ဤခြံမြေ
သော်တာဆွေ
သော်တာဆွေ
ဤခြံမြေ၏ အနှစ်လေးဆယ်၊ ဖြစ်ရေးကြွယ်ခဲ့သည်မှာ အဆန်းမဟုတ်သော်လည်း လွမ်းသရုပ်တော့ ပေါ်လာ၏ ကျွန်တော်စသိသည်မှာ ဘိုးတောင်ရိုး-ဘွားရွှေအိမည်သော အဘိုးအို လင်မယား အိမ်ငယ် ကလေး ဆောက်လုပ်၍ နေထိုင်ကြ၏ ။ ဤအဘိုး, အဘွား လင်မယားမှာ ဆင်းရဲသားများဖြစ်ကြ၍ သူတို့ ခြံပိုင်မဟုတ်ပေ။ ခြံရှင်ဒေါ်ထွားက သူတို့အား ခြံစောင့်အဖြစ်နှင့် နေစေခြင်းဖြစ်သည်။ ဤခြံမြေသည် ပေ ၁၀၉x၁၂၀မျှ ကျယ်လေရာ ဘိုးတောင်ရိုးတို့၏ သုံးပင်အိမ်ကလေးသည် အိမ်ရှေ့မျက်နှာစာနှင့်မှ ပေအစိတ် သုံးဆယ်မျှ နေရာယူသောကြောင့် ကျန်သောမြေကွက်လပ်သည် ခြံရှင်၏ရာသီ လိုက်သီးနှံများ စိုက်ပျိုးရာ ဖြစ်၏ ။ ယင်းသို့ကြောင့် ခြံရှင်အဖို့ ခြံစောင့်ရသည်။ ဘိုးတောင် ရိုးတို့အဖို့ သေတစ်ပန်သက်တစ်ဆုံး နေဖို့ရသည်။
ဘိုးတောင်ရိုးတို့ လင်မယားတွင် သားသမီးများ မထွန်းကားခဲ့ ထို့ကြောင့်မည်သည့်အခါ တွင်မျှ ကျောထောက် နောက်ကူမရှိခဲ့ရှာဘဲ၊ တစ်သက်လုံးပင် သူတို့ဖာသာသူတို့ လုပ်ကိုင်စားသောက် သွားကြ ရသည်။
ကျွတ်တော်မှတ်မိသောအရွယ်တွင် ဘွားရွှေအိက ဆန်ခါတင်မှုန့် ရောင်းသည်။ ဆန်ခါတင် မုန့်ဆိုသည်မှာ ကျွန်တော်သိသမျှပြောရလျှင် ဆန်မှုန့်ကို ထန်းလျက်အရည်ကျိုနှင့် ဖောက်ကာ ဆန်ခါကြီးပေါ်တွင် အပြားကြီး တင်၍ မိုးဗြဲဒယ်ကြီးကြီးအောက်ခံနှင့် ပေါင်းခြင်းဖြစ် သည်။ ဓားဖြင့်အတုံးအတုံးလှီးပြီး ရောင်းသည်။ ယခုခေတ် ဘိန်းမုန့်နှင့်တူလေမည်လော မပြောတတ်။
ဖိုးတောင်ရိုးက ခြံကြိုခြံကြား၊ လယ်ကြိုလယ်ကြားမှ ထန်းပင်ပေါက်ကလေးတွေ၏ ထန်းလက်ငယ်ငယ် ကလေးတွေ ရှာဖွေခုတ်ကာ ထိုထန်းလက်လျှော် နုနုကလေးတွေကို နွားနဖားကြိုးကျစ်၍ ရောင်းသည်။ သူတို့လင်မယား သည် ယင်းသို့လျှင် မြန်မာပြည်၌ ပစ္စည်းမဲ့လူတန်းစားတို့၏ လုပ်ငန်းမျိုးဖြင့် ဥပုသ်ရက် ဘုရား ကျောင်းတက်ဖြင့် နေထိုင် စားသောက်သွားခဲ့ကြသည်။
ကျွန်တော်သူ့တို့ကို စတင်အမှတ်သညာထားတတ်သော အရွယ်မှာ သူတို့သည် အဘိုးအို, အဘွားအိုများ ဖြစ်နေကြပြီ။ ကျွန်တော်တို့နှင့်ဆွေမျိုးတော်သည်ဟုလည်း သိရပါသည်။ ကျွန်တော် ကျောင်းသွား တတ်သော အရွယ်မှာ နေ့တိုင်းနေ့တိုင်း ဘွားရွှေအိ ကဆန်ခါတင်မုန့် တစ်တုံးတစ်တုံး ဆီး၍ပေပါသည်။
ကျွန်တော်ယနေ့တိုင်မမေ့နိုင်သည့် အစားတစ်လုပ်ကာ အမဲသားတစ်လုံးဖြစ်ပါသည်။ တစ်နေ့သ၌ ကျွန်တော် သူတို့အိမ်သွားလည်စဉ်မှာ အဘိုးအဘွား ထမင်းစားနေခိုက်ဖြစ်ပါ သည်။ ကျွန်တော့အား ထမင်း စားရန်ခေါ်ရာ ကျွန်တော်က ထမင်းစားခဲ့ပြီးပါပြီ။ ဘာဟင်းချက်သလဲ၊ ဟင်းတော့ စားချင်ပါသည် ဆိုသဖြင့် သူတို့ဟင်းပန်းကန်ထဲမှ အမဲသား တစ်တုံးကိုခပ်၍ပေးပါသည်။
ကျွန်တော်တစ်ကိုက်စားလိုက်သော ခွေး မီးခဲဝါးမိသလို တရှူရှူး တရှားရှားဖြစ်ရပါတော့သည်။ အကြောင်း ကာ ငရုတ်သီးစပ်သော ကြောင့် ဖြစ်၏ ။
စင်စစ်ဒီအဘိုးအဘွားဟင်းက ငရုတ်သီးအများကြီးခတ်လို့ မဟုတ်ပါ။ ကျွန်တော်တို့အိမ် ကငရုတ်သီး အစပ်မစား တတ်၍ဖြစ်ပါသည်။ ကျွန်တော့အမေသည် ကြက်သား, ၀က်သား တစ်ပိဿာလောက်ချက်၍မှ ငရုတ်သီး နှစ်တောင့် သုံးတောင်လောက်ကို အစေ့ထုတ်ပြီး ကြက်သွန်နှင့်ထောင်းထည့်တတ်သူ ဖြစ်ပါသည်။ ဒါကို အမှတ်မဲ့ပြုလိုက်မိသော အဘွားသည် ကျွန်တော့အားသနားကာ အင်း... ဖြစ်မှဖြစ်ရလေ ငါ့မြေးရယ်၊ ရော့...ရော့ ရေငုံပြီး ပလုတ်ကျင်းလိုက် ဆို၍ ရေတစ်ခွက်ခပ်ပေးပါသည်။ နို့ပြီး အမဲသား တစ်တုံးကို ရေဆေးပြီး ကျွန်တော့်ကိုပေးပါသည်။ ပြီးတော့မှ ကျွန်တော့ကို နောက်ပါသည်။
"ငါ့မြေး ယောက္ခမအိမ်ရောက်မှ ခက်မယ်ကွယ်"
"ဘာကြောင့်လည်း အဘိုးရ...."
"မင်း...ဒီလို ဟင်းတုံးမျိုးကို ရေဆေးပြီးမှ စားနေရမှာပေါ့... "
"အောင်မယ် အဘိုးရယ်၊ ကျွန်တော်တို့အိမ်လိုပဲ ငရုတ်သီးစပ်စပ်မစားတဲ့ အိမ်ကမိန်းမကို မှရွေးယူမှာပေါ့ဗျ..."
ယင်း၌ အဘိုးသည် ပါးချိုင့်ချိုင့်၊ သွားကျိုးပဲ့ပဲ့နှင့် သဘောကျရယ်မောခဲ့သည်ကို မှတ်မိပါသေးသည်။
ဤအဘိုးအိုး နှင့် အဘွားအို တစ်ယောက်နှင့် တစ်ယောက် သိပ်မခြားဘဲ ရှေ့ဆင့်နောက်ဆင့် သေဆုံး ကွယ်ပျောက်ကြသောအခါ ကျွန်တော်အသက်မှာ ၈ နှစ်၊ ၉ နှစ်မျှသာ။ အဘွားကြီးက ပထမသေဆုံးသည်ဟု ထင်ပါသည်။
ငယ်လင်ငယ်မယား အသက် ၇၀ ကျော်မျှ ပေါက်လင်းနေထိုင်သွားခဲ့ ကြသော ဤအဘိုးအိုး အဘွားအို လင်မယား အား ရွာထဲပြောလှတ် စကားကျန်ခဲ့သည်မှာ....
''သူတို့လင်မယား တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးဘူး...'' တဲ့။
ဤအဘိုးအိုးနှင့် အဘွားအို၏ အိမ်ကလေးသည် တစ်မိုးနှင့် တစ်ဆောင်းမျှ လူသူကင်းမဲ့စွာ ယိမ်းယိုင် ပျက်စီးနေပြီးမှ ထိုအိမ်ကလေးကိုဖျက်၍ အိမ်သစ်ဆောက်ကာ ဤခြံမြေသို့ (ကျွန်တော်သိသမျှ) ဒုတိယ ရောက်လာသူ မှာ ငကျော်မယ်မြခေါ် အိမ်ထောင်စု ဖြစ်ချေသည်။
ယင်းအဘိုး အဘွားလင်မယားနှင့် ဆန့်ကျင်ဘက်။ သူတို့မှာ သားသမီးတွေ သိပ်များသည်။ နို့ပြီး လင်မယားလည်း ခဏခဏရန်ဖြစ်ကြသည်။ သူတို့လင်မယားသည် အရပ်၌ ထူးခြား သည်မှာ လင်က ပုသလောက် မယားက အရပ်မြင့်ခြင်းပင် ဖြစ်ပါသည်။
ထိုလူ၏ နာမည်မှာ သူ့မိဘများမှည်စဉ် ' မောင်ကျော် ' ဟု ဖြစ်တန်ရာသော်လည်း 'ငကျော်- ငကျော် ' ဟုအခေါ်ခံရသည်ကို ထောက်ချင့်ခြင်းဖြင့် ဆင်းရဲသား လူတန်းစားဖြစ် ကြောင်း ထင်းရှားလှပေသည်။ ကျွန်တော်အနေနှင့်တော့ ကျွန်တော်ထက်များစွာကြီး၍ ကိုကျော်ဟု ခေါ်ခဲ့သောကြောင့် ယခု ကိုကျော်ဟု ရေးရပါမည်။
အောင်မယ်... ကိုကျော်သည် တစ်ကြိမ်တစ်ခါတုန်းက ကျေးရွာဒေသတွင်အတော်ပင် ရေးပန်းစား ခဲ့ဖူးသည်တဲ့။ သူသည် အရပ်ပုသလောက် ဒုန်းပြေးကောင်းသူလည်းဖြစ်၍ ကျွန်တော်တို့ အရွယ်နှင့် မမီလိုက်သော ရှေးခေတ်ရှေးအခါများတွင် ထိုကျေးရွာများမှာ ဒုန်းပြေးပြိုင်ပွဲများ အလောင်းအစားနှင့် ကျင်းပခဲ့ ကြသည်တဲ့။ ထိုစဉ်အခါမှာ ကိုကျော်က အနိုင်များခဲ့သည်တဲ့။ ထို့ကြောင့်ကြေးရတတ်တို့၏ မြှောက်စားခြင်း ကိုခံရ၍ ငွေစလည်း ရွှင်ခဲ့သည်တဲ့။
ကျွန်တော်သိရသောအချိန်၌ကား ဒုန်းပြေးပွဲများလည်း မရှိတော့၍ ကိုကျော်သည် သူများအိမ်က သူရင်းငှား သာတည်း။ သားသမီး လူမမယ်တွေကများ၍ ဆင်းရဲလိုက်သည် ကား ပြောဖွယ်မရှိ။ စပါးပေးတွေ၊ တင်းတိုး တွေ၊ကုန်စုံဆိုင်က ကြွေးတွေမှာ ၀လချေးလည် နေသည်။ ဘယ်တော့မှ ကျေသည်ပြတ်သည်မရှိခဲ့။ ကြွေးဟောင်း မဆုံးခင် ကြွေးသစ်က ထပ်၍ထပ်၍သာ လောင်းနေခဲ့သည်။ ကိုကျော်သည် သဘောသကာယ ကောင်း၍ သူများခိုင်းသမျှ ပေါ့ပါးသွက်လက်စွာ လုပ်ပေးတတ်၍သာ သူတို့အိမ်သားများ မငတ်ကြခြင်း ဖြစ်သည်။
ကိုကျော်သည် လုံးဝပျင်းရိတတ်သူမဟုတ်ချေ။ အလုပ်နှင့်လက်နှင့် မပြတ်အောင် လုပ်သူဖြစ်သည်။ သူများအိမ်မှာ သူရင်းငှားအဖြစ်နှင့် မိုးတွင်းလယ်လုပ်ပြီးသော ထန်းရည် ကလေးတတ်လိုက်သေးသည်။ ကောက်ရိတ်ချိန်စပါးပေါ်ခါနီး၌ မုန့်ဟင်းခါးလုပ်၍ ရောင်းလိုက်သေးသည်။ မြို့မှာလို မုန့်ကိုဖိုက၀ယ်၍ ဟင်းသာချက်ရုံမဟုတ်။ ကိုယ်တိုင် ဆန်ပုပ်စိမ်၊ အမှုန့်ထောင်းပြီး ညှစ်ရခြင်းဖြစ်သည်။
ယင်းသို့ မုန့်လုပ်ဆန်နှင့် ဟင်းဖိုးရအောင်ကား အကြွေးယူရခြင်းနှင့် ချေးရခြင်းဖြစ်သည်။ လယ်တောက အပြန် မောမောနှင့် လာစားကြသူများကလည်း အများအားဖြင့် ပိုက်ဆံနှင့် မဟုတ်ကြ။ စပါး ပေါ်တော့မှ စပါးကိုပေးကြမည်။
ထည့်စမ်းဟေ့ တစ်ပန်းကန်၊ ထည့်အုံးဟေ့ နောက်တစ်ပန်းကန်နှင့် တောထမင်းစားပန်း ကန်ကြီးတွေ အမောက် တစ်ယောက်ကို သုံလေးငါးပန်းကန်စားကြသည်မှာ အားရစရာ ကောင်းလှသည်။ ပိုက်ဆံလက်ငင်းပေး ဆိုလျှင် သူတို့တစ်တွေ ဤမျှစားကြမည်မဟုတ်၊ လယ်သမားကို စပါးပေါ်ပေး ဆိုလျှင်ကား ဆင်တောင် အကြွေးဝယ်လိုကြသည်ကိုသတိပြု ရာသည်။ ဤမုန့်ဟင်းခါးစားပွဲကို စဉ်းစားမည် ဆိုပါက စပါးဖိုကို ခေါက်ချိုးထားရမည်ဖြစ်၍ လူတစ်ယောက်သည် တစ်ထိုင်တည်းမှာပင် စပါးတစ်ခွဲ တစ်တင်း ကို စားပစ် နေသည့် အဓိပ္ပာယ်ပေါ်ပေသည်။
ယင်းသို့လျှင် ကိုကျော်တို့သည် ဆောင်းခါသမယ စပါးပေါ်ခါနီးမှာ တစ်နှစ်လျှင် ၃-၄ကြိမ် မျှမုန့်ဟင်းခါး လုပ်၍ ရောင်းချတတ်သည်။ လင်ကမုန့်ညှစ်၊ မယားက ဟင်းချက်၊ ကျက်ပဟေ့ဆိုပါက တစ်အိမ်မှတစ်ဆင့် တစ်ရောက်တစ်ပေါက်နှင့် အရပ်ထဲကို ကြေညာလိုက်လေသည်။
အချိန်မှာ ညနေခင်းကလေးဖြစ်လေသည်။ ဤတွင်ညစာကို ငါးပိရေနှင့်တို့စရာသာဖြစ် ကြောင်း အတတ်သိနေကြသော ကိုရွှေလယ်သူလယ်သားတို့သည် အပြေးအလွှားလာ ရောက်ကာ တ၀တပြဲ အကြွေး စားသောက် ပါလေတော့သည်။
ယင်းကားကိုကျော်တို့၏ ပွပေါက်ပင်။ သို့သော်လည်း သူတို့၏ ကြွေးဝလချေးလည်နေ သည်ကား ဘယ်တော့မှ ကိစ္စမပြီးချေ။ အကြောင်းမှာကျေးရွာက အကြွေးမည်သည် စပါးပေးတင်းတိုးငွေ ဖြစ်ချေသည်။ ဤအထဲ၌ ကိုကျော့်အိမ်မှာ ကလေးတွေ တစ်နှစ်တစ် ယောက်လိုတိုးနေသည်။ ဤလိုဆင်းရဲသားမျှ လင်နှင့်မယားတက်ညီလက်ညီ လုပ်နိုင်မှ တန်ရုံစားရသည်ကို ကိုကျော့်ဇနီး ဒေါ်မယ်မြက ကလေးတွေ တပြွတ်ပြွတ် မွေးလေတော့ သူ့လုပ်အားသည် နှစ်စဉ်လို ပဋိသန္ဓေ ရင့်ချိန်၊ မီးဖွားချိန်၊ သွေးနုချိန်တို့မှာ ပျက်ကွက် ရသည်။ သူပျက်ကွက်သလောက် စားမည့်ပါးစပ် ပေါက်တွေက တိုးလာသည်။ ဒီတော့ ဒီအိမ်ထောင် မဆင်းရခံနိုင်ရော့လား။
ဒါနှင့်ကိုကျော်သည် တစ်နှစ်သောအခါဝယ် အပွကြံသော လုပ်ငန်းတစ်ရပ်ကို လုပ်လေ သည်။ အရက်ချက်ခြင်း။
အရက်ချက်ခြင်းသည် တစ်ကျပ်ဖိုးရင်းလျှင် ငါးကျပ်ဖိုးရ၍ လေးကျပ်မြတ်သော လုပ်ငန်းမျိုး ပေတည်း။ စွန့်စားခန်းတော့ ဖြစ်သည်။ မိမိဤလုပ်ငန်း လုပ်မှန်းသိသူတို့အား 'သွားတို့'မှာ စိုး၍ သင့်မြတ်အောင် ချော့မော့ ပေါင်းသင်းရသည်။ သို့သော် ရာဇ၀တ်မှု မကင်းသော လုပ်ငန်းမျိုးသည် တစ်ကွေ့မတွေ့၊ တစ်ကွေ့တော့တွေ့ တတ်ပေရာ တစ်နေ့သ၌ 'ငကျော်ချက်နေတုန်း ညကြီး မင်းကြီးမှာ ယစ်မျိုးဘက်က လာဖမ်းရာ အရက်တွေရော ပေါင်းအိုးတွေရော မိသွားပတဲ့ဟေ..." ဟုကြားရသည်။ ထိုမှတပြီး ကိုကျော် ထောင်တစ်လ ကျသွားသည်။
ကိုကျော် ထောင်ကလွတ်လာသောအခါ၌ သူမရှိမီ သူ့အိမ်သားများ အကြွေးစားထားကြ သည်ကို ဘာနှင့်မြန်မြန် ပြန်ဆပ်ပါမည်နည်း။ ကိုကျော်သည် အရိပ်အခြည်ကြည့်၍ ခေတ္တမျှသာ စောင့်ဆိုင်း ပြီးနောက် မြက်မြက်တွေ့ခဲ့ပြီဖြစ်သော အရက်ချက်လုပ်ငန်းကိုပဲ ပြန်ကိုင်လေသည်။
လယ်လုပ်ချိန်မှာ လယ်လုပ်မပျက်ပေ၊ မုန့်ဟင်းခါးလုပ်ချိန်မှာ မုန့်လုပ်မပျက်ခဲ့ပေ။ ထို့ကြောင့် ခါတိုင်း နှစ်များ ထက် ချောင်ချောင်လည်လည် ဖြစ်ခဲ့ပေသည်။ သို့သော် တစ်နှစ်ကျော်မျှကြာသည်၌ အရက် အဖမ်းခံ ရပြန်၍ ကိုကျော်ထောင်ထဲ ရောက်သွားပြန် ချေသည်။ ဤဒုတိယအချိန် ၌ကား နှစ်ဆတိုး၍ နှစ်လ ထောင်ကျလေသည်။
ထို့နောက်၌ကား ကိုကျော်သည် ထောင်ကိုခြင်ထောင်ဟု အောက်မေ့သွားချေပြီ။ ထောင်မ ကျမီ၌ ချောင်ချောင်လည်လည် စားသုံးရသော အရက်ချက်ချင်း လုပ်ငန်းကိုလည်လျှင် လည်သလို ဦးစားပေး လုပ်ကိုင်ခဲ့ခြင်းဖြင့် ထောင်ကလွတ်လိုက်၊ ပြန်ကျလိုက်ဖြင့် သူ့ဘ၀ကို ဖန်တီးနေပေတော့သည်။ သူသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်လေရာ အရက် ချက်ခြင်း၊ ထောင်ကျခြင်းသည် ဒုစရိုက်မှုမှန်း သိပေသည်။ သို့သော် သူ့အိမ်ထောင်၏ ၀မ်းရေးကခက်လှသည်။ သူ့စိတ်ထဲ၌ ငါ့သားများ လူလားမြောက်ခဲ့သော အားကိုးဖော် ရကာ ကောင်းကြောင်းကောင်းရာဖြင့်သာ အသက်မွေးနိုင်ရာ၏ဟု မျှော်လင့်ပေသည်။ သူ၏ အကြီးဆုံး နှစ်ယောက်သော ရင်သွေးမှာလည်း သားများဖြစ်ကြပေသည်။
သို့ရာတွင် သူ၏သားကြီး သြရသများ ထွန်တုံးထွန်တံနိုင်စပြုသောအခါ၌ ကိုကျော် ၀မ်းမြောက်စ ရှိသေးသည်။ မြတ်ရိတ်ရာမှာ ကိုကျော်ပိုးထိပြီး ဆုံးရှာလေသည်။ သူ့ဘ၀သည် ဒုက္ခတွင်း သက်သက်။
ကိုကျော် သေဆုံးပြီးနောက် သူ့အိမ်ထောင်သည် ဤခြံမြေတွင် တစ်နှစ်မျှ ဆက်လက် တည်ရှိ နေပေသေးသည်။ သို့သော် ဤခြံမြေပိုင်ရှင် အပြောင်းအလဲ ဖြစ်သည်၌ နေထိုင် သူတို့လည်း ပြောင်းရ ပေတော့သည်။
ဤခြံမြေ အပြောင်းအလဲ ဖြစ်ရသည်မှာ တစ်ဆင့်မှတစ်ဆင့် ရောင်းချ၍ မဟုတ်ဘဲ မူလဤ မြေပိုင်ရှင် ဒေါ်ထွား သေဆုံးသည်၌ သားဖြစ်သူ အမွေရသည်။ ဤသားက သူ၏ရောင်းရင်း အပေါင်းအသင်းမိတ်ဆွေကို ထားခြင်းဖြင့် ဒေါ်မယ်မြတို့ မုဆိုးမသားအမိတွေ အခြား တစ်နေရာသို့ ပြောင်းရွှေ့ရခြင်း ဖြစ်ပေသည်။
တတိယမြောက် ရောက်လာသူကား ဘိန်းစားမိသားစု ဖြစ်၏။ လင်မယား နှစ်ယောက်နှင့် သမီးတစ်ယောက်။ သို့သော် ဘိန်းစားဆိုပေမယ့် သိပ်ပြီးတော့ အထင်မသေးလိုက်နှင့်၊ မူလက ဤခြံမြေတွင် ရိုးရိုး လုပ်ကိုင် စားသောက်သွားသော မောင်ကျော်ကို ငကျော်ဟု ခေါ်ကြသော်လည်း ဤဘိန်းစား နာမည်ရင်း ကိုဘိုတင်ကိုးကား ရွှေဘိုတင်တဲ့ခင်ဗျာ။ အရပ်ကာလသားများက ခေါ်ကြသည်။ ရွှေဘိုသားဖြစ်၍ မဟုတ်ချေ။ ကာလာသား ဆန်ခြင်း၊ အပေါင်းအသင်းဝင်ဆံ့ခြင်း၊ ၀င်ငွေရွှင်ခြင်းတို့ကြောင့် ရွှေတစ်လုံး ဘွဲ့တပ်၍ ပေးကြခြင်း ဖြစ်ပေသည်။
ရွှေဘိုတင်အလုပ်သည် နွားပွဲစားဖြစ်သည်။ ရွှေဘိုတင်သည် ဘိန်းစားပီပီ သည်းခံခြင်း သဘောတရား အပြည့်အစုံနှင့် အပြောညက်လှပေသည်။ နွားပွဲစားမှ နွားကို ကိုယ်တိုင်ကိုင်သူ မဟုတ်ပေ။ လက်ထောင် တပည့်အားကိုင်စေပြီး သူကအပြော ကလေးနှင့် စားနေသူဖြစ်သည်။ ရွာတွင် နွားရောင်းသူ သည်လည်း ကောင်း၊ နွားဝယ်လိုသူ သည်လည်းကောင်း သူ့ကို အားကိုးရ ပေသည်။ လယ်သမား တို့ ကျေးရွာ၌ နွားအရောင်းအ၀ယ်တို့သည် သီတင်းမပြတ် ရှိနေကြပေသည်။ ထို့ကြောင့် အရောင်း အ၀ယ်ကောင်းသော နွားပွဲစားသည် စားသာသည်သာချည်း။
ယင်းသို့ဖြင့် ဘိန်းစားပေမယ့် ၀င်ငွေရွှင်တော့ လူတွေက "သူ့ဘိန်းဖိုး သူရှာစားတာပဲ၊ တခြား ဘိန်းစားတွေလို ခိုးခြင်း ၀ှက်ခြင်း မရှိ"ဟု သူ့ကိုဖိနှိပ်ခြင်း မပြုကြပေ။ နွားရောင်းဝယ်မှုကိစ္စ၌ သူ့ကိုပင် ဆရာတင်ကြရချေသည်။
မိုးရာသီတွင် လယ်လုပ်ချိန်မို့ နွားအရောင်းအ၀ယ် ပါးသော်လည်း ရွှေဘိုတင်သည် ပင်ပင်ပန်းပန်း လုပ်ရသည်မရှိချေ။ သူ့ဇနီးနှင့် သူ့သမီးက ကောက်စိုက်ခြင်း၊ ရက်ကန်းရက်ခြင်းများကို ပြုလုပ်၍ ၀င်ငွေရ နေသေး၏။ ထို့ပြင် ရွှေဘိုတင်သည် (သူပြောလေ့ရှိသော စကားအရ) ညဏ်ကလေး လွှာသုံးသည်လည်း ရှိသေး၏ ၎င်းမှာ ရပ်ရွာအဖို့ကောင်းသည်မဟုတ်ချေ။ ရပ်ရွာ၌ လူငယ်လူရွယ် များကို ဘိန်းစားသင်ပေးခြင်း ဖြစ်ပေသည်။
သူသည် လိုင်စင်ရ ဘိန်းစာခြင်းလေရာ တစ်ပတ်စာ သူထုတ်လာသော ဘိန်းများထဲမှ ကာလသား လူငယ်များကို အလကားစပြီး ဘိန်းရူးသင်ပေးလေသည်။ အဲ…….. ဒင်းကလေး တွေ စွဲနေပြီ ဆိုသောအခါ၌ သူံထံမှာ ဘိန်းကျေးကျွန်ခယတော့သည်။ နောက်ဆုံး၌ သူသည် သူံလို်င်စင် နှင့်ဈေးသက်သာစွာ ရလာခဲ့သောဘိန်းကို သူ့တပည့် ရပ်ရွာလူငယ် ဘိန်းစားများအား အပြင်ပေါက်ဈေးဖြင့် ရောင်းခြင်း ဖြင့် သူသည်အမြတ်ထုတ်သူ ဖြစ်လာ ပေတော့၏။
ဤခြံမြေတွင် ရွှေဘိုတင်နေသောအခါ၌ ကျွန်တော်အရွယ်ရောက်ပြီဖြစ်၍ သူ့အကြောင်း ကောင်းကောင်းကြီး မှတ်မိခဲ့ပါသည်။ သူသည် နှစ်စဉ်ဝက်တစ်ကောင် တစ်ကောင်လည်း မွေးလေ့ရှိသည်။ သူ့စကား အသုံးအရ ပြောရသော် " စုဗူးကလေး တစ်လုံးတော့ မပြတ်ထားရတယ်" ဟူ၏။ " လူတစ်ယောက် ဟာ တစ်နေ့ကို ပိုက်ဆံ တစ်ပြား နှစ်ပြားစုပါဆိုရင် ခဲယဉ်းသကွ၊ ဟော ဒီကောင် ရှိနေတော့ ဟာ……သူက ကျွိကျွိမြည်လိုက်ရင် မနေသာဘူးဟ၊ ဆန်ကွဲ့၊ ဖွဲနု နှစ်ပြားသုံးပြားဖိုး ၀ယ်ပြီကျိုလိုက် ရတော့တာပဲ၊ နို့ပြီး ကိုယ့်အိမ်ကရော နံဘေးအိမ်တွေက ထမင်းကျန်းဟင်းကျန် တွေရော မစားနိုင်တာတွေ အလကား မဖြစ်ရဘူး၊ သူ့ကိုယိထဲထည့်ပြီး ၀က်သားလုပ်တာ့ပေါ့ကွ၊ အဟား ဟား………ဟား."ဟုရယ်မော၍ ဖြေဆို တတ်ပါသည်။
သူ့စုဗူးကို နှစ်စဉ် စပါးပေါ်ချိန်မှ ဖောက်တတ်ပါသည်။ လူတွေက ပျားဖွပ် သားတိုး ၀က်မွေးခြင်းအလုပ်သည် မကောင်းသော အကုသိုလ်အလုပ်ဟူ၍ အများဖြင့် ရှောင်ကြဉ် နေကြသော်လည်း ရွှေဘိုတင်အား " ခင်ဗျား စုဗူးမဖောက်သေးဘူးလား၊ ဖောက်တော့ဗျာ" ဆိုသည်ကို တော့သဘော ကျလှသည်ပေါ့။
ကိုယ်တိုင်ပင် လုပ်ကိုင်သည်မဟုတ် ၎င်း၏တပည့်ငယ်သား ဘိန်းစားငယ်များကို မေးထိုးပြ လိုက်ရုံနှင့် ကိစ္စပြီး၏
ယခုရေးသားဖော်ပြခဲ့သည်အထိ ရွှေဘိုတင်ဘ၀မှ ဘိန်းစားဖြစ်ဘိလည်း ကြံရည် ဖန်ရည် နှင့်ငွေစရွှင်ကာ အေးဆေး ငြိမ်သက်လှပေသည်။ သို့ရာတွင် လူတစ်ယောက်၏ ဘ၀တစ်ခုတွင် မုန်းတိုင်းသည် အမှတ်မထင် ကျရောက်ပေသေးသည်။
အကြောင်းကား ရေ၌ ကျွမ်းကျင်သူသည် ရေ၌ပင် ဘေးအန္တယ်တွေ့တတ် ဘိကဲသို့ နွားရောင်အ၀ယ်၌ ကျွမ်းကျင်သော ရွှေဘိုတင်သည် နွားအရောင်အ၀ယ်၌ ဘေးအန္တရာယ်တွေ့ရေ တော့သည်။
တစ်ခုသော ဗုဒ္ဓဟူးပတ် နွားပွဲထဲဝယ် လူငယ်ကလေးနှစ်ယောက်သည် နွားတစ်ကောင်ကို ဦးလေး ကြည့်ရောင်းပေးစမ်းပါဆိုသဖြင့် သူကရောင်းပေးလိုက်သည်။ စင်စစ် ဤနွားသည် ကျွန်တော်တို့ အရပ်ခေါ် နွားပေါ့ (ခီုီးရာပါ နွားဖြစ်နေသည်။) ပိုင်ရှင်ပေါ်လာသောအခါ၌ ၀ယ်သူ အပေါ် အမူ့ ရောက်လာသည်။ နောက်ဝယ်သူက ရွှေဘိုတင်အပေါ် လွှဲပေးလိုက်သည်။ ရွှေဘိုတင် သူ့အား ရောင်းပေး ပါဆိုသော လူငယ်များထံသို့ ပို့ပေးရမည်။ သို့သော် ဤလူငယ်ကလေးများမှာ မျက်နှာစိမ်းဖြစ်၍ သူရှာမပေး နိုင်တော့။
ဤနေရာ၌ အကုသိုလ်သည် ယင်းအမူဖြစ်၍ တစ်ခုထဲမလာ၊ အဖော်နှင့် တွဲလာတတ်သည် ဆိုသောစကား မှန်ပြန်သည်က ယင်းအမူဖြစ်၍ အာမခံနှင့်နေရစဉ် တစ်နေ့သ၌ သူ့လက်သင် ဘိန်းစာငယ် ကလေးသည် ဓားမြှောင်တစ်ချောင်းကို အပေါင်ထား၍ သူ့ထံမှ ဘိန်းဝယ်သွားသည်။ ဤဓားမြှောင်သည် အသွား ၆-လက်မရှိသည်။ ဆင်စွယ်ရိုး ငွေခွေးတပ်နှင့် လှလည်းလှသည်၊ အဖိုး လည်းတန်သည်။
ဒါကို ရွှေဘိုတင်သည် သဘောကျစွာ ကိုင်တွယ်ကြည့်နေစဉ် ရွာသူကြီးသည် ရုတ်တရက် သူ့အနီးရောက်လာ၍ ဤဓားမြှောင် မြင်သွားသော် ဟာ……….လှလိုက်တာကွာ။ ရွှေဘိုတင် မင်းဘယ်က ရသလဲ၊ မှန် ပေးစမ်းငါ့ကို ဆိုပြီး ဖျက်ကနဲ့ ဆွဲယူုလိုက်သည်။
ရွှေဘိုတင်က အမှန်ကိုပြောပြသောအခါ၌ သူကြီးမှာ ဤဓားမြှောင်ကိုသိမ်သဘောကျနေပြီ ဖြစ်၍ ဒါဖြင့် ဘိန်းစားပေါက်ကလေး တင်စိန်ကို ပြောလိုက် ဒီဓားမြှောင် ငါသိမ်းထားပြီလို့ အမှုမ လုပ်စေချင်း ငါ့ဆီလာတောင်းပန်းလှည့်ကြားလား ဆိုပြီး သူကြီးထွက်သွားတော့သည်။ ရွှေဘိုတင် ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့တော့သည်။
ဤအချိန်၌ ဘိန်းစားပေါက်စကလေး မောင်တင်စိန်ဆိုသည်မှာ အသက်အစိတ် လောက် အင်မတန် စိတ်ထက်သည်။ သူဓားမြှောင်အကြောင်း ကြားရသည်၌ ဒေါသ အမျက်ခြောင်းခြောင်း ထွက်လေသည်။
ရွှေဘိုတင်သည် ဇိမ်းနှင့်စား၍ မှိန်းနေတတ်သူဖြစ်သည်။ သူထမင်းစားခါနီး၌ အရက် အနည်းငယ် သောက်သည်။ ထမင်းကို မြိန်ယှက်စွာ စားပြီနောက် ဘိန်းကိုမျိုကာ တောင်ဆုပ်လောက်ရှိသော ပြောင်ဖူးဖက် ဆေးပေါ့လိမ်ကြီး မီးညှိလျက် ငုတ်တုတ် မှိန်းလေ့ရှိသည်။
ဆေးပေါ့လိပ်ကို အားရပါးရ ဖွာလိုက်၊ မျက်စိကို မှိတ်ကာ မှိန်းငိုက်လိုက် သူဆေးလိပ်ဖွာစဉ် မတ်မတ်နေသော သူ့မျက်နှာသည် ဘိန်းမှိန်းရင်း တဖြည်းဖြည်း ငိုက်ငိုက်သွားလေရာ လည်ပင်း ခေါက်ချိုး ဖြစ်သွားသောအခါ ဇတ်ကနဲ သူ့ခေါင်းပြန်စူပြန်ပြီး ဆေးလိပ်ဖွာလိုက်ပြန်သည်။ ပြီးလျှင် ထိုနည်း လည်းကောင်း ပြန်ငိုက်ပြန်လေသည်။ ယင်းသို့လျှင် ဇိမ်နှင့် ငုတ်တုတ်မှိန်းနေပြီး သန်းကောင် နီးပါးမှ အိပ်ရာဝင်လေ့ရှိ၏။
ထိုနေ့ည၌ ရွှေဘိုတင်သည် အိမ်ရှေ့ဘက်မှ ပုဏ္ဏားကွယ်တိုင်မှီ၍ ဘိန်းငိုက်နေသည်။ ဇနီးနှင့် သမီးက အတွင်းခန်းထဲမှာ ရက်ကန်းရက်နေကြသည်။ ည ၉ နာရီလောက်မှ စီကနဲ ဆူဆူညံညံ ကြားလိုက်ရသည်။
"ဟောဒီမှာ... လာကြပါ... လာကြပါ တင်စိန်ရယ် ကိုဘိုတင့်ခါးကို ဓားနဲ့ ခုတ်ပြီး ထွက်ပြေးပါတယ်"
ရွှေဘိုတင်ကတော်၏ အော်သံဖြစ်၏။
ရွှေဘိုတင်၏ ဒဏ်ရာကြီးကား နဲနဲနောနောမဟုတ်၊ ဂျိုဟောင်းမှ နဖူးထိ လုနီး ဘိုကေခွဲထားသကဲ့သို့ ဟက်တက်ကြီး ကွဲလေရာ ဦးနှောက်မပေါက်ရုံ အြှေးကလေးသာ ခံနေတော့၏။ အသက်မသေရန် ဆရာဝန် သည် အတော်ကြိုးစားကုလိုက်ရ၏။ လပေါင်းများစွာ ဆေးရုံမှာနေရသည်။
ဆေးရုံက ဆင်းလာသောအခါ သူ့ဦးခေါင်းခွံ အကွဲဟက်တက်ကြီးနှစ်ဖက်မှာ ကျည်းပေါင်း ကြီးတက်၍ လက်နှစ်လုံးလောက်နက်သော အမြှောင်းကြီးဖြစ်နေသည်။ ဦးနှောက် အမြှေးပေါ်က အသားနုမှာ တော်တော်နှင့် မကျက်၊ အပြင်လူနာအဖြစ်နှင့် ဆေးရုံသို့ နေ့စဉ်သွား၍ ဆေးထည့်ရတုန်း ဖြစ်သည်။ ဤအချိန်၌ သူ၏ "နွားပေါ့" အမှုကို စစ်ဆေးရာ ရောင်းခိုင်းသူများကို ရှာမပေးနိုင်တော့၍ နွားခိုးမှုနှင့် ထောင် ၉-လ ကျသွားလေသည်။
ကိုတင်စိန်ကား သေလောက်သော ဒဏ်ရာရအောင် ဓားခုတ်မှုဖြင့် ထောင်တစ်သက်တစ် ကျွန်း ကျသွား ရှာသည်။
ဤနေရာ၌ ရွှေဘိုတင်အား ကံကောင်းသူဟု ဆိုရမည်လား။ သူ့အား ဆရာဝန်က မည်သို့မျှ အလုပ်ကြမ်းမခိုင်းရ၊ နို့ပြီး သူ့ဦးခေါင်းကို နှီးဖျားဖြင့်ပင် ရိုက်နှက် ပုတ်ခတ်ခြင်းမပြုရ၊ ပြုလျှင် ချက်ခြင်းပင် သူသေသွားနိုင်သည်ဟု ပြောဆိုထား သဖြင့် ရွှေဘိုတင်မှာ ထောင်ထဲ၌ အငြိမ်းစားနေရရုံမက ဘာယာ တစ်ယောက်နှင့် နေ့စဉ်ပင် ဆေးရုံသို့လာပြီး ဆေးထည့်သော အမှုကို ပြုရသည်။ (မြို့နယ်ကလေး၌ ထောင်ဆေးရုံ၊ ထောင်ဆရာဝန် မရှိချေ။)
ယင်း၌ ရွှေဘိုတင်အဖို့ ထောင် ၉-လကျသည်ကို ရက်နည်းသည်ဟုပင် ဆိုချင်သည်။ အကြောင်းမှာ သူ့မယားထောင်ဝင်စာ မကြာခဏ သွားကြည့်သည်တွင် အခြားသူများလို ကိုယ့်လင် ထောင်ထဲ၌ အနေရ ချောင်အေင် အိမ်ကပိုက်ဆံများယူသွားစရာ မလိုသည့်ပြင် သူ့လင်ထံမှပင် အိမ်စားဖို့ငွေများ မှန်မှန် ရလာခဲ့သေးသည်။
ကဲ... ရွှေဘိုတင် ထောင်ထဲ၌ ငွေဘယ်လိုဖြစ်နေပြန်လေသနည်း။ အကြောင်းကား ဤသို့ တည်း။
ရွှေဘိုတင် နေ့စဉ် ဆေးသွားထည့်ရသော ဆေးရုံက ကွန်ပေါင်ဒါ (ဆေးစပ်ပေးရသူ၊ အပြင်လူနာများကို ဆေးထည့်ပေးရသူ) သည် ရွှေဘိုတင်နင့် သူငယ်ချင်း ဘိန်းစားပင်တည်း။ ယင်း၌ ဘိန်းစား နှစ်ယောက် ပေါင်းပြီး ကြံလိုက်ကြရာ ရွှေဘိုတင်၏ လက်နှစ်လုံးလောက်နက်သော ဦးခေါင်းခွံမြောင်းကြီးထဲ၌ ၀ါဂွမ်းပေါ်က တစ်နေ့လျှင် ဘိန်းတစ်ကျပ်သားမျှထည့်ပြီး ပတ်တီးစည်း ပေးလိုက်သောကြောင့်ပေတည်း။ ထောင်ထဲ၌ ဘိန်းဈေးကြီးလှသည်ကို အထူးပြောစရာ မလိုပါ။
ထောင်ဘာယာကုလားသည် ထောင်မှထွက်လာခဲ့ကြစဉ် ရွှေဘိုတင်နောက်မှ ပုံစံတုတ်ကြီး ကိုကိုင်ပြီး လိုက်လာ ခဲ့သည်ဖြစ်သော်လည်း ဆေးထည့်ခန်းသို့ကား သူဝင်ရ သည် မဟုတ်ချေ။ အပြင်မှသာ သူစောင့် နေရ၏။ အတွင်း၌ကား ဘိန်းစား နှစ်ဖော်တို့ လုပ်ငန်းကြီးစွာ လုပ်ကြ၏။ ထောင်ဗူးဝ၌လည်း မသင်္ကာသူကို မည်သည့်နေရာ၌မဆို ရှာဖွေနိုင်သော်လည်း ဆေးရုံက ဆေးထည့်ပြန်လာသော ရွှေဘိုတင်၏ ခေါင်းက ပတ်တီးကိုကား ဘယ်သူဖြေ၍ ကြည့်ဝံ့ပါအံ့နည်း။ ထောင်ထဲ၌လည်း သူ့ပတ်တီးကို ဖြေကာပါလာသော ဘိန်းကိုယူပြီး ပြန်စည်း ပေးသည့်လူအသင့်ရှိ၏။ ဤနည်းဖြင့် ရွှေဘိုတင်သည် ထောင်ထဲ၌ပင် စီးပွား ဖြစ်ခဲ့ပေသတည်း။
အရွယ်ငယ်ငယ်လေးနှင့် အဖတ်ဆယ်မရအောင် ဘ၀ဆုံးရသူကား စိတ်ထက်မြက်၍ လုပ်ရဲကိုင်ရဲသော မိုက်ရူးရဲကိုတင်စိန်တည်း။ ဂျပန်ခေတ်က တစ်ကျွန်းကျသောလူများ ပြန်လွတ် လာကြပြီဆိုသော်လည်း ကိုတင်စိန်တစ်ယောက်ကတော့ ယခုတိုင် ပေါ်မလာတော့ချေတကား။ သူ့ကို မျှော်လင့်နေခဲ့ကြသော သူ့မိဘဘိုးဘွားများလည်း သေဆုံးကုန်ခဲ့ကြပါပြီ။ ယခုအချိန်၌ကား ရွှေဘိုတင်တို့ မိသားစုအားလုံးလည်း လူ့ပြည်၌ မရှိကြတော့ပါပြီ။
ကျွန်တော့် အသက်မီသမျှ ဤခြံတွင် အကြာရှည်ဆုံး နေထိုင်သွားကြသူများမှာ ရွှေဘိုတင်တို့ မိသားစု ဖြစ်ပေသည်။ အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရသည်အထိ၊ ဖဆပလခေတ်တွင် ဤခြံမြေရှိရာသို့ ကျွန်တော် ပြန်ရောက်သွားသောအခါတွင် ရွှေဘိုတင်၏ဇနီး မရှိတော့ပြီ။ ဒုတိယအခေါက်တွင် ရွှေဘိုတင်တို့ သားအဖကို တွေ့ရှိသေး၏။
တတိယအခေါက်တွင်မူ ရွှေဘိုတင် ကွယ်လွန်ရှာပြီ။ သမီးကလေးကလည်း တစ်ဦးတည်း အိမ်တစ်ဆောင်နှင့် မနေနိုင်တော့သောကြောင့် သူ့ဆွေမျိုးရှိရာ အခြားဒေသသို့ ပြောင်းရွှေ့ သွားကြောင်း သိရသည်။ သူတို့ဂေဟာလည်း ကွယ်ပျောက်နေသဖြင့် ဤခြံမြေတစ်ခုလုံး ကွက်လပ်ဖြစ်နေသည်။
စတုတ္ထအခေါက်ရောက်သွားသောအခါ၌ကား ဤခြံမြေသည် နှစ်ခြမ်းကွဲနေလျက် ၀င်းခြံ လုံလုံခြုံခြုံနှင့် သင့်တင့်ထည်ဝါသော အိမ်နှစ်ဆောင်ကို မြင်တွေ့ရလေသည်။ တစ်ဆောင်က အခြားရွာမှ ပြောင်းရွှေ့လာသော ကျွန်တော်နှင့် မရင်းနှီးသည့် သူများ၊ ဖိုးတောင်ရိုး၊ ကိုကျော်၊ ရွှေဘိုတင်တို့ အိမ်နေရာ၌ ကား ကျွန်တော်နှင့် ကျောင်းနေဘက် သူငယ်ချင်း ကျောင်းဆရာမကလေး၏အိမ်။
သူတို့သည် ဤခြံပိုင်ရှင်ထံမှ တစ်ယောက်တစ်ဝက် ၀ယ်ခြမ်းယူလိုက်ကြောင်း သိရသည်။ ထို့ကြောင့် ဤခြံမြေသည် ယခုမှ ပိုင်ရှင်များ နေထိုင်ကြခြင်း ဖြစ်သည်။ ကျွန်တော်မရှိခဲ့ သော ကာလတုန်းက အကြောင်းကိုတော့ ကျွန်တော် ပြောမပြနိုင်ပါ။ ကျွန်တော်သိခဲ့သမျှ တော့ ရွှေဘိုတင်တို့မိသားစုအထိ ခြံစောင့် အဖြစ်နှင့် နေထိုင်ကြသူများကိုသာ သိကျွမ်းခဲ့ရ ပါသည်။
ကျွန်တော့်သူငယ်ချင်း ရွာဦး ဘုန်းတော်ကြီးကျောင်းက မူလတန်းကျောင်း ဆရာမဖြစ်၍ သူသည် ပထမရွာထိပ်ရှိ ဘုန်းကြီးကျောင်းနားမှာ နေထိုင်ခဲ့သည်။ နောက်၌ သူ့အိမ် ဓားပြ တိုက်၊ သူ့အား ပြန်ပေးဆွဲ၊ နို့ပြီး သူ့လင်ကို အသတ်ခံရ၍ မုဆိုးမကလေးအဖြစ်နှင့် ရွာလယ် လုံလုံခြုံခြုံရှိရာ လာရောက်ခိုလှုံနေထိုင်ခြင်း ဖြစ်သည်။
ဤခြံမြေတွင် ကျွန်တော့်အသက်နှင့် မတိမ်းမယိမ်း၊ အနှစ်၄၀ကျော်အတွင်း ၄-အိမ်ထောင် တို့ နေထိုင်သွားကြလေရာ ကျွန်တော့်မျက်စိထဲတွင် ၄-မျိုးသော ပုံစံတို့ကို မြင်ယောင်နိုင် ပါသည်။
ဘိုးတောင်ရိုး-ဘွားရွှေအိတို့ အိမ်ငယ်မှာ အဘိုးအို-အဘွားအို အိမ်ပီပီ အိုစာသော အိမ် ကလေးပင် ဖြစ်ပါသည်။ အိမ်ရှေ့တွင် သိပ်ပြီး သပ်သပ်ယပ်ယပ် မရှိ။ ဘွားရွှေအိ မုံ့ပေါင်း သော မြေကျင်းတူး မီးလင်းဖို ကြီးနှင့် ဖိုးတောင်ရိုး ထင်းခွေထားသည့် ၀ါးမြစ်ဆုံပုံကိုသာ ထင်ထင်ရှားရှား မြင်ယောင် လာပါသည်။
ကိုကျော်-ဒေါ်မယ်မြတို့အိမ်ကား ကလေးတွေ များသဖြင့် ဖိုးတောင်ရိုးတို့ အိမ်ထက်ကြီး ပါသည်။ အိမ်ရှေ့ အိမ်အောက်တို့တွင်မူ ကလေးတွေ ကစားထားထားသော ဗြုတ်စ ဗြင်းတောင်း အရာဝတ္ထုတွေနှင့် ရှုပ်ပွနေ၏။ ထို့ပြင် တစ်ရပ်လောက်မြင့်သော အိမ်အောက် မှ ဆန်ဖွပ်မောင်းဆုံနှင့် အိမ်ရှေ့မှာ ကြိတ်တစ်လုံး ရှိ၏။ အကြောင်းမှာ နွေရာသီမှာ သူတို့ မောင်နှံသည် အခြားသူတို့၏ ၀မ်းစာ စပါးကို ကြိတ်ထိုး ဆန်ဖွပ်အလုပ်လည်း ငှားလုပ်ပေး ရသေး၏။ ထိုခေတ်၌ ၀မ်းစပါး ကြိတ်စက်ကလေးတွေ မပေါ်သေးချေ။
ဤခြံမြေတွင် သေသပ်သန့်ရှင်းဆုံးကား ရွှေဘိုတင်လက်ထက်ပါပေတည်း။ သူ့အိမ်ရှေ့မှာ ကြက်ပွဲ၊ ဂေါ်လီပစ်ပွဲကလေးများလည်း လုပ်လေ့ရှိသဖြင့် ပြောင်တလင်း ရှင်းနေ၏။ ရွှေဘို တင်သည် နေ့စဉ်တံမြက်လှဲ၏။ နို့ပြီး သူသမီးကလေးကလည်း ဝေဆာနေသေး၏။ ထို့ကြောင့် ညနေခင်း အားလပ်ချိန်များတွင် လူတို့သည် ရွှေဘိုတင့်အိမ်ရှေ့သို့ လာ၍ စကားစမြည်ပြောလေ့ ရှိကြ၏။
အဲ ... ဤခြံမြေတွင် ရွှေဘိုတင်နှင့် ဆန့်ကျင်ဘက် လူသူအလာနည်းဆုံးကား ယခု ကျွန်တော့်သူငယ်ချင်း ဆရာမလက်ထပ်ပါပေ။ သူကလေးသည် ဓားပြတိုက်တစ်ခါခံဖူး ထားသဖြင့် "ပျဉ်ဖိုး" နားလည်ကာ "ခ" မှန်ဖူးတဲ့ စာသူငယ် ကဲ့သို့ ဖြစ်နေ၏။ သူ့ခြံဝင်းထဲ အပြင်မှ ဘာမှမမြင်ရအောင်ပင် ၀င်းခြံကို လုံခြုံစွာကာ၏။ တံခါးမှာ သော့နှင့်၊ မင်းတုန်းနှင့် ထား၏။ ယခင် ရွှေဘိုတင်လက်ထက်က တလင်းပြင်တွင် ပန်းပင်တွေ၊ သစ်သီးပင်တွေ အပြည့်စိုက်ထား၏။ ထို့ကြောင့် သူ့ခြံဝင်းနှင့် အိမ်တွင်းမှာ အလင်းရောင်မကောင်းတော့ ချေ။ ကျွန်တော့ စိတ်တွင် သူ့အိမ်သွားလည်ရတာ အသက်ရှူကျပ်သည်ဟု ထင်၏။
ကျွန်တော်သည် လွန်ခဲ့သောတစ်ခေါက်က ကျွန်တော့သူငယ်ချင်းမ အိမ်ပေါ်တက်ရင်း ဤ အကြောင်းအရာများကို ပြန်ပြောင်းစဉ်းစားမိ၍ ယခု ရေးသားခြင်း ဖြစ်ပါ၏။ ထိုစဉ် သူငယ်ချင်းမ၏ လက်ဖက်ရည်ကိုသောက်ရင်း ဤခြံမြေတွင် ဆောက်ခဲ့ကြသောအိမ်တို့၌ ဘိုးတောင်းရိုး ဘွားရွှေအိတို့၏ ဆန်ခါတင်မုန့်နှင့် ရေဆေးပေးသော အသားဟင်လျားများ ကို စားရခြင်း၊ ကိုကျော်-ဒေါ်မယ်မြတို့၏ နှစ်စဥ်မုံ့ဟင်းခါးကို စားရခြင်း၊ ရွှေဘိုတင်၏ ၀က်ပေါ်သော နေ့ ညနေဘက်၌ ၀က်ခေါင်းသုပ်နှင့် ထန်းရည် သောက်ရခြင်းတို့ကို ပြန်ပြောင်း သတိရလှပါတော့သည်။
ကဲ ... ဤခြံမြေတွင် ကျွန်တော်သိသမျှ အနှစ် ၄၀အတွင်း ပုံပြင်များကတော့ ပြီးဆုံးပါပြီ။ ကျွန်တော် မမွေးမီက ပုံပြင်များမည်သို့ ရှိခဲ့သေး၍ ယခု ဆရာမကလေးလက်ထက်မှစ၍ ရှေ့တွင် မည်သို့သော ၀တ္ထုပုံပြင် ဖြစ်ပေါ်ဦးမည်နည်း။
မြေပြင်ပေါ်တွင် လူသတ္တ၀ါတွေ နေစဉ်မှာ ပုံပြင်ဝတ္ထုတို့ကား မနားတမ်းပေါ်ပေါက်နေလိမ့် မည်တည်း။
သော်တာဆွေ
No comments:
Post a Comment