အခန်း(၂)
ထို့နောက်ပိုင်းရက်များ သည် အလွန်တရာ စိတ်ချမ်းသာပြီး ပျော်ရွှင်ရသော ရက်များ ဖြစ်ခဲ့သည်။ ကျွန်တော် လည်း ဘယ်တုန်းကနှင့်မှ မတူအောင် အလုပ်တွေ လုပ်နိုင်ခဲ့သည်။
ယခင်တုန်းက ကျွန်တော့်အခန်းထဲမှာ အခြားသူ တစ်ယောက်ယောက် ရှိနေလျှင် ကျွန်တော် ပန်းချီဆွဲ၍ မရ ခဲ့။
ယခုတော့ သည်လိုမဟုတ်တော့ပြီ။ အခန်းထဲမှာ စူဇီရှိနေသည့်အတွက် ဘာအနှောင့် အယှက်မှမဖြစ်။ အနှောင့်အယှက် မဖြစ်ရုံမက ပို၍ပင် အာရုံဝင်စားလို့ ရနေသည်။ အခန်းထဲမှာ စူဇီမရှိလျှင် ကျွန်တော် ကောင်းကောင်း အလုပ်မတွင်ချင်တော့။
သူသည် အလွန်စိတ်ရှည်သည်။ ကျွန်တော် ပန်းချီဆွဲနေသမျှ တစ်ချိန်လုံး ခုတင်ပေါ်မှာ တင်ပျဉ်ခွေပြီး ထိုင်စောင့် နေတတ်သည်။ တစ်ခါတစ်ရံ နာရီပေါင်းများစွာ ကြာသည်။ အရုပ် စာအုပ်တွေ ထိုင်ကြည့်ချင် ကြည့်နေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း အတွေးထဲမှာ နစ်ချင်နစ်နေတတ်သည်။
တစ်ခါတစ်လေ ကျတော့ သူ့စိတ်ကူးထဲမှာ ပေါ်နေသည်များကို လှမ်းမေးတတ်သည်။ သူ့ဟာသူလည်း ကောက်ချက် ချ အဖြေထုတ်နေတတ်သည်။
"နမ်ကောက်ကိုကြည့်ပြီး ဘုရားသခင်ကတော့ သိပ်သဘောကျနေမှာပဲလို့ ကျွန်မ ထင်တယ်မောင်၊ ယောက်ျားနဲ့ မိန်းမ လက်ထပ်တာကို ဘုရားသခင်က ဂရုစိုက်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန်တွေ အချင်းချင်း လက်ထပ်ဖို့ ဖန်ဆင်း ပေးမထားဘူး။ ငါးတွေ၊ ပန်းပွင့်ကလေးတွေ အချင်းချင်း လက်ထပ်ဖို့ ဖန်ဆင်း ပေးမထားဘူး၊ ပန်းပွင့်ကလေးတွေမှာလည်း လူတွေလိုပဲ၊ အဖိုရယ် အမရယ် ရှိတာပဲ"
"ဒါဖြင့် မောင်တို့လူတွေကိုလည်း ဘုရားသခင်က တိရစ္ဆာန်တွေ၊ ပန်းပွင့်ကလေးတွေလိုပဲ မြင်တယ်လို့ မင်းထင်သလား" ဟု ကျွန်တော်က ပြန်မေးတယ်။
"ဟုတ်တယ်၊ ကျွန်မတို့က ဦးနှောက်ရှိတယ်၊ ဒါပဲ ကွာတယ်၊ ကြောင်တစ်ကောင်ထက် ပိုကောင်းတဲ့ ဦးနှောက် ကျွန်မမှာ ရှိတယ်၊ ဒါပေမဲ့ ကြောင်မှာရော၊ ကျွန်မမှာရော အသက် ရှိတယ်၊ အတူတူပဲ၊ ဘုရားသခင်က ကျွန်မထက် ကြောင်တစ်ကောင်ကို ပိုပြီး သဘောကျ ချင်ကျမယ်၊ ဘယ်သူတွေက သိနိုင်မှာလဲ၊ ကျွန်မတို့ထဲကို အသက်ဆိုတာ ဖန်ဆင်း ထည့်ပေးထားပြီးတော့ ကျွန်မတို့ ပျော်နေတာပဲ ဘုရားသခင်က ကြည့်ချင်မှာပေါ့၊ ဒါကြောင့် နမ်ကောက်ဟိုတယ် ဘားခန်းထဲမှာ စည်းစည်းကားကား ဖြစ်နေတာကို ဘုရား သခင်ကမြင်ရင် သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး "အင်း ... ငါဖန်ဆင်းပေးထားတာဟာ ဘယ်လောက် ဟန်ကျ လိုက်သလဲ" လို့ စဉ်းစားနေမှာပဲ"
ထိုစကားကိုကြားတော့ ကျွန်တော် ရယ်မိပါသည်။
"မိန်းကလေးတွေ ဆေးထိုးရအောင် သွားတာကိုမြင်တော့ကော ဘယ်လိုလဲ၊ ဘုရားသခင် က လက်နှစ်ဖက်ကို ပွတ်လိုက်တာပဲလို့ မင်းထင်သလား"
"မပွတ်ဘူး၊ ဆေးထိုးတာကို ဘုရားသခင် မကြိုက်ဘူး၊ အဲဒီဆေးတွေကြောင့် ဘုရားသခင် စိတ်ဆိုးတယ်"
နေ့တိုင်း ကျွန်တော်တို့ လမ်းလျှောက်ထွက်ကြသည်။
ထွက်တိုင်းလည်း အတွေ့အကြုံ အသစ်အဆန်းတွေ၊ ပျော်စရာ အသစ်အဆန်းတွေ အမြဲ တွေ့နေရသည်။ မရောက်ဖူးသည့် လမ်းကြိုလမ်းကြားဟူ၍ မရှိတော့သလောက် ဖြစ်သည်။ လမ်းဘေး စားသောက်ဆိုင် တွေမှာလည်း ကြုံသလို ၀င်စားလိုက်ကြသည်။ တံငါလှေ ကလေးတစ်စီးနှင့်လည်း လိုက်သွားဖူးသည်။ တောင်ထိပ် သို့လည်း တက်ခဲ့သည်။ ကျားပရုပ်ဆီသူဌေး၏ ခြံသို့သွားကာ ညစ်ထေးညစ်ပတ် ကျောက်ရုပ် တွေကြည့်ပြီး ရယ်ခဲ့ ကြသေးသည်။
တစ်မနက်တွင် စက်သေနတ်သံတွေ အဆက်မပြတ် ကြားရသောကြောင့် အိပ်ရာမှ ကျွန်တော် လန့်နိုးလာသည်။ နယ်ခြားကို ကွန်မြူနစ်တွေ ဖြတ်ကျော်လာပြီး စစ်ပွဲ အသစ်တစ်ခု ဖြစ်ပြီဟု ကျွန်တော် ထင်လိုက်မိသည်။ ပြီးတော့မှ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အတောမသတ် ရယ်မိကြတော့သည်။
"ဗြောက်အိုးတွေ ဖောက်နေတာ"
သည်လို စောစောစီးစီး ဗြောက်အိုးဖောက်တာမျိုးကို ကျွန်တော်တို့ မကြုံဖူး။ အလံလွှင့် ထားသော သင်္ဘော သုံးစီးဖြင့် ပျော်ပွဲစားထွက်သူတွေ လိုက်ပါသွားကြသည်။ ထိုသင်္ဘော ပေါ်က ဗြောက်အိုးပေါင်း များစွာကို ဖောက်ခြင်း ဖြစ်သည်။
ထိုနေ့သည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတို့ ကိုးကွယ်သည့် မေခလာ နတ်သမီး နေ့ဖြစ်ကြောင်း အတောင်းပြောပြမှ သိရသည်။ တံငါရွာကလေး တစ်ရွာ သို့ ဘတ်စ်ကား စီးပြီး ကျွန်တော်တို့ သွားကြသည်။ ခြင်္သေ့ခေါင်းစွပ်ပြီး ကနေသူများနှင့် လူပေါင်းများစွာတို့ စီတန်းလှည့် လည်နေသည်ကို တွေ့ရသည်။ အစားအသောက်တွေ ကလည်း စုံပါဘိ။ များပါဘိ။ စေတနာ ပိုပါဘိ။
နေ့စဉ် အနည်းဆုံး တစ်နာရီလောက်တော့ စူဇီကို ကျွန်တော် စာဖတ်ပြလေ့ ရှိသည်။ ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ စာအုပ်များ ကျွန်တော် သွားငှားသည်။ သူနားမလည် သည့် စကားလုံးများကို ရှင်းပြရသည်။ စူဇီသည် ၀တ္ထု၊ အတ္ထုပတ္တိနှင့် ခရီးသွား စကာပေ များကို စိတ်ဝင်စားသည်။
သို့သော်လည်း သူအကြိုက်ဆုံးဝတ္ထုမှာ ဂိုင်းဒီမောပါဆွန့်၏ "ဘောင်းဒီဆူး" ၀တ္ထု ဖြစ် သည်။ ၀တ္ထုဇာတ်လမ်း မှာ ပြင်သစ်လူမျိုး ပြည့်တန်ဆာမကလေးသည် အရင်းရှင်းကြီး တစ်ဦးနှင့်အတူ ခရီးသွားသည်။ အရင်းရှင်ကြီး က ပထမပိုင်းတော့ ပြည့်တန်ဆာမ ကလေးကို အထင်သေးသည်။ နောက်တော့ ပြည့်တန်ဆာမကလေးကို အသုံးချသည်။ သူ့ဆန္ဒနှင့် ဆန့်ကျင်ပြီး ခိုင်းစေခြင်းများလည်း ခံရသည်စသော ဇာတ်လမ်း ဖြစ်သည်။
ထိုဝတ္ထုကို ဖတ်ပြသောအခါ စိတ်ဝင်စားစွာ နားထောင်သည်။ ပြီးတော့ မဆုံးနိုင်အောင် မေးခွန်းတွေ မေးလေတော့သည်။ ဘောင်းဒီဆူးဆိုသော ပြည့်တန်ဆာမကလေးသည် ထိုဘ၀သို့ ဘာကြောင့် ရောက်လာရသနည်း၊ လူပေါင်း ဘယ်လောက်များများနှင့် တွေ့ခဲ့ သနည်း၊ အခကြေးငွေ ဘယ်လောက်ယူသနည်းဆိုသော မေးခွန်းများ ဖြစ်သည်။
ဘားခန်းထဲမှာရှိသော အခြားအမျိုးသမီးများကိုလည်း သူက ထိုဝတ္ထုဇာတ်လမ်းကို ပြန်ပြောပြသည်။ အမျိုးသမီးတွေက ကြိုက်လွန်းသောကြောင့် အကြိမ်ကြိမ် ထပ်ပြောခိုင်းတတ် သည်။ ထိုဝတ္ထုပြောပြီဆိုလျှင် အမျိုးသမီး များအားလုံးသူ့ဘေးမှာ ၀ိုင်းနေကြသည်။
ယခုဆိုလျှင် စူဇီသည် ဘားခန်းထဲမှာ ဘုရင်မကြီးလို ဖြစ်နေသည်။ အားလုံးက သူ့ကို လေးစားကြသည်။ ကျွန်တော်နှင့် အတည်တကျ အတူနေနေပြီကို တွေ့ရသောကြောင့် ပိုလေးစားလာသည်။
ကျွန်တော်တို့ နှစ်ယောက်ကိုလည်း တရားဝင် လက်ထပ်ထားသည့် အကြင်လင်မယား အဖြစ် သဘောထား ဆက်ဆံ လာကြသည်။ လက်ဆောင်ပစ္စည်းကလေးများ ယူလာကာ ကျွန်တော်တို့အခန်းသို့ လာရောက်လည်ပတ်တတ်ကြသည်။ ကျွန်တော်တို့ နှစ်ယောက်တည်းနေဖို့ အချိန်တန်ပြီဆိုလျှင်လည်း လိမ္မာပါးနပ်စွာ အလျှိုလျှို ပြန်သွားကြသည်။
ကျွန်တော်တို့အခန်းသို့ အများဆုံးလာရောက် လည်ပတ်သူမှာ ဂွမ်နီနှင့် နောက်ရောက် လာသည့် လူသစ် မေရီကီး ဖြစ်သည်။ မေရီကီးသည် အရှက်အကြောက် ကြီးသည်။ စူဇီက သူ့ကို အစစ အရာရာ သွန်သင်ဆုံးမသည်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ပေးလေ့ရှိသည်။ ကျောင်းဆရာမ ကြီးတစ်ယောက် က ကျောင်းသူကလေးတစ်ယောက်ကို သင်ကြားပေးနေသည်နှင့်ပင် တူသေးတော့သည်။
အခြား မိန်းကလေးများနှင့် တွေ့လျှင် စူဇီသည် ယခင်တုန်းက "ကျွန်မရည်းစား" ဟု ကျွန်တော့်ကို ညွှန်းလေ့ ရှိသည်။ ယခုတော့ ထိုအသုံးအနှုန်းးကို လုံးဝမသုံးတော့။ "ကျွန်မ ယောက်ျား" ဟု ပြောင်းလဲ သုံးနှုန်း လာသည်။
ထိုအကြောင်းနှင့် ပတ်သက်ပြီး တစ်ခါတုန်းက ကျွန်တော့်ကို သူပြောပြဖူးသည်။
"ကျွန်မယောက်ျားလို့ ပြောရတာ ပိုကောင်းတယ် ထင်လို့ပါမောင်ရယ်၊ ဒါပေမဲ့ မောင့်ကို အရင်မေးမကြည့်ဘဲ ကျွန်မဟာကျွန်မ ဒီလိုပြောမိတာတော့ စိတ်မကောင်း ဖြစ်မိပါတယ်"
"ဘယ်လိုပဲခေါ်ခေါ် အရေးမကြီးပါဘူး စူဇီ၊ မင်းကြိုက်သလို ခေါ်နိုင်ပါတယ်"
"ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူးလို့ သူတို့ကို ပြောပြ ထားပါတယ်၊ 'ငါ့ယောက်ျားဟာ အင်မတန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီး၊ တစ်နေ့ကျရင် သူ သိပ်နာမည်ကြီးသွားမယ်၊ တစ်ကမ္ဘာလုံး မှာ ဟိုးဟိုးကျော်သွားမယ်၊ သတင်းစာထဲမှာ သူ့ပန်းချီကားတွေ ပါလာတာ မင်းတု့ မြင်ရမယ်၊ သတင်းကား တွေထဲမှာ သူ့ပန်းချီကားတွေ ပါလာတာ မင်းတို့ မြင်ရမယ်၊ ဒါကြောင့် ငါ့ကို သူ လက်ထပ်လို့ မဖြစ်ဘူးလေ၊ အင်္ဂလိပ်မ ကလေးတစ်ယောက်နဲ့ သူ လက်ထပ်ရမှာ' လို့ သူတို့ကို ကျွန်မက ပြောပြ ထားတယ်"
"ရှေ့ရေးနဲ့ ပတ်သက်ပြီး မောင်လည်း ဟုတ်တိပတ်တိ မစဉ်းစားမိပါဘူး စူဇီရယ်" ဟု ကျွန်တော်က ပြန်ပြောမိသည်။
နေ့လည်ခင်း ကျွန်တော်တို့ အနားယူနေကြခိုက် ဖြစ်သည်။
"ဒါထက် ... ဟို ... ဂေါ့စ် ... ဘာလဲ၊ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲဟင်"
"ဂေါ့ဆမာကို ပြောတာလား"
နေ့လည်စာ စားတုန်းက သူ့ကို ဖတ်ပြခဲ့သည့် စာတစ်အုပ်တွင် ထိုစကားလုံးပါကြောင်း ကျွန်တော် အမှတ်ရ မိသည်။
"ဟုတ်တယ်၊ ဂေါ့ဆမာ"
အဓိပ္ပာယ်ကို ကျွန်တော် ရှင်းပြသည်။ ထိုမှဆက်ပြီး ပင့်ကူများအကြောင်း၊ ပင့်ကူအိမ် လုပ်သည့် အကြောင်းများကို ကျွန်တော် ပြောပြသည်။
"ရှေ့ရေးနဲ့ပတ်သက်ပြီး မောင်လည်း ဟုတ်တိပတ်တိ မစဉ်းစားမိပါဘူး စူဇီရယ်" ဟု ကျွန်တော်က ပြန်ပြောမိသည်။
နေ့လည်ခင်း ကျွန်တော်တို့ အနားယူနေကြခိုက် ဖြစ်သည်။
"ဒါထက်... ဟို ဂေါ့စ်... ဘာလဲ၊ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲဟင်"
"ဂေါ့ဆမာ ကို ပြောတာလား"
နေ့လည်စာ စားတုန်းက သူ့ကို ဖတ်ပြခဲ့သည့် စာတစ်အုပ်တွင် ထိုစကားလုံးပါကြောင်း ကျွန်တော် အမှတ်ရမိသည်။
"ဟုတ်တယ်၊ ဂေါ့ဆမာ"
အဓိပ္ပာယ်ကို ကျွန်တော် ရှင်းပြသည်။ ထိုမှဆက်ပြီး ပင့်ကူများအကြောင်း၊ ပင့်ကူအိမ်လုပ်သည့် အကြောင်းများကို ကျွန်တော် ပြောပြသည်။
မလေးရှားမှာ ကျွန်တော် နေစဉ်က ပင့်ကူများကို နာရီပေါင်းများစွာ လေ့လာကြည့်ဖူးသည်။ သစ်ပင်ကြီးနှစ်ပင်ကို ဆက်ထားသည့် ပင့်ကူအိမ်လုပ်ရာတွင် ပထမအမျှင်များကို ဘယ်လိုများ ဆက်ပါလိမ့် ဟု ကျွန်တော် သိချင်ခဲ့သည်။ ထု့ကြောင့်လည်း နာရီပေါင်းများစွာ စောင့်ကြည့်ခဲ့သည်။
ပင့်ကူတစ်ကောင်သည် သစ်ပင်တစ်ပင်၏ အကိုင်းတစ်ခုမှ ပင့်ကူမျှင် တစ်ချောင်းဖြင့် တွဲလောင်းချနေသည်။ လေတိုက်သောအခါ တစ်ဖက်သို့ လွင့်သွားသည်။ အခြားသစ်ပင်မှာ သွားတွယ် မိသည်။ သို့ဖြင့်ပင် သစ်နှစ်ပင်ကို ဆက်သော ပထမအမျှင် ရလေတော့သည်။ ထိုပထမတစ်မျှင် ရပြီဆိုလျှင် ကြီးမားသော ပင့်ကူအိမ်ကြီးလုပ်ဖို့ အခက်အခဲမရှိတော့ပြီ။
စူဇီသည် အလွန်ဗဟုသုတ လိုချင်သည့် မိန်းကလေးဖြစ်သည်။ ကျွန်တော် ပြောပြသည်များကို စိတ်ဝင်တစား နားထောင်သည်။ မှတ်ဥာဏ်လည်း ကောင်းသည်။ သူ စာမတတ်သည်မှာ ကျွန်တော့်အဖို့ တစ်မျိုး ချစ်စရာ ကောင်းနေသည်။
ထိုနေ့က ပင့်ကူနှင့် ပင့်ကူအိမ်အကြောင်း ပြောပြနေရင်း ကျွန်တော့် စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါက်လာသည်။ စူဇီနှင့် အတူနေရသည်မှာ ကျွန်တော့် ဘ၀တွင် အပျော်ဆုံးဖြစ်သည်။ အခြားသူများနှင့် အတူနေခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမိုစိတ်ချမ်းသာမိသည်။
သူနှင့် ကျွန်တော် လက်ထပ်ချင်လှပါသည်။
သို့သော်လည်း ဒီအကြောင်းကို ကျွန်တော် ဖွင့်မပြောမိ။ ထိုမျှမက ကျွန်တော် ကိုယ်တိုင်ကလညး ဘာဆုံးဖြတ်ချက်မှ မချသေးဘဲ ထားလိုက်သည်။ ယောက်ျားတစ်ယောက်သည် ဆိပ်ကမ်းမှ အမျိုးသမီး များနှင့် လက်မထပ်ဘဲ အတူနေနိုင်သည်။ သို့သော်လည်း ကျွန်တော့်အနေဖြင့် စူဇီနှင့် ဘာကြောင့် လက်မထပ်ဘဲ နေရမည်နည်း။ သူ့ဘ၀၏ အတိတ်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော် လုံးဝ ဂရုမစိုက်ပါ။ ကျွန်တော့် စိတ်ကို နည်းနည်းကလေးမှ မထိခိုက်စေပါ။ ယခုဆိုလျှင် သူ့အတွေ့အကြုံများကိုပင် ကျွန်တော် မေးကြည့် နေမိသည်။ သူ ပြောပြနေသည်များကို စိတ်ဝင်တစား ထိုင်နားထောင်နေနိုင်စွမ်းလည်း ရှိနေပြီ။
ပင့်ကူနှင့် ပင့်ကူအိမ်များအကြောင်း ပြောနေရင်းမှာပင် သူနှင့် လက်ထပ်ဖို့ကိစ္စ ပြောမိတော့မလို ဖြစ်သွား သည်။ ထိုအချိန်မှာပင် ကျွန်တော့် ခန္ဓာကိုယ်အတွင်းမှ အသံတစ်သံကို ကြားနေရသလိုရှိသည်။
"မင်း မရူးစမ်းနဲ့၊ တစ်နေ့ကျရင် မင်း နောင်တကြီးစွာ ရမယ်ဆိုတာကို မင်းသိတယ်၊ သူ့ကို မင်းလက်ထပ် ချင်တယ်ဆိုတာ သူ့ရဲ့ မသိနားမလည်မှုက မင်းရဲ့ အတ္တစိတ်ကို ကြီးအောင်လုပ်ပေးနေလို့ပဲ၊ မင်းကို သူက အထင်ကြီး လေးစားနေလို့ပဲ"
ကျွန်တော်ကလည်း အာခံသောမေးခွန်းမျိုး ပြန်မေးမိသည်။
"အဲဒီလိုထင်တာ ဘာမှားသလဲ၊ ငါ့ကို အထင်ကြီးလေးစားတာ ငါက မသာယာရဘူးလား၊ ဘာပဲဖြစ်ဖြစ် တစ်ခါတလေမှာ သူ့ကြောင့် ငါစိတ်ဆင်းရဲရတာတော့ ရှိတာပေါ့၊ ဒါကလည်း သူရဲ့ မသိနား မလည်မှုကြောင့်ပါ၊ သူဟာ ငါ့ထက် ပိုပြီး သန့်ရှင်းလက်ဆက်တယ်၊ ငါ့ဆီက သူ လေ့လာရ တာတွေရှိသလို သူ့ဆီမှာ ငါ လေ့လာရတာတွေလည်း အများကြီးရှိတယ်၊ တစ်ချိန်လုံး သူ့ဆီက ငါ လေ့လာနေရတာ၊ ဘ၀ ကိုလည်း အင်မတန် သန့်ရှင်းတဲ့ အမြင်နဲ့ သူ မြင်တယ်၊ ဘ၀ကို သူ့မျက်စိအမြင်နဲ့ ငါကြည့်ရတာတွေ ရှိတယ်"
အတွင်းကအသံ။ ။ "ကောင်းပြီ၊ သူ့ကို မင်းလက်ထပ်ပြီး ဒီမှာပဲ နေမယ်ဆိုရင် ပြဿနာမရှိဘူး၊ ဒါပေမဲ့ အင်္ဂလန်ကိုတော့ သူ့ကို မင်းခေါ်သွားလို့ မဖြစ်ဘူး၊ မင်းမိတ်ဆွေ တွေက သူ့ကို အိမ်ထဲအ၀င်ခံမှာ မဟုတ်ဘူး"
ကျွန်တော်။ ။ "အိမ်ထဲအ၀င်မခံချင်တဲ့ အကောင်တွေ ငရဲပြည် သွားကြပေါ့၊ လက်ခံချင်တဲ့လူတွေ သေချာပေါက်ရှိရမယ်"
အတွင်းကအသံ။ ။ "ဟုတ်တယ်၊ အဲဒီလက်ခံချင်တဲ့ သူကလည်း သူ့ကို ကြေးစားအဖြစ်နဲ့ လက်ခံ တာပဲဖြစ်ရမယ်၊ မင်း ဟောင်ကောင်မှာ သင်္ဘောသားတွေနဲ့ လုပ်ခဲ့တာမျိုးလေး လုပ်ပြစမ်းပါကွာ၊ အဲဒါလေး ကြည့်ချင်လို့ ဆိုတာမျိုးပဲ ပြောမှာပေါ့"
ကျွန်တော်။ ။ "ဒီလိုဆိုရင် သူ့ကို အင်္ဂလန် ပြန်ခေါ်မသွားဘဲ နေရုံပေါ့၊ ဒီအရှေ့ပိုင်းမှာပဲ ငါဆက်နေရုံပဲ မဟုတ်လား"
အတွင်းကအသံ။ ။ "ဒီအရှေ့ပိုင်းမှာလည်း လူမှုဆက်ဆံရေးမှာ သူဟာ အနှောင့်အယှက်ကြီး ဖြစ်နေမှာပဲ"
ကျွန်တော်။ ။ "မင်းပြောနေပုံက ငါဟာ လူမှုဆက်ဆံရေးတွေကို ရှေ့တန်းတင်နေတဲ့ အတိုင်းပဲ၊ ငါဟာ ကိုလိုနီအစိုးရအလုပ် ၀င်လုပ်မယ့်အကောင် မဟုတ်ဘူး၊ ငါဟာ ပန်းချီဆရာပဲ၊ နောက်ပြီးတော့ ကိုယ့်စံပြမယ် ကိုယ်ပြန်ယူတဲ့ ပန်းချီဆရာဟာ ငါပထမဦးဆုံး မဟုတ်ဘူး"
အတွင်းကအသံ။ ။ "ကောင်းပြီ၊ မင်းအတွက် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ဘူး ဆိုရင်တော့ သဘောပေါ့၊ ဒါပေမဲ့ စူဇီရဲ့ အကျိုးကျေးဇူးအတွက် မင်းစိတ်ကို မင်းထိန်းထားပါ၊ ဒီအကြောင်း အခု ဖွင့်မပြောလိုက်နဲ့ဦး၊ ဘာတစ်ခွန်းမှ မဟနဲ့ဦး၊ တစ်ပတ်လောက် မင်းစောင့်ကြည့်ပါ၊ နောက်အပတ် ဒီအချိန်လောက်ဆိုရင် မင်းစိတ်တွေ တစ်မျိုးပြောင်းသွားတာ တွေ့ရပါလိမ့်မယ်၊ မင်းမှာ သူနဲ့ လက်ထပ် ချင်တဲ့စိတ်တွေ မရှိတော့တာ တွေ့ရပါလိမ့်မယ်"
နောက် ရက်ပေါင်းများစွာ ကြာလာသော်လည်း ကျွန်တော့်စိတ် မပြောင်းပါ။ သူနှင့် လက်ထပ်လိုသည့်ဆန္ဒသည် ပိုလို့သာ ကြီးမားခိုင်မြဲလာပါသည်။ သူနှင့် လက်ထပ်ရမည်ဟုလည်း ပျော်ရွှင်စွာ တွေးတောနေမိသည်။ အဆင်ပြေအလျဉ်းသင့်သည့် တစ်နေ့မှာတော့ သည်အကြောင်း သူ့ကို ဖွင့်ပြောရမည်။ ဖွင့်ပြောရန်လည်း ဆုံးဖြတ်ချက် ချလိုက်မိလေတော့သည်။
လောလောဆယ်မူ အချိန်မကျသေး။ ထို့ကြောင့် သည်အကြောင်းကို ဘေးဖယ်ထားလိုက်သည်။
မမျှော်လင့်ဘဲ အံ့သြဖွယ်ရာ အကြောင်းတစ်ခု ပေါ်လာသည်။
တစ်မနက် ဆယ့်တစ်နာရီခန့်တွင် ကျွန်တော် ပန်းချီဆွဲရင်း အလုပ်ရှုပ်နေခိုက် တ့ခါးခေါက်သံ ကြားရသည်။ စူဇီသည် လသာဆောင်မှာ ဂွမ်နီ၊ မေရီကီးတို့နှင့် စကားပြောနေသည်။ တံခါးခေါက်သံကြားတော့ စူဇီ ပြေးသွားသည်။ ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်အောင် အကာအကွယ် ပေးဖို့ တာဝန်ကို သူ တက်တက်ကြွကြွ ထမ်းဆောင်လေ့ရှိသည်။
အတောင်းကို လေသံကလေးနှင့် ပြန်ပြောနေကြောင်း ကြားရသည်။ ပြီးတော့ တံခါးပိတ်ထားခဲ့သည်။ ကျွန်တော့်ဆီသို့ ပြန်လာသည်။ သူ့ကိုယ်သူ အလွန်အရေးပါ အရာရောက်သည့်ပုံမျိုး ဖမ်းထားသည်။ ကျွန်တော့်ဆီသို့ စာအိတ်တစ်လုံး ကမ်းပေးသည်။
"မောင့်ဖို့ ကြေးနန်းတစ်စောင် အခုပဲရောက်လာတယ်"
"အလိမ္မာမကလေးလုပ်ပြီး မောင့်အတွက် မင်းကပဲ ဖောက်ပေးပါလား စူဇီ"
ဂွမ်နီနှင့် မေရီတို့ရှေ့တွင် ကျွန်တော့်အတွက် သည်လိုတာဝန်တွေ ယူပြရသဖြင့် သူဘယ်လောက် စိတ်ချမ်းသာသွားမည်ဖြစ်ကြောင်း ကျွန်တော် ခန့်မှန်းကြည့်မိပါသည်။
ဂုဏ်ယူဝင့်ကြွားမှုကြောင့် သူ့အမူအရာ တက်ကြွလာသည်။ ဟိတ်ကြီး ဟန်ကြီးဖြင့် စာအိတ်ကို ဂရုတစိုက်ဖွင့်သည်။ အတွင်းမှ စာရွက်ကို လှမ်းပေးသည်။
ကျွန်တော့်တစ်သက်တွင် မြင်ဖူးသမျှ အရှည်ဆုံး ကြေးနန်းဖြစ်သည်။ ရုတ်တရက်တော့ ကျွန်တော့်အတွက် မဟုတ်ဘဲ လူမှားပြီး လာပေးခြင်းများ ဖြစ်လေသလားဟု စဉ်းစားလိုက်မိသေးသည်။ ထို့နောက်မှ နယူးယောက်မြို့ရှိ မစ်ဖို့ပန်းချီ ပြခန်းမှ ရိုက်လိုက်သော ကြေးနန်းဖြစ်ကြောင်း သတိပြုမိသည်။ စုစုပေါင်း စာကြောင်းရေ ဆယ့်နှစ်ကြောင်း ပါသည်။
အတိုချုပ်မှာ ကျွန်တော်ပို့လိုက်သည့် ပန်းချီကားများကို နိုင်ငံတကာသို့ ဖြန့်ချိနေသော နာမည်ကြီး အမေရိကန် ရုပ်စုံမဂ္ဂဇင်း တစ်စောင်က ဖော်ပြပြီး ဆောင်းပါးရေးလိုကြောင်း၊ ထိုမျှမက ကျွန်တော် ဂျပန်ပြည်သွားပြီး "ဂျပန်ပုံကြမ်း" စာအုပ် တစ်အုပ် အတွက်လည်း ပန်းချီများ ရေးဆွဲပေးစေလိုကြောင်း၊ ပန်းချီ ရေးဆွဲခများအပြင် ဂျပန်ပြည်သို့ သွားသည့် အသွားအပြန် လေယာဉ်ခ၊ ဂျပန်တွင် နေထိုင်ရမည့် နှစ်လ အတွက် ကုန်ကျစရိတ်များကို သီးခြားကျခံမည့် ဖြစ်ကြောင်းများ ပါရှိသည်။
ဟောင်ကောင် ပန်းချီကားများအတွက် ရမည့်ငွေနှင့် ဂျပန်သို့ သွားပြီး ရေးဆွဲပေးရမည့် ပန်းချီကား များအတွက် ရမည့်ငွေနှစ်ရပ်ပေါင်းကို အမေရိကန် ဒေါ်လာနှင့် ပေးချေမည်ဖြစ်သည်။ ရမည့်ငွေတွေက များလှသည်။ ယခုအဆင့် အတန်းအတိုင်း စူဇီနှင့် ကျွန်တော် ဆက်နေမည်ဆိုလျှင် အနည်းဆုံး တစ်နှစ် ကျော်ကျော် မပူမပင် မကြောင့်မကြ နေနိုင်မည်ဖြစ်သည်။
ကြေးနန်း၏ နောက်ဆုံးသုံးကြောင်းကမူ ယခုလို စီးပွားရေးလုပ်ငန်းအပေါ်တွင် အထင်မသေး စေလိုကြောင်း၊ ဒါကို အခြေပြုပြီး နောက်ထပ် ပြပွဲတွေမှာ ကျွန်တော့်အတွက် အလားအလာ ကောင်းကြောင်း ရေးထားသည်။
ကျွန်တော် ဘယ်လောက် ၀မ်းသာသွားသည်ကို ဖော်ပြနိုင်စွမ်းမရှိပါ။ ထို့ကြောင့် အကြွင်းမဲ့ လက်ခံ ပါကြောင်း ချက်ချင်း ကြေးနန်းပြန်ရိုက်လိုက်သည်။ ကျွန်တော် ရမည့်ငွေကြေးနှင့် ပတ်သက်၍လည်း ရှင်းရှင်း လင်းလင်း သိလိုကြောင်း ထည့်မေးလိုက်သည်။
နောက် လေးဆယ့်ရှစ်နာရီကြာတော့ ကြေးနန်းပြန်လာသည်။ ပထမကြေးနန်းတွင် ဖော်ပြထားသည့် ငွေကြေးအတိုင်းပင် ဖြစ်ကြောင်း ပါလာသည်။
ရော့ဒ်နေ ထွက်ခွာသွားသည့် အချိန်မှစ၍ ယခု ပထမဦးဆုံး ရော့ဒ်နေကို သတိရမိသည်။ ယခုလို အချိန်မျိုးတွင် ကျွန်တော့်အနားမှာ သူ ရှိစေချင်လှသည်။ ရော့ဒ်နေကြောင့်မဟုတ်လျှင် သည်အခွင့်အရေး ပေါ်လာစရာအကြောင်းမရှိ။ ထို့ကြောင့် အနားမှာ သူရှိနေမည်ဆိုလျှင် သူ့လည်ပင်းကို အားပါးတရ ပြေးဖက်မိပေလိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။
နောက်ထပ် တစ်နာရီကြာတော့ ကြေးနန်းတစ်စောင် ထပ်ရောက်လာပြန်သည်။
ဂျပန်သို့ အသွားအပြန် လေယာဉ်လက်မှတ် ၀ယ်ယူရန်ငွေနှင့် ကျွန်တော့်အတွက် ပထမအရစ် ဥာဏ်ပူဇော်ခ ငွေကို ဟောင်ကောင်နှင့် ရှန်ဟဲဘဏ်တိုက်တွင် ထုတ်ယူရန်နှင့် ဂျပန်သို့ အမြန်ဆုံးသွားရန် မေတ္တာရပ်ခံကြောင်း ပါရှိသည်။
ဘဏ်တိုက်မှာ ငွေများသွားထုတ်ယူပြီး ဂျပန်အသွားအပြန် လက်မှတ်ကို ဘီအိုအေစီလေကြောင်း ကုမ္ပဏီမှာ သွားဝယ်သည်။ ကျွန်တော့်ကို ပထမတန်းမှစီးရန် ငွေထတ်ပေးသော်လည်း ရိုးရိုးတန်း လက်မှတ်ကိုပင် ကျွန်တော် ၀ယ်ယူလိုက်သည်။ ပိုသည့် ငွေများဖြင့် စူဇီအတါက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ပေးသည်။
အိမ်ပြိုကျပြီး သူ့ပစ္စည်းတွေအားလုံး ဆုံးရှုံးကုန်ကတည်းက စူဇီအတွက် အပေါစား အင်္ကျီနှစ်ထည်နှင့် အတွင်းခံ အနည်းငယ်သာ ၀ယ်နိုင်ခဲ့သည်။ ကျွန်တော်က ၀ယ်ပေးလိုသော်လည်း ငွေကုန်မည် စိုးသောကြောင့် သူက အ၀ယ်မခံ။
ယခုတော့ ကျွန်တော်တို့ ၀ယ်နိုင်ပြီ။ ရှူးဖိနပ်တွေ၊ ခြေညှပ်ဖိနပ်တွေ၊ ခြေအိတ်တွေ၊ ဂျင်းဘောင်းဘီနှင့် ဂျင်းအင်္ကျီတွေ၊ ဘေးကွဲတရုတ်ဂါဝန်တွေ၊ ပြီးတော့ လိုအပ်သည့် မိန်းမအသုံးအဆောင်တွေ တစ်ထမ်းကြီး ၀ယ်ကြသည်။
ဈေးဝယ်ပြီးသောအခါ ဂေါ်ဒန်ဟာမီလ်တန်ရှိရာ ဘဏ်တိုက်သို့ လာကြသည်။ စူဇီ၏ အမည်ဖြင့် ငွေစာရင်းဖွင့်ပေးရန် ဖြစ်သည်။ စူဖီ၏ ဘ၀တွင် သူ့အမည်ဖြင့် သူပိုင်ချက်စာအုပ်ကို ပထမဆုံး ရရှိဖူးခြင်း ဖြစ်လေသည်။ ဟာမီလ်တန်ကလည်း ငွေထုတ်လိုပါက သူ့ဆီသို့ အားမနာတမ်းလာပါ၊ လိုသည့် ငွေပြောပါ၊ သူ ရေးပေးမည်၊ စူဇီက လက်မှတ်ထိုးရုံသာဖြစ်သည်ဟု ပြောပြသည်။
စူဇီ၏ နမူနာလက်မှတ် တောင်းသည်။ သူ့လျှာကလေးကို တစ်လစ်ကလေးလုပ်ပြီး ဂရုတစိုက် လက်မှတ် ထိုးသည်။ ထုံးစံအတိုင်း ဇက်(Z)စာလုံးကကြီးပြီး အစက်ကလေးတွေက မထိ။ ထို့ပြင် (Z)က ပြောင်းပြန်လှည့်နေသည်။
"ဘရာဗို ကောင်းလိုက်တာဗျာ၊ လူတိုင်းရေးထိုးနေကြတဲ့ လက်မှတ်တွေအားလုံး အဖတ်ရ လွယ်စေချင်နေတာ" ဟု ဟာမီလ်တန်က ပြောသည်။
နောက် ဆယ့်ရှစ်နာရီကြာတော့ လေယာဉ်ပျံထဲမှာ ကျွန်တော် ရောက်နေပြီ။ လေယာဉ်ပျံ အပေါ် ပျံတက်တော့ ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ သံစကာတွေနောက်တွင် ဂျင်းဘောင်းဘီနှင့် ဂျင်းအင်္ကျီ အသစ်ကလေးဝတ်ပြီး လက်ဝှေ့ယမ်းပြကာ ခုန်နေသည့် စူဇီကို မြင်ခဲ့ရလေသည်။
နောက် နာရီအနည်းငယ်ကြာတော့ အိုကီနာဝါမှာဆင်းပြီး လေယာသ်ဆီဖြည့်သည်။ ခဏကြာတော့ ပြန်တက်သည်။ နေ၀င်ချိန်တွင် ကျွန်တော်တို့ လေယာဉ်ပျံသည် အမြင့်ပေနှစ်သောင်းမှာ ပျံသန်းနေသည်။ နေ၀င်သွားပြီ။ မိုးကုတ်စက်ဝိုင်းဆီမှာသာ လိမ္မော်ရောင် အလင်းရောင်တွေ ဖြာကျနေသည်။
ထိုအခိုက် ယင်းလိမ္မော်ရောင် အလင်းရောင်ကို နောက်ခံပြုထားသော ကန်တော့ပုံသဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။
"ဖူဂျီတောင်"ဟု လေယာဉ်မယ်က ပြောသည်။ ဂျပန်ပြည်ကို ပထမဦးဆုံး ကျွန်တော် စတင် မြင်ဖူးလိုက်ခြင်းဖြစ်ပါသည်။
နာရီဝတ်ကြာသောအခါ ဟာနေဒါလေဆိပ်မှာ ကျွန်တော်တို့ လေယာဉ်ပျံဆင်းသည်။ တိုကျိုမြို့ထဲသို့ လေကြောင်း ကုမ္ပဏီမှ ဘတ်စ်ကားဖြင့်ပင် လာခဲ့ပြီး အင်ပီရီယယ်ဟိုတယ်မှာ တစ်ညအိပ်လိုက်သည်။ နောက်နေ့မနက်တွင် မဂ္ဂဇင်းတိုက်၏ တိုကျိုရုံးခွဲသို့ ကျွန်တော် ရောက်သွားလေသည်။
"ကိုကာကိုလာ သုံးဆောင်တာပေါ့နော်" ဟု အမေရိကန်လူမျိုး မန်နေဂျာက မေးသည်။ တစ်ဆက်တည်း "မစ္စယာမာဂူရှီ၊ ကိုကာကိုလာနှစ်လုံးယူခဲ့ပါ" ဟုလည်း လှမ်းမှာသည်။ ကိုကာကိုလာသောက်ရင်း ကျွန်တော်တို့ စကားပြောကြသည်။
မန်နေဂျာ၏ ရုံးခန်းကြီးက ကြီးကျယ်ခမ်းနားလှလေရာ ကျွန်တော့်ကို ခြိမ်းခြောက်နေသလို ဖြစ်နေသည်။ ကျွန်တော်သည် ပြည့်ပြည့်စုံစုံ နေနိုင်သော ပန်းချီဆရာ တစ်ယောက် ဖြစ်သည်ဟု မန်နေဂျာက ထင်နေသည့် အတွက်လည်း အနေရအထိုင်ရ ခက်လာသည်။
မဟုတ်မမှန်ဘဲ ဟန်ဆောင်နေမိသလိုလည်း ကိုယ့်ဟာကိုယ် ခံစားလာရသည်။
ကျွန်တော်သည် စိတ်ချမ်းသာမှုအတွက် ပန်းချီစတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ကိုယ်စိတ်ချမ်းသာသည့် လုပ်ငန်းကို ဆောင်ရွက်ရန် အခကြွေးငွေပေးပြီး တာဝန်ပေးခြင်း ခံရသည့်အတွက် စိတ်ထဲမှာ မနေတတ် မထိုင်တတ် ဖြစ်နေသည်မှာလည်း မှန်ပါသည်။
ကျွန်တော့် လုပ်ငန်းအတွက် ငွေတွေ အမြောက်အမြား ပေးနေသည်ကို တွေ့ရတိုင်း ရှက်စိတ်လည်း ပေါ်မိသည်။
နောက်ဆုံးတွင် ကျွန်တော်၏ နေရေးထိုင်ရေးနှင့် ပတ်သက်၍ မန်နေဂျာက ပြောပြသည်။ အကောင်းဆုံးဟိုတယ်မှာ တည်းရမည်။ ဇိမ်အရှိဆုံး ခရီးသွားရမည်ဟု ဆိုသည်။ ကျွန်တော်ကမူ အရေး မကြီးကြောင်း၊ ဖြစ်သလိုလည်း နေတတ်ပါကြောင်း ပြန်ပြောသည်။ သို့သော်လည်း ထိုစည်းကမ်းများမှာ သူတို့ သတ်မှတ်ပြီးဖြစ်သောကြောင့် ဘာမှမပြောသာပါ။ သူတို့ သတ်မှတ်ပေးသည့် အဆင့်အတန်းနှင့် ကျွန်တော် နေနိုင် မနေနိုင်ကိုသာ မန်နေဂျာက မေးနေသည်။
မတတ်နိုင်သည့်အဆုံးတွင် အမှန်အတိုင်း ကျွန်တော် ဖွင့်ပြောရတော့သည်။
ယခု ကျွန်တော့်ကိုပေးထားသည့် တစ်နေ့တွက်စရိတ်သည် ဟောင်ကောင်မှာဆိုလျှင် အမျိုးသမီး တစ်ယောက်နှင့်တွဲပြီး နှစ်ပတ်လုံးလုံး နေလောက်ကြောင်း၊ ကျွန်တော်သည် လည်ပတ်သည့်အချိန်ကို အနည်းဆုံး သတ်မှတ်ပြီး အလုပ်လုပ်ချိန်ကို အများဆုံး သတ်မှတ်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
ပြီးတော့ အစီအစဉ်များ ရေးဆွဲကြသည်။
တိုကျိုမှာ တစ်ပတ်နေရမည်။ တိုကျိုနှင့် တောင်ပိုင်းမှာ တစ်လနေရမည်။ ပြီးလျှင် တိုကျိုသို့ တစ်ပတ်ပြန်လာနေရမည်။ နောက်ဆုံး မြောက်ပိုင်းကျွန်းဖြစ်သော ဟိုကာအီဒိုတွင် နှစ်ပတ်နေရမည်။
အင်ပီရီယယ်ဟိုတယ်သည် ဂျပန်၏ အနံ့အသက်များကို မရနိုင်။ ထို့ကြောင့် ဂျပန်ယဉ်ကျေးမှု အပြည့်ရှိသော ဟိုတယ်သို့ ကျွန်တော် ပြောင်းရသည်။
ထိုဂျပန်ဟိုတယ်သို့ ရောက်သည်နှင့် တစ်ပြိုင်တည်း ကျွန်တော့ကမ္ဘာသည် လုံးဝ ပြောင်းလဲသွားပါတော့သည်။ လူမျိုးချင်း လုံးဝမတူသော၊ ယဉ်ကျေးမှုချင်း လုံးဝမတူသော၊ ခေတ်ချင်း လုံးဝမတူသော ဘ၀သို့ ရောက်သွားတော့သည်။
အခန်းထဲသို့ ၀င်လျှင် ဖိနပ်ကို အပေါက်ဝမှာ ချွတ်ထားခဲ့ရသည်။ ခြေအိတ်နှင့် ဆက်လျှောက် သွားရသည်။ တစ်ပေလောက်မြင့်သော စားပွဲကလေးဘေးမှာ ဖင်ချထိုင်ပြီး ထမင်းစားရသည်။ ရေချိုး ကြွေကန်ကြီးထဲမှာ ရေနွေးနှင့် ရေချိုးရသည်။ ကြမ်းပြင်ပေါ်မှ ချခင်းပေးထားသော မွေ့ရာပေါ်မှာ အိပ်ရ သည်။
ကျွန်တော့်အနားမှာ ကီမိုနိုဝတ်ထားသည့် ချောမောလှပသော ဂျပန်ဂေးရှား မယ်ကလေး ခြောက်ယောက် လောက် အမြဲရှိသည်။ ကျွန်တော့်အတွက် လိုလေသေးမရှိ ပြုစုသည်။ ကျွန်တော် အပြင်ထွက်တော့ မည်ဆိုလျှင် အပေါက်ဝမှာ ကျုံ့ကျုံ့ထိုင်ပြီး ကြမ်းပြင်ပေးချထားသော လက်ဝါးနှစ်ဖက်ကို နဖူးနှင့်ထိကာ နှုတ်ဆက်သည်။ ပြန်လာပြန်တော့လည်း ထိုအတိုင်း ကြိုဆိုနှုတ်ဆက်သည်။
ထိုဟိုတယ်ပိုင်ရှင် အမျိုးသမီးသည်လည်း ယခင်က ဂေးရှားမယ်ဖြစ်သည်။ အသက်သုံးဆယ် ကျော်လောက် ရှိပြီ။ အလွန် ချောမောလှပသည်။ သည်ဟိုတယ်သို့ ကျွန်တော် ပြောင်းလာတော့ ကီမိုနို ၀တ်ပြီး ကျွန်တော့်ကို ကြိုဆိုသည်။ ဆံပင်ပုံက ဂျပန် ပန်းချီကားများထဲမှာ တွေ့ရတတ်သော ပုံမျိုးပင် ဖြစ်သည်။
နောက်တစ်နေ့ ပန်းခြံထဲမှာ ငါးရံ့ကိုယ်နှင့် အမျိုးသမီးတစ်ယောက်ကို နောက်ဘက်မှ လှမ်းတွေ့ရသည်။ ဘောင်းဘီဝတ်ထားသည်။ ဆံပင်ကို စုချည်ထားသည်။ အမေရိကန် အမျိုးသမီးတစ်ယောက်ဖြစ်မည်ဟု ကျွန်တော် ထင်မိသည်။ ကျွန်တော့်ဘက် လှည့်ကြည့်ပြီး ပြုံးနှုတ်ဆက်သောအခါကျမှ ဟိုတယ် ပိုင်ရှင်ဖြစ်ကြောင်း သိရတော့သည်။
ကျွန်တော့်ဘေးခန်းမှာ လာတည်းနေသူကြောင့်လည်း ကျွန်တော် အံ့သြမဆုံး ဖြစ်ခဲ့ရသေးသည်။ ကျွန်တော်ရောက်သည့် ညနေတုန်းက အနောက်တိုင်းဝတ်စုံနှင့် သားရေအိတ်ဆွဲပြီး သူဝင်လာသည်ကို တွေ့ခဲ့ရသည်။
နောက်တစ်နေ့ သူ့အခန်းဘက်သို့ ကျွန်တော် လျှောက်သွားသောအခါ သူ့အခန်းဝမှ တွန်းတံခါး ဟနေသည်ကို တွေ့ရသည်။ အတွင်းသို့ လှမ်းကြည့်လိုက်သောအခါ ထိုသူသည် အနောက်တိုင်း ၀တ်စုံနှင့် မဟုတ်တော့။ ကီမိုနို ၀တ်ပြီး ဖျာတစ်ချပ်ပေါ်မှာ ထိုင်နေသည်။ အခန်းထဲမှာ ပန်းနှစ်ပွင့်၊ အရွက်တစ်ရွက်သာ ထိုးထားသော ပန်းတစ်အိုးကို တွေ့ရသည်။ နံရံပေါ်မှာ ပိုးပန်းချီကားတစချပ် ချိတ်ထားသည်။
ကျွန်တော် ကြည့်ဖူးသည့် ဂျပန်ရာဇ၀င် ရုပ်ရှင်ကားများကို သတိရလိုက်မိသည်။ ဆာမူရိုင်းသူရဲကောင်း တစ်ယောက်သည် ပုန်းနေရာမှ ပေါ်ထွက်လာပြီး သူ့ကို ဓားတစ်လက်နှင့် တိုက်ခိုက်သည်ဟု မြင်ယောင်လာမိသည်။
ထိုစိတ်ကူးကလေးကို ကျွန်တော် အမိအရ ဖမ်းထားလိုက်ပါသည်။ ဂျပန်ပြည်မှာ ကျွန်တော် ရေးဆွဲမည့် ပန်းချီကားများတွင် ထိုအကြောင်းအရာများကို အများဆုံး ထည့်သွင်း ရေးဆွဲရန်လည်း ဆုံးဖြတ်လိုက်သည်။
ရှုမျှော်ခင်းတွေ ဒါလောက် သာယာသောတိုင်းပြည်၊ လူတွေကလည်း ဒါလောက် အကြင်နာတရားကြီးပြီး ဖော်ရွေသော တိုင်းပြည်မျိုးကို ကျွန်တော် တစ်ခါမှ မရောက်ဖူးသေးပါ။
သည်တိုင်းပြည်သို့ စူဇီကို မခေါ်ခဲ့မိသည့်အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါသည်။ သူ့ကို ဒါလောက် လွမ်းမိသည်ကို သတိထားမိသောအခါ ကိုယ့်ဟာကိုယ်ပင် အံ့သြမဆုံး ဖြစ်မိပါသည်။
ဟောင်ကောင်မှ ထွက်မလာမီ သူနှင့်လက်ထပ်ဖို့ကိစ္စ ဖွင့်ပြောဖို့ စဉ်းစားမိသေးသည်။ သို့သော်လည်း ကျွန်တော် မရောက်ဖူးသေးသည့် တိုင်းပြည်သို့ ရောက်သွားသောအခါ ပတ်ဝန်းကျင်သစ်နှင့် လူမျိုးအသစ်ကြားတွင် နစ်မျောသွားပြီး သူ့ကိုများ မေ့သွားလေမည်လားဟူသော အတွေးက ပေါ်လာသောကြောင့် မပြောဖြစ်ခဲ့။
ယခုတော့ ကျွန်တော်၏ အထီးကျန်ဘ၀ကို ခံစားမိပြီ။ စူဇီပါလာလျှင် ဘယ်လောက်ကောင်းမည်နည်းဟု တွေးမိပြီ။ သည်လောက်လှပသော မြင်ကွင်းများကို စူဇီအား ပြလိုက်ရလျှင် ဘယ်လောက်ကောင်း မည်နည်း ဟု တွေးမိပြီ။
တစ်ညတွင် သစ်တောတစ်ခုထဲမှာ ကျွန်တော် လမ်းလျှောက်နေသည်။ ပိုးစုန်းကြည်းကလေးတွေ မြောက်မြားစွာ တွေ့ရသည်။ အလွန်တရာ လှပသော မြင်ကွင်း ဖြစ်သည်။
"လှလိုက်တာ၊ စူဇီသာ ပါလာမယ်ဆိုရင် ငါ ဒီဖက်တောင် ပျော်ဦးမယ်" ဟု စဉ်းစားမိသည်။
သူ့ဟာသူလည်း အလွန်ပျော်ပေလိမ့်မည်။ ကျွန်တော်သည် ကမ္ဘာလောကကို စူဇီ၏ အမြင်ကလေးနှင့် ကြည့်ရသည့်အရသာမှာ ယစ်မူးနေမိသည်။ ထိုအမြင်ကလေးနှင့် ကြည့်ရသောအခါ ကလေးတစ်ယောက်လို ကျွန်တော် ပျော်ရွှင်မြူးထူးလာစမြဲ ဖြစ်သည်။ အပြစ်ကင်းစင်သောသူ၏ အမြင်ကလေးများကို ကျွန်တော် လည်း မျှဝေခံစားနိုင်သည်။ ရိုးရိုး စင်းစင်းကလေး မြင်တတ်သော သူ့အမြင်ကလည်း မြတ်နိုးစရာ ကောင်းလှသည်။ ရိုးရိုးစင်းစင်း အမြင်ကလေးကိုလည်း ကျွန်တော် မျှဝေခံစားနိုင်မည်။ ယခုတော့ စူဇီ မပါသည့်အတွက် ကျွန်တော့်အဖို့ ဟာတာတာကြီး ဖြစ်နေသည်။ စူဇီကို ကျွန်တော် ဘယလောက် ချစ်မိနေပြီဖြစ်ကြောင်း သိပါပြီ။
ကျိုတိုမြို့သို့ ကျွန်တော်ရောက်တော့ စူဇီ ပို့လိုက်သည့် ပထမဆုံး ပို့စကတ်ကလေးကို လက်ခံရရှိသည်။ တိုကျိုမြို့ရှိ ရုံးမှတဆင့် ပို့ပေးလိုက်ခြင်း ဖြစ်သည်။
ကျွန်တော့်လိပ်စာ အသင့်ရေးပြီးသား ပို့စကတ်အတော်များများ စူဇီကို ပေးခဲ့သည်။ ကတ်ပြားပေါ်တွင် လက်မှတ်ထိုးရုံသာဖြစ်ကြောင်း၊ မကြာခဏ ပို့ပေးစေလိုကြောင်း၊ သို့မှသာ စူဇီနေကောင်းကြောင်း သိရမည်ဖြစ်ကြောင်း မှာခဲ့သည်။ ယခု ပထမဆုံး ရောက်လာသော ပို့စကတ်သည် မဟုတ်တာတွေ ကျွန်တော် ရေးပြီး ရယ်စရာလုပ်ခဲ့သော ပို့စကတ်ဖြစ်သည်။ ရုံးပုံစံတစ်ခုလို မလိုတာတွေ ဖျက်ပစ်ပြီး လိုတာ ချန်ထားရန် ဖြစ်သည်။
မောင့်ကို ကျွန်မ ချစ်/မုန်းတယ်။ မောင်ထွက်သွားတဲ့ အချိန်က စပြီး အခုအထိ သင်္ဘောသား နှစ်ယောက်/ခြောက်ယောက်/ခြောက်ဆယ့်သုံးယောက်နဲ့ အတူနေခဲ့တယ်။ /မနေပါ။
ထိုပုံစံကလေးပေါ်တွင် ပထမစာကြောင်းမှ မုန်းကို ဖျက်ထုတ်ပစ်လိုက်သည်။ ဒုတိယစာကြောင်းမှ နှစ်ယောက်/ခြောက်ယောက်/မနေပါတို့ကို ဖျက်ထုတ်သည်။ ထို့ကြောင့်-
မောင့်ကို ကျွန်မ ချစ်တယ်။
မောင်ထွက်သွားတဲ့ အချိန်ကစပြီး အခုအထိ သင်္ဘောသား ခြောက်ဆယ့်သုံးယောက်နဲ့အတူ နေခဲ့တယ်ဟု ဖြစ်သွားလေတော့သည်။
နေရာလွတ်ကလေးတွင်လည်း ဂွမ်နီ၏ လက်ရေးနှင့် ဆက်ရေးပေးထားသည်ကို တွေ့ရသည်။
သင်္ဘောသားကိစ္စက မောင့်ကိုစတာပါ။ မောင်ထွက်သွားတော့ ကျွန်မ ငိုတယ်။ မောင့်မှာ ပိုက်ဆံ ပိုသေးရင် ပန်းရောင်ထီးကလေးတစ်ချောင်း ၀ယ်ခဲ့ပေးပါ။ ဂျပန်ထီးတွေကို ကျွန်မ မြင်ဖူးတယ်။ သိပ်လှ တာပဲ။
ချစ်တဲ့စူဇီ
ရေးထိုးထားသည့် လက်မှတ်ကတော့ ထုံးစံအတိုင်း ဇက်စာလုံးက အကြီးကြီးဖြစ်ပြီး ပြောင်းပြန်လန်နေသည်ကို တွေ့ရသည်။
နောက်နှစ်ပတ်အကြာ တိုကျိုသို့ ကျွန်တော် ပြန်ရောက်သောအခါ ပို့စကတ်နှစ်ခု ထပ်ရောက်နေသည်။ ဂွမ်နီ၏ လက်ရေးဖြင့် စာအနည်းငယ် ရေးထည့်ထားသည်။ အခြားပို့ စတ်တစ်ခုတွင် နမ်ကောက် မှာရှိနေ သည့် အမျိုးသမီးအားလုံးက စုပြုံလက်မှတ်ရေးထိုးထား ကြသည်။ တရုတ်လို လက်မှတ် ထိုးပြီး အောက်တွင် အင်္ဂလိပ်နာမည်ကို ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြထားသည်။ အထင်ရှားဆုံးမှာ ဗုဒ္ဓဟူး လူးလူး နှင့် ဖီဖီတို့၏ လက်မှတ်များဖြစ်သည်။
မဂ္ဂဇင်းတိုက် တိုကျိုရုံးခွဲမှာ ရှိနေကြသည့် ဂျပန်ရုံးသူ ရုံးသားများက မည်သို့ ထင်ကြမည်မသိ။ ထိုကတ်ပြား ကို မြင်ရပြီး ကျွန်တော့်အမူအရာ ပြောင်းလဲသွားသည်ကို တွေ့ရသဖြင့်-
"ခင်ဗျားအတွက် ရောက်နေတဲ့စာတွေ ရပြီးပြီလား" ဟု မန်နေဂျာက မေးသည်။ စာမှားပေးသည်ထင်ပြီး မေးခြင်းဖြစ်သည်။
ထိုနေ့ မွန်းလွဲပိုင်းက ကုန်တိုက်သို့သွားပြီး လက်ဆောင်ပစ္စည်းတွေဝယ်သည်။ နမ်ကောက်မှာ ရှိနေကြသည့် အမျိုးသမီးအားလုံးအတွက် ၀ယ်ခြင်းဖြစ်သည်။ စူဇီအတွက် အများဆုံးဝယ်သည်။ သူမှာသည့် ဂျပန်ထီးကလေးတစ်ချောင်းလည်း ၀ယ်သည်။ ပန်းရောင်အောက်ခံတွင် အပြာစင်းကလေးတွေ ပါသော ထီးဖြစ်သည်။ အပြာစင်းကလေးတွေက ဖောင်တိန်မှမင်များ စွန်းပေနေသလိုရှိသည်။ အရိုးကို ဖြုတ်ထား လို့ရသည်။ တစ်ပေါင်ပဲ ပေးရသည်။ သို့သော် အလွန်လှသော ထီးဖြစ်သဖြင့် တစ်ပေါင်မျှမက တန်သည်ဟု ထင်ရလောက် ပါသည်။
ရက်အနည်းငယ်ကြာတော့ ဂွမ်နီ၏လက်ရေးဖြင့် စူဇီထံမှ ပို့စကတ်တစ်ခု ထပ်ရောက်လာသည်။
ဆိုးဆိုးရွားရွား အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဟို ကန်တုန်ကောင်မက ကျွန်မ ဒေါသဖြစ်အောင် တော်တော် မကောင်းတာ တစ်ခုလုပ်တယ်။ ဒါပေမဲ့ ကျန်တဲ့ အမျိုးသမီးတွေ အားလုံးက ကျွန်မကို ၀ိုင်းပြီး ကူညီကြသည်။ ဒါကြောင့် အခု အားလုံးအဆင်ပြေသွားပါပြီ။ ဂွမ်နီ အပြည့်အစုံရေးပြီး မောင့်ကို ပြောပြ ပါလိမ့်မယ်။ အဲဒီ ကန်တုန်ကောင်မ မကောင်းဘူး။
ချစ်တဲ့ စူဇီ
ထိုစာဖတ်ရတော့ စိတ်အနှောင့်အယှက် ဖြစ်မိပါသည်။ "အဲဟို ကန်တုန်ကောင်မ" ဆိုသူမှာ ဘက်တီလောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ နမ်ကောက်ဟိုတယ်သို့ စူဇီ ပြန်ရောက်လာကတည်းက ဘက်တီလောင်းသည် နေမထိ ထိုင်မသာ ဖြစ်နေသည်။ စူဇီကိုလည်း မျက်စိစပါးမွေး စူနေသည်။ သူနှင့်ကျွန်တော် ပုံမှန်တွဲနေကြပါပြီဟု လူတိုင်းကို လျှောက်ပြောနေရာ စူဇီ ပြန်ရောက်လာ သဖြင့် မဟုတ်မှန်သောအဖြစ်က ပေါလောကြီး ပေါ်သွားတော့သည်။
ထိုအချိန်မှစပြီး စူဇီအပေါ်မှာ ရန်ငြိုးထားနေသည်။ သူ၏ ရန်လိုသော အပြောအဆိုကြောင့် စူဇီ ဒေါသ ပေါက်ကွဲခဲ့ဖူးသည်မှာလည်း တစ်ကြိမ် နှစ်ကြိမ် ရှိသည်။ ယခု ကျွန်တော်မရှိသောအခါတွင် စူဇီအပေါ်မှာ ထားသည့် အာဃာတကို အိတ်သွန်ဖာမှောက် သွန်ချလိုက်ပုံရသည်။
ကျွန်တော် အလွန်တရာ စိတ်ပူပြီး ဂွမ်နီ၏ စာကိုသာ မျှော်နေမိပါသည်။ နောက် သုံးရက်အကြာ ဟိုကာအီဒိုသို့ ကျွန်တော် ထွက်ခွာတော့မည့်ဆဲဆဲ မနက်ပိုင်းတွင် စာရောက်လာသည်။ ထိုစာကို ဟီဘီယာပန်းခြံထဲမှာ သွားဖတ်ရန် ရုံးထဲက ကျွန်တော် ထွက်ခဲ့သည်။
စာအိတ်ပေါ်မှ ကျွန်တော့်လိပ်စာမှာာ ဂွမ်နီ၏လက်ရေးနှင့် ဖြစ်သည်။ သို့သော်လည်း အတွင်းမှ ထွက်လာသည့် စာမှာ ကျွန်တော် မမြင်ဖူးသော လက်ရေးဖြစ်နေ သည်။ ကျွန်တော် ကောင်းစွာ သဘော ပေါက်စေ လိုသောကြောင့် ရှင်းရှင်းလင်းလင်း ရေးတတ်သူတစ်ဦးကို ခေါ်ပြီး ရေးခိုင်းဟန်တူသည်။
လူကြီးမင်းခင်ဗျား
ဂွမ်နီနှင့်စူဇီတို့၏ မေတ္တာရပ်ခံချက်အရ ယခုစာကို လူကြီးမင်းထံသို့ ရေးသားပေးပို့ အပ်ပါသည်။ အဖြစ်အပျက်ကို လူကြီးမင်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် ဂွမ်နီနှင့် စူဇီက လိုလားပါသည်။
ယခုအဖြစ်အပျက်ထဲတွင် ကျွန်တော် လုံးဝမပါဝင်ပါ။ တစ်စုံတစ်ရာ သက်ဆိုင်ခြင်း လည်းမရှိပါ။ ကျွန်တော်သည် ဘုရင့် ရေတပ်မတော်မှ အရာခံဗိုလ်တစ်ယောက် ဖြစ်ပါသည်။ အမှန်တရားနှင့် တရား မျှတမှုကို လိုလားသူလည်း ဖြစ်ပါသည်။ ကျွန်တော်သည် အိမ်ထောင်သည် တစ်ယောက်ဖြစ်ရာ အရက်သောက် လိုသော အကြောင်း တစ်ခုတည်းဖြင့် နမ်ကောက်ဘားသို့ ရောက်ခဲ့ပါသည်။
ထိုသို့ ရောက်လာခိုက် အထက်ဖော်ပြပါ အမျိုးသမီးနှစ်ယောက် စိတ်ချောက်ချားနေသည်ကို တွေ့ရ ပါသည်။ မိမိနှင့် မသက်ဆိုင်သော်လည်း သူတို့ အခက်အခဲ တွေ့နေကြခိုက် ၀င်ရောက် ကူညီခွင့်ရသည့် အတွက် ကျွန်တော် ၀မ်းမြောက် မိပါသည်။
ကျွန်တော့်ကို သူတို့ ပြောပြသည့် အဖြစ်အပျက်မှာ ၁၇ ရက်နေ့ မွန်းလွဲသုံးနာရီအချိန်က ဘက်တီအမည်ရှိ မိန်းကလေးသည် ဘားခန်းထဲမှာ စူဇီကို စော်ကားမော်ကားစကားများ ပြောဆိုပါသည်။
ထိုသို့ အပြောခံရသောကြောင့် စူဇီသည် မခံမရပ်နိုင်ဖြစ်ပြီး ဘက်တီကို ကတ်ကြေးနှင့် ထိုးလိုက်ပါသည်။ ဒဏ်ရာပြင်းသဖြင့် ဘက်တီကို ဆေးရုံတင်လိုက်ရပါသည်။ စူဇီကိုလည်း ရဲတပ်ဖွဲ့က တစ်ညဖမ်းချုပ်ပါသည်။ ၁၇ ရက်နေ့တွင် စူဇီကို အာမခံပေးလိုက်ပါသည်။
ဘက်တီ၏ အပြောအဆိုသည် အလွန်တရာ စော်ကားရာကျကြောင်း၊ ထို့ကြောင့် ယခုလို လုပ်လိုက်သည်မှာ စူဇီမှန်ကြောင်း အမျိုးသမီးများက ယေဘုယျအားဖြင့် မှတ်ချက် ချကြပါသည်။ ထို့ကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းအနေဖြင့် စိတ်ပူရန်မလိုကြောင်း ဂွမ်နီနှင့် စူဇီတို့က ပြောကြပါသည်။ အမျိုးသမီးများက လူကြီးမင်းကို သတိရနေကြကြောင်းလည်း ထည့်ရေးပေးရန် ပြောပါသည်။
နောက်ဆုံးအနေဖြင့် ဖော်ပြလိုသည်မှာ ယခုစာကို ကျွန်တော် ရေးသားရခြင်းသည် တရားမျှတမှုကို လိုလားသူတစ်ယောက်အနေဖြင့် ၀င်ရောက် ကူညီရေးသားပေးခြင်းသာ ဖြစ်ပါသည်။ စူဇီသည် အလွန် တော်သော မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် အခြေအနေများကိုလည်း ကောင်းစွာ သုံးသပ်တတ် သည့် မိန်းကလေးဖြစ်ကြောင်း သူယုံကြည်သည့်အတိုင်းလည်း ဆောင်ရွက် တတ်ကြောင်း ဖော်ပြအပ်ပါသည်။
လေးစားစွာဖြင့်
အာရ်အိုဘရစ်
ထိုစာ၏အောက်ဆုံးတွင် "မောင် ဘယ်နေ့ပြန်လာမှာလဲ" ဟူသော မှတ်ချက်ကလေးနှင့် စူဇီ၏ လက်မှတ်ကို တွေ့ရသည်။ လက်မှတ်၏ ပတ်လည်တွင် နှုတ်ခမ်းနီရာတွေ ၀ိုင်းနေသည်။
သည်စာကို ဖတ်ရသောအခါတွင် ကျွန်တော် ပိုပြီး စိတ်ပူသွားမိပါသည်။ "စူဇီမှန်ကြောင်း အမျိုးသမီးအားလုံးက ယေဘုယျအားဖြင့် မှတ်ချက်ချကြပါသည်" ဆိုသော စကားလုံးကို ကျွန်တော် စဉ်းစားကြည့်နေမိသည်။ ထိုသို့ မှတ်သည်ထင်သူမှာ ဘားခန်းထဲက အမျိုးသမီးများဖြစ်သည်။ သို့သော် တရားရုံးတော်မှ တရားသူကြီးကတော့ သည်လိုထင်မည်မဟုတ်။ အထူးသဖြင့် ကတ်ကြေးနှင့်ထိုးသည် ဆိုသည့်အတွက် မှန်သည် မထင်နိုင်။
ကတ်ကြေးသည် ကျွန်တော့်ကို စိတ်အပူစေဆုံးသောအရာ ဖြစ်လာသည်။ စူဇီသည် ဘားခန်းထဲမှာထိုင်ပြီး ထိုကတ်ကြေးတစ်လတ်နှင့် ဘာတွေ လုပ်နေသနည်း။ သည်ကတ်ကြေးက ဘယ်ကရလာသနည်း။ သူ့ပိုက်ဆံအိတ် ထဲက ထွက်လာသလော။
သို့သော်လည်း သူ့ပိုက်ဆံအိတ်ထဲတွင် ဘယ်တုန်းကမှ ကတ်ကြေးထည့်မထားစဖူး။ အခြား အမျိုးသမီးများ ကတ်ကြေးကိုင်သည်ကိုလည်း ဘားခန်းထဲမှာ ကျွန်တော် မတွေ့ဖူးပါ။ သည်လိုဆိုလျှင် ဘားခန်း ထဲသို့ သူ ယူလာခြင်း ဖြစ်ရမည်။ သည်လိုဆိုလျှင် တမင်ရည်စူးချက်ဖြင့် ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခြင်း ဖြစ်ရမည်။ ဘာမှ သံသယဖြစ်နေစရာမလိုတော့။
ထိုအကြောင်း စဉ်းစားကြည့်လေလေ ပိုပြီးသေချာလေလေ ဖြစ်တော့သည်။ တစ်ချိန်တုန်းက ဘက်တီ၏ မဖြစ်လောက်သော စကားကလေးတစ်ခွန်းကိုပင် စူဇီ အထအနကေက်ကာ ပေါက်ကွဲလုနီးနီး ဖြစ်ခဲ့ဖူးသည်။ ယခုတစ်ကြိမ် တွင် ယခင်က စကားလုံးထက် ပိုမိုပြင်းထန်သည့် စကားလုံး ဖြစ်ရပေလိမ့်မည်။
ယခင်တုန်းကတော့ ကျွန်တော်ရှိနေသည်။ ပန်းချီဆွဲနေသည်။ ထို့ကြောင့် စူဇီအနေဖြင့် တစ်စုံတစ်ရာကို ကိုယ်ထိလက်ရောက် ပြုလုပ်လိုက်သော် ကျွန်တော့်ကို နှောင့်ယှက်ရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူ့စိတ်ကိုသူ ချုပ်တီးခဲ့ဟန်တူသည်။ ယခုတော့ ကျွန်တော် မရှိသဖြင့် ဘာမှချုပ်တီးနေစရာ မလိုတော့။ ယခုတစ်ကြိမ် အပြောခံရခြင်းသည် သူ၏ ဂုဏ်သိက္ခာကို တိုက်ရိုက်စော်ကားခြင်းလည်း ဖြစ်ပေလိမ့်မည်။
သူ၏ ဂုဏသိက္ခာကို တန်ဖိုးထားခြင်းနှင့် ပတ်သက်၍ စူဇီသည် သနားစရာလည်း ကောင်းပါ၏။ တကယ်ဆိုတော့ သူအပါအ၀င် ဘားခန်းထဲမှ အမျိုးသမီးများမှာ အလွန်နိမ့်ကျသော ဘ၀ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ပြန်ပြီး သူတို့ အဖတ်ဆည်နေကြခြင်း ဖြစ်သည်။
စူဇီသည် သူ့ကလေး သေပြီးသည့်အချိန်မှစ၍ ကျွန်တော်နှင့် ဆက်ဆံရေးမှာ စိတ်ရောကိုယ်ပါ မြှုပ်ထားလိုက်သည်။ ကျွန်တော်နှင့် ဆက်ဆံရေးကို ထိပါးစော်ကားလာ မည်ဆိုလျှင် သူ နည်းနည်းကလေးမှ သည်းမခံတတ်။ တကယ်ဆိုတော့ သူ့ဘ၀တွင် ဘာမှ တွယ်တာစရာလည်း မရှိတော့။ ယခုလို ကျွန်တော်နှင့် အတူ နေရသည့်အတွက် အခြားအမျိုးသမီးက သူ့အပေါ် အထင်ကြီး လေးစားခြင်းကိုသာ သူ ရယူလိုတော့သည်။ သူနှင့်ကျွန်တော် အတူနေသည်ကိုလည်း ဘက်တီလောင်းက မလိုတမာ ဖြစ်နေသည်။ စူဇီ သိက္ခာရှိရှိ နှင့် နေနိုင်ခြင်းကို မနာလိုဝန်တိုခြင်း ဖြစ်သည်။
သည်အကြောင်းတွေကို စောစောကတည်းက ကျွန်တော် ကြိုတင်မြင်ခဲ့လျှင် ကြိုတင် ကာကွယ်မှု ပေးနိုင်ခဲ့လိမ့်မည်။ သို့သော် ကျွန်တော့် ကိုယ်ကျိုးမှလွဲပြီး အခြားဘာကိုမှ ကျွန်တော် မစဉ်းစားမိခဲ့မိ။ ယခုတော့ ကျွန်တော်၏ အတ္တစိတ်များမှုကြောင့် သည်အဖြစ်အပျက်ကြီး ပေါ်ပေါက်လာရလေတော့သည်။
ဟောင်ကောင်သို့ ပြန်သွားပြီး ထိုအခက်အခဲများထဲမှ စူဇီကို ကယ်တင်ထုတ်ရလျှင် ကောင်းလေ မည်လား ဟု ကျွန်တော် တွေးမိသည်။
တာဝန်အရ ဟိုကာအီဒိုသို့ သွားရမည်လော။ တာဝန်ကို ဖျက်ပြီး စူဇီကို ကယ်တင်ရန် သွားရမည်လော။ တစ်ခုခု တော့ လုပ်ရပေတော့မည်။
သဘောတူစာချုပ်ကို ဖျက်လျှင် ဘာဖြစ်မည်နည်း။ ကျွန်တော့်အပေါ် လုပ်ငန်းသဘောအရ ယုံကြည်မှုထားခြင်းကို ဖျက်ဆီးပစ်ရာ ရောက်ပေမည်။ ပန်းချီဆရာ တစ်ယောက်အနေဖြင့် ကျွန်တော့် ဘ၀တွင် ပထမဦးဆုံး ရရှိသော ယုံကြည်မှုအထားခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် တစ်သက်လုံး ကျဆုံးရ ချေတော့မည်။
စူဇီထံ မပြန်လျှင် ဘာဖြစ်မည်နည်း။ စူဇီအပေါ်မှာ ကျွန်တော် အများကြီး သစ္စာထား ခဲ့သည်။ ယခုလို မပြန်ခြင်းအားဖြင့် သစ္စာမထားရာ ကျလေမည်လား။
ဟီဘီယာ ပန်းခြံထဲမှာ ကျွန်တော် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အပြန်ပြန် အလှန်လှန် စဉ်းစား နေမိသည်။
နောက်ဆုံးတွင် တာဝန်အရ ဟိုကာအီဒိုသို့ သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အလုပ်ပြီးအောင် လုပ်ရမည်။
အချိန်ကလည်း ဘာမှကြာမည်မဟုတ်။ ရက်သတ္တ နှစ်ပတ်တည်းသာ ဖြစ်သည်။ ထိုအချိန်အတွင်း စူဇီ၏ အမှုကိုလည်း ရုံးတင်ဦးမည်မဟုတ်။ ဘယ်နေ့ ရုံးတင်မည်ဟုလည်း စာထဲမှာ ဖော်ပြမထား။ သည်အတိုင်း ဆိုလျှင် ရုံးတင်ချိန်အမီ ဟောင်ကောင်သို့ ကျွန်တော် ပြန်ရောက်နိုင်သည်။ ထိုအချိန်တွင် လိုအပ်သည် များကို အကူအညီပေးနိုင်သည်။
ပန်းခြံထဲမှထွက်ပြီး အင်ပီရီယယ်ဟိုတယ်ရှီ စာတိုက်သို့ လာခဲ့သည်။ ဟိန်းအမည်ရှိ ရှေ့နေနှင့် အဆက်အသွယ် လုပ်ရန် စူဇီထံသို့ ကြေးနန်းရိုက်သည်။
ဟောင်ကောင်တွင်ရှိသော ရှေ့နေများအနက် ဟိန်းတစ်ယောက်ကိုသာ ကျွန်တော် သိပါသည်။ သိသည်ဆိုရာမှာလည်း လူချင်းသိသည်မဟုတ်။ ဆုံဖူးသည် မဟုတ်။ အမှုတစ်ခုတွင် တရားခံဘက်မှ ဟိန်းက ရှေ့နေလိုက်ပေးကြောင်း သတင်းစာထဲမှာ သတင်းတစ်ပုဒ် ဖတ်ခဲ့ဖူးသည်။ ထိုမျှသာရှိသည်။ ပြီးတော့ မြို့ထဲမှာ သူ့ရုံးခန်းက ဆိုင်းဘုတ်ကို တစ်ခါတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူ့အမည်ကို မှတ်မိနေခြင်း ဖြစ်သည်။
ယခုအမှုနှင့် ပတ်သက်၍ ဘာမှပူဖို့မလိုကြောင်း၊ သူ့နောက်မှ ကျွန်တော် မားမား မတ်မတ် ရပ်ပေး နေမည် ဖြစ်ကြောင်းလည်း စူဇီကို ကြေးနန်းနှင့် အားပေးစကားပြောလိုက် သည်။
ဟိန်းထံသို့လည်း ကြေးနန်းတစ်စောင် လှမ်းရိုက်သည်။
ပြီးတော့မှ စူဇီထံသို့ ရိုက်သည့် ကြေးနန်းတွင် ကျွန်တော် ပြန်ရောက်မည့်ရက် မပါကြောင်း သတိရသဖြင့် ဘီအိုအေစီ ရုံးရှိရာသို့ သွားရပြန်သည်။ ကျွန်တော် ပြန်ရက်တွင် ရနိုင်မည့် လေယာသ်ပတ်ကို စုံစမ်းရသည်။ လေယာသ်ပျံ လက်မှတ် သေချာပေါက် ရဖို့စီစဉ်ရသည်။ သေချာတော့မှ စာတိုက်သို့ ပြန်သွားပြီး ပြန်ရောက်လာမည့် ရက်အတိအကျကို နောက်ထပ် ကြေးနန်းတစ်စောင် ထပ်ရိုက်လိုက်သည်။ ပန်းရောင်ထီး တစ်ချောင်းပါ ၀ယ်ထားပြီးပြီဖြစ်ောကာင်းလည်း ထည့်ရိုက်လိုက်သည်။
ထိုကိစ္စတွေပြီးတော့မှ တက္ကစီတစ်စီးငှားပြီး ဂျပန်ဟိုတယ်သို့ ပြန်ခဲ့သည်။ ဂေးရှားမယ်ကလေးများက နဖူးနှင့် ကြမ်းပြင်ပေါ်မှ လက်ကိုထိပြီး နှုတ်ဆက်ကြပြန်သည်။ ကျွန်တော့်ဖိနပ် ကြိုးဖြေသူကဖြေ၊ အ၀တ်ကူလပြေးသူကလဲဖြင့် အလုပ်များနေကြသည်။
ကျွန်တာ် ဆွဲထားပြီးဖြစ်သည့် ပန်းချီကားများကို သိမ်းထားပေးရန် ဟိုတယ်ပိုင်ရှင် အမျိုးသမီးလက် အပ်လိုက်သည်။ အထုပ်အပိုးအားလုံး ပြင်ဆင်ပြီးသောအခါ အသင့်စောင့်ခိုင်းထားသည့် တက္ကစီကားဖြင့်ပင် လေယာဉ်ကွင်း သို့ ဆင်းခဲ့သည်။
ဟိုကာအီဒိုသို့ ထွက်မည့် လေယာဉ်ကို မီရုံကလေးသာရှိသဖြင့် တော်ပေသေးတော့သည်။
အခန်း (၃) မျှော်
No comments:
Post a Comment