Thursday, January 14, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၆)

အခန်း(၂၆)

အထိန်းတော်ကြီး ခင်ဘွားသစ်သည် ပါလာသော အလွှာတော်ကို စုဖုရားလတ်၏ လက်တော်သို့ ဆက်ပြီးနောက် စုဖုရားက မည်ကဲ့သို့ အမိန့်တ်ာစကား ပြန်မည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေပါသော်လည်း စုဖုရားလတ်မှာ အလွှာတော်ကို ရှုစားနေသော အလွှာတော်ကို အနီးရှိ ရွှေကလပ် ပေါ်တွင် ဖြည်းညင်းစွာ တင်ထားပြီး အထိန်းတော်ကြီးဘက်သို့ လှည့်ကာ။

"ခက်ပါဘိတော့ သစ်သစ်ရယ်၊ သီပေါမောင်မောင်ကလည်း စုစုနှင့် အလွန်တရာမှ တွေ့ဆုံတော် မူလိုလှတယ်လို့ အလွှာတော် သပြန်ပြီး စုစုကလည်း မောင်မောင်ကို ဘယ်လိုပင် ချစ်ခင်တော်မူသော်လည်း နှစ်ပါးတည်းတွေ့တော်မူဖို့ အရေးကိုတွေး၍ ရှက်ရွံတော်မူနေတာပဲ။ သီပေါ မောင်မောင်ကလည်းနော်။ ယခုလို တစ်ဦးနှင့်တစ်ဦး အလွှတ်တော်ချင်း ကူးနေရပါလျက် ဘယ်အတွက်ကြောင့် ယခုလောက် တွေ့တော်မူချင်တယ် မသိပါဘူး"

ညည်းညည်း ညူညူ မိန့်တော်မူလေရာ အထိန်းတော်ကြီးမှာ လျှောက်တင်စရာ အခွင့်သာ ပြန်သည့် အလျှောက်...
"သည်လိုပါဘုရား၊ အပင်မြင့်မြင့်မှာ မွှေးရနံ့တသင်းသင်းနှင့် လဲ့ဝင်းတဲ့ ပန်းမဉ္ဇူကို ဘယ်သူမျှ အဝေးက မြင်ရုံနှင့် တင်းတိမ်အားရသည် မဟုတ်ဘဲ မဉ္ဇူခိုင် ရနံ့မွှေးကို လက်ကလေးနှင့် ခူးဆွတ်ပြီး နူးညွတ်တဲ့ စိတ်အာရုံက ဂန္ဓာရုံအတွေ့ကို မမေ့အောင် ခံစားချင်ကြသလို အရှင် သီပေါကိုယ်တော်ဘုရားကလည်း မဉ္ဇူသက ပန်းဖူးကလေးနှင့်တူသော ချစ်မြတ်နိုးတော်မူလှတဲ့ အရှင်စုထိပ်ဖျားကို အဝေးက အလွှာကမ်းပြီး မှာတမ်း သနေရရုံနှင့် အားရတော်မမူ မွှေးကြူသင်းပျံ့တဲ့ ပန်းရနံ့ ဂန္ဓာရုံကို နီးကပ်စွာ...
စကားမဆုံးမီ စုဖုရားက ရှက်အားပိုတော်မူဟန်ဖြင့်...

"ဟာ... တန်ပါတော့ သစ်သစ်ရယ်၊ ဘယ်လိုစကားတွေများ လျှောက်ထားနေတယ်မသိ၊ စုစု နားရှက်တော်မူပါဘိတယ်။ သစ်သစ်ကြီးက သည်လိုစကားဦး သန်းလေလေ၊ စုစုမှာ တွေ့တော်မူဖို့ ကျောချမ်း လေလေပါပဲ။ ရှက်လည်း ရှက်စရာကြီးပါ။ တကယ်လို့ သည်ဆီကို မောင်မောင် ကြွတော်မူ လာပါပြီတဲ့။ သစ်သစ်ကတော့ သိပြီးသား အတွင်းလူယုံကြီးဖြစ်လို့ ထားပါတော့။ ဟို... အပြင်ဘက်မှာ ခစားထမ်းရွက်နေကြတဲ့ အပျိုတော်တွေ၊ လက်ပါးစေတွေကို စုစု ဘယ်လိုရှက်တော်မူမှန်း မသိပါဘူး သစ်သစ်ကြီးရယ်။ မောင်က ဘယ်လိုပဲ အလွှာနှင့် အခွင့်တောင်းစေတော့ စုစု ကြွလာတော်မူပါတော့လို့ ဖိတ်မန္တက မပြုရဲတာ အမှန်ပဲ။ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း သစ်သစ်ရဲ့။ စုစု ရှက်တော်မူတာကလည်း တစ်ဖက်၊ မောင်မောင့်ကို သနားအားနာနေတာကလည်းတစ်ဖက်၊ "သစ်နှစ်ပင်ကြား ပေါက်တဲ့ဝါး"လို အနေတော် များလည်း ခက်လှပါပြီ"

ထပ်မံ ညည်းညူတော်မူပြန်သောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်မှာ လှော်ရင်း နစ်ဘိအလား အလျှောက် အထား ခက်လာပြီး...
"သည်အတိုင်းသာဖြင့် အင်မတန်မှ ခက်နေတော့သည်ဘုရား။ ရှေ့တိုးတော်မူစရာလည်း ရှက်တော်မူတဲ့ စိတ်ထားကြောင့် အများကြီး ခက်တော်မူနေပြီ။နောက်ဆုတ်ရမည်ကလည်း ရွှေကိုယ်တော်ဘုရားကို အသနား တော်မူရုံမက ချစ်တော်မူလှတဲ့ စိတ်များက မယိုင်မလဲအောင် နှောင်ကြိုးတည်းထားလေတော့ အလိုတော်ကို မလိုက်နိုင်ဟု ပိုင်ပိုင်ငြင်းပယ်တော်မူရက်မည် မဟုတ်တဲ့အတွက် သည်တွင်မှ တစ်ခက်ကြီး ခက်သွား လေတော့သည်ဘုရား"

ညည်းညည်း တွားတွားပင် ပြန်၍ လျှောက်တင်လေတော့သည်နှင့်...
"ဟင်... စိတ်ရှုပ်တော်မူပါဘိတယ် သစ်သစ်ရယ်"
စုဖုရားလတ်က ညည်းတွားတော်မူပြီး သက်ပြင်းကြီး ရှူတော်မူလိုက်လျက် ရွှေကလပ်ထက်မှ အလွှာ တော်ကို ပြန်ယူရှုစားတော်မူနေပြန်လေ၏။
အထိန်းတော်ကြီးလည်း စုဖုရားလတ်အနီးတွင် အကြံယူပြီး ခစားနေရာမှ တစ်စုံတစ်ခုကို သတိရ လေဟန်ဖြင့်...

"သည်မျှလောက် စိတ်ရှုပ်တော်မူနေရန်လည်း မရှိပါဘူး စုထားဖုရားရယ်၊ တွေ့ဆုံလက်ခံတော်မူရန် ရှက်တော်မူလျှင်လည်း တဖြည်းဖြည်း အချိန်ဆွဲ၍ နေတော်မူပြီး ငြီးငွေ့ရှုပ်ထွေးတော်မူတဲ့ စိတ်တော်များ ကြည်လင်ရှင်းလင်းသွားတော်မူရန် ပျော်ပျော်ရွှင်ရွှင် မေ့မေ့ပျောက်ပျောက်သာ စံတော်မူပါ။ သည်အရေးကို သစ်သစ် အေးအောင်ကြံဆောင်နိုင်ပါတယ် စုထားဖုရားရဲ့"
လျှောက်တင်သည်တွင် စုဖုရားလည်း အတန်ငယ် အားတက်တော်မူလာပြီး...

"အဲ... စုစုတို့ အထိန်းတော်ကြီးကို ဒါတွေကြောင့် အားကိုးပြီး အမျိုးမျိုး ချစ်တော်မူနေရတာပဲ။ စုစုဖြင့်လေ မောင့်မောင့်အလိုတော် လိုက်ရမှာလည်း ရှက်တော်မူလှလို့ မလိုက်လိုဘူး။ မလိုက်ဘဲ နေပြန်လျှင်လည်း မောင်မောင်က အထင်အမြင်မှားပြီး မေတ္တာတော် ညိုးသွားမည် စိုးရိမ်တော်မူနေရတယ်။ သည်တော့ မောင့်မောင့် စိတ်တော် ပြောင်းသွားပြီး စုစုထံသို့ ကြွလာတော်မူလိုတဲ့ စိတ်များ နည်းပါးသွားအောင် သွေးဆောင်နိုင်လျှင်ဖြင့် စုစု အင်မတန် ၀မ်းမြောက်တော်မူမှာပဲ သစ်သစ်ရဲ့"
အထိန်းတော်ကြီးကို ကနွဲ့ကလျနှင့် မိန့်တော်မူသောကြောင့် ခင်ဘွားသစ်လည်း စိတ်ထဲက အကြံနှင့် ပြုံးပြီး...

"စိတ်ချပြီး စံနေတော်မူပါ။ သစ်သစ်ဟာ စုထားဖုရားအတွက်ဆိုလျှင် အသက်နဲ့လဲ၍ အကျိုးတော် ဆောင်ရွက်မည့် အထိန်းတော်ကြီး တစ်ဦးဖြစ်ကြောင်း အထူးသဖြင့် ယုံကြည်တော်မူပါ။ အစစ အရာရာမှာ စုထားဖုရား၏ အလိုတော်ကျ ဖြစ်စေရပါမည်။ သည်ကိစ္စအတွက်နှင့် ကြံကွက်၊ စည်ကွက် ရှိသမျှ လွတ်လွတ်လပ်လပ် သွားလာဝင်ထွက်နိုင်ခွင့်ကိုသာ သစ်သစ်ကို အထူးအခွင့်အရေး ပေးထားတော် မူစေချင်ပါတယ်။ နို့ပြီး အစစအရာရာမှာ သစ်သစ်က ကောင်းရာ ကောင်းကြောင်း ညွှန်ပြလျှောက်တင် သောအခါများမှာလည်း စုထားဖုရားက ဟိုနှယ် သည်နှယ်နှင့် ကြေးများတော်မူမနေဘဲ လိုက်လိုက် လျောလျော ပြုတော်မူပါလို့ အခွင့်တော် တောင်းထားပါရစေ ဘုရား"

လျှောက်ထားတောင်းဆိုသဖြင့် စုဖုရားလတ်ကလည်း ကျေကျေနပ်နပ်နှင့် အခွင့်ပြုတော် မူလိုက်သည့် အလား...
"ကဲ..ကဲ သည်နေ့ကစ၍ သစ်သစ် သဘောရှိရာ အခွင့်ပြုတော်မူပါတယ်။ စုစု စိတ်ရှုပ်တော်မူသည့် အရေး ကိုသာ စိတ်အေးအောင် ပြုပေးပါတော့"
မိန့်တော်မူလိုက်သောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မိမိစိတ်ကူးရသလို ကျယ်ကျယ်လွင့်လွင့် အခွင့်အရေး ပိုင်ပိုင်နှင့် ကြံစည်နိုင်ခွင့် ရရှိသွားသောကြောင့် ထိုနေ့မှ အစပြုလျက် အကွက်သင့်သလို စီမံဖန်တီးရန် တစ်ယောက်တည်း အကြံယူပြီး စုဖုရားလတ်ကိုလည်း အမျိုးမျိုး အထွေထွေ ချော့မော့ ဖျောင်းဖျကာ နှစ်သိမ့်ကျေနပ်စရာ သတင်းအရပ်ရပ်ကိုသာ လျှောက်တင် ခစားနေလေ၏။

သီပေါမင်းသား စံအိမ်တော်တွင်မူကား သီပေါမင်းသားမှာ နှမတော်စုဖုရားထံမှ ပြန်ကြားတော်မူမည့် အလွှာတော်ကို မျှော်ငံ့ စောင့်စားတော်မူလျက် ရှိလေ၏။ စုဖုရားထံတော်မှ အလွှာတော်ကို ရှုစားတော် မမူရသည်မှာလည်း ရက်ပေါင်းအလွန်ကျူး၍ လဘက်သို့ပင် ကူးခဲ့ပြီ ဖြစ်သောကြောင့် တမ်းတမ်းတတနှင့် လွမ်းစိတ်တော်များပင် ခ၍ နေတော်မူလျက် ရှိ၏။ အရှင်သခင်ဖြစ်သော သီပေါမင်းသားသာလျှင် စုဖုရားလတ်ထံမှ အလွှာတော်ကို မျှော်ခေါ်တမ်းတတော်မူသည် မဟုတ်သေးဘဲ လူပျိုတော်သား အပါးတော်မြဲများ ဖြစ်ကြသည့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာလည်း အထိန်းတော်ကြီးထံမှ သတင်း စကားကို အမျှော်ကြီး မျှော်လျက် တစ်နေ့တစ်ရက်မျှ စိတ်မအားနိုင်အောင် ရှိကြလေ၏။

သို့နှင့် ရက်များမကြာမီ တစ်နေ့တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း အထိန်းတော်ကြီးကို စုံစမ်းမေးမြန်းရန် တောင်ဥယျာဉ်တော်သို့ ရောက်လာရပြန်လေ၏။ မူလအချိန်းအချက် စကားအတိုင်း အထိန်းတော်ကြီး ခင်ဘွားသစ်မှာ ဥယျာဉ်တော်အတွင်းသို့ ရေးကြီးသုတ်ပျာနှင့် ရောက်လာပြီး အချင်းချင်း စကားနှီးနှောမိကြရာမှ။
တုတ်။ "ဘယ့်နှယ့်တုံး အရီးဖုရားရဲ့။ အလွှာတော်လည်း မပြန်၊ လက်ခံတော်မူပါမယ် ဆိုတဲ့ စကားကိုလည်း မကြားရနှင့် ကျွန်တော်တို့မှာ စပ်ကြားက ဗျာများလှပါပြီ၊ ရွှေကိုယ်တော်ဘုရားလည်း တစ်မေးတည်း မေး၍ နေတော့တယ် အရီးဖုရားရဲ့"

သစ်။ "မောင်မောင်တို့ကလည်း အပြစ်တင်စောလှချည်လား၊ အရီးဖုရားဖြင့် မောင်မောင်
တို့ ရွှေကိုယ်တော်ဖျားအတွက် အကျိုးတော်ဆောင်ရသည်မှာ မောများ ယူပါတော့သည်။ ယခုလည်း စုဖုရား အထံတော်က အလွှာတော်ရသည်ထက် ပိုပြီး ၀မ်းမြောက်ရမယ့် သတင်းတစ်ခုကို အရီးဖုရား ကိုယ်တိုင် ရွှေကိုယ်တော်ဖျားထံ လာပြီး လျှောက်တင်မည့်ဆဲဆဲပါပဲ။ မောင်မောင်တို့ ဥယျာဉ်တော်ထဲ ရောက်တော်မူ ကြပြီဆို၍သာ သည်ဆီကို လာခဲ့ရတာကလား"
"သြော်...သည်လိုပါလား၊ ဒါဖြင့် ကျွန်တော်တို့ အပြစ်တင်မိတာကို ခွင့်လွှတ်တော်မူပါ အရီးဖုရားရယ်"
အရေးတကြီး တောင်းပန်လျှင် မောင်မောင်ငယ်ကလည်း ၀င်၍...

ငယ် ။   "ကျွန်တော်ကတော့ အရီးဖုရားနှင့် တွေ့ရတဲ့အခါ အစစ နေရာကျပြီဆိုတဲ့ တွေးမိပြီးသားပါ။ ဒါကြောင့်လည်း အစကတည်းက သည်အရီးဖုရားကို ကျွန်တော်တို့ အများကြီး အားကိုးခဲ့တာပေါ့"
ပြောလိုက်မှ ခင်ဘွားသစ်လည်း အတော်သဘောကျသွားသောကြောင့် မျက်နှာထား တပြုံးပြုံးနှင့် နှလုံးသို့ လေခွေ့ကာ...

သစ် ။ "သည်ကိုကလား၊ မောင်မောင်၊ အရီးဖုရားက ရွှေကိုယ်တော်အလိုကျ ဖြစ်စေရန်၊ နေ့စဉ်နှင့်အမျှ အစစ ကြံဖန်ပြီး စုထားဖုရားကိုလည်း အနည်းနည်း အဖုံဖုံ ဖျောင်းဖျ နားသွင်းသည်နှင့် ယခုဖြင့် ယခင်ကလို ရှက်ရွံ တော်မူတဲ့စိတ်ကြောင့် တထိတ်ထိတ် ရင်ဖိုတော် မမူတော့ဘဲ အရီးဖုရား ဆွဲငင်သွေးဆောင်ရာ လိုက်ပါတော်မူပြီး "အဆောင်တော်ထဲမှာ လက်ခံတွေ့ဆုံတော်မူလို့ နေရာကျမယ် မထင်ပါဘူး သစ်သစ် ရယ်၊ အခြားသင့်တော်တဲ့ တစ်နေရာရာမှာ တွေ့ဆုံတော်မူကြမည်ဆိုလျှင်လည်း အကောင်းသားလို့" စကားအရိပ်နိမိတ် ပြတော်မူပြီးမှ "အို... သည်လိုလည်း နေရာကျမည် မထင်ပါဘူး သစ်သစ်ရယ်၊ အရင် စုထား မင်းယောက်ျားကလေးများလို ၀တ်ဆင်တော်မူတုန်းက ဆိုလျှင်လည်း အ၀င်အထွက် အသွားအလာ အလွန်တရာ လွယ်တရာ လွယ်ကူချောင်ချိတော်မူတာပဲ၊ ယခုလို မင်းသမီးဘ၀နှင့် ဣနြေ္ဒရရ ဖိဖိစီးစီး နေထိုင်ရတာလည်း တစ်နည်းအားဖြင့်တော့ အင်မတန် စိတ်ကျဉ်းကျပ်တော်မူလှပါကလား သစ်သစ် ရယ်"လို့ မိန့်တော်မူတဲ့အတွက် အရီးဖုရားကလည်း သည်တစ်ခါဖြင့် အချက်ရပဟဲ့လို့ ဆိုပြီး စုစု အလိုတော်လည်း ကျစေ၊ ရွှကိုယ်တော်နှင့်လည်း တွေ့တော်မူရစေလို့ မနားမနေ အကြံထုတ်လိုက်ရတာ၊ ယခုဖြင့် နေရာကျပြီ ဆိုပတော့ မောင်မောင်ရယ်"
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်က အားရထက်သန်စွာနှင့် ဘယ်လိုနေရာကျတာလဲ အရီးဖုရားရဲ့၊ ကျွန်တော်တို့ ၀မ်းသာစမ်းရအောင် အမိန့်ရှိတော်မူပါဦး"

သစ် ။  "ပြောပါမယ် မောင်မောင်ရဲ့၊ အဲသည်လို စုထားဖုရား ညည်းတွားတော်မူလိုက်တဲ့ လက်စနှင့် ဆက်လက်ပြီး အရီးဖုရားကလည်း တစ်မျိုးတစ်မည် လှည့်ပတ်တဲ့ သဘောနှင့် စုထားဖုရားကို အရင်ကလို မင်းယောက်ျားကလေးအသွင် ၀တ်ဆင်တော်မူပြီး လှည့်လည်သွားလာနေတော်တူမူတာကို တစ်ခါတစ်ရံ ကြည့်မြင်လိုကြောင်း၊ အဆောင်တော်ထဲမှာ အောင်းပြီး မိန်းမကောင်းမတန်နေရသည့် အချိန်ကာလ တွေကလည်း အတော်ပင် ကြာခဲ့ပသဖြင့် အညောင်းပြေ အညာပြေ ဆိုသလို မင်းယောက်ျားကလေးလို တစ်လှည့်ဆင်ပြီး တောင်ဥယျာဉ်တော်ထဲသို့ လှည့်လည်တော်မူရန် ကောင်းကြောင်း၊ ဥယျာဉ်တော် အတွင်းမှာလည်း အခါတိုင်းထက် သာသာယာယာ ရှိနေကြောင်း၊ နိုင်ငံရပ်ခြားမှ ဆက်သရောက်လာသော ထူးထူးဆန်းဆန်း ပန်းသစ်ပင်တွေလည်း စုံလို့နေတဲ့အကြောင်း ရေကြည့်နန်းတော်ကလေးနှင့် ဘေးမဲ့ပေး၍ မွေးထားသော ရွှေငါး၊ ငွေငါးကလေးများလည်း ရှေးကထက် အတော်တိုးပွားနေကြောင်းများကို အာညောင်း လောက်အောင် ချီးကျူးတင်လျှောက်လိုက်တာနှင့် နက်ဖြန်ကို အရီးဖုရားနှင့် စုဖုရား တောင်ဥယျာဉ် တော်ကို ခေါင်းဆေးထွက်တော်မူတော့မည်တဲ့။ မယ်တော်ဖုရားကိုလည်း အခွင့်ပန်ကြားလို့ ပြီးစီးပါပြီ။ သည်အချက်မှာ မောင်မောင်တို့ ရွှေကိုယ်တော် ထွက်ကြွလာတော်မူဖို့ပါပဲ။ ကဲ... ဘယ့်က လောက် အရီးဖုရား အကျိုးတော်ဆောင်လိုက်ရတယ်ဆိုတာ ချင့်၍ ကြည့်ကြပါတော့ မောင်မောင်"
တုတ် ။ "ဟာ... သည်လိုဆိုရင် ရွှေကိုယ်တော်များကလည်း များများကြီး ၀မ်းသာတော်မူသွားမှာပဲ အရီး ဖုရားရဲ့။ အမယ်လေးလေး...မြန်မယ့် မြန်တော့လည်း တစ်ခါတည်းကို အပြီးအစီး ဖြစ်သွားတော့ တာပါပဲကလား။

ငယ် ။  "သည်လို ကြားသိရတာ အင်မတန်မှ ၀မ်းမြောက်ပါတယ် အရီးဖုရားရယ်၊ ကျွန်တော်တို့မှာတော့ အလွှာတော်နှင့် အကြောင်းပြန်လိမ့်မယ် အထင်နှင့် အဆင်သင့် မျှော်လို့ နေကြရပါတယ်။ ယခုလို ဗြုန်းခနဲ အကြောင်း ညီညွတ်လိမ့်မည်လို့ပင် မထင်မိသေးပါဘူး။ အရီးဖုရားတို့ စုဖုရားက သည်လိုတော့လည်း အတော် ရှားသားနော်"
တုတ် ။  "ဒါနှင့် အရှင်စုဖုရားကတော့ နက်ဖြန် မောင်တော်နှင့် တွေ့ဆုံတော်မူကြရလိမ့်မယ်ဆိုတာ သိတော်မူပြီးသား ဖြစ်မှာပေါ့နော် အရီးဖုရား။
သစ် ။ "ဒီလိုလေ... မောင်မောင်ရဲ့၊ အရီးဖုရားတို့ရဲ့ စုထားဖုရားက မောင်တော်ကို ချစ်အားသန်သဖြင့် အင်မတန်မှ စိတ်တော်တွင်းက တွေ့တော်မူချင်သည် တိုင်အောင် ဥပါယ်တံမျဉ်နှင့် ဟန်ဆောင် အလွန်ကောင်းပါသည်။ ရွှေကိုယ်တော်ကို သူ့အဆောင်တော်သို့ ကြွလာတော်မူပါတော့လို့ အကြောင်းပြန် ရမည်ကိုပင် အင်မတန်မှ ရှက်တော်မူသတဲ့ မောင်မောင်ရဲ့။ သို့အတွက်ကြောင့် စုဖုရားရဲ့ ပရိယာယ်တော် ကို အရီးဖုရားက ရိပ်မိပြီး ၀ိနည်းလွတ်အောင် ကြံဆောင်လျက် ဥယျာဉ်တော်သို့ ထွက်တော်မူဖြစ်အောင် သွေးဆောင် လျှောက်တင်ခဲ့ခြင်းပါ။ သည်ဟာကို စုဖုရားကိုယ်တော်တိုင် မရိပ်မိဘဲ ရှိမည်လား မောင်မောင် ရယ်။ အင်မတန် အလိမ္မာကြွယ်တော်မူတဲ့ စုဖုရားပါ"

တုတ် ။ "ဟာ... ဟုတ်မှလည်းလုပ်ပါ အရီးဖုရားရယ်၊ တော်တော်ကြာမှ ခွကျ၍နေပါဦးကလည်း အားကြီးကို ကြောက်ရွံ့စိုးရိမ်တော်မူတတ်ရှာတယ်။ ဒါကြောင့် တေ့တေ့ဆိုင်ဆိုင် ဖြစ်ခါမှ စုထားဖုရားကလည်း မရေရာ၊ ရွှေကိုယ်တော်ခမျာကလည်း မရဲနှင့် မလွှဲလွှဲ အမှားမှားဖြစ်ပြီး ခွအကျကြီး ကျကုန်ကြမလား အရီးဖုရား ရယ်"

သစ် ။ "အို... မောင်မောင်တို့ကလည်း မဟုတ်တာကို တွေးပြီး စိတ်လေးတော်မူမနေကြပါနှင့်။ အခါအခွင့် ကြည့်ပြီး ပိုင်လောက်တဲ့နည်းနှင့် ကြံစည်၍ ပေးခြင်းပါ။ သည်ကိစ္စအတွက်ဖြင့် အရီးဖုရားက ရဲရဲကြီး အားမခံ လို့ထားပါမယ်။ မဖွယ်မရာ မဖြစ်စေရပါဘူး။ နို့ပြီးတော့ အရီးဖုရားလက်ပေါ်မှာ စုဖုရားက နှုတ်တော်က ထွက်ရမှာကို ရှက်အားတော်ရှိသဖြင့် တပည့်လိမ္မာ ဆရာအာပတ်လွတ် ဆိုတဲ့သဘောနှင့် တမင်တကာ မရိပ်မိ မသိလေဟန်ပြု၍ နေတော်မူတာပါ။ ငါ့ အထိန်းတော်ကြီးဟာ သည်ယုန်ကိုမြင်လို့ သည်ချုံ ကို ထွင်တဲ့အကြောင်း ကောင်းကောင်းကြီး သိတော်မူပြီး ဖြစ်ပါတယ် မောင်မောင်တို့ရဲ့"
တုတ် ။  "ဒီလိုဆိုရင်လည်း စိတ်အေးရတာပေါ့ အရီးဖုရားရယ်။ သို့သော်လည်း အင်မတန်မှ စိုးရိမ် ကြောက်လန့်တော် မူတတ်တဲ့ ရွှေကိုယ်တော်ဖျားကိုတော့ ယခုလို အကြောင်းကို မသိတော်မူစေဘဲ စုဖုရားက မှာထားတော်မူလေဟန်နှင့် ကြံဖန်လျှောက်တင်မှ ဖြစ်မှာပဲ အရီးဖုရားရဲ့"

သစ် ။  "ဒါတွေကို အရီးဖုရားက အားလုံး နားလည်ပါတယ် မောင်မောင်ရယ်၊ သည်သတင်းစကားကို ရွှေကိုယ်တော်ဖျား တင်လျှောက်တဲ့အခါ မောင်မောင်တို့ နားသာ ထောင်နေကြပါ။ ကဲ..ကဲ အချိန်လည်း မရှိဘူး မောင်မောင်တို့ရေ၊ ရွှေကိုယ်တော်ထံသွား အရီးဖုရား ကိုယ်တိုင် လျှောက်ထားလာရဦးမယ်။ မောင်မောင်တို့ နှင့် အတူသွားလျှင်လည်း လူသူ လေးပါးမြင်လို့ မကောင်းသေးဘူး၊ သည်တော့ ခပ်မြန်မြန် မောင်မောင်တို့ နှစ်ယောက်က အိမ်တော် အရောက်ပြန်နှင့်ကြပါလေ။ အရီးဖုရား မြောက်ဥယျာဉ်တော်က ပန်းပြီး မြောက်ဘက်လမ်းက လာခဲ့ပါမယ်"
တုတ် ။  "ကောင်းလှပါပြီ အရီးဖုရား၊ ကိုင်း... ဒါဖြင့် ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"

    ဆိုကာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း တောင်ဥယျာဉ်တော်ထဲမှ ခပ်သုတ်သုတ် အိမ်တော်ရှိရာသို့ ပြန်လာခဲ့ကြလေ၏။
    အထိန်းတော်ကြီး ခင်ဘွားသစ်လည်း မှာရင်း စကားအတိုင်းပင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့ အိမ်တော်သို့ ရောက်ပြီးနောက် များမကြာမီပင် သီပေါမင်းသားရှေ့တော်သို့ ခစားမိ လေ၏။ သီပေါမင်းသား လည်း အထိန်းတော်ကြီးကိုယ်တိုင် ခစားရောက်လာခြင်းအတွက် အတိုင်း ထက် အလွန် ၀မ်းမြောက် တော်မူလျက် ပြုံးရွှင်ကြည်လင်သော မျက်နှာတော်ဖြင့်။
    "အထိန်းတော်ကြီးပါကလား၊ မပေါ်လာတာ အတော်ပင် ကြာခဲ့ပြီထင်သည်။ စုစုကော ကျန်းမာတော်မူပါရဲ့လား အထိန်းတော်ကြီးရဲ့"
    နှုတ်ခွန်းဆက်သတော်မူခြင်းကြောင့် ...

    "မှန်ပါ၊ ရွှေကိုယ်တော်ဖျား၏ မေတ္တာတော်များ ခိုလှုံတော်မူရသည့် အားလျော်စွာ စုထားဖုရား ကျန်းမာတော်မူကြောင်းပါ။ ကျွန်တော်မျိုးမ အခစား မ၀င်ရသည်မှာတော့ အရှင်စုဖုရား၏ အပါးတော်မှ ခွာ၍မရနိုင်အောင်ပင် ယုယုယယ ပြုရစုရနှင့် အမှုတော်က အများသားမို့ မအားမလပ်နိုင်အောင်ပင် ရှိသဖြင့် အရှင်ကို သတိရလျက်နှင့် အခစား ပျက်ကွက်ရခြင်းဖြစ်ကြောင်း အပြစ်တော်မတင်ရန် သနားတော် မြတ်ခံရကြောင်းပါ ဘုရား"

မင်းသား ။ "အပြစ်တော် မမူပါဘူးဗျာ၊ ကျုပ်ကလည်း အထိန်းတော်ကြီး အခစားမရောက်လာကတည်းက အမှုကိစ္စများပြီး မအားမလပ်ဘူးဆိုတာ တွေးမိပါရဲ့၊ ယခု အခစား ရောက်လာခြင်းဟာလည်း အထူးအရေးကြီးတဲ့ ကိစ္စကြောင့်သာ ရောက်လာခြင်းဖြစ်တယ်လို့ ယုံကြည်တော်မူမိတယ်"
သစ် ။ "မှန်လှပါ၊ ရွှေကိုယ်တော်ဖျားထံတော်မှ ပေးသနားတော်မူသော ရွှေလွှာတော်များနှင့် ပတ်သက်ပြီး ဘုရာ့ကျွန်တော်မျိုးမက အစစ အမှုတော်ထမ်းပြီးစီးပါသဖြင့် ကြွလာတော်မူရန် အချိန်အခါ သင့်မြတ်ကြောင်း လျှောက်တင်ရန် ဖြစ်ပါသည်ဘုရား"

    သီပေါမင်းသားလည်း အနည်းငယ် အံ့အားသင့်တော်မူသွားရာမှ အနီးအပါးတွင် ခစားနေကြသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ဘက်သို့ တစ်ချက်လှမ်းကြည့်တော် မူပြီးမှ ဣနြေ္ဒရရနှင့် ပြုံးတော်မူပြီး....
မင်းသား ။   "အထိန်းတော်ကြီးက ကျုပ်အတွက် အားကြိုမာန်တက် အမှုတော်ထမ်းရွက်နေကြောင်း သိရလို့ အားရတော် မူမိပါတယ်ဗျာ။ နို့ ... နေစမ်းပါဦး။ ကြွလာတော်မူရန် အချိန်အခါ သင့်မြတ်ပါပြီလို့ လျှောက်တင် လိုက်တဲ့ စကားအရ စုစုဆီက အလွှာတော်များ ပါလာပါသလား အထိန်းတော်ကြီးရဲ့"
သစ် ။ "ဘုရာ့ကျွန်တော်မျိုးမတို့ရဲ့ အရှင်ထိပ်စုဖုရားက အလွှာတော် ရေးသားပြန်ကြားရသည်ထက် သစ်သစ် ကိုယ်တိုင်သွား၍ သီပေါမောင်မောင်ရယ် ဖုရားကို လျှောက်ထားသံတော်ဦးတင်ချေပါလို့ စေတော်မူ လိုက်ခြင်း ဖြစ်ပါသည်ဘုရား"

မင်းသား ။  (ပြုံးတ်ာမူပြီး) " သြော် ... သြော် သည်ကိစ္စကြောင့် အထိန်းတော်ကြီး ကိုယ်တိုင် ရောက်လာ ရတယ် ဆိုပါတော့"
သစ် ။   "မှန်လှကြောင်းပါဘုရား"
မင်းသား ။  "သည်လိုဖြင့် ကျုပ်က စုစုရဲ့ အဆောင်တော်သို့ လာရတော့မှာပေါ့နော်"

    မနီးမဝေးမှ ခစားနေကြသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်ပြီး မပြုံးမိကြရန် အနိုင်နိုင် ဟန်လုပ်နေကြရလေ၏။
သစ် ။  "ဘုရာ့ကျွန်တော်မျိုးမ တင်လျှောက်ပါရစေဦးပါ ဘုရား။ အရှင်စုထားဖုရားနှင့် ရွှေကိုယ်တော်ဖျားတို့ နှစ်ပါး တွေ့ဆုံတော်မူရန် ဌာနမှာ စုထားဖုရား၏ အဆောင်တော်အတွင်း၍ အချင်းချင်း တွေ့ဆုံတော်မူမည် ဆိုပါက စုထားဖုရားကလည်း အဆောင်တော်တွင် ခစားထမ်းရွက်ကြသည့် အခြားသော အပျိုတော်များ၊ လက်ပါးစေ ကလေးအလယ်တွင် ရှက်တော်မူပါတယ်ဟု မိန့်တော်မူသည်တစ်ကြောင်း၊ အရှင်စုဖုရား၏ အဆောင် တော်မှာလည်း အနောက်မင်းမိန်းများ အဆောင်တော်များ၏ အလယ်ပိုင်းတွင် တည်ရှိတော် မူပါသောကြောင့် ရွှေကိုယ်ဖျား ထွက်ကြွလာတော်မူပါလျှင် အမှတ်မထင် လူသူတွေ့မြင် ရိပ်မိသွားကြမည် စိုးရိမ်မိသည် တစ်ကြောင်းကြောင့် စိတ်အေးချမ်း လုံခြုံစွာ ကြောင့်ကြမဲ့ တွေ့ဆုံတော်မူနိုင်ရန် အကောင်း ဆုံးဖြစ်တဲ့ နေရာဌာနတစ်ခုကို ကြည့်ရှုရှာဖွေရာတွင် တောင်ဥယျာဉ်တော်အတွင်းရှိ ရေကြည့် နန်းတော် ကလေးတွင် မင်းနှစ်ပါး အေးချမ်းစွာ တွေ့ဆုံ စံနေတော်မူပါရန် ရွေးချယ်ထားပြီး စုထားဖုရားကလည်း ထိုနေ့တွင် မင်းသမီးအသွင် ဖျောက်လျက် ရှေးကထက် ငယ်ရွယ်တော်မူစဉ်ကကဲ့သို့ မင်းညီမင်းသား အသွင် ၀တ်ဆင်တော်မူလျက် တောင်ဥယျာဉ်တော်သို့ ထွက်တော်မူ လိမ့်မည် ဖြစ်ကြောင်း ပါဘုရား"
မင်းသား ။  (အနည်းငယ် စသ်းစားတော်မူဟန်နှင့်) "အင်း... သည်လို စုစုက မင်းယောက်ျား ကလေး အသွင်နှင့် ထွက်တော်မူလာလျှင်ဖြင့် အတိုင်းထက်အလွန် ရောကျပါလိမ့်မည်။ ကျုပ်ကလည်း အနောက် ဆောင်တော်ထဲသို့ လာရမှာကို မရဲဘူးဗျ။ သည်အကြံဟာ အင်မတန် ဟန်ကျတာပဲ။

သို့သော်လည်း တစ်ခုစဉ်းစားစရာ ရှိတာက တောင်ဥယျာဉ်တော်ထဲမှာ ဆိုလျှင် မင်းမှုထမ်းကြီးငယ်များ အခြားသော မင်းသမီး မင်းသားများ အခါမပြတ် ထွက်ဝင်သွားလာရာဖြစ်တဲ့ နေရာဌာနဆိုတော့ ကျုပ်နဲ့ စုစုနဲ့ ယခုလို တွေ့ဆုံတော်မူသည်ကို တစ်စုံတစ်ယောက်က တွေ့မြင်၍ မသွးနိုင်ပေဘူးလား၊ စုစုက မင်းယောက်ျား လေးအသွင် ၀တ်ဆင်တော်မူထားသဖြင့် အဝေးက တွေ့မြင်ရသူများက သင်္ကာယန ကင်းရှင်း သည်ထားဦး တောင်ဥယျာဉ်တော်အတွင်းသို့ မကြာခဏ အပျင်းပြေ ထွက်တော်မူလေ့ရှိတဲ့ နောင်တော်ကြီး သုံးဆယ်ကိုယ်တော်ကြီးတို့၊ ညောင်ရမ်းကိုယ်တော်ကြီးတို့၊ မက္ခရာကိုယ်တော်ကြီးတို့နှင့် ရင်ဆိုင် တိုးမိလျှင် ငါ့ ညီညီတို့ ဘာလုပ်နေကြသလဲဆိုပြီး အနီးသို့ ရောက်လာမှ ဖုံးမရ၊ ဖိမရနှင့် သာ၍ ခွကျကုန် တော့မှာပဲ အထိန်းတော်ကြီးရဲ၊ ကျုပ်ကလည်း သူတကာနှင့် တွေ့မြင်ရမှာထက် သည် နောင်တော် ကြီး သုံးပါးနှင့် တွေ့ရမှာများ အားကြီး စိုးရိမ်မိပါတယ်"

သစ် ။  "သည့်ကလောက်တောင် အတွေးတော်ခေါင်ပြီး တောင်တောင်မြောက်မြောက် အရေးတွေကို စိုးရိမ်တော်မမူစေလိုပါဘုရား။ တကယ့်တကယ် နောင်တော်ကြီးဘုရားများနှင့် တွေ့တော်မူ သွားသည်တိုင်အောင် နောင်တော်ကြီးများက ကိုယ်ချင်းစာတရားနဲ့ အင်း... ငါတို့ပင် ကြင်သက်တော် မိဖုရားတွေ အများကြီး ယူနေသေးတာ၊ သူ့ခမျာများ အသက်ကလေးတွေကလည်း အငယ်သားမို့ သနား စရာ၊ ကိစ္စချောမောသွားရှာပါစေဆိုတဲ့ စေတနာမျိုးထားပြီး ခမည်းတော်ဘုရားကိုပင် လက်ထပ်ပေးသနား တော် မူစေရန် ကူညီပြီး အမိန့်တော် ခံပေးပါလိမ့်ဦးမည်ဘုရား"
မင်းသား ။ (ပြုံးတော်မူပြီး) "ကျုပ်နောင်တော်ကြီးများရဲ့ စိတ်တော်ကတော့ ချစ်ခင်ကြင်နာတော် မူတတ် ကြောင်း ကောင်းကောင်းသိပါရဲ့ဗျာ။ ဒါပေမဲ့ ကိုယ်က အပြစ်တင် မကင်းစရာ အလုပ်ကို လုပ်မိတော့ အတွေး နှင့် တရေးရေး လန့်တော်မူမိသေးတာပဲ အထိန်းတော်ကြီးရဲ့။

သစ် ။ "စိတ်အေးအေးသာ ကြွလာတော်မူပါဘုရား၊ ဘုရာ့ကျွန်တော်မျိုးမက တကယ်တွေ့တော် မူကြသည့်တိုင်အောင် စိုးရိမ်ရန် မရှိတဲ့အကြောင်းကို ထင်ရှားစေလို၍သာ လျှောက်တင်ရခြင်း ဖြစ်ပါတယ်၊ စင်စစ် အားဖြင့်လည်း သုံးဆယ်ကိုယ်တော်ကြီးမှာ အမိန့်တော်နှင့် စစ်ကိုင်းဘက်က ၀တ်ချက်ရွာသို့ ထွက်တော်မူသွားပါတယ်၊ က္ခရာကိုယ်တော်ကြီးမှာလည်း စက်ရုံတော်များသို့ အကြည့်အရှု အစစ်အဆေး သွားတော်မူရသော ရက်အတွင်း ဖြစ်ပါတယ်။ ညောင်ရမ်း ကိုယ်တော်များသို့ အကြည့်အရှု အစစ်အဆေး သွားတော်မူရသော ရက်အတွင်း ဖြစ်ပါတယ်။ ညောင်ရမ်းကိုယ်တော်ကြီးမှာလည်း ရွှေကိုယ်တော်ကြီးမှာ လွှတ်တော်ဝန်ကြီးများနှင့် တွဲဖက် တရားစီရင်တော်မူရသော အလှည့်ကျနေပါတယ်၊ သို့အတွက် ယခုရက် အတောအတွင်းတွင်ဖြင့် သည်ကိုယ်တော် မင်းသားကြီးသုံးပါးဟာ ဘယ်နည်းနှင့်မျှ တောင်ဥယျာဉ် တော်အတွင်းသို့ ထွက်ကြွလာတော်မမူနိုင်ကြောင်းပါဘုရား"

မင်းသား ။  "အင်း... ဟုတ်ပေသားပဲ။ အထိန်းတော်ကြီးကပင် သိရှိပေသေးရဲ့။ ဒါဖြင့် ကျုပ် စိတ်ထင့်စိုးရိမ်တော်မူစရာအရေးက တစ်စခန်းအေးသွားပြန်ပေပြီ။ ကဲ...ကဲ သည်လိုဖြင့် စုစုက ဘယ်နေ့ ဘယ်ရက်မှာ တောင်ဥယျာဉ်တော်သို့ ထွက်တော်မူမည်တဲ့လဲ အထိန်းတော်ကြီးရဲ့"
သစ် ။  "တင်ပါ၊ အရှင်ထိပ်စုမြတ်ဖုရား၊ တောင်ဥယျာဉ်တော်သို့ ထွက်တော်မူရန် အရေးနှင့် မယ်တော် ဘုရားထံ အမိန့်တော်ခံ၍လည်းရ အစစလည်း အခွင့်အခါကြိုက်ညီသဖြင့် နက်ဖြန် နေ့နှစ်ချက် မတီးမီ တောင်ဥယျာဉ် တော်စခန်းရှိ ရေကြည်စံနန်းတော်သို့ စုထားဖုရား ကြွလှမ်းထွက်ချီတော် မူပါလိမ့်မယ်။ သို့အတွက် ရွှေကိုယ်တော်ဖျားကလည်း နေ့နှစ်ချက်မတီးမီပင် တောင်ဥယျာဉ် အတွင်း သင့်လျော်ရာ ဌာနတွင် ကြွရောက်စောင့်စားတော်မူနှင့်ပါမည့် အကြောင်းပါ ဘုရား"

မင်းသား ။   (အံ့အားသင့်ဟန်နှင့်) "အလို... သယ်မြန်လိုက်ပါကလား အထိန်းတော်ကြီးရဲ။ ကျုပ်စိတ်ထင်မှာ နှစ်ရက်တန်သည်၊ သုံးရက်တန်သည် ဆိုင်းငံ့ရဦးမည် ထင်မိတယ်"
သစ် ။ "မှန်ပါ၊ အခါအခွင့် သင့်တုန်းကို ဗြုန်းဗြုန်းဒိုင်းဒိုင်း ဆိုသလိုပင် စီစဉ်လိုက်ရခြင်းဖြစ်ကြောင်းပါ။ အချိန်ကိုဆွဲ နေ့ကိုလွဲနှင့် မရဲတရဲသာ ပြုနေရမည်ဆိုပါက စုထားဖုရားကလည်း ရှက်တော်မူ တတ်တာ နှင့်ဆိုတော့ အခါအခွင့် တော်တော်နှင့် သင့်နိုင်မည် မဟုတ်တဲ့အတွက် ကျွန်တော်မျိုးမက ရုတ်တရက် အကြံ ပေး၍ စုထားဖုရားကလေးကလည်း သဘောတော်ကျသဖြင့် ချိန်းဆိုရခြင်းဖြစ်တဲ့အတွက် နက်ဖြန် ဆက်ဆက် ထွက်တော်မူပါမည့် အကြောင်းပါဘုရား"

မင်းသား ။ "အို... လာမှာပေါ့ အထိန်းတော်ကြီးရဲ့၊ ဘယ့်နှယ် မလာဘဲရှိတော်မူရသတုံး။ စုစုကို တွေ့မြင်တော်မူချင်လှလို့ တမင်တကာ မှာလွှာတော်သပြီး မကြာခဏ အခွင့်တော် တောင်းပါလျက် ကနှင့် ဆက်ဆက် ကြီးကို လာပါမယ် ဆိုတာ စုစုကို တင်လိုက်ပါဗျာ"
    ခပ်သွက်သွက်နှင့် စိတ်ပါလက်ပါ မိန့်တော်မူလိုက်လေရာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ အင်း... တို့ရွှေကိုယ်တော်ဘုရားလည်း ယခုလိုတော့ အတော်အဟုတ်သားပါကလားဟု အချင်းချင်းသာ နားလည် သော အဓိပ္ပာယ်နှင့် အမှတ်တမဲ့ ပြုံးကြည့်နေမိလေ၏။

    ထို့နောက် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း လျှောက်တင်ရန် အခွင့်အရေး ပြီးစီးသွား သည်နှင့် သီပေါ မင်းသားအိမ်တော်မှ ထွက်ခွာသွားလေရာ သီပေါမင်းသားမှာ ထိုင်တော်မူနေရာမှ မထသေးဘဲ အပါးတွင် ခစားနေကြသည့် မောင်မောင်ငယ်တို့အား လှမ်း၍ ရှုစားတော်မူကာ...
    "ကိုင်း... မောင်မင်းတို့၊ ငါ့အနား လာကြစမ်းပါဦး၊ ဗြုန်းဗြုန်းဒိုင်းဒိုင်းနှင့် မြင်းကောင်း ဒုန်းစိုင်းသလို နက်ဖြန် နေ့နှစ်ချက်မတီးမီကို တောင်ဥယျာဉ်တော်သို့ ထွက်တော်မူရတော့မယ်။ ငါကလည်း လာခဲ့ပါမယ်လို့ အာမခံတော်မူလိုက်ရပြီ။ သည်ဇာတ်ထုပ်ကို ဘယ်လိုခင်းမလဲ။ မောင်မင်းတို့ပဲ စီမံခဲ့ကြတဲ့အတွက် ဇာတ်ကွက်ကို ဘယ်လို ကပြရမယ်ဆိုတာကို ပြောကြဦးမှပကွယ်ရို့" ပြက်ရယ် ပြုတော်မူသလိုလိုနှင့် မချိုမချဉ်ပြုံး၍ မိန့်တော်မူလျှင် မောင်မောင် ငယ်နှင့် မောင်မောင်တတ်တို့လည်း မင်းသားအပါးတော်သို့ တိုး၍ ခစားကာ မောင်မောင်တုတ်က စ၍...

    "မနက်ဖြန် နှစ်ပါးတွေ့တော်မူကြတဲ့အခါ ရွှေကိုယ်တော်ဖျားက စတင်၍ ယုယကြင်နာစွာ နှုတ်ခွန်း ဆက်သတော်မူပြီးတဲ့နောက် စုထားဖုရားကို မည်ကဲ့သို့ ရွှေမေတ္တာထား၍ ချစ်အားသန် တော်မူ ခဲ့ရသည့်အကြောင်း၊ ဤသို့ အဝေးမှ ချစ်တော်မူရရုံနှင့် အားရတင်းတိမ်တော် မမူနိုင်ဘဲ နှလုံး သည်းပွတ် တမျှ ချစ်ကြင်မြတ်နိုးတော်မူလှတဲ့ စုထားဖုရားနှင့် နှစ်ပါးတူပြိုင်၍ ရွှေသစ္စာမဏ္ဍိုင်ကို ကြုံ့ခိုင်အောင် စိုက်တော် မူလိုလှသဖြင့် တွေ့ဆုံတော်မူခွင့်ပေးရန် အတန်တန် အခွင့်အရေး တောင်းရကြောင်း၊ ယခုလို တွေ့မြင်တော် မူရတဲ့အခါ အလွန်တရာမှ ၀မ်းမြောက်တော် မူရတဲ့ အကြောင်းများကို မိန့်ကြားတော်မူပြီး နောင်ကိုလည်း ဘယ်အခါမျှ ရွှေမေတ္တာမယိမ်းယိုင်သက်ဆုံးတိုင်..."
    စကားမဆုံးမီ သီပေါမင်းသားက ဖြတ်၍...

    "တန်စမ်းပါ ငတုတ်ကယ်၊ ဒါတွေကို ငါလည်း နားလည်သင့်သလောက်တော့ နားလည်တော် မူပါတယ်။ ငါမေးတော်မူချင်တာက သည်စကားတွေရဲ့အပြင် ငါနှင့် စုစုတို့ရဲ့ နောင်ရေးအတွက် ဘယ်လို ခရီး ထွက်ကြမယ်ဆိုတဲ့ အကြောင်းပါ"
    မိန့်တော်မူသောအခါ မောင်မောင်တုတ်က...
    "သည်အရေးမှာတော့ အရှင်နှစ်ပါး အတူတကွ ဆွေးနွေးတော်မူမှ ဖြစ်ကြမည့် အရေးမို့ ကျွန်တော်မျိုး များက သင်ညာမပေးဆက်တတ်ပါဘုရား"
    လျှောက်ထား၍ မင်းသားလည်း ...

    "အေးလေ ... သည်နှယ်ဖြင့် ရှိပါစေတော့။ စုစုနှင့် တွေ့မှပင် တိုင်ပင်တော်မူရတော့မည်"
    ဆိုကာ စံနေရာမှထ၍ အညောင်းအညာဖြေတော်မူလေလျှင် ငယ်ကျွန်တော်များကလည်း သီပေါမင်းသား စိတ်ထားရွှင်ပြတော်မူနေကြောင်း သိသဖြင့် အလိုက်တည့် စောင်းကောက်တီး၍ အဆိုတော်များ ဆက်ကြလေရာ မောင်မောင်ငယ်မှာ အထူးစိတ်လက်ပါစွာနှင့် နှစ်ကိုယ်တွေ့ တေးထပ် သဖြန်နှင့် ညဥ့်အတန် နက်သည့်တိုင်အောင် တစ်အိမ်တော်လုံး တပြုံးပြုံး ရွှင်ပျော်လျက် ရှိကြလေ သတည်း။

    နံနက်မိုးသောက် အလင်းသို့ ရောက်သည့်အချိန်ကစပြီး လူပျိုတော်ကြီး နှစ်ဦးဖြစ်သော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ မိမိတို့ အရှင်သခင် တောင်ဥယျာဉ်တော်သို့ ထွက်ကြွ တော်မူရန် အရေးကြောင့်၊ ၀တ်လဲတော်ပုဆိုးများအနက်မှ အလှဆုံးနှင့် အကောင်းဆုံးကို ရွေးချယ် နေကြစဉ် ဆံတော်ရှင်း မောင်အောင်မြတ် ၀င်လာပြီး မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အနီးတွင် ထိုင်ကာ။

    "ဘယ့်နှယ် မောင်မောင်တို့၊ သည်ယနေ့ မိုးလင်းသည့်အချိန်ကစပြီး သည်အဆောင်တော်ထဲမှာ မောင်မောင်တို့နှစ်ဦး အထူးကိစ္စများနေဟန်ဖြင့် တောင်လှန်မြောက်လှန် မောလို့ပင် နေကြပါပြီ။ ဘယ်လိုအရေးကိစ္စများကြောင့် နှစ်ယောက်သား သို့ကလောက် ဗျာများ၍ နေကြသည်တုံးဗျ"
    မေးလာသောကြောင့် အရေးရှုပ်နေသော မောင်မောင်တုတ်လည်း ဆံတော်ရှင်း မောင်အောင်မြတ် မေးလာသည်တွင်မှ တစ်စုံတစ်ခု သတိရဟန်ဖြင့် ...

    `ဪ... အမြတ်ပါကလား၊ အဆင်သင့်ပဲလေ၊ ပြောစရာရှိတုန်းပဲ၊ ခင်ဗျားကလည်း မေးနေမှ ပြောရတာပ။ အကြောင်းက ဒီလိုဗျ။ ကျုပ်တို့ ရွှေကိုယ်တော်ဖျားအတွက် ဆံတော်ရှင်းဘက်ဌာနက ခင်ဗျားအမှုတော်ထမ်းရသူ ဖြစ်တဲ့အတိုင်း သည်ယနေ့တော့ ကျုပ်တို့ ရွှေကိုယ်တော်ဖျားကို အခါတိုင်းထက် ထူးခြားလှပသော သျှောင်တော်ချောချောကြီး ထုံး၍ ဆက်လိုက်ပါဘိ၊ အမြတ် လက်စွမ်းကုန် ရှိသမျှ ကြိုးစားပေတော့လို့ ပြောချင်တယ်ဗျာ"

    ခပ်ပြုံးပြုံးနှင့် ပြောသောကြောင့် ဆံတော်ရှုင်း မောင်အောင်မြတ်ကလည်း မောင်မောင်တုတ်၏ မျက်နှာကို မသင်္ကာသလိုကြည့်၍ ပြုံးကာ...
    "ဘာအကြောင်းကြောင့်တုံး မောင်မောင်တုတ်ရဲ့။ ကျွန်တော်တို့ကိုလည်း ဟုတ်သလောက် အရေးကို သိခွင့်ပေးဦးမှပေါ့ဗျ။ သျှောင်တော်ချောချောကြီးထုံး၍ ဆက်ဖို့ကတော့ ကျုပ်အလုပ်မို့ တကယ့် တကယ် အရေးမှန်းသိရတဲ့အခါ အခါတိုင်းလို သာမန်လက်ရာထက် ဆယ်ထမ်းပိုးဖြစ်အောင် လုပ်ရပေမှာပေါ့ ကိုယ့်လူရာ"
    ပြောသောကြောင့် မောင်မောင်တုတ်က ...

    "ယနေ့အဖို့ အရှင်စုဖုရားနှင့် ကျုပ်တို့ ရွှေ့ကိုယ်တော်ဖျား တောင်ဥယျာဉ်တော်အတွင်း နှစ်ပါးတွေ့ဆုံတော်မူကြရမယ်၊ ဒါကြောင့်ဗျ။ ဆံတော်ရှင်းရာတွင် အမြတ်လက်စွမ်းကုန်ကြိုးစား" ဆိုသည်တွင် ဆံတော်ရှင်း မောင်အောင်မြတ်မှာ အားတက်ဝမ်းမြောက်သွားသော အမူအရာဖြင့် ...
    "ဪ...ဟုတ်ကဲ့လား မောင်မောင်ရဲ့။ သည်လိုဆိုလျှင် ကျွန်တော်ကလည်း အထူးပဲ ကြိုးစားပါမယ်ဗျ၊ အနို့ ... မောင်မောင်တို့ကကော ဘာများ အလုပ်ရှုပ်ကြရတာတုန်းလို့"
    "ကျုပ်တို့လည်း ကျုပ်တို့နှင့်ဆိုင်ရာ ဆိုပါတော့ဗျာ၊ ဟောဟို... မောင်မောင်ငယ်ဆိုတဲ့ လူကလည်း သည်ကနေ့ မိုးလင်းကတည်းက ဗောင်းတော်အစ်ထဲက ဗောင်းတော်ပ၀ါ ရွေးနေတာ ယခုတိုင် အကြိုက် မတွေ့သေးဘူးဗျ။ ကျုပ်ကလည်း ဟောသည် ယွန်းသေတ္တာတော်ထဲက ၀တ်လဲတော် ပုဆိုးများ ရွေးချယ် လို့ကို မရသေးသလို ဖြစ်နေပြီ။ ဖိနပ်တော်ဆိုင်ရာက မောင်မောင်နွဲ့ ကလေးမှာလည်း ယခုနေ အတော်ပဲ အလုပ်ရှုပ်၍ နေချိမ့်မည်ဗျ။ ကျုပ်တို့တစ်တွေမှာ ကိုယ့်အရှင်သခင်ရဲ့ အရေးမို့ လိုလေသေးမရှိရအောင် လှတ်ာမူစေချင်တဲ့ စေတနာတွေက ရှိနေကြသကိုး အမြတ်ရဲ့"
    ဆိုသည်တွင် မောင်မောင်ငယ်က ဆင်တော်မူရန် ဗောင်းတော်ပ၀ါ တစ်ခုကို ပြကာ ...

    "ကိုရင်တုတ်ရေ ... ကျုပ်တော့ ဘာပဲဖြစ်ဖြစ် အခြားထွေထွေထူးထူးတွေကို ရွေးချယ် မရနိုင်အောင် ရှိနေတဲ့အတူ ဟောသည် စကားဝါရောင်ခံ ပုသိမ်ပါဝ စံပယ်ကြဲကလေးကိုပဲ ရွေးလိုက်တော့မယ်ဗျ။ ပြောသဖြင့် မောင်မောင်တုတ်ကလည်း မိမိအကြိုက်ဆုံးဖြစ်သော ၀တ်လဲတော် တစ်ထည်ကို မြှောက်ကိုင်ပြကာ။

    "အဲ... သည် ပုသိမ်စပယ်ကြဲပ၀ါကို ခင်ဗျားက ရွေး၍ရလျှင် ကျုပ်ကလည်း ဟောသည် ရာကျပန်းစုံ ကြိုးကြီးချိတ် ၀တ်လဲတော်ပုဆိုးနှင့် ပိုးသား ထိုင်မသိမ်းအင်္ကျီကိုပင် ရွေးချယ်လိုက်တော့မယ်ဗျ။ ဒါမှ လိုက်လျောပါလိမ့်မယ်။ ဖိနပ်တော် မောင်မောင်နွဲ့ကလေးကိုလည်း ကြံ့ရောင် ကတ္တီပါဖိနပ်တော်ကို အသင့်ထုတ်ထားစေဖို့ ပြောမယ်ဗျ"
    ဆိုစဉ် အတွင်းဆောင်မှ မောင်မောင်လူ မျက်နှာသစ်ခံ ငွေဖလားကြီးကို ပိုက်လျက် အပြင်သို့ ထွက်လာသည်ကို မြင်ရသောကြောင့်။
    "ဟော ... ဟော အမြတ်ရေ။ ရွှေကိုယ်တော်ဖျား မျက်နှာသစ်တော်ရေ ကျတော်မူပြီ။ ဆံတော်ရှင်းရန်အတွက် မြန်မြန်ထက်ထက် အဆောင်တော်တွင်းသို့ ၀င်ပေတော့။ ကျုပ်ပြောတာကို မမေ့နှင်ဗျနော်"

    ပြောလိုက်သောကြောင့် ဆံတော်ရှင်း မောင်အောင်မြတ်မှာ ထိုင်ရာမှ ကပျာကယာ ထလိုက်ကာ ...
    "အို ... ဒါကိုတော့ စိတ်သာချပါ မောင်မောင်ရယ်။ ကျွန်တော်ကလည်း ကိုယ့်အရှင် သခင်ရဲ့ အမှုတော်ကို အချက်ပေါ်တိုင်း လက်စွမ်းကုန် ဆောင်ရွက်ပေးချင်တဲ့ အပေါ်မှာ ယနေ့ အဖို့တော့ဖြင့် ကျွန်တော်တို့ ရွှေကိုယ်တော်ဖျားကို အရှင်ထိပ်စုဖုရားက သျှောင်တော်ကလေး လှတဲ့အတွက် ခါတိုင်းထက် စွဲမက်ပြီး မခွဲရက် မခွာချင် ဖြစ်တော်မူသွားအောင်ကို ကြိုးစားလိုက်ပါမယ်ဗျာ"
    ဆိုပြီး သီပေါမင်းသား ရှိတော်မူရာ အဆောင်တော်ထဲသို့ ၀င်သွားလေသတည်း။

    ယင်းသို့နှင့်ပင် ထိုနေ့နံနက်ခင်း တစ်ချိန်လုံးတွင် မောင်မောင်တုတ်၊ မောင်မောင်ငယ် အမှူးထားလျက် များစွာသော လူပျိုတော်များမှာ အထူးသဖြင့် အလုပ်များနေကြလျက်ကပင် အချိန်နာရီတို့ကလည်း တစ်စတစ်စ ကုန်ဆုံးသွားကာ နံနက်စာ ပွဲတော်များ တည်ပြီးရာမှ နောက်ဆုံးတွင် နေ့တစ်ချက်တီး အချိန်သို့ ရောက်လာသောကြောင့် သီပေါမင်းသားလည်း ရင်းနှီးသော လူပျိုတော်ကြီးများ ဖြစ်ကြသည့် မောင်မောင်တုတ် နှင့် မောင်မောင်ငယ်တို့ ပြုပြင်ဆက်သသော ၀တ်လဲတော် ဗောင်းတော်များကို ဆင်တော် မူရင်း။
    "ဘယ့်နှယ်တုံး မောင်မင်းတို့ရဲ့။ တောင်ဥယျာဉ်တော်အတွင်းမှာ ငါကိုယ်တော်မြတ်က ဘယ်မှာနေတော်မူ၍ စုစုက ဘယ်မှာ စံတော်မူနေမယ် မသိရသေးပါကလားဟရို့"
    မေးတော်မူ၍ မောင်မောင်တုတ်က ...

    "မှန်ပါ၊ ထိပ်စုဖုရားကတော့ ရေကြည့်နန်းတော်ကလေးအနီးတွင် စံတော်မူနှင့်ပါလိမ့်မယ် ဘုရား။ ရွှေကိုယ်တော်ဖျားနှင့် ကျွန်တော်မျိုးများက ဥယျာဉ်တော်အတွင်း အမှတ်မထင် ထွက်တော်မူလာသလိုနှင့် စုဖုရားစံတော်မူရာဆီသို့ ကြွချီတော်မူရမည် ဖြစ်ပါတော့သည်"
မင်းသား ။  "သည်လိုဖြင့် စုစုမှာ အထိန်းတော် ခင်ဘွားသစ်သာမက အခြားအပျိုတော်ကလေးတွေလည်း အသင့်အတင့်ပါလာကြမယ် ထင်ပကွယ်။ သူ့အပျိုတော်တွေရဲ့ အလယ်မှာ ငါကိုယ်တော် ဘယ်လို မျက်နှာထားပြီး စုစုအပါး သွားတော်မူရမည် မသိနိုင်အောင် ရှိတော်သည်ကွဲ့"

တုတ် ။  "သည်အရေးကိုတွေးပြီး လေးတော်မူနေဖို့ မရှိပါဘုရား၊ အခြွေအရံ ကျေးကျွန် သင်းပင်းတို့ မည်သည်မှာ "ဗောင်းတော်ညိတ် စိတ်တော်ကို သိရမည်" ဆိုသည့် အတိုင်း အင်မတန်မှ အကင်းပါး ကြရသူတွေ ဖြစ်ပါတယ်၊ ထို့အပြင်မှာလည်း ယခုကိစ္စအတွက် အထိန်းတော်ကြီး ခင်ဘွားသစ်က စနစ်ကျကျ စီမံဖန်တီး၍ ဇာတ်အုပ်ကြီးကဲ့သို့ ဦးစီးနေသူ ဖြစ်သည့်အတိုင်း အရှင်နှစ်ပါးအား လွတ်လွတ် လပ်လပ် ကျယ်ကျယ်လွင့်လွင့်နှင့် အခွင့်အရေး ရှိသလောက် ထိထိ ရောက်ရောက် ခွန်းတုံ့လှယ် တော်မူနိုင်စေရန် အရန်သင့် စီစဉ်ပြီးသား ဖြစ်ပါလိမ့်မယ်ဘုရား"
မင်းသား ။ " အေး... သည့်နှယ်ဖြင့် ကောင်းပါရဲ့၊ ကိုင်း...ကိုင်း ထွက်တော်မူဖို့ အချိန်သင့်တော်ပြီလား မောင်မင်း"

ငယ် ။ "မှန်လှပါ။ ပဟိုရ် တစ်ချက်တီးပြီးကြောင်းပါ၊ အရှင်စုဖုရား မျှော်တော်မူ၍ပင် နေလောက်ပါပြီဘုရား"
    သီပေါမင်းသားလည်း ယိုးဒယားခြူးပန်း၊ ခြူးနွယ်တို့ဖြင့် ထုလုပ်ခြယ်လှယ်ထားသော ကိုယ်လုံးပေါ် ကြေးမုံပြင်ကြီးတွင် ၀တ်ဆင်တော်မူထားသော ၀တ်လဲတော်၊ ဗောင်းတော်များ ဟန်ပန်ကျ မကျ မကြာခဏ ရှုစား ပြုပြင်တော်မူလျက်ရှိရာမှ။
    "ကဲ...ကဲ အချိန်သင့်လျှင် ထွက်တော်မူတော့မယ် မောင်မင်းများ၊ ငါ့နောက်တော်မှ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ နှစ်ဦးတည်းသာ လိုက်ပါခဲ့ကြပေတော့"
    မိန့်တော်မူသည်တွင် မောင်မောင်ငယ်က ၀င်၍ ...

    "မှန်လှပါ၊ ခြေကျထွက်တော်မူရမည်လည်း ဖြစ်ပါသည်။ နေ့တစ်ချက်တီးအခါ ဖြစ်၍ နေမင်းကလည်း အလွန်မှ ပူပြင်းလှပါတော့သည်။ ရွှေထီးတော်မိုးရန်အတွက် မောင်မောင်နွဲ့ ကလေးနှင့် ကွမ်းရေတော်အတွက် အဆောင်တော်ကိုင် နှစ်ယောက်လောက် လိုက်ခွင့်ပြုတော်မူပါဘုရား"
    လျှောက်ထားသည်နှင့် သီပေါမင်းသားက ...
    "ဟာ ... ကွမ်းကိုင်၊ ရေကိုင်တွေ အလိုမရှိဘူး မောင်မင်း၊ နေပူငြိမ်းရုံ ထီးတော်မိုး မောင်မောင်နွဲ့ ကလေး တစ်ယောက်သာ ခေါ်ခဲ့ပါဘိ"
    မိန့်တော်မူလျက် အဆောင်တော်ထက်မှ ဆင်းသက်ကြွချီတော်မူလာသောကြောင့် နောက်တော်မှ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ကိုယ်တိုင် ပတ္တမြားစီ ရွှေကွမ်းအစ်နှင့် ရွှေရေတကောင်းတွင် ပတ္တမြား သုံးရစ်ခြယ် ရွှေဖလားအုပ်လျက် ကိုင်ယူကာ မောင်မောင်နွဲ့ ကလေးက ရွှေထီးတော်မိုး၍ လိုက်ပါ လာကြရလေ၏။

    သီပေါမင်းသားမှာ အရွယ်ကလည်း ငယ်ငယ် ရူပနိကာယ် အသွင်သဏ္ဍာန်မှာလည်း မယ်တော်ဘက်က ကမ္ဗောဇထီးနန်းမှ ရှမ်းသွေးမကင်းတော်မူသည့်အလျောက် အသားတော်ဖြူ မြူလဲ့တွင် ၀တ်ဆင်တော် မူခဲ့သော ရာကျလွန်းပြန် ပန်းစုံကြိုးခေါ် အစိမ်းကြိုးပုဆိုးနှင့် စကားဝါ ရောင် ပုသိမ်ပ၀ါကို ဗောင်းတော် ဆင်လျက် ပိုးသား ထိုင်မသိမ်း၊ ကြံ့ရောင် ဖိနပ်ကို ဆင်တော်မူထားခြင်းတို့ကြောင့် အသားရောင် အထူးတောက်ပ တော်မူပြီး ၀င်းဝင်းပြောင်ပြောင် အရောင်တဖိတ်ဖိတ်ထွက်နေသော ရွှေထီးတော်ဖြင့်လည်း ရှုမငြီးနိုင်သော အဆင်းကို ဆောင်တော် မူလျက် ရှိချေ၏။

    ထိုအချိန် ထိုအခါတွင် မြတောင်မင်းသမီး စုဖုရားလတ်မှာလည်း လက်ယာဘက်တွင် သျှောင်ဆံမြိတ်ကွင်းကျကြီး ထုံးဆင်တော်မူလျက် စစ်ကိုင်းချိတ်ခေါ် အ၀ါနုလွန်းပြန် ရာကျကြီး ပုဆိုးကို ဆင်တော်မူခါ လွန်ခဲ့သည့် နှစ်များက မင်းယောက်ျားကလေးများအသွင် ဆင်ယင်တော်မူခဲ့သည့် နည်းအတိုင်း ၀တ်စားဆင်ယင်တော်မူပြီး တောင်ဥယျာဉ်တော်ထဲရှိ ရေကြည်စံနန်းတော် ကလေး၏ တစ်ဖက် အစွန်း အီတာလျံကျောက်ဖြူတို့ဖြင့်ပြီးသော ကျောက်သလွန်ကလေးပေါ်တွင် စံတော်မူကာ ဖန်သား မှန်သားပမာ ကြည်လင်လှသည့် ရေထဲတွင် ဘာသာဘာဝ ရွှေငါး၊ ငွေငါးကလေးများကို ရှုစားတော် မူလျက် တစ်ခါတစ်ရံလည်း ပဒုမ္မာကြာဖက်ကြီးများပေါ်သို့ ငုပ်ချည်ပေါ်ချည် တက်ချည် ဆင်းချည် ပြုနေကြသည့် ဖားပေါင်စင်းကလေးများကို ရှုစားပြုံးရယ်တော်မူပြီး အပါးမှ ခစားလျက်ရှိသော အထိန်းတော်ကြီး ခင်ဘွားသစ် လက်တွင်းရှိ ဆယ့်နှစ်ရာသီ ရွှေဖလားထဲမှ ငါးစာ ပေါက်ပေါက်ပန်း ကလေး များကို နှိုက်ယူပစ်ခတ် ကျွေးမွေးကာ အပျော်ကြီး ပျော်တော်မူနေလေ၏။

    နေရောင်ခြည် အင်အားများသလောက် ပွင့်ပွင့်ကားကားနှင့် မွှေးရနံ့ထုံထုံ ၀တ်မှုံဝတ်ရက် ပြည့်ပြည့်၀၀ ရှိကြသော ပဒုမ္မာကြာဖြူပွင့်ကြီးများမှာလည်း ညင်းလေသွဲ့သဖြင့် တနွဲ့နွဲ့ တယိုင်ယိုင် ကလှိုင်လှိုင် တသင်းသင်း ပခုံးချင်းထိ၍ အိကာ အိကာ ဘယ်ညာဟန်နွဲ့လျက် ရှိကြသည့်အပြင် ၀တ်ရက်τ ၀တ်ရည်တို့ကို စုပ်မျိုစားသုံးသော ပိတုန်းတောင်စာ ပန်းလိပ်ပြာတို့မှာ လည်း ရေကြည်စံ နန်းတော်ကလေးတစ်ခိုတွင် အလျှိုလျှိုနှင့် ကိန္နရာဖို မတို့သဏ္ဍာန် မောင်နှံစုံယှဉ်တွဲ၍ ပျော်ပွဲကြီး ခံနေကြသည်တို့ကို တွေ့မြင်ရသောအခါ ပျော်ရာတွင် ကြည်နူးစရာတို့က ထပ်ဖြည့်ပေးကြပြန်သကဲ့သို့ ရှိလေ၏။ စုဖုရား၏ မျက်နှာထား မူရာတို့ကိုသာ အခါမပြတ် အကဲခတ်၍ နေခဲ့သော အထိန်းတော်ကြီးမှာ စုဖုရားသာ ပျော်ရွှင်တော်မူသည်ကို မြင်ရလေလေ မိမိကြံရည် ဖန်ရည်အတွက် အားတက်လေလေ ဖြစ်နေတော့လေ၏။

    "စုဖုရား ဟို ... ပဒုမ္မာ ကြာပွင့်ကြီးအနားမှာ သနားစရာ ပြေးလွှားနေရှာကြတဲ့ ရွှေငါး ကလေး နှစ်ကောင် ကို ရှုစားတော်မူလိုက်စမ်းပါဦး။ တစ်ကောင်နှစ်ကောင် နှုတ်ခမ်းချင်း စုပ်စုပ်ပြီး အဟုတ်ကို ချစ်ချစ်ခင်ခင် ယုယုယယနှင့် သူတို့ဘ၀ ကြင်နာနေလိုက်ကြတာဘုရား၊ ဟောဟို ကြာဖက်ကြီး ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မောင်မောင်ဖားကိုလည်း ရှုစားတော်မူပါဦး။ သူ့မျက်လုံးက ပြုံးသလိုလိုနဲ့ စုစုနှင့် သစ်သစ် တို့ကို ကြည့်နေလိုက်ကြတာ ရယ်ချင်စရာ မကောင်းပါလားဘုရာ့"
    လက်ဟန်ခြေဟန်နှင့်တကွ ပြောနေပြန်သည်တွင် ပြုံးရွှင်တော်မူကာ ...

    "အို ... သစ်သစ်ဖြင့် ကြံကြံဖန်ဖန် အမှုရှာတတ်ရန်မှာ ဖားကလေးက သူ့ဘာသာ နေရှာသည့် အဖြစ်ကို သစ်သစ်က အပြစ်မရှာချင်စမ်းပါနှင့်"
    မိန့်တော်မူပြီး လက်တော်ထဲက ပေါက်ပေါက်ပွင့်ကလေးတစ်ခုနှင့် ပစ်ပေါက်ကျီစယ်တော်မူလိုက်သဖြင့် ကြာရွက်ပေါ်က ဖားငယ်မှာ ရုတ်တရက် ခုန်ချလိုက်ပြီး ရေထဲမှ တစ်ဖန် ဦးခေါင်းနှင့် မျက်နှာတစ်ပိုင်းကို ဖော်၍ ကြည့်နေပြန်လေ၏။

    "ဟော ... ဟော သူ့အကြောင်းကို ပြောလို့ ရှက်ပြီး ရေထဲက မျက်နှာတစ်ဝက်ကို ဖော် ကြည့်နေပြန်ပြီဘုရား၊ ဟိုဘက်နားက ရွှေငါးမောင်နှံနှင့် ကြာပွင့်ကြီးပေါ်မှာ ပျံဝဲနေကြတဲ့ ရွှေလိပ်ပြာ ဖိုမကလည်း အလိုကျ နှစ်ကိုယ်တွဲပြီး အပျော်ကြီး ပျော်နေလိုက်ကြတာ၊ သြော်... သူတို့မှာလည်း အဟိတ် တိရစ္ဆာန်ပင် ဖြစ်စေကာမူ ဘာသာဘာဝအလျောက် တစ်ယောက်ကို တစ်ယောက် ချစ်သက်နှံလျက် တူစုံဖက်နွဲ့ ရွှေလည်တွဲ၍ ပျော်ပွဲခံတတ်ရှာကြပေတယ်။ ယခုနှယ် ဆိုလျှင်ဖြင့် သစ်သစ်တို့ မနုဿ လူသား များထက် ပင် သူတို့က ဆုတောင်းကောင်းနေပါသေးကလား နော်"
    မိမိဘာသာ ညည်းညူသလိုလိုနှင့် ပြောပြီး မျက်လုံးကလည်း ဖားများနှင့် ငါးများဆီသို့ သာမက တောင်မြောက်လေးပါး မျက်လုံးကစား၍ နေသောကြောင့် စုဖုရားလတ်က အထိန်းတော်ကြီး၏ အမူအရာကို ရိပ်မိစ ပြုတော်မူလေလျှင် ...

    " ဟင် ... သစ်သစ်ကြီး မျက်လုံးဟာ ဂနာမငြိမ်နိုင် ရှိနေပါကလား၊ ဘာများ ကိစ္စထူးနေပြန်သည်တုံး။ စုစုတော့ ဟောဒီ မလော်လီကြီးကို မုန်းတော်မူချင်သလိုလို ရှိလာပြီး"
    မပြုံးတပြုံး မိန့်တော်မူလိုက်သည်တွင်မှ ခင်ဘွားသစ်ကြီးက ဣနြေ္ဒပြင်လိုက်ကာ ...
    "ဘာကိစ္စမှ မထူးပေါင်ပါဘုရား၊ စုထားဖုရားအတွက် နှစ်သက်တော်မူမည့် ပန်းတော်များ ခူး၍ ဆက်ချင်သဖြင့် ဘယ်အပင်ကပန်းများ လှပဆန်းပြားသည်ကို မျက်လုံးဖြင့် ရှာဖွေနေရခြင်း ဖြစ်ကြောင်းပါ။ ဟော ... အလို ပြောရင်းဆိုရင်းပင် အရှေ့ဘက်နားက တတိုင်းမွှေးရုံမှ အပွင့်အငုံ ကြီးတွေ ဝေ၍ပင် နေပါတော့သည်။ ပန်းသဇင်ကဲ့သို့ နန်းမ၀င် တော်မထိုက်သော်လည်း သူ့အလိုက် ဘာသာမွှေးရနံ့ အကြူရှာသားရို့၊ ခူးလို့ဆက်ရတော့မည်"

    ဆိုကာ စုဖုရားအနီးမှ ထလာပြီး မလှမ်းမကမ်းမှ ခစားနေကြသော အတူပါလာသည့် အပျို တော်ခင်မကြီးနှင့် ခင်ဘုန်းတို့ရှိရာသို့ သွားကာ သီပေါမင်းသားလည်း ကြွလာတော်မူချိန် နီးသည်နှင့် အဆင်သင့် အလုပ်ရှာ၍ ခိုင်းစေထားရန် စိတ်ကူးနှင့် ...
    "ကဲ ... ခင်မကြီးနှင့် ခင်ဘုန်းတို့ရေ၊ ခင်တို့အရှင် ထိပ်စုဖုရားအတွက် ပန်းတော်များခူး၍ ဆက်ကြစမ်းပါဘိ၊ ဟောသည်က မြင်ရသည့် တတိုင်းမွှေးရုံကြီးမှာ အပွင့်အငုံတွေ ဝေေ၀ ဆာဆာနှင့် ပဒေသာပင်ကြီးသမျှ ဖူးပွင့်နေကြသည်။ သွား၍ ခူးစမ်းချေပါတော့လား"

    ပြောသောကြောင့် မိမိတို့အရှင် ထိပ်စုဖုရား တောင်ဥယျာဉ်တော်သို့ ထွက်တော်မူပုံ ထူးခြား သည်ကို ရိပ်မိပြီးသူများဖြစ်ကြသည့် ခင်ဘုန်းနှင့် ခင်မကြီးတို့လည်း အထိန်းတော်ကြီး၏ အမိန့်အရ ခစားနေရာမှ ထပြီး တတိုင်းမွှေးပန်းရုံကြီးဆီသို့ ထွက်လာကြလေ၏။

    ရေကြည့်နန်းတော်ပေါ်တွင် စုဖုရားလတ်နှင့် အထိန်းတော်ကြီး ခင်ဘွားသစ်လာလျှင် ကျန်ရစ်လေရာ စုဖုရားမှာ မိမိ အထိန်းတော်ကြီးအပေါ်တွင် သင်္ကာယန ကင်းရှင်းတော်မမူ သော်ငြားလည်း အပါးတော်မှ ထသွားသည်မှာ ခင်မကြီးတို့အား ပန်းခူးစေရန် ပြောဆိုနေသံကို ကြားတော် မူရသောကြောင့် ထွေထွေထူးထူး မရှိလှဘဲ လက်တော်ထဲမှ ပေါက်ပေါက်ပန်းကလေးများကို ရွှေငါးကလေး များရှိရာ ကြည်လင်သော ရေထဲသို့ တစ်ခုပြီးတစ်ခု ချကြဲကျွေးမွေးတော်မူကာ လုကာ ယက်ကာ အစားတစ်လုပ် အတွက် လောဘဇော ထွက်၍ နေကြ သော ငါးငယ်ကလေးများကို စိတ်ဝင်စားလျက် အခြေမပျက် ရှုစားတော် မူနေလေ၏။
    တောင်ယောင်ယောင် မြောက်ယောင်ယောင်နှင့် ဝေ့လည်ကြောင်ပတ်ပြုကာ ဖဲပေါက်ပေါက် ပ၀ါတပင့်ပင့် ထဘီနား တ၀င့်ဝင့်နှင့်ရှိနေသော အထိန်းတော်မှာ ခင်ဘုန်းတို့ ပန်းခူးရာသို့ မျှော်ကြည့် သလိုလိုနှင့် စိတ်တွင်းကမူကား "သီပေါကိုယ်တော်ကလေးနှယ်နော်၊ ကြွ လာတော်မူခဲလိုက်တာ။ နေ့တစ်ချက် တီးပြီးသည်မှာ အတန်ပင်ကြာခဲ့ပြီ။ မောင်မောင်တုတ်တို့ လူပျိုတော်သားတစ်တွေက ဘယ်လို လေဖောပြီး ဇာတ်ကြောရှည်အောင် အချိန်ဆွဲနေကြလေသည်မသိ"ဟု စိတ်ထဲက တိတ်တခိုး ညည်းညူကာ ထွက်တော်မူ လာမည့်လမ်း ကို တမ်းမှန်းမျှော်ခေါ်လျက် ရှိလေ၏။
    ယင်းသို့ တစ်ဖက်သို့လည်း လည်တဆန့်ဆန့်နှင့် မကြာခဏ ငံ့မျှော်ကာ စုဖုရားထံသို့ လည်း မိမိ အမူအရာကို ရိပ်မိတော်မမူသာအောင် မကြာမကြာ လှမ်းမျှော်ကြည့်မိသည်တွင် စုဖုရားမှာ ကျောက်သလွန်ပေါ် လဲလျောင်းနေရာမှ ကြည်လင်အေးမြသော ရေထဲရှိ ရွှေငါး၊ ငွေငါး ကလေးများကို စိတ်ပါဝင်စားစွာ ရှုစားတော်မူလျက် လက်ဖျားကလေးများဖြင့်ပင် ရေကို တစွက်စွက်နှိုက်ခါ ကစားတော် မူသည်ကို တွေ့ရသောကြောင့် အထိန်းတော်ကြီးမှာ သီပေါမင်းသားကို ရှုမျှော်အားတက်လျက် ရှိနေပြန် လေ၏။

    ထိုသို့ အထိန်းတော်ကြီး ခင်ဘွားသစ် ငံ့မျှော်စောင့်ဆိုင်းနေစဉ် ပုတ္တလုပ် ရေကန်တော်၏ မြောက်နား ကျောက်သားတောင် ကမူကလေးတစ်ဖက်မှ တရွေ့ရွေ့ လာနေသည်ကို တွေ့မြင်ရသောအခါ ခင်ဘွားသစ်ကြီးမှာ "သီပေါရွှေကိုယ်တော်ပါပဲ"ဟု အတတ်စွဲလျက် တောင်စွယ် တစ်ဖက်သို့ လူလုံး ပေါ်ထွက်လာသည်အထိ စိတ်အားထက်သန်စွာ စောင့်ကြည့် နေမိ လေရာ ခဏအကြာတွင် ပန်းစုံကြိုးပုဆိုး နှင့် မင်းသားတစ်ပါး နောက်ပါ ထီးမိုးအဆောင်ကိုင် သုံးဦး တည်းနှင့် မိမိတို့ထံသို့ ရှေးရှု ထွက်ကြွ လာသည်ကို ထပ်မံတွေ့မြင်ရသောကြောင့် ခင်ဘွားသစ် ကြီးမှာ "ဟော ... သီပေါရွှေကိုယ်တော် ထွက်တော် မူလာပေါ့" ဟု ၀မ်းမြောက်ခြင်း စိတ်ဇောဖြင့် တစ်ကိုယ်တည်း နှုတ်လွတ်ပြောလိုက်မိကာ အကြောင်း မဲ့ ပျာယာခတ်လျက် ရှိလေ၏။

    စုဖုရားကို ကြည့်ပြန်သော် ရေနေနှင့် တစ်တောင်မျှလောက်သာ ဝေးကွာသော ကျောက်သလွန်ထက်တွင် ခပ်စောင်းစောင်းကလေး လဲလျောင်းလျက် ယုဇနပန်းခက်ကလေးဖြင့် ရေကြည်၊ ရေမြုပ်ကလေးများ ထနေအောင် ရိုက်ခတ်ကစား၍ နေသည်ကို တွေ့ရသောကြောင့် စုစုကို အသိမပေးဘဲ သီပေါကိုယ်တော်ကလေးကို ပြေး၍ ကြိုလိုက်ချင်မိသကဲ့သိ့ပင် ရှိလေ၏။ သို့ရာတွင် မိမိပြေးသွား ကြိုဆိုနေဆဲ စုဖုရား ခေါ်တော်မူခိုက်နှင့် ကြုံကြိုက်သွားပြန်သော်၊ သီပေါ ကိုယ်တော်အလာနှင့် စိတ်တော်ခုစရာများ ဖြစ်တော်မူသွားမည်ကို တစ်နည်းအားဖြင့် စိုးရိမ်မိပြန် သောကြောင့် ကြိုဆိုလိုသော စိတ်များကို ဇက်သတ်ထိန်းချုပ်၍ ထားသလို သရကာ ရေကြည့်နန်း တော်ကလေးတစ်ဖက် အလွန်ရှိ မြင်သာရာဌာနသို့ သွားပြီး ကိုယ်ရောင်များပြလျက် တတိုင်းမွှေး ရုံကြီးအနီးရှိ ခင်ခင်ကြီးတို့ကိုလည်း မျက်ရိပ် ပြလိုက်သောကြောင့် အပျိုတော်ကလေး နှစ်ဦးလည်း ပန်းရုံကြီး၏ အကွယ်တစ်ဖက်သို့ ခပ်သွက်သွက် ၀င်သွားကြသည်တွင် ခင်ဘွားသစ်မှာ ရေကြည့် စံနန်းတော် အနီးအပါးသို့ ရောက်လာ ပြီဖြစ်သော သီပေါမင်းသားအား "စံနန်းတော်ကလေးအတွင်း သို့ ဖြောင့်ဖြောင့်စင်းစင်းသာ ထွက်တော် မူခဲ့ပါဘုရား" ဟူသော အထိမ်းအမှတ်ဖြင့် လက်ယှက်ရို ကျိုးကာ အမူအရာနှင့် ပြခဲ့ပြီး စုဖုရား အနီးသို့ ခပ်မြန်မြန် ကလေး ပြန်လာလျက် ဣနြေ္ဒမပျက် ခစားနေလေသတည်း။

နက်ဖြန် အခန်း (၂၇)
.

No comments: