Saturday, January 16, 2010
တော့တိုး-ချန်
နေ့လယ်စာ စားချိန်
ကျောင်းအုပ်ဆရာကြီးသည် တော့တိုး-ချန်ကို ကျောင်းသားများ နေ့လယ်စာ စားသည့် နေရာကို ပြရန် ခေါ်သွားသည်။
"မီးရထားတွဲထဲမှာ ငါတို့နေ့လယ်စာ မစားကြဘူး၊ စုဝေးခန်းမကြီးထဲမှာပဲ စားကြတယ်" ဟု ဆရာကြီးက ရှင်းပြလိုက်၏။
စုဝေးခန်းမကြီးသည် ခပ်စောစောက တော့တိုး-ချန်တို့ တက်လာသော ကျောက်လှေကားထစ်များ ၏ ထိပ်တွင် တည်ရှိသည်။ ၎င်းနေရာသို့ သူတို့ရောက်လာသောအခါ ကျောင်းသားများသည် စာရေးစားပွဲ များနှင့် ကုလားထိုင်များကို စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် ဆူညံစွာ ရွှေ့နေကြသည်ကို မြင်တွေ့ကြရသည်။ သူတို့သည် စုဝေးခန်းမကြီး၏ ထောင့်စွန်းတစ်နေရာ၌ ရပ်ပြီး ကျောင်းသားများ လုပ်ပုံကိုင်ပုံကို ကြည့်နေခိုက် တော့တိုး-ချန်သည် ဆရာကြီး၏ အပေါ်အင်္ကျီကိုဆွဲ၍ "တခြား ကျောင်းသားတွေရော" ဟု မေးလိုက်သည်။
"ဒါကျောင်းသား အားလုံးပဲ" ဟု ဆရာကြီးက ဖြေလိုက်သည်။
"ဒါအကုန်လုံးပဲ" တော့တိုး-ချန်သည် မယုံကြည်နိုင်အောင်ပဲ ဖြစ်သွားသည်။ ဤကျောင်းမှ ကျောင်းသား အားလုံးသည် အခြားကျောင်းမှ အတန်းတစ်တန်းစာမျှသော အရေအတွက်သာ ရှိ သည်။
"တစ်ကျောင်းလုံးမှ ကျောင်းသားငါးဆယ်လောက်ပဲ ရှိသလား"
"ဟုတ်တယ်၊ ဒါအားလုံးပဲ" ဟု ဆရာကြီးက ပြောလိုက်သည်။
ဤကျောင်းသည် သူမအရင်က နေခဲ့သော ကျောင်းနှင့်မတူဘဲ အစစအရာရာ ကွဲပြားခြားနား ကြောင်းကို တော့တိုး-ချန် စဉ်းစားမိသည်။
ကျောင်းသားအားလုံး သူတို့၏ နေရာအသီးသီးတွင် ထိုင်မိကြသောအခါ ဆရာကြီးသည် သူ၏ တပည့်များအား "မင်းတို့အားလုံး ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုး ယူခဲ့ကြ သလား" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့" ဟု သူ၏တပည့်များအားလုံး  သံပြိုင် ပြောလိုက်ကြပြီး သူတို့၏ နေ့လယ်စာ အစား အသောက် ဗူး များကို ဖွင့်လိုက်ကြသည်။
"မင်းတို့ ဘာတွေယူလာခဲ့ကြတယ်ဆိုတာ ကြည့်ရအောင်"
ဆရာကြီးသည် ထိုသို့ပြောရင်း တပည့်တိုင်း၏ ဗူးများကို လှည့်ပတ်ကြည့်ရှုလေရာ သူ၏ တပည့် များထံမှ ၀မ်းမြောက်သောအသံများ ထွက်ပေါ်လာလေသည်။
"သိပ်ရယ်ဖို့ကောင်းတယ်၊ ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းပေါ်က တစ်မျိုးမျိုးဆို တာ ဘာကို ဆိုလိုပါလိမ့်၊ အံ့သြစရာပါပဲ" ဟု တော့တိုး-ချန် စဉ်းစားလိုက်သည်။
ဤကျောင်းသည် တစ်မျိုးထူးခြား၏။ ရယ်ဖို့ကောင်း၏။ အခြားကျောင်းများ၌ နေ့လယ်စာ စားသောက်ပုံမျိုး သည် ဤကျောင်းက နေ့လယ်စာစားသောက်ပုံမျိုးလောက် ပျော်စရာကောင်း လိမ့်မည်ဟု သူမမထင်မိ။
မနက်ဖြန်ကျရင် သူမသည်လည်း ဤထိုင်ခုံများရှိ ထိုင်ခုံတစ်လုံးလုံးတွင် ထိုင်ရင်း ဆရာကြီးအား သူမ၏ နေ့လယ်စာ အစားအသောက်ဗူးများကို ဖွင့်၍ "ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုး"ကို ဖွင့်ပြရတော့မှာပါလားဟု စဉ်းစားမိသောအခါ တော့တိုး-ချန်သည် ထခုန်လိုက်မိမတတ် ပျော်ရွှင်မိလေသည်။
နေ့လယ်စာ အစားအသောက်ဗူးများကို လိုက်လံကြည့်ရှုနေသော ဆရာကြီး၏ ပခုံးများသည် မွန်းတည့် နေရောင်ခြည်၏ အနွေးဓာတ်ကို တွေ့ထိခံစားနေရလေသည်။
တော့တိုး-ချန် ကျောင်းစတက်ပြီ
"မင်းစာ အခုချိန်ကစပြီး ဒီကျောင်းရဲ့ ကျောင်းသူတစ်ယောက် ဖြစ်သွားပြီ" ဟု ဆရာကြီးက ပြောပြီး နောက်ပိုင်း တွင် တော့တိုး-ချန်သည် မနက်ဖြန်နံနက် မိုးသောက်ချိန်မြန်မြန်ရောက်ရေးကို သာ စိတ်စော နေသည်။ ရှေးအခါကဆိုလျှင် သူမသည် နောက်တစ်နေ့ကို ဘယ်တော့မှ မျှော်ခဲ့သူ မဟုတ်၊ နံနက်ခင်းတွင် သူမအိပ်ရာမှ စောစောထရေးအတွက် အမေသည် အမြဲတမ်းလိုလိုပင် အလုပ်ရှုပ်ခဲ့ရသည်။ သို့သော်လည်း ထိုနေ့က သူမသည် အခြားသူများ အိပ်ရာမှ မထသေးမီ အိပ် ရာမှ အစောဆုံး ထခဲ့သည်။
အင်္ကျီအ၀တ်အစားများကို ၀တ်ဆင်ပြီးနောက် ကျောင်းလွယ်အိတ်ကို ကျောတွင်ပိုးထားကာ ကျောင်းသွား ရန် အဆင်သင့် ဖြစ်နေလေပြီ။
အိမ်တွင်ရှိသူများအနက် အချိန်အမှန်ဆုံး အိမ်သားစုဝင် ဖြစ်သည့် ရော့ကီအမည်ရှိ ဂျာမန်ခွေး သည် တော့တိုး-ချန်၏ ထုံးစံမဟုတ်သော အပြုအမူကို သံသယမျက်လုံးများဖြင့် ကြည့်နေပြီး၊ တစ်ခုခု ထူးခြား ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်မျှော်ရင်း သူမအနီး၌ ကပ်နေသည်။
အမေ့တွင် လုပ်စရာအလုပ်များ များစွာ ရှိသည်။ အမေသည် တော့တိုး-ချန်ကို နံနက်စာကျွေးရင်း နေ့လယ်စာ အစားအသောက်ဗူးဒထဲသို့ ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းများပေါ် က တစ်မျိုးမျိုး ကို ထည့်ပေးသည်။ ၎င်းနောက်အမေသည် တော့တိုး-ချန်၏ မီးရထားစီးခွင့် လက်မှတ်ကို ပလတ်စတစ် အိတ်ထဲ၌ ထည့်ပြီးနောက် မပျောက်စေရန် ကြိုးချည်ဖြင့် လည်ပင်းတွင် ဆွဲပေးလိုက်သည်။
"သမီး မဆိုးနဲ့နော်" ဟု အဖေက ပြောသည်။ သူ၏ ဆံပင်များမှာ ကြဲပွနေသည်။
"ဟုတ်ကဲ့"
တော့တိုး-ချန်သည် ဖိနပ်စီးပြီးသောအခါ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် နောက်သို့ ပြန်လှည့်ပြီး ယဉ်ကျေးစွာဖြင့် ဦးခေါင်းညွတ်ရင်း "အားလုံးကို နှုတ်ဆက်ပါတယ်" ဟု ပြောလိုက် သည်။
တော့တိုး-ချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း အမေ့မျက်လုံးအိမ်များထဲ၌ မျက်ရည်များ ရစ်ဝဲ လာသည်။ သွက်သွက် လက်လက်နှင့် ဖျတ်ဖျတ်လတ်လတ်ရှိလှသော ဤမိန်းကလေးငယ်၊ ကျောင်းသို့ ပျော်ပျော် ရွှင်ရွှင် ထွက်ခွာသွားသော ဤမိန်းကလေးငယ်သည် ကျောင်းမှ အနုတ်ခံရ ပါသည်ဆိုခြင်းမှာ မယုံကြည် နိုင်အောင် ရှိလှချေ၏တကား။ ယခုကျောင်းတွင် ယခင်ကလို မဖြစ် ပါစေနှင့်ဟု အမေသည် ဆုတောင်း လိုက်၏။
ထိုခဏ၌ အမေသည် တော့တိုး-ချန်က သူမ၏လည်ပင်းမှ ကြိုးကို ဖြုတ်ယူပြီး ရော့ကီ၏ လည်ပင်း တွင် စွပ်ပေးလိုက် သည်ကို မြင်ရသောအခါ အံ့အားသင့်သွားလေသည်။
"ဟဲ့ သမီး"
အမေသည် ဟန့်တားလိုက်မည်ဟု စိတ်ကူးပြီးမှ တော့တိုး-ချန် ဘာဆက်လုပ်မည်ကို အဆုံးတွင် စောင့်ကြည့် ရန် ဆုံးဖြတ်လိုက်သည်။
ရော့ကီ၏ လည်ပင်းတွင် ကြိုးကိုစွပ်ပြီးသောအခါ တော့တိုး-ချန်သည် ခွေးနားတွင် ဆောင့်ကြောင့် ထိုင်ချ လိုက်ရင်း
"နင် တွေ့တယ်မဟုတ်လား၊ ဒီဥစ္စဟာ နင်နဲ့မတော်ဘူး"ဟု ပြောလိုက်သည်။
မီးရထားစီးခွင့် လက်မှတ်ကို တွဲချည်ထားသော ကြိုးသည် ရှည်နေသည့်အတွက် လက်မှတ်ထည့် ထားသော ပလတ်စတစ်အိတ်သည် မြေကြီးပေါ် ရောက်နေသည်။
"နင် နားလည်တယ်မဟုတ်လား၊ ဒီဥစ္စာဟာ ငါ့လက်မှတ်၊ နင့်လက်မှတ် မဟုတ်ဘူး၊ နင် မီးရထား စီးလို့ မရဘူး၊ ဆရာကြီးကို ငါမေးဦးမယ်၊ မီးရထားရုံပိုင်ကိုလည်း မေးရဦးမယ်၊ နင့်ကို ကျောင်းကို ခေါ်လို့ ရမလားလို့"
အစပထမ၌ ရော့ကီသည် တော့တိုး-ချန် ပြော စကားကို ခေတ္တ နားစိုက်ထောင်လိုက်သည်။ ထို့နောက် လက်မှတ်ထည့်ထားသော ပလတ်စတစ်ကို ၎င်း၏လျှာဖြင့် အနည်းငယ်လျက်လိုက်ပြီး ဦးခေါင်းမော့ကာ သမ်းလိုက်သည်။ တော့တိုး-ချန်သည် စကားကို ဆက်ပြော၏။
"စာသင်ခန်းလုပ်ထားသော မီးရထားတွဲဟာ လှုပ်လှုပ်ရှားရှား မရှိပါဘူး၊ ဒါကြောင့် အဲဒီအပေါ်ကို တက်ရင် လက်မှတ်မလိုဘူးလို့ ငါထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်လေ ကနေ့အဖို့ရာတော့ နင်အိမ်မှာပဲ နေပြီး ငါ့ကိုစောင့်နေဦး"
ရော့ကီသည် တော့တိုး-ချန်နှင့်အတူ ယခင်ကျောင်း၏ ကျောင်းဝင်တံခါးဝအထိ လိုက်သွားလေ့ရှိ ပြီး တော့တိုး-ချန် ကျောင်းဝင်းထဲ ၀င်သွားသောအခါတွင်မှ အိမ်သို့ ပြန်လာသည်။ ယနေ့တွင်လည်း ရော့ကီသည် သူပြုလုပ်နေကျအတိုင်း ပြုလုပ်ရန် မျှော်လင့်ထားသည်။
တော့တိုး-ချန်သည် ရော့ကီ၏လည်ပင်းမှ ကြိုးကို ဖြုတ်ယူလိုက်ပြီး သူမ၏ လည်ပင်းတွင် ဂရု တစိုက် စွပ်လိုက်သည်။ ထို့နောက် သူမသည် အမေနှင့်အဖေကို "ဂွဒ်ဘိုင်"ဟု နောက်တစ်ကြိမ် နှုတ်ဆက် လိုက်သည်။
ထို့သို့ နှုတ်ဆက်ပြီးသည်နှင့် သူမသည် နောက်ဘက်သို့ နောက်တစ်ကြိမ်ပြန် မကြည့်တော့ဘဲ အပြေး ထွက်သွားလေတော့ရာ၊ သူမ၏ ကျောတွင် ပိုးထားသော ကျောပိုးအိတ်သည် တဖတ်ဖတ် နှင့် သူမ ကျောပြင်ကို ရိုက်ခတ်လျက် ရှိသည်။ ရော့ကီသည် သူမ၏နံဘေးမှ ပျော်မြူးစွာ ခုန်ပေါက် ရင်း လိုက်ပါသွား လေတော့၏။
ဘူတာရုံသို့ ရောက်သောအခါ တော့တိုး-ချန်သည် ယခင်တွေ့နေကျဖြစ်သော လက်ဝဲဘက်သို့ ကွေ့ရမည့် အစား၊ လက်ယာဘက်သို့ ကွေ့လိုက်သည့်အတွက် သနားစရာကောင်းသော ရော့ကီ သည် ရုတ်တရက် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်သောအသွင်ဖြင့် ကြည့်လိုက်သည်။ တော့တိုး-ချန်သည် မီးရထား လက်မှတ်သိမ်းသော အပေါက်ဝသို့ ရောက်နှင့်လေပြီ။ သူမသည် ရှေ့ဆက်မသွားဘဲ ဟိုဟို သည်သည် ရပ်ကြည့်နေသော ရော့ကီရှိရာသို့ တဖန်ပြန်လာပြီး ...
"ငါအရင်ကျောင်းကို နောက်ထပ် ဘယ်တော့မှ မသွားတော့ဘူး၊ ငါအခု ကျောင်းသစ်ကို သွားမယ်" ဟု ပြောလိုက်သည်။
တော့တိုး-ချန်သည် သူမ၏မျက်နှာကို ရော့ကီ၏မျက်နှာအနားသို့ ကပ်လိုက်သည်။ ရော့ကီ၏ နားရွက် အနံ့ သည် နံနေသော်လည်း တော့တိုး-ချန်အဖို့ ထိုအနံ့ကို နံသည်ဟုမထင်။
"ဘိုင် ဘိုင်"
သူမသည် ရော့ကီကို နှုတ်ဆက်လိုက်ပြီး အပေါက်ဝရှိ လူကြီးကို လက်မှတ်ပြကာ မတ်စောက်သော ဘူတာရုံလှေကားထစ်များပေါ်သို့ တက်သွားလေတော့သည်။ ရော့ကီသည် ခပ်တိုးတိုးကလေး ညည်းသံ ပြုရင်း သူ၏မြင်ကွင်းမှ တော့တိုး-ချန်ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက် သည်။
မီးရထားတွဲထဲမှ စာသင်ခန်း
ဆရာကြီးက "မင်းစာသင်ရမည့် စာသင်ခန်းဟာ ဒီအခန်းပဲ" ဟု ပြောထားသော မီးရထားတွဲ၏ တံခါးဝသို့ တော့တိုး-ချန် ရောက်ရှိချိန်တွင် အခြားကျောင်းသားများ ရောက်မလာကြသေးပေ။ ထိုရထားတွဲသစ်သည် ရှေးပုံစံဟောင်း ရထားတွဲတစ်တွဲ ဖြစ်သည်။ တံခါးကို ဖွင့်ပိတ်ရသည့် လက်ကိုင်ကို တံခါးအပြင်ဘက်သို့ ထုတ်ထားသည်။
တော့တိုး-ချန်သည် လက်နှစ်ဖက်ဖြင့် တံခါးလက်ကိုင်ကို ဆွဲလှည့်၍ တံခါးကို ညာဘက်သို့ တွန်းဖွင့် လိုက်သည်။ ထို့နောက် သူမသည် စိတ်လှုပ်ရှားစွာဖြင့် အတွင်းသို့ ချောင်းကြည့်လိုက် သည်။
"အူး ..."
ဤနေရာာမျိုး၌ စာသင်ရခြင်းသည် ခရီးရှည်သွားနေရခြင်းနှင့် တူလွန်းလှပါဘိ။ ပြတင်းပေါက်များ ပေါ်တွင် ပစ္စည်းများတင်ရန် စင်များ ရှိသည်။ ခြားနားသည့်အချက်မှာ ရထားတွဲ၏ ရှေ့ပိုင်းတွင် ကျောက်သင်ပုန်းကြီး ရှိပြီး၊ ခုံတန်းရှည်များ၏ နေရာတွင် ကျောင်းသားများအတွက် စာရေးစားပွဲ ငယ်နှင့် ထိုင်ခုံများက အစားထိုး ရောက်ရှိနေကာ ၎င်းပစ္စည်းများအားလုံးသည် ရှေ့ပိုင်းကို မျက်နှာ ပြုထားလေသည်။
တော့တိုး-ချန်သည် အထဲကို ၀င်သွားပြီး ကျောင်းသားတစ်ယောက်ယောက်၏ စာရေးစားပွဲတွင် ၀င်ထိုင်လိုက်သည်။ သစ်သားထိုင်ခုံများမှာ ယခင်ကျောင်းမှ ထိုင်ခုံများနှင့်တူသော်လည်း ယခု ထိုင်ခုံ ပေါ်တွင် ထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိလှသဖြင့် တစ်နေ့လုံးထိုင်နေနိုင်သည်။ တော့တိုး-ချန်သည် အလွန်ပျော်လျက် ရှိပြီး၊ ကျောင်းကို အလွန်နှစ်သက်မိသည်။ ကျောင်းမှန်မှန် လာမည်။ ကျောင်းပိတ်ရက် များတွင်လည်း ကျောင်းသို့ လာမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက် သည်။
တော့တိုး-ချန်သည် ပြတင်းပေါက်မှ ကြည့်လိုက်သည်။ ရထားတွဲ မလှုပ်မယှက်ရှိနေသည်ကို သူမ သိ၏။ သို့သော်လည်း ကျောင်းဝင်းထဲရှိ သစ်ပင်ပန်းပင်များနှင့် ပန်းပွင့်များသည် လေပြည်လေညင်း နှင့်အတူ လှုပ်ရှားနေလေရာ၊ မီးရထားတွဲမှာလည်း တရွေ့ရွေ့သွားနေသယောင် သူမစိတ်ထဲ ထင်မှတ်နေသည်။
"ငါသိပ်ပျော်တာပဲ"
နောက်ဆုံး၌ သူမ၏ပါးစပ်မှ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် မျက်နှာကို ပြတင်းပေါက်ဘောင်တွင် ကပ်ထားရင်း သူမ စိတ်ပျော်ရွှင်သည့်အခါ ပြုလုပ်နေကျ အတိုင်း သီချင်း သီဆို လိုက်သည်။
ငါသိပ်ပျော်တယ်
သိပ်ပျော်တယ်
ဘာဖြစ်လို့ ငါပျော်ရတယ်
ဘာဖြစ်လို့လဲ ဆိုရင် ...
ထိုအခိုက် စာသင်ခန်းတွဲထဲသို့ တစ်ဦးတစ်ယောက် ၀င်လာသည်။ မိန်းကလေးငယ်တစ်ယောက် ဖြစ်သည်။ သူမသည် သူမ၏ လွယ်အိတ်ထဲမှ မှတ်စုစာအုပ်နှင့် ခဲတံဗူးကို ထုတ်ယူပြီး စာရေးစားပွဲ ငယ်ပေါ်တွင် တင်ထား လိုက်သည်။ ထို့နောက် ခြေဖျားများထောက်ကာ သူမ၏ လွယ်အိတ်ကို စင်ပေါ်သို့ တင်လိုက် သည်။ သူမ၏ ဖိနပ်ထည့်အိတ်ကိုလည်း ထိုနေရာ၌ပင် တင်ထားလိုက်ပြန် သည်။
တော့တိုး-ချန်သည် သီချင်းဆိုခြင်းကို ရပ်လိုက်ပြီး ထိုကျောင်းသူကလေး ပြုလုပ်သည့်အတိုင်း ပြုလုပ် လိုက်သည်။ ၎င်းနောက်ကျောင်းသားကလေးတစ်ယောက် ရောက်လာပြန်သည်။ သူသည် တံခါးဝတွင် ရပ်ပြီး လွယ်အိတ်ကို ဘတ်စကကတ်ဘောကစားသည့် ဟန်မျိုးဖြင့် စင်ပေါ်သို့ ပစ်တင် လိုက်သည်။ လွယ်အိတ်သည် လိုရာသို့မရောက်ဘဲ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
"အပစ်မတော်ဘူး"
သူငယ်လေးက ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် လွယ်အိတ်ကို ပြန်ကောက်ယူပြီး ပထမ အကြိမ်ပစ်သည့်နေရာမှပင် လွယ်အိတ်ကို ဒုတိယအကြိမ် ထပ်မံပစ်တင်ပြန်သည်။ လွယ်အိတ် သည် စင်ပေါ် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။
"အပစ်တော်သွားပြီ"
သူငယ်လေးသည် ထိုသို့အော်ပြောပြီးလျှင် သူ၏စာရေးစားပွဲ ရှိရာသို့လာသော လွယ်အိတ်ကို ဆွဲယူ လိုက်ပြီး မှတ်စုစာအုပ်နှင့် ခဲတံဗူးကို ထုတ်ယူလိုက်သည်။
မီးရထားတွဲထဲ၌ တပည့်ကိုးယောက် ရှိလေသည်။ သူတို့သည် တိုမိုဂါကူးအန်၌ ပထမတန်းတွင် ပညာ ဆည်းပူးနေကြသူများ ဖြစ်သည်။
သူတို့သည် မီးရထားတစ်စင်းတည်း၌ အတူတကွ  ခရီးသွားကြမည့်သူများပင် ဖြစ်တော့သည်။
တိုမိုမှ ကျောင်းသင်ခန်းစာများ မျှော်
.
2 comments:
အင်ကြင်းသန့် said...
ဒီနေ့ အရှည်ကြီးဖတ်ရလို့ တော့တိုး-ချန် လိုပဲ ပျော်ပါ၏။ :)
ကျေးဇူးပါမမရွှေစင်ရေ...
Anonymous said...
စာကောင်းတွေဖတ်ရတဲ့အတွက် အမရွှေစင်ကိုဘယ်လိုကျေးဇူးတင်မှန်းမသိဘူး.
စာတွေကိုရိုက်ပေးတဲ့အမသမီးတွေကိုရော သိပ်ကျေးဇူးတင်မိတယ်။
အမကိုလည်း ခင်မိတယ်။ တကယ်ပြောတာပါ။ညာတတ်ဘူး။
ကျေးဇူးတင်လို့ လူကြုံရှိရင်တောင်အမကို ဂျပန်က လက်ဆောင်ပေးမလို့ တွေးထားတယ်..အမ..ဒီက ဂျပန်အဖွဲ့က မန္တလေးမှာ ဂျပန်စာနဲ့ စက်ချုပ်သင်တန်းတွေဖွင့်ထားတယ်။ YWCA ထင်တယ်။ အမတို့နဲ့နီးလား။သူတို့တွေ မကြာမကြာ အသွားအပြန်လုပ်တယ်ဆိုပေမဲ့ ဒီတခေါက်ကတော့ ပြန်လာကြပီဆိုတော့ ကြာဦးမယ်နောက်တခေါက်သွားဖို့.