ထောင်လှောင်နေ
သော်တာဆွေ
"အား ... ပေါ်အူး"
"ဆရာ"
ကျွန်တော်သည် နံနက်အိပ်ရာမှနိုး၍ ချောင်းတချက်ဟန့်လိုက်သဖြင့် ထုံးစံအတိုင်း သွားတိုက်ဆေး တင်ပြီးသား သွားပွတ်တံနှင့် ရေဖလားကိုကိုင်၍ အိပ်ခန်းထဲသို့ ၀င်လာသော ပေါ်အူးအား မျက်စိဖွင့်ကြည့် လိုက်ရာ ပေါ်အူး၏ ကိုယ်မှာအငြိမ်မနေ တရိပ်ရိပ်လှုပ်၍နေသဖြင့် ..
မင်းကြည့်ရတာကွာ အနှစ် ၂၀လောက်ကြာနေတဲ့ ဘိုင်စကုတ်ဟောင်းကြီးကို ကြည့်ရသလိုဘဲ တုံတုံမှုန်မှုန် ကြီး ဖြစ်နေပါလားကွ"
ပေါ်အူးသည် ကုတင်နံဘေး၌ ခြေစုံရပ်ကာ တည်ငြိမ်သော အသံဖြင့် ...
"ဟုတ်ကဲ့ဆရာ တခြားကြောင့်မဟုတ်ပါဘူး၊ ညက ဆရာ့ဗိုက်ထဲဝင်သွားကြတဲ့ အရက်တွေက ပါတီအား ကောင်းပြီး ဆရာ့မျက်စိကို မတရားလှည့်စားနေလို့ပါဆရာ"
"အေး ... ဟုတ်ပြီ"
ကျွန်တော့်မှာ ညက အဖြစ်အပျက်တွေကို တရေးရေးမြင်ယောင်၍ စိတ်ထဲ၌ ဇဝေဇ၀ါဖြစ်သည်နှင့် ...
"အင်း ... ညက ငါ့ကား ငါ့မမောင်းဘဲနဲ့ ငါ့အိမ်ထဲ ငါပြန်ရောက်နေတယ် ထင်တယ်ကွ"
"ဟုတ်ပါတယ်ဆရာ"
"ဟင်း ... ညက ပါတီမှာ ငါ့မိတ်ဆွေတွေ အကုန်လုံးတယောက်မကျန် ဒေါင်းပြီထင်တာ ဘယ် အရက် ပီးဆေး ထိုးထားတဲ့ကောင်များ ငါ့ကားကို မောင်းပို့လိုက်သလဲမသိဘူး"
"မောင်းပို့လိုက်တာ မဟုတ်ဘူးဆရာ၊ မောင်းယူခဲ့ရတာပါ"
ကျွန်တော်သည် သူ့စကား၏ အဓိပ္ပာယ်ကို နားလည်သဖြင့် မျက်ခုံးရှုံ့ကြည့်လိုက်ကာ ...
"ဟေ့ ညကထမင်းစားပွဲကို မင့် ငါ ခေါ်မသွားခဲ့ဘူး အောက်မေ့တယ်"
"ဟုတ်ပါတယ်ဆရာ ဒါပေသိ ဆရာဖြစ်မယ့် အခြေအနေကို ကျွန်တော် ကြိုတင်သိတာနဲ့ တမင်လိုက်ပြီး ဟော်တယ်အောက်က စောင့်နေပါတယ်ဆရာ"
"အား ... မင်းဘယ့်နှယ်လုပ်ပြီး ကြိုတင်သိနိုင်သလဲ"
"မနေ့ညတုန်းက ဆရာ့သူငယ်ချင်း ရေတွင်းဆိုး ကိုဖေသန်းက ဆရာ့ကို "ကိုဆွေရေ ခုညတော့ ကော့က် တေးလ် ဘဲ" ဆိုတာနဲ့ သိတာပါဆရာ"
ဟုတ်ပါပေသည်။ လွန်ခဲ့သောညက ကြွက်တွင်း အဘ "ရေတွင်းဆိုး" ခေါ်ရသော ကိုဖေသန်းနှင့်အတူ အင်္ဂလိပ်ဘာသာ (Cock tail) ကော့က်တေးလ် မြန်မာလို ကျွန်တောင် ထင်သမျှ ဘာသာပြန်ရလျှင် (ဤနေရာ၌ ဒစ်ရှင်နာရီ ဆရာတွေနှင့်သဘောကွဲလွဲကောင်း ကွဲလွဲပေလိမ့်မယ်) ကြက်ဖအမြီးကဲ့သို့ ပြည့်ဖောင်း ဝေဆာ သိုက်မြိုက်ခန်းနား၊ စုံလင်စိုပြေလှစွာ အရက်မျိုးစုံ ကြိုက်သလို ရောနှော၍ သဘောရှိ ကလောဟိ ရသော သောက်ပွဲကြီးကို တက်ခဲ့ကြပါသည်။
ဤပါတီမှာ အင်္ဂလန်ပြည်သို့သွား၍ အင်္ဂလိပ်အစားကို စားကာ အင်္ဂလိပ်ပိုက်ဆံကို မြန်မာပြည်သို့ ပြန်ပို့ရန် (၀ါ) တနည်းအားဖြင့် ရှုပ်ထွေးလွတ်လပ်သော မြန်မာနိုင်ငံတော်သားအဖြစ်မှ အင်္ဂလိပ်ကြေးစား စာမှုထမ်း လုပ်ရန် လန်ဒန်သို့ ထွက်ခွာတော့မည့် မိတ်ဆွေတယောက်အတွက် စပါယ်ရှယ် ကျင်းပ သည်ဖြစ်၍ ဤသောက်ပွဲ၌ အရောင်ကင်းမဲ့သော"ဂျင်"ကို ဘေ့စ်လုပ်ထားသဖြင့် နောက်ထပအရောင်နှင့် ကိုယ်လိုချင် သည့် အရက်တို့ကို ကြိုက်သလောက် သဘောကျစရာ ကောင်းသည်ကို "ကော့က်တေးလ်" အကြောင်း နားလည်သူတို့ သိကြပါလိမ့်မည်။
ကျွန်တော့်မှာ နဂိုကလည်း ၀ါသနာခပ်ပြင်းပြင်း ပုလင်းတွေကလည်းစုံလှ၍ ဇလုံထဲမှ မပြတ် ခပ်ခပ်ထည့် ပေးနေသော ဂျင်နှင့် ဘီယာရောပြီးသားကို ကိုယ့်ဖာသာကိုယ် နောက်ထပ် ဘရန်ဒီ ၀ီစကီတွေနှင့် ကြိုက်သလောက် ထည့်ထည့်ပြီး အနည်းဆုံး သုံးနှစ်လောက် ခွဲရမည့် သူငယ်ချင်းအတွက် သုံးခါလည်စာ ဖူလုံအောင် သောက်လိုက်ရာ ကိုယ့်အိမ်ကိုယ် မည်ကဲ့သို့ ပြန်ရောက်မှန်း မသိသည့်တိုင်အောင် ဖြစ်ခဲ့ရ ပါသည်။
စင်စစ်အားဖြင့် "တပည့်လိမ္မာ ဆရာအံဖတ်လွတ်" ဆိုသည့်အတိုင်း ပေါ်အူး၏ ကျေးဇူးကြောင့်သာ မိတ်ဆွေအား ယခုကဲ့သို့ ကျွန်တော့်အိပ်ယာထဲမှ ကျွန်တော်နေ၍ နှုတ်ဆက်နိုင်ခြင်း ဖြစ်ပါသည်။
ပေါ်အူးမှာ မည်မျှတော်သနည်း။ မည်မျှ အကြံဥာဏ်ကောင်းသနည်းဆိုသည်ကို မိတ်ဆွေ တစတစနှင့် သိလာပါလိမ့်မည်။
"အေး ... တော်ပါပေ့ ပေါ်အူးရယ်"
ကျွန်တော်လည်း သူ့အား ထုံးစံအတိုင်း ချီးကျူးရပြီးနောက် အိပ်ယာမှထကာ သူ လက်ထဲမှ သွားပွတ်တံနှင့် ရေဖလားကို ယူလိုက်ပါသည်။
ကျွန်တော် မျက်နှာသစ်ပြီးသောအခါ၌ ပေါ်အူး လက်တွင်းမှ ဖလ်ခွက်ထဲတွင် ရေနှင့်ဖရုဆော့ နပမ်းလုံးနေပြီဖြစ်၍ ကျွန်တော် လှမ်းယူလိုက်ကာ မျက်စိမှိတ်၊ အသက်အောင့်၊ နှာခေါင်းရှုံ့ပြီး တမော့တည်းနှင့် အကုန်ကျိုက်ချ လိုက်ရပါတော့၏။
"အား ..." သောက်ပြီး၍ ဖလ်ခွက်ကိုပြန်ပေးရင်း"ပေါ်အူးရေ ... အခုမနက် ငါ ... ငရုပ်သီးစိမ်းစပ်စပ် ကြက်သွန်ချဉ် များများနဲ့ မြူစွမ်ဝမ်းဘဲပေါင်း စားချင်တယ်ကွာ"
ပေါ်အူး၏ ကိုယ်မှာ တည်ငြိမ်စွာဖြင့် ...
"ကျွန်တော် ဒီအတိုင်း စီမံပြီးပါပြီ ဆရာ"
ဆရာအလိုကို မပြောဘဲနှင့် သိတတ်သောပေါ်အူး။
ကျွန်တော့်မှာ ကိုယ်အလိုရှိရာကို ပါးစပ်မဟဘဲနှင့် ရနိုင်ပါလျက် ဤကဲ့သို့ ပြောလိုက်မိသည့်အတွက် ပေါ်အူး၏ အသိဥာဏ်ကို စော်ကားရာရောက်သွားပါသဖြင့် ကျွန်တော့်ကိုပင် ကျွန်တော် အတော် စိတ်မကောင်း ဖြစ်မိပါသေးသည်။
"အေး ... ငါမလိုတာပြောမိလို့ ၀မ်းနည်းပါတယ်ကွာ၊ ကဲ ... သွားတော့ သွားတော့ အား အား လာပါအုံးကွ ပေါ်အူး"
ပေါ်အူး ကျွန်တော့်ကို ကျောခိုင်းသွား၍ ပြန်တုံးလုံးလှဲတော့မည်ဟု ခေါင်းရင်းဘက်သို့ မျက်နှာမူလိုက်ရာ ကျွန်တော့်အိပ်ရာခေါင်းရင်းဘက်၌ တရိုတသေချိတ်ဆွဲထားသော ဓာတ်ပုံနှစ်ခု အနက်မှ ရီရီလေး၏ ဓာတ်ပုံမှာ ပြောင်ပြောင်လက်လက် ရှိနေ၍ ခင်မြမြမောင်မောင်၏ပုံမှာ ဖုံတွေ မှုံတွေနှင့် ညစ်ပတ်နေသည်ကို တွေ့ရသောကြောင့် အခန်းပေါက်ဝသို့ ရောက်နေသော ပေါ်အူးအား ပြန်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
သူသည် ကျွန်တော့်အနီးသို့ ပြန်လာပြီး ခြေစုံရပ်ကာ ...
"ဆရာ ..."
ကျွန်တော်သည် ဓာတ်ပုံနှစ်ခုကို ညွှန်ပြပြီး မျက်ခုံးကိုတွန့်၍ သူ့မျက်နှာကို မချင့်မရဲကြည့်ကာ ...
"မင်းကွာ မနက်တိုင်း ဟောဒီဓာတ်ပုံနှစ်ပုံကို ဖုံသုတ်ရတဲ့ ကိစ္စမှာ ရီရီလေးဓာတ်ပုံသာပွတ်တိုက်ပြီး ခင်မြမြမောင်းမောင်းရဲ့ ပုံပေါ်ကိုရောက်အောင် တခုစီ တခုစီ ပို့တယ်ထင်တယ်ကွ"
ကျွန်တော် စိတ်ပေါက်ရှိသည်နှင့် "ဂျက်ကျလက်ကျ" ကြိမ်းမောင်းလိုက်ခြင်း ဖြစ်ပါသည်။ ပေါ်အူး၏ မျက်နှာမှာ သုံမှုံသွားလျက် ဘာမျှပြန်မပြောသေးဘဲ တွေ၍နေပါသည်။
"ဟေ့ ... ပြောပါကွ မေးတာကို"
ကျွန်တော် မေးလိုက်သော မေးခွန်းမှာ ကျွန်တော့်အဖို့ အလွန်အသားပါလှသည်ဖြစ်သောကြောင့် ခပ်ထန်ထန် ကလေးပင် ထပ်ဆင့်လိုက်ပါသည်။ ဤသို့မေးခွန်းမျိုးမှာ ကျွန်တော့် ဦးဏှောက်ထဲ၌ တခါတရံ မှသာ ပေါ်တတ်သည်။
ပေါ်အူးသည် ကျွန်တော်၏ ရင့်ကျက်သော အသံကို ကြားမှ တံတွေးတချက်မျိုလိုက်ပြီး။
ကျွန်တော် မရီရီလေးဓာတ်ပုံပေါ်က ဖုံတွေကို ခင်မြမြ မောင်းမောင်းကြီးပုံပေါ်ရောက်အောင် တမှုန့်မကျန် ပို့တယ်ဆိုတာတော့ မဟုတ်ပါဘူးဆရာ"
"အေး ... ဒါဖြင့် ရီရီလေးဓာတ်ပုံသာ သုတ်ပြီး ခင်မြမြမောင်းမောင်းရဲ့ပုံတော့ မသုတ်ဘူးဆိုတာ ဟုတ်တယ်ပေါ့"
ကျွန်တော်က ၀တ္ထုတွေထဲက စုံထောက်တယောက်၏ အမူအရာမျိုးဖြင့် ခန့်ညားစွာ မေးလိုက်ရာ ပေါ်အူးသည် ညိုးကြုံသောမျက်နှာကလေးနှင့် ...
"ဟုတ်ပါတယ်ဆရာ"
"အေး ... ဒါဖြင့် ငါ အမြတ်တနိုးထားတဲ့ပုံချင်းအတူတူ မင်းက ဘာကြောင့် သိုးနဲ့ဆိတ်ခွဲခြားနေရတာလဲကွ"
"ကျွန်တော်တို့ အိမ်နားက မိတ်ဆွေ ခရာဇ်စယန်တယောက်၏ သမ္မာကျမ်းစာအုပ်ကို တကြိမ်သောအခါက တောင်လှန်မြောက်လှန်နှင့် မတောက်တခေါက်ဖတ်ဘူးသဖြင့် ဆီဆိုင်လား မဆီဆိုင်လားတော့မသိ ပေါ်အူးအား စကားလုံးအဆန်းနှင့် နှံ့လိုက်ခြင်းဖြစ်ပါသည်။
ပေါ်အူးသည် ယတိပြတ် ဆုံးဖြတ်ပြီးသောအသံနှင့် ...
ကျွန်တော် ဆရာ့ ခင်မြမြမောင်းမောင်းကြီးကို သဘောမကျလို့ဘဲဆရာ"
ကျွန်တော်သည် မျက်လုံးကို ခပ်ပြူးပြူးဖြဲလိုက်ကာ ...
"ဟဲ့ .. ခင်မြမြမောင်းမောင်းကို သဘောမကျဘူး ရီရီလေးကိုတော့"
ပေါ်အူး ခေါင်းညိတ်ပြပါသည်။
ဤနေရာ၌ ရီရီလေးနှင့် ခင်မြမြမောင်းမောင်းမှာ မည်သူများဖြစ်ကြသည်ကို မိတ်ဆွေတို့ သိရှိသွားအောင် ရှင်းလင်းပါစေ။
သူတို့နှစ်ယောက်မှာ ကျွန်တော်၏ ခင်မြမြမောင်းမောင်းမှာ မည်သူများဖြစ်ကြသည်ကို မိတ်ဆွေတို့ သိရှိသွားအောင် ရှင်းလင်းပါစေ။
သုတို့နှစ်ယောက်မှာ ကျွန်တော်၏ ရင်းနှီးသော မိတ်ဆွေဂုဏ်သရေရှိ အပျိုချောကလေးများ ဖြစ်ကြ ပါသည်။ အမှန်အားဖြင့် ယဉ်ကျေးအောင် "မိတ်ဆွေဟုဆိုရသော်လည်း စင်စစ် ရိုးရိုးမိတ်ဆွေမဟုတ် ကျွန်တော်က လူမျိုး သူတို့ကအပျို၊ ဆွေမျိုးလည်း မတော်စပ် တဦးနှင့်တဦး "ဂေါ်ဓာတ်"ဖြင့်သာ ရင်းနှီး နေကြခြင်းဖြစ်၍ ကျွန်တော်ကလည်း စွန်လိုစွန်ငြား ဂေါ်မည်တို့ကလည်း ကျွန်တော်တို့ "ဂေါ်စေ" ဂက်စေ ပျော်စေ မက်စေ စာရင်း၌ တင်သွင်းထးသည် ဖြစ်သောကြောင့် တဦးနှင့် တဦး ကူးလူး ဆက်ဆံနေကြသော "ဂေါ်မိတ်"များ ဖြစ်ကြသည်။
သူတို့နှစ်ယောက်မှာ အချောအလှချည်း ဖြစ်သော်လည်း ပုံသဏ္ဍာန်နှင့် စိတ်နေ သဘောထားမှာ တဦးနှင့် တဦး လုံးဝ မတူကြပါ။
"ခင်မြမြမောင်းမောင်း" ဆိုလျှင် မိတ်ဆွေ စဉ်းစားကြည့်ပါ။ နာမည်မှာ နာမည်ကျော် ရှေးမြန်မာ သီချင်းကြီးတခုတည်းမှ ယူငင်မှည့်ခေါ်ထားသည်ဖြစ်၍ မည်မျှလောက် ကဗျာဆန်ပါသနည်း ယခုခေတ် မိန်းကလေးတွေ နာမည်သုံးလုံးတွဲ လေးလုံးတွဲ (တိုချင်လဲ တလုံးထဲ)နှင့် အဆန်းထွင်နေကြသော ဒီလောကကြီးတွင် သူ့နာမည်လောက် ကဗျာဆန်သော နာမည်ကို မိတ်ဆွေကြားဘူးအုံးမည် မထင်ပါ။ ကဗျာ ဆန်ရုံတင်ပါလား မကသေးပါ သူ့နာမည်နှင့်သူ့ကိုယ်ကာယကို နဘေထပ်ယူလိုက်ပါလျှင် ခင်မြမြမောင်းမောင်း တင်ကွကွ ဖေါင်းဖေါင်းရင်ကြွကြွ ဆောင်းဆောင်း အို ... မြင်သမျှ အကောင်းချည်း ဖြစ်နေပါ၍ ကျွန်တော့် သဘောအရ "တဏှာဆန်"သည်ဟုလည်း ဆိုချင်ပါသေးသည်။ (ရိုင်းများသွား သလားခင်ဗျာ သည်းခံပါ။)
ပြုပြင်ဝတ်ဆင် နေထိုင်ပုံမှာ သူ၏ ပြည့်ဖြိုးထွားကျိုင်းသော ကိုယ်လုံး တုံးတုံးခဲခဲကြီးတွင် မိန်းမတို့ ဂုဏ်အင်္ဂါအဖုအထစ်တို့ကို တင်းတင်းရင်းရင်း ကွင်းကွင်းကွက်ကွက်ကြီး ထင်ရှားအောင် ဖက်ရှင် တမျိုးမျိုး ထွင်၍၀တ်သည်။ သူ့ကိုယ်က သူများနှင့်မတူအောင် ပိုလှလာသည်။ လှလာတော့ "အလှ"သည် "အပြ"နှင့် ဆက်သွယ်နေသဖြင့် စက္ခုရှင်များ ပေါသောအရပ်ကိုသွားသည်။ သူ့အလှ သူကြော်ငြာသည်။ "ကင်ဗာဆာ" မိတ်ဆွေများများထားသည်။ ဤမျှဆိုလျှင် မိတ်ဆွေ ခင်မြမြ မောင်းမောင်း၏ စိတ်နေသဘောထားကို သိလောက်ပါပြီ။
ရီရီလေးမှာကား နွဲ့နှောင်းပျော့ပျောင်းသော ငါးရဲ့ကိုယ်ကလေးနှင့် စိတ်နေသဘောထားရှိ၏။ ယဉ် ကဗျာစာပေဖတ်ခြင်း၊ ရေးခြင်းကို ၀ါသနာပါသည်။ မျက်နှာကလေးမှာလည်း ခင်မြမြမောင်းမောင်းကဲ့သို့ ယောက်ျားတွေ မနေတတ် မထိုင်တတ်ဖြစ်အောင် ကြာဗြဟ္မာမူရာတွေ မများ နာမည်နှင့် လိုက်အောင် ရီရီကလေးပင် နေတတ်လျက် ကျွန်တော် သူ့အိမ်သို့သွား၍ ဧည့်ခန်းမှ စောင့်နေပြီဆိုလျှင် ပြာပြာသလဲ ဆင်းလာ " ဟင် ... ကိုဆွေရောက်နေတာကြာပြီလား ရီလေ ဟိုမဂ္ဂဇင်းတို့ကဗျာရေးနေတယ် စာရေး နေတယ်" နှင့် စတင်နှုတ်ဆက်တတ်ပါသည်။
ခင်မြမြမောင်းမောင်းနှင့် တွေ့လိုက်လျှင်မူကား " ဟေ့ကိုဆွေခု တပတ်ကာလ်တန်က ရုပ်ရှင်ကောင်းတယ် မင်း... ကိုယ်အခုဘဲ ကားလျှောက်မောင်းပြီး ကွန်တီနင်တယ်လ်က ရေခဲမုန့်စားခဲ့သေးတယ် ကိုဆွေကိုယ်နဲ့ လျှောက်လည်ဘို့ "ဒိတ်"လိုချင်ရင် တနာရီလောက် လက်မြှောက်ထားဆရာ" စသော စကားမျိုးတို့ကို ပြောတတ်ပါသည်။ သူ၏ ပြောပုံဆိုပုံ ပြုမပုံတို့မှာ ကြားရ မြင်ရသမျှတွင် စွဲမက်စရာချည်းသာ ဖြစ်နေ ပါသည်။
ယခု ကျွန်တော့် အိပ်ရာခေါင်းရင်း၌ ဆွဲချိတ်ထားသော သူတို့ဓာတ်ပုံနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါဦး ရီရီလေး ဓာတ်ပုံမှာ ရိုးရိုးအ၀တ်အစားနှင့် ယဉ်ယဉ်ကလေး တင်ပလွှဲထိုင်နေသော ပုံဖြစ်၍ ခင်မြမြ မောင်းမောင်းပုံမှာကား Pin-up Girl "အပ်အပေါ်" မိန်းမလေး ဖြစ်သည့်အားလျော်စွာ ရေကူး အ၀တ်အစား နှင့် ကိုယ်လုံးကိုယ်ထည် တုံးတုံးတစ်တစ်ကြီး အလှပြထားသဖြင့် သူ့ပုံကို ကြည့်မိလျှင် တော်တော်နှင့် မျက်စိခွာ၍ မရ နောက်တော့လည်း စိတ်ထဲက တော်တော်နှင့်မထွက် ရက်ရက်စက်စက်ကြီးကို စွဲမက်စရာ ကောင်းလှ ပါပေသည်တကား။
ယခုမူ ပေါ်အူးလူမိုက်သည် ကျွန်တော် အလွန်တရာ မြတ်နိုးမက်မောလှသော ဤပုံကြီးကို ဖုံမသုတ်ဘဲထားသဖြင့် ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက်ကြီး မမြင်ရတော့၍ ကျွန်တော့် မျက်စိ အာရုံနှင့် စိတ်ကူးပျက်ရသည်။ ထို့ကြောင့် ကျွန်တော် စိတ်ဆိုးလှ၍ ဤမက်မောစရာပုံကြီးကို အားမလို အားမရ ကြည့်ကာ ...
ဟေ့ ... ပေါ်အူးရ မင်းက ဘာ့ကြောင့် ခင်မြမြမောင်းမောင်းကို သဘောမကျရတာလဲကွ
ညက အရက်ရှိန်ကလည်း ကျန်သေး၍ တပည့်မိုက်ကို ခပ်ပြင်းပြင်းကလေးပင် ငေါက်လိုက်ပါသည်။ ပေါ်အူးကား အိနြေ္ဒမပျက် မရွံ့ရဲသော မျက်နှာထားနှင့် ချောင်းတချက် ဟန့်လိုက်ပြီး ..
"ဒီမှာ ဆရာ ..."
"အေး .. ဆိုစမ်း"
"ဒီလို တစိမ်းယောက်ျားကလေးတွေကို မိန်းကလေး သူငယ်ချင်းလို သဘောထားပြီး ရုပ်ရှင်အတူသွားကြည့် နှစ်ယောက်ထဲ ကားလျှောက်စီး ကားပေါ်က အဆင်းအတက်မှာ လက်ဆွဲတင်လက်ဆွဲချနဲ့"
ကျွန်တော်က သူ့စကားကိုဖြတ်၍ ...
"ဟေ့ ဒါက ခေတ်ရှေ့ကပြေးနေတဲ့ မိန်းကလေးသူ ဗိုလ်ဆန်ဆန် နေတတ်တာဘဲကွ"
"ဗိုလ်ဆန်တာကတော့ ဟုတ်ပါတယ်ဆရာ၊ ဒါပေသိ သိပ်ဆန်လွန်းအားကြီးတော့ ကျွန်တော်တို့ တိုင်းပြည်က ပူတယ်၊ ဗမာ့သွေး ဗမာ့စိတ်နဲ့ မသင့်လျော်လှဘူးဆရာရဲ့၊ နို့ပြီး သူ့ဟာကလည်း တယောက် ယောက် ချစ်သူထားပြီးတော့ တွဲနေတာမဟုတ်ဘူး၊ ယောက်ျားကလေးတွေ အလဲလဲနဲ့ ... ယောက်ျား ကလေး တွေသာ ပြောင်းတယ်၊ သူ့နားတယ်မရှိဘူး၊ ဖက်ရှင်အမျိုးမျိုးဝတ်ပြီး နေ့တိုင်း လမ်းသလား နေတာဘဲ ..."
ပေါ်အူးပြောတာ ဟုတ်ပါသည်။ သို့သော် ခင်မြမြမောင်းမောင်း၏အပြောမှာ ကမြင်းကျောထချင်သော ကျွန်တော်တို့ မြန်မာ မ,စကား၌ "ရီးစားတထောင်-လင်ကောင်တယောက်" ဟု ဆိုသည်။ သူသည် ယခု မည်သူ့ကိုမျှ ရီးစားအဖြစ် ထားသေးသည်မဟုတ်။ ကျွန်တော်တို့လို အကောင်မျိုးတွေကို ဝေ့လည် ကြောင်ပတ်လုပ်၍ သူ့ကိုယ်သူ ပျော်အောင်နေသည်။ ကျွန်တော်လို မောင်ရင်တွေကလည်း ရနိုးရနိုးနှင့် အနံ့ခံရင်း ကျေနပ်နေ၏။ တရုတ်စကား၌ "ဘ၀သည် ရီခြင်းနှင့် ငိုခြင်းပေါ်တွင် ရှိ၏"ဟု ဆိုသည်။ ထို့ကြောင့် ခင်မြမြမောင်းမောင်းသည် တိုတောင်းလှသော ဘ၀ကလေး၌ ရီနိုင်သလောက် ရီရအောင် ကြိုးစားရနေသည်။ တယောက်ယောက်နှင့် အိမ်ထောင်ပြလိုက်ပါလျှင် ယခုကဲ့သို့ ယောက်ျားကလေး အလဲလဲတို့၏ အပြုအစုကိုခံရတော့မည်မဟုတ်။ နောက်ဆုံး တနေ့မှသာ သူ့ကိုယ်ကို တယောက်ယောက် သို့ ပုံအပ်လိုက်မည်။ ဤအခါကျမှ လင်မှတ်မှတ် သားမှတ်မှတ် တည်တော့မည်။ ယခုအခါမူ သူ၏ ပျော်ရွှင် လွတ်လပ်သောဘ၀ကို မတိုတောင်းစေချင်ပါနှင့်ဦး၊ ကျွန်တော်နှင့် ဖူးစာထိုက်လျှင် ကျွန်တော်နှင့် ရမည်ဟု ကျွန်တော် က သူ့ကို ဗိုလ်ဆန်ဆန် (You marry me) "မင်း ငါ့ကို လက်ထပ်ပါ" ဟု ဆိုတိုင်း သူက ပြန်ပြောလေ့ ရှိပါသည်။
ထို့ကြောင့် ကျွန်တော့်အား ယောက်ျားကလေးတွေနှင့် မျက်နှာများလွန်း၍ဟု ဆိုပြီး တားမြစ်နေသော ပေါ်အူးအား ...
"ဟေ့ ... ပေါ်အူးရ သူက အခု လွတ်လွတ်လပ်လပ်ဘ၀မို့သာ ပျော်အောင်နေတာ၊ နောက် အိမ်ထောင်ကျတဲ့အခါမှာ တည်တည်ကြည်ကြည် နေမှာပေါ့ကွ ..."
ပေါ်အူးသည် မျက်နှာကို ရှုံ့မဲ့လိုက်ကာ ...
"အို ... ဆရာ့နှယ် ... အခုဒီလိုနေလာတဲ့ မိန်းမဟာ နောက်ကျကော တည်မတဲ့လားလို့၊ ခြံ့ပြင်ထွက် မြက်စားဘူးတဲ့ နွားလို အရသာဟောင်းတွေ ပြန်သတိရပြီး ဒီအတိုင်း ပြန်နေချင်အုံးမှာပေါ့ဆရာရဲ့။ နို့ပြီး သူ အခုအတိုင်း ၀တ်ပုံစားပုံတွေ သုံးဖြုန်းလည်ပတ်ပုံတွေ၊ ကားအမျိုးမျိုးစီးချင်တာတွေ ကြည့်ရတာဖြင့် သူနဲ့ရတဲ့လင်ဟာ အလိုလိုက်နိုင် လိုက်ရော့။ မလိုက်နိုင်ရင်တော့ ဒုက္ခဘဲသာမှတ်ပေတော့။ ဆရာက အခု သူ့မရခင်သာ ဒုက္ခမမြင်ဘဲ သုခထင်နေတာ၊ ဆရာ့လက်ထဲရောက်လာလို့ ဆရာ၊ သူ့အလိုလိုက်ရပြီဆိုရင် ဆရာစိတ်မောပြီး ရူးတောင် ရူးရချေရဲ့။ နို့ပြီး မိန်းကလေးဆိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ဣနြေ္ဒ နဲနဲမှမရှိဘူး။ တခါတလေ သူ့မိန်းကလေးအဖော်တွေနဲ့ ဂျစ်ကားနဲ့လာပြီဆိုရင် သူ့တင်ပါးဆုံ ဂွအုံကြီးကလည်း ကားကား၊ လုံချည်နခမ်းတွန့်အနားဖွာဖွာကြီးကိုလည်း ခြေကျင်းဝတ်ပေါ်အောင် ၀တ်ထားပြီး။ ဂျစ်ကား နောက်ဘက် ကနေ လွှားကနဲ ကားကနဲ နောက်ပြန်ခုန်တက်လိုက် ခုန်ဆင်းလိုက်တာများ ကျွန်တော့် မျက်စိထဲ.."
" ဟ ဒါကတော့ သူ "ဆပ်စပင်ဒါ" ၀တ်ထားမှာပေါ့ကွ"
"အင်း ... သူ "ဆပ်စပင်ဒါ"ဟာ အဖြူတော့မဟုတ်ဘူးဆရာရဲ့"
"တယ် ... ဒီကောင် မျက်စိ စူးရောက်တဲ့ကောင်ဘဲ၊ အခု တက်ခေတ် ဂျစ်ကားနဲ့ မိန်းကလေးတွေဟာ အများအားဖြင့် ဒီလိုချည့်ဘဲကွ"
"ဘယ်လိုဖြစ်ဖြစ်ဆရာ၊ ဒီလိုအချိန်ရှိသမျှ အခွင့်အရေးရှိသမျှ ပျော်မယ်ဆိုတာတော့ ကျွန်တော် မကြိုက်ဘူး ဆရာ၊ နောက်နောင်မှာလည်း ပျော်စရာအခွင့်အရေးကို ရှာတတ်တယ်ဆရာရဲ့၊ အစမ်းသဘော ဖြစ်မယ် ဆိုရင်တော့ ဆရာနဲ့-သူနဲ့ တလေလောက် နမူနာပေးစားကြည့်ချင်တယ်ဆရာ။ ဒါမှ ငါ့တပည့်ပြောတာ ဟုတ်ပါလားဆိုတာ သိရအောင်"
မိတ်ဆွေ စဉ်းစားကြည့်ပါ။ ပေါ်အူးပြောတာ ဟုတ်ချင်ဟုတ်ပါလိမ့်မည်။ သို့သော် ကျွန်တော်က ဆရာ၊ သူကတပည့်၊ သူ့စကားကို နားထောင်ရမည်ဆိုလျှင် ကျွန်တော် မည်မျှ ရှက်စရာကောင်းပါသနည်း။ ထို့ကြောင့် ကျွန်တော်က ခက်တင်းတင်းပင် ...
"ဟေ့ ပေါ်အူးရာ မင်းဘာပြောပြော ခင်မြမြ မောင်းမောင်းလို တုံးတုံးတစ်တစ် ချစ်စရာ ကောင်းတာကြီး တော့ ငါ လက်မလွှတ်နိုင်ဘူးကွ"
ပေါ်အူးသည လက်လျှော့ခြင်းမပြုဘဲ ...
"အောင်မာ ဆရာက ဒီလိုလှတာ ၀တာကြီးတွေ မက်မနေပါနဲ့၊ ဒါတွေဟာ သင်္ခါရပစ္စည်းတွေပါ ဆရာ၊ ဟို"နောက်တီး"ဆိုတဲ့ စာရေးဆရာရေးတဲ့ "မ,နှင့် အလှ" ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်ပါ။ သူ့ မာတိကာကိုက "လှတုန်းဝတုန်းဘဲ" "စက်ကုန်ဖွင့်လိုက်ပြီ" "နဲနဲရော့သွားတယ်" "ပုံပျက်သွားပြီ" "ကျန်တော့ ကျန်သေးတယ်" "ဟင် ... ကုန်ပြီ" "အို ..တကယ့်ကို မရှိတော့ဘူး"ဆိုတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ ကျကျနန အလှရမက်ရဲ့ သင်္ခါရသဘောတရားကိုရေးတာ သိပ်ရှင်းတာဘဲဆရာရဲ့"
ပေါ်အူးက ကျွန်တော့်ကို ဤသို့ တရားချနေစဉ် စောစောက "ဖရုဆော့တ်" သောက်ထားလိုက်သော ကျွန်တော့်ဗိုက်မှာ ဂိုးဂိုးဂွိဂွိ ဖြစ်လာသဖြင့် ပေါ်အူး၏ တရားသံကို စိတ်ရှည်စွာ နားမထောင်နိုင်တော့ဘဲ ...
"ဟေ့ ... တော်ကွာ ပေါ်အူးရာ ... ငါကဆရာ၊ မင်းကတပည့်၊ မင်းပြောတာ နားထောင်ရမလားကွ၊ ခင်မြမြမောင်းမောင်း ဓာတ်ပုံကိုသာ ကြည်ကြည်လင်လင် တိုက်ထာားလိုက်။ ငါ့ဗိုက်ထဲက ၀ါနင်ပေးလာပြီး၊ အိမ်သာသွားတော့မယ်"ဟု ဆိုပြီး ထခဲ့ပါသည်။
ပေါ်အူးမှာ မကြည်သာသောအသံဖြင့် ...
"အင်း ... ဒါမျိုးကြီး နမူနာတယောက်လောက် ခဏတွေ့စေချင်တယ်ဗျာ" ဟု ညည်းညူရင်း ကျန်ခဲ့သည်။
ကျွန်တော်သည် မြူစွမ်ဝမ်းဘဲပေါင်းကို စားလိုက်၍ ၀မ်းငါးခါမျှသွားပြီး ရေချိုးလိုက်ကာ ကြည်ကြည် လင်လင် ဖြစ်လာသည်တွင် အပြင်ထွက်ရန် အ၀တ်အစားများလဲနေစဉ် ပေါ်အူးသည် ကျွန်တော့် အခန်း ထဲသို့ ၀င်လာလျက် ...
"ဆရာ အပြင်မှာ ဧည့်သည် ရောက်နေတယ်ဆရာ"
"ဟေ့ ... ဘယ်သူလဲ .. ဘယ်ကတဲ့လဲ"
"ဒေါ်လှလှကြီးတဲ့ဆရာ၊ မန္တလေးကတဲ့"
"သူတယောက်ထဲလား"
"မဟုတ်ဘူးဆရာ ... သူ့သားနဲ့တူတယ်၊ လူငယ်တယောက်ပါတယ်"
"အင်း ... မန္တလေးက ဘယ်ဒေါ်လှလှကြီးများပါလိမ့ိ" ကျွန်တော်သည် ရုတ်တရက် စဉ်းစားမရသဖြင့် ခေတ္တမျှ တွေနေပြီးမှ ...
"အေး ... သိပြီဟေ့ ... သိပြီ။ မိန်းမဖြူဖြူ၀၀ကြီးမဟုတ်လား"
"ဟုတ်တယ်ဆရာ။ ၀,ဒါမှ စိတ်ပျက်စရာကောင်းအောင်ကို ၀တယ်ဆရာ။ နို့ပြီး မျက်မှန်ကြီးကလည်း အကြီးကြီးနဲ့ ဘယ်သူလဲဆရာ"
"ရွှေမန်း-လှလှကြီး"ဆိုတဲ့ စာရေးဆရာမကြီးပေါ့ကွာ၊ တခါတခါ ရေဒီယိုကနေပြီး "အမျိုးသမီးတွေ ယောကျားတွေနဲ့ ရင်ဘောင်တန်းလိုက်ပါ..." "ယောက်ျားတွေ မယားငယ်ယူရင် မိန်းမတွေက အညံ့မခံပါနဲ့"၊ "သူများလင်ခိုးတာ ဆင်ခြင်ပါ၊ "အဆင်သင့်လို့ ခိုးမိရင်လဲ လူမသိပါစေနဲ့"ဆိုတဲ့ အမျိုးသမီး သင်ခန်းစာတွေ လျှောက်ပြောနေတဲ့ မိန်းမကြီးပေါ့ကွ။ နို့ပြီး သူ တလောက အိန္ဒိယကို ၁၀ ရက်လောက်သွားလည်ဘူးတာနဲ့ "အိန္ဒိယပြည်အတွင်းရေး" ဆိုတဲ့ စာအုပ်ကိုရေးလို့ ကုလားတွေပွက်လောရိုက်ကုန်တာ သူပေါ့ကွ၊ အခု ငါ့အိမ်လဲ အာကိစ္စများလာပါလိမ့်၊ ငါ့အိမ်အတွင်းရေးဆိုတဲ့ စာအုပ်များ ရေးမလို့လားမသိဘူး၊ သွားဟေ့ ပေါ်အူး ... ငါ အ၀တ်လဲပြီးရင် လာခဲ့မယ်လို့ ပြောလိုက် ..."
ကျွန်တော် အ၀တ်လဲပြီး၍ ဧည့်ခန်းသို့ ထွက်လိုက်သောအခါ၌ ကျွန်တော့်အိမ်က အကြီးဆုံးသော ကုလားထိုင်တွင် သူ၏ ကြီးမားသော ကိုယ်ကာလကြီးနှင့် ပြည့်ပြည့်တစ်တစ်ကြီး စို့ရိုက်သွင်းထားသလို ထိုင်နေသော ဒေါ်လှလှကြီးသည် သူ့ပါးစပ်တွင်းမှ ရှိသမျှသွားအားလုံးကို တခုမကျန် ဖြဲထုတ်လိုက်ကာ ...
"ဟေး ... မောင်အေးဆွေ ကျန်းကျန်းမာမာဘဲကွဲ့နော်၊ မတွေ့ရတာကြာပြီ။ တွေ့ရတာ ၀မ်းသာ လိုက်တာ ကွယ် ... ဟဲဟဲ ... ဟဲဟဲ...
အလွန်ပင် တကယ့်ကို မချိတရီကြီး ၀မ်းသာသော မျက်နှာမျိုးနှင့် စတင်နှုတ်ဆက်လိုက်ပါသည်။ ကျွန်တော်ကလည်း အားကျမခံဘဲ ...
"ဟုတ်တယ် ဒေါ်ဒေါ်။ ရတနာသုံးပါးဂုဏ်ဆရာသမား မိဘဘိုးဘွားဂုဏ်တွေကြောင့် ကျန်းမာပကိတိ ချမ်းသာစွာဘဲရှိပါတယ်၊ ကျွန်တော်လည်း ဒေါ်ဒေါ့်ကို ဒီလို မမြှော်လင့်ဘဲနဲ့ တွေ့ရလို့ ၀မ်းသာလိုက်တာဗျာ ... ဟားဟား ... ဟားဟား ... မပြောပါနဲ့တော့"
"အေးကွယ် မောင်က မန္တလေးမရောက်တာလည်း တော်တော် ကြာသွားပြီကိုးကွယ့်၊ ဟောဒါ ဒေါ်ဒေါ့်သား မောင်မောင်ရွှေဘဲကွယ့်၊ မောင်အေးဆွေနဲ့ မတွေ့ဘူးသေးဘူးထင်တယ်၊ လူကလေးဟောဒါ မေမေ ခဏခဏ ပြောနေတဲ့ မောင်အေးဆွေလေ ... လူကလေးကြားဘူးတယ် မှုတ်လား၊ ဟို ... ဂုဏ်ဘန်းရပ်က ဒေါ်ဒေါ်စိုးရဲ့ တူပေါ့ကွယ်"
သူ့သား မောင်မောင်ရွှေဆိုသူမှာ တကယ့် ကလေးသူငယ် ကလေးသဖွယ် သူ့လက်မကို သူ့ပါးစပ်နှင့် ကိုက်နေရာမှ သူ့အမေက မိတ်ဖွဲ့ပေးသည်တွင် ကျွန်တော့်ကို မော့ကြည့်လိုက်ကာ ခေါင်းတချက်ညိတ်ပြီး သူ့လက်မ သူပြန်ကိုက်နေပါသည်။ သူ့အသက်မှာ ၂၀ ကျော်မျှ ရှိနေပြီဖြစ်သော်လည်း လူရည် မလည် သေးသော ကလေးသူငယ်ကလေးနှင့် တူပါသည်။
သူတို့သားအမိနှစ်ယောက်မှာ မအေကကိုယ်လုံးကိုယ်ထည်ကြီးမားဝကားသလောက် သားမှာ သေးငယ် ကြုံလှီသဖြင့် သားအမိဆိုသည်ကိုပင် မယုံကြည်လိုပါက မည်သူမျှ အပြစ်ဆိုနိုင်စရာရှိမည် မဟုတ်ချေ။
ဒေါ်လှလှကြီးမှာ ကျန်းမာခြင်း၊ ၀ဖြိုးခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့် ပြည့်စုံ၍ ဟက်ဟက်ပက်ပက်ကြီး ရယ်မော တတ်လျက် မောင်မောင်ရွှေမှာမူကား ဖြူဖတ်ဖြူရော် အသားအရေကလေးနှင့် စကားမျှ ကောင်းစွာ မပြောတတ် သလို သူ့လက်မသူကိုက်၍သာ ကုတ်ချောင်းချောင်းကလေး နေပါသည်။
ကျွန်တော်သည် မောင်မောင်ရွှေကို ကြည့်ပြီးကာ ...
"တွေ့ရတာ ၀မ်းသာပါတယ်ဗျာ၊ ဒီလို ကျွန်တော့် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်လာတာကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ်ဗျာ"
"အော် ... လာဆို မင့်အဒေါ် ဒေါ်ဒေါ်စိုး ကိုယ်တိုင်ကလည်း ရန်ကုန်ရောက်ရင် သူ့တူ မောင်အေးဆွေ အိမ်မှာ ၀င်တည်းပါ၊ လိုသမျှ အကူအညီတောင်းပါနဲ့ မှာလိုက်တာကိုးကွယ့်၊ ဒါနဲ့ ဒေါ်ဒေါ်တို့သားအမိလည်း ဒီကို တန်းလာခဲ့တာဘဲ"
ဤစကားကို ကြားလိုက်ရသည်တွင် ကျွန်တော့်မှာ အတော်ပင် ၀မ်းသာ၍ သွားပါသည်။ အကြောင်းမူကား မန္တလေးမြို့က ကျွန်တော့်အဒေါ် ဒေါ်ကြီးစိုးသည် ကျွန်တော် မန္တလေးမြို့သို့ သွားရောက် လည်ပတ်စဉ်က သူသဘောမကျသော မိန်းမတယောက်နှင့် ကြိုက်ဖူးသဖြင့် ကျွန်တော့်ကို စိတ်ဆိုးနေခဲ့ရာ ယခုကဲ့သို့ သူ့မိတ်ဆွေအား ကျွန်တော့်အိမ်၌ တည်းခိုရန်မှာကြားလိုက်သည်ကို ထောက်သဖြင့် ဒေါ်ကြီးစိုး ကျွန်တော့် အပေါ်၌ စိတ်ပြေသွားပြီကို သိရသောကြောင့် ဖြစ်ပါသည်။
"အား ... ၀မ်းသာလိုက်တာ ဒေါ်ဒေါ်ရယ်၊ ဒေါ်ကြီးစိုးနဲ့ ဦးကြီးသိန်းတို့ မသေးတို့ ဘော်ဘီတို့ ကျန်းကျန်း မာမာဘဲ မှုတ်လား၊ နေပါခင်ဗျာ ... ကျွန်တော့်အိမ်မှာ ဒေါ်ဒေါ်တို့ သားအမိနှစ်ယောက် သဘောရှိသလို နေနိုင် ပါတယ်"
ဒေါ်လှလှကြီးသည် သူ့မျက်မှန်ကို လက်နှင့် မတင်လိုက်ကာ ...
"ကျေးဇူးတင်ပါတယ်ကွယ်၊ ဒေါ်ဒေါ်တော့ မနေနိုင်တော့ဘူးကွယ်၊ ဗမာပြည်က ထောင်တွေအကြောင်း စာတအုပ် ရေးမလို့၊ သာယာဝတီထောင်တို့ ပေါင်းတည်ထောင်တို့ကို လျှောက်ကြည့်မယ်လို့၊ ဒေါ်ဒေါ် အဲဒီတွေ သွားနေတုန်း ဟောဒီက သားကလေးကို မောင်အေးဆွေ ဆီမှာ အပ်ထားခဲ့ချင်တာပါဘဲကွယ်"
"အော ... စိတ်ချပါ ခင်ဗျာ၊ ကျွန်တော့်ညီလေး အရင်းလိုစောင့်ရှောက်လိုက်ပါမယ်"
"ကောင်းပါလေကွယ် ... အစဦးတော့ သူ့ကိုပါ ဗဟုသုတဖြစ်အောင် လျှောက်ခေါ်သွားမလို့ဟာ သူက ရထား ခရီးရည်မစီးနိုင်ဘူးကွယ်၊ ခေါင်းမူးတတ်တယ်၊ လူက အင်မတန်နုတဘဲကွယ်၊ မန္တလေးမှာဆိုရင် အိမ်ထဲက အိမ်ပြင် ထွက်တယ်မရှိဘူး၊ အဲဒါကြောင့် လူက မြို့အကြောင်းမလယ်မ၀ယ်နဲ့ကွယ်"
"ဟာ ... ဒေါ်ဒေါ် ရန်ကုန်ရောက်လာလို့ ရှိမှတော့ လူရည်လည်သွားအောင် ကျွန်တော် သူ့ကို ဟော်တယ်တွေ၊ ကပွဲတွေ ဘားတွေ ကစားဝိုင်းတွေကို ခေါ်ပြလိုက်ပါမယ်၊ ဗဟုသုတ ဖြစ်သွားအောင်"
ဒေါ်လှလှကြီးသည် ကျွန်တော် ပြောနေသည်ကို ပြုံးပြုံးကြီး ခေါင်းခါလိုက်ကာ ...
"မောင်အေးဆွေ ... ဒေါ်ဒေါ့်သားအဖို့ ဒါတွေ မလိုပါဘူးကွယ်၊ ကူကလည်း အပျော်အပါးတွေ ၀ါသနာ မပါဘူးကွယ့်၊ စာအုပ်ကောင်းကောင်း ပေးထားလိုက်ရင် ပြီးတာဘဲ၊ သူက စာရေးဆရာမ သားပီပီ အင်မတန် စာဘတ် ၀ါသနာ ပါတယ်ကွယ့်၊ ဟင် ... ဟုတ်တယ် မှုတ်လား လူကလေး"
သူ့သားဘက်သို့လှည့်၍ မေးလိုက်ပါသေးသည်။ သူ့သားကလည်း မျက်စိကိုအောက်ချ၍ လက်မကို ကိုက်နေရာမှ ခေါင်းညိတ်ပြလိုက်ပါသည်။ စင်စစ် ဒေါ်လှလှကြီး စကားပြောနေပုံမှာ သူ့သားကို သူ့အနား၌ ရှိသည်ဟူ၍ပင် အောက်မေ့ဟန်မတူ။ သားကလည်း သူ့အကြောင်းကို ပြောနေပါလားဟု မသိသကဲ့သို့ပင် အေးစက်စက်နိုင်လှပါသည်။
ပေါ်အူးသည် ကော်ဖီနှင့် မုန့်များယူလာ၍ စားသောက်ပြီးကြသည်တွင် ဒေါ်လှလှကြီးက ...
"ကဲ ... မောင်အေးဆွေ၊ ဒေါ်ဒေါ်လူကလေးကို ခဏ ခေါ်သွားအုံးမယ်၊ နေ့လည်လောက်တော့ ပြန်လွှတ်လိုက်ပြီး ဒေါ်ဒေါ် သာယာဝတီကို သွားမယ်ကွယ်၊ ဘယ်နှစ်ရက်ကြာမယ်တော့ အမှန် မပြောနိုင်သေးဘူး၊ သူတို့ ထောင်အခြေအနေကို အတော်နှံ့နှံ့စပ်စပ်ကြည့်ရမှာ ဗမာပြည်ထောင်တွေက အတော်ညံ့တယ်လို့ ပြောနေကြတာ။ ကောင်းကောင်းမွန်မွန် ဖြစ်သွားအောင် စာတအုပ်တော့ ရေးလိုက်အုံးမှကွယ့်၊ အဲဒီ ဒေါ်ဒေါ် ပြန်မလာခင်အတွင်း လူကလေးကို ကောင်းကောင်း ကြည့်ထား လိုက်ပါကွယ်၊ သူက ရန်ကုန်မြို့ကြီးကို ဒါ အကြိမ်ပထမ ရောက်တာဘဲကွယ့်"
"စိတ်ချပါခင်ဗျာ စိတ်ချပါ ကျွန်တော် တာဝန်ယူပါတယ်"
"လူကလေးကလည်း မင့်ကိုကိုစကားကို နားထောင်ကွယ့်နော်"
သူ့သားမှာ အသက် ၂၀ ကျော်မျှ ရှိပြီဖြစ်သော်လည်း လေးငါးနှစ်သားကလေးကို သွန်သင်သကဲ့သို့ မှာကြားနေပါသည်။ သူ့သားကလည်း လက်မကိုသာ ကိုက်နေလျက် စကားမပြောတတ်သကဲ့သို့ သူ့မိခင် အား ခေါင်းညိတ်၍သာပြပါသည်။ ကျွန်တော့်မှာ ယခုအချိန်အထိ ဒီအသက် ဒီအရွယ်နှင့် ဤမျှ ဆိတ်ငြိမ် နူးညံ့သော ယောက်ျားကလေးမျိုးကို မတွေ့ဘူးခဲ့သေးပါ။
ဒေါ်လှလှကြီးသည် ထီးနှင့် လက်ဆွဲသားရေအိတ် ဆွဲကိုင်ပြီး မတ်တတ်ထလိုက်ကာ သူ့သားကို ဦးထုပ် ဆောင်းပေးနေရင်း ...
"ကဲ ... လူကလေးကလည်း မင်းကိုကိုနဲ့ ရန်ကုန်မြို့ကြီးမှာ နေရတုန်း နား မျက်စိ ဖွင့်ကြည့်ပါကွယ်" ဟု မှာကြားခဲ့ပါသေးသည်။ သူ့သားမူကား ပါးစပ်မှ ပြန်မပြော ခေါင်းညိတ်၍သာ ပြပါသည်။ ကျွန်တော်မှာ ရောက်ကတည်းက မောင်မောင်ရွှေ၏ အသံကို မကြားရသေးပါ။ စကားမှ ပြောတတ်ပါလေစ။ ဘယ်လို အကောင် ကလေးပါလိမ့်။ ကျွန်တာ့် စိတ်ထဲ၌ ဇဝေဇ၀ါ ရှိသည်နှင့် သူတို့သားအမိ ထွက်ခွာသွားပြီးနောက် ပေါ်အူးကို ခေါ်၍ ...
"ဟေ့ .. ပေါ်အူး၊ ခုန ဟိုအဒေါ်ကြီးပြောတဲ့ စကားတွေ မင်းကြားတယ်မှုတ်လား"
"ကြားသားဘဲ ဆရာ"
"သူ့သားကို ဒို့အိမ်မှာ ထားခဲ့မလို့တဲ့ကွ"
"ဟုတ်ကဲ့ ဆရာ ..."
"ဘယ့်နှယ် ကောင်ကလေးမှန်း မသိဘူး၊ ပြော့စိုစိုကလေးနဲ့ စကားလဲမပြောဘူး"
"ဟုတ်ကဲ့ ဆရာ ..."
ပေါ်အူးမှာ ကျွန်တော် ပြောနေသည်တို့ကို စိတ်ပါဝင်စားဟန်မရှိဘဲ ၀တ်ကြေ၀တ်ကုန်သာ လုပ်နေခြင်း ဖြစ်ပါသည်။ ခါတိုင်း အခါများဆိုလျှင် ကျွန်တော် အရိပ်အမြွက်လောက် ပြောရုံမျှနှင့်ပင် ဘယ်သင်းက ဘယ်လို၊ ဘယ်သူက ဘယ်သို့ဟု ရှင်းလင်းပြောပြတတ်ပါသည်။ ယခုမူ ခင်မြမြမောင်းမောင်း ကိစ္စနှင့် ပတ်သက်ပြီး သူစိတ်ကောက်နေသည်ကို ကျွန်တော် သိပါသည်။
ပေါ်အူးနှင့် ကျွန်တော်မှာ ဆရာတပည့်ပင် ဖြစ်သော်လည်း သူကသာ ကျွန်တော့်ကို နည်းပေးလမ်းပြ လုပ်နေ၍ ကျွန်တော်က လိုက်နာရသည်သာများပါသည်။ သူ့အလိုကို ဆန့်ကျင်လျှင် သူက တင်းမာ၏။ တကြိမ် သောအခါက (သည့်မောင့်လက်သံဝတ္ထု) ကျွန်တော် ဘင်ဂျိုတီးသည်ကို သူတားမြစ်၏။ ကျွန်တော် က နားမထောင်သောကြောင့် သူအလုပ်မှ ထွက်သွား၏။
ကျွန်တော် နောက်ဆုံးဘင်ဂျိုကို ရိုက်ခွဲပစ်လိုက်မှသူပြန်လာ၏။ ဤမျှခေါင်းမာသောသူပင်။ ကျွန်တော့် မှာလည်း သူ့အကူအညီမရှိလျှင် မနေတတ် မထိုင်တတ်ပင်ဖြစ်နေ၍ အခြားလူများကို သူ့နေရာ၌ အစား ထိုးဘူး ပါသော်လည်း သူ့လောက်မတော်သည်ကို တွေ့ရသဖြင့် သူ့ကိုပင် လက်မလွှတ်နိုင် ဖြစ်နေ ပါသည်။ စင်စစ်ပေါ်အူးသည် ကျွန်တော့်အပေါ်၌ အလုပ်ရှင်နှင့် အလုပ်သမားဟု သလောထားရုံသာ မဟုတ်ဘဲ၊ ကျွန်တော့်အား နည်းပေးလမ်းပြ ဆုံးမသွန်သင်နေသော အထိန်းတော်ကြီးသဖွယ် ဖြစ်နေ ပါသည်။ သူသွန်သင် ညွှန်ကြားသည်တို့မှာလည်း အဟုတ်အမှန် အကောင်းချည်းသာဖြစ်ပါသည်။ သို့သော် ကျွန်တော့် စိတ်ဓာတ်မှာ သူကတပည့် ငါကဆရာဟု သဘောထားလျက် ကျွန်တော်က တတ်နိုင် သမျှ ခေါင်းမာတတ်သူ ဖြစ်ပါသည်။
ယခုကြည့်ပါဦးတော့။ ကျွန်တော့်ချစ်သူ ခင်မြမြ မောင်းမောင်း ကိစ္စနှင့်ပင် သူနဲ့ကျွန်တော်ဘုကျ၍ နေကြပါပြီ။ ကျွန်တော်ကလည်း ဂုဏ်မာနပျော့ညံ့သူမဟုတ်မူ၍ အလျှော့မပေး နံနက်စာ ထမင်းစား ပြီးသည်နှင့်ပင် ...
"ဟေ့ ပေါ်အူး ... ငါ မောင်းမောင်းဆီ သွားအုံးမယ်၊ မင်း မောင်မောင်ရွှေဆိုတဲ့ ဟိုချာတိတ် ကလေး ရောက်လာရင် နေရာထိုင်ခင်းပေးထားလိုက်" ဟု သူ့ကိုအရွဲ့တိုက်မှာကြားပြီး ကားနှင့် ထွက်ခဲ့ပါသည်။
စင်စစ်အားဖြင့် ထိုနေ့တနေ့လုံးတွင် ခင်မြမြ မောင်းမောင်းနှင့် မတွေ့ရမူ၍ ရောင်ဒဗူဟော်တယ်၌ ဘီလိယက် ထိုးရင်း ဘီယာသောက်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပါသည်။
ညနေ ၆ နာရီ၌ အိမ်သို့ပြန်ရောက်၍ ...
"ဟေ့ ပေါ်အူး၊ မောင်မောင်ရွှေ ပြန်ရောက်လာပြီလားကွ ..."
"ပြန်ရောက်လာပြီး ပြန်ထွက်သွားတယ်ဆရာ"
"သူ့ မေမေနဲ့ဘဲလား"
"မဟုတ်ဘူးဆရာ သူ့မိတ်ဆွေတယောက်နဲ့"
"ဟေ့ ...သူက ရန်ကုန်မှာ မိတ်ဆွေတွေဘာတွေနဲ့လားကွ၊ လူကောင်းသူကောင်း မှဟုတ်ပါလား၊ ကောင်လေး က ရိုးအအနဲ့"
"ဒီအတွက် ဆရာပူစရာလိုမယ် မထင်ပါဘူးဆရာ"
"နို့ သူထမင်းစားမှီပြန်လာမယ်တဲ့မှုတ်လား"
"မလာဘူးတဲ့ဆရာ"
"ဘယ်လိုတဲ့လဲ"
"အိမ်မှာ ဘာဟင်းချက်သလဲလို့မေးတယ်၊ ကြက်သားရို့စ်နဲ့ အစိမ်းကြော်လို့ပြောတော့ သူမစားဘူး လို့ပြောသွားတယ်ဆရာ
"ဟာ ဒီကောင်လေးက သက်သတ်လွတ်စားမယ့်ကောင်လေးနဲ့ တူပါတယ်ကွာ၊ နက်ဖြန်ကျ သူကြိုက်သလို ချက်ပြုတ် ကျွေးလိုက်ပါကွာ"
ည ဆယ်နာရီကျော် ကျွန်တော် အိပ်ရာဝင်သည့်တိုင်အောင်မှ မောင်မောင်ရွှေ ပြန်မလာသေး။ ကျွန်တော့် မှာမူ သူ့မိခင်ကြီးက စိတ်ချလက်ချ အပ်ပစ်ခဲ့သည်ဖြစ်သောကြောင့် ဤမလယ်မ၀ယ် ကောင်ကလေး အတွက် စိတ်သောက ရောက်ရပါတော့သည်။ စိတ်ကောက်နေသော ပေါ်အူးကလည်း ကျွန်တော့်ကို ဘာအကူ အညီမှမပေး။ သူ့ဖာသာသူ ခတ်အေးအေးပင် နေပါသည်။
ညဥ့် ၁၁ နာရီခန့် ကျွန်တော်မှေးကနဲ အိပ်ပျော်သွားသည်တွင် အိမ်ရှေ့တံခါးမှ ကုတ်သံခြစ်သံကြားရသဖြင့် ရုတ်တရက် လန့်၍နိုးပါသည်။ ထိုအသံမှာ ရပ်သည်မရှိဘဲ တဗျင်းဗျင်းနှင့် ပွတ်တိုက်ကုတ်ခြစ်နေပြီးနောက် ၀ုန်းကနဲ ကျသံကြီးကို ကြားလိုက်ရပါသည်။
"ဟေ့ .. ပေါ်အူး .."
"ဆရာ .."
"အပြင်ဘက်က ဘာသံလဲ မီးဖွင့်ပြီး သွားကြည့်စမ်းကွာ"
"ကောင်းပါပြီဆရာ ..."
ပေါ်အူး မီးဖွင့်ပြီး၍ တံခါးမင်းတုံးဖြုတ်သံ ကြားရပြီးနောက် ...
"ဘာလဲဟေ့ ပေါ်အူး"
"မောင်မောင်ရွှေလေးရယ်ဆရာ..."
"ဟေ ...ဘယ်လိုဖြစ်နေတာလဲ..."
"လဲနေတယ်ဆရာ ..."
"ဟင် ... ဘယ်လိုများ ဖြစ်လာတာပါလိမ့်" ဟု ဆိုပြီး အပြင်ထွက်ကြည့်လိုက်ရာ မောင်မောင်ရွှေ ကလေးမှာ အံဖတ်တွေ ဗလပေနှင့် အရုပ်ကြိုးပြတ် လဲနေသည်ကို တွေ့ရပါသည်။
ကျွန်တော့်ခေါင်း၌ မီးတောက်ကာ ...
"ဟေ ... ပေါ်အူးရေ၊ အံဖတ်တွေနဲ့ တခုခုအစားမှားလာပြီ ထင်တယ်ကွ၊ ဆရာဝန် သွားခေါ်မှဘဲ"
ပေါ်အူးသည် မထူးခြားသောအသံနှင့် ...
"ခေါ်စရာမလိုပါဘူးဆရာ၊ ဆရာခြေထောက်က မ ကျွန်တော်ခေါင်းကချီပြီး သူ့အိပ်ရာထဲသွားပို့လိုက်မယ်၊ မနက်ကျ အကောင်း ဖြစ်သွားပါလိမ့်မယ်"
ပေါ်အူးပြောသည့်အတိုင်း အိမ်ထဲသို့ ချီသွင်းရာ မောင်မောင်ရွှေကိုယ်မှ အရက်စော်နံလှသဖြင့် ...
"ဟေ့ ပေါ်အူး၊ ဒီကောင်လေးကို ဘယ်သူများ အရက်ချော့တိုက်လိုက်ပါလိမ့်၊ ခက်တော့တာပါပဲကွာ၊ ကောင်ကလေးက မအူမလယ်နဲ့ ..."
ပေါ်အူးက မည်သို့မျှ ပြန်မပြော၊ မောင်မောင်ရွှေမှာလည်း အမူးလွန်နေ၍ မျက်လုံးမှဖွင့်မကြည့်နိုင်။ ကျွန်တော့်စိတ်ထဲ၌ ဒီကောင်လေးအား မနက်မှ ဆုံးမစကားပြောမည်ဟု စိတ်ကူးကာ သူ့ကို အိပ်ရာထဲ ပို့ပြီးနောက် ကျွန်တော့်အိပ်ရာသို့ပြန်ခဲ့ပါတော့သည်။
နံနက်လင်းသောအခါ၌ ကျွန်တော်သည် အိပ်ရာမှထ၍ မျက်နှာသစ်ပြီး မောင်မောင်ရွှေ၏ အခန်းသို့ ကူးခဲ့ပါသည်။ အပေါင်းအသင်းများ၏ သွေးဆောင်မှုကြောင့် မသောက်စဖူး သောက်သူဖြစ်၍ ခေါင်းကိုက် ခဲလျက် နေမကောင်း ထိုင်မသာကြီးဖြစ်ကာ ငြီးငြူနေသည်ကို တွေ့ရမည်။ ဤအခါ၌ ကျွန်တော်၏ ဆုံးမစကား ကို ကောင်းစွာ နားထောင်၍မှားမိကြောင်း ၀န်ခံလိမ့်မည်ဟု အောက်မေ့ခဲ့၏။
သို့သော် ကျွန်တော် ထင်သမျှ တက်တက်စင် လွဲချေသည်။ မောင်မောင်ရွှေမှာ ကြည်လင်ရွှင်ပြစွာနှင့် အ၀တ် အစားများပင် လဲပြီးနေ၍ ခေါင်းဖီးရင်း အိစက်ညက်ညောတဲ့ ဖဲမွေ့ရာ ... ချစ်တလင်းခေါ်မယ်၊ ပျို့ချစ်ဆွေ ဇာနည်ဘွားဟာ ယောက်ျားလည်းပီသတယ်၊ ယောက်ျား ခင်ဗျားက သူကဘဲ ပိုပြန်ပါတယ်၊ သူ့ထက်ကဲချင်တယ် စသော စကားလုံးများနှင့် အမြီးအမောက်မတဲ့၊ ရှေ့နောက် မညီသလောက် တဏှာ ရာဂစိတ် ထကြွဘွယ် ကောင်းလှသော သီချင်းကို သီဆိုလျက်နေပါသည်။
ကျွန်တော်သည် အံ့အားသင့်မိကာ
"ဟဲ့လို ... မောင်မောင်ရွှေ"
"ဟဲ့လို ... ကိုအေးဆွေ"
မနေ့က သူ့အမေရှေ့၌ စကားမပြောသော်လည်း ယခုမူ သွက်လက်လှချေတော့သည်။
"မင်း ညက ဘယ်လိုဖြစ်လာတာလဲ"
သူသည် ပြုံးစိစိမျက်နှာနှင့် ...
"ဘယ်လိုဖြစ်လာတယ်လို့ ခင်ဗျားထင်သလဲ"
"အရက်မူးလွန်လာတယ်လို့ ထင်တာဘဲ"
သူသည် ခင်ဟက်ဟက်ကလေးပင် ရယ်မောလိုက်ခါ ...
"ဟုတ်လိုက်လေ နောင်ကြီးရာ ..."
ကျွန်တော်က မျက်နှာထားခပ်တည်တည်နှင့်ပင် ...
"အင်း ... ညက မိတ်ဆွေ တယောက်ယောက်က တိုက်တွန်းတာနဲ့ မှားလာထင်ပါရဲ့ကွာ ... နောက် သတိထားတာပေါ့ကွာ"
သူ့အား အခွင့်လွှတ်အောင် တောင်းပန်စေရန် လမ်းကြောင်းပေးလိုက်ပါသည်။ သို့သော် သူက ကျွန်တော့်စကားကိုမမူဘဲ ...
"အို ...ဘယ်သူကမှ တိုက်တွန်းလို့မဟုတ်ပါဘူး၊ ကိုယ့်ဟာကိုယ် သောက်ချင်တာနဲ့ နင်းကန်သောက် လာတာဘဲ၊ သောက်လိုက်တာမှ တပုလင်းပြီးတပုလင်း၊ သောက်ကောင်းလိုက်တာလည်း မပြောနဲ့တော့ ဒီနေ့လည်း သောက်အုံးမှာဘဲ ... နက်ဖန်လည်း သောက်အုံးမှာဘဲ၊ သဘက်ခါရော အို ... နောက်ကိုလည်း ဘဲ ဒီလိုဘဲသောက်အုံးမှာဘဲလေ၊ ကန်တော် ၀ါမပြောတတ်ပါဘူး၊ ဘုရားစူးရပါစေရဲ့"
ကျွန်တော့်မှာ အောင့်သက်သက်နှင့် မျက်လုံးပြူးကာ ...
" ဟ ... ဒီလိုဆို ခက်ရချေကွာ၊ ငါ့ဘက်ကများ နေကြည့်ပါအုံးကွ"
"အို ... ခင်ဗျားဘက်ကနေ ဘာကို ဘယ်လို ကြည့်ရမှာလဲ ..."
"ဟ ...ကောင်ရ၊ မင့်မေမေက မင့်ကို ငါ့အပ်သွားတာကွ၊ မင်းဒီလိုလုပ်နေရင်း မင့်မေမေလာတော့ ငါဂျောက်မကျ ဘူးလားကွ..."
"အို ... ခင်ဗျား ဂျောက်ကျတာမကျတာ ကျွန်တော် မတတ်နိုင်ဘူး၊ ကျွန်တော့်အဖို့ကို ခင်ဗျား စဉ်းစားစမ်း ပါအုံး၊ ကျွန်တော်ဟာ အခု အသက် ၂၂ နှစ်ရှိပြီး ဒီရန်ကုန် မြို့ကြီးကို ရောက်ရတာဟာ ဒါပထမအကြိမ်ဘဲ၊ မန္တလေးမှာဆိုရင် ကျွန်တော်တို့ လူမျိုးက ဘုရားလူကြီးမျိုး စီးပွားလမ်းအပေါက်တဲ့လည်း ဘုရားရှိခိုး မတဲ့ပြန်ရင်လည်း နင်းကန်ရှိခိုး အမျိုးမျိုး ဆုတောင်းရွှေချနေတဲ့ လူစုထဲမှာ သူတော်ကောင်း ကလေးလုပ်ပြီးကြီးပြင်းခဲ့ရတာဗျ၊ ဘယ်မှာ လောက်ကီစည်းစိမ်သုခကို ခံစားခဲ့ဘူးရမလဲ၊ အခု မေမေက စိတ်ရူး ပေါက်ပြီး ကျွန်တော့်ကို လျှောက်ခေါ်လာတာနဲ့ ဒီရောက်တော့ ကျွန်တော် ခရီးရှည်မသွားနိုင်ဘူး၊ ခေါင်းမူးတယ်လို့ လိမ်ပြောပြီး ခင်ဗျာ့အိမ်မှာ နေခဲ့တာဗျ၊ နို့ပြီး ခင်ဗျားကိုလည်း တပည့်တယောက်နဲ့ တကိုယ်တည်း ပွေနေတဲ့ လူပျိုကြီးဆိုတော့ ကျွန်တော်က ပွေနည်း ထွေနည်းတွေ ညွှန်ပြလိမ့်မယ်လို့ မျှော်လင့် ခဲ့တယ်ဗျ။
"အခုတော့ဗျာ ... ခင်ဗျားကြီး ကဘဲ ...လူ့ သူတော်ကောင်းကြီးလုပ်ပြီး၊ ကျွန်တော့်ကို တားမြစ်နေတယ် ဆိုတော့ ... ကျွန်တော့်ကို အံ့သြလို့ မဆုံးပါဘူး ... ဒီမှာ ... ကိုအေးဆွေ ခင်ဗျား သေသေချာချာ စဉ်းစားစမ်း။ ဒီရန်ကုန်မြို့မှာ ... ဟော်တယ်တွေ ... အရက်တွေ ... မိန်းမတွေနဲ့ ... ငွေရှိ, ရှိသလောက် ကာမဂုဏ် ဆီ အီမ၀နိုင်စရာတွေဟာ ... ဘာလုပ်ဘို့ ရှိနေတာလဲ ... ကဲ ... ဆိုစမ်း ..."
သူကဘဲ ကျွန်တော့်ကို မေးခွန်းထုတ်၍ နေပြန်ပါသည်။ ကျွန်တော်က ပြုံးမဲ့မဲ့နှင့် တွေနေမှ သူက ဆက်လက်၍ -
"ကျွန်တော်တို့လို လူရွယ်ကလေးတွေ ပျော်ဘို့ ပါးဘို့မဟုတ်လား ... ဒီမှာ ကိုအေးဆွေ လူ့ဘ၀မှာ နံနက်ခင်း ရယ် မွန်းတည့်ချိန်ရယ် ... ညနေပိုင်းရယ်ဆိုပြီး၊ သုံးမျိုး သုံးစားရှိတယ်၊ ဒီသုံးမျိုးမှာ နံနက်ခင်းဟာ ပျော်စရာအကောင်းဆုံးဘဲ မဟုတ်လား၊ ဒီပျော်စရာကောင်းတဲ့ နံနက်ခင်းကလေးမှာ၊ ကျွန်တော် အခွင့်ရတုန်း ပျော်ပါးပြစေလားဗျာ၊ ခင်ဗျားက ကျွန်တော့် မေမေမှာခဲ့တာနဲ့၊ ခင်ဗျာ့ တာဝန်ကျေတယ်ဆိုတဲ့၊ ခင်ဗျာ့ ကိုယ်ကောင်းဘို့ ဂုဏ်ပုဒ်ကို လိုချင်တဲ့အတွက် ကျွန်တော့်ရဲ့ သာယာတဲ့ နံနက်ခင်းလေးကို ဖျက်မယ်၊ တားဆီးမယ်ဆိုရင်တော့၊ ခင်ဗျာ့လောက် ရက်စက်တဲ့ လူ လောကမှာ ရှိအုံးမှာလားဗျာ။ ဒီလိုဆိုရင် ခင်ဗျာ့လို ကြင်နာသက်ညှာမှု မရှိတဲ့ လူ၊ လူတဖက်သားရဲ့ အလိုဆန္ဒကို မသိတတ်တဲ့လူ၊ အဲဒီလို လူမျိုးတယောက်ရဲ့ စကားကို ကျွန်တော် လိုက်နာသင့်သလားဗျာ။ ခင်ဗျား သေသေချာချာ စဉ်းစားစမ်း"
" အလို ... ခက်ရချည့်၊ လာလဲ လာတဲ့ အကောင်ကလေး မနေ့ကတွင် ကျွန်တော့်မှာ သူ့အမေရှေ့၌ စကားမှ ပြောတတ်ပါ့မလားဟု အောက်မေ့ခဲ့ပါသည်။
သူသည် စီးကရက်တလိပ်ကို မီးညှိသောက်လိုက်ကာ ဆေးလိပ်ဘူးကို ကျွန်တော့်ဘက်သို့ ပစ်ပေးလိုက်ပြီး မှ တဖန် ဆက်လက်၍ ...
"ဒီမှာ ကိုအေးဆွေ ... ခင်ဗျား တခု စဉ်းစားစမ်းပါအုံး။ ခင်ဗျားဟာ ကျွန်တော့်ထက်လည်း အသက်ကြီးတယ်။ ရန်ကုန်မြို့ပေါ်မှာ နေတဲ့ လူလည်းဖြစ်တယ်။ ဒီမြန်မာပြည်ရဲ့ မျက်နှာဖုံး၊ ရန်ကုန်မြို့ကြီးရဲ့ စည်ကားသိုက်မြိုက်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဘယ်ပေါ်မှာ တည်သလဲ၊ တခြားမြို့တွေနဲ့ မတူအောင် ပျော်မှု ပါးမှု စည်းစိမ်ခံစားမှုတွေ ပေါများတဲ့အပေါ်မှာ တည်တယ်မဟုတ်လား၊ လူတွေဟာ ဒီပျော်ပါးမှုတွေကြောင့်၊ ရန်ကုန်မြို့ကြီးကို နှစ်သက်ကြတယ်၊ မက်မောကြတယ်၊ အထင်ကြီးကြတယ်၊ မြို့ကြီးသားဆိုတဲ့ ဂုဏ်ကို ယူကြတယ်။ စင်စစ် အဓိပ္ပါယ် တော့ဗျာ၊ ရန်ကုန်မြို့ကြီးဟာ ဒီလိုစည်းစိမ် ခံစားမှုတွေနဲ့လူတွေကို သွေးဆောင်နိုင်တယ်။ စွဲမက်စေတယ်၊ ရန်ကုန်မြို့ကြီးကို ရောက်လာပြီဆိုရင် ဘယ်သူဟာ မပျော်ဘဲ၊ မနှစ်သက်ဘဲ နေနိုင်သလဲ။ ဒါဟာ ရန်ကုန်မြို့ကြီးရဲ့ သတ္တိထူးဘဲ ... တကယ်လို့သာ ကျွန်တော့်လို ချာတိတ်ကလေးက ကိုယ့်မှာ အခွင့်အရေးရှိပါရက်နဲ့ ရန်ကုန်မြို့ကြီးရဲ့ ပျော်ပါးမှုတွေကို မခံစားဘဲ နေနိုင်တယ်ဆိုရင် ခင်ဗျာ့ ရန်ကုန်ကြီးက အလာကားပေါ့ဗျ၊ ဘယ်မှာပျော်ပါးမှုတွေနဲ့ လူတွေကို သွေးဆောင်နိုင်တယ်ဆိုတဲ့ ဂုဏ်ရှိတော့မှာလဲ ဒီလိုဆိုရင် ခင်ဗျားတို့မြို့ကြီးရဲ့ဂုဏ်ကို မထိခိုက်ပေဘူးလား ကိုအေးဆွေ ... ခင်ဗျား ... သေသေချာချာစဉ်းစားကြည့်စမ်း ..."
ချာတိတ်ငယ်က ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်၍ မေးခွန်းထုတ်နေပြန်ပါသည်။ သူ့စကားမှာလည်း ဟုတ်သလိုလိုပင်ရှိနေ၍ ကျွန်တော်ဘာမျှ ပြန်မပြောနိုင်မှီပင် သူကတဖန် ဆက်လက်ကာ ...
အဲဒီတော့ ကိုအေးဆွေ ကျွန်တော့်ရဲ့ သာယာတဲ့ နံနက်ခင်းကလေးကိုလည်း မဖျက်ချင်ပါနဲ့။ ခင်ဗျားနေတဲ့ ရန်ကုန်မြို့ကြီးရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေချင်ပါနဲ့ ... နို့ပြီး ခင်ဗျာ့ရှေ့တင်ဘဲ ကျွန်တော့် မေမေက ကျွန်တော့်ကို "လူကလေးရေ မြို့ကြီးပြကြီး ရောက်တုံးမှာ "မျက်စိဖွင့်" လို့ မှာသွားတာလဲ၊ ခင်ဗျားအကြားဘဲ။ ကဲ ... ဒီတော့ဆရာရေ၊ "ပျော်သလိုသာနေ ကိုယ့်လူရေ အကြိုက်တွေ့တော့ ၀မ်းသာလုံး ဆို့ ... ဆို့ ..." ဆိုတဲ့ သီချင်းလိုဘဲ နေပါရစေတော့ဗျာ။ အော် ... ဒါထက် ... " သူသည် မျက်နှာ အမူအရာနှင့် စကားကြောင်း ပြောင်းလိုက်ကာ၊ "ခင်ဗျားတပည့်ဟာ နာမည်ဘယ်သူ ... အေး ... ပေါ်အူး ... ပေါ်အူး ... ဒီလူ တယ်တော်တဲ့ လူဘဲဗျ ... မနက် စောစောက ကျွန်တော့်ကို လိမ္မောရည်လား၊ ဘာရည်လဲ မသိဘူး လာပေးတာ အဲဒါ သောက်လိုက်တာနဲ့ လူကိုတခါထဲ ခေါင်းရှင်းသွားတာဘဲဗျို့ သူပြောတယ် အဲ့ဒီ အဖျော်ရည်ဟာ အရက်မူးတဲ့ လူတွေအတွက် နောက်တမနက်မှာ ခေါင်းရှင်းသွားအောင် သူ တည်ထွင် ထားတာတဲ့ တော်တယ်ဗျ၊ ခင်ဗျားလူ ကျွန်တော်နဲ့တော့ အံကိုက်ဘဲ။ ကျွန်တော်ကလည်း နင်းကန်သောက် မှာနဲ့ သူ့မှာလဲ ဖြေဆေးရှိတာနဲ့ ... ကဲ ... ဒီနေ့တော့ စောစောစီးစီးကဘဲ လျှောက်ထွေ ရအောင် သွာအုံးမယ်ဗျာ ... ခင်ဗျားကော ကျွန်တော်နဲ့ လိုက်ခဲ့ပါအုံးတော့ ရန်ကုန်မြို့ကြီးရဲ့ စားကျက်တွေ နှံ့အောင် ပြစမ်းပါဗျ"
ကဲဗျာ မိတ်ဆွေ၊ သူ့စကားတွေ ခင်ဗျား ကြားတဲ့အတိုင်းပါဘဲ။ ဒီကောင်မျိုး ဆုံးမတားဆီးလို့ ရပါအုံးမလား... စဉ်းစားဘဲ ကြည့်ကြပါတော့။
ကျွန်တော့်မှာ ဤသတ္တ၀ါကလေးအား မည်သို့မျှ တားဆီး၍ မရနိုင်တော့သည်ကို သိရှိရသဖြင့် သူ့ကို တယောက်တည်း လွှတ်ထား၍လည်း မဖြစ်သောကြောင့် ထိုနေ့၌ ကျွန်တော် သူနှင့်အတူ လိုက်သွား ပါသည်။
သို့သော် ဤနေ့သည်၊ ကျွန်တော် သူနှင့် အတူသွားသော ဆဋ္ဌမနေ့နှင့် နောက်ဆုံးနေ့ ဖြစ်ပါသည်။
ကြည့်ပါဦးတော့ -ညပိုင်း၌ မိန်းခလေးတွေရှိသော ဟော်တယ်သို့ သွားချင်သည်ဆို၍ ကျွန်တော် ပို့ပါသည်။ အားရပါးရ နင်းကန်သောက်ပြီး ဆူသည်။ ဟော်တယ်က မိန်းခလေးတယောက်အား အင်္ဂလိပ်ဓာတ်ရှင် (သူတို့ မန္တလေး စကားအတိုင်း) ထဲက ဇာတ်လိုက် မင်းသမီးနဲ့ မင်းသားလိုဆိုပြီး ကျွန်တော်တို့ မြန်မာ လူမျိုးအဖို့ နားမျက်စေ့၌၊ ကြား၍ မြင်၍ မတင့်တယ်သော အနောက်နိုင်ငံ အောက်တန်းစား ရုပ်ရှင်ထဲက ဖိုမ ဆက်ဆံမှုမျိုး ပြောဆိုပြုမူသည်။ မည်မျှ ဆိုးဝါးတဲ့ ကောင်ပါသနည်း။
ထိုမျှမကသေးပါ။ သူကတော့ ဆူချင်သမျှ ဆူပြီး တဘက်ခန်းက ဆူသည်ကို နားညည်းတယ်ဟု ဆိုပြီး ဟိုဘက်သည်ဘက် ကာထားသော ခန်းဆီးမှန်ကို လက်သီးနှင့် ထိုးခွဲသည်။ ၄င်းနောက် စားပွဲပေါ်က ပန်းကန်တွေ ပုလင်းတွေကို ခြေနှင့်ကန်ချပြီး စားပွဲပေါ်တက်၍ "တက်ပ်ဒန်းစ်" ကသည်။
နောက်ဆုံး အတိုချုံး၍ပြောရလျှင် ကျွန်တော့်မှာ အခြားဘက်အခန်းက လူတွေကို တောင်းပန် ဟော်တယ်ရှင် ကိုလည်း စားတာ သောက်တာအပြင် ကွဲရှသည့်အတွက် အလျော်များပေး၍ သူ့ကို မေ့အောင် လုပ်ပြီး ထမ်း၍ ဆင်းခဲ့ရပါတော့သည်။
ထိုအကြိမ်မှစ၍ ကျွန်တော် နောက်ထပ်သူနှင့်အတူ မလိုက်တော့ပါ။
သူမူကား ကျွန်တော့်ကို သူရဲဘောနည်းသူတယောက်ဟုဆိုပြီး နှုတ်ဆက်စကားပြောမှ မလုပ်တော့ဘဲ ကျွန်တော့်အိမ်ကို သူပြန်ချင်တဲ့အချိန် ပြန်လာသည်။ သွားချင်တဲ့အချိန်၌ သွားသည်။ နောက် ၃-၄ရက်လောက် ကြာသောအခါတွင်မူ သူတယောက်တည်း မဟုတ်တော့ဘဲ သူ့အဖော်တွေပါ ကျွန်တော့် အိမ်သို့ ခေါ်လာပြီး ညဥ့်နက်သန်းခေါင် ဆူဆူပူပူလုပ်သည်။ ကျွန်တော်က တားဆီးတောင်းပန်လျှင် ကျွန်တော့် ကို သူ့အဖော်တွေကပါ မူးမူးရူးရူးနှင့်ဝိုင်းပြီး အရူးလုပ်သည်။ မည်မျှလောက် ခက်ပေသနည်း ခင်မြမြမောင်းမောင်း ကိစ္စနှင့်စိတ်ကောက်နေသော ပေါ်အူးကလည်း ကျွန်တော့်ကို အကူအညီ မပေးတော့ပါ။ သူ့ဘာသာ သူ လုပ်စရာရှိသည်ကို ၀တ္တရားအတိုင်း လုပ်ကိုင်၍ နေပါသည်။
ကျွန်တော့် ကိုယ်မှာ သီတင်းတပတ်အတွင်း၌ ဆယ်နှစ်လောက် အသက်ကြီးသွားသည်ဟု ထင်ရပါ၏။
တနေ့သော နံနက်ခင်း၌။
"ပေါ်အူးရေ ..."
"ဆရာ ..."
"ငါတော့ ... ဟိုကောင်လေးကြောင့်ခက်ပြီကွ"
ပေါ်အူးသည် မထုံတေတေးနှင့် မြုံစေ့စေ့လုပ်၍ နေပါသည်။ ကျွန်တော်က များစွာပင် ညှိုးငယ်သော မျက်နှာနှင့်
"မင်းကြည့်ကွ .. ဒီကောင်လေးပြောလို့ ဆိုလို့လဲမရဘူး အိမ်က နှင်ထုတ်ပစ်ရပြန်လည်း... သူ့အမေ မျက်နှာထက် ဒေါ်ကြီးစိုးကို ငါကြောက်ရတယ်... ဒေါ်ကြီးစိုးကိုယ်တိုင်က ငါ့အိမ်မှာတည်းပါ ခိုပါလို့ လွှတ်လိုက် တာကွ...ဒီအတိုင်း အိမ်မှာထားပြီး ပြောမရ ဆိုမရနဲ့ ကြည့်နေရပြန်ရင်လည်း တနေ့နေ့ တခုခု ဖြစ်လာတော့ ငါ့အိမ်မှာ အပ်ထားရက်နဲ့ ဒီလိုဖြစ်ရမလားဆိုပြီး ငါ့အပေါ်မှာ တာဝန်ကျအုံးမယ်ကွာ ဟင် ...မဟုတ်ဘူးလားပေါ်အူးရဲ့..."
ကျွန်တော်က သူ့မျက်နှာကို အားမလိုအားမရ ကြည့်ပြီး မေးလိုက်မှ၊ သူက မထုံတေတေးနှင့်ပင်...
"ဟုတ်ပါတယ် ဆရာရယ်"
"ကဲ ... ဒီတော့ ငါဘယ့်နှယ်လုပ်ရမလဲကွာ ..."
မသိဘူးဆရာ..."
ကျွန်တော့်မှာ သူ့ဆီက အကူအညီရမလား အားကိုးတကြီးမေးသည်ကို၊ သူဤကဲ့သို့ ပြန်ပြောလိုက်သဖြင့်၊ ရင်ထဲ၌ ဟာကနဲဖြစ်သွားပါသည်။
"ဟေ့၊ မင့်ခေါင်းထဲမှာ အကြံဥာဏ်ကလေးများ မရှိတော့ဘူးလားကွာ ..."
"မရှိဘူးဆရာ ..."
ပေါ်အူး ခေါင်းထဲ၌ အကြံဥာဏ်မရှိဘူးဆိုသည်မှာ သူလိမ်၍ပြောခြင်းသာဖြစ်ပါသည်။ သူခေါင်းထဲ၌ အကြံဥာဏ်တွေပြွတ်သိပ်နေအောင် ရှိသည်ကို ကျွန်တော် သိခဲ့ပြီးဖြစ်ပါသည်။ ယခုသူနှင့် ကျွန်တော် စကားပြောနေသည်မှာ ကျွန်တော်၏ အိပ်ခန်းထဲတွင် ဖြစ်၍ ကျွန်တော့်ခေါင်းရင်း`၇ှိ သူတမင် အရွံ့တိုက်ပြီး ပြောင်လက်နေအောင် ဆီသုတ်ထားသော ခင်မြမြမောင်းမောင်း၏ ဓါတ်ပုံတွင် သူမျက်စောင်းခဲနေသည်ကို ထောက်ရှုခြင်းအားဖြင့်၊ သူ့စကားကို ကျွန်တေ် လိုကနာပါက မောင်မောင်ရွှေနှင့် ကျွန်တော့်ကိစ္စမှာ တမိနစ်အတွင်း ငြိမ်းချမ်းသွားမည်ဟူသော အဓိပ္ပါယ်သည် သူ၏ခန့်ငြားသော မျက်နှာ၌ ပေါ်လွင်၍နေပါ၏။
သို့သော် ကျွန်တော်က ဆရာ သူကတပည့်..."မင့်စကားငါ နားထောင်ပါတော့မယ်ကွာ" ဟု အောက်ကျခံပြီး မပြောလိုပါသဖြင့်၊ ဟေ...ဖြစ်ချင်သလိုဖြစ်ကြပေါ့ကွာ"ဟူသော သဘောနှင့်သူ့ကို နောက်ထပ်ဘာမျှ ဆက်၍မပြောဘဲ နေလိုက်တော့သည်။
ကျွန်တော် စိတ်သက်သာမှုဖြစ်စေရန် ခင်မြမြမောင်းမောင်းထံမှ "ဒိတ်" တောင်း၍ လည်ပတ်ခြင်း။ ရုပ်ရှင်ကားများကို တကားပြီး တကားကြည့်ခြင်းဖြင့် မောင်မောင်ရွှေ၏ ညှင်းဆဲမှုကို ကြန့်ကြန့်ခံခဲ့ပါသည်။
သို့သော် မောင်မောင်ရွှေရောက်၍ ဆယ်ရက်မြောက်သော နေ့တွင်မူကား၊ ကျွန်တော်သည် ရုပ်ရှင် ညပွဲကြည့်၍ ၁၀-နာရီလောက်၌ အိမ်သို့ပြန်လာခဲ့ရာ၊ အိမ်ရှေ့ခန်းမှာ မှောင်နေသဖြင့် ဓါတ်မီးခလုပ်ဆီသို့ စမ်း၍သွားနေစဉ်၊ ကျွန်တော့် ခြေထောက်သည် အရာဝတ္ထုတခုကို တိုက်မိပြီး၊ ၀ုန်းကနဲ မြည်ဟိန်းသံကြီးနှင့်အတူ ကျွန်တော့်လုံချည်ကို တစုံတခုက ဒလကြမ်း ချိတ်ဆွဲလိုက်သည်တွင် ကျွန်တော့်မှာ ငယ်သံပါအောင် ကုန်း၍ အော်လိုက်ရင်း နောက်သို့ တအားခုန်၍ ဆုတ်လိုက်ရပါသည်။
ပေါ်အူးသည် ကျွန်တော့် အသံကြောင့် သူ့အိပ်ခန်းထဲမှ ထွက်လာကာ ...
"ဆရာ ... ကျွန်တော့်ကို ခေါ်သလားဆရာ ..."
"ခေါ်ရုံတင်မကဘူးကွ ဟေ့ လာစမ်း ... လာစမ်း ဒီအခန်းထဲမှာ ဘာကောင်ကြီးလဲကွ ..."
ကျွန်တော့်မှာ အသံတုန် လူတုန်ပင်ဖြစ်နေသော်လည်း ပေါ်အူးမှာ မထူးခြားသော အသံဖြင့် ...
"အော်ဂလီပါ ဆရာရဲ့"
ဟေ့ ဘာလဲကွ အော်ဂလီဆိုတာက
"ခွေးပါ ဆရာ"
"ဟေ ...ဘယ်ကခွေးလဲကွ"
"ကိုမောင်မောင်ရွှေရဲ့ ခွေးပါဆရာ"
ဟာ ... ဒီကောင်နှယ်ဘယ်က ခွေးများယူလာပါလိမ့်၊ မီးဖွင့်စမ်းပါအုံးကွာ ..."
ပေါ်အူး မီးဖွင့်လိုက်သည်တွင် တိုင်၌ချည်ထားသော ဘူးလ်တယ်ရီယာ ခွေးကြီးတစ်ကောင်သည် ကျွန်တော့်အား ကာလကြာမြင့်စွာက မှတ်သားထားသော ရန်သူကြီးသဖွယ် မျက်တောင်မခတ်ဘဲ မာန်ဖီ၍ ကြည့်နေပါသည်။ ပေါ်အူးမူကား ကြောက်ရွံ့ခြင်း မရှိဘဲ သူပိုင်ခွေးကဲ့သို့ ယုယစွာကိုင်တွယ်လျက်
"ကိုမောင်မောင်ရွှေရယ် ... မန္တလေးယူသွားဘို့ ၀ယ်ခဲ့တာတဲ့ အင်မတန်၊ အိမ်စောင့်ကောင်းတဲ့ ခွေးကြီး ဆရာရဲ့" ဟုဆို၍ ပွတ်သပ်ပေးနေပါသည်။
ခွေးကြီးမှာ ပေါ်အူးကိုမူ၊ သူ့သခင်ကဲ့သို့ သဘောထား၍ ကျွန်တော့်ကိုကား၊ ရန်သူသဖွယ် မျက်စောင်းခဲ နေပါသဖြင့်...
"ဟေ့. မင်းခွေးကောင်းတာက ငါ့အိမ်ထဲနေပြီး ငါတို့ကို မာန်ဖီနေတော့ မခက်ဘူးလားကွ"
"ဟာ...ဆရာ ဒါခဏပါ၊ နောက်ဆရာနဲ့ သူ ရင်းနှီးသွားတော့ ဟန်ကျသွားမှာပေါ့ဆရာ"
"ဟေ့ .... သူနဲ့ငါ ရင်းနှီးသွားအောင် ငါက ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲကွ"
"ဒါတော့ ကျွန်တော် ဘယ်ပြောနိုင်မလဲဆရာ ... အော်ဂလီရဲ့ သဘောပေါ့..."
"အောင်မာ ... မင်းခွေးသဘောဘဲ ငါက နာခံရမလိုဖြစ်နေပြီ၊ ငါ့အိမ်မှာ ဘယ်ထားနိုင်မလဲကွ၊ အခု ဘယ်မလဲ သူ့သခင်မောင်မောင်ရွှေရယ် ရှိရဲ့လား"
"မရှိဘူးဆရာ၊ ညနေက သူ့ခွေးသူဆရာ အိပ်ယာဝင်ခါနီး သောက်ဖို့ ကျွန်တော် လုပ်ထားတဲ့ ဆိတ်ရိုး ဆွတ်ပြုတ် ကို ထမင်းနဲ့ ဖျော်ကျွေးပြီး မြို့ထဲထွက်သွားတယ်ဆရာ"
ကျွန်တော့်စိတ်ထဲ ထောင့်ကနဲ ဖြစ်သွားကာ ...
ဟေ...သူက ငါသောက်ဖို့ ဆွတ်ပြုတ်ကို သူ့ခွေးကို ကျွေးတယ်..."
"ဟုတ်တယ် ဆရာ..."
"မင်းက ဘာမှမပြောဘူးလား..."
"ကျွန်တော်က ပြောတော့ ဆရာကအိမ်ရှင်၊ သူကဧည့်သည်ကိစ္စမရှိပါဘူးလို့ ပြန်ပြောတယ်ဆရာ"
"ဟေ... လူကိုသာ သူ့အမေနဲ့ ဒေါ်ကြီးစိုးမျက်နှာကြောင့် မလွှဲသာလို့သာသည်းခံရမယ်၊ ခွေးတော့ လက်မခံနိုင်ဘူးကွာ... သူပြန်လာရင်ပြောလိုက်"
"ဒါကို ကျွန်တော် ပြောကြည့်ပြီးပြီဆရာ၊ သူက သူ့ခွေးကို သူ့ထက်ပိုပြီးသည်းမခံနိုင်ရင် ဆရာဟာ အလကားလူဘဲလို့ ပြန်ပြောတယ်ဆရာ၊ သူမန္တလေးမပြန်ခင်လေး သည်းခံလိုက်ပါဆရာ..."
ပေါ်အူးက ကျွန်တော့်ကို နားချ၍ နေပါသေးသည်။ သို့သော် ကျွန်တော့်ရင်ထဲ၌ ဗလောင်ဆူနေသဖြင့် ...
"ငါသည်းမခံနိုင်ဘူးကွာ"
"ဆရာသည်းမခံနိုင်ရင် ဘယ်လိုလုပ်မလဲ"
"ငါအိမ်က ထွက်သွားမယ်ကွာ"
"ဆရာ ဘယ်ကိုသွားမလဲ"
မှော်ဘီလှပဒါးရွာက ငါ့မိတ်ဆွေ ကိုတင်အေးတို့အိမ် သွားနေမယ်ကွာ"
ကျွန်တော်ကော လိုက်ရအုံးမလား ဆရာ"
မလိုက်နဲ့ကွာ... မင်းသူ့အရိပ်အခြေသာကြည့်နေ သူ့အမေရောက်လာပြီး ပြန်ခေါ်သွားမှ ငါ့ဆီ အကြောင်းကြားလိုက်
"ကောင်းပါပြီဆရာ"
"ကဲ...ဒါဖြင့် ငါ့အ၀တ်အစားတွေ ခုညပြင်ထားလိုက်၊ မနက်ဖြန် မနက်စောစောသွားမယ်"
"ဟုတ်ကဲ့ဆရာ"
ကျွန်တော်သည် ဧည့်သည်တော် မောင်မောင်ရွှေ၏ ဒဏ်ကို မခံနိုင်တော့သဖြင့် မှော်ဘီမြို့ လှပဒါးရွာသို့ ရောက်ခဲ့ရပါပြီ။ ကျွန်တော့်မိတ်ဆွေ ကိုတင်အေးကလည်း ၀မ်းသာအားရနှင့် ဧည့ခံပြုစုကာ သူ့အိမ်၌ရှိသော ဘဲတအုပ်သာမ၊ ဦးလေးကိုထွန်းရင်အိမ်က ကြက်မြီးကောင်ပေါက်တွေပါ ကုန်သည်တိုင်အောင် စိတ်တိုင်းကျ စားသောက်နေထိုင်ရန် ပြောပါသည်။
သို့သော် ကျွန်တော့်စိတ်ထဲ၌ ကောင်းစွာမပျော်နိုင်။ မောင်မောင်ရွှေအတွက်ကိုသာ သောကရောက်နေလျက်၊ သူ့အမေပြန်လာ၍ သူ့သားကို ခေါ်သွားပြီဟူသော ပေါ်အူးစာကိုသာ မျှော်လင့်နေမိပါတော့သည်။
ပေါ်အူးစာကား၊ ခုနစ်ရက်ကြာသည့်တိုင်အောင် ရောက်မလာ ရန်ကုန်မြို့ကြီးပေါ်တွင် စိတ်ထင်သလို သုံးဖြုန်းလည်ပတ်နေခဲ့သော ကျွန်တော့်မှာ၊ နဘေးလယ်ကွင်း ရှုမျှော်ခင်းသာရှိသော ဤရွာကလေး၌ သီတင်းတပတ်ထက် ပို၍မနေနိုင်။ ထို့ကြောင့် ပေါ်အူးစာကို မစောင့်နိုင်တော့ဘဲ ခုနစ်ရက်အတွင်း ဘယ်လိုများဖြစ်နေကြပြီလဲဟု ရင်ထဲတထိတ်ထိတ်နှင့် ရန်ကုန်သို့ ပြန်ခဲ့ရပါတော့သည်။
"ဟေ့...ပေါ်အူး"
ကျွန်တော် အိမ်သို့ ရောက်သောအချိန်မှာ နေ၀င်ဖြိုးဖြဖြစ်၍ ဟိုညက ကျွန်တော့်ကိုနှံ့လိုက်သော အော်ဂလီကို သတိရသဖြင့် ကိုယ့်အိမ်ထဲပင် ကိုယ်ရဲတင်းစွာ မ၀င်ဝံ့သေးဘဲ ပေါ်အူးကို လှမ်းခေါ် လိုက်ရပါသည်။ ပေါ်အူးသည် အိမ်ထဲမှ ထွက်လာကာ ..
"ဟာ ဆရာပြန်လာပြီ"
"အေးကွ.. ဟိုကောင့်ခွေးကြီးကော"
"မရှိတော့ဘူးဆရာ..သေသွားပြီ"
"ဟေ..ဘာဖြစ်လို့လဲ"
"သူ့ခွေးသူ ... သတ်ပစ်တယ်ဆရာ"
"ဟင်... ဘာပြုလို့တဲ့လဲ"
"သူ ညအချိန်မတော် ပြန်လာတဲ့အခါမှာ သူ့ကိုဟောင်လို့တဲ့ဆရာ"
"ဟာ...တယ်မိုက်တဲ့ ကောင်လေးဘဲ။ နို့ သူကော အခုဘယ်မှာလဲ"
"ထောင်ထဲမှာဆရာ"
ကျွန်တော်မျက်လုံးပြူးသွားကာ...
"ဟေ..ထောင်ထဲမှာ..."
"ဟုတ်တယ်ဆရာ"
"ဘာမှုနဲ့လဲ၊ သူ့ခွေးသူသတ်တဲ့အမှုနဲ့လား"
"မဟုတ်ဘူးဆရာ"
"ပုဒ်မငါးနဲ့လား"
"မဟုတ်ဘူးဆရာ၊ ရဲကုလားတယောက်မဏိကို ကွမ်းကျွေးလိုက်လို့ဆရာ"
"ဟေ...ဘာလဲကွ၊ ရဲကုလားဆိုတာက"
"ကုလားပုလိပ်ကိုပြောတာပါဆရာ"
"ဘာလဲ သူကကုလားပုလိပ်ကို..."
"နောက်ကနေ ဒုတ်နဲ့ဘေလိုက်ပါတယ်ဆရာ"
"ဟင်..လာဖြစ်လို့တဲ့လဲ"
"မသိတော့လားဆရာ .. မူးမူးရူးရူးနဲ့ ရမ်းတာဖြစ်မှာပေါ့ ဆရာ"
ကျွန်တော်သည် ဆိုဖာပေါ်သို့ကိုယ်ကို ပစ်ထိုင်လိုက်ကာ...
"အဲ ..သူ့မေမေ မသိနိုင်ပါဘူးဆရာ။ သူကျတာက ခုနစ်ရက်ထဲဘဲ။ သူ့မေမေပြန်မလာခင် လွတ်လာ ပါလိမ့်မယ်ဆရာ။ အခုဘဲ လေးရက်ရှိသွားပါပြီ"
"အေး...တကယ်လို့ သူမလွတ်ခင် သူ့မေမေရောက်လာရင် ကော"
"အဲဒီလိုဆိုတော့လဲ နဲနဲပါးပါး စိတ်ကူးဥာဏ်ထုတ်ပြီး တမျိုးတဖုံလှည့်ပြောရတာပေါ့ဆရာရယ်"
ကျွန်တော့်မှာ ခေါင်းပူသလောက် ပေါ်အူးတွင် စိတ်အေးလက်အေးရှိလှသည်။
"ဘယ်လိုလှည့်ပြောရမှာလဲကွ"
"ကိုမောင်မောင်ရွှေရယ် ... ဒေသန္တရ ဗဟုသုတအတွက် တွံ့တေးကို ခဏသွားလည်နေတယ်လို့ ပြောပေါ့ ဆရာရယ်"
"ဟေ... ရန်ကုန်အနီးပတ်လည် မြို့တွေအများကြီးရှိရက်သားနဲ့ လာဖြစ်လို့ တွံ့တေးကိုမှ မင်းရွေး ပြောလိုက်တာလဲ"
ကျွန်တော့်တပည့် ပေါ်အူးမှာ ဘာပြောပြော ဘာလုပ်လုပ် အင်မတန် ပိပိရိရိရှိအောင် စိတ်ကူးဥာဏ် ထုတ်တတ်သူဖြစ်ပါ၍ ကျွန်တော်က သူ့အကြောင်းပြချက်ကိုသိရန် မေးလိုက်ပါသည်။
ပေါ်အူးသည် ကိုယ်ကိုမတ်မတ်ရပ်ကာ ...
"တွံ့တေးကို ရွေးချယ်တဲ့ကိစ္စမှာ အကြောင်း ၂ ချက်ရှိပါတယ်ဆရာ"
"အင်း ...ဆိုစမ်း"
"ပထမအချက်က တွံ့တေးမြို့မှာ စဥ့်အိုးလုပ်တယ်၊ ဆားချက်တယ်၊ ငါးပိထွက်တယ်ဆိုတော့ သူတို့ မန္တလေးမြို့မှာ ဒီလိုလုပ်ငန်းတွေ မမြင်ဘူးတဲ့အတွက် တမင်သက်သက်ကြည့်ရအောင်သွားတယ်လို့ ပြောနိုင်ပါတယ် ဆရာ"
"အေး...ဟုတ်ပြီ၊ ဒုတိယအချက်ကကော"
"ဒုတိယအချက်ကတော့ သူ့အမေကြီးဟာ သူ့သား ဘယ်သွားသလဲဆိုတာကို ကျွန်တော့်လည်းမေးမယ်၊ ဆရာ့ကိုလည်းမေးမယ်၊ ဒီတော့ ဆရာက မေ့တတ်တဲ့အတွက် ကျွန်တော်က တွံ့တေးလို့ ပြောထားပြီး ဆရာက ဒိပြင်မြို့နာမည်တွေလျှောက်ပြောနေမှာစိုးလို့ဆရာ၊ တွံ့တေးဆိုတော့ စနေနံ တ,၀မ်းပူ နှစ်လုံးထပ်နဲ့ မြန်မာပြည်မှာ သူတမြို့ဘဲရှိတယ်။ နို့ပြီး သူလို တ,0မ်းပူချည်းပါတဲ့ "တောက်တဲ့"တို့၊ "တစ်တီတူး"တို့နဲ့လဲတွဲပြီး မှတ်ထားနိုင်တယ်ဆရာ။ ဒါကြောင့် ကျွန်တော် တွံ့တေးကိုရွေးလိုက်တာပါ"
ကျွန်တော်သည် ပေါ်အူး၏လက်ကို ဇတ်ကနဲ လှမ်းဆွဲလိုက်ကာ ...
"တော်တယ်ကွာ ပေါ်အူး၊ မင်းတယ်တော်တဲ့ကောင်" စိတ်ပါလက်ပါ ချီးမွမ်းလိုက်ရပါသည်။
"ဒါတောင်ဘဲဆရာ... တွံ့တေးဆိုတာနဲ့ ဆရာ့စိတ်ထဲမှာစွဲနေတဲ့ တာဂွတွေ၊ ကံဘဲ့ရွာတွေ လျှောက်ပြော နေမှာ စိုးရသေးတယ်ဆရာ"
"အေး...ငါသတိထားပါ့မယ်ကွာ"
ပေါ်အူးမှာ အင်မတန်အကြံဥာဏ်ကောင်းသူ ဖြစ်ပါသည်။ ယခုကြည့်ပါဦးတော့၊ သူ့ဆရာ မေ့တတ်သည်ကိုပင် ထည့်၍စဉ်းစားပြီး ကြိုတင်စီမံတတ်ပါသည်။ ကျွန်တော့်မှာ အတော်ပင် စိတ်သက်သာ ရာ ရ၍သွားပါ၏။
မောင်မောင်ရွှေအတွက်ကို ကြည့်လိုက်ပြန်လျှင်လည်း သူထောင်သို့ ရောက်သွားခြင်းမှာ လူနာ တယောက်အား ဆေးရုံပို့လိုက်သကဲ့သို့ပင် သင့်လျော်လှပါသည်။ အကယ်၍သာ သူ့အမေပြန်မလာမီ သူရန်ကုန် တွင် ထောင့်အပြင်ဘက်၌ နေရပါက ကျွန်တော့်အဖို့ရော၊ သူ့အတွက်ပါ မည်မျှလောက် ဆိုးဝါးချေမည်နည်း။ လူသတ်မှုကြီးပင် ဖြစ်မည်လော။ သူပင် အသတ်ခံရမည်လော။ ဟော်တယ် လှေကားပေါ်က လိမ့်ကျ၍ပင် ခြေကျိုးလက်ကျိုး ဖြစ်နေမည်လော။ မည်သူပြောနိုင်ပါသနည်း၊ ယခုမူ၊ မူး၍ ပလိပ်ရိုက်မှုကလေးနှင့် ထောင်ခုနစ်ရက်မျှသာ ကျသွားသည်။ တော်ပါသေး၏။ အတော့်ကို တော်ပါ သေး၏။
သူ ထောင်ကမလွတ်မီ သူ့အမေပြန်လာလျှင် ပေါ်အူးစီမံထားသဲ့သို့ပင် ပြောရမည်။ သူထောင်ကလွတ်ပြီးမှ ပြန်လာရင်ကား ကိစ္စမရှိ၊ "ငါလည်း မကောင်းမဖြစ်ရအောင် မင့်မေမေလည်း စိတ်မချမ်းမသာမဖြစ်ရအောင် မင်းဘာမျှမပြောနဲပ၊ ဘာမျှမဖြစ်သလိုနေ"ဟု တိုင်ပင်ထားပါက ကောင်ကလေးမှာလည်း ထောင်ကျဘူး ပြီးဖြစ်၍ နောင်တ,တရားရနေချေမည် ဖြစ်သောကြောင့် ဘာမျှစိုးရိမ်စရာရှိတော့မည် မဟုတ်ပါ။
သို့သော် ကျွန်တော့်အတွက် မဟုတ်တာ မကောင်းတာတွေဖြစ်ဖို့ရန် ကြိုတင်စီမံထားကြလေသလားမှ မသိ၊ မောင်မောင်ရွှေထောင်ကျ၍ ခုနစ်ရက်မြောက်သောနေ့ လွတ်လုတည်းကာနီးကလေးမှ နံနက်စောစောကြီး သူ့အမေ ဒေါ်လှလှကြီးရောက်လာပါတော့သည်။
ကျွန်တော့်မှာ မျက်နှာသစ်ပြီး အ၀တ်လဲနေစဉ် ဖြစ်၍ ပေါ်အူးက ဒေါ်လှလှကြီးရောက်နေကြောင်း လာပြောလေသည်တွင် ရင်ထဲ၌ ဒိတ်ကနဲ ဖြစ်သွားပါသည်။ သို့သော် ပေါ်အူးသွန်သင်ထားသည့်အတိုင်း ပြောမှဘဲဟု စိတ်၌ခဲကာ အပြင်သို့ ဣနြေ္ဒရရ ထွက်ခဲ့ပါသည်။
"ဂွတ်မောနင်း ဒေါ်ဒေါ်၊ ဒေါ်ဒေါ် မနက်အစောကြီး ရောက်လာပါလား"
"ဟုတ်တယ် အစောကြီးရောက်လာတာဘဲ"
ဒေါ်လှလှကြီးမှာ သူ ယခင်ကထိုင်သွားသော ကုလားထိုင်ကြီးပေါ်မှာပင် ကြပ်ကြပ်တည်းတည်းကြီး ထိုင်လျက်ရှိသော်လည်း မျက်နှာထားမှာမူ ဟိုတုန်းကကဲ့သို့ ရှိသမျှသွားတွေအကုန်ဖော်မထားရုံမက တချောင်းမျှ မမြင်ရအောင်ပင် နှုတ်ခမ်းချင်းတင်းတင်းကြီးစေ့ ထားကာ ကျွန်တော့်စကားကို တိုတောင်း ပြန်ပြောလိုက်ပါသည်။
သို့သော် ကျွန်တော်က ဟန်ကိုယ့်ဘို့ မာန်သူ့ဘို့ ဆိုသည့်အတိုင်း ဣနြေ္ဒမပျက်စေဘဲ...
"ပေါ်အူးရေ ဒေါ်ဒေါ်တို့ ကော်ဖီယူခဲ့ပါကွယ်"
"တော်ပြီ ...ကျေးဇူးတင်ပါတယ်"
"တော်ပြီ" ဆိုသော စကားမှာ တစုံတရာကိုစားပြီး သောက်ပြီး၍ ၀,ုမှ (သို့မဟုတ်) ကျေနပ်မှ သုံးရမည့် စကားပင်ဖြစ်သော်လည်း သူတို့ရွှေမန်းသားများမှာ တစုံတဦးက လောကွတ်ပြုလိုက်ပါက အလိုမရှိလျှင် သို့မဟုတ် အားနာလျှင် သုံးနေကျစကားဦးဖြစ်သည့်အတိုင်း ကျွန်တော် ဧည့်ဝတ်ကို လက်မခံလိုကြောင်း တိုတောင်းစွာ ပြန်ပြောလိုက်ပါသည်။
ကျွန်တော်က လက်မလျှော့သေးဘဲ...
"အော် ...ဒေါ်ဒေါ်က ကော်ဖီမသောက်လို့လား။ ဒါဖြင့် ပေါ်အူးရေ လဘက်ရည်ဖျော်ခဲ့ပါကွယ်"
"အို...တော်ပြီ...တော်ပြီ...ဘာမှမသောကချင် မစားချင်ပါဘူး..."
ဤစကားကိုပြောရာ၌ ဒေါ်လှလှကြီး၏ မျက်နှာထားမှာ နိုင်ငံခြားဖြစ် ကော်ဖီ လဘက်ရည်တွေ အသုံးပြုခြင်းမှ တားမြစ်ရန် ဖွဲ့စည်းထားသော အသင်းကြီး၏ ဥက္ကဌကြီးနှင့် တူလှပါသည်။
ကျွန်တော်သည် သူ့အား အစားအသောက်နှင့် ပျူငှာ၍ မရေတော့ပြီကို သိသည်နှင့် စကားကြောင်း ပြောင်းလိုက်ကာ...
"အော်..ဒေါ်ဒေါ်...သာယာဝတီ ထောင်နဲ့ ပေါင်းတည်ထောင်ကို အတော် နှံ့နှံ့စပ်စပ် ကြည့်ခဲ့ပြီးပြီပေါ့"
ဒေါ်လှလှကြီးသည် တင်းမာသောမျက်နှာထားနှင့်ပင် ...
"ဟုတ်တယ် ...ကြည့်ခဲ့ပြီးပြီ..."
"ဒါဖြင့် ပေါင်းတည်ထောင်မှာ ယောက်ျားထောင်နဲ့ မိန်းမထောင် တဖက်နဲ့တဖက် ထောင်သားအချင်းချင်း ဆက်သွယ် မရဘူးဆိုတာနဲ့ သာယာဝတီထောင်မှာ ပုဒ်မ ငါးနဲ့ဖမ်းတဲ့လူတွေကို နှိပ်စက်တယ်ဆိုတာဟာ မဟုတ်မမှန် ကြောင်း သိခဲ့ပြီမှုတ်လား"
ကျွန်တော့်မှာ သူ့ကိစ္စနှင့်ပတ်သက်၍ သဘောကျလေမလားဟု ပေါက်တယ်ကရ လျှောက်ဖျန်း နေပါသော်လည်း ဒေါ်လှလှကြီးသည် ကျွန်တော့်စကားကြောင်းကို ဂရုမစိုက်ဘဲ နောက်ဆုံး၌ မအောင့်အီး နိုင်သော အသံကြီးဖြင့် ...
"မောင်အေးဆွေ လူကလေးမောင်မောင်ရွှေကို ဂရုမစိုက်ဘဲ ပစ်ထားတယ်ထင်တယ်"
ကျွန်တော့်မှာ ရုတ်တရက် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်၍ သွားပါသည်။ သို့သော် ပေါ်အူး အားကိုးနှင့် မျက်နှာမပျက်စေဘဲ...
"အာ...ဒေါ်ဒေါ် ဘယ့်နှယ်ပြောပါလိမ့် ဂရုစိုက်ပါတယ်ဗျာ၊ ဘယ်မှာ ပစ်ထားလိမ့်မလဲ ဒေါ်ဒေါ် ပေါ်အူး မေးကြည့်ပါတော့"
ကျွန်တော့်မှာ ဂျောင်ပေါက်တေ့နေပြီဖြစ်၍ ပေါ်အူးကအချိန်မှီလာကယ်ရန် သူ့နာမည်ကို စကားထဲ ထည့်ပြောလိုက်ရပါသည်။ ပေါ်အူးမှာလည်း နောက်ဖေးခန်း၌အလုပ်လုပ်ရင်း ကျွန်တော်တို့ စကားသံကို နားထောင် နေဟန်တူပါသည်။
ဒေါ်လှလှကြီးသည် ကျွန်တော့် မျက်နှာကို စိမ်းစိမ်းကြည့်ကာ ...
"အင်း ... ဒါဖြင့် မောင်မောင်ရွှေဟာ မောင်အေးဆွေရဲ့ မျက်စိအောက်မှာ မပြတ်နေခဲ့တာပေါ့"
"ဟုတ်ပါတယ်ဒေါ်ဒေါ် ကျွန်တော်တို့နှစ်ယောက် စားလဲအတူတူ သွားလဲအတူတူ မနက်စောစော အိပ်ရာက ထကြပြီဆိုရင် ကော်ဖီသာသောက်ပြီးအ၀တ်အစားလဲ ညီအစ်ကို နှစ်ယောက်မြို့ထဲထွက် လည်ကြတာဘဲ နောက်ပြီး မနက်စာစား မှီပြန်လာ၊ စားသောက်ပြီးကြရင် သူက စားဝါသနာအိုးကလေးဘဲ တခါထဲ စာအုပ်ဆွဲကိုင်တာဘဲ ကျွန်တော်ကတော့ တရေးတမော အိပ်တယ်။ တခါတလေဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်ရုပ်`၇ှင်တွေ ဘာတွ နေ့ခင်းပွဲသွားကြည့်ကြတယ်၊ ညဆိုလည်း ၈ နာရီမှန်မှန် အိပ်ရာဝင်ကြတာဘဲ သူကလည်း ပျော်လို့ ကျွန်တောက်ကလည်း ညီလေးတယောက် အဖော်ရတာနဲ့ ၀မ်းသာ အားရ ဖြစ်နေတာဘဲ အဲဒီလို ဖြစ်နေတုန်းမှ အခုသူက တွံ့တေးကို အလယ်ထွက်သွားတာနဲ့ ကျွန်တော် တယောက်ထဲ လွမ်းကျန်ခဲ့တာ"
ဒေါ်လှလှကြီးသည် အံ့သြသော မျက်စိကြည့်ပုံမျိုးကြီးနှင့် ကျွန်တော့်စကားကိုဖြတ်ကာ
"ဟင် အခု တွံ့တေးကို သွားနေတယ်လား"
"ဟုတ်ပါတယ် ကျွန်တော်က အရေးကြီးတဲ့ ကိစ္စတခုနဲ့ ရုတ်တရက် မှော်ဘီလှပဒါး`၇ွာကို ခဏသွားရတုန်း မောင်မောင်ရွှေက ကျွန်တော်မရှိရင် ပျင်းတယ်ဆိုပြီး တွံ့တေးကို ဒေသန္တရဗဟုသုတအတွက် ထွက်သွားပါတယ် ဒါလဲ လူ့အဖို့ ကောင်းပါတယ်လေ တွံ့တေးမှာဆိုတော့ မန္တလေးမှာမမြင်ဘူးတဲ့ စဥ့်အိုးလုပ်တာတို့ ဆားချက်တာတို့ ငါးပိလုပ်တာတို့ကို မြင်ရမယ်ပေါ့ ဒေါ်ဒေါ့်သားက စာရေးဆရာမ သားပီပီ အင်မတန် ဗဟုသုတစုဆောင်းချင်တဲ့ သူငယ်လေးဘဲ သူကြီးရင်လည်း ဒေါ်ဒေါ့်လို စာရေးဆရာ တယောက် ဖြစ်မှာဘဲ ထင်ပါတယ်"
ကျွန်တော့်မှာ ပေါ်အူးသင်ထားသည့်အတိုင်း အဖွားကြီးကို လျှောက်လှိမ့်နေစဉ် မိန်းမကြီးသည် မကျေမနပ်ဖြစ်နေသော မျက်နှာကြီးနှင့် ...
"မောင်မောင်ရွှေ တွံ့တေးကို သွားတာ အသေအချာဘဲနော် ..."
ဟုတ်ပါတယ်ဒေါ်ဒေါ် ကျွန်တော် ဘာလုပ်လိမ်ပြောနေမှာလဲ မယုံ ပေါ်အူးကိုခေါ်မေးကြည့်ပါလား ဟေ့...ပေါ်အူးလာပါအုံးကွ"
ကျွန်တော့်မှာ ကိုယ့်စိတ်ကိုယ်မယုံ ဖြစ်လာသည်နှင့် ပေါ်အူးကို အကူအညီခေါ်လိုက်ရပါသည်။ ပေါ်အူးထွက်လာသော အခါ...
"ဟေ့ ပေါ်အူးမင်းက မောင်မောင်ရွှေကို ငါပြန်လာမှ ဆရာနဲ့အတူတူသွားလို့တောင် ပြောသေးတယ်မှုတ်လား"
"ဟုတ်တယ်ဆရာ"
ပေါ်အူးက ကျွန်တော်၏ စကားကြောင်းကို လိုက်၍ ထောက်လိုက်သဖြင့် ကျွန်တော်က ဒေါ်လှလှကြီးအား "ကဲ မဟုတ်လား" ဟူသော အမူအရာနှင့် ကြည့်လိုက်ရာ ဒေါ်လှလှကြီးမျက်နှာမှာ ရုတ်တရက် ကွဲအက်တော့မခန်း တင်းမားခက်တရော်လှစွာ...
"ကဲ .. ဒါဖြင့် မောင်အေးဆွေ မနေ့က ဒေါ်ဒေါ်ရောက်ရောက်ခြင်း ရေးမဲ့စာအုပ်အတွက် ရန်ကုန်ထောင်ထဲကို ၀င်ကြည့်တော့ ကျုပ်သားကလေး မောင်မောင်ရွှေဟာ ထောင်သား အင်္ကျီအစင်း ကလေးဝတ်ပြီး အုံးဆံထုနေတာ တွေ့ရတာကို မောင်ဘာပြောချင်သလဲ"
သေဟဲ့ နန္ဒိယ။
ကျွန်တော် ဘာမျှမပြောနိုင်တော့ပါ၊ ပေါ်အူးသင်ထားသောစကားလည်း ကုန်ပါပြီ။ စူးစူးဝါးဝါး ကြည့်နေသော ဒေါ်လှလှကြီး၏ မျက်စိအောက်၌ လင်ကြီးက လင်ငယ်နှင့် လက်ပူးလက်ကြပ်မိနေသော မိန်းမကဲ့သို့ ပါးစပ်အဟောင်းသားနှင့် ကြက်တက်တက်ဖြစ်၍ နေပါတော့သည်။
ဒေါ်လှလှကြီးသည် ပိုင်ပိုင်နိုင်နိုင် မျက်နှာထားကြီးနှင့်
" ဟင်... မောင်အေးဆွေ ဒါဟာ ကျုပ်သားကလေးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုထား လိုက်တာဘဲလား၊ ကျုပ်ကတော့ ယုံကြည်လို့ ပုံအပ်ထားခဲ့တယ်၊ ကျုပ်သားကလေးဟာ ငယ်ပါသေးတယ်၊ လူမှုရေးရာ ဘာမှနားမလည်သေးဘူး၊ ရန်ကုန်လို မြို့ကြီးပြကြီးကို တခါမှ မရောက်ဖူးသေးဘူးလို့ ကျကျနန မှာပစ်ခဲ့တယ် မန္တလေးက မင့် ဒေါ်ဒေါ်စိုး စကားကြောင့် မင့်ကိုယုံပြီးပုံခဲ့တာပါကွယ် နို့မို့ ငါ့မှာ တခြား မိတ်ဆွေတွေ အများကြီးရှိပါတယ်၊ ခုတော့ဖြင့် ယုံသမျှ ပုံသမျှ ဖုံထအောင် လုပ်ရက်ပါပေ့ကွယ် လုပ်ရက်ပါပေ့"
ကျွန်တော့် နှုတ်မှ ပြောရန် စကားတလုံးမျှ ရှာမတွေ့တော့ပါ။ ဒေါ်ကြီးစိုး၏ မျက်နှာကိုသာ မျက်စိထဲ၌ မြင်ယောင်လာပါသည်။ ဤအကြောင်းကို သိ၍ ဒေါ်ကြီးစိုး ဒေါပွလျှင် ကျွန်တော့်မှာ ဒုက္ခအဓိပတိဒုက္ခ။ ဒေါ်ကြီးစိုးသည် ကျွန်တော်ငယ်စဉ် ကလေးကပင် ဆဲဆိုမာန်မဲလာသူဖြစ်၍ ကျွန်တော့်မှာ သူ့ကို ငယ်ကြောက် ကြောက်ရပါသည်။ ထို့အပြင် ဒေါ်ကြီးစိုး စိတ်ဆိုးပြီဆိုလျှင် အခြားသူများနှင့်မတူ ကမ္ဘာပျက်တော့ခမန်းအသံကုန်လွှင့်တက်၍ ကျွန်တော့်ကို မဆိုထားဘိ သူ့ယောက်ျား ဦးကြီးသိန်းပင် တောင်ပြေးရတော့မလိုလို မြောက်ပြေးရတော့မလိုလို အနားက ခွေးဘော်ဘီကိုဘဲ ကိုင်ပေါက်ရ တော့မလိုလိုနှင့် မနေတတ်မထိုင်တတ် ဖြစ်ရပါသည်။
တကယ် စင်စစ် ဒေါ်ကြီးစိုး စိတ်ဆိုးပြီဆိုပါက မန္တလေးနှင့် ရန်ကုန်ကိုပင် ချက်ချင်းလေယာဉ်ပျံနှင့် လိုက်လာမည် ကျွန်တော့်ပါးနား လက်ဝါးတ၀ဲဝဲနှင့် ကြိမ်းမောင်းတော့မည်။ ကျွန်တော် တခြားမြို့သို့ ပြေး၍လည်းမလွတ် သူ့ဒေါသကို အကြွေးမထားဘဲ ချက်ချင်း မတွေ့တွေ့အောင် လိုက်တော့မည်။ အမှန်ကား ဒေါ်ကြီးစိုးစိတ်ဆိုး၍ ကျွန်တော်ပြေးရန်မှာ မြန်မာပြည်ကလေးသည် အလွန်ငယ်လှပါ၏။
ယခု၌ပင်လျှင် ကျွန်တော့်ရှေ့၌ ဒေါဖောင်းနေသော ဒေါ်လှလှကြီးကိုမမြင် ဒေါ်ကြီးစိုး၏ နီရဲနေသော မျက်နှာကိုသာ မြင်ယောင်လျက် ကျွန်တော့်ကိုယ်မှာ ချာချာလည်၍ လေထဲ၌ လွင့်နေသလို ထင်ရကာ မျက်စိ တွေဝေပြီး နားနှစ်ဖက်အူ၍ပင် နေပါသည်။
သို့သော် ဤခဏကလေးအတွင်း၌ ကျွန်တော့်ကိုယ်မှာ လူသေကို အသက်ပြန်၍သွင်းလိုက်သလို ဖြစ်လာသည် ကား ပေါ်အူး၏ အသံထွက်လာခြင်းပင်ဖြစ်ပါသည်။
"ဒေါ်ဒေါ်လှခင်ဗျား၊ ဒေါ်ဒေါ့်ကို ကျွန်တော် ရိုသေစွာ တဆိတ်ကလေး အစီရင်ခံပြစေခင်ဗျာ"
"လာပြီ-လာပြီ ပေါ်အူး ကျွန်တော့်တပည့်ပေါ်အူး သူ့ဆရာကို ဂျောက်ထဲကဆွဲတင်ပါတော့မည်။
"ဒီကိစ္စမှာ ကျွန်တော်သိသမျှ ရှင်းလင်းရရင်"
ပေါ်အူးသည် စကားစရင်း ဒေါ်လှလှကြီးမျက်မှောက်သို့ ချဉ်းကပ်လာသည်။ ဒေါ်လှလှကြီးက မကျေနပ်သော မျက်နှာကြီးနှင့် ပေါ်အူးအား အစေခံကလေးတယောက်အနေဖြင့် တုန်လှုပ်သွားအောင် မျက်စောင်းခဲ ၍ ကြည့်လိုက်သည်။ သို့သော် ပေါ်အူးက ဒီအကြည့်မျိုးလောက်တော့ အပျော့။ ပေါ်အူး ပေါ်အူး နုံနုံ ကာယ ပေါ်အူးမဟုတ် မြန်မာပြည် ဘုရင်ခံ ဒေါ်မံစမစ်က ဦးစောအား ယူဂန်ဒါက ပြန်ခါနီးတွင် He is strongman ဟု ချီးကျူးသလို ကျွန်တော်ကလည်း ပေါ်အူးအား He is my strong man ဟု ချီးကျူး လိုက်ချင်ပါသည်။
ပေါ်အူးသည် ဒေါ်လှလှကြီးရှေ့တွင် ခြေစုံရပ်ကာ ...
ဒေါ်ဒေါ်ဟာ ကျွန်တော့်ဆရာ ကိုဆွေရဲ့အပေါ်မှာ အထင်လွဲစရာ ဖြစ်နေတယ်လို့ ကျွန်တော် ဆိုချင်ပါတယ် ခင်ဗျာ ဘာပြုလို့လဲဆိုရင် အမှန်စင်စစ်အားဖြင့် ဆရာကိုဆွေဟာ ဒေါ်ဒေါ့်သားကလေး မောင်မောင်ရွှေ ဖြစ်သွားသတဲ့ကိစ္စကို သူဘာမျှမသိရှာတော့ ကိုမောင်မောင်ရွှေကို ခါတိုင်းရှိနေကျ စာကြည့ခန်းထဲမှာ မတွေ့လို့ ကျွန်တော့်ကိုမေးတော့၊ ကျွန်တော်က အဖြစ်အပျက်အမှန်ကို ပြောလိုက်ရင် ဆရာဟာ စိတ်မကောင်းဖြစ်ရုံမက သူ့ညီလေးအရင်းလို ချစ်နေတဲ့ မောင်မောင်ရေအတွက် သိပ်ပြီး အကြီးအကျယ် သောက ရောက်သွားမှာကို စိုးတာနဲ့ ကျွန်တော်ကဘဲ ဖြစ်ပြီးသားကိစ္စ သိလဲ မထူးပါဘူးလေးဆိုပြီး ဆရာစိတ်မချမ်းသာ မဖြစ်ရအောင် ကိုမောင်မောင်ရွှေဟာ တွံ့တေးကို အလယ်သွားနေတယ်လို့ လှီးလွှဲပြီး ပြောလိုက်မိခြင်း ဖြစ်ပါတယ် နို့ပြီး ကိုမောင်မောင်ရွှေဟာ မြင့်မြတ်တဲ့ စိတ်ထားတခုနဲ့ သူ့ကိုယ်သူ တမင်သက်သက် ထောင်ကျအောင် လုပ်တာလို့ ကျွန်တော်က အမှန်အတိုင်းပြောရင်လဲ ဆရာက ကျွန်တော့် စကားကို ယုံမှာမဟုတ်ဘူး ခင်ဗျာ ..."
ဤနေရာ၌ ဒေါ်လှလှကြီးသည် မျက်လုံးပြူးကြီးကို ဖြဲထုတ်လိုက်ကာ ...
"ဘာ ... မောင်မောင်ရွှေက သူ့ကိုယ်သူ တမင်သက်သက် ထောင်ကျအောင် လုပ်တယ် ..."
ပေါ်အူးက ဣနြေ္ဒရစွာပင် ...
"ဟုတ်ပါတယ်ခင်ဗျာ။ အမှန်ကို အစီရင်ခံရရင် ... စင်စစ်မှာတော့ ဒေါ်ဒေါ့်သားလို စိတ်သဘောထား ကြီးရင့်မြင့်မြတ်တဲ့ ယောက်ျားကောင်းတယောက်အဖို့ ဒီကိစ္စဟာ ဒါလောက် အံ့သြစရာရှိမယ်မထင်ပါဘူး။ ဘာပြုလို့လဲဆိုရင် ကိုမောင်မောင်ရွှေကလေးဟာ ဒေါ်ဒေါ်က ထောင်တွေအကြောင်း စာတအုပ်ရေးဘို့ စုံစမ်းရအောင် သွားတယ်ဆိုကတည်းက သူ့မေမေကို မွေးကျေးဇူးတခါမျှ မဆပ်ရသေးဘူး။ မိခင်ရဲ့ ကျေးဇူးဟာ အင်မတန်မှ ကြီးတယ်။ ဘုရားတောင်မှ နို့တလုံးဘိုးဘဲ ကျေတယ်လို့ပြောကြတယ်။ သူလဲဘဲ မိခင်ရဲ့ကျေးဇူးကို နို့တလုံးဘိုး မတတ်နိုင်တောင် တစက် နှစ်စက် လောက်တော့ တနည်းနည်းနဲ့ တတ်နိုင် သမျှ ဆပ်မှဘဲလို့ ဟော့ဒီ ကျွန်တော့်ဆရာကို ခဏ ခဏ ပြောနေတာ ကျွန်တော် အမြဲတမ်းလိုလို ကြားနေရပါတယ်၊ ဟုတ်တယ် မဟုတ်လား ဆရာ"
ဤတွင် ကျွန်တော်က အလျင်အမြန် ကောက်တဲ့၍ -
"ဟုတ်ပါတယ် ဒေါ်ဒေါ် ... ဟုတ်ပါတယ်၊ အမှန်ပါဘဲ" ဟု အူးရှူးထိုးသံနှင့် ၀မ်းသာအားရ ကျူးရင့် ထောက်ခံ လိုက်ရပါသည်။
ဒေါ်လှလှကြီး၏ မျက်နှာလည်း ရုပ်ရှင်မင်းသမီးကြီးအမူအရာပြောင်းလိုက်သလို ရုတ်တရက် ရွှင်လန်း၍ သွားပါသည်။
ပေါ်အူးက ဆက်လက်၍ ...
"ဒါနဲ့ ... သူ ... အဲဒီလို ပြောပြောနေပြီး ဆရာ မှော်ဘီသွားတဲ့ နေ့မှာဘဲ ထောင်ကျခံပြီး သူ့မေမေရေးမယ့် စာအုပ်မှာ ကိုယ်တွေ့ဗဟုသုတပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရဲကုလားတယောက်ကို နောက်ကနေ ဘေဘာပါဘဲ ခင်ဗျာ၊ ကျွန်တော်ဖြင့် အံ့သြပါရဲ့ ရုံးမင်းက သူ့ကို လူငယ်မို့လို့ ဒဏ်ရာကလည်း သိပ်မကြီး တာနဲ့ ၃ ရက်ဘဲချတာကို သူကမကျေနပ်ဘဲ အနည်းဆုံး ခုနစ်ရက်တော့ ချရမယ်ဆိုတာနဲ့ ရုံးမင်းကလည်း အံ့သြပြီး သူ့စကားမလွန်နိုင်ဘဲ သီတင်းတပတ် ချလိုက်ရတာပါ။ ဒီနေ့ဆိုရင် စေ့ပြီ။ သူထွက်လာတော့မယ် ဒေါ်ဒေါ် သွားကြိုဘို့ဘဲ ရှိပါတော့တယ်"ဟု ပေါ်အူးက စကားအဆုံး သတ်လိုက်သည် တွင် ဒေါ်လှလှကြီးသည် ထိုင်ရာမှ ငေါက်ကနဲထလိုက်ကာ ...
"ကဲ ... မောင်အေးဆွေ ဒေါ်ဒေါ် အထင်လွဲမိတာ သည်းခံပါနော်၊ ရုတ်တရက်မို့ စိတ်ဆိုးလို့ ပြောလိုက်မိတာတွေကို တောင်းပန်ပါတယ်ကွယ်"
"ဟာ ... ကိစ္စမရှိပါဘူး ဒေါ်ဒေါ် ကျွန်တော်ဘက်မှ မအောက်မေ့ပါဘူး"
"မောင်ပေါ်အူးလည်း ကျေးဇူးတင်ပါတယ်ကွယ်၊ မင်းရှင်းလင်းပြလို့ ဒေါ်ဒေါ်သိရတာ ကဲ ... ဒေါ်ဒေါ်သွားမယ် ခွင့်ပြုပါအုံး"ဟု ဆိုကာ သူ့ထီးနှင့် ဘေးဆွဲ သားရေအိတ်ကြီးကို ကောက်ယူပြီး ...
"အော် ... သားကလေး၊ သားကလေး မေမေ့ ကျေးဇူးကို ဆပ်ချင်တဲ့ သားကလေး၊ မင်းဒီလို လုပ်လိုက်တာဟာ နို့တစက်ဘိုးမဟုတ်ပါဘူးကွယ်။ နို့နှစ်လုံးဘိုးပါမကအစစ အရာရာအကုန်လုံး အောက်ခြေ သိမ်း မကျန် ကျေပါတယ်ကွယ်" ဟု နငတ်မှ ရေရွက်ရင်း အိမ်ပေါ်မှ ထွက်သွားတော့၏။
ပေါ်အူး မျက်နှာကား မချိုမချဉ်နှင့်။
ကျွန်တော်မူကား မနေတတ် မထိုင်တတ် ဖြစ်အောင်ပင် ပေါ်အူးကို ချီးကျူးနေမိရာမှ ...
"ဟေ ... ဒါထက် ပေါ်အူးရ ဟိုကောင်လေးက သူ့ အမေကို မင်းပြောအတိုင်း မပြောရင် ဂျောက်ကျ အုံးမယ်ကွ ..."
"ဒါကို စိတ်ချပါဆရာ၊ ကျွန်တော်က သူ့ကို ဖြစ်မိမှဖြင့် မင့်မေမေမျက်နှာကောင်းရအောင် ဒီအတိုင်းပြောလို့ သင်ပြီးသားပါ..."
ကဲ မိတ်ဆွေ ပေါ်အူးဟာ ဘယ်လောက် အကြံဥာဏ်ကောင်းတယ်... ပိရိစေ့စပ်တယ်ဆိုတာ သိပြီ မဟုတ် လား ...
ပေါ်ူအူး ... ပေါ်အူး ကျွန်တော့်တပည့်ပေါ်အူး ကျွန်တော်ရဲ့ အသက်ကို ကယ်သောသူ ထို့ကြောင့်ပင် သူ့ကို ကျွန်တော် လက်မလွှတ်နိုင်ဘဲ၊ နည်းပေးလမ်းပြ လက်စွဲတော် တယောက်အနေနှင့် သူ့စကားကို အမြဲတမ်း နားထောင်၍ နေရပါသည်။
"ဟေ့ ... ပေါ်အူး ဒီကိစ္စမှာ မင့်ကျေးဇူး ငါ့အပေါ်ကြီးလှတယ်ကွာ။ ငါ့ဆီက မင်းလိုချင်တာကို တောင်းစမ်း"
ပေါ်အူးသည် မျက်နှာထား ခပ်ပျော့ပျော့ ပြင်လိုက်ကာ
"ကျွန်တော် ပထမ လိုချင်တာကတော့ ..."
"ကဲဟေ့ ... ခင်မြမြမောင်းမောင်းကြီးကို စိတ်ထဲက ဖြတ်ပစ်လိုက်ဘို့ပါဘဲဆရာ"
ကျွန်တော်မှာ "ပျော်နိုင်တုန်း ပျော်နိုင်သမျှ ပျော်မည်" ဟု ဆိုသည်ကို မောင်မောင်ရွှေ တယောက်နှင့်ပင် အော်ကျောလန်သွားပြီဖြစ်၍ -
"အေးဟေ့ သူ့ဓာတ်ပုံကြီးကို ရိုက်ခွဲပစ်လိုက်တော့"
"ကျေးဇူးပါဘဲ ဆရာ ကျွန်တော် ဒုတိယ လိုချင်တာက ..."
"ငွေ ၅၀ိ ဆရာ"
"ဟင် .. ငွေ ၅၀ိ ..."
ပေါ်အူးမှာ ငွေကို မတောင်းစဖူး တောင်းသဖြင့် ကျွန်တော် အံ့သြသွားပါသည်။
"ဟုတ်ပါတယ် ငွေ ၅၀ိ ဆရာ ကျွန်တော်ပေးဘို့ ကတိခံထားလို့ပါ"
"ဘယ်သူ့ကိုလည်း"
"မောင်မောင်ရွှေကိုပါဆရာ"
"ဟေ... ဘာကိစ္စကြောင့်လည်း"
"သူနဲ့ကျွန်တော်နဲ့ အလောင်းအစား ပြုထားလို့ပါဆရာ"
"ဘယ်လို အလောင်းအစားလည်း"
"ဆရာမရှိတုန်း သူမူးပြီး ပြန်လာတဲ့ညမှာ ကျွန်တော်က "ဟေ့ မောင်မောင်ရွှေ၊ မင်းမိုက်ရင် ဟိုရဲကုလားကို ရိုက်ဝံ့ပါ့မလား မေးတော့ သူက ငါရိုက်ဝံ့ရင် ငွေ ၅၀ိ ပေးမလားလို့ ပြန်ပြောတယ်ဆရာ၊ ဒါပါဘဲ"
အဲ... မိတ်ဆွေ ပေါ်အူးရဲ့ ဆင်လုံး ထွင်လုံးကို သိလောက်ပါပြီ။
ပေါ်အူး ပေါ်အူး တကယ်တော်တဲ့ ပေါ်အူး သူသာ နိုင်ငံရေးနယ်ဝင်ပြီး ကြုံးလိုက်မယ်ဆိုရင် ပါတီမစုဘဲ တောမခိုဘဲ အယ်ဒီတာမလုပ်ဘဲနှင့် ၀န်ကြီးဖြစ်မယ့် ပေါ်အူးပေတကား။
ကျွန်တော်သည် အိတ်ထဲမှ ငွေတရာထုတ်ယူကာ -
"ရော့ဟေ့ ပေါ်အူး ၁၀၀ိ ယူကွာ"
"ကျေးဇူးပါဘဲ ဆရာ အော် ... ဒါထက် မမရီရီလေးတို့အိမ်က ဒီမနက်ဆွမ်းကျွေး ည ကိုးဆူးကပ်တဲ့ ဆရာ လာဘိတ်ထားတယ် ဆရာ အခုမနက် ထမင်းစားမှီ သွားလိုက်ရင် ကောင်းမယ်ဆရာ"
"သွားမယ်ကွာ ရီရီလေး" ဖေးဗရိတ်ကာလာ ဖြစ်တဲ့အ၀တ်အစားနဲ့ ငါ့ကိုထင်စမ်း"
"အသင့်ပါဘဲ ဆရာ၊ ရှပ်အင်္ကျီ ကြည်ပြာနုရောင်၊ အပေါ်အင်္ကျီခိုရောင်နဲ့ ဗန့်ကောက်လုံချီ မရမ်းရင့်ရောင် အသင့်ထုတ်ထားပါတယ်"
ဤမျှအလိုလိုက်၍ အကြိုက်သိတတ်သော ပေါ်အူး။
"ကျွန်တော် အလွန်ပျော်တာ ချစ်သူကလေးရဲ့ အိမ်သာ"
"ဟာ ... ဆရာ၊ မနံဘူးလားဆရာ"
ကျွန်တော အ၀တ်အစားဝတ်ရင်း မိမိသွားမည့်ကိစ္စနှင့် ဆီလျော်အောင် သီချင်း ကျူးရင့်လိုက်သည်တွင် ရှပ်အင်္ကျီလက်ကြယ်သီး တပ်ပေးနေသော ပေါ်အူးကကောက်၍ နောက်ခြင်းဖြစ်ပါသည်။
"ကျွန်တော့်မှာ သူပြောသည့် စကားအဓိပ္ပါယ်ကို နားလည်၍
"အေး မင်းပြောတာ ဟုတ်သားဘဲကွ ပြင်ဆိုမှဘဲ"
"ကျွန်တော် အလွန်ပျော်တာ ချစ်သူကလေးရဲ့ထံသာ သွားလို့သာ လယ်ချင်တာလာ ဒါ -ဒါဒါ-ဒါ"
ပြီးပါပြီ
------------------------

တရုပ်ဟိမဝန္တာ မျှော် (အေးဆွေ ပေါ်အူး)
.
1 comment:
thank you to share so :P
အပေါ်စာကြောင်းကို ကော်ပီကူးလိုက်တာ
Post a Comment