Thursday, January 14, 2010

တော့တိုး-ချန်

ကျောင်းသစ်

ကျောင်းသစ်၏ ခြံဝင်းတံခါးကို တွေ့လိုက်သောအခါ တော့တိုး-ချန်သည် ရုတ်တရက် ရပ်လိုက် သည်။ သူမသွားနေကျ ကျောင်း၏ အ၀င်ဝတွင် လှပသောကွန်ကရစ်တိုင်များ ရှိပြီးလျှင် ကျောင်း၏ အမည် ကိုလည်း စာလုံးကြီးများဖြင့် ရေးထားသည်။ သို့သော်လည်း ဤကျောင်းသစ်၏ အ၀င်ဝ၌မူ သစ်ရွက်များ ရှိသော ခပ်တိုတို တိုင်နှစ်တိုင်သာ ရှိသည်။
"ဒီအ၀င်ဝမှာ အပင်ပေါက်နေတယ်၊ တယ်လီဖုန်းတိုင်တွေထက် ပိုပြီးမြင့်အောင် ဆက်ပေါက်လိမ့်မယ်လို့ ထင်တယ်"
တော့တိုး-ချန်က ပြောလိုက်သည်။

ကျောင်းဝင်းဝရှိ တိုင်နှစ်တိုင်မှာ အမြစ်များပါရှီသော သစ်ပင်များသာ ဖြစ်သည်။ သူမသည် ပို၍ နီးကပ်သော နေရာသို့ ရောက်လာသောအခါ ကျောင်း၏ အမည်ကို ဖတ်ရန်သူမ၏ ခေါင်းကို တစ်ဘက်သို့ ငဲ့စောင်းလိုက်သည်။  အဘယ့်ကြောင့်ဆိုသော် ကျောင်းအမည်ရေးထားသော ဆိုင်းဘုတ်မှာ လေဒဏ် ကြောင့် စောင်းရွဲ့နေသောကြောင့် ဖြစ်သည်။
"တို-မို-ဂါ-ကူး-အန်"

တော့တိုး-ချန်သည် အမေ့အား တိုမု၏အဓိပ္ပာယ်ကိုမေးရန် ဟန်ပြင်လိုက်စဉ် သူမ အိပ်မက်မက်နေ တာဖြစ်ရမည်ကို အထင်ရောက်စေမည့် တစ်စုံတစ်ရာကို ဖြတ်ကနဲ မြင်တွေ့ လိုက်ရလေ တော့သည်။ သူမသည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီးလျှင် ချုံဖုတ်များကို ဖြဲ၍ ချောင်းကြည့်လိုက် သည်။ သူမသည် မယုံကြည် နိုင်လောက်အောင် အံ့သြခြင်း ဖြစ်သွားလေတော့သည်။
"အမေ ဟိုဟာ တကယ့်မီးရထားလား၊ ဟိုကျောင်းဝင်းထဲမှာ"

ဤကျောင်းသည် စွန့်ပစ်ထားသော မီးရထားတွဲခြောက်တွဲကို စာသင်ခန်းများအဖြစ်ဖြင့် အသုံးပြု ထားလေသည်။ တော့တိုး-ချန်အဖို့ အိပ်မက် မက်သလို ဖြစ်မည်ဆိုက ဖြစ်စရာပင်။ မီးရထားတွဲထဲ က စာသင်ကျောင်း။

နံနက်ခင်း နေရောင်ခြည်အောက်၌ မီးရထားတွဲ၏ ပြတင်းပေါက်များသည် အရောင်တောက်ပလျက် ရှိနေပါ၏။ သို့သော်လည်း မီးရထားတွဲများကို ချုံဖုတ်ကြားထဲမှ ချောင်းကြည့်နေသော နှင်းဆီရောင် ပါးမို့မို့ ၏ ပိုင်ရှင် မိန်းကလေးငယ်၏ မျက်လုံးများမှာမူ ပို၍ပင် အရောင်များ တောက်နေပါတော့၏။

ဒီကျောင်းကို ကျွန်မကြိုက်တယ်
ခဏအကြာတွင် တော့တိုး-ချန်သည် 'မီးရထားတွဲကျောင်း' ရှိရာသို့ ပျော်မြူးစွာဖြင့် ပြေး သွားလေ တော့သည်။ ဤသို့ ပြေးရင်းသူမ၏ ဦးခေါင်းကို ငဲ့စောင်းကာ ပခုံးပေါ်မှ ကျော်၍ "လာပါ မြန်မြန် လာပါ၊ ရပ်ထား တဲ့ မီးရထားတွဲပေါ်ကို တက်ကြမယ်"ဟု အမေ့ကို အော်ပြောလိုက်သည်။

အမေသည် ရုတ်တရက် ကြောက်အမ်းအမ်း ဖြစ်နေမိသည်။ ပြီးတော့မှ သမီးနောက်သို့ အပြေး လိုက်သည်။ အမေသည် ဘတ်စကတ်ဘောအသင်းတစ်သင်းတွင် တစ်ချိန်တုန်းက ပါဝင်ကစားခဲ့ ဖူးသည်။ ထို့ကြောင့် သူမသည် တော့တိုး-ချန်ထက်ပို၍ လျင်မြန်စွာ ပြေးသွားပြီး ရထားတွဲတံခါးဝ သို့ သမီးရောက်ချိန်၌ သူမ၏ အင်္ကျီ ကို ဖမ်းယူဆုပ်ကိုင် ထားနိုင်လေသည်။
"သမီး အခုသွားလို့ မရသေးဘူး"
အမေ သည် သမီးကို နောက်သို့ ဆွဲရင်း ပြောလိုက်သည်။

"ဒီတွဲတွေဟာ စာသင်တဲ့အခန်းတွေ၊ သမီးကို ဒီကျောင်းက လက်မှမခံရသေးတာ၊ ဒီမီရထားတွဲ တွေပေါ်ကို တက်ချင်ရင် သမီးဟာ ကျောင်းအုပ်ဆရာကြီးကို ရိုရိုသေသေနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်၊ အမေတို့ သူ့ထံကို အခုသွားကြမယ်၊ အားလုံးအဆင်ပြေပြီး ချောချောမောမော ဖြစ်မယ်ဆိုရင် သမီး ဒီကျောင်း မှာ နေခွင့်ရမယ်၊ အမေပြောတာ နားလည်ရဲ့လား"

'မီးရထားတွဲ' ပေါ်သို့ တန်းတန်းမတ်မတ် မတက်လိုက်ရသောကြောင့် တော့တိုး-ချန်သည် မကျေ မနပ် ဖြစ်မိ၏။ သို့သော်လည်း အမေ့ပြောစကားလိုက်နာရန် သူမ ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့"

သူမက ပြောလိုက်သည်။ ထို့နောက် ဆက်လက်၍ "ဒီကျောင်းကို ကျွန်မ သိပ်ကြိုက်တယ်" ဟု ပြောလိုက်ပြန်သည်။
"ဒီကျောင်း ကို သမီးကြိုက်ဖို့က အကြောင်းမဟုတ်ဘူး၊ ကျောင်းအုပ်ဆရာကြီးက သမီးကို သဘောကျ ဖို့သာ အရေးကြီးတယ်" ဟု အမေသည် အသံထွက်ပြီးတော့သာ ပြောလိုက်သည်။ သို့သော် လည်း သူမ သည် တော့တိုး-ချန်၏ အင်္ကျီစကို လွှတ်လိုက်ပြီး လက်ကိုကိုင်ဆွဲကာ ကျောင်းအုပ် ဆရာကြီး၏ ရုံးခန်း ရှိရာ သို့ လျှောက်သွားသည်။

မီးရထားတွဲများအားလုံး တိတ်ဆိတ်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တာ၏ ပထမ ဦးဆုံး စာသင်ချိန်သည် စတင်ပြီဖြစ်သောကြောင့် ဖြစ်သည်။ သိပ်ကျယ်ဝ်းခြင်း မရှိသော ကျောင်းပိုင်းမြေကို ခြံစည်းရိုး နံရံများအစား သစ်ပင်များဖြင့်သာ ၀ိုင်းရံထားလေသည်။ ကျောင်းဝင် ထဲရှိ ပန်းခင်းများ၌ အနီရောင် နှင့် အ၀ါရောင်ပန်းပွင့်များ ပြည့်နှက်လျက် ရှိသည်။

ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းသည် မီးရထားတွဲထဲ၌ မရှိပေ။ ကျောင်းတွင်းသို့ ၀င်ရာ အပေါက်ဝ နှင့် ဆန့်ကျင်ဘက် နေရာရှိ လခြမ်းပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူသော အုတ်ခုံလှေကား ထစ်ခုနှစ် ထစ်ခန့်၏ ထိပ်ဘက် တစ်ထပ်အဆောက်အအုံ၏ လက်ယာဘက်အခြမ်း၌ တည်ရှိသည်။

တော့တိုး-ချန်သည် အမေ့လက်အတွင်းမှ ရုန်းထွက်ကာ လှေကားထစ်များပေါ်သို့ ပြေးတက်သွား သည်။ ထို့နောက် ရုတ်တရက် ရပ်လိုက်ပြီး နောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမနောက်မှ ကပ်လိုက်လာသော အမေနှင့် တိုက်မိတော့မလို ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ" ဟု အမေက မေးလိုက်သည်။ ယခုကျောင်းနှင့် ပတ်သက်၍ တော့တိုး-ချန် စိတ်ပြောင်း သွားမှာကို အမေစိုးရိမ်မိသည်။
အမေ၏ အပေါ်ဘက်လှေကားထစ်ပေါ်၌ မတ်တပ်ရပ်ရင်း တော့တိုး-ချန်သ်ည အမေ့ကို တိုးတိုး ကလေး ပြောလိုက်သည်။
"ကျွန်မတို့ အခုသွားတွေ့ရမယ့် လူကြီးဟာ မီးရထားရုံပိုင်ကြီး ဖြစ်ရမယ်"

အမေ၌ သည်းခံစိတ်ရှိသလို ပျော်ပျော်နေတတ်သော စိတ်လည်း ရှိသည်။ သူမသည် သမီး၏ မျက်နှာနားသို့ ကပ်၍ တိုးတိုးကလေး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"

"အမေပြောခဲ့တယ် မဟုတ်လား၊ သူဟာ ကျောင်းအုပ်ဆရာကြီးလို့၊ ဒါပေမဲ့လို့ သူဟာ မီးရထားတွဲ တွေ အများကြီး ပိုင်တော့ သူဟာ မီးရထားရုံပိုင်ကြီးသာ ဖြစ်ရမှာပေါ့"
တော့တိုး-ချန်က တိုးတိုးကလေး ပြန်ပြောလိုက်သည်။

မီးရထားတွဲဟောင်းများကို အသုံးပြုထားသော ကျောင်းသည် အခြားကျောင်းများနှင့် မတူဘဲ တမူ ထူးခြားသည်ကို အမေ၀န်ခံရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြောင်းကို ရှင်းပြရန် အချိန်မရှိ၊ ထို့ကြောင့် သူမက

"သမီးဘာသာ သမီးသူ့ကို မေးပေါ့ ။ ဒီလိုရှိတယ် သမီးရဲ့၊ သမီး ဖေဖေ့ကိုရော ဘယ်လိုပြောမလဲ၊ ဖေဖေက တယော ထိုးတယ်၊ သူ့မှာ တယောတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့လို့ အမေတို့အိမ်ဟာ တယော ရောင်းတဲ့ ဆိုင် ဖြစ်လာသလား"ဟု ပြောလိုက်သည်။

"ဟင့်အင်း ဖြစ်မလာပါဘူး" ဟု တော့တိုး-ချန်သည် အမေ့လက်ကို ဆွဲရင်း ၀န်ခံစကား ပြောလိုက် လေသည်။



ကျောင်းအုပ် ဆရာကြီး မျှော်

1 comment:

အင်ကြင်းသန့် said...

မပျက်မကွက်လာဖတ်ပါ၏။

ချစ်ညီမလေး