Thursday, January 7, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၇)

အခန်း(၇)

"စူဇီ…မင်းသိပ်လှတာပဲကွယ်"
"မလှပါဘူး၊ ကျွန်မ အရုပ်ဆိုးတယ်၊ ကျွန်မ အရမ်းငိုထားတယ်၊ ဒါကြောင့် ပါးတွေရောင်ကိုင်းနေပြီ၊ ကျွန်မ မြင်နေရတယ်၊ မျက်စိရှေ့ရောက်အောင် ဖောင်းထွက်နေကြတာ"
"မောင် ဂရုမစိုက်ပါဘူးကွယ်၊ မင်း သိပ်လှတာပဲ"

ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားမိကြသည်။
အခန်းထဲသို့ ကျွန်တော်ပြန်ရောက်လာတော့ ကျွန်တော်တို့နှစ်ယောက်စလုံး စကားမပြောနိုင်ကြ ပါ။ ကျွန်တော့် မျက်နှာကို မြင်သည်နှင့် တစ်ပြိုင်တည်း အဖြစ်မှန်ကို သိခဲ့ပြီဖြစ်ကြောင်း စူဇီက အတပ်သိ လိုက်သည်။ သူ ငိုပြန်သည်။

သူ့ဆီသို့ ကျွန်တော် ပြေးသွားလိုက်ချင်ပါသည်။ သို့သော်လည်း ကျွန်တော်၏ မိုက်မဲမှု၊ မဆင်ခြင် မှုကြောင့် အရှက်ကြီး ရှက်နေမိပါသည်။ သူ့အသားကို ထိရကိုင်ရမှာကိုပင် မထိန်းသိမ်းနိုင် လောက်အောင် ရှက်လှပါသည်။

သို့သော်လည်း ဖြုန်းခနဲ သူ့ဆီပြေးသွားပြီး ရင်ခွင်ထဲမှာ ဆွဲပွေ့ထားလိုက်မိသည်။ သူ့လက် ကလေးများ ကိုယူပြီး ပါးနှင့် အပ်ထားမိသည်။ သူ့မျက်နှာကိုလည်း နမ်းမိသည်။ စူဇီကလည်း ကျွန်တော့်မျက်နှာကို ပြန်နမ်း ရင်း မဆုံးနိုင်အောင် ငိုကြွေးလေသည်။

ထိုအချိန်မှာပင် အလွန်တရာ ကြီးမားသည့် စိတ်ချမ်းသာမှုကြီးက ကျွန်တော်တို့ နှစ်ယောက်စလုံး ကို ဖုံးလွှမ်းလိုက်သည်။ မပြည့်စုံသော "တစ်ခြမ်း"များ ဘ၀မှပြည့်စုံသည့် "တစ်ခု"ဘ၀သို့ ပြန် ရောက်လာ တော့သည်။

"၀မ်းသာလိုက်တာမောင်ရယ်၊ ကျွန်မ စိတ်ချမ်းသာလိုက်တာ"
သို့သော်လည်း သူ အလွန်အားနည်းနေသည်။ အသက်ကိုတောင် မနည်းကြိုးစား ရှူနေရရှာသည်။

"အချိန်သာရမယ်ဆိုရင် မောင် ဆရာဝန်ပြေးခေါ်ပါတယ်ကွယ်၊ ဒါပေမဲ့ မင်းအနေရ သက်သာတယ် ဆိုရင် မောင်တို့ သွားကြတာက ပိုကောင်းမယ်"
"နေကောင်းပါတယ် မောင်၊ မောင့်ကို ပြောတယ်မဟုတ်လား၊ ကျွန်မ စိတ်ချမ်းသာလိုက်တာလို့"
"ကောင်းပြီလေ၊ ဒီလိုဆိုရင် မင်း မလှုပ်နဲ့နော်၊ မောင် ပစ္စည်းတွေ သိမ်းနေတုန်း ငြိမ်ငြိမ်ကလေး လှဲ နေလိုက်"

သင်္ဘောဆိပ်သို့ ဆိုက်ကားငှားပြီး လာကြသည်။ စူဇီကို ကြည့်ရသည်မှာ အတော်ကလေး နေသာ ထိုင်သာ ရှိလာပုံရှိသည်။ ကျွန်တော်က သင်္ဘောပေါ်မှာ အခန်းငှားသည်။ မလိုအပ်ဘဲ ငွေအကုန် အကျများသည်ဟု စူဇီက ကန့်ကွက်သေးသည်။ သို့သော်လည်းကျွန်တော်က ဇွတ်ငှားပြီး အခန်း ထဲက အိပ်စင်မှာ လှဲခိုင်း ထားသည်။

ကျွန်တော်တို့ အခန်းထဲမှာ အင်္ဂလိပ်ကျောင်းဆရာမကြီး တစ်ယောက်လည်းရှိသည်။ ဟောင် ကောင်မှ ဖြစ်သည်။ လှိုင်းမူးတတ်သောကြောင့် အမြဲတမ်း အခန်းငှားစီးလေ့ရှိသည်။ အခန်းထဲမှာ လွတ်လွတ် လပ်လပ် လှိုင်းမူးနိုင်သည်။ အန်နိုင်သည်။ ယနေ့ ရာသီဥတု ဆိုးနိုင်သလားဟု သင်္ဘော အမှုထမ်း တစ်ယောက် ကို သူ မေးကြည့်နေမိသည်။

"မဆိုးနိုင်ပါဘူး၊ ဒီနေ့ ရာသီဥတု အင်မတန် ကောင်းပါတယ်"ဟု ပြောသည်။ ထိုသူ ထွက်သွား တော့-
"သူ အမှန်အတိုင်း ပြောသွားတယ် ထင်သလား၊ သူ ပြောသွားတာ ကြားတယ်မဟုတ်လား"ဟု ကျွန်တော့် ကို လှမ်းမေးသည်။
"ရေကန် ထဲကရေကို အင်မတန်ငြိမ်မယ်လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျာ"ဟု ပြန်ဖြေမိသည်။

ယနေ့ရာသီဥတုသည် အလွန်တရာ ပူပြင်းခြောက်သွေ့လှသည်။ ဆိပ်ကမ်းတွင် လေကလည်း မတိုက်။ သို့သော်လည်း ပုလဲမြစ်ဝကို ဖြတ်လာတော့ လေခပ်ကြမ်းကြမ်း တိုက်လာသည်။
ခဏကြာတော့ သင်္ဘောလူးလာသည်။ အခန်းထဲသို့ ကျွန်တော် ပြန်လာကြည့်သည်။ စူဇီသည် အိပ်စင် ပေါ်မှာ အိပ်ပျော်လုပျော်ဆဲ ဖြစ်နေသည်။ ကျောင်းဆရာမကြီးကတော့ ထွေးခံတစ်လုံးထဲမှာ သွားပြီး အန်နေပြီ။

ဘားခန်းသို့ ကျွန်တော်ပြန်လာခဲ့သည်။ ဘရန်ဒီ မှာသောက်နေသည်။ တစ်နာရီလောက်ကြာတော့ သင်္ဘောသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်။ သမ္ဗန်တစ်စီး မှောက်သည်ကို မြင်ရ ကြောင်း၊ လူအချို့က ရရာပစ္စည်းများကို တွယ်ပြီး မျောနေကြောင်း အသံချဲ့စက်မှ ကြေညာသံ ကြားရသည်။

ကုန်းပတ်ပေါ်သို့ ကျွန်တော် ထွက်ခဲ့သည်။ သင်္ဘောစက်ရှိန်ကို လျှော့ချလိုက်သံ ကြားရသည်။ အသက်ကယ်လှေကို ချနေသည်။ ခရီးသည်အားလုံး လက်တန်းဆီသို့ သွားပြီး ကြည့်နေကြသည်။ ကျွန်တော့် ဘေးမှာ အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူထွားကြီးတစ်ယောက် ရှိသည်။ နှုတ်ခမ်းမွေး တွေက နီကြောင်ကြောင်ဖြစ်သည်။

တရုတ်သင်္ဘောသားများ အသက်ကယ်လှေကို ကိုးရိုးကားရား ကိုင်တွယ်နေပုံကြည့်ပြီး ထိုလူကြီး က ရေရွတ်ကျိန်ဆဲနေသည်။ သမ္ဗန်သမားများသည် မိုက်မဲကြောင်း၊ ယခုလို ရာသီဥတု ဆိုးနေချိန် တွင် ပင်လယ်ထဲသို့ ဒါလောက်ဝေးဝေး မလာသင့်ကြောင်း၊ မကာအိုနှင့် ဟောင်ကောင်သို့ သူ ကူးသန်း ခဲ့သည့်တစ်လျှောက်တွင် ယခုလိုအဖြစ်မျိုး တွေ့ရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ပြော ပြနေသည်။
ထိုအချိန်မှာပင် ခရီးသည်များထဲ၌ ဆရာဝန်ပါမည်ဆိုလျှင် အောက်ထပ်သို့ အရေးတကြီး ကြွ ရောက်စေ လိုကြောင်း အသံချဲ့စက်ဖြင့် ကြေညာသံကို ကြားလိုက်ရသည်။

"အလကားကောင်တွေ၊ ကျုပ်ကို ဒီလိုခေါ်လို့ ဘယ်ရမလဲ၊ အခုလို သမ္ဗန်နှစ်တာဟာ သူတို့မိုက် ပြစ်နဲ့ သူတို့ပဲ၊ အကုန် ရေနစ်သေကြစမ်းပါစေ"ဟု ထိုလူကြီးက ပြောသည်။
သို့သော်လည်း သူ့ဝသီအတိုင်း ပြောခြင်းသာ ဖြစ်ပုံရသည်။ ခဏအကြာ ကျွန်တော် လှည့်ကြည့် တော့ အောက်ထပ်သို့ သူ ဆင်းသွားချေပြီ။ သင်္ဘောပေါ်သို့ အဘွားကြီးတစ်ယောက်ကို တင်ပေး သည်။ သူ့ကိုယ်လုံး သေးသေးကလေးဖြစ်သည်။ ငှက်မွေးကလေးတစ်ချောင်းလို ပေါ့ပေါ့ပါးပါး ပါ လာသည်။ အ၀တ် အစားတွေက ရေရွှဲပြီး အသားမှာကပ်နေသည်။ အဘွားကြီး ပြီးတော့ လူငယ် တစ်ယောက်ကို တင်ပေးသည်။

ထိုအခိုက် တစ်စုံတစ်ယောက်က ကျွန်တော့်လက်မောင်းကို လာတို့သဖြင့် လှည့်ကြည့်လိုက်သည်။ ကျောင်းဆရာမကြီးကို တွေ့ရသည်။ မျက်နှာအပျက်ကြီး ပျက်နေသည်။
"ရှင်မြန်မြန်လာရင် ကောင်းမယ်ထင်တယ်"
"ဘာဖြစ်လို့လဲဗျာ"
သူ့နှုတ်ခမ်းများ လှုပ်လာသည်။ သို့သော်လည်း စကားလုံး ထွက်မလာပါ။ လှိုင်းမူးနေသောကြောင့် လော၊ သို့တည်းမဟုတ် အဖြေက စိတ်မချမ်းသာစရာ ကောင်းလွန်းသောကြောင့်လော ကျွန်တော် မပြောတတ်ပါ။ နောက်ကြောင်းလှည့်ပြီး လူတွေကြားထဲမှာ ကျွန်တော် တအားပြေးခဲ့သည်။

အခန်းထဲဝင်လိုက်တော့ ခြေချော်ပြီး လဲမလိုဖြစ်သွားသည်။ ကြမ်းပြင်ပေါ်တွင် အန်ဖတ်တွေ ပွစာ ကြဲနေသည်။ တစ်ခန်းလုံးလည်း အန်ဖတ်စော်နံနေသည်။ ထွေးခံလေးသည် သင်္ဘောလူးသွားတိုင်း အခန်းထဲမှာ ဟိုမှသည်မှ လိမ့်နေသည်။

စူဇီ၏ အိပ်စင်အနားသို့ ကျွန်တော် ကပ်သွားသောအခါ သူ့မျက်လုံးများကို မှိတ်ထားသည်။ မျက် နှာက သွေးမရှိသလို ဖြူနေသည်။ နှုတ်ခမ်းထောင့်မှ သွေးစပါသော ပန်းရောင်အမြှုပ်များသည် ခေါင်းအုံးပေါ်သို့ စီးကျနေသည်ကို တွေ့ရသည်။

"စူဇီ"
သူ့မျက်လုံးများ ပွင့်လာသည်။ ပြန်မှိတ်သွားသည်။ ဘာစကားမှမပြော။
"မောင် ဆရာဝန်သွားခေါ်လိုက်မယ်၊ မကြာဘူး၊ အခုပြန်လာမယ်"

အောက်ထပ်သို့ ဆင်းခဲ့သည်။ တရုတ်သင်္ဘောသားများသည် နောက်ထပ် ဆယ်ယူရသူတစ် ယောက်ကို သယ်လာသည်။ အခြားလူတွေက ကုန်းပတ်ပေါ်မှာ လဲနေကြသည်။
"အကုန် ရေနစ်သေကြစမ်းပါစေ"ဟု ပြောသွားသော နှုတ်ခမ်းမွေးနီကြောင်ကြောင်နှင့် ဆရာဝန်လူ ထွားကြီးသည် မိန်းမတစ်ယောက်ကို သူ့ဒူးနှစ်ဖက်ပေါ်မှာ ကားရာခွတင်ထားသည်။ မိန်းမ၏ကျော ပေါ်သို့ သူ့လက်နှင့် ဖိချနေသည်။ နံရိုးတွေပေါ်မှာလည်း ဖိပေးနေသည်။ မိန်းမက သတိလစ်နေ သည်။ ဆရာဝန်က သူ့ကိုယ်အလေးချိန်နှင့် ဖိပေးပြီး ပြန်ကြွလိုက်သောအခါ မိန်းမ၏အဆုတ်ထဲ သို့ လေ၀င် သွားပြီး ပါးစပ်ဟကာ တစ်ချက်ညည်းလိုက်သည်။ ငွေသွားများပေါ်လာသည်ကို တွေ့ လိုက်ရသည်။

"ဒေါက်တာ ကျွန်တော့်မိန်းမ နေမကောင်းလို့"ဟု ကျွန်တော်က ပြောသည်။
"မင်းမိန်းမ သေလိုက်ပါလားကွ၊ ဒီမိန်းမ သေမလိုဖြစ်နေတာ မင်းမမြင်ဘူးလား"ဟု သူက မော့မကြည့်ဘဲ ပြန်အော်သည်။
"ကျွန်တော့်မိန်းမလည်း သတိလစ်နေပါတယ်ခင်ဗျာ"ဟု ကျွန်တော်က ထပ်ပြောသည်။

သူ ဘာမှပြန်မပြောဘဲ သူ့ဒူးပေါ်မှ မိန်းမ အသက်ရှင်ရေးအတွက်သာ လုံးပန်းနေသည်။ မိန်းမ၏ ဗိုက်ထဲမှ ရေများ အန်ထွက်အောင်၊ အဆုတ်ထဲသို့ လေ၀င်သွားနိုင်အောင် လုပ်ပေးနေသည်။ တစ် မိနစ်လောက် ကြာတော့ ထိုမိန်းမကိုယ်ပေါ်မှ မျက်လုံးကိုမခွာဘဲ-
"ဒီလို ဘယ်သူ ဆက်လုပ်ပေးတတ်သလဲ၊ ဒီနားမှာ ဒီလိုလုပ်တတ်တဲ့ သူရှိသလား"ဟု မေးသည်။
"ကျွန်တော် လုပ်တတ်ပါတယ်ဆရာ၊ ရှေးဦးသူနာပြုသင်တန်း ကျွန်တော် တတ်ဖူးပါတယ်၊ ကျွန် တော့်မှာ အောင်လက်မှတ်နဲ့ ဆုတံဆိပ်ရှိပါတယ်"ဟု တရုတ်သင်္ဘောသားတစ်ယောက်က ဖျတ် ဖျတ်လတ်လတ် ပြန်ဖြေ သည်။

"ဒီကိုလာ"
မေ့နေသည့် အမျိုးသမီးကို ရှေ့တိုးနောက်ငင် လုပ်နေသည်။ ဒူးတစ်ဖက်ကို ရုပ်လိုက်သည်။ တရုတ် သင်္ဘောသားက တစ်ဖက်တွင် ဒူးထောက်လျက် ၀င်ထိုင်သည်။ ဆရာဝန်၏ လက်ကဲ့သို့ပင် သူ့လက်ကို လည်း ဖြန့်ပြီး မိန်းမ၏ ကျောပေါ်မှာတင်သည်။ ရှေ့တိုးနောက်ငင် လုပ်ပေးသည်။ စနစ်ကျမကျ ဆရာဝန်က စောင့်ကြည့်နေသည်။ ပြီးတော့မှ ကျေနပ်စွာဖြင့် သူ့လက်များကို ပြန်ရုပ် လိုက်သည်။ သင်္ဘောသား လုပ်ပုံကို ဆက်ကြည့်နေသေးသည်။ စိတ်တိုင်းကျတော့မှ ထိုင်ရာမှ ထ ရပ်သည်။

"ကျုပ်ကိုခေါ်တာ ဘယ်သူလဲ၊ အခုနတုန်းက သူ့မိန်းမအကြောင်း ပြောတာ ဘယ်သူလဲ"
"ကျွန်တော်ပါ ဒေါက်တာ၊ ကျွန်တော် ၀မ်းနည်းပါတယ်၊ ဒါပေမဲ့ အခြေအနေက တော်တော်ဆိုးနေ လို့ပါ"ဟု ကျွန်တော်က ပြောသည်။
ကျွန်တော့်ကို မယုံကြည်သလို စိုက်ကြည့်နေသေးသည်။ ရိုးရိုးလှိုင်းမူးသည်ဟု ထင်ပုံရသည်။ ရိုးရိုး လှိုင်းမူးသူ အတွက် အသက်ဘေးအန္တရာယ် ကြုံတွေ့နေရသော တရုတ်မကိုပစ်ပြီး လိုက်ဖို့စဉ်းစား နေသည်။

"ကောင်းသွားမှာပါ"ဟု ပြောပြီး ကျွန်တော့်နောက် လိုက်လာသည်။
အပေါ်ထပ် ကျွန်တော်တို့အခန်းထဲ ရောက်သွားတော့ စူဇီဘေးမှာ ဘာလုပ်ရမှန်းမသိဘဲ သည် အတိုင်း ရပ်နေသည့် ကျောင်းဆရာမကြီးကို တွေ့ရသည်။ နောက်ထပ် အသစ်အန်ထားသည့် အန် ဖတ်နံ့များ ရပြန်သည်။ ဆရာဝန်က စူဇီနားသို့ကပ်သွားပြီး နှုတ်ခမ်းမှ စီးကျနေသောသွေးနှင့် ရော နေသည့် အမြှုပ်များကို စစ်ဆေးကြည့်သည်။ ထို့နောက် မော့ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောသည်။
"လေကလေး များ ရှူခွင့်ပေးကြပါဦး၊ ပိတ်လှောင်နေပြ၊ီ ခင်ဗျားတို့နှစ်ယောက် အပြင်ထွက်"

ကျောင်းဆရာမကြီးနောက်မှ အခန်းအပြင်သို့ ကျွန်တော် ထွက်လိုက်လာခဲ့သည်။ အပြင်မှာ လေပူ တိုက်နေသည်။ နစ်သည့်သမ္ဗန်မှ နောက်ဆုံးလူတစ်ယောက်ကို ဆယ်တင်ပြီးပြီ။ အသက်ကယ်လှေ ကို သင်္ဘောပေါ်သို့ ပြန်တင်သည်။ သင်္ဘောစက်ရှိန်မြှင့်ပြီး ဆက်လက် ခုတ်မောင်းလာသည်။
"အခန်းထဲမှာ ညစ်ပတ်ပေကျံကုန်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူးဗျာ"ဟု ကျွန်တော်က ပြောသည်။

"အို ကိစ္စမရှိပါဘူး၊ အခန်းက အရေးမကြီးပါဘူး၊ ကျွန်မက ဒီထက်ပိုပြီး အကူအညီ ပေးချင်တာပါ၊ ကျွန်မ ဘာမှ မဖြစ်တဲ့အချိန်မှာဆိုရင် ကောင်းကောင်း အကူအညီ ပေးတတ်ပါတယ်၊ အခုတော့ လှိုင်းမူးနေလို့ ကျွန်မ လည်း ဘာမှအသုံးမ၀င်တော့ဘူး"ဟု ပြန်ဖြေသည်။

အခန်းထဲမှ ဆရာဝနထွက်လာသည်။ သင်္ဘောက တစ်ဖက်သို့ စောင်းသွားသောကြောင့် သူလည်း ယိုင်သွားသည်။ သင်္ဘောလက်တန်းကို လှမ်းကိုင်လိုက်သည်။ သစ်သားသေတ္တာတစ်လုံးကို ခြေ ထောက်နှင့် ၀င်တိုက်မိသည်။ သူ့ကို ကျွန်တော်စောင့်ကြည့်နေသည်။ သူက မျက်နှာတစ်ချက် ရှုံ့ လိုက်ပြီး သူ့ဒူးခေါင်းကို သူ ပြန်နှိပ်နေသည်။
အခြေအနေကတော့ဆိုးပြီဟု ကျွန်တော် တွေးလိုက်မိပါသည်။ အဘယ်၍ စူဇီ့အခြေအနေ ကောင်း နေမည် ဆိုလျှင် သူ့စကားကြောရှည်ပြီး အချိန်ဖြုန်းနေဦးမည်ဟု ထင်ပါသည်။

"အင်း…သင်္ဘောဆက်ထွက်လာတာ ကောင်းတယ်၊ အဆင်ပြေသွားတယ်၊ သူ့ကို အေးသွားအောင် လုပ်ပေးဖို့ကလွဲပြီး တခြား ဘာမှမတတ်နိုင်တော့ဘူး၊ သင်္ဘောသားဆီမှာ သွားပြီး ရေခဲတောင်းပါ၊ ရေခဲအိတ် လုပ်ပြီး တင်ပေးပါ၊ ဟောဒီနေရာ အဆုတ်နေရာ"
"ကျွန်မ လုပ်ပေးပါ့မယ်၊ ရေခဲ ကျွန်မ သွားတောင်းမယ်၊ ခေါင်းအုံးစွပ်နဲ့ ရေခဲအိတ် လုပ်လိုက်မယ်၊ အရင်တုန်း ကလည်း ဒါမျိုး ကျွန်မ လှုပ်ဖူးပါတယ်"ဟု ကျောင်းဆရာမကြီးက စိတ်အားထက်သန်စွာ ပြောသည်။

"ရေခဲနည်းနည်းကိုလည်း စုပ်နေပစေ"ဟု ဆရာဝန်က ပြောသည်။
"အခြေအနေ ဘယ်လောက်တောင် ဆိုးပါသလဲခင်ဗျာ"
"ဆေးရုံရောက်ရင် ကောင်းသွားမှာပါ၊ သွေးတော်တော် အန်ပစ်လိုက်တာပဲ၊ ဆေးရုံရောက်မှဖြစ် မယ်၊ ဆေးရုံ ရောက်မှ လုပ်လို့ရမယ်၊ ရေနစ်တဲ့လူနာတွေတင်ဖို့ လူနာတင်ကား လာလိမ့်မယ်၊ သူ တို့နဲ့အတူ ကင်းဆေးရုံကို ပို့နိုင်တာပေါ့"
"စိန့်မာဂရက်ဆေးရုံမှာ သူ့အတွက် ခုတင်တစ်လုံး အသင့်စီစဉ်ထားပြီးသားပါ ဒေါက်တာ၊ တီဘီ အထူး ကုဆောင် ရှိပါတယ်"ဟု ကျွန်တော်က ပြန်ဖြေသည်။
"ကျုပ် ဘာမှတော့ ကတိမပေးနိုင်ဘူး"

သူ ထိုသို့ပြောချိန်မှာပင် အသံချဲ့စက်မှ ကြေညာသံထွက်လာသဖြင့် သူ နားစွင့်လိုက်သည်။ သမ္ဗန် နစ်သူများသည် ထိုသမ္ဗန်နှင့် လုပ်ကိုင်စားရသူများဖြစ်ကြောင်း၊ ယခု သူတို့တွင် ရှိသမျှပစ္စည်းအား လုံး ဆုံးရှုံး ကုန်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် သူတို့အတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ် ပါဝင်တော် မူကြပါရန် ဦးထုပ်တစ်လုံးနှင့် သင်္ဘောပေါ်မှာ အလှူခံထွက်မည် ဖြစ်ကြောင်း ကြေညာ ခြင်းဖြစ်သည်။

"အလကားကောင်တွေ၊ ငါ့စိတ်ထဲက တစ်ပြားတောင်မထွက်ဘူးမှတ်"
ထိုသို့ပြောပြီး သူ့ပိုက်ဆံအိတ်ထဲမှာ နှိုက်နေသည်။ ဒေါ်လာငါးဆယ် ထွက်လာသည်။ ထိုငါးဆယ် ကို သူ လှူပေဦးမည်။
"အင်း…ကျုပ် အောက်ထပ်ဆင်းပြီး လူနာတွေ သွားကြည့်လိုက်ဦးမယ်၊ မောင့်ရင့်မိန်းမကို ကင်း ဆေးရုံမှာ တင်နိုင်ရင်တော့ကောင်းမယ်"ဟု ပြောပြီး ထွက်သွားတော့သည်။
သို့သော်လည်း ဟောင်ကောင်ရောက်တော့ စူဇီကို ထမ်းစင်နှင့် သယ်သွားပြီး အသင့်စောင့်နေ သည့် လူနာ တင်ကား သုံးစီးအနက် တစ်စီးပေါ်မှာ တင်သည်။ ဆရာဝန်က ကျွန်တော့်ဆီလျှောက် လာပြီး မျက်လုံး တစ်ဖက်မှိတ်ပြကာ ပြောသည်။

"ရေနစ်တဲ့လူနာတွေအားလုံး တခြားလူနာတင်ကားပေါ် တင်ခိုင်းလိုက်တယ်၊ မောင်ရင်နဲ့ မောင်ရင့် မိန်းမကို စိန့်မာဂရက်ဆေးရုံ သပ်သပ်လိုက်ပို့ပေးဖို့ ဒရိုင်ဘာကို ကျုပ်ပြောထားပြီးပြီ"
"ဒေါက်တာ့ ကျေးဇူး ကြီးမားပါပေတယ်ခင်ဗျာ၊ ဒေါက်တာ့ကို ကျွန်တော် ဘယ်လောက်ကန်တော့ရ မလဲ အမိန့်ရှိပါဗျာ"
''ထားလိုက်စမ်းပါ ကိုယ့်လူရာ"
ပြောပြောဆိုဆိုဖြင့် သူ ထွက်သွားတော့သည်။

ကားပေါ်သို့ ကျွန်တော်တက်သည်။ အလုပ်သမားက တံခါးကိုပိတ်သည်။ ပြီးတော့-
"ကောင်းပြီ၊ ကင်းဆေးရုံကိုမောင်း"ဟု သတိနှင့်ပြောသည်။
"မဟုတ်ဘူး၊ စိန့်မာဂရက်ဆေးရုံ"ဟု ကျွန်တော်က ပြောသည်။
သူက ခေါင်းယမ်းသည်။
"ဒီကားက ကင်းဆေးရုံကိုသွားမှာ"

''ဒါပေမဲ့ စိန့်မားဂရက်ဆေးရုံကို မင်းတို့ လိုက်ပို့ပေးရမယ်လို့ ဆရာဝန်က ပြောသွားတာပဲ"
ဒရိုင်ဘာက အလုပ်သမားနောက်မှ တက်လိုက်သွားသည်။ ကျွန်တော့်ကို တိတ်ဆိတ်စွာ အကဲခတ် ကြည့်နေကြသည်။ တစ်စုံတစ်ရာကို မျှော်လင့်ပုံရသည်။ အိတ်ထဲမှာစမ်းပြီး ငါးဒေါ်လာတန် တစ် ရွက် ထုတ်ပေး လိုက်သည်။

"ဖြစ်ပြီ၊ ဒါဆို စိန့်မာဂရက်ကို သွားလို့ရရောပေါ့"ဟု ကျွန်တော်က လှမ်းပြောလိုက်သည်။
အလုပ်သမားက ပိုက်ဆံကို လှမ်းယူရင်း စဉ်းစားနေသည်။ ပိုက်ဆံကို လေးထောင့်ခေါက်ပြီး သူ့ အိတ်ထဲသို့ ထည့်ထားလိုက်သည်။ ကားတံခါးပိတ်သည်။ သို့သော် စက်နှိုးသံမကြားရ။
အခြားလူနာတင်ကားများ ဖောင်းထွက်သွားကြပြီ။ စူဇီသည် မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ လဲလျောင်း နေသည်။ ရေခဲ၏အစွမ်းကြောင့် သွေးမအန်တော့ပါ။ သို့သော်လည်း အလွန်တရာ အား နည်းနေသည်။ မျက်လုံးမဖွင့်နိုင်လောက်အောင်ကို အားနည်းနေခြင်းဖြစ်သည်။ ကမ်းပေါ်သို့ သူ့ ကို သယ်လာကြောင်း ပင် သူ သိမည်မထင်။ ကားထဲမှာ အသက်ရှူရကျပ်နေသည်။ ရှေ့ခန်းသို့ ကျွန်တော် လှမ်းကြည့်သည်။ အလုပ်သမားနှင့် ဒရိုင်ဘာ အချီအချ ပြောနေသည်ကို တွေ့ရသည်။ ကျွန်တော်က မှန်ကိုလက်နှင့်ခေါက်ပြီး မြန်မြန် ထွက်ရန် ခြေဟန်လက်ဟန် ပြလိုက်သည်။
ခဏကြာတော့ အလုပ်သမားက တံခါးဖွင့်ဆင်းသည်။ နောက်ဘက်သို့ လျှောက်လာပြီး တံခါးဖွင့် သည်။

"၀မ်းနည်းပါတယ်ဗျာ၊ စိန့်မာဂရက်ဆေးရုံက သိပ်ဝေးတယ်"
"ဟ…တစ်မိုင်တောင်မှ မရှိတာဘဲ၊ ကင်းဆေးရုံထက်တောင် နီးသေးတာပဲ"ဟု ကျွန်တော်က ပြန် ပြောသည်။
"သိပ်ဝေးတယ်ဗျာ"
"မင်း…ပိုက်ဆံထပ်လိုချင်သေးလို့လား၊ ကိုင်း…ဘယ်လောက်လိုချင်သလဲ ပြော"
"ဓာတ်ဆီဖိုးအတွက် ဆယ်ဓေလာ လိုချင်တယ်"
ကျွန်တော်က ဆယ်တန်တစ်ရွက် ထုတ်ပေးလိုက်သည်။

"မင်း…ပီကင်းအထိ မောင်းသွားလောက်အောင်ကို ဓာတ်ဆီဝယ်လို့ရတယ်"
ဆယ့်ငါးဒေါ်လာရတော့ အတော်ပျော်သွားပုံရသည်။ မော်တော်ကားတွေ လမ်းရှင်းပေးနိုင်အောင် ဥသြကို အဆက် မပြတ်ဆွဲကာ တောက်လျှောက် မောင်းထွက်လာတော့သည်။
စူဇီ၏လက်ကလေးကို ကျွန်တော် ဆုပ်ကိုင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးတစ်စက်မှ မ ကျန်တော့သလို ပါးကလေးတွေ ဖြူဖွေးနေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးတွေ ပုလင်းပေါင်း ဘယ်လောက် များများ ထွက်သွားသနည်းဟု ကျွန်တော် စဉ်းစားကြည့်နေမိသည်။ သူ့ခန္ဓာကိုယ်ထဲ မှာ လိုအပ်သည့် သွေးပုလင်းပေါင်း ဘယ်လောက်များများ ရှိသနည်းဟုလည်း တွေးကြည့်မိသည်။
စိန့်မာဂရက်ဆေးရုံရှေ့မှာ လူနာတင်မော်တော်ကား ထိုးရပ်လိုက်သည်။ စူဇီကို ထမ်းစင်နှင့် သယ် သွားသည်။

ကေး၏ ရက်အားဖြစ်ကြောင်း၊ သို့သော်လည်း တီဘီဆောင်မှ စစ္စတာဒန်းကို အသေအချာ မှာထား ခဲ့ကြောင်း၊ မစ္စတာဒန်းသည် အလွန်တော်ကြောင်း၊ သူတတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက် ပေးလိမ့်မည် ဖြစ်ကြောင်း ကေးရေးထားခဲ့သည့် စာကလေးကို ဖတ်ရသည်။

"ခဏကြာရင် သူထွက်လာပါလိမ့်မယ်၊ ဒါပေမဲ့ အထဲကို ရှင်ဝင်သွားလို့တော့ မဖြစ်ဘူးနော်၊ အမျိုး သမီးတချို့ သန့်ရှင်းရေးလုပ်နေကြတယ်"ဟု တီဘီဆောင်ဘ၀မှာ တွေ့သည့် ဆရာမတစ် ယောက်ကို စစ္စတာဒန်း အကြောင်း မေးကြည့်တော့ သူက ပြန်ဖြေသည်။

စင်္ကြန်ထဲမှာပင် ကျွန်တော် စောင့်နေရသည်။ ခဏကြာတော့ စစ္စတာဒန်း ထွက်လာသည်။ ပြုံး တော့ ပြုံးထားပါ၏။ သို့သော်လည်း ရင်းနှီးသော အပြုံးမျိုးမဟုတ်။
"မပူပါနဲ့၊ ကျွန်မတို့ ဂရုစိုက်ကြည့်ပေးပါ့မယ်၊ ရှင် အိမ်ကိုပြန်ပါ၊ သူ့ကို ကျွန်မတို့ဆီမှာ ထားခဲ့ပါ၊ မနက်ဖြန်ညနေကျတော့ ရှင့်ကို ပြုံးပြုံးရွှင်ရွှင် ဆီးကြိုနိုင်လိမ့်မယ်လို့ ထင်ပါတယ်"
"မနက်ဖြန် ညနေထိတောင်လားဗျာ"

"ဧည့်သည်တွေ့ချိန်ကို ညနေသုံးနာရီက လေးနာရီအထိ သတ်မှတ်ထားပါတယ်"
သူ ပြုံးပြန်သည်။ သို့သော်လည်း ပိုးသတ်ထားသည့် အပြုံးမျိုးဖြစ်သည်။ အလွန်တော်သည်ဟု စကား ပြောသည်မှာ ယခုလို အေးတိအေးစက်နိုင်သော အပြုံးမျိုးကိုပင် ပြောခြင်းဖြစ်လေသလားဟု ကျွန်တော် စဉ်းစားကြည့်လိုက်မိပါသည်။ တာဝန်ဝတ္တရား ကျေပွန်သည့် သည်လိုအပြုံးမျိုးကို ကေး ကတော့ ကြိုက်ကောင်း ကြိုက်ပါလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ အားမရပါ။

"သူ့ကို ဆရာဝန် စစ်ဆေးကြည့်ရှုတဲ့အချိန်အထိ ကျွန်တော် စောင့်နေချင်ပါတယ်ခင်ဗျာ"
"ဒီလိုဆိုရင် ဒီကတော့ စောင့်လို့ရမှာမဟုတ်ဘူး၊ ခန်းမထဲကနေ သွားစောင့်နေပါ"
"ထူးရင် ကျွန်တော့်ကို အသိပေးပါနော်"
"ကောင်းပါပြီ၊ ခန်းမထဲကသာ သွားစောင့်နေပါ"

တစ်နာရီလောက် ကျွန်တော်စောင့်နေသည်။ သို့သော် မည်သူမှ ရောက်မလာပါ။ နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်နေသေးသည်။ မည်သူမှ ပေါ်မလာသည့်အဆုံးတွင် အပေါ်ထပ်သို့ တက်ခဲ့သည်။
လူနာဆောင် အခန်းတံခါးများကို ဖွင့်ထားသည်။ ထို့ကြောင့် ရှည်လျားသော အခန်းကြီးအတွင်းသို့ လှမ်းမြင်နေရသည်။ ဖယောင်းတိုက်ထားသည့် ကြမ်းပြင်က ပြောင်လက်နေသည်။ မျက်နှာကြက် မှာ ပန်ကာ တွေလည်နေသည်။ ခုတင်တွေ ဟိုဘက်သည်ဘက် ချထားသည်။ လူနာတရုတ်မများ၏ မျက်နှာ သေများကို မြင်ရသည်။

စူဇီကို ကျွန်တော် လှမ်းမြင်ရပါသည်။ အပေါ်မှာ ပုလင်းတစ်လုံး ချိတ်ထားပြီး ထိုပုလင်းမှပိုက်နှင့် စူဇီ၏လက်ကို ဆက်ထားသည်။
စင်္ကြန်ထဲမှာ စစ္စတာဒန်းကို ကျွန်တော် လိုက်ရှာသည်။ ထိုအချိန်မှာ စစ္စတာဒန်း ထွက်လာသည်။ ကျွန်တော့်ကိုမြင်တော့ ရပ်လိုက်သည်။
"အိုး…စိတ်မကောင်းလိုက်တာရှင်၊ ကျွန်မ ရှင့်ကို မေ့သွားတယ်၊ ကျွန်မ မေ့သွားတာ စိတ်မကောင်း လိုက်တာ"ဟု ပြောသည်။ စောစောက ပိုးသတ်ထားသည့် အမူအရာ လျော့ပါးသွားသည်။ အတော် အတန် လှိုက်လှိုက် လှဲလှဲ ရှိလာသည်။

"သူ ဘယ်လိုနေပါသလဲ"
"သူ သိပ်အားနည်းနေတယ်၊ ဒါပေမဲ့ ကျွန်မတို့ သွေးသွင်းပေးထားပါတယ်၊ မျှော်လင့်ချက်ရှိပါ တယ်"ဟု ပြောသည်။ သူ့အမူအရာက မသက်မသာ ဖြစ်နေသည်။
"မျှော်လင့်ချက်ကို မစွန့်လွတ်ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ် ခင်ဗျာ"
စူဇီကို ဆေးရုံတင်ထားသည့် ပထမ ရက်သတ္တပတ် သုံးပတ်လုံးလုံး ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေ သည်။ ကောင်းကောင်းလည်း မစားနိုင်၊ ကောင်းကောင်းလည်း မအိပ်နိုင်။ သည်တောင်ကိုမှ စူဇီ ကျော်နိုင် ပါမည်လားဟု ကယောင်ချောက်ချား တွေးမိသည့်အခါလည်း တွေးမိနေသည်။ စူဇီ မသေပါစေ နှင့်ဟုလည်း အထပ်ထပ် အခါခါ ဆုတောင်းမိပါသည်။

တစ်နေ့တွင် လူတွေကျပ်နေသည့် ဓာတ်ရထား စီးသွားမိသည်။ ထိုအချိန်တွင် တန်ခိုးရှင်တစ်ဦးက
"စူဇီရဲ့အသက်ကို ငါကယ်တင်ပေးမယ်၊ ဒါပေမဲ့ ဒီဓာတ်ရထားပေါ်က မင်း ဆင်းသွားပြီးတဲ့နောက် မှာ ဓာတ်ရထား မှောက်ပစ်မယ်၊ ဒီပေါ်မှာ ပါလာသူတွေအားလုံး အသက်ဆုံးရှုံးမယ်၊ အဲဒီနှစ်လမ်း အနက် ဘယ်လမ်း ကို မင်းရွေးမလဲ"ဟု ကျွန်တော့်ကို မေးနေသယောင် ထင်မိသည်။ ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ပါ။

တတိယအပတ် နောက်ဆုံးတစ်ရက်တွင် ဆေးရုံသို့ ကျွန်တော် ရောက်သွားသည်။ စူဇီသည် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။ သူ့ခုတင်ဘေးမှာ ကျွန်တော်ရပ်နေသော်လည်း မျက် လုံးများ ဖွင့်မကြည့် နိုင်ပါ။ ကျွန်တော့်လက်ကို ဆွဲပြီး စောင်အောက်သို့သွင်းကာ သူ့ရင်ဘတ်ပေါ် မှာ တင်ထားစေသည်။

"မောင်ရယ်…ကျွန်မကြောက်လိုက်တာ၊ ကျွန်မ မသေချင်ဘူးမောင်ရယ်၊ အရမ်းကြောက်တယ်"ဟု ပြောနေသည်။ ပြီးတော့ ငိုတော့သည်။ တစ်နာရီလောက်ကြာအောင် မရပ်မနား ငိုနေသည်။ ယနေ့ ညသည် သူ့ဘ၀၏ နောက်ဆုံးညများ ဖြစ်လေမည်လားဟု ကျွန်တော် စိုးရိမ်တကြီး တွေးနေမိ သည်။

ကေးကိုတွေ့ရန် သူနေသည့်အဆောင်သို့ ကျွန်တော်လာခဲ့သည်။ တင်းနစ်ရိုက်နေသော ကေးက ကျွန်တော် နှင့် စကားပြောရန် ကွင်းထဲမှ ထွက်လာသည်။ ဘောင်းဘီတိုကလေး ၀တ်ထားသည်။ သူ့ပေါင်တံ များမှာ နေလောင်ထားသဖြင့် ကြည့်ကောင်းနေသည်။ သူ့မျက်နှာအမူအရာမှာ အလွန်တရာ စိတ်ချမ်းသာ နေပုံရသည်။ ချစ်သူတစ်ယောက်နှင့် သူတွေ့ပြီး သူတို့အချစ်ရေးမှာ အလွန် တရာ အဆင် ပြေနေသည်။

"ကျွန်မ ဒီနေ့ည ဂျူတီကျတယ်၊ သူ့ကို သွားကြည့်လိုက်မယ်လေ"ဟု ကေးကပြောသည်။
"သွားကြည့်ပေးပါ ကေးရယ်၊ တစ်ခုခုဖြစ်ရင် ကိုယ့်ကို ဘယ်သူကမှ အကြောင်းကြားပေးမှာ မဟုတ် ဘူး"
"မပူပါနဲ့၊ ကျွန်မ ကြည့်ပေးပါ့မယ်၊ တစ်ခုခုဖြစ်ရင်လည်း ကျွန်မ အကြောင်းကြားမှာပေါ့"

ထိုနေ့ညက ကိုးနာရီထိုးသည်အထိ ကျွန်တော် အခန်းထဲမှာ ထိုင်ပြီး တယ်လီဖုန်း စောင့်နေမိ သည်။ လမ်းပေါ်မှ စက်ဘီးဘဲလ်တီးသံ ကြားတိုင်း ဖုန်းမြည်သည်ထင်ပြီး ခုန်ခုန်ထနေမိသည်။ အခန်းထဲမှာ သည်အတိုင်းထိုင်ပြီး တစ်ယောက်တည်း စောင့်နေနိုင်စွမ်း မရှိတော့ပါ။ ထို့ကြောင့် ကျွန်တော့်ထံ ဖုန်းလာ လျှင် ဘားခန်းထဲသို့ ပြောင်းပေးရန် အော်ပရေတာကိုမှာပြီး ဘားခန်းထဲသို့ ဆင်းခဲ့သည်။
ထိုညက ဘရန်ဒီ အတော်များများ သောက်မိသည်။ ဂွမ်နီလာပြီး စကားပြောနေသည်။ စူဇီ အကြောင်း မေးသည်။ သူ့ညီမကလေး စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်းလည်း ပြောပြသည်။
"ဟုတ်လား ဂွမ်နီ၊ ၀မ်းသာလိုက်တာကွယ်၊ ယောက်ျားကလေးဟာ ပိုက်ဆံတော်တော်ချမ်းသာ တယ်နဲ့ တူတယ်"ဟု ကျွန်တော်က ပြန်ပြောသည်။

"ဒါလောက်တော့ မချမ်းသာပါဘူး၊ မော်တော်ကားနှစ်စီးပဲ ရှိတယ်"
"ဒါလည်း ဘယ်ဆိုးလို့လဲ၊ ဒီအတိုင်းဆိုရင် ဒီလုပ်ငန်းကို မင်းစွန့်လွှတ်ရတော့မှာပေါ့နော်"
သူနှင့် စကားပြောမည့်သာ ပြောနေရသည်။ နားကတော့ ဖုန်းမြည်သံကိုသာ စွင့်နေမိသည်။
"ဟုတ်တယ်၊ ညီမလေး လက်ထပ်ပြီးရင် ဒီဘ၀က ကျွန်မလွတ်ပြီး ကျွန်မ သိပ်ပျော်တာပဲ၊ စူဇီ နေကောင်းလာတဲ့အခါမှာ ကျွန်မတို့ ပွဲကလေးလုပ်နိုင်ကြတာပေါ့"
ဘားကောင်တာပေါ်ရှိ ဖုန်းမြည်သံကြားရသည်။ ကျွန်တော့်တစ်ကိုယ်လုံး တောင့်သွားသည်။ တိုင် ဖူးက ကောက်ကိုင်သည်။ စကားပြောခွက်ကို ဘေးမှာချသည်။ ဘားခန်းထဲသို့ လှည့်ကြည့်သည်။ ကျွန်တော့်ကို မြင်သွားတော့ ပြုံးပြသည်။

"ဟေး…ထမင်းကြော်ကြီး၊ အမျိုးသမီးတစ်ယောက် ဖုန်းဆက်နေတယ်၊ ရှင်မိန်းမရသွားတာ အခုပဲ သိလို့ ရှင့်ကို ဒုက္ခပေးတော့မလို့နဲ့တူတယ်"ဟု လှမ်းပြောသည်။
ကျွန်တော့်ဒူးရော မခိုင်တော့ပါ။ တယ်လီဖုန်းရှိရာ ဘားကောင်တာရောက်အောင် အတော်ကြိုးစား ပြီး လျှောက်သွားရသည်။ ဖုန်းကို ကျွန်တော်ကောက်ကိုင်သည်။ ကေး၏အသံ ကြားရသည်။
"ဟယ်လို…ရောဘတ်လား၊ လန့်မသွားနဲ့ဦး၊ အခုပဲ သူ့ကို ကျွန်မသွားကြည့်ခဲ့တယ်၊ ဒီအကြောင်း ပြောမလို့၊ သူ့ကို သွေးထပ်သွင်းပေးထားတာ တွေ့ရတယ်"
"သွေးမသွင်းတော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားကြတာ မဟုတ်လား"

ပထမတစ်ကြိမ် သွေးသွင်းစဉ်က စူဇီ၏ခန္ဓာကိုယ်သည် ပြင်ပသွေးကို လက်မခံ။ စူဇီကိုယ်တိုင်က လည်း လက်မှ ပိုက်ကို ဆွဲဖြုတ်ပစ်ရန် ရုန်းကန်ခဲ့သည်။ စိတ်ဓာတ်ရေးရာအရပါ ငြင်းဆန်နေသဖြင့် သူ့တစ်ကိုယ်လုံး တုန်လာသည်။ ရက်ပေါင်းအတော်ကြာအောင် ထိုဝေဒနာကို သူ ခံစားနေခဲ့ရ သည်။
"ဆရာဝန်က နောက်ထပ် သူ မစွန့်စားရဲတော့ဘူးလို့ ကိုယ့်ကိုပြောဖူးတယ် ကေး"ဟု ကျွန်တော် က ဆက်ပြော သည်။

"ကျွန်မ သိတယ်၊ ဒါပေမဲ့ ဒီတစ်နည်းပဲ မျှော်လင့်ချက် ရှိတော့တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်နဲ့ တူတယ်၊ ဘာပဲဖြစ်ဖြစ်လေ တစ်ခုခု ထူးရင် ကျွန်မ ဖုန်းဆက်ပြီး ပြောပါ့မယ်"ဟု ကေးက ပြန်ပြော သည်။
ဘားခန်းထဲမှာ ညသန်းခေါင်တိုင်အောင် ကျွန်တော်ထိုင်နေခဲ့သည်။ ထို့နောက်မှ အခန်းသို့ ပြန် တက်ခဲ့သည်။ လသာဆောင်မှာ ထွက်ထိုင်ရင်း တယ်လီဖုန်းခေါင်းလောင်းသံကိုသာ နားစွင့်နေမိ သည်။ အခြား အခန်းမှ ဖုန်းမြည်သံ ကြာသောအခါ ခုန်ထမိတော့မလို ဖြစ်သွားသည်။

မတတ်နိုင်တော့သည့် အဆုံးတွင် အိပ်ရာထဲသို့ ၀င်လှဲနေမိသည်။ စူဇီသေပြီထင်သည်။ ကျွန်တော့် ကို ဖုန်းဆက်ဖို့ သူတို့ မေ့နေကြဟန်တူသည်။ ဆေးရုံသို့ ဆက်ကြည့်ရန် ဖုန်းကိုကောက်ကိုင်မိ သည်။ ပြီးတော့မှ ပြန်ချထားခဲ့သည်။

ကျွန်တော် တစ်မှေးမှ အိပ်မပျော်ပါ။ အခန်းထဲသို့ လင်းအရုဏ်၏ ရောင်ခြည်ဦး ၀င်လာသည်။ နေ့ သစ် တစ်နေ့ မွေးဖွားလေပြီ။ သို့သော် စူဇီ၏ အသစ်မွေးဖွားလာသည့် နေ့သစ်ကလေးကို မြင်တွေ့ မသွားရ ရှာတော့ဟု ကျွန်တော် တွေးနေမိသည်။

အိပ်ရာမှထပြီး လသာဆောင်သို့ ထွက်ခဲ့သည်။ ဟောင်ကောင်မြို့ကြီးသည် အသက်ဝင်လှုပ်ရှားစ ပြုနေပြီ။ ကိုလုန်း ဘက်ကမ်းသို့ ကူးသည့် ကူးတို့သင်္ဘော ပထမခေါက် ထွက်ခွာသွားသည်ကို မြင် ရသည်။ ခရီးသည် တွေက သင်္ဘောလက်တန်းနားမှာ ရပ်ရင်း ဟိုဟိုသည်သည် လက်ညှိုးထိုးပြနေ ကြသည်။

ရုတ်တရက် ကျွန်တော် ပျော်သွားသည်။ စူဇီ မသေဟူသော အသိဝင်လာသည်။ တစ်ခုခုဖြစ်လျှင် သူတို့ သေချာပေါက် ဖုန်းဆက်မည်။ ယခု မဆက်ခြင်းအားဖြင့် စူဇီ နေကောင်းနေသောကြောင့် သာ ဖြစ်ရမည်။
မုတ်ဆိတ်ရိတ်၊ ရေချိုး၊ အ၀တ်အစားလဲပြီး ပိုက်ဆံအလုံအလောက်ပါ ယူခဲ့သည်။ စူဇီအတွက် ပန်း တွေ ၀ယ်သွား ပေးရမည်။ တံခါးပေါက်နားသို့အရောက်တွင် တယ်လီဖုန်းခေါင်းလောင်းမြည်သံ ကြားရသည်။

တံခါးဖွင့်လျက်သားဖြင့် ကျွန်တော် ကြောင်ပြီး ရပ်နေမိသည်။ တယ်လီဖုန်းကိုလည်း ငေးကြည့်နေမိ သည်။ နောက်ထပ် ခေါင်းလောင်းသံကြားရသည်။ အကြာကြီး မြည်နေသည်။ ရပ်သွားသည်။ ကျွန် တော် နေရာမှ ရွှေ့မရသေး။ နောက်ထပ် မြည်ပြန်သည်။ သည်တစ်ခါတော့ အော်ပရေတာက စိတ်မရှည် တော့သည့် ဟန်မျိုးဖြင့် မနားတမ်း ဆက်ကာဆက်ကာ မြည်နေသည်။
ကျွန်တော် ကောက်ကိုင်လိုက်သည်။ အော်ပရေတာ၏အသံကို ကြားရသည်။ တစ်ဆက်တည်း ကေး၏အသံ ကြားရသည်။

"ဟယ်လို…ဟယ်လို…ရောဘတ်လား"
"ဟုတ်ပါတယ်၊ ဟယ်လို…"
"အိုး…ရောဘတ်ကိုး၊ ရှင့်ကို သတင်းကောင်းပြောမလို့၊ သွေးသွင်းတာ အောင်မြင်သွားပြီ၊ ဒီနေ့ မနက် သူ သိပ်ကို လန်းနေတယ်၊ ဟယ်လို…ဟယ်လို ကြားရရဲ့လား"
"ကြားပါတယ် ကေး၊ ကိုယ် နားထောင်နေပါတယ်"

တန်းစီပြီး ဓာတ်ရထား စောင့်နေသူတွေ တစ်ပြုံကြီး မြင်ရသည်။ အငှားကားလည်း တစ်စီးမှမတွေ့။ ထို့ကြောင့် ဆေးရုံသို့ လန်ချာစီးပြီး လာခဲ့ရသည်။ ဆေးရုံရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေး တွေ ပျံနေသည်။ ဆံပင်တွေလည်း ရွှဲနေသည်။ ဆေးရုံပေါ်သို့ အပြေးတက်သွားရာ အမျိုးသမီး တစ်ယောက် နှင့် တိုက်မိမလို ဖြစ်သွားသေးသည်။
စူဇီကိုတွေ့တော့ ကျွန်တော် ၀မ်းသာအားရရယ်မိသည်။ သူ့နဖူးကလေးကိုလည်း ကုန်းနမ်းမိ သည်။

"မင်္ဂလာပါမောင်ရေ၊ ကျွန်မ ဒီနေ့ သိပ်နေကောင်းတာပဲ မောင်ရယ်"
"စူဇီ…မင်း သိပ်လှတာပဲ"
"ဟုတ်တယ် မောင်၊ ဒီတစ်ခါ သွေးသွင်းရတာ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မနေဘူး၊ ဒီတစ်ခါသွေး ကတော့ လူကောင်း တစ်ယောက်ရဲ့ သွေးတွေနဲ့ တူတယ်၊ ဟုတ်တယ် မောင်၊ ဒီတစ်ခါ သွင်းတဲ့ သွေးက သိပ်ကောင်းတာပဲ"

မနက်ဖြန် ဆိုရင် စူဇီဝေါင်း ဇာတ်သိမ်း ပါတော့မယ်
ကျနော့်ရဲ့ ဆန္ဒကို ဖြည့်စီးပေးချင်တဲ့ အတွက် 
မအားလပ် တဲ့ကြားက စာအုပ် ပြီးစီးအောင် 
ကိုယ်ပိုင် အချိန်များပေးပြီးတော့ 
ကွန်ပျူတာ ရိုက်ပေးကြတဲ့ ရုပ်ရှင် မင်းသမီး အဲ ယောင်လို့ သမီးများကို 
ကျေးဇူးတင်ကြောင်းပြောကြားရင်း...မနက်ဖြန် စူဇီဝေါင်း ဇာတ်သိမ်းခန်း နဲ့ ကိုရီးယား မင်းသမီး ပုံများကို စောင့်မျှော် အားပေးကြပါလို့....


စာအုပ် (၃) အခန်း (၈) ဇာတ်သိမ်း မျှော်

No comments: