Friday, January 1, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၆)

အခန်း (၁၆)

    "တောင်ဥယျာဉ်တော်နံဘေးရှိ ပုတ္တလုတ် ရေကန်တော်တစ် ဖက်မှာ ကျောက်တောင်ကွယ်အနီး သျှီသျှား ဆီးဖြူပင် အရိပ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့မှာ အထိန်းတော်ကြီး ခင်ဘွားသစ်လာမည့် လမ်းသို့ တမ်းမှန်း စောင့်မျှော်လျက် ရှိကြလေ၏။

    တုတ်။   ။ "အထိန်တော်ကြီးနှယ် လာခဲ့လိုက်တာနော်"
    ငယ်    ။  ။ "လာလိမ်မပေါ့ ကိုယ်လူရယ်၊ ခုနင်ကအနောက်ပိုင်း (*)သူငယ်တော် ထိုက်ကို မှာလိုက် သေးတာ၊ သာပြီးမြန်မြန် ပြောလာလိမ့်ဦးမယ်"

    တုတ်။    ။"မဟုတ်သေးဘူးလေ၊ ဒီနေရာ သုံးဆယ်ကိုယ်တော် ကြီးကို မကြာမကြာထွက် တော်မူလာ တတ်တယ်၊ ကျုပ်တို့ကို မယောင်မလယ်နှင့် တွေ့မြင်တော်မူသွားရင် သီပေါမင်းသား ကလေး ကျွန်တော်မျိုး တွေ တောင်ဥယျာဉ်တော်ထဲမှာ မယောင်မလယ် နဲ့ဘာလာလုပ်သလဲ မေးကြစမ်းဆိုပြီး စစ်လာဆေးလား လုပ်နေရင် အလွှာတော်ကို တွေ့မြင် သွားမှာ စိုးရပြီလားလူရဲ့၊ အလွှာတော် စုဖုရား ဆက်ပြီးတဲ့ အချိန်တွေ့ရင် ကိစ္စမရှိဘူး၊ ခုနေအတိုင်းဆိုတော့ သက်သေခံ ရွှေလွှာကြီး ငုတ်တုတ်ပေါ်လာမှာ စိုးရသေး တယ်"

    ငယ်    ။    ။ "ဒါလောက်တွေးပြီး ပူမနေပါနဲ့နှင့်ဦးဗျာ၊ ဒီလို ချောင်ကျတဲ့ နေရာကိုလည်း မင်းသားကြီးမလာပါဘူး၊ လာချင်းလာ ရင်ဟောကို၊ တောင်ဘက်က ရေကြည့် နန်းတော်ကိုသာ လာစရာရှိ ပါတယ်"
    တုတ်    ။    ။ "ဘယ်နှယ်ကြောင့်တုံး"

ငယ်    ။    ။"သြော် (**) ရေကြည့်နန်းတော် မှာတော့ ကျယ်ကျယ် ပြန့်ပြန့်နှင့် သူ့အခြွေအရံ အသင်းအပင်းပါ ဆန့်အောင် နေထိုင်ဖို့ ရှိတယ်၊ မင်းသားကြီးတွေ ထမင်း မြိန်ပွဲတော်တယ် ထွက်တော်မူ တယ်ဆိုရင်လည်း အမြဲဒီရေကြည့်နန်းမှာချည်း စတည်းချနေကြတာပဲ၊ ပြီးတော့ လည်း

ရေကြည့်နန်းတော်ဟာ ကုန်းတစ်ဝက်၊ ရေတစ် ၀က်၊ ဆောက်ထားလို့ ငါး၊လိပ်ဆိုတဲ့ ကြာပင်ထဲမှာ တိရစ္ဆာန်က လေးများဟာ သူတို့ အလိုက်ဘာသာ အသင်းအပင်ဖွဲ့ပြီး ကြာပင် ကြိုကြာပင်ထဲမှာ မြူးပျော် ပြောလွှားနေ တာတွေကို ရှုစားအပျင်းဖြေ ရတယ်၊ ဖန်သား၊ မှန်သားလို ထုတ်ခြင်းပေါက် မြင်ရအောင် ကြည်လင်အေးမြတဲ့ ရေပြင်ပေါ်မှာ ကြာမျိုးငါးပါး၏၀တ်မှုန်၊ ၀တ်ရည်တို့ကို တ၀ီဝီပျံဝဲ သောက်သုံးနေကြတဲ့ ပိတုန်းလိပ်ပြာ"

    စကားမဆုံးမီ မောင်မောင်တုတ်က-
    တုတ်    ။    ။ "တော်ပါတော့ခင်ဗျာ၊ ကြာရင်ပြောရင်းနဲ့ တေးထပ်တွေ လေးဆစ် တွေ၊ အဆစ် ပါလာတော့မှာပဲ၊ ဒီနေရာကို လာကြာတာ စာကဗျာစီကုံး ဖွဲ့နွဲ့ရအောင်လာတ မဟုတ်ဘူး ကိုဖေငယ်ရဲ့၊ ဒါလောက်ပြောရင် သိပါပြီ၊ ဟား ……… ဟား………. ဟား" ကြားဖောက်၍ ရယ်စရာ ပြောလိုက်မှ-
    ငယ်     ။    ။ "ဟုတ်ပါပြီလေ သိရင်လည်း ပြီးပါရော၊ အဲ …. ဒါကြောင့် ဒီနေရာက လည်းမလာပါဘူး၊ လာခြင်းလာရင် နေရာကောင်းကိုသာ သွားမှာပါ၊ ဒါကြောင့် ဒီမှာပဲ ကျုပ်တို့ အေးအေးစောင့်ကြတာပေါ့။

    တုတ်     ။    ။ " ဒါဖြင့် ကိုဖေငယ်၊ ခင်ဗျား အလိုအတိုင်း ဒီနေရာမှာပဲ နေပါ့တော့ မယ်၊ ဒီအထိန်းတော် အမယ်ကြီး ကလည်း တယ်လာခဲတာကို"

    ထိုအခိုက် ဆိးဖြူပင်မှ အသီးတစ်လုံးကြွေပြီး မောင်မောင်တုတ်အနီးသို့ ကျလာ လေ၏ ။ မောင်မောင်တုတ်သည် ကျလာသော ဆီးဖြူသီကို လှည့်ကြည့်ကာ ကောက်ယြူုပီး
    တုတ်    ။    ။ "အလို ………. ဟောဒီမှာ အဆင့်သင့်ပဲ၊ ကိုဖေငယ်ရေ၊ ဆီးဖြူသီး တစ်လုံးတော့ တွေ့ပြီး" ဆိုကာ ရုတ်တရက် ကိုက်စားလိုက်မည် ဟန်ပြင်သည့်နှင့် တစ်ပြိုင် နက်မောင်မောင်ငယ်က လျင်မြန်စွာ လုယူထားပြီး

    ငယ်    ။    ။ "မစားနဲ့၊ မစားနဲ့ ဒီအသီးဟာ ယောက်ျားတွေ မစားအပ်ဘူးလို့သူကြီး သူမများ ပြောသံကြား ဖူးတယ်"
ပြောလျှင် မောင်မောင်တုတ်က မျက်မှောင်ကုတ်ခါ စဉ်းစားပြီး
    တုတ်    ။    ။ " အို …….ဘာကြောင့် မစားကောင်း ရတာလဲ ကိုဖေငယ်ရဲ့၊ ခင်ဗျားက ဗဟုသုတ လိုက်စားတဲ့ လူဆိုတော့ အသိအမြင် သိမ်များနေပြီထင်တယ်"

    ငယ်    ။    ။ " လူကြီးတွေ ပြောသံကြားဖူလို့ပါဗျာ"
    တုတ်    ။    ။" ဆိုစမ်းပါဦးဗျာ၊ ဘယ်နှယ်ကြောင့် မစားကောင်းရသတဲ့လဲ၊ မစား ကောင်တဲ့အပင်ကိုကော တောင်ဥယျာဉ်တော်မှာ ဘ၀ရှင်မင်းတရားကြီးဘုရားက ဘယ်နှယ့်ကြောင့် စိုက်ပျိုးတော် မူထား စေရသလဲလို့"

    ငယ်    ။    ။ "ဒါကတော့ ဆေးဘက်ဝင်တဲ့ သျှိသျှားဆီးဖြူပင်ဆိုပြီး အဝေးမြို့ဝန် များက အထူး အမြတ်ထား ဆက်တဲ့အပင်မို့ ဥယျာဉ်တော်မှာ စုံစုံလင်လင် ရှိအောင်စိုက်မူ စေတာနှင့် တူပါတယ်"

    တုတ်    ။    ။" ကဲ…….. ဟုတ်ပါပြီတဲ့ဗျာ၊ မစားကောင်းတာကို လင်းကျင်းစမ်းပါဦး၊ ဘယ်ကျမ်းဂန်၊ ဘယ်ရာဇ၀င်မှာ အထင်အရှား ဆိုထားတာ တွေ့ဖူးပါသလဲ"

    ငယ်    ။    ။ " အဲသလိုတော့ အကြပ်မကိုင်နဲ့ ဗျ၊ ကျုပ်လည်း ကြားဖူးနားဝရှိတာ ကိုပြောရမှာ၊ ဒီအတွက်နဲ့တော့ ဓမ္မခန္ဓာ ရှစ်သောင်လေးထောင်မှာလည်း မပါဘူး၊  ငါးရာ ငါးဆယ် ဇာတ်ကြီး ဆယ်ဘွဲ့မှာလည်း မပြ၊ ဗုဒ္ဓ၀င် မဟာဝင်၊ ရာဇ၀င်အစောင်စောင်မှာ လည်းမရေးပါ၊ လောကီ ဆေးကျမ်း များမှာတော့ အနည်းအကျဉ်းဆိုသလို ဆေးစွမ်းမဖော် ဘူးဗျ၊ ဒီအသီးကို စားဖို့မပြောထားနဲ့ အပင်အောက် ကိုပင် မ၀င်ကောက်ဘူးလို့ ဆေး ဆရာများ မှာထားတတ်တယ်၊

မြွေဆေးထိုးထားသူများ၊ ပီယ၊ ကာယ၊ သိဒ္ဓိဆေးရှိသူများ အပင်အောက် ရောက်သွားမိလျှင် သနပြီး ဆေးတန်ခိုး များ ပြယ်တတ်တယ်တဲ့၊ ဟော…… ကျုပ်တို့တောင်ဆီးဖြူပင်ရိပ်နဲ့ မလွတ်ကင်းတဲ့ နေရာမှာ ထိုင်မိရက်ဖြစ်နေပြီး လာဗျာ…… ဟိုနားရွှေ့ထိုင်ကြဦးစို့"
    ဆိုကာ နေရာရွှေ့သွားသဖြင့် မောင်မောင်တုတ် အတူထလိုက်သွားရပြန်လေ၏
    တုတ်    ။    ။ "ပြောပါဦး ၊ သူ့ရာဇာဝင်ကို သိချင်ပါသေးတယ်၊ နေရာရွှေ့ရတာက အရင်ကိုဗျ"

    ငယ်    ။    ။ "ဝေါဟာရစကားပါပဲဗျာ၊ သူ့ရဇာဝင်က ဒီလိုတဲ့ကိုတုတ်ရဲ့၊ နားထောင်နော်၊ ကျုပ်တို့ တိုင်းပြည်မှာ အစက အဲဒီဆီးဖြူပင်မျိုး မရှိဘူးတဲ့၊ တစ်တိုင်းတစ် ပြည်က အထူးအဆန်းအဖြစ်နဲ့ ဆက်လာလို့ ရှေးမင်းတစ်ပါးလက်ထက်က နန်းတော်တွင်းမှာ ဒီအပင် ရောက်လာရောတဲ့၊ ဘယ်မင်း လက်ထက် ရယ်လို့ မသိဘူးဗျာ၊ ကျုပ်အထင်တော့ အစာပက်စက်တဲ့ တရုတ်ပြေးမင်း လက်ထက်ကနဲ့ တူတာပဲ"

    တုတ်    ။    ။ "အတော် သေချာတဲ့ ရာဇ၀င်ပဲနော်"
    ငယ်    ။    ။ "အို ………..ခင်ဗျားက သရော်တာအရင်ကျနေပါပြီ၊  ကျူပ်ကတော့ ကျမ်း………အကိုးအကား အခိုင်အမာပြထားလို့လား ဆုံးအောင်များ နားထောင်စမ်းပါဦး၊ အဲဒါနှင့် ဘုရင်ကလည်း ဆီးဖြူပင်ကို အမြတ်တနိုး နန်းတော်ထဲမှာ စိုက်ပျိုးပြီး အသီးသီး တဲ့အခါ ပွဲတော် တည်ကြည့်တော့ အင်မတန် အရသာရှိ၊ အင်မတန် ခံတွင်းရှင်းပြီး လျှာထဲစိ စိမ့်ဝင်သွားတိုင်း ချဉ်ရာက ချိုအေးတဲ့ အရသာ အပေါ်လာလို့ အလွန်တရာ နှစ်သက် တော်မူသွားတာနှင့် မျိုးစေ့ပြန်ပွားမှာ စိုးရိမ်ပြီး နန်းတွင်းသူ နန်းတွင်းသားများကို ၎င်းအသီး စားလိုက နန်းတွင်းမှာသာ စားရမည်၊ အပြင်အပ ယူမသွား ရဘူးလို့ ကျပ်ကျပ်တည်းတည်း အမိန့်တော်ထုတ်ဆင့်ထားသတဲ့၊ စားဖူးတဲ့ နန်းတွင်းသူ နန်းတွင်းသား များကလည်း ဒီအသီးရဲ့ အရသာကို စကားပြန့်ပွား အပြင်လူများကို ပြောကြားတော့ ဆင်းရဲသားပြည် သူများကလည်း အင်မတန်စားလိုတဲ့စိတ်ပေါ်ပြီး ဒီအသီးကို တောင့်တကြလွန်းလို့ တစ်နေ့သ၌မှာ နန်းတွင်းသူ အပျိုတော်ကြီးတစ်ဦးက ဆီးဖြူစေ့တစ်စေ့ကို လုံခြုံတဲ့နေရာမှာ ၀ှက်ယူလာပြီး မြို့တွင်းက လူများ ကို စိုက်ပျိုးစေရန်    ပေးတာနှင့်  အပင်တွေ တဖြည်း ဖြည်းပြန့်ပွားလာတာတဲ့ခင်ဗျ"

    တုတ်    ။    ။"သြော်…….သြော် ဒါနှင့်မစားကောင်းတာ  ဘယ်လိုဆိုင်ပါသတုံး၊ ကိုဖေငယ် ရဲ့၊ အပျိုတော်ကြိး ၀ှက်ယူလာလို့ မျိုးစေ့ပြန့်ပွားပြီး လူတိုင်းစားကြတာပဲ မဟုတ်လား"

    ငယ်    ။    ။ "ခင်ဗျားလည်း ပါးသလိုလို နပ်သလိုလိုနှင့် အပုံကြီးလိုပါသေးတယ်၊ ဒီအသီးကို စားမိတဲ့ ယောက်ျားတွေဟာ ဘုန်းကျသရေ ယုတ်နိမ့်ပြီး အာစက်လျှာစက်၊ ညံ့ကုန်ကြ သတဲ့၊ ဆေးဝါး လက်ဖွဲ့ ရှိတဲ့ လူများ လည်း ဆေးပြယ်ကုန်သတဲ့"

    တုတ်    ။    ။ "ဟုတ်ပါပြီ ၊ ဒီအသီးက ဘာပြုလို့ အာစက်လျှာစက် ညံ့ရသလဲ"
    ငယ်    ။    ။" အပျိုတော်ကြီး ယူလာလို့လေ"
    တုတ်    ။    ။" အပျိုတော်ကြီး ယူလာရုံနဲ့ အာစက်လျှာစက် ကျွန်တော်မျိုးပီပီ ရိုးသေးတာပဲ၊ အပျိုတော်ကြီးက အစောင့်အရှောက်တွေ မမြင်နိုင် မရှာနိုင်အောင် လုံခြုံနေ ရာမှာ သိုဝှက် ယူလာတယ်ဆို ကတည်းက စဉ်းစားတော့ဗျာ"

    တုတ်    ။    ။" (အနည်းငယ်စဉ်းစားပြီး) " အင်း……..အင်း… ဟာ …ရွံစရာကြီးဗျ၊ ဒီအပျိုတော်ကြီးနှယ် ပေါက်ပေါက်ရှာရှာ ၀ှက်စရာရှားလွန်းလို့ ထွီ…….. "

    ငယ်    ။    ။ "အဲဒါ ဆီးဖြူသီးကို ယောက်ျားများ မစားအပ် မစားကောင်းတဲ့ ရာဇာ ၀င်ပဲဗျ၊ ဘယ်သူ ကမှလည်း ပေထက်အက္ခရာ တင်မထားခဲ့တော့် တစ်ထစ်ချယုံလိုက် မှာ အခက်သားပဲ၊ ခင်ဗျားလည်း ယုံကြည် နိုင်မယ်  မဟုတ်ဘူးလေ"
    တုတ်    ။    ။ " ဟာ … ဒါပေတဲ့ ယုံချင်သလိုလို ဖြစ်လာပြီ၊ လာဗျ….. ဒီအနား ကိုမနေချင်တော့ဘူး"
    ငယ်    ။    ။" ဒါလောက်တော်လည်း ဖြစ်မသွားနဲ့ဦးဗျာ၊ ဟို…….. တကောင်း ရာဇာဝင် အစလောက်က အဖြစ်အပျက်နဲ့ တူပါတယ်၊ ခုအခါဆိုတော့ အပုံကြီးအဆက် ဝေးလာပါပြီ"

    တုတ်    ။    ။" ဟာ…… ဒီအပျိုတော်မတွေကို စုတ်ပဲ့ပါတယ်ဗျာ" ညည်းညည်း ညူညူ ပြောပြန်ရာ မောင်မောင်ငယ်လည်း တဟီးဟီး တဟားဟားနှင့် ရယ်အားသန် နေမိ လေတော့၏"

    ထိုအခိုက်မှာပင်
    " အလို………မောင်မောင်တို့ အများ အူရွင်တော်မူနေကြလေဘိ"
    ဟူသော အသံနှင့်အတူ အထိန်းတော်ကြီး ခင်ဘွားသစ် အနီးသို့ ရောက်လာ သောကြောင့် နှစ်ယောက်သား ဣနြေ္ဒဆယ်လိုက်ကြပြီးလျှင် -
    "ဟော……. အထိန်တော် အရီးဖုရား ကြွတော်မူလာမှကို၊ လာမှလာပေသေး အရီး ဖုရားရယ်၊ ကျွန်တော်တို့ မျှော်လိုက်ရတာ ကြာပါပြီ၊ နေ့တစ်ချက်တီးလောက်က ဥယျာဉ်တော်ထဲ ရောက်နေရပါတယ်"

    သစ်    ။    ။ " သြော်…………တူတော်မောင်တို့ မျှော်တော်မူကြမယ်ဆိုတာလည်း အရီးဖုရား ကြားပါတယ်၊ သို့ပေမဲ့ အလယ်နန်းမတော်ဖုရားက သမီးတော် စုဖျားအဆောင်တော် ထွက်တော်မူ လာတာနှင့် အရီးဖုရားလည်း မလာသာသေးလို ဆိုင်းငံ့နေရခြင်းပါ မောင်မောင်တို့ရဲ့"

စာဆိုတော်
    တုတ်    ။    ။" ကျွန်တော်တို့လည်း အိမ်တော်ကို လောင်းရှည်ဖုရား ထွက်တော်မူ လာတာနှင့် ကပျာကယာ အိမ်တော်ဘေးပေါက်ကပင် ဆင်းလာခဲ့ရပါတယ်"

    သစ်    ။    ။" နို့……..ယခုလာတာ ခါတိုင်းလို အလွှာတော်ဆက်ဖို့ကိစ္စပဲ မဟုတ် လား မောင်မောင်ရဲ့"
    တုတ်    ။    ။" ဟုတ်ပါတယ်၊ ရွှေလွာတော်ဆက်သဖို့ လာရခြင်းပါပဲ၊ သို့သော်လည်း ဒီတစ်ခါတော့ နည်းနည်းထူးပါတယ် အရီးဘုရားရဲ့၊ ဒီကိစ္စမှာ အရီးဘုရားရဲ့၊ ဒီကိစ္စမှာ အရီးဖုရား နှင့် ကျွန်တော်တို့က ချောချောမောမော ဖိဖိစီးစီးရှိအောင် အရှင်နှစ်ပါးရဲ့ အကျိုးတော်ဆောင်ရဖို့ တာဝန်များကျလာပါပြီ"

    သစ် ။    ။"အလို…… ဘာများပါလိမ့် မောင်မောင်ငယ်၊ အရီးဖုရားနှင့် မောင်မောင်တို့က ဘယ်လို ဘယ်ပုံ များ အကျိုးတော်ဆောင်စရာ ရှိလာပြန်သတုံး မောင်မောင်တို့ရဲ့"
    တုတ်    ။    ။" ကိုင်……..ကိုဖေငယ်က အရီးဖုရား နားလည်တော်မူအောင် တဆိတ် ပြောလိုက်ပါဦး"
    ငယ်    ။    ။" ကိုင်း ……… ကိုတုတ်က တာဝန်လွှဲမှ ကျွန်တော်ပဲ အစီရင်ခံပါမယ် အရီးတော်ဖျားနှင့် အရီးဖုရားတို့သခင်၊

အရှင်ထိပ်စုဖုရားတို့ မဟာနွယ်ဖွားချင်း မေတ္တာတော်စေ စား၍ အချစ်တံတား ခင်းတော်မူခဲ့ကြတာ အချိန်အခါ အတန်ပင်ကြာပါပြီ၊ သို့ကလို အချိန်ကြာသော် ရွှေလွှာတော်များနှင့်သာ အပြန်ပြန်အလှန်လှန် အချစ်တမန် စေလွတ်၊ ရွှေစိတ် တော်ညွတ်ပြီး အလွှာတော်တော်ထဲက အက္ခရာစာလုံးကလေးများဖြင့်သာ ရောင့်ရဲတင်းတိမ်းနေခဲ့ ရဖြင့် တစ်ဆင့ိထက်တစ်ဆင့် ရင်သထက် ရင့်ခဲ့သော အချစ်ဆင့် အချစ်ထပ်ကြီးက မပြတ်အောင်

မြင့်မောက်တတ်ကြွလာပါသော်လည်း နှီးနှီးနှောနှော အချစ်၏သဘောကို နှစ်ပါးစုံပြောဟော သဘော တော်ညှိုနှိုင်းလျက် ထက်သန်တဲ့ မေတ္တာကို သစ္စာတော် တံဆိပ်ရိုက်လိုတော်မူကြေင်း ကျွန်တော်တို့ အရှင်က အခွင့်တောင်းတော်မူလိုက်ပြီ အရီးဖုရားရဲ့"

    သစ်။    ။ " အလို…….. ရွှေကိုယ်တော်ဖျားကလေးကလေ"
    တုတ်။    ။" ဟုတ်ပါတယ် အရီးဖုရားရဲ့၊ ရွှေကိုယ်တော်ဖျားက အရှင်ထိပ်စုလတ်ဘု ရားနှင့် နှစ်ပါးတွေ့ပြီး တေ့တေ့ ဆိုင်ဆိုင် ရွှေသစ္စာမဏ္ဍိုင်ကို ကြံ့ကြံ့ခိုင်ခိုင်ကြီး စိုက်တော်မူချင်ပါတယ်တဲ့၊ ကျွန်တော်တို့က အပိုကဲသည်ဟု  မထင်ပါနှင့် ဟောဒီက အလွှာတော်တေးထပ်မှာ အရီးဖုရား ဖတ်ကြည့်တော်မူပါ"
    ငယ်။    ။" ဟုတ်ပါသည် အရီးဖုရား၊ ကျွန်တော့် ညဏ်သွားနှင့် ခြယ်လှယ်ထားရလေသမျှ သဝေမှ မလွှဲရအောင် ရေးခြင်းပါ"

    သစ်။    ။" သြော်…… မောင်မောင်တို့နှယ်၊ အရီးဖုရားကလည်း မောင်မောင်တို့ ပိုကဲနေ တယ်လို့  မစွပ်စွဲ ရပါသေးလား"
    တုတ်။    ။" သြော်…….သြော်…..ဟုတ်ပါ့၊ ကျွန်တော်တို့က  အစိုရိမ်လွန်လို့ပါ အရီးဖျားရဲ့"

    သစ်။    ။" ဒါဖြင့် ရွှေကိုယ်တော်ဖျားက အရှင်ထိပ်ဖုရားနှင့် နှစ်ပါးတွေ့ဆုံတော်မူလိုတယ် ဆိုတော့ အရီးဖုရားက ဘယ်လိုများ ဆောင်ရွက်ရမှာတုံး မောင်မောင်တို့ရဲ့"

    တုတ်။    ။" ဒီအလွှာတော်ကို အရှင်ထိပ်စုဖုရားလတ် လက်တော်ဆက်မိတဲ့အခါ ထိပ်စုဖျား အလိုတော် ဘယ်ပုံရှိတော်မူတယ်ဆိုတာ အရီးဖုရားက စကားပြန်တော်မူဖို့ပါပဲ၊ အကယ်၍ အရှင် ထိပ်စုဖုရားလတ်က တွေ့တော်မူခွင့် မပေးလိုသည့်တိုင်အောင် အရီးဖုရားက ရွှေနားတော်ဝင် အောင်သွေးဆောင်ချော့မော့ လျှောက်ထားပြီး ကိုယ်တော်ဖျား ထွက်ကြွလာတော်မူတဲ့အခါ ကောင်းစွာ မွန်စွာ တွေ့ဆုံလက်ခံတော်မူဖို့ တိုက်တွန်းပါလျှင် မေတ္တာနွယ်ညွန့် ယိမ်းကွန့်ရစ်ယုံ၊ ချစ်စေတနာ ထုံတော်မူကြပြီးမို့ အပုံကြီးလည်း ငြင်းပယ်တော် မူလိုက်မည် မဟုတ်ပါဘူး အရီုးဖုရားရဲ့"

    သစ်။    ။" ဟုတ်ပါရဲ့ မောင်မောင်၊ မောင်မောင်တို့ မိန့်သလို အရှင်စုဖုရားက ရွှေမေတ္တာတော်ပွားပြီးမို့ ကိုယ်တော်ဖျား ကြွတော်မူရန်ကို ငြင်းဆန်သွေတော်ဖျား ဘယ်လိုများ  ၀င်တော်မူလာမည်ဆိုတာ စဉ်းစားစရာအပုံကြီး ကျန်ပါသေးသော်ကော မောင်မောင်ရဲ့"

    ငယ်။    ။ "အဲ…….ဒါကြောင့် အာရုံယှက်ကူး မေတ္တာတော်စူးကြီးပြီုဖစ်တဲ့ အရှင်သခင်နှစ် ပါး၏ အကျိုးတော်ကို ကိုးမျှော်လင့်စားပြီး လက်ရင်း ကျွန်ယုံတော်ကြီးများဖြစ်တဲ့ အရီးဖုရားနှင့် ကျွန်တော်များက အားကြိုးပါကြိုး သယ်ပိုးထမ်းဆောင် အရေးတော်ပြီးအောင် အစစအရာရာ ဥာဏ်ရည်သွားထက်ထက်နှင့် အကွက်လယ်လယ် အဆင်ပြေပြေ အရန်သင့်ဖြစ်စေမှ တော်လိမ့်မည်လို့ စဉ်းစားမိပါသည်"

    တုတ်။    ။ "အရီးဖုရားပဲ ဒီကိစ္စမှာ ညာလက်ရုံးကြီးတစ်ဆုပမာ အားထားရတော့တာပဲ၊ နန်းတော် အနောက်ပိုင်း တစ်ခွင်မှာဆိုတော့ အစစအရာရာ ဘယ်လိုဘယ်နည်းကြံလျှင် အမှန်ပင် မဖြစ်နိုင်တာ ဖြစ်နိုင်အောင် ဆောင်ရွက်နိုင်တဲ့ စိတ်ကူးများ ပေါ်ပါလိမ်မယ်၊ ထိပ်စုဖုရား အဆောင် တော်တစ်ဝိုက် မှာဆိုရင်လည်း အရီးဖုရား၏ သြဇာလွှမ်းခြုံနေသလိုမို့ အထူးပူပင်ဖို့ မရှိဘူးလို့ ယုံကြည် ပါတော့တယ်၊ မြတ်နန်းကျော် ရွှေနန်းတော်ကြီးရဲ့ အနောက်ပိုင်းတစ်ခြမ်းကို မဆိုထားမိ မိန်မများ ကြံဆောင်လျှင် ကမ္ဘတောင် မှောက်နိုင်တယ်လို့ဆိုတဲ့ စာများကို ထောက်ထားပြီး အရီးဘုရားကို များများကြီး အားကိုး နေရမှာပဲ"

    သစ်။    ။"တယ်လည်း မြှောက်ော်မူကြတာကိုး တူတော်မောင်တို့ရဲ့၊ အရီးဖုရားကို ဒါလောက် အားထားတော်မူကြပေတဲ့ အရီးဖုရားဟာ နတ်သိကြာလည်းမဟုတ်၊ ရုပ်ဖျက် နာမ်ဖျက် ပဉ္စလက်နဲ့ ဗားမဲ့ တို့ရဲ့ တပည့်လည်းမဟုတ်လို့ အတော့်ကို အကြံထုတ်ရဦးမည် အလုပ်ပဲနော်"

    ငယ်။    ။ " ကြိုးစားတော်မူပါတော့ အရီးဖုရားရယ်"
    တုတ်။    ။ "ဟုတ်ပါတယ် အရီးဖုရားရဲ့၊ အရီးဖုရားတို့ နန်းတော်သူတွေရဲ့ အကြံဥာဏ် ဟာ အင်မတန်ဆန်းကြယ်ပြီး ပရိယာယ်အရာမှာလည်း သူမတူအောင်ကျွမ်းကျင်ပါတယ်၊ ခုနင်က အရီးဖုရား မကြွလာမီကလေးတွင်ပဲ နန်းတော်သူတွေ နက်နဲကျယ်ဝန်းတဲ့ အကြံဥာဏ်နဲ့ ပြည့်စုံတဲ့ အကြောင်းများကို ဟောဒီ မောင်မောင်ငယ်က စာဟောင်းပေဟောင်းတွေ အခြေထားပြီး ပြောကြားနေပါတယ်၊ ဟဲ….. ဟဲ……..ဘယ့်နှယ်လဲ ကိုဖေငယ် ခုနင်ကပြောတဲ့ ရာဇ၀င်ကလေးဟာ လေ"

    ငယ်။    ။" ဟာ…….ကိုတုတ်ကဖြင့် လုပ်ကရော့မယ်"
    သစ်။    ။" ကိုင်းလေ အကျယ်အကျယ်တွေ အညွှန်ပေါက်ပြီး မြှောက်ချင်းတိုင် မြှောက် မနေကြပါနဲ့ မောင်မောင်တို့ရယ်၊ အရီးဖုရား လည်ပတ်သလို အကြံစည်ထုတ်ပြီး အရှင်နှစ်ပါး တွေ့တော်မူခွင့်နီးအောင် ကြံဆောင်ပါဦးမယ်၊ ယခု ပထမအရေးကြီးဆုံးကတော့ အရှင်စုဖုရားရဲ့ အလိုတော်ကို သိရဖို့ အရေးကြီးတယ်မဟုတ်လား၊ အရီးဘုရား စိတ်ကူရှိသလို၊ အရှင်ထိပ်စုဖျား အလိုတော်ကို သိရှိဖို့ အရေးကြီးတယ်မဟုတ်လား၊ အရီးဖုရား စိတ်ကူးရှိသလို၊ အရှင်ထိပ်စုဖျား အလိုတော်သိရအောင် အကဲခတ်လို့ လွယ်လွယ်ကူကူ ကြည်ဖြူတော်မူမယ်  ဆိုလျှင်လည်း တွေ့ဆုံတော်မူရန် လမ်းစခန်း ခရီးစဉ်ကို ဘယ်ပုံဘယ်နည်း ပြင်ဆင်ရမယ်ဆိုတာ စီမံကြံဖန်ရုံပေါ့၊ အကယ်၍ အရှင်ထိပ်စုဖျားက  ပျော့ပျောင်း ညွှတ်နူးတော်မမူသေးရင်လည်း တဖြည်းဖြည်း ချော့မော့လျှောက်တင်ပြီး ရွှေနားဝင်အောင် ကြိုးစား ရလိမ့်ဦးမယ်"

    ငယ်။    ။ " အရီးဖုရား၊ သင့်တော်မယ်ထင်သလိုသာ ကြံတော်မူပါ၊ ကျွန်တော်များသခင် အရှင်ရွှေကိုယ်တော်ဖျား ထံတော်ကလည်း အခွင်ပန်မည့် တမန်တော်ရွှေလွှာများ၊ ပို့ဆက်နေပါ မည်"

    သစ်။    ။" ကောင်းလှပါပြီ မောင်မောင်တို့ရယ်၊ မောင်မောင်တို့ ရွှေကိုယ်တော်ဖျားထံက လည်းအလွှာတော်များ မပြတ်ပို့ဆက်၊ အရီးဖုရားကလည်း တစ်ဖက်တစ်လမ်းက ရွှေနားဝင်အောင် ဖြားယောင်လျှောက်တင်နေပါမည်၊ သို့သော်လည်း အရီးဖုရားတို့အသျှင် ထိပ်ဖုရားရဲ့ စိတ်တော်ကို သိပြီးဖြစ်နေလို့ ရွှေကိုယ်တော်ဖျားကို စိတ်တော်ထဲက ဘယ်လိုပဲ ချစ်ခင်မြတ်နိုး တော်မူနေပေ အရီးဖုရားကို လက်ရင်းထားတဲ့ အထိန်းတော်ကြီးကိုပင် သိစေတော်မမူအောင် ဣနြေ္ဒတော်ဆောင်နိုင် သလောက် ဆောင်တော်မူပြီး ထားသေးတယ်"

    "အဲဒါကြောင့် ယခုလို တွေ့တော်မူတဲ့အရေးမှာလည်း အရှင်စုဖုရားစိတ်တော်ထဲက အခွင့် ပေးတွေ့တော်မူချင်သည့်တိုင်အောင် တငြင်းငြင်း တရှောင်ရှောင်နှင့် ဣနြေ္ဒဆောင်နိုင်သမျှဆောင် ပြီးအချိန်ကုန်အောင် အကြာကြီးဆွဲတော်မူနေချင် နေမှာကလား မောင်မောင်၊ ဟိုအရှင်အစ အရှင် နှစ်ပါးစိတ်ထားရှည်ဝံ မေတ္တာတော်မောက်လျှံ၍ လွှာတမန်ကူးသန်းစဉ်ကပင် အရှင်စုဖျားက အရီးဖုရားကို မလိမ့်တပတ် ဥာဏ်မျိုးနှင့် ဣနြေ္ဒမိုးကောင်းတော်မူသေးတာကလား၊ ပြဒါးကို အဖမ်း ခက်သလို စုဖျားရဲ့ စိတ်ထားကိုလည်း အရီးဖုရားဖြင့် အများကြီးအဖမ်းခက်ခက်သွားဖူးတယ် မောင်မောင်ရဲ့၊ ဒီလို တွေ့တော်မူဖို့အရေးမှာလည်း စုထားဖျားစိတ်ဆန္ဒတော်ရင်းကို နေ့ရက်မ ကြာခင် ထင်ထင်လင်းလင်း သိနိုင်မိနိုင်ဖို့တော့ အခက်သားနေမှာပါပဲ"

    ငယ်။    ။"'ဒါတော့ အရီးဖုရားဟာ ' နှစ်ပြည်ထောင်တည်ကြ အလယ်က ကျောင်းဆောင်" ဆိုတာလို အရှင်နှစ်ပါးရဲ့ အချစ်တိုင်းပြည်ကြီးတည်စ မေတ္တာတော်အုတ်မြစ်ချကတည်းက (*) နန်းကံကျွေးဝန်၊ အချစ်ကံကျွေးဝန်ကြီးအဖြစ်နှင့် အမှုတောထမ်းခဲ့ရတဲ့ ပုဂ္ဂိုလ်လ်တစ်ပါးမို့ ရွှေမြို့ တည်ရွှေနန်းတည် စာတမ်းအရ၊ နန်းကံကျွေးဝန်များကစီမံဆောင်ရွက်ပြီး နန်းသိမ်းမင်္ဂလာ အခမ်း အနားကြီးပြီမှ အလုပ် တာဝန် ကျသွားသလို အချစ်ကံကျွေးဝန်ကြီးကလည်း အချစ်နန်းတည်စာ တမ်းအရ အစစကိစ္စ ကုန်အောင်ရွက် ဆောင်အမှုထမ်းလို့ အချစ်နန်းသိမ်းမင်္ဂလာ အခမ်းအနားပြီး စီးမှာပဲ အရီးဖုရားရဲ့။
    သစ်။    ။ " ဟောဒီမောင်မောင်ဟာလေ၊ ဥပမာ ဥပမည်းများနှင့် တယ်ပြီး အဆင်ပြေ အောင်ပြောတော်မူတတ်လှပါတယ်၊ ဒါကြောင့်လည်း ကဗျာ့ပါရဂူ က၀ိလေးတစ်ဆူဖြစ်လို့ လူချစ် လူခင် များပြီး ကျော်ကြားတော်မူနေပေတာပဲ၊ ရွှေကိုယ်တော်ဖျားကလည်း  ဒီလို စကားယဉ်စကားနု နှင့် ကညုကည သုံးသုံးပြီး ဖတ်ရတဲ့လူတွေ ပြုံးပြုံးလာအောင် ကညစ်သံပြောင်လွန်းလို့ မောင်မောင့်ကို လက်သပ်မွေးတော်မူထားသော ထင်ပါရဲ့"

    တုတ်။    ။" ဟောဒီမောင်မောင်ဟာလေ၊ ဥပမာ ဥပမည်းများနှင့် တယ်ပြီး အဆင်ပြေ အောင်ပြောတော် မူတတ်လှပါတယ်၊  ဒါကြောင့်လည်း ကဗျာ့ပါရဂူ က၀ိကလေးတစ်ဆူဖြစ်လို့ လူချစ်လူခင်များပြီး ကျော်ကြားတော်မူနေပေတာပဲ၊ ရွှေကိုယ်တော်ဖျားကလည်း ဒီလို စကားယဉ် စကားနု ကညုကညသုံးသုံးပြီး ဖတ်ရတဲ့ လူတွေ ပြုံးပြုံးလာအောင် ကညစ်သံပြောင်းလွန်းလို့ မောင်မောင့်ကို လက်သပ် မွေးတော်မူထားတာ ထင်ပါရဲ့"

    တုတ်။    ။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါတော့ မငြင်းသာပါဘူး၊ ကျေးဇူးရှင်ကိုယ်တော် ဖျားရဲ့ ဘုန်းတော်ကံတော်အလျောက်  ကျွန်တော်တို့နှစ်ယောက်ဟာ အသုံးတော်ခံ ရောက်ရခြင်း ပါ၊ ကိုဖေငယ်ကတော့ ပညာဥာဏ်ရှေ့ထားပြီး နှလုံးရည်သမားသက်သက်အဖြစ်နှင့် အမူတော် ထမ်းရတဲ့ လက်ရုံးတော်တစ်ဖက်ပါ၊ ကျွန်တော်ကတော့ မဟုတ်မခံ ဒိုးဒိုးဒေါက်ဒေါက် ပေါက်ပေါက် ရောက်ရောက်နှင့် လက်ရုံးရည်အားကို အမူတော်ထမ်းရမည့် လက်ရုံးတစ်ဖက်ပါပဲ၊ အဲ….ဒါကြောင့် ယခုအရေးတော်မှာလည်း ၀ဲစခန်း၊ ယာစခန်း အနုအကြမ်း လက်ရုံးနှစ်ဖက်နှင့် ထမ်းပြီး အရီးတော် ဖုရားတို့ အရှင်ထိပ်စုဖျားရဲ့ ဆောင်ခမ်းသို့ ကျွန်တော်တို့ ရွှေကိုယ်တော်ဖျားကို ပို့ဖို့စီမံ စိုင်းပြင်း နေရခြင်း ဖြစ်ပါတယ် အရီးဖုရားရဲ့"

    သစ်။    ။ "အမယ်မင်း…..တကယ့် မောင်မောင်တွေနဲ့ တွေ့လို့နေရပါပြီ၊ ကဲ……..အ လွှာတော်ကိုသာ အရီးဖုရားလက် အပ်ကြပေတော့"
    ပြောသဖြင့် မောင်မောင်ငယ်လည်း ဖဲပ၀ါနှင့် စည်းထားသည့် အလွှာတော်ရွှေပြားကို အထိန်းတော်ကြီး ခင်ဘွားသစ်အား ပေးအပ်လိုက်လေ၏ အထိန်းတော်ကြီးလည်း အလွှာတော် ရွှေပြားကို ခြုံလာသော နဂါး လိမ်သဲပက် ပိုးပ၀ါကြီးအကြားတွင် လျှိ့ဝှက်စွာ ဆောင်ယူထားပြီးသွား အောင်လျှောက်တင် ထားလိုက်ပါဘိ မောင်မောင်တို့၊ ကဲ…….အရီးဖုရားလည်း သွားပါချေဦးမယ်"

    "ကောင်းလှပါပြီ၊ ကြွတော်မူပေါတော့ အရီးဖုရားရဲ့"
    မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့က ပြိုင်တူနှုတ်ဆက်လိုက်ကြပြီး အသီးသီးပင် တောင်ဥယျာဉ်တော်ထဲမှ ထွက်လာခဲ့ကြလေ၏ တောင်ဥယျာဉ် ထွက်လာပြီး တံခါးအနီးအပြင်လမ်း မှပန်းကာ မြောက်ဘက်လမ်းအတိုင်း လျှောက်လကြရာ လမ်းခွဲတစ်ခုသို့ ရောက်ကြသောအခါ မောင်မောင်တုတ် က အိမ်တော်သို့ သွားလမ်းဘက်ုကို မလိုက်ဘဲ မြောက်ပြင်ကျော်မိုးတံခါး ထွက်သည့် လမ်းဘက်သို့ ဖဲ့၍ထွက်လိုက်သဖြင့် မောင်မောင်ငယ်က အံ့အားသင့်သလို လှည့်ကြည့် လိုက်ကာ

    "ကိုတုတ် ဘယ်သွားမလို့လဲ"
    "မြောက်ပြင်ကို"
    "ဘာလုပ်မလို့လဲ"
    "ဟဲ….ဟဲ၊ ကျီးဥရောင်ပြာလဲ့လဲ့ကလေးဟာ ခုလို နေစောင်းလာတော့ အမြှပ်ကလေးတွေ တစီစီတက်ပြီး ချဉ်နံ့တောင်ထွက်နေရော့မယ်"

    "ဟော……..လုပ်ကရော့မယ်၊ ခင်ဗျား တယ်ဗွေဖောက်တဲ့လူကိုး၊ ရွှေကိုယ်တော်ဖျားက မျှော်တော်မူ လှရောပေါ့ ကိုရင်ရ"
    " ဟာ….ကျုပ် မလိုက်ချင်ဘူး၊ ကိုရင့်ဓာတ်စာ ကိုရင်သွားပြီး သုံးဆောင်ပါ၊ ကျုပ်ဘာသာ ပြန်မယ်လေ"

    " အို……….ဒီလိုမလုပ်ပါနဲ့ဗျာ၊ အတူတူသွားပြီး  ကိုရင့်တစ်ယောက်တည်း ပြန်သွားရင် ငတုတ်ကောလို့ မေးနေတော့ ဘယ့်နှယ်လုပ်မလဲ၊ ကျုပ်နဲ့အတူလိုက်ခဲ့ပါ၊ ပြီးတော့မှ တစ်ခါ တည်းပြန်ကြတာပေါ့၊ လာပါဗျာ"
    " အိုဗျာ………ကိုရင့်အစာ ကျုပ်မှမကြိုက်ဘဲနဲ့"
    " မကြိုက်လည်း အတင်းပါးစပ်ဖြဲ မတိုက်ပါဘူးဗျ၊ လိုက်ခဲ့ပါ၊ ထန်းသမား ဘိုးပိန်သမိး (*) စုလည်းထုံးကလေးဟာ အတော်ကိုလှတယ်ဗျ၊ ' အခြေတုတ်ပေတဲ့ ရွှေထုပ်တဲ့ပ၀ါ' ဆိုတာကိုပဲ ကသီ လင်တနဲ့ ဆင်းရဲရှာတဲ့အထဲက ဘယ်လိုများလှနေမှန်းမသိပါဘူး၊ နန်းထဲ ထီးထဲခေါ်ပြီး အပျိုတော် ကလေးများကို လှလှပပ ယဉ်ယဉ်ကျေးကျေး ပြုပြင်ထားလိုက်ရ 'တောက်' နေနှင့်ဦး ဒီမှိုကျင်းကလေး လူမတွေ့အောင် ဆူးခက်နဲဖုံးထားပြီး ကျုပ်တစ်နေ့ ကြီးပွားရင် တစ်ခါတည်း သွားပြီး သိမ်းပိုက်ထား လိုက်မှာ"

    "တယ်အပြောသန်လှပါလားဗျာ၊ ဒါဖြင့် ကျုပ်လည်း လိုက်ကြည့်မယ်ကိုရင်"
    " လိုက်ကြည့်ပြီး ပြစ်မှားတော့မနေနဲ့ ကိုရင်၊  ဒါကျုပ်အဖို့ ထုံးတို့မှတ်ထားတဲ့ ပစ္စည်းကလေး"

    အမယ်လေးဗျာ၊ ကျုပ်က ဒါတွေ ၀ါသနာမပါပါဘူး၊ လှတယ်ဆိုတာနဲ့ စာဖွဲ့လောက်အောင် များ လှနေ မလားလို့ စာဆိုဖို့ လိုက်ကြည့်မှာပါ"
    " အဲ………..အဲ ………စာဆိုဖို့တော့ အင်မတန် နေရာကျမှာပဲ ကိုရင်ရော၊ ဆံပင်ကလေး မြီးတောင်ပေါက်၊ မဲယက်ဘောက်ချည်ခင်ကလေးနဲ့ (+) စုလည်းစီးပြီး ညိုမွဲမွဲဂုံးစပ် ထဘီစုတ်ကလေး ဒူးတစ်ဝက် ပေါ်အောင်စည်းလို့ တလိုင်းပေါက် အင်္ကျီလက်ကြပ်၊ ချွေးအထပ်ထပ်ကို ၀တ်ထား ပေမဲ့ တောင့်တောင့် တင်းတင်း ၀င်းဝင်းဝါ၀ါ ဆပ်သဖူးလွှာလို အသားဝါကလေးက ချွေးတွေ၊ ချေးကြောင်း တွေအောက်က မရမက ထိုးထွက်ကျတာရယ်၊ မျက်ခုံးကလေး စင်းစင်း၊ မျက်လုံး ကလေး ပြောင်ပြောင် လင်းပြီး သီးတင်ဆိုးထားသလို အလိုလိုနေတဲ့ နှုတ်ခမ်းကလေးများဟာ ယခု ရတနာပုံ နေပြည်တော်ကြီးမှာ ကျော်ကြား ထင်ရှားနေတဲ့ ပန်းချီဆရာ ကိုကြာညွှန့်တို့တောင်  ပြုံးပြုံး ကလေး ငေးပြီး အရှုံးပေး လောက်တယ် ထင်တာပဲ၊ တစ်ခါတစ်ခါ ထန်းပင်ကြို ထန်းပင်ကြားထဲ မှာ မြူအိုး ကလေးတွေ လိုက်ကောက် နေတာမြင်ရတဲ့အခါများ အထိုက်မတန်တဲ့ အလုပ်ကို လုပ်မှ လုပ်ရှာပေ တယ်လို့ ရင်ထုမနာ စိတ်ထားနှင့် သိမ်သနားပြီး အလျင်အမြန်ကြီး စောင့် မကြည့်ရှုပစ် လိုက်ချင်တာပဲ"

    " ဟား…….ဟား ……….တယ်ဆိုတဲ့ စာပါကလားနော၊ သြော် ဝေဋုဝန်ယျာဉ်သွားချင်း အောင် ဥဒါန်း ကျူး တာများလား ကိုရင်ရယ်၊ ဒါလောက်လည်း မသယ်ပါနဲ့၊ ကျုပ်မသောက်ပေတဲ့ စာဖွဲ့ဖို့ကလေးများ ထောက်အပံ့ ရအောင် ထန်းထတက်သမားနဲ့ဆိုင်တဲ့ ဗဟုသုတမျိုးကို လိုက်ကြည့်ရတာပေါ့၊ ကဲ… .ကြွတော်မူပါ"

    "စိတ်ချပါဗျာ၊ ခင်ဗျား ထုံးမှတ်ထားတာကိုလည်း မြောက်ပြင်တံခါးလမ်းအတိုင်း ဖြောင့် ဖြောင့် တန်းတန်းကြီး ထွက်လာခဲ့ကြလေ၏ မြောက်ပြင်တံခါးမှ ထွက်မိ၍ အတန်ငယ်သွားမိကြ သေအခါ ခံကုန်းသင်္ချိုင်း မရောက်မီ ထန်းဆယ်ငါးပင် မကျဲမစိပ်ဖြင့် တမာပင်ရိပ်ကလေးကို အမှီပြု ဆောက်လုပ်ထားသော ကျူရိုးကို တိုင်ထူသကဲ့သို့ မူမူနွဲ့နွဲ့ လေသွဲ့တိုင်း ယိမ်းယိုင်လှုပ်ရှားနေ သောဝါးကပ် တဲအိမ်ကုတ် ကလေးတစ်ခုရှေ့သို့ ရောက်လာကြရာ တဲကလေးရှေ့တွင် ယိုင်ရွံ့ချိနဲ့ နေသော ၀ါးကွပ်ပျစ် ကလေးပေါ်မှ အသာအယာထိုင်လိုက်ပြီး တဲထဲမှ လူရိပ်လူခြေကို မမြင်သဖြင့် -

     "ဗျို့………. ဦးပိန် ဘယ်သွားသလဲ"
    ခပ်ကျယ်ကျယ် ခေါ်လိုက်၍ မကြာမီပင် မြူအိုးနှစ်လုံးကို ဆွဲလာသော အရိုးပြိုင်းပြိုင်း ထနေသည့် အဘိုးကြီး တစ်ယောက်နှင့် အုပ်လုံးဆံစုလည်း ကြက်မြီး မပေါက်တပေါက် ရုပ်ရေသနားကမားပုံရှိသည့်  မိန်းမပျို ကလေး မိုးနံချုံတစ်ဖက်မှ ပေါ်ထွက်လာသည်ကို တွေ့ရလေ၏ ကျိုက်ထားသောခါးတောင်းကို ဖြေချ လိုက်ကာ

    "သြော်…………မောင်မောင် ရောက်နေပြီလားဘုရာ့၊ ကျွန်တော်မျိုး အစောကြီးထဲက မျှော်နေပါတယ်၊ အခုပဲ ချဉ်နံ့ပေါက်လာလို့ ချုံထဲက ဖော်လာခဲ့တယ်ဘုရာ့၊ ကဲကဲ သုံးဆောင်တော်မူပါ "

    ပြောလျက် လောကွက်ကျေစွာနှင့် ပါလာသော မြူအိုးနှစ်လုံးကို မောင်မောင်တုတ်ရှေ့သို့ ချပေးလေ၏ အဘိုးကြီးလည်း ခွက်မရှိသေးသည်နှင့်-
    "ဟဲ့……မဲမှုတ်၊  တဲထဲက ယွန်းခွက်လေး ယူခဲ့စမ်းပါဦး၊ ဟဲ့….. တယ်မိုက်ခဲ့တဲ့ သမီးကို ခွက်ထည့် ပေးနေကျ ဘယ့်နှာကြောင့် မပေးလာရသလဲ"
    တဲဘက်သို့လှည့်ကာ ပြောပြောဆိုဆို မြည်တွန်ကြိမ်းဝါလိုက်၍ မိန်းမပျိုးက-

    " ဟုတ်ကဲ့ အဖေ လာပါပြီ"
    ကြည်လင်၍ ကျက်သရေရှိသော အသံကလေးနှင့် ယွန်းခွက်ကလေးကိုင်ကာ ခပ်သွက်သွက်ထွက် လာလေ၏။
    မောင်မောင်တုတ်ကား မဲမှုတ်လက်က ခွက်ကိုယူကာ အလွန် ကျေနပ် နှစ်သက် လှသော မျက်နှာနှင့် တစ်ခွက်ပြီးတစ်ခွက် သော်လျက်ရှိလေရာ မောင်မောင်ငယ် ထန်းသမားသားအဖ၏ အခြေအနေကို တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ကြည့်မိတော့လျက် တစ်ချက်တစ်ချက်လည်း မဲမှုတ် ခေါ် မိန်းမပျိုချော ကလေးကိုကြည့်ကာ ဆင်းရဲစုတ်ချာလှသော အခြေအနေ၊ လုပ်ကိုင်စားသောက်ရ သော ပရိယေသန၊ ဆိုးဝါးလှသည့် မဲမှုတ်ဟူသော အမည်နာမနှင့် အနည်းငယ်မျှ အဆင်မပြေ အောင်အလှကျက်သရေ ဆောင်နေသည်ကို စဉ်းစား၍ အထူးသဖြင့် သနားမိကာ မကြာမကြာ စုတ်သပ်မိပြီး ဗဟုသုတအတွက် မှတ်သင့် သည်ကိုမှတ်၊ မေးသင့်သည်ကိုမေးရင်း မောင်မောင် တုတ်သောက်စားခြင်းကိစ္စ မပြီးမချင်း အဘိုးကြီး ဦးပိန်နှင့် အချီအချစကားမဆုံးအောင် ပြောနေရ လေသတည်း။

    မောင်မောင်တုတ်ကား ပင်ကျရေပြာလဲ့လဲ့ကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့ခပ်ကာ ကျေနပ်စွာ သောက်နေရင်း အသူရာနတ်မင်း စည်းစိမ်ဖြင့် မျက်တောင်တမှေးမှေး မျက်စီကလေးတကျဉ်းကျဉ်း နှင့် ယစ်ထုတ် ဇာတ်ခင်းစပြုလာနေလေ၏ တွေ့ကရဘောက်သော် စကားတွေကိုလည်း မနားမနေ ပြောနေရာ မောင်မောင်ငယ်မှာ ဦးပိန်နှင့် အချီအချ ထန်းသမားတို့၏ ဗဟုသုတများကို မေးမြန်း လျက်ရှိရာမှ တစ်ချက် တစ်ချက် မောင်မောင်တုတ်ဘက်သို့ လှည့်ပြီးလျှင်-

    " ကိုရင်တုတ်နော်၊ တော်တော်လည်းသောက်ဗျာ၊ အိမ်တော်ပြန်ရင် ဟုတ်ပျက်နေပါဦး မယ်၊ပြီးတော့လည်း ကျုပ်တို့နှစ်ယောက်ါ အိမ်တော်ကထွက်လာခဲ့တာဟာ ကျုပ်တို့သဘောသက် သက်နဲ့ လွတ်လွတ်လပ်လပ် လာခဲ့ကြတာလည်း မဟုတ်ဘူး၊ ရွှေကိုယ်တော်ဖျားထံတော်မှာ အမိန့်တော်ခံပြီး အကျိုးတော် ဆောင်ရန် ထွက်လာခဲ့ကြတာ ကိုရင်တုတ်ရ"

    သတိပေးလျှင် မောင်မောင်တုတ်မှာ အရေးမကြီးသလိုနှင့်
    " အမယ်လေး…….ကိစ္စမရှိပါဘူး  ကိုရင်ရယ်၊ ကိုရင်ကလည်း တယ်စိတ်ပူတတ်တာကိုး၊ သော်ရတဲ့ခါ စည်းစိမ် ကလေးနဲ့ ယစ်စမ်းပါရစေဦး ကိုရင်ရဲ့"

    "အင်း …….စည်းစိမ်ယစ်နေဗျ၊ တော်တော်ကြာတော့ ရွှေကိုယ်တော် စိတ်ဆိုးတော်မူစရာ ဖြစ်နေလျှင် ဝေဇယန္တာ ပြာဿဒ်ဖျားက ဦးဖောက်ထိုးကျသွားတဲ့ သုဇိတာအဖေ ဖြစ်နေဦးမယ်"
    " ဟား…ဟား…….ဟား…….ဖြစ်စမ်းပါစေ၊ သိကြားယောက္ခမဆိုတဲ့ ဂုဏ်ဟာနည်းတာ မှတ်လို့ ကိုရင်နှယ့်"
    " အင်း….ကျုပ်က သူရာယစ်လို့ သတိလစ်ပြီး ဒုက္ခဖြစ်ရတဲ့ အကြောင်းလောက်သာ နမူ နာထားပြီး ပြောခြင်းဗျ၊ ကိုရင်ကတော့ သမီးမရှိလို့ သိကြားကို သမက်မတော်ရဘဲ ဓားသွားနှင့် ဇက်ပေါ်အတင်ခံရမယ်  ကိုယ့်လူရ"

    " တော်ပါ ကိုရင်ရာ၊ နမိတ်မရှိနမာမရှိ၊ ဒါတွေပြောမနေပါနဲ့၊ ကိုယ်တော်ဖျားအတွက် တော့ကိစ္စမရှိပါဘုူးဗျ၊ အင်မတန် အေချမ်းတဲ့ မင်းသားတစ်ပါးပါ၊ ဒီလိုမင်းသားအပါးမှာ ကျွန်တော် မျိုးခံရတာကြောင် ကျုပ်ကလည်း ရာဇ၀တ်ရောက်မှာလောက်တော့ တယ်မကြောက်လှဘူး၊ ဟဲ…….ငတုတ်ရဲ့၊ နင်တို့သွားတာ ကြာလိုက်တာ၊ ဘယ်နေရာများ လျှောက်လည်းနေကြသလဲ။ မေးတော်မူရင် အထိန်းတော်ကြီး ခင်ဘွားသစ် မလာနိုင်တာနှင့် တောင်ဥယျာဉ်တော်ထဲမှာ အချိန် တွေမနည်း ကြအောင် စောင့်နေရပါဘုရားလို့ စကားလှသုံးပြီး ဖုံးဖုံးကွယ်ကွယ် လျှောက်တင်လိုက် ရင် ကိစ္စငြိမ်းရောပေါ့"

    "ဒီလိုလျှောက်တင်လိုက်လို့ ကိစ္စငြိမ်းတာတော့ ဟုတ်ပါပြီး၊ နို့်..ကိုရင့်ပါစပ်က တထောင်း ထောင်းထ နေတဲ့ အနံ့ကြီးက ဘယ်လိုလုံအောင် ဖုံးမှာတဲ့တုံး"

    " ဟား…….ဟား…….. ကိုရင်ငယ်ဟာ ဒီနေရာမှာ ကျုပ်လောက် ဗဟုသုတ မများသေးပါ ဘူး၊ ကိုရင် မသိရင်အသာနေဗျ၊ ဟော…ဟိုမှာကြည့်စမ်း တဲကလေးနားမှာပေါက်နေတာ ဘာပင်လဲ ကိုဖေငယ်ရဲ့"

    ဆိုကာ လက်ညှိးထိုးပြသဖြင့် မောင်မောင်ငယ်လည်း မောင်မောင်တုတ် ပြရာဆီသို့ ကြည့်လိုက်ပြီးလျှင်-
    " သြဇာပင်ပဲ ကိုရင်ရဲ့၊ ဘာတုံး ကျုပ်ကို သြဇာမပေးချင်ပါနဲ့ဆိုတဲ့ သဘောလားဗျ၊ ကျုပ်က အရိပ်ပြ အကောင် ထင်တဲ့လူပါ၊ ကျုပ်ပြောတာလည်း ကိုရင့်အကျိုးအတွက်၊ ပြောရတာပဲ"

    " ဟဲ……..ဟဲ………ဟဲ……… အဲ ခင်ဗျားတော့ လုပ်ကရော့မယ်၊ ပညာရှိပီပီ စာဆိုတော်လောင်းပီပီ အနက်အဓိပ္ပယ် တယ်မတွေးနဲ့ ကိုယ်လူရာ၊ ကျုပ်ပြောတာက သြဇာရွက် ကိုနှစ်ရွက်လောက်ခူးပြီး ၀ါးလိုက်ရင် ကျုပ်ပါးစပ်က အနံ့တွေ တစ်ခါတည်း ပျောက်ကုန်တာပဲ၊ အဲဒါ …..မယားကြောက်တဲ့ အသောက် သမားတွေရဲ့ လျှိ့ဝှက်တဲ့ နည်းမျိုးပေါ့ ကိုယ့်လူရ"
    "သြော် …….ဟုတ်ကဲ့လား၊ ဒါဖြင့်လည်း ပြီးပါရောဗျာ၊ ဟား……ဟား………. ဟား…….တော်တယ်တဲ့ လူပဲကွဲ့၊ သူ့နည်းနဲ့သတော့ နေရာကိုကျလို့  "

    ထန်းတက်သမာကြီး ဥိးပိန်သည် အနီးတွင် ရိုသေစွာထိုင်ကာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အပြန်အလှန် ပြောနေကြသော စကားများကို ပြုံးပြုံးနှင့် နားထောင်နေလေရာ ဦးပိန်၏ သမီးကလေး မဲမှုတ်ကား တဲ၏အဖီကလေးတွင် စလယ်ဝင်အိုးလေးတစ်လုံးကိုင်ကာ ဆန်ဆေးနေရင်း လူရေးလူရာ နားမလည် ရှာသေးသည့် အရိုင်းအစိုင်း ဆင်းရဲသူမကလေးဖြစ်သည် အားလျော်စွာ ပန်းပုဆိုးတောင်ရှည် ဖဲအင်္ကျီ ရင်ဖုံးနှင့် သျှောင်ထုံးကြီး ညာစောင်းစောင်းတွင် ကြက်ဥနှစ်ရောင် ပုသိမ်ပ၀ါ စံပါယ်ကျဲကို လျော့ရဲရဲ ပေါင်းကာ သက္ကလပ်ပိန်းတန်း စိမ်းပုတ်ပုတ်အရောင်စီးထားသည့် ၀တ်စားသစ်လွင်သူ လူပျိုတော်သား နှစ်ဦးကို အထူးအဆန်ုးသဖွယ် မကြာမကြာ လှမ်းကြည့် ငေးမောနေရှာလေ၏။

(*) မှတ်ချက်။     ။သူငယ်တော်ဆိုသည်ကား နန်းတွင်းတွင် အမှိုက်သရိုက်နှင့် မသန့်မစင်တို့ကို သိမ်းဆည်း သုတ်သင် ရသူ ဖြစ်လေသည်။ ယခုခေတ် ဂျာဒူးဝါလား အလုပ်မျိုးပင်ဖြစ်၏။

(**) မှတ်ချက်။     ။ ၎င်းရေကြည့် နန်းတော် ကား ကြာမျိုးငါးပါးနှင့် ရွှေငါး၊ ငွေငါးမျာကို မွေးမြူးထားပြီး ရူစား ရန် တဲနန်းတော်ဖြင့် သာယာစွာ ပြုပင်ထားသည်၊ အင်္ဂလိပ်အစိုးရများ သိမ်းယူပြီး နှစ်ပေါင်း ၂၅နှစ်ကျော်မှ ဖျက်သိမ်း လိုက်ပြီး ထိုနေရာကို မုန်လာခင်း အဖြစ်နှင့် အကျဉ်းသမားများ ကို စိုက်စေသည်။

(***) မှတ်ချက်။      ။ နန်းကံကျွေးဝန် ဆိုသည်မှာ နန်းတော်အိမ်တော်၊ အဆောင်တော်၊  လွှတ်တော်စသော အဆောက်အဦးများကို ရွှေဘိုနီဒါန်း၊ မြို့တော်နန်းတည် စာတမ်းစသည့်တို့ဖြင့် အစဉ်အလာထုံးစံအတိုငး ကျနစွာစီမံဆောက်လုပ်ရသော ဗိသုကာတို့ကို စီမံအုပ်ချုပ်ရသူ အကြီးအမှူးဖြစ်သည်။ ယခုခေတ် အင်ဂျင်နီ ယာကန်ထရိုက်တာ P.W.D တို့ကို စီမံအုပ်ချုပ်ရသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အလားတူရန်ရှိ
သည်။

(***) မှတ်ချက် ။     ။ စုလည်းထုံး ဆိုသည်မှာ ဆံပင်ကို စည်းကြိုးသကဲ့သို့ စုစည်းပြီးမှ ကြိုက်ရာဆံထုံးကို  ထုံးခြင်းဖြစ်သည်။

(+) မှတ်ချက် ။    ။ စုလည်းစီး ဆိုသည်မှာ ဆံပင်များကို ကြက်တောင်စည်းမီခါစဖြစ်သည်။ ကြက်တောင် စည်းကို ရွှေကန်တော့ ဖြင့်စပ်၍ ဆံပင်ကို ဘူးပွင့်ကဲ့သို့ ဖွာထားခြင်းကိုခေါ်သည်။

အခန်း (၁၇) နက်ဖြန်
.

No comments: