ်မောသည်။

"လက်ငါးချောင်းချင်း ချိတ်ထားလိုက်ပေါ့ဗျာ၊ ရုပ်ရှင်ဗီဒီယိုတွေထဲကလိုပေါ့၊ မျက်နှာ ကလေးတွေ လည်းပြုံးထား ပါနော်"ဟု ဗီဒီယိုရိုက်ကူးရေး အဖွဲ့ဝင်က ပန်ကြားပြန်သည်။
"ဒီလိုပေါ့နော်" ဟု သတို့သမီးက လက်ချင်းတွဲချိတ်ပြီး ဆွဲမြှောက်ပြ ကာရယ်သံ သဲ့သဲ့မေးသည်။
"အိုကေ..... အိုကေ"ဟုဗီဒီယို ကင်မရာသမားက လှမ်းအော်စဉ် ကင်မရာ မြင်ကွင်းနယ် နိမိတ်ထဲမှ ပါဝင်လိုသူ ပရိသတ်အချို့က စုံတွဲအနီးသို့ချဉ်းကပ်လာကြသည်။

"နည်းနည်းလောက်ဗျာ၊ နည်းနည်းလောက်နောက်ဆုတ်ပေးကြပါ"ဟု တောင်ပန်ရင်း ဗီဒီယို ကင်မရာကြီး ထမ်းမြှောက်လျက်က မုဆိုးဒူးလိုက်နှင့် ရိုက်ကွင်းရှု့ထောင့် ဆန်းဆန်းပြားပြား ရအောင် ကြိုးစား နေသည်။ သတို့သားက ပ၀ါကိုတိုက်ပုံအင်္ကျီ အဖြူရောင်ညာဘက်အိတ်ကပ်ထဲ လုံးချေ ထည့်သွင်း လိုက်သည်။

မင်္ဂလာဆွမ်းဧည့်ခံ ကျွေးမွေးနေရာအဆောင်တန်း ရောက်လာကြသောအခါ အမျိုးသမီး ငယ်အချို့ ရွှေဆွဲကြိုးများ ဆက်၍ စုံတွဲကို “တား”နေကြသည်။ မင်္ဂလာစုံတွဲမှာ ဓားပြအတိုက်ခံရ သူများလို မျက်နှာထား တွေ မဲ့သွားကြရာမှာ ရယ်မောကြသည်။ သတို့သား၏ ဖခင်ကြီးက အသင့်ဆောင်ထားသော ငွေစက္ကူများ ပါရှိသည့် စာအိတ်ကို မိန်းကလေးတစ်ယောက်အား လှမ်းပေးလိုက်၏။

“နည်းရင်တော့ ဒီညအိမ်ကိုခဲနဲ့လာပေါ့မှာနော်”ဟု ခဲဖိုးတောင်းသည့်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်စဉ် ရယ်မောသံ များ အုံးအုံးထသွား၏ သတို့သားမှာ ရယ်မောခံရသည်ဟု ယောင်မှားခံစားမိကာ သတို့သမီး၏ လက်ကို ယောင်ရမ်း လွှတ်လိုက်မိတော့သည်။

သတို့သမီးက လွတ်သွားသော သတို့သား၏ လက်ကိုမကြည့်ဘဲ မှန်းဆ၍ ဖမ်းယူလိုက်ရာ လက်ကို မကိုင်မိဘဲ သတို့သား၏ ပုဆိုးခါးပုံစကို ဖမ်းဆုပ်မိလျက် သားဖြစ်သွား၏။ သတို့သမီးက ရှက်ကန်းကန်း နှင့် သတို့သား၏ တိုက်ပုံအင်္ကျီ လက်အဖျားတစ်ဘက်ကိုတစ်အား ဆုပ်ကိုင်မိချိန် တွင် သတို့သားမှာ ခြေလှမ်းတုန့်လျက် ဇနီးလောင်းကို အလန့်တကြား ပြူးပြူးပျာပျာ လှည့်ကြည့်၏ အမျိုးသမီး က ခပ်ကြဲကြဲခပ်ပြီး ရှေ့သွားတွေကို ဖော်၍ ပြုံးလိုက်ရင်း အမျိုးသားကို ပြန်ကြည့်သည်။ စက္ကန့်ပိုင်းအတွင်း သူတို့ လက်တွေနေရာတကျ တွဲဆက်မိသွားကြ၏။

“ကင်မရာကို ကြည့်ပါ။ ပြုံးပါဗျို့”ဟု ဗီဒီယိုရိုက်ကူးရေးအဖွဲ့ဝင်က ရယ်သံစွက်၍ အော်လိုက်သည်။
“ခင်မောင်စိန်ဆိုတဲ့ကောင်က မပြုံးတတ်ဘူးကွာ သူပြုံးတာက ဗိုလ်နာလိုမျက်နှာကြီးရှုံ့မဲ့ ထားသလိုပဲ”ဟု လူအုပ်ထဲမှ အသံတစ်သံခပ်အုပ်အုပ်ပေါ်လာရာက ကင်မရာသမား၏ “သတို့သမီး ကလည်း အားရပါးရပြုံးပါခင်ဗျ” ဟူသော တိုက်တွန်းအော်ဟစ်သံ ပေါ်ထွက်လာပြန်သည်။
သူတို့စုံတွဲပြိုင် တူပြုံးနေကြရာ သူတို့ပါးစပ်တွေက ပြန်မှစေ့ပါတော့မလားဟု ထင်ရလောက်အောင် ပုံစံသေ အပြုံးက ကြာမြင့်နေတော့၏။ ကင်မရာသမားက မြင်ကွင်းပြောင်း နေကြဆဲ။

သို့နှင့်ပင် မင်္ဂလာမောင်နှံသည် ဒန်ပေါက်ထမင်းနဲ့ သင်းပျံ့ဝေ့၀ဲနေရာ အကျွေးအမွေး ခန်းမထဲသို့ ရောက်ရှိ လာခဲ့ကြပါသည်။ စကားတိုးတိုး အုပ်အုပ်ပြောသံများ၊ ဇွန်းခရင်းနှင့် ကြွေပန်းကန်များ ထိခတ်သံများ၊ လွတ်လွတ်လပ်လပ် ရယ်မော သံများ လှုပ်ရွအသက်ဝင် နေကြရာ စားပွဲများ၊ မင်္ဂလာပွဲ လာဧည့်ပရိတ်သတ်များကြားတွင် မင်္ဂလာဦးစုံတွဲသည် လက်ချင်း တွဲဆက်လျက် ရွေ့လျား နေကြစဉ် သူတို့၏ အချိန်တာ ကြာရှည်သော အပြုံးများသည် သူတို့ကိုယ်တိုင်ပင် မသိလိုက်ရဘဲ သဏ္ဍာန်ဟန်ပန် ပြောင်ပြောင်နှစ်ခုမှာ စူပါမတ်ကက်ကြီးတစ်ခုမှ အ၀တ်အစား ကြော်ငြာသည့် ပလက်စတစ် ရုပ်တု မျက်နှာများ ကဲ့သို့ အသက်ဓာတ်ကင်းမဲ့လာ လျက်ရှိသည်။ တဲချိတ်နေခဲ့ကြသော သူတို့၏ လက်ချောင်း ဆယ်ချောင်းတို့မှာ ချွေးစေးတွေ ချော်ကျိကျိဖြစ်လာကြရာမှ ကော် တစ်မျိုးမျိုးဖြင့် ပူးဆက်ခြင်း ခံထားရသလို ဖြုတ်ခွာ၍ မရတော့ဘဲ တောက်လျှောက်တွဲ လျက်ကြီးဖြစ်နေသည်။ သတို့သားသည် ဒန်ပေါက် ထမင်းနံ့ရှူမိလေ၊ ဆာလောင်လေဖြစ် ကာမကြာခဏ တံတွေးမျိုချနေရ၏။

သတို့သမီးကတော့ ဒန်ပေါက် ထမင်းနံ့ကြောင့် မူးနောက်နောက် ငြီးစီစီခံစားလာရဟန်ရှိသည်။ အာရုံတွေ ထွေပြားရှုပ် ထွေးနေကြသဖြင့် ခင်မောင်စိန်နှင့် မာလာသန့်တို့လည်း တွေ့ဆုံနှုတ်ဆက်ပြီးသား စားပွဲများ ဆီသို့ ထပ်ခါ တလဲလဲ ပြန်လည်ရောက်ရှိသွားမိကြကာ ၀င်္ကပါဂူထဲရောက် ၀မ်းတွင်းရှုးနှစ်ယောက်လို ကြောင်စီစီ ဖြစ်လာကြသည်။

"ဧည့်သည်တွေ များလိုက်တာနော်" ဟု မာလာသန့်က မရည်ရွယ်ဘဲ ခပ်တိုးတိုး ရွတ်ဆို လိုက်သောအခါ ခင်မောင်စိန် ကလည်း အတွေးထဲမှာဦးစွာ ပေါ်လာသည့်အတိုင်း "တော်တော်မွှေးတဲ့ ဒန်ပေါက်ပဲ" ဟုခြောက် ကပ်ကပ် မြည်တမ်းသည်။

(၁၀) သတို့သမီးနှင့် သတို့သားသည် ၀င်္ကပါထဲမှာ မည်မျှကြာအောင် မျက်စိလည်ခဲ့ မှန်း အမှတ်မရနိုင်တော့ဘဲ တစ်စုံတစ်ယောက်၏ နှုးဆော် သတိပေးမှု လူပျိုရံ အပျိုရံတို့၏ ၀န်းရံ ခေါ်ဆောင် မူတို့ဖြင့် စံပယ်ပန်းကုံးရှည်ကြီးတွေ ဆင်ယင်ထားသည့် ကော်ရိုလာ(ဗင်) ကား တစ်စင်း ဆီသို့ ရွေ့လျား လာမိကြပြန်သည်။ သတို့သားမှာ ချွေးတွေတရဟော ထွက်နေသော်လည်း ပ၀ါဖြင့် သုတ်ရမှာ မေ့နေသည်။ သတို့ သမီးမှာ ယခုမှ့ ပင်မောပန်း နွမ်းလျလာ သကဲ့သို့ ရေထဲမှ ကုန်းပေါ်သို့ ပစ်တင် ခံရကာစ ငါးတစ်ကောင်လို ပါးစပ်ဟစေ့၊ ဟစေ့ဖြင့် အသက် မြန်မြန်ရှူနေ၏။

ကားထဲသို့ ၀င်ရောက်ကြပြီး ထိုင်မိကြသည်နှင့် နှစ်ယောက်စလုံး အိပ်ချင်စိတ်တွေ ပြိုင်တူပေါ်လာကြသည်။ မိမိတို့ကိုယ်စီ အိပ်ချင်နေကြကြောင်း အချင်းချင်းဖုံးကွယ်ဖို့ ကြိုးစားရင်း တစ်ဦးမျက်နှာ တစ်ဦးကခိုးကြောင် ခိုးဝှက်အကဲခတ်ကြရာ မျက်လုံးချင်းဆုံမိကြချိန်၌ ကြိုးဝိုင်းထဲမှ ပြိုင်ဘက် နှစ်ဦးလို မျက်တောင်မခတ် အားကြဘဲ မလိုတမာမျက်လုံးကြီးတွေဖြင့် အပြန်အလှန် ကြည့်မိလျက်သား ဖြစ်သွားကြသည်။

ထိုစဉ် ကားဒရိုင်ဘာက ဒက်ရှ်ဘုတ်ရှိ ကက်ဆက်ကို ဖွင့်လိုက်ရာ သူရည်ရွယ်သော မင်္ဂလာဖွဲ့စုံတွဲ သီးချင်း သံပေါ်ထွက်မလာဘဲ (အခွေမှားနေသဖြင့်) အရပ်အတန့်မရှိ ဆူညံကျယ်လောင်မူကို အသား ပေးထားသည့် တက္ကနိုဂီတသံ ဒိန်းဒိန်းဒိုင်းဒိုင်းပေါက်ကွဲ ရိုက်ခတ်သွားသည်။ သတို့သမီးကော သတို့သားပါ နားတွေကို လက်ဝါးတွေဖြင့် အုပ်လိုက်ကြချိန်မှာ ဒရိုင်ဘာက"ဆောရီးဗျို့ဆောရီး၊ အခွေမှား သွားလို့" ဟုအော်ရင်း ကက်ဆက်ကို ပိတ်လိုက်၏။
(၁၁) အမျိုးသမီး ည၀တ်အင်္ကျီဝတ်ဆင်လိုက်သောအခါ မာလာသန့်၏ ပန်လှီခြောက်ကပ် လက်မောင်း တံနှစ်ခု ထင်ထင်လင်းလင်းပေါ်လာသဖြင့် နေ့ခင်းတုန်းက သတို့သမီးအင်္ကျင်္ီ ကျပ်ကျပ်ဝတ်ဆင်ထားစဉ်က ထက်သူမ၏ အားနည်းသော ဣတ္ထိယ အလှဆွဲဆောင်မူက လုံးဝပျောက်ကွယ် သွားတော့သယောင် မှတ်ထင်ရသည်။ ခင်မောင်စိန်သည် သူ၏ ရွှဲကူသော ဗိုက်ကို ဖုံးကွယ်နိုင်ရန် တီရှပ် အဖြူပွပွကို ပုဆိုးအပြင်သို့ ဖားလျားချ၍ ၀တ်ထားသည်။ ထိုအခါ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ဗိုက်ဖုံး အင်္ကျီဝတ်ထား သည်နှင့် တူနေပြန်တော့၏။

မင်္ဂလာဦးခုတင် မွေ့ရာ၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ ဖက်လုံးများဆီသို့ ဖြူလျော်လျော် သောအခန်း မီးပွင့် အလင်း ရောင်ဖြာကျနေရာ မီးပွင့် အနီးမှာ ပိုးဖလံအချို့ အုံဖွဲ့ရစ်ဝဲနေ ကြသည်ကို ခင်မောင်စိန်က ပလတ်စတစ် ကုလားထိုင်ပေါ်မှာ ထိုင်နေရာက မျက်မှောင် ကြုတ်လျက် တစ်ချက်၊ တစ်ချက် မော့ကြည့်သည်။ မာလာသန့်ကတော့ ခင်မောင်စိန်က်ု ကျောပေးရပ်ကာ မင်္ဂလာဦး ဘီရိုကြီး ကိုဖွင့်၍ လက်ဖွဲ့ပစ္စည်းများကို ထုတ်လိုက်သွင်းလိုက် လုပ်နေသည်။ ခင်မောင်စိန်က ပိုးဖလံတွေကို ကြည့်ရာက မာလာသန့်ဆီသို့ မျက်နှာလှည့်လိုက်ရာ ရုတ်တရက်ခင်မောင်စိန်ကို လှည့်ကြည့်လာသော မာလာသန့်နှင့် မျက်လုံးချင်းဆုံမိကြ၏။ ပိုးဖလံတွေကို ကြည့်စဉ်က ရှုံ့တွတွမျက်နှာထားက ခင်မောင်စိန် ဆီမှာရှိနေဆဲဖြစ်ရာ ခင်ပွန်းအသစ်ကျပ်ချွတ်၏ မသာယာလှသည့် မျက်နှာအိုအိုကြီးကို တွေ့ရလေ သော်..........  မာလာသန့်ထိတ်လန့်မွန်းကျပ်သွားသည်။

"ကို.........၊ ကိုနေမကောင်းလို့လား" ဟူသော အသံတိမ်တိမ်ကလေးဆီမှ နှေးကွေး ပျော့ပျောင်းသည့် လှိုင်းလိပ် ကလေးတွေက ထုံထိုင်းပူထူနေသည့် ခင်မောင်စိန်၏ အကြားအာရုံနံရံဆီသို့ ချဉ်းကပ် တို့ထိ မိကြသည်။ ခင်မောင်စိန်သည် ထိတ်လန့်နေသော မျက်နှာချွန်ချွန်သွယ်သွယ်ကို ဆိတ်မျက်နှာ တစ်ခုနှင့် တူသည်ဟု ခံစားလာရပြီး ရုတ်တရက် နှလုံးသွေး ကြောပြတ်သူလို ခေါင်းငိုက်စိုက်ကျသွား၏ ထိုသို့ ခေါင်းငုံ့ပြီးမှ ထိုခေါင်းကို ခါရမ်းရင်း လက်တစ်ဖက်ကို လည်းကွေးမြှောက်၍ လက်ချောင်းတွေကို လှုပ်ခါပြသည်။ လည်ချောင်းညှစ်သံလည်း မြည်ပြ၏။

မာလာသန့်က ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးလိုက်သောအခါ သူတို့အချင်းချင်း တစ်ယောက်ကိုယ်နံ့ကို တစ်ယောက် ရှူရှိုက်မိလာကြ၏။
"နိုး......နိုး.....အိုကေ..........အိုကေ......
မာလာသန့်က ခင်မောင်စိန်ထိုင်နေရာဆီသို့ မရဲတရဲကြောင် လျှောက်ခြေလှမ်းပုံဟန်ဖြင့် လျှောက်လာ သည်။ သူမ၏ မိတ်ကပ်တွေ ဖျက်ပြီးစ မျက်နှာက ဖြူဖတ်ဖတ်ပြောင်ချောနေ ၏။ မျက်လုံးကျဉ်းကျဉ်း တွေကတော့ ထောင်ချောက်လှောင်အိမ်ထဲက ကြွက်မျက်လုံးတွေ လို ဂနာမငြိမ် စူးလက် ၀င်းတောက် နေကြသည်။ မာလာသန့်က ခင်ပွန်းရှေ့သုံးပေအကွာ လောက်မှာ လဲကျတော့မည့် တုန်တုန်နွဲ့နွဲ့ ခန္ဓာကို ရပ်သည်။
"မာလာ့အပေါ်မှာ တစ်ခုခုမကျေနပ်တာများ ရှိသလားကို"
"မရှိပါဘူးဗျာ"
ခင်မောင်စိန်က ခေါင်းမမော့သည့်ပြင် ပို၍ ငုံ့ကိုင်းထားလိုက်ရာ သူ၏ ရှည်လျားပွယောင်း သော နှာခေါင်းကြီးက ၀မ်းဗိုက်နှင့် ထိလုလုဖြစ်သွားသည်။ သူသည် အငြင်းစကားကိုဆို ရင်း လက်နှစ်ဖက်ကို ခါပြခဲ့ရာ လက်ခါပြပြီးနောက် မရုတ်သိမ်းသေးဘဲ လက်တွေကို လေထဲမှာ မြှောက်ထားဆဲ။
(၁၃) မာလာသန့်က ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးလိုက်သောအခါ သူတို့အချင်းချင်း တစ်ယောက် ကိုယ်နံ့ကို တစ်ယောက်ရှူသံပြင်းပြင်းတွေကလည်း အချင်းချင်း တိုးဝှေ့တွန်း ဖယ်နေကြ၏။ "ကို......... တစ်ခုခုတော့ ဖြစ်နေတယ်၊ မာလာ့ကို ပြောပြပါလား၊ လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီပဲ ပြောမပြ နိုင်စရာ ဘာမှမရှိတော့ပါဘူးကို ပြောစရာရှိတာ ပြောပြောပါ"

အသံအစ်တစ်တစ်ဖြင့် တောင်းတောင်းဆိုသံက ခေါင်းမာမာနှင့် ဇွဲကြီးသည့် စရိုက်ကို ပြသလာပြီဟု ခင်မောင်စိန် မြင်ထင်ခံစားမိကာ စိုးရိမ်လန့်ဖျပ်မှုက သူ့ကိုယ်ထဲကို စိမ့်ဝင်လာသည်။ သူခေါင်းမော့ရန် ကြိုးစားသော်လည်း မာလာသန့်က သူဇက်ပိုးနှင့် ငယ်ထိပ်ကို အားကြီးစွာ ဖိနှိပ်ခြင်းခံထားရသလို လည်တိုင်ကို မဆန့်နိုင်ဘဲ ရှိနေ၏။ သူ၏ထွက်သက်က သူ၏၀မ်းဗိုက်စူစူကြီးကို ရှူးခနဲ ရှူးခနဲပြေးရိုက်လျက်ရှိ၏။ "ကျုပ်...... ကျုပ်........ကျုပ်တို့သား သားသမီးရ ရနိုင်မှာ မ........မဟုတ်ဘူးဆိုတာ ကျုပ်အခု အခုပဲ ပြောလိုက်ပြီဗျာ၊ ကျုပ်မိုက်ဖြစ်ဒဏ်ကို ခံရတာ။

မာလာပါ ထပ်ဆင့် ထိခိုက်တာမို့ ကျုပ်.....ကျုပ် စိတ်မကောင်းဘူး၊ ကျုပ်.....ကျုပ်ကို ခွင့်.......ခွင့်လွှတ်ပါဗျာ ......အဟီး.... ဟီး၊"
ကျိတ်၍ ကျိတ်၍ ရှိုက်နေသော ခင်ပွန်း၏ ပခုံးအစုံကို မာလာသန့်က ခပ်ဖွဖွဆုပ်ကိုင်ထား လိုက်သည်။ ခင်မောင်စိန်က ကျိတ်မနိုင်ခဲမရ ရှိုက်ငင်နေစဉ် မာလာသန့်က ပို၍ တိုးကပ်ရင်း ပြုံးနေသည်။ ကျေနပ် ၀မ်းမြောက်စွာ၊ ကြည်နူးအားရစွာ ပြုံးနေသည်။ သားသမီး မမွေးဖွားနိုင်သော မိမိ၏ မသဘာဝ ချွတ်ယွင်း ချက် ရာဇာဝင်ကိုတော့ ပြောပြရန် မလိုအပ်တော့ပါ။


ကြူးနစ်
ပေဖူးလွှာ
ဇန်နဝါရီ ၂၀၁၀
.

2 comments:

Flower said...

စာလာဖတ်ပြီး ပြုံးမိပါတယ်.. အရင်က ၀တ္ထုတိုလေးတွေ မဖတ်ရတာကြာလှပေါ့.. ခုလို ပြန်တင်ထားတာ ကျေးဇူးပါမောင်လေး..

kaungkinpyar said...

အေးရောပဲ..