Thursday, January 14, 2010

ပန်းသတင်း (ဇန်နဝါရီ ၁၁)

သည်မောင့် လက်သံ
သော်တာဆွေ

    ကျွန်တော်ပင် မြန်မာပြည်ရှိ မြို့ပေါင်းများစွာတို့ကို အတော်ပင် နှံ့စပ်အောင် သွားလာ လည်ပတ် ခဲ့ဘူးသည်တွင် မန္တလေးရွှေမြို့တော်သို့ ရောက်ရှိသောအခါ၌ ရွှေမန်းသူ အပျိုချောများ သည် ရွှေမြို့တော် ဟူသော အမည်နှင့်ကိုက်ညီအောင်ပင် ရွှေဝတ်ရွှေထည်ပစ္စည်းတန်ဆာများကို အခြားမြို့သူ များ နှင့် မတူအောင် ထူးထူးခြားခြားများပြားလှစွာ ၀တ်စားဆင်ယင်ကြသည်ကို တွေ့ရှိရပေရာ ကျွန်တော် မှာ “ရွှေရောင်မှုံး နေတဲ့ ရွှေတုံးမကလေးတွေဘဲ....”ဟု နှစ်နှစ် သက်သက်ကြီး ချီးကျူးမိပါသည်။

    အကယ်၍သာ တစ်စုံတစ်ယောက်သောသူက “အလကားကိုယ်အလေးခံပြီး ငွေသေအောင် ဒီလောက် တောင် ရွှေမက်လှတဲ့ ရွှေဇရက်မတွေ...”ဟု ကဲ့ရဲ့အပြစ်တင်ခဲ့ပါမူ မည်သူကပင် ထောက်ခံလင့် ကစား ဤစကား ကို ကျွန်တော်လုံးဝ သဘောမတူနိုင်ပါ။

    အကြောင်းကိုဆိုသော် ပစ္စည်းရတနာတို့သည် မက်မောသူရှိမှသာလျှင် မက်မောသူထံ၌ တည်မြဲ နေမည် မဟုတ် ပါလော့။
    အကယ်၍သာ မြန်မာပြည်သူအားလုံးတို့သည် ရွှေမန်းသူများကဲ့သို့ ရွှေကိုမက်မက် မောမော သိမ်းဆည်း စုဆောင်းခဲ့ကြပါလျှင် နိုင်ငံခြားသွားမည့် ရွှေတို့သည် မြန်မာပြည်၌ မည်မျှ အဖတ်တင် နေချိမ့် မည်နည်း မြန်မာပြည်သည် မည်မျှရွှေချမ်းသာနေလိမ့်မည်နည်း။

    ထို့ကြောင့် ကျွန်တော်သည် ရွှေမန်းသူများကို “ရွှေမက်မောရပါမည်လား၊ ဒီလောက်ဘဲ ၀တ်ချင် လှချင်ကြပါသလား၊ ရွှေခြေကျဉ်း မ၀တ်ရရင် သေရတော့မှာလား...”ဟု အပြစ်မတင်ပါ။ အမှန်အတိုင်း ပြောရသော် ကျွန်တော်ရွှေမန်းသူများကို သဘောကျပါသည်။ နှစ်သက်ပါသည်။ မြတ်နိုး ပါသည်။ ချီးကျူးပါသည်။ လေးစားပါသည်။ ယခု အဝေးကပင်လျှင် “ရွှေမန်းသူတွေ ကျန်းမာ ချမ်းသာကြပါစေ...ဟု မေတ္တာပို့လိုက်ပါသည်။

    သို့လင့်ကစား ရွှေမန်းသူများအပေါ် ကျွန်တော်အသဲနာတာ တခုရှိပါသည်။ တဦးမေတ္တာ တဦးမှာ ဆိုသကဲ့သို့ အပြန်အလှန်သဘာတရားများအားဖြင့် ရွှေမန်းသူများ၏ မေတ္တာရိပ်မြုံကို ကျွန်တော် ခိုလှုံ သင့်ပါလျက် ခိုလှုံခွင့်မရခဲ့ကြောင်း အထူးပင်ဝမ်းနည်းမိပါသည်။ တကြိမ်သောအခါ၌ ကျွန်တော်သည် ရွှေမန်းသူတဦးနှင့် ဘုရားစူးချစ်ကြိုက်ခဲ့ဘူးပါသည်။ သူ၏မိဘများကပါ သဘောတူ၍ နာရီပိုင်း မျှရှိသေး သည်။ ရုတ်တရက် မမျှော်လင့်သော ဂြိုလ်ဆိုးကြီးတကောင် ရောက်လာပြီး မျက်နှာလို မျက်နှာရ ကြားဝင်၍ နှောက်လိုက်ရာ သူ၏မိဘများနှင့် တမိနစ်အတွင်း ရုတ်ချည်းခွာပြဲသွားရုံမျှမက ရွှေမန်းသူ ကလေးကလည်း “ဒီလိုဆို ကန်တော့ဆွမ်းပါဘဲရှင့်...ဟု ရွှေမန်းသူပင် ယဉ်ကျေးစွာ မောင်းထုတ် လိုက်လေသည်။

    ဤသို့တိုင်လည်း ရွှေမန်းသူကို ကျွန်တော်စိတ်မဆိုးပါ။ အပြစ်မတင်ပါ စေတနာ့ဝန်ထမ်း မွှေနှောက်သော ဂြိုလ်မင်းနှင့် ဖူးစာရေးနတ်၏ “ကယော်တိုက်”မှုကိုသာ ကလော်တုတ်မိပါသည်။
    အကယ်၍သာ သုစိတာ သုမာလာ သုနန္ဒာတို့နှင့် ကျွန်တော်ထိကျွမ်းပါက နှုတ်ခမ်းနီ ပါးနီး လက်သည်း ခြေသည်းဆိုးဆေး အမျိုးမျိုးတို့ကို ဒုံးပျံနှင့် တင်ပို့ကာ မာဃကတော်တွေ ဖော်စီခါးပြီး ပြုတ်ကျအောင် တွန်းခိုင်း ပါမည်။ ယခုမူကားကျွန်တော်မှာ နတ်သ္မီးများထံ ပေါက်ပေါက် ရောက်ရောက် မရှိသဖြင့် ဘာမျှမတတ်နိုင်ဘဲ လက်မှိုင်ချ၍သာ နေလိုက်ရပါတော့ သည်။

    ဤကံသို့ စိတ်မချမ်းသာစရာကိစ္စ ဖြစ်ပျက်ပြီးနောက် ကျွန်တော် ရန်ကုန်မြို့သို့ ပြန်လာခဲ့၍ သုံးလေးလမျှ ကြာလတ်သော်၌ အကြောင်းကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေခဲ့ပါသည်။
    သို့သော် ယမန်နေ့ကမူ နောက်ထပ်ဘာများ ဆန်းဆန်းပြားပြား ဖြစ်ချင်ပြန်သည်မသိ “ဤမမျှော်လင့် သော လူစုကို ရန်ကုန်မြို့တွင် ရုတ်တရက်တွေ့ဆုံခဲ့ရသဖြင့် အဟောင်းတွေအသစ် ဖြစ်လာပြီး စိတ်ညစ် လာသည် နှင့် လက်သုံးတော် ဘင်ဂျိုကို ဆွဲကိုင်ကာ တိုက်ရှေ့ဝရန်တာ လသာခန်းသို့ ထွက်ခဲ့၍ ရွက်ဖျင်ကုလား ထိုင်ပေါ်တွင် ထိုင်လျက် စိတ်အာရုံပြောင်းလဲသွားရန် အတော်ဆူညံသော အင်္ဂလိပ် တေးသွား တစ်ပုဒ်ကို ခပ်ပြင်းပြင်းကလေး တီးခတ်လိုက်သည်တွင် ကျွန်တော့တပည့် ပေါ်အူးသည် အတန်ငယ် စိတ်အိုက်သော မျက်နှာထားနှင့် ၀ရန်တာသို့ ထွက်လာပါသည်။

    သူ့မိဘများ ကင်ပွန်းတပ်စဉ် ပေးသောနာမည်မှာ သားဦးဖြစ်၍ ပေါ်ဦးဖြစ်သော်လည်း ကျွန်တော်ဆီသို့ ရောက်လာသောအခါ “ဟေ့...မင်းနာမယ်က ဒို့ဗမာပညာရှိကြီးအမတ်ကြီးရဲ့ နာမည်ကွ... မင်းနဲက မတန်ပါဘူး၊ ဒီတော့မင်းနာမည်ကို အသံလဲမပြောင်းရအောင် အက္ခရာသာပြောင်းပြီး ပေါ်အူးလို့ ခေါ်မယ်ကွာ... ဟု စောဒကတက်ခွင့်မပေးဘဲ တချက်လွတ် အမိန့်ဖြင့် ပြောင်းလွှဲလိုက်ပါသည်။ သူနှင့်ကျွန်တော် မှာ အတွင်းသိ အပြင်သိ ရင်းနှီးသော ဆရာတပည့်ဖြစ်၍ မည်သည့်အကြောင်းကိစ္စမဆို သူ့ကို ပြောဆို တိုင်ပင် လေ့ရှိပါသည်။ ယခုကိစ္စမှာလည်း သူမန္တလေးသို့ ကျွန်တော်နှင့်အတူပါခဲ့၍ အလုံးစုံသိပြီး ဖြစ်ပါသည်။

    ထို့ကြော်င့ ကျွန်တော်က “ဟေ့...ပေါ်အူး... မင်းသိပြီလားကွ၊ ငါမနေ့ညက ဘယ်သူနဲ့ တွေ့ခဲ့တယ် ဆိုတာ”
    “မသိဘူးဆရာ...”
    “မန္တလေးက စက်သူဌေးဦးဘတုတ်နဲ့... သူ့သမီး ညွှန့်လွင်လွင်ပေါ့ကွ”
    “အလို...ဆရာ..သူတို့က ဘာလုပ်လာကြတာတဲ့လဲ ဆရာ...”
    “အလယ်ဆို ထင်ပါရဲ့ကွယ်...”
    “ဒါကြောင့်ဆရာက မျက်ကျောတင်းနေတာကိုး...”

    “အေးပေါ့ကွယ်၊ ငါက ငါဂေါ်မစွန်တဲ့ မိန်းခလေးကို နောက်ထပ်တွေ့ရရင် တယ်မျက်နှာပူ တတ်တယ်ကွယ်
    “ရန်ကုန်မြို့က အကြီးအကျယ်ကြီးဘဲဆရာ၊ မတွေ့ချင်တဲ့လူကို ရှောင်နေဘို့ မခဲယဉ်း ပါဘူးဆရာ....”
    “အေးကွယ်... ငါ့တပည့်ပြောလိုက်မှဘဲ စိတ်နဲနဲ အေးသွားတော့တယ်၊ ဒါထက် သူတို့နဲ့အတူ ဘယ်သူများ ပါသေးတယ်လို့ မင်းထင်သလဲ...”
    “ဘယ်သူတုံးဆရာ...”
    “တခြားလူ ဟုတ်ရိုးလားကွယ်၊ ဟိုဂြိုလ်မင်းကြီး ဒေါက်တာ သိန်းဇံပေါ့ကွဲ့....”
    “ဟိုက်... တကယ့်လူစုနဲ့ တွေ့ခဲ့တာကိုးဆရာ”

    “ဘုံဘေဟော်တယ်မှာကွယ်၊ နို့အေးတစ်ခွက်ဝင် သောက်မိတာနဲ့ ဘွားခနဲဝင်တွေ့ ကြတာ....”
    “စကား ပြောခဲ့ သေးသလားဆရာ”
    “ဘယ်ကလာ ပြောရမှာလဲကွယ်၊ သူတို့လဲဝင်လာကရာ... ငါလဲ နို့ခွက်ကပြာကရာကျိုက် ချပြီး သုတ်ခြေတင် ခဲ့တာဘဲ”
    သြော်... ဒါထက်ဆရာရေ... ကျွန်တော်မေ့နေတယ်၊ မနက်တုံးက ဒေါက်တာသိန်းဇံကြီး လာသေး တယ်ဆရာ”
    “ဟေ... သူက ငါ့ဆီကိုလာတယ်...”

    “ဟုတ်တယ်ဆရာ... ကျွန်တော်က ဆရာအိပ်ရာက မထသေးဘူးပြောတော့ ဒီလောက် နေဖင်ထိုး အောင်  အိပ်တဲ့ကောင် ဘယ်အသုံးကျမလဲလို့ ပြောသေးတယ်ဆရာ”
    “ဟေဟုတ်လား၊ သူကငါ့ကို ဒီလိုပြောတယ်၊ လူများသူ့သမက်မှတ်နေပြန်ပလား... မပြောတတ်ဘူး”
    “ဟုတ်တယ် ဆရာ၊ နို့ပြီး သူကတော်တော်ကြာမှ တပတ်လှည့်လာခဲ့အုံးမယ်တဲ့ဆရာ”
    “အလိုဘုရား ရေ၊ နောက်တပါတ်များ လာအုံးမတဲ့၊ ဘာကိစ္စတဲ့လဲကွာ”
    “မသိဘူးဆရာ”

    “လာရင်ခွေးနဲ့ရှူးတိုက်လွှတ်လေကွာ”
    “ကျွန်တော်တို့ ခွေးမှမရှိဘဲ...ဘဲ...ဆရာ”
    “တိုက်အောက်ထပ်က မစ္စစ်ဒေါ်ဆင်ခွေးကြီးကို ငှားတိုက်ကွာ”
    “မစ္စစ်ဒေါ်ဆင်ခွေးက သူ့ဆီမလိုက်ဘဲ ကျွန်တော့အရကိုက်သွားမှာ စိုးရတယ်ဆရာ”
    “အေး...မင်းပြောတာလဲ ဟုတ်တယ်ဟေ့.... တကယ့်လူကွာ... ဒီလောက်ဖြစ်ပြီးကြမှဘဲ သူက ငါ့အိမ်လာ သေးတယ်ဆိုလို့ အံ့ပါရဲ့ ပေါ်အူးရယ်”
    ဒေါက်တာသိန်းဇံ အပေါ်၌ ကျွန်တော် ဤမျှ စိတ်ပါရအောင် ဖြစ်ပေါ်ခဲ့သည့်အကြောင်းကို ပြောပြ ပါဦးမည်။

    လွန်ခဲ့သော သုံးလကျော်လောက်က ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်က မန္တလေးမြို့သို့ အလယ် ရောက်ခဲ့ရာ ကုန်သည်ပွဲစားကြီး ဦးဘသောင်း၏ တိုက်၌ တည်းခိုနေစဉ် ဦးဘသောင်းက ကျွန်တော့အား မြေလပ်ပိုင်း က လယ်ပိုင်ရှင်ကလေးတစ်ယောက်အဖြစ်နှင့် စက်သူဌေး ဦးဘတုတ်တို့ အိမ်သားများ မိတ်ဆက် ပေးပါသည်။

    ရွှေမန်းသူ၏ ၀တ်စားတန်ဆာ ဒွါဒရာတွေ အစုံပြီးသော ဦးဘတုတ်၏သ္မီး ညွှန့်လွင်လွင်မှာ မြင်လျှင် မြင်ခြင်း မကြိုက်ဘဲမနေနိုင်အောင် ချောမောလှပသူဖြစ်ပေရကား မယားစံရွေးလှ၍ လူပျိုကြီး ဘ၀က မကျွတ်နိုင်တော့ဟု သူငယ်ချင်းများ၏ လှောင်ပြောင်ခြင်းကို ခံရသော ကျွန်တော်မှာ တွေ့သည့် နေ၌ပင် ကျွန်တော့ဘက်က သေချာသွားပြီဖြစ်၍ သုံးလေးကြိမ်မျှ သူ့တို့အိမ်သို့ သွားရောက် လည်ပတ် ပြီးသည်တွင် ညွှန့်လွင်လွင်၏ ချစ်ရိပ်ချစ်ငွေ့များကို မြင်ယောင်လာသဖြင့် ပွဲကတော် ဒေါ်စောရင် အား သွားရောက် စကားကောက်စေပါသည်။

    ကျွန်တော်၏ ပညာအရညအချင်းမှာ အိုင်၊ စီ၊ အက်(စ်) မဟုတ်သောကြောင့် ပဌမတန်းဟု မခေါ်နိုင် သော်လည်း လယ်မြေဧက ၃၀၀၀ ကျော်ပိုင်သည့် ဘီအေတစ်ယောက် ဖြစ်ပေရကား ကျွန်တော့လို အကောင်မျိုးမှာ မန္တလေးဈေးချိုထဲက ရွှေခြေကျဉ်းတွေကဲ့သို့ မှိုလိုပေါက်အောင် ပေါများသော အမျိုး အစား မဟုတ်သဖြင့် ဘခင်ရောသမီးပါ သဘောကျပါသည်။

    ကျွန်တော်၏ဆွေမျိုးမိဘအကြောင်းကို သူတို့ကမေးမြန်း၍ ကျွန်တော်ကလည်း သူတို့၏ အိမ်သူအိမ်သားများ အပြုအမူကို အကဲခတ်ရပါသည်။ ဦးဘတုတ်မှာ လုပ်ငန်းကို မန်နေဂျာတယောက်နှင့် လွှဲအပ်ထား၍ ဘုရားလူကြီး အသင်လူကြီးဟု စေတနာ့ဝန်ထမ်း ဂုဏ်ယူခါ အေးအေး နေတတ်သူ ဖြစ်ပါသည်။ သူဌေးကတော် ဒေါ်သန်းတင်မှာ စစ်အတွင်း ဗုံးချစဉ်က ဗုံးခိုကျင်းများထဲတွင် ဗုံးသံကြောင့် ရှော့(က်) ဖြစ်၍ နားထိုင်းနေသဖြင့် သူ့ကိုစကားပြောလျှင် ခပ်ကျယ်ကျယ် ကလေး ပြောရသည်မှတပါး အခြား မနှစ်စရာ မတွေ့ပါ။

    သို့သော် တယောက်နှင့်တယောက် မညားမီ ပွင့်ပွင့်လင်းလင်း ၀န်ခံတတ်သော ညွှန့်လွင်လွင်က
    “ကိုအေးဆွေ... ရှင်နဲ့ကျွန်မ မလွန်ခင်က ပြောရအုံးမယ် ကျွန်မမေမေ နားထိုင်းနေတာမျာ ရှင့်စိတ်ထဲမှာ အနှောင့် အယှက် မဖြစ်ပေဘူးလား”
    “အို... ဘာဆိုင်သလဲ....လွင်လွယ်ရယ်... သူမကြားနိုင်တော့..ောမင်တို့ပြောချင်ရာ ပြောရလို့.. သာတောင် သဘောကျသေးတယ်”
    “ဒီလိုဆို ကောင်းပါလေရဲ့ရှင်..နို့ပြီး တခုပြောထားရအုံးမယ်... ဦးဘသောင်းတို့ ပွဲရုံကို ခဏခဏ လာတတ်တဲ့ ကိုအောင်ကြည် ဆိုတဲ့လူကို သိတယ်မဟုတ်လား...”
    “ဟိုဗမာဝတ်နဲ့ ရွတ်ရှက် ဒွတ်ဒက် ဗိုစိတ်ပေါက်နေတဲ့ အကောင်ဖြူဖြူမဟုတ်လား... သိသားဘဲ ဒါ ဘာဖြစ်သလဲ”

    “သူနဲ့ကျွန်မ ပဋ္ဌမဦးဆုံး ချစ်ခဲ့ဘူးကြတယ်ရှင့်”
    “ဟင်...”
    “မဟင်နဲ့....လူချင်း ဘာမှမဖြစ်ခဲ့ရသေးဘူး... စာပေးစာယူလောက်ဘဲ...”
    “ကဲ...ဒါဖြင့် ခုတော့ဘာလုပ် ဆက်ချစ်မနေကြသလဲ”
    “အဲဒါ...ပြောမလို့ဘဲရှင့်... သူ ကျွန်မတို့အိမ် နှစ်ခါသုံးခါလောက် လာလယ်တော့... ကျွန်မတို့မေမေ နားထိုင်းတာ သိသွားတာနဲ့... နားထိုင်းတဲ့ မိဘယောက္ခမ မတော်ချင်ဘူးဆိုပြီး ကျွန်မနဲ့ ဖြတ်လိုက် တယ်ရှင့်”

    “ဟင်ဒါဖြင့် ဒီမောင်က အဆန်းဘဲ ဒီပြင်ရီးစားတွေ့လို့များ တမင်ဥာဏ်ဆင် အကြောင်းပြတာ ထင်ပါရဲ့”
    “မဟုတ်ဘူးရှင့်... သူက လူတမျိုးပဲ.... ကျွန်မကို ချစ်ရိုးလဲအမှန်ပဲ ကျွန်မအမေနားထိုင်း တာကြောင့် သက်သက် ဘဲ ခုထက်ထိသူလဲ မိန်းမယူသေးဘူး ဒါပါဘဲရှင်... ကျွန်မဘက်က ပြောစရာော့ လူချင်းဘာမှ ထိကပါး ရိကပါး မဖြစ်ခဲ့ရသေးဘူ... စာပေးစာယူလောက်ဘဲ... အဲဒါရှင်ဘယ်နှယ်သဘောရသလဲ ကျွန်မ အပေါ် စိတ်သဒီရဲ့လား”
    “အို....ဒါလောက်နဲ့ ဘာမသဒီစရာရှိသလဲ... ကိစ္စမရှိပါဘူး”

    ဤသို့ ပြောလိုက်ရသော်လည်း... ကိုအောင်ကြည်ဆိုသူမှာ ကျွန်တော့ထက် ချောမော လှပသူဖြစ်နေပါသဖြင့် ကိစ္စမရှိပါဘူး ထိုရလင့်ကစား စိတ်ထဲ၌ “စတွန့်”၍ သွားပါတော့သည်။
    ဤသို့လျှင် သဘက်နှင့်တဘက် ကျေနပ်ကြခါ စေ့စပ်ကြောင်းလမ်းပြီး၍ ၂၄နာမျှမပြည့်မီ ညွှန့်လွင်လွင်၏ လက်ကိုမျှ တစက်ကလေးမျှ မထိရမို့ ကျွန်တော်အစဦးက ဘော်ပြခဲ့သည့် ဂြိုလ်ကောင် ဒေါက်တာသိန်းဇံ ရောက်လာသော်ကြောင့် “ဇလှယ်ဝင် မီးဖိုပေါ်မရောက်ခင်က ကွဲရော့လေးစိပ် ဖြစ်ရပါ တော့သည်။

    ကွဲပြဲရပုံကား ဒေါက်တာသိန်းဇံသည် စိတ္တဇရောဂါကု ဆရာဝန်တယောက်အဖြစ်နှင့် နာမယ်ကြီးလျက်ရှိရာ ညွှန့်လွင်လွင် ၏ ဘခင်ဦးဘတုတ်၏ အကိုဦးဘချုပ်ဆိုသူမှာ စိတ္တဇရောဂါဖြင့် ရူးသွပ် နေသဖြင့် ရန်ကုန်သား ဒေါက်တာသိန်းဇံသည် တလလျှင် တခေါက်ကျ မန္တလေးသို့ တက်လာ၍ ဦးဘချုပ်ကို ကြည့်ရှုရလေရာ တတိယအခေါက်တွင် ကျွန်တော်နှင့် ညွှန့်လွင်လွင်တို့ ကြောင်းလမ်း ထားသည် ကို ကြားသိရသည်နှင့်တပြိုင်နက် ကျွန်တော့အကြောင်းအရာတို့ကို ဦးဘတုတ်ထံ အပြေး အလွှား သွား၍ မျက်နှာလိုမျက်နှာရ ပြောကြားပါတော့သည်။

    သူပြောပုံကား ကျွန်တော်သည် သူ၏သမီး မယ်ဒဂုံဘွဲ့ရ မြင့်တင်တင်နှင့်ကြိုက်ခဲ့ ဘူးကြောင်း၊ သို့ရာတွင် ကျွန်တော်မှာ ဘိလိယက်ခုံ ခေါင်းအုံးအိပ်ရခြင်းကဲ့သိုက ဘယ်အရာကိုမျှ မလိုလား။ နေ့ရော ညပါ ဘိလိယက်ထိုးခြင်း မြင်းပွဲသွားခြင်းနှင့် ဘင်ဂျိုတီးခြင်းလောက်ကိုသာ ၀ါသနာပါသူ တဦးဖြစ်၍ မည်သည့် အလုပ်ကိုမလုပ်ချင်သည့် အလကား လူစားမျိုး...ဖြစ်ကြောင်း သိရသောကြောင့် သူက သူမစားဘဲ ကျွန်တော့ကိုကန်ထုတ်လိုက်ကြောင်းများနှင့် ပြောပြလေသည်။

    ထို့အပြင်လည်း ယခုလက်ရှိ မြန်မာအစိုးရက ပြည်သူပိုင် သိမ်းယူတော့မည်ဖြစ်၍ ဤကဲ့သို့ ဘာမျှမလုပ်ချင်သော အကောင်မျိုး၌ နောင်ရေးအတွက် မျှော်လင့်စရာ မရှိတော့ကြောင်းပါ ဖြည့်စွက် ပြောဆိုပါသေးသည်။

    ကျွန်တော်၏ ဘိလိယက်နှင့် မြင်းပွဲဝါသနာကြောင့် မြင့်တင်တင် နှင့်ကွဲခဲ့ရသည်မှာ အမှန်အတိုင်းပင် ဖြစ်နေပေရကား ဦးဘတုတ်သည် ကျွန်တော့ကို ထုချေလွှာ မဟောင်းတော့ဘဲ “ဗီတို”အာဏာဖြင့် ကျွန်တော် တို့၏ စေ့စပ်ကြောင်းလမ်းထားခြင်းကိစ္စကို တခါတည်းဖျက်သိမ်း လိုက်ပါတော့သည်။
    အမှန်မှာ ကျွန်တော်သည် ကျွန်တော့ကို မလိုချင်ဟု ပြောသော မိန်းခလေးကို မရမက ကြံစည်လိုသော ဇွဲမျိုး လည်း မရှိသည်ဖြစ်၍ ၄င်းတို့သားအဖက တဘက်သတ်စီရင်ချက်ချသည်ကို အယုံခံဝင်မနေတော့ဘဲ ဖူးစာရေး နတ် ၏ ကလိန်ကျမှုကိုသာ မဲ့ပြုံးပြုံး၍ ဆရာတပည့်နှစ်ယောက် ရန်ကုန်သို့ ပြန်ခဲ့ပါတော့သည်။

        x        x        x        x
    သို့ဖြစ်ရကား ကျွန်တော်သည် ဒေါက်တာသိန်းဇံလာသော အခါတွင် ပြောင်ပြောင် တင်းတင်းနှင့် စကားပြတ်ပြတ်ပြောအံ့ဟု ဆုံးဖြတ်ချက်ချထားလိုက်ရာ မကြာမီပင် ဒေါက်တာသိန်းဇံရောက်လာပါသည်။ ကျွန်တော်၏၀ါသနာမှာ တခုခုကို စွဲလန်းမိလျှင် မနားမနေ ပြုလုပ်တတ်သော အထုံရှိသည့်အလျောက် တခါက အင်္ဂလိပ်ဘိုင်စကုတ်တခုထဲတွင် ဘင်ဂျို အဆန်းတီးခြင်းကို တကြိမ်ကြားဘူးကတည်းက ဘင်ဂျို အတီးဘက်တွင် ပထမတန်း လူတယောက်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကို သန္နိဌာန်ချပြီးလျှင် နေ့ရော ညပါ မနေမနားလေ့ကျင့် နေခဲ့ပါသည်။

    ထို့ကြောင့် ဒေါက်တာသိန်းဇံဝင်လာသော အခါတွင် ကျွန်တော်သည် ဘင်ဂျိုကို အားရပါးရ စိတ်ရောကိုယ်ပါ တီးချက်လျက်ရှိနေ၍ သူလာသည်ကို မမြင်ချင်ယောင်ဆောင်ခါ ဘင်ဂျိုကိုသာ မြည်နိုင်သလောက်မြည်အောင် မထီလေးစား တီးခတ်နေလိုက်ပါသည်။

    သို့သော် သူရောက်၍ နှစ်မိနစ်လောက်ကြာသည်တွင် ဒေါက်တာသိန်းဇံသည် သူ၏ အပြစ်ကို တွေးမိသဖြင့် လာရောက်တောင်းပန်လေသလား တွေးမိသည်နျင့် ဘင်ဂျိုတီးခြင်းကို ရပ်လိုက်ခါ မျက်နှာထား ခပ်ပျော့ပျော့နှင့် ...
    “ဟဲလို... ဂွဒ်မောနင်းဒေါက်တာ”ဟု ခပ်ပြုံးပြုံး နှုတ်ဆက်လိုက်ရာ ဒေါက်တာသိန်းဇံသည် ကျွန်တော်၏ ပြုံးချိုခြင်းကို နှစ်သက်စွာ လက်မခံဘဲ သူ့သမီးနှင့် မပေးစားနိုင်ကြောင်း ပြောစဉ်ကထက်ပင် မျက်နှာထား တင်းမာခက်ထန်နေပြန်ပါသည်။

    သို့ဖြစ်၍ “ဂျင်းစိမ်းနှင့်မိဿလင်”ဟူသော သဘောထားမျိုးနှင့် ကျွန်တော်လည်း မျက်နှာထားပြန်တင်းလိုက်ကာ...
    “ဘာကိစ္စလာတာလဲ ဒေါက်တာ”
    “မောင်ရင့်ကို တရားစွဲရလိမ့်မယ်”
    “ခင်ဗျာ...”
    “မောင်ရင့်ကို တရားစွဲရလိမ့်မယ်”
    “ဘာ့ကြောင့်....”
    “ဒါကြီးကို နေ့ရောညပါ ဒုံဒုံဒင်ဒင်လုပ်နေလို့ အိမ်နီးပါးချင်းတွေ မအိပ်နိုင်ကြဘူးဆိုတာ မသိဘူးလား....
    ထိုအခါ ကျွန်တော်သည် သူ၏စကားကို မချေပသေးဘဲ တပည့်ကျော်ကို လှမ်း၍....
    “ဟေ့...ပေါ်အူး”

    “ဆရာ...”
    “ခဏလာစမ်းပါအုံးကွယ်...”
    “လာပါပြီဆရာ...”
    “သာယာတဲ့အသံကို နားမထောင်နိုင်တာ ဘာခေါ်သလဲကွဲ့”
    “ကျွဲပါးစောင်းတီးလို့ ခေါ်ပါတယ်ဆရာ”
    “ကိုင်း...ဒေါက်တာ ကြားရဲ့လား”
    ဤတွင် ဒေါက်တာသိန်းဇံသည် မျက်နှာထား နီမြန်းလျက်

    “အောက်ထပ်မှာနေတဲ့ မစ္စစ်ဒေါ်ဆင်မှာ စိတ္တဇရောဂါစွဲကပ်နေလို့ ကျုပ်ကိုခေါ်ပြီး ကုနေတယ်၊ သူကဆူဆူညံညံမကြားလိုဘူးတဲ့ သိရဲ့လား”
    “မစ္စစ်ဒေါ်ဆင်ရဲ့ အင်းခွေးကြီးဟာ ညတိုင်းတ၀ုန်းဝုန်းနဲ့ ဟောင်နေတာတော့ ဘာပြောချင်သလဲ၊ တယ်တော်ကြတယ်၊ ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ကြဘူးတဲ့လား”
    “အို..မဆိုင်တာတွေ လျှောက်ပြောမနေနဲ့၊ ကျုပ်ရဲ့လူနာတွေကို မနှောက်ယှက်ပါဘူးလို့ ပဋိဥာဉ် ပေးစေချင်တယ်”

    “အလို.. ကိုယ့်ပညာကိုယ် လေ့ကျင့်တာဘဲ၊ သူမကြိုက်တာနဲ့ ဘာလုပ်မတီးဘဲ နေရမှဲာ...”
    “ဒါ... နောက်ဆုံးစကားဘဲလား”
    “နောက်ပိတ်ဆုံး မီးရထားဂါတ်တွဲပါဘဲခင်ဗျာ..”
    “ကောင်းပြီ၊ နားသာထောင်နေ... တော်တော်ကြာတော့ မောင်ရင်ကြားရလိမ့်မယ်" ပြောပြောဆိုဆိုနှင့် ကျွန်တော်သည် ဘင်ဂျိုကို ခပ်ကျယ်ကျယ်တီးခတ်လိုက်လေရာ ဒေါက်တာ သိန်းဇံမှာ ဒေါသတကြီးနှင့် အိမ်ပေါ်မှ ဆင်းသွားပါတော့သည်။

    ×        ×        ×        ×
    အမှန်ကိုပြောရလျှင် ကျွန်တော်သည် ဒေါက်တာသိန်းဇံနှင့် စိတ်ခွန်အားပြိုင်ပွဲတွင် အညံ့မခံလိုက်သည်။ သည်အတွက် ကိုယ့်ကိုယ်ကို အကြေနပ်ကြီး ကြေနပ်မိလေသည်။ တခါကကျွန်တော်မှာ သူ့သမီး မြင့်တင်တင် ကို ကြိတ်ပိုးပိုးခဲ့စဉ်က ယခုကဲ့သို့ ဘက်ပြိုင်မည်ပြောဝံ့ မည်ဝေးစွ။ အိမ်ရှေ့ လှေကားက သူတက်လာလျှင် နောက်ဖေးပေါက်က သုတ်ခြေတင်ပြေးရမတက် ကြောက်ရွံ့ခဲ့ဘူးပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် စစ်ပွဲအောင်မြင်လိုက်သော စစ်သူကြီး တယောက်၏ စိတ်ကြေနပ်ခြင်းမျိုးဖြင့် ဘင်ဂျိုကို ကြိုးညှိ ပြီးလျှင် 'ကျွနုပ်ရီးစား' 'စစ်နိုင်သူ' 'မိုဃ်းခြုံး သံ' အစရှိသည့် အသံမြိုင်သော အင်္ဂလိပ် တေးသွား များကို လေးငါးခြောက်ပုဒ်ခန့်တိုင်အောင် တပုဒ်ပြီးတပုဒ် မနားမနေ တီးခတ်နေလေ၏။

    'မိုဃ်းခြုံးသံ'ဟူသော တေးသွားအဆုံးသို့ ရောက်သည်နှင့် တပြိုင်နက် တယ်လီဖုန်းခေါင်း လောင်းတီးသံ ကကို ကြားရသဖြင့် ဖုန်းကိုကောက်၍ နားထောင်လိုက်ပါသည်။
    'ဟဲလို……..ကိုအေးဆွေလား'
    'ဟုတ်ပါတယ် ခင်ဗျား ဘယ်သူလဲ'
    'ကျုပ်……….ခင်ဗျားခုနေတဲ့ တိုက်ပိုင်ရှင် မာမတ်အလီခန်ဘဲ'
    'ဘာလဲ …………တိုက်လခ တိုးလိုချင်လို့လား'
    'မဟုတ်ဘူး……..'
    'ဒါဖြင့် ရှော့မလို့လား'

    'မဟုတ်ဘူး၊ ခင်ဗျားအခုဘင်ဂျိုကို နေ့ရောညပါ မပြတ်တီးနေတယ်လို့ ပြောတယ်'
    'ဟုတ်သလေ၊ လာ……. နားထောင်ချင်လို့လား'
    'မဟုတ်ဘူး'
    'ဒါဖြင့် ခင်ဗျာ့အိမ် လာတီးပြရမှလား'
    'မဟုတ်ဘူး၊ မတီးဘို့ တားမလို့'
    'ဘာ့ကြောင့်'

    'ခင်ဗျာ့ အောက်ထပ်မှာနေတဲ့ မစ္စစ်ဒေါ်ဆင်နဲ့ တခြားအနီးပါးနား ကျုပ်တိုက်ငှားတွေက ၀ိုင်းပြော ပြတယ်'
    'အို……..သူတို့မတီးနဲ့ဆိုတိုင်း ကျုပ်မတီးဘဲ နေရမှာလား'
    'ခင်ဗျား တစ်ယောက်အတွက် နဲ့ သည့်ပြင်လူလေးငါးခြောက်ဦး လက်လွတ် မခံနိုင်ဘူး'
    'ဒါဖြင့် ခင်ဗျားဘာပြောချင်သလဲ'
    'ဘင်ဂျို အတီးကို  ရပ်ရင်ရပ်၊ မရပ်ရင်၄၈နာရီအတွင်း အိမ်ပေါ်က ဆင်းသွားပါ'
    'ကောင်းပြီ'
    'ရန်ကုန်မှာ ငွေပေးရင် အိမ်တွေဝယ်လို့တောင်ရယ်'
    'ကောင်းပါပြီ'

    ကောင်းပါပြီ'
    ၎င်းနောက် တပည့်ပေါ်အူးကိုခေါ်၍ အဖြစ်အပျက်ကိုပြောပြလေရာ……
    'ဒါဖြင့် ဆရာပြောင်းတော့မှဘဲလား ဆရာ'
    'မပြောင်း ဘယ့်နှယ်နေလို့ဖြစ်မှာလဲကွ….'
    'အိမ်ပြောင်ပြီး ဟိုရောက်လို့ တီပြန်ရင်လဲ ကန့်ကွက်တဲ့သူ ရှိနေအုံးမှာဘဲဆရာ……'
    ဒီတစ်ခါတော့ ကန့်ကွတ်တဲ့လူမရှိအောင် လွတ်လွတ်ကျွတ်ကျွတ်နေရာမျိုးမှာ နေမှာဟေ့……...'
    'ဘယ်လို နေရာမျိုးလဲဆရာ'

    'ကမာရွတ်တို့ သမိုင်းတို့လို ၀င်းနဲ့ခြံနဲ့အိမ်မျိုးပေါ့ကွ'
    'ဟိုကျလဲ ဆရာ ဒီလိုဘဲတီးနေမှာလားဆရာ'
    'ဒီထက်ပိုတီးမှာပေါ့ကွ'
    'ထိုအခါ ပေါ်အူးသည် နှစ်ကြိမ်သုံးကြိမ်မျှ ချောင်းဟန့် ပလ္လင်ခံပြီးနောက်……..
    'ဒီလိုဆိုရင် အားလဲနာပါရဲ့ဆရာ၊ ဆရာနဲ့ ကျွန်တော်နဲ့ ကဲကြဘို့ရှိလိမ့်မယ်ထင်တယ် ဆရာ'
    'ဟေ………ဟေ……ဘာပြောတယ်ကွ…..'

    'ကျွန်တော်မလိုက်နိုင်ဘူးဆရာ……'
    'ဆရာနဲ့ ခွဲလဲမခွဲချင်ပါဘူးဆရာ၊ နို့်ပေမယ့် မဖြစ်နိုင်ဘူးဆရာ'
    'ဘာ့ကြောင့် လဲကွ ပေါ်အူး'
    'ခြံထဲမှာ လှောင်ပြီး ကျွန်တော့ကို ဘင်ဂျိုတီးသတ်သလိုဖြစ်နေပါလိမ့်မယ် ဆရာ……….'
    'ဟေ့….မင်းကလားကွာ….ဒီလိုပြောတာ'
    'အားတော့နာပါရဲ့ဆရာ၊ မလိုက်နိုင်လို့ပါ'
    'လိုက်ရင်ကောကွာ'
    'လိုက်ရင် ကျွန်တော်နားငြီပြီး သေရင်လဲသေ၊ မသေရင်လဲ ရူးသွားပါလိမ့်မယ် ဆရာ'


'အိမ်ပြောင်းပြီး ဟိုရောက်လို့ တီးပြန်ရင်လဲ ကန့်ကွက်တဲ့လူ ရှိနေအုံးမှာဘဲဆရာ ...'
'ဒီတစ်ခါတော့ ကန့်ကွက်တဲ့ လူမရှိအောင် လွတ်လွတ်ကျွတ်ကျွတ် နေရာမျိုးမှာ နေမှာဟေ့ ...'
'ဘယ်လို နေရာမျိုးလဲဆရာ'
'ကမာရွတ်တို့ သမိုင်းတို့လို ၀င်းနဲ့ခြံနဲ့ အိမ်မျိုးပေါ့ကွ'
'ဟိုကျလဲ ဆရာ ဒီလိုဘဲ တီးနေမှာလားဆရာ'
ဒီထက် ပိုတီးမှာပေါ့ကွ'

ထိုအခါ ပေါ်အူးသည် နှစ်ကြိမ်သုံးကြိမ်မျှ ချောင်းဟန့်ပလ္လင်ခံပြီးနောက် ...
'ဒီလိုဆိုရင် အားလဲနာပါရဲ့ဆရာ၊ ဆရာနဲ့ ကျွန်တော်နဲ့ ကဲကြဘို့ ရှိလိမ့်မယ်ထင်တယ် ဆရာ'
'ဟေ ... ဟေ ဘာပြောတယ်ကွ ...'
'ကျွန်တော်မလိုက်နိုင်ဘူးဆရာ ...'
'ဟေ ... မင်းက အလုပ်ထွက်မယ်လား ...'

'ဆရာနဲ့ ခွဲလဲမခွဲချင်ပါဘူးဆရာ၊ နို့ပေမယ့် မဖြစ်ဘူးဆရာ'
'ဘာကြောင့်လဲကွဲ ပေါ်အူး ... '
'ခြံထဲမှာ လှောင်ပြီး ကျွန်တော့ကို ဘင်ဂျိုတီးသတ်သလို ဖြစ်နေပါလိမ့်မယ် ဆရာ ...'
'ဟေံ ... မင်းကလားကွာ ... ဒီလိုပြောတာ ...'
'အားတော့နာပါရဲ့ဆရာ၊ မလိုက်နိုင်လို့ပါ'
'လိုက်ရင်ကောကွာ'

'လိုက်ရင် ကျွန်တော်နားငြီးပြီး သေရင်လဲသေ၊ မသေရင်လဲ ရူးသွားပါလိမ့်မယ် ဆရာ'
'မင်းက ဒီအသံမကြိုက်ဘူးလား'
'မကြိုက်ဘူးဆရာ ...'
'ဒီဘင်ဂျိုသံကြားရတာဘဲ မင်းနားထဲ ဘယ်လိုနေလို့လဲ'
'ဟို ... ဆရာ ... ကျသောင်းငါး အကြောကို ဓားသွားနဲ့ခြစ်တဲ့ အသံ ဇလုံဖင်ကို သဲကြမ်းနဲ့ ဖိပွတ်တဲ့ အသံကြား ရသလိုဘဲ ဆရာ'
'ဟေ ... ဒီလောက်ဘဲလားကွာ'

'ဟုတ်တယ်ဆရာ ...'
'နို့ ဒါဖြင့် ... တီးတဲ့လူ ငါရဲ့ ... အနီးဆုံးနားကတော့ ... ဘာ့ကြောင့်ခံနိုင်သလဲကွာ'
'ဒါက ဒီလိုရှိပါတယ်ဆရာ'
'ပြောစမ်းကွယ် ...'
ဥပမာက ခတ်ရိုင်းရိုင်းမို့ပါ ...'။
'ရိုင်းရိုင်း ကွယ် ပြောကွယ်'

'အီးပေါက်တဲ့အခါမှာ ပေါက်တဲ့လူဟာ ကိုယ့်အီးကိုယ် လူများလောက် မနံဘူးဆရာ၊ နှာခေါင်း မရှုံ့ဘဲ ခံနိုင်တယ်၊ ဆရာ့ ဘင်ဂျိုသံလဲ ဒီလိုပါဘဲ'
'သောက်လခွီးတဲ့ ... မင့်ဟာကလဲ ...'
'ဟုတ်တယ်ဆရာ၊ ဒါကြောင့် ကျွန်တော့ ဥပမာက ရိုင်းတယ်လို့ ပြောတာ'
'ဒီလိုဆို မင်းက ကိုယ့်ဆရာရဲ့အကြိုက်ကို မလိုက်နိုင်ဘူးပေါ့'
'ဒါတခုတော့ သီးခံပါဆရာ ...'
'ဒီအကြောင်း ကို မင်းကောင်းကောင်း စဉ်းစားပြီးပြီလား ...'
'ဆရာ ဘင်ဂျို ၀ယ်တဲ့နေ့ကဘဲ စပြီး စဉ်းစားထားပါတယ်ဆရာ'

'ငါ ဘင်ဂျိုကို ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် မင်းက ငါ့ကိုဖြတ်မယ် ဒီလိုလား'
'ဒီသဘောပါပဲဆရာ'
ထိုအခါ ကျွန်တော့မှာ မစ္စစ်ဒေါ်ဆင်တို့ လူစုနှင့် ပတ်သက်၍ စိတ်ဆိုးလျက် ရှိနေသည့် အတွင်း တပည့်ရင်း ပေါ်အူးကပါ ဘင်ဂျိုကိစ္စနှင့် ပတ်သက်ပြီး အလုပ်ထွက်မည် ပြောနေ ပြန်သဖြင့် မခံမရပ်နိုင်အောင် ဒေါသ ဖြစ်သော်လည်း စိတ်ကို အနိုင်နိုင် ချုပ်တီးပြီးလျှင် ...
'ဒီဟာ နောက်ဆုံးစကားဘဲလားဟေ့ ပေါ်အူး'
'နောက်ဘိတ်ဆုံး ... အထွေးဆုံး ... သွေးဆုံးပါဘဲဆရာ'
'ကိုင်း ... ဒါဖြင့် ထွက်ကွာ ...'
'ကောင်းပါပြီဆရာ'

ကျွန်တော်သည် မရွှင်လမ်းသော စိတ်နှလုံးဖြင့် လမ်းလျှောက် ဒုတ်ကိုကိုင်၍ ဦးထုပ် ဆောင်းပြီးလျှင် မြို့ထဲသို့ ထွက်ခဲ့ရာ ဆူးလေဘုရားအနီးသို့ ရောကသည်တွင် ကျောင်းနေ စဉ်က အတော်ပင် ခင်မင်ရင်းနှီး ခဲ့သည့် သူငယ်ချင်း ကိုဝင်းမောင်နှင့် တွေ့ရပါသည်။

ကိုဝင်းမောင်နှင့် ကမာရွတ်တွင် ၀င်းခြံနှင့် နေအိမ် အမြောက်အများ အမွေရထားသူ ဖြစ်သည်နှင့် ၎င်းအား မြင်လျှင် မြင်ခြင်း ကျွန်တော့အတွက် အိမ်တလုံးလိုနေသည့်ကိစ္စကို ရုတ်တရက် သတိရမိလေသည်။

ကိုဝင်းမောင်မှာ ၀င်းခြံနှင့်နေအိမ် အမြောက်အများရှိသူ ဖြစ်သော်လည်း အလုပ်အကိုင်မရှိ သဖြင့် လက်ထဲ တွင် ပိုက်ဆံများများ မကိုင်နိုင်သလောက် မာနအလွန်ကြီးသူ ဖြစ်လေ သည်။
ယခုအခါ၌ ရန်ကုန်မြို့တွင် အိမ်ဝင်းခြံ အစေခံတန်းလျား မော်တော်ကားနှင့် ခမ်းခမ်း နားနား နေနိုင်သော အနောက်နိုင်ငံသားများမှာ မြန်မာပြည်၏ လက်ရှိအခြေအနေအရ မြန်မာပြည်မှ တဖြည်းဖြည်း ထွက်ခွာ နေကြပြီဖြစ်၍ ကိုဝင်းမောင်၏ ခမ်းနားသော အိမ်ဝင်းခြံ ကြီးများမှာ ကောင်းသလောက် လူအနေအထိုင် နည်းပါး နေသည်နှင့် ယခုအချိန်တွင် အိမ်ငှါး အိမ်ဝယ်များကို တွေ့မည်ဆိုလျှင် ကိုဝင်းမောင်မှာ ဖက်၍ နမ်းချင် မလောက် ၀မ်းသာမည်ဖြစ်ချေ၏။

ထို့ကြောင့် ကိုဝင်းောမင်ကို မြင်သောအခါ သူ့မှာလည်း လခရစေ။ ကျွန်တော်လည်း နေအိမ်ရစေဟု သဘောပိုက်လျက် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြီးနောက် ...
'ခင်ဗျားနဲ့တွေ့ရတာ အဆင်သင့်လိုက်တာဗျာ၊ ကိစ္စလေးတခု ရှိနေတယ်၊ လာဗျာ ... ကွန်တီနင်တယ်လ် သွားပြီး တခုခုစားရင်း စကားပြောရအောင်'
ကိုဝင်းမောင် မှာ ကျွန်တော် ဖော်ရွေသလောက် ၀မ်းသာဟန် မရှိလှဘဲ သူ၏ အောက်မေး လေးကြီးကို ခဲခဲ ယဉ်းယဉ်း လှုပ်ခါကာ ...

'လိုက်ချင်ပါရဲ့ဗျာ၊ နို့ပေမယ့် ဒီကနေ့တော့ လူတစ်ယောက်နဲ့ ဘံဘေဟော်တယ်မှာ စကား ပြောဘို့ ချိန်းထားလို့ သီးခံပါ'
'သူနဲ့ချိန်းထားတာကို ဖျက်လိုက်ပါလား'
'ဖျက်လို့မဖြစ်ဘူးဗျ၊ သိပ်အရေးကြီးတယ်'
'ဒါဖြင့် သူ့ကိုပါ ခေါ်ခဲ့ဗျ၊ သုံးယောက်အတူ တွေ့ကြတာပေါ ...'

'မဖြစ်ဘူးလေ၊ သူကလဲ ခင်ဗျာ့မတွေ့ချင်ဘူး၊ ခင်ဗျားကလဲ သူ့တွေ့ချင်မှာ မဟုတ်ဘူးဗျ'
'သူက ဘယ်သူမို့တုန်း'
'ဒေါက်တာသိန်းဇံဗျ'
'ဟင် သူနဲ့ ခင်ဗျားနဲ့ သိသကိုး'

'သိပ်တော့ မကျွမ်းပါဘူး၊ တစ်ခါနှစ်ခါ တွေ့ဘူးတာပါဘဲ၊ ကျွန်တော့ အဒေါ် ဒေါ်မြစိန်နဲ့ တော်တော်ရင်းနှီးတယ်ဗျ ...'
'သြော် ... ဒါကြောင့် မနေ့က သူတို့ ဘုံဘေဟော်တယ်မှာ တွေ့လိုက်တာကိုး၊ ဒီလူကြီးနဲ့ ဆက်ဆံရင် သတိ ထားဗျာနော်၊ သိပ်ဆိုးဝါးတဲ့လူကြီး ကျွန်တော့ကို ဂျောက်ချတာ နှစ်ခါရှိ ပြီ၊ လူညစ်ကြီးဗျ'
'ကျွန်တော့်တော့ ညစ်နိုင်စရာ မထင်ပါဘူးဗျ၊ ဒီလိုလေ ကျွန်တော်ရဲ့ 'ဂရင်းဗီလာ' အိမ်ကြီး ကို ငှားချင်တဲ့လူ ရှိတယ်လို့ သူက ပြောတယ်၊ မသကာ ပွဲခပေးရရုံရိမှာပေါ့ ညစ်ပေါက် တော့ ရှိနိုင်ပါဘူး သွားလိုက်အုံး မယ်ဗျာ၊ နက်ဖြန်တော့ ခင်ဗျာ့အိမ်မှာ အေးအေးဆေးဆေး တွေ့သေးတာပေါ့ ...'

'တွေ့နိုင် မထင်ဘူးဗျို့၊ အခုဘဲ ကျွန်တော့အိမ်ရှင်က ကျွန်တော့ကို မောင်းချလို့ အိမ်တလုံး ရှာရအုံးမယ်၊ ခင်ဗျာ့မှာ အိမ်ခတ်ငယ်င် အလွတ်ရှိသေးရဲ့လားဗျာ့'
'၀င်းနဲ့ခြံနဲ့ အိမ်လေးငါးလုံး ရှိတယ်ဗျာ၊ ကြိုက်တာရွေးယူနိုင်ပါတယ်'
'ကျေးဇူးပါဘဲဗျ၊ ဒါထက် ကျွန်တော်က ဘင်ဂျိုတီးတတ်တယ်ဗျ၊ အနီးပါးချင်း မရှိမှ ဖြစ်မယ်ဗျ'

'သည့်ပြင် အိမ်တွေနဲ့ဝေးတဲ့ ချောင်ကျကျ' စမောလ်ရေဒီယိုဆိုတဲ့ အိမ်ကလေးရှိပါတယ် ဗျာ၊ ခင်ဗျားထင်သလိုသာ တီးပေရော့ ...'
'ဟန်ကျလိုက်လေဗျာ...'
'နို့ပြီး မျက်နှာဖြူစစ်သားတွေလဲ ခင်ဗျားနေမယ့် အိမ်ကလေး အနောက်နားမှာ ရှိတယ်၊ သူတို့လဲ ခင်ဗျာ့လို အတီးအမှုတ်သမားတွေဘဲ'
'ဟာ ... ဟန်ကျတာဘဲဗျို့၊ နို့ပြီး ခင်ဗျားနဲ့လဲ မကြာခဏ တွေ့နိုင်တာပေါ့နော်၊ အိမ်ချင်း နီးရဲ့ မဟုတ်လား'
'နီးပါတယ်ဗျာ၊ တွေ့နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျာ့ ဘင်ဂျိုတော့ မယူခဲ့နဲ့ဗျာ၊ တောင်းပန် ပါ ရစေ'

'ခင်ဗျားက ကျွန်တော့ ဘင်ဂျိုသံကြားဘူးပြီလားလို့'
'မကြားရသေးပေမယ့် ဟိုနေ့က ခင်ဗျားတပည့် ပေါ်အူးနဲ့ သိမ်ကြီးဈေးမှာတွေ့လို့ ပြောပြ တယ်ဗျ၊ ဒါထက် သူကော ခင်ဗျားနဲ့ အတူတူပါလာမယ်လား'
'ဒီကောင် အလုပ်က ထွက်သွားပြီဗျ'
'အလိုဗျာ ... ဘာကြောင့်တဲ့လဲ'
'ခွေးမသားက အင်မတန်လူပါးဝတယ်၊ ကျွန်တော် ဘင်ဂျိုတီးတာကို သူနားငြီးလို့တဲ့ဗျ'
'သြော် ... သြော် ... သြော် ... ဒီလိုကိုး ...'

'ကျွန်တော် မြှေက်စားတာနဲ့ ခွေးမသားက ပျက်နေတာဗျာ..'
ကိုဝင်းမောင်သည် အနည်းငယ်စဉ်းစားပြီးနောက် ...
'ပေါ်အူးကို ကျွန်တော် တွေ့ချင်တယ်ဗျာ'
'တွေ့ချင်ရင် အိမ်မှာ ရှိရစ်ပါတယ်ဗျာ၊ ၀င်တွေ့နိုင်ပါတယ်'
'ကောင်းပေမယ့်ဗျာ ကိုယ့်ဆရာကို ဘင်ဂျိုမတီးရဘူးဆိုတော့ လူပါးဝလွန်းရာ မကျဘူး လားဗျာ'
'ခင်ဗျာ့သဘောပါဘဲ၊ ကျွန်တော်နဲ့ မဆိုင်တော့ပါဘူး'

အမှန်ကို ပြောရလျှင် ကျွန်တော်သည် ပေါ်အူးကို လက်လွှတ်ရသည့်အတွက် အလွန်ပင် နှမျောလျက် ရှိသည်။ ဤဘင်ဂျိုကိစ္စ၌ ဆရာနှင့်တပည့် ဆရာက လျှော့ပေးရလျှင် လူကြား၍ မကောင်းသည့်အတွက်ကြောင့်သာ တင်းထားလိုက်ရခြင်း ဖြစ်ပါသည်။

ထိုနေ့၌ ကျွန်တော်သည် ဟော်တယ်တစ်ခုတွင် ဘီယာသောက်ရင်း ဘိလိယက်ထိုးခြင်း ဖြင့်သာ အချိန်ကုန်ခဲ့ပေရာ စိတ်ထဲတွင် ၀မ်းသာသော အရာတခုမှာ ကိုဝင်းမောင်၏ အိမ် အနီးတွင် မျက်နှာ ဖြူစစ်တပ် ရှိနေသောကြောင့် သူတို့စစ်သားထဲတွင် အတီးအမှုတ် ကောင်းသော အနောက်နိုင်ငံသား တယောက် ယောက် ရှိချေမည်။ သူတို့နှင့် မိတ်ဖွဲ့ပြီး နည်းယူရခြင်းဖြင့် ကျွန်တော့ လက်သံမှာ မြန်မာပြည် တွင် ချန်ပီယန်တယောက် ဖြစ်လာ နိုင်မည်ကို တွေးမိခြင်းပင် ဖြစ်ပါသည်။

ညနေခင်းအချိန်တွင် အိမ်သို့ ပြန်လာခဲ့ရာ လမ်းခရီးတွင် ပေါ်အူးနှင့် ခွဲရမည်ကို တွေးတော မိပြန်သည်နှင့် သုံးနှစ်ကျော် လေးနှစ်မျှ အတူတကွနေခဲ့သော တပည့်ရင်းဖြစ်သူကို နှမျော တွယ်တာမိသောစိတ်မျိုး ပြင်းထန်စွာ ပေါ်ပေါက်လာပါသည်။

ပေါ်အူးမှာ ဆရာ၏အလိုကို သိတတ်ရုံမျှမက ပတ်ဝန်းကျင်မျက်စိပသာဒ၏ လှပမှု အချိန် အခါ ရာသီ ဥတုနှင့် သင့်လျော်မှု စသည်တို့ကိုပါ ကျွမ်းကျင်စွာ ပြုပြင်နိုင်သူ ဖြစ်ပါသည်။ ဥပမာဆိုသော် ရာသီဥတု ထိုင်းမှိုင်းသော အခါတွင် မည်ကဲ့သို့ အ၀တ်အစားမျိုး၊ ရာသီဥတု တောက်ပလျှင် မည်ကဲ့သို့ အ၀တ် အဆင်မျိုး ဘန်ကောက်လုံချည် ရေညှိရောင်ကို ၀တ်လျှင် ရှူးဘိနပ်အနက် သက္ကလပ် အပေါ်အင်္ကျီ ညိုမှိုင်းမှိုင်း သို့မဟုတ် ပိုးအင်္ကျီအနက်၊ ရှပ်အင်္ကျီအဖြူ၊ ပိုးအင်္ကျီနံ့သာရောင်ကို ၀တ်လျှင် ဘန်ကောက် လုံချည် ရွှေဖလားရောင် ရှူးဘိနပ်လိမ္မော်ရောင် သို့မဟုတ် အညိုရောင်ကို ၀တ်ဆင်ရမည် အစရှိသည်ဖြင့် အချိန် အခါ အပူအအေးကို လိုက်၍ ပတ်ဝန်းကျင်ပသာဒနှင့် သင့်လျော်သော အ၀တ်တန်ဆာ များကို ၀တ်ဆင်ရန် အကောင်းဆုံးသော အိမ်ထောင်မိန်းမသဖွယ် ကျွန်တော့ကို ပြုစုပြင် ဆင်ပေးတတ်ပါသည်။

သူနှင့် မတွေ့ခင်တုန်းကမူ ကျွန်တော်သည် ဖြစ်သလို လွယ်သလို ၀တ်စားဆင်ယင်၍ နေခဲ့ရာ သူ၏ အပြုအပြင်ကို ခံရသောအခါတွင် ကျွန်တော့မှာ စတိုင်တမျိုး ဖြစ်လာပြီဟု အသိအကျွမ်းများ၏ ချီးမွမ်းခြင်း ကို ခံရရုံမျှမက မယ်ဒဂုံဘွဲ့ရ ဒေါက်တာသိန်းဇံ၏သမီး မြင့်တင်တင်နှင့် ချစ်ကြိုက်ခဲ့ရပါသည်။ ဤကာ ပေါ်အူး ၏ ကျေးဇူးပင် ဖြစ်၍ နောက်ဆက်တွဲ မစွန်လိုက်ခြင်းမှာ ကျွန်တော်၏ အကျင့်စာရိတ္တကြောင့်သာ ဖြစ်ပါသည်။

ဤ'အောက်ဒိုး'အပြင်အဆင်မျှသာ မဟုတ်သေး၊ အိမ်တွင် အချက်အပြုတ် အစား အသောက်တို့မှာလည်း ယုဝတီအမျိုးသမီး၊ တိုင်းရင်းသူအမျိုးသမီးများထက် သာသည်ဟု မဆိုနိုင်သော်လည်း မည်သည့်အချိန် မည်သည့် အခါ၌ မည်ကဲ့သို့ အရက်များကို သောက်မည်ဟု နည်းနာတကျ ပြုစုမူမှာကာ ထိုအမျိုးသမီး များပေါ်အူး၏ ဆံဖျားကိုမျှ မှီမယ်မဟုတ်ပါ (စိတ်လဲမဆိုးကြပါနဲ့) ဥပမာဆိုရသော် နေ့လည်နေ့ခင်း အပြင်း ပြေ သောက်ချင်လျှင် ၀ီစကီကို ဆိုဒါများများ ရော၍ ပေးရမည်။ သို့မဟုတ် ဘရန်ဒီကို ဘီယာနှင့် ရော၍ ရှန်ဒီလုပ်ပေးရမည်။

ည အမူးသောက်ပြီး ခြေပစ်လက်ပစ် နှစ်နှစ် ချိုက်ချိုက် အိပ်လိုက်လျှင် ပြင်းထန်သော 'ရမ်'ကို ပေးရမည်။ ထမင်းစားကောင်းရုံလောက် သောက်လိုလျှင် ဘရန်ဒီကို ပေးရမည်။ ချစ်စရာကောင်းသော မိန်းကလေးများနှင့် စကား ပြောစရာရှိသည်ဆိုလျှင် အနံ့မနံ့သော 'ဂျင်'ကို ပေးရမည်။ ညဦးက အလွန်မူးအောင် သောက်ထားခဲ့လျှင် နံနက်တွင် လက်ဘက်ရည် ကော်ဖီ အစရှိသော အချိုစာများကို မပေးဘဲ ၀မ်းပေါင်း ခေါက်ဆွဲပြုတ် မြူစွမ်ပြုတ် စသည့် တရုတ်အစားအစာတို့ကို ကြက်သွန်ချသ် ငြုပ်သီးစိမ်းတို့နှင့် ပေးရမည်။ အစရှိသည်ဖြင့် အရာခပ်သိမ်း သိရှိ နားလည်သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဤအပြုအစုဘက်တွင် အဘယ်မှာ လျှင် တော်ရုံတန်ရုံမိန်းမကို မက်မောတော့အံ့နည်း။

ဤသို့လျှင် ပေါ်အူး၏ နှစ်သက်မက်မောဘွယ်ရာများကို တွေးရင်း အိမ်သို့ ရောက်သည် တွင် သူ့စိတ် ပြောင်းချင်ပြောင်းပါစေဟု သဘောပိုက်ခါ ...
'ဟေ့ .. ပေါ်အူးရေ ...'
'ဆရာ ...'
'ဆရာတပည့် အရင်းဆိုတာ အပြောမှား အဆိုမှား ရှိတဲ့အခါ ရှိကြတာပေါ့ကွယ်၊ လွန်ခဲ့တဲ့ ဟာ လွန်ပါစေ၊ မေ့မေ့ပျောက်ပျောက် ပေါ့ကွယ်၊ ဟုတ်လား'
'ဘာကိုလဲဆရာ ...'
'သြော် ... မင်းမသွားဘဲ နေချင်နေနိုင်ပါတယ်၊ မင့်စကား မင်း ပြန်ရုတ်သိမ်းလိုက်ပေါ့ကွယ်၊ ဆရာစိတ်မဆိုးပါဘူး'

'ကျေးဇူးတင်ပါတယ်ဆရာ၊ နို့ ... ဆရာက ဟိုဟာကြီး တီအုံးမှာလားဆရာ'
'ကျွန်တော်က မျက်နှာထားတင်လျက် ...
'တီးမှာပေါ့ကွဲ့ ...'
'ဒီလိုဆိုရင်တော့ ...'
'ကောင်းပြီး ဒါဖြင့် မင်းသဘောပေါ့။ မင်းဘယ်မှာ အလုပ်လုပ်မလဲ'
'ခုနင်ကဘဲ ကိုဝင်းမောင်နဲ့တွေ့လို့ သူ့ဆီမှာလုပ်ဘို့ ကျွန်တော် လက်ခံလိုက်ပြီ ဆရာ'
'အခုလေ ... လှပါပေ့ကွယ် ...'
'သီတင်းတပါတ်အတွင်းမှာ အလုပ်ဝင်ဘို့ သဘောတူလိုက်ပြီဆရာ ...'
'ငါ့ဆီက ထွက်သွားပေမယ့် မင်းငါနဲ့ မလွတ်သေးဘူးမောင်'

'ဘာကြောင့်လဲဆရာ ...'
'ငါလဲ ... ကိုဝင်းမောင်ခြံထဲ ပြောင်းမလို့ ...'
'ဟုတ်လားဆရာ'
'ဟုတ်တယ်မောင်ရေ့ ...'
နောက်တနေ့တွင် ကျွန်တော်သည် ကမာရွတ်သို့ ပြောင်းရွှေ့ခဲ့လေ၏။ ပေါ်အူးနေရာ၌ အစားငှားရသော အစေခံမှာ ဘဆောင်ဆိုသူ အညာသားတစ်ယောက်ဖြစ်၍ ဗိုလ်အိမ်များ နှင့် မြမ္မာအရာရှိများအိမ်တို့တွင် လုပ်သက် အတော်ရခဲ့သူ ဖြစ်သဖြင့် အချက်အပြုတ် အလုပ်အကိုင်တို့၌ အတော်ပင် ကျွမ်းကျင်ကောင်းမွန်လှသော်လည်း ဆရာ၏ အရိပ်အကဲ ကို သိခြင်းနှင့် ဆီလျှော်အောင် ပြုစုခြင်းတို့၌မူ ပေါ်အူး၏ဘိနပ်ဦးဖျားမျှ မမှီချေ။

စင်စစ် ပေါ်အူးကဲ့သို့ အခိုင်းအစေမျိုးမှာ မသိုးထမင်း မသိုးဟင်းနှင့် လိုက်၍ ရှာစေကာမူ လူသာလျှင် ခြေတိုပြီး သေရမည်။ ပေါ်အူးလို အကောင်ကိုကား တွေ့နိုင်မည် မဟုတ်ချေ။
သို့သော် ဆရာနှင့် တပည့် ကိုယ်ကဘဲ တင်းနိုင်မလား။ သူကဘဲ ငြင်းနိုင်မလားဟု စိတ်မသက်မသာနှင့်ပင် ခွဲလိုက်ရပါသည်။ အကယ်၍ သူအခြား၌ မပျော်ပိုက်ခြင်းကြောင့် ပြန်လာခဲ့လျှင် လက်ခံရန် အသင့်ရှိပါသည်။

ယခု ကျွန်တော် ရောက်ရှိနေသောအိမ်မှာ အခြားအိမ်များနှင့် တခေါ်လောက်ဝေးကွာသည် ဖြစ်၍ အိမ်ဝင်းခြံထဲ၌ ကျွန်တော်သဘောရှိ တီးနိုင်ပါသည်။ နောက်ဖေးဘက်က စစ်တပ်မှာ ကျွန်တော့အိမ်နှင့် သိပ်မကွာလှမ်းစေကာမူ သူတို့လည်း ကျွန်တော်တို့ ကဲ့သို့ပင် ဆူညံ့ သော အတီးအမှုတ်သမားများ ဖြစ်၍ အရေးမကြီးလှပါ။

သူတို့သည် အားလပ်ချိန်များတွင် တီးမှုတ်ကြ၍ ကျွန်တော်သည် သူတို့တီးမှုတ်စဉ်တွင် နားထောင်နေလျက် သူတိုရပ်နားသောအခါမှသာ ကျွန်တော့လက်သံကို ကြားစေရန် အတီးသမားချင်း မိတ်ဆက်သော နည်းအားဖြင့် လက်သံခပ်ပြင်ပြင် တီးခတ်လေ့ ရှိပါသည်။

ဤသို့ တဖက်နှင့်တဖက် တလှည့်စီ တီးခတ်နေရင်း သူတို့ ကျွန့်တော့လက်သံကို ကြား၍ ၀ါသနာတူချင်း မိတ်ဖွဲ့ရန် လာလျှင်လာ။ သူတို့မလာလျှင် ကျွန်တော်ကိုယ်တိုင် သွား ရောက်မိတ်ဆက်ပြီး သူတို့ဆီနည်းကို ယူမည်ဟု စိတ်ကူးထားပါသည်။

သို့သော် သုံလေးရက်မျှကြာသည်တွင် သူတို့လူစုထဲက တကောင်တမြီးမှ ပေါ်မလာရုံမက သူတို့ တီးမှုတ်ခြင်းကိုပင် လုံးဝရပ်စဲပစ်လိုက်ကြပါသည်။ ကျွန်တော့ စိတ်ထင်အားဖြင့် ဤသို့ တဖက်နှင့်တဖက် တလှည့်စီတိးကြသည်တွင် ကျွန်တော့ လက်သံသည်။ သူတို့ ထက်ကောင်းနေ၍ သူတို့ညံ့ဖျင်းမှုကို မျက်နှာဖြူပီပီ ရှက်သောကြောင့်သာ မတီးဝံ့ဘဲ ရပ်ဆဲသွားကြသည်ဟု အောက်မေ့မိပါသည်။
အစပဌမ၌မူ သို့လူစုံထဲတွင် ဘင်ဂျိုလက်သံကောင်းတခု ကြားရ၍ ကျွန်တော်နည်းယူထိုက် သူဘဲဟု ထင်မှတ်ခါ ၀မ်းသာမိပါသည်။

သို့သော် သူ့လက်သံ ကိုယ့်လက်သံကောင်း မကောင်းမှာ ကိုယ့်ဟာကိုယ်တီးနေခြင်းထက် သူ့နားကိုယယ့်နားက ပိုမိုသိသာနိုင်မည် ဖြစ်၍ ကျွန်တော့လက်သံမှာ သူ့နားတွင် သူ့ထက်ကောင်းသည်ဟု ယူဆသောကြောင့်သာ သူမတီးဝံ့ဘဲ နေဟန် တူသည်။ ဤအတိုင်းမှန်လျှင် ယဉ်ကျေးသော အနောက်နိုင်ငံသား ပီပီ သူတနေ့နေ့ ကျွန်တော့ထံ လာရောက်မိတ်ဖွဲ့ရမည်ဟု စိတ်ကူးပေါက်သည်နှင့် ဘင်ဂျို ကို ခါတိုင်းထက် ပိုမိုတီးခတ်ရုံမက သူတို့စစ်တပ်ဘက်ရှိ ကျွန်တော့အိမ်နောက်ဖေး ၀င်ပေါက်ကိုပင် မပြတ် ဖွင့်ထားလိုက်ပါသည်။

သို့သော် တနေ့သော်လည်း မလာ။ တနေ့သော်လည်း မလာ။ သူတို့ စစ်တပ်ထဲကလည်း တီးမှုတ်သံမကြာသည်နှင့် တံခါးဖွင့်ထား၍ လေးရက်မြောက်သောနေ့ ညနေခင်းတွင် မအောင့်အီး နိုင်တော့ဘဲ ကျွန်တော်ကိုယ်တိုင် သူတို့စစ်တပ်ဆီသို့ လျှောက်သွားပါသည်။
(မှတ်ချက်     ဤ၀တ္ထုရေးစဉ်၌ မြန်မာပြည် လွတ်လပ်ရေး မရသေး မဟာမိတ်တပ်များ ရှိသေး၏။)

ကျွန်တော်ကိုယ်တိုင်မူ အစပထမ၌ အတီးသမားမှန်း မသိစေရန် ဘင်ဂျိုကို ယူမလာခဲ့ဘဲ သူတို့လို ဘောင်းဘီအရှည် ယန်ကီးရှပ်နှင့် စမတ်ကျကျဝတ်၍ လမ်းရှောက်ဒုတ်ကို ကိုင် သွားပါသည်။ စစ်တပ် နဘေးသို့ ရောက်သည်တွင် ၀င်းတိုင်ကို မေးထောက်၍ ငိုင်နေသော အမေရိကန် အရာရှိတယောက်ကို တွေ့ရသည်နှင့် ...
'ဟဲလို ... ဂွတ်တီးဗနင်း'ဟု စတင်နှုတ်ဆက်လိုက်ပါသည်။ သူကလည်း ကောင်းမွန်စွာ ပြန်လှန် နှုတ်ဆက် သည်နှင့် ကျွန်တော်က စီးကရက်ဘူးကို ထုတ်တယ်ပြီး အင်္ဂလိပ်ဘာသာ ဖြင့် ...
'တလောက ဒီစစ်တပ်ထဲက တီးသံမှုတ်သံတွေ ကြားခဲ့ပါတယ် ...'

'ဟုတ်ကဲ့ ... တီးခဲ့မှုတ်ခဲ့ကြပါတယ် ...'
သူ့ အမူအရာမှာ အတော်စိတ်ပျက်နေဟန် တူပါသည်။
'ဘင်ဂျိုလက်သံကောင်းတခု ကြားမိပါတယ် ...'
'ဟုတ်ကဲ့ ... ကျွန်တော်ကိုယ်တိုင်ပါပဲ ...'
'အခုလေးငါးရက်လောက်ရှိပြီ။ တီးသံ မကြားတာ ...'
'ဟုတ်ကဲ့ အတီးအမှုတ်ကို ဖြတ်ပစ်လိုက်ကြပါတယ် ...'
'စစ်တပ်ထဲက တားမြစ်လို့ပါလား ...'

'မဟုတ်ပါဘူး ...'
'ဘာကြောင့်ပါလဲ ...'
သူသည် စီးကရက်ကို ဖွာထုတ်၍ ကိုယ်ဟန်ပြင်လိုက်ခါ ကျွန်တော်နေသောအိမ်ကို ညွှန်ပြရင်း ...
'ဟို ... အိမ်က တီးသံကြားတာနဲ့ ... '
ကျွန်တော်မှာ ကျွန်တော်တွေးထင်ချက်မှန်ကန်ပြီ ဟူအောက်မေ့ခါ ကမာရွတ်ရောက်မှ ငါ့လက်သံ ဒီလောက် တိုးတာဘဲ' ဟု ၀မ်းသာမိလျက် ကျွန်တော်ကိုယ်တိုင်ဖြစ်ကြောင်း ဖွင့် မပြောသေးဘဲ ...
'အင်း ... အဲဒီအိမ်က တီးသံက ခင်ဗျာ့ထက်သာတယ်လို့ ထင်တယ်ဆိုပါတော့ ... '

'သာပါဗျာ ... ဒီလောက်မြည်အောင် တီးနိုင်တာတော့ ... '
'ကောင်းကော ကောင်းရဲ့လားဗျ'
ကျွန်တော်က မျက်နှာမချိုမချင်နဲ့ ထောက်လိုက်ပါသည်။
'ကောင်းဆို မပြောနဲ့တော့ အဲဒီတီးသံကြားကထဲက ကျွန်တော်တို့ တသက်လုံးကပါလာတဲ့ အတီးအမှုတ်ဝါသနားကို တခါထဲ ပြတ်ကရော ... '
'ဟင် ... ဘာကြောင့်'

'ခင်ဗျားဘဲ စဉ်းစားကြည့်တော့ဗျာ၊ ကျွန်တော်တို့ စစ်တပ်နဲ့ ထွက်ခဲ့တာ အမေရိက ကနေ ပြီးတော့ ဥရောပ အာရှတခွင် ပြဲပြဲစင်နေပြီ ... ဒီလောက်ဆိုးဝါးတဲ့ နားခံပြင်းစရာ ကောင်းတဲ့ ဘင်ဂျိုသံတခါမျှ မကြားဘူး သေးဘူး၊ အမြောက်သံ ဗုံးသံတွေလဲ ကြားရတာ ရိုးနေပြီ ... '
ကျွန်တော် မျက်လုံးပြူးကာ
'အို ... ဒီလောက်ဘဲ ... '

'ဟုတ်တယ် ... ကျုပ် အထူးအဆန်း အံ့သြစရာ ရွံ့စရာအဖြစ်နဲ့ အမေရိက က မိတ်ဆွေ တွေဆီတောင် မနေ့ ကဘဲ စာရေးလိုက်ပြီ၊ အဲဒါဗျာ ... အဲဒီအိမ်က ဘင်ဂျိုဆရာနဲ့ ခင်ဗျားနဲ့ သိရင် တဆိတ်ကလေး ကျေးဇူး ပြုပြီးတော့ မတီးတို့ကို တားမြစ်ပေးစမ်းပါ ... '

ကျွန်တော်သည် နောက်ထပ် ဘာမျှမပြောတော့ဘဲ ချာကနဲလှည့်၍ အိမ်ဘက်သို့ ပြန်ခဲ့ပါ တော့သည်။ ခြံဝင်းအတွင်းရောက်လျှင် စိတ်ကူးကြီးနှင့် ဖွင့်ထားသောဝင်းတံခါးကို ဗျောင်းကနဲ ဆောင့်ပိတ်ပြီး အိမ်ထဲသို့ ခြေသံပြင်းပြင်းနှင့် ၀င်ခဲ့ပါသည်။ စာပွဲပေါ်ရှိ ဘင်ဂျို ကို ကြည့်၍ ဆိုဖါပေါ် ဆောင့်ထိုင်ချလိက်သည်တွင် အစေခံသစ် ဘဆောင်သည် ရှိုးတိုး ရှန့်တန့် မျက်နှာကလေးနှင့် စာရွက်ခေါက်ကလေး တစ်ခုကို ကိုင်၍ နောက်ဖေးခန်း ထဲမှ ထွက်လာပါသည်။

'ဟောဒီမှာဆရာ'
'ဘယ်ကလာပေးတဲ့စာလဲကွ'
'ဘယ်ကမှမပေးဘူး၊ ကျွန်တော် ရေးတာပါဆရာ'
'မင်းက ငါ့စာရေးပေးရအောင် မင့်ကိုမင်း စာရေးဆရာများ မှတ်နေလား'
စိတ်ဆိုးဆိုးနှင့် ငေါက်လိုက်ပါသည်။

'မမှတ်ပါဘူး ဆရာ'
'ဘာတွေများ ရေးထားတာလဲ'
'ဆရာဖတ်ကြည့်ပါဆရာ'
ကျွန်တော်သည် စာရွက်ကို ဖြန့်၍ ဖတ်လိုက်သည်တွင် ...

'ရိုသေစွာ စာအားဖြင့် ရေးသားအစီရင်ခံပါသည် ဆရာခင်ဗျား'
အားလဲ နာပါရဲ့ ဆရာ့ဘင်ဂျိုသံ ကျွန်တော် မခံနိုင်ပါ၍ အလုပ်ထွက်ခွင့် ပေးတော် မူပါ ဆရာသခင် ကျေးဇူးရှင်ခင်ဗျား။
(ပုံ) ဘဆောင်

ကျွန်တော်မှာ ဒေါသလည်းဖြစ်။ အံ့အားလည်းသင့်ခါ 'ဟင် မင်းကပါ ဒီလို ဖြစ်လာပြန် ပလား ကောင်းပြီ ဘယ်တော့ ထွက်ချင်သလဲ'ဟု ခပ်ပြင်းပြင်း ငေါက်၍ မေးလိုက်ပါသည်။
ဘဆောင်မှာ ငိုမဲ့မဲ့ မျက်နှာကလေးနှင့်
'အခု စက္ကန့်အတွင်းမှာဘဲ ဆရာ'
'မင်းငါ့ဆီရောက်တာ ခုနှစ်ရက်လောက် ရှိသေးတယ်။ ရက်တွက်မပေးနိုင်ဘူး ... '
'ကိစ္စမရှိပါဘူးဆရာ ကျွန်တော့်ရှိတာတောင် ပေးခဲ့ချင်ပါသေးတယ်'

ဤမျှအထိ ဖြစ်ပျက်သည်တိုင်အောင် ကျွန်တော် ဘင်ဂျိုဝါသနာကို စိတ်မပျက်သေး ယခု ကျွန်တော့ လက်သံမှ သူတို့၏ နားထဲ၌ မကောင်းဖြစ်နေသည်ကို ရိပ်မိပါသည်။ သို့သော် လောက၏ ဓမ္မတာ သဘောတရားအရ အကောင်းဆုံးလျှင် မကောင်းဖြစ်ရမည် မကောင်း ဆုံးလျှင် အကောင်း ဖြစ်ရမည် ဆိုသည့် အတိုင်း ကျွန်တော့လက်သံမကောင်းဆုံးလျှင် အကောင်းဆုံးအဖြစ်သို့ ရောက်ရမည်မုချ။ ထို့ကြောင့် ဤမကောင်းဆုံးသည့်တိုင်အောင် မနေမနား လေ့ကျင့်မည်။ လောကတွင် အကောင်း တခုခု ဖြစ်ရန်အတွက် အဖျက်အဆီး ရှိ သည်မှာ ဓမ္မတာ။ ဘုရားဖြစ်ခါနီးတောင်မှ ဒေ၀ဒတ်က နှောက်ယှက် သေးသည်။ ယခု သူတို့၏ ပြောဆိုကဲ့ရဲ့ကြခြင်းကို ဂရုမစိုက် နောက်ဆုံးတနေ့ မကောင်းဆုံး၍ အကောင်း ဆုံး နေ့သို့ရောက်လျှင် အမေရိကသို့ စာရေးလိုက်သည်ဆိုသော် စစ်ဗိုလ်ထံ သွားရောက် လိပ်စာ မေးထားပြီး အမေရိကသို့ပင် လိုက်သွားကာ 'ဟေ့ ... အရင်မင်း ကဲ့ရဲ့ခဲ့တာ ငါဘဲကွ' ဟု ကြွားဝါလိုက် ဦးမည်။

ယခု နောက်ထပ်အခိုင်းအစေ ငှားရလျှင်လည်းရ မရလျှင်လည်းနေပစေ၊ ကမာရွတ်ရောက် မှ မြို့နှင့် ဝေးကွာသည်ဖြစ်၍ လွယ်လင့်တကူသွားလာနိုင်ရန် နောက်သုံးရက်ကပင် ဂျစ်ကားတစီးကို သုံးထောင်နှင့် ၀ယ်ထားလိုက်ပြီး ဖြစ်သောကြောင့် မြို့ထဲက ဟော်တယ် များသို့ သွားရောက် ထမင်းစားနေမည်။ အိမ်၌ ပြုစုရန် အစေခံမရှိဘဲ ခေတ္တဒုက္ခခံပြီး ဘင်ဂျိုအတီးကို မဖြစ်ဖြစ်အောင် လေ့ကျင့်မည်ဟု ဆုံးဖြတ်ချက် ချလိုက်ခါ ဂျော်နီဝါကား ၀ီစကီကို သောက်နိုင်သလောက် သောက်ပြီး နှစ်ချိုက်စွာ အိပ်ပျော်လိုက်လေ၏။

နောက်တနေ့နံနက် အိပ်ရာထတွင်း ညက အသောက်လွန်၍ ဦးခေါင်းလေးသည်နှင့် ပေါ်အူးကို အထူးသဖြင့် လွမ်းဆွတ်မိသည်။ ဤအချိန်၌ ပေါ်အူးသာရှိပါလျှင် 'ဖရုဆော့လ်' ကို မှာ၍ပေးပြီး။ မီးဖိုချောင်ထဲ၌ ပူနွေးချိုမြိန်သော ၀မ်းဘဲသား စွတ်ပြုတ်ကို စီမံ နေချေပြီ။

ယခုမူကား ကျွန်တော့်ဟာကျွန်တော် ဖရုဆော့လ်ပုလင်းယူ၍ သောက်ရခါ သုံးကြိမ် လောက် ဓာတ်သွားပြီး ဦးခေါင်းရှင်း သွားသည်နှင့် ရေချိုးအ၀တ်လဲ၍ မြို့ထဲသို့ ကား ကိုယ်တိုင်မောင်းနှင်ခဲ့လေ၏။
လမ်းတွင် ပေါ်အူး ဈေးချင်းတောင်းကလေးကိုင်ကာ လာသည်ကို မြင်ရသဖြင့် အနီးသို့ ရောက်သည်တွင် ကားကို ရုတ်တရက် ရပ်လိုက်သောအခါ ...
'ဟေ့ ... ပေါ်အူး'
'ဟာ ... ဆရာ'
'မင်း ဘယ်ရောက်နေတာလဲ'
'ကျွန်တာ် ဒေါက်တာသိန်းဇံအိမ်မှာ လုပ်ရတယ်ဆရာ'
'ဟေ ... ဘယ့်နှယ်ဟာလဲ အစဦးတော့ ကိုဝင်းမောင်ဆီမှာ ဆို'

'ဟုတ်တယ်ဆရာ အခုတော့ ကျွန်တော့်ကို ဒီအိမ်မှာ လုပ်ခိုင်းတယ်ဆရာ
'ဟင် .. ဘယ်နှယ့်ကြောင့်'
'ဒေါက်တာသိန်းဇံနဲ့ သူ့သမီးက ကျွန်တော့်ကို လိုချင်တယ်ဆိုလို့'
'ဟင် ... ဒါနဲ့ ကိုဝင်းမောင်က ပေးရရောလား'
'သူက မြင့်တင်တင်ကို ပိုးနေတာကိုးဆရာရဲ့'
'အော် ... ဒီလိုလား .... ဒါနဲ့ မင်းကလဲနေရရောလား'

'ကိုဝင်းမောင်က ကျွန်တော့ကို ဒေါက်တာသိန်းဇံ အိမ်က ရတဲ့လခအပြင် အပိုတလ ၁၀ိ ပေးသေးတယ်ဆရာရဲ့'
'သြ ... လှပါပေကွယ်၊ ဒါထက် ဒီကောင်ကြီး မြင့်တင်တင် ပိုးဘို့များ ဘယ်သူက မြှောက်ပေးပါလိမ့်'
'ဟို စကားအ ထစ်ထစ် ကိုခင်မောင်ကြီးဆိုတဲ့လူနဲ့ ကိုသန်းဆိုတဲ့ ဂျပုကလေးကပေါ့ ဆရာရယ်'
'သူစွံပုံကော ပေါ်ရဲ့လားကွဲ့'
'ဝေးပါသေးတယ်ဆရာ သြော် ... ဒါထက် ဆရာရေ မန္တလေး ညွန့်လွင်လွင်တို့လဲ ရန်ကုန် မှာ ရှိသေး တယ်ဆရာ'
'ဟေ ဘယ်မှာလဲကွ'

'သမိုင်းက 'ဂရင်းဗီလာ'ဆိုတဲ့ ကိုဝင်းမောင်ရဲ့ အိမ်ကြီးကို တို့ငှားနေကြတယ် ဆရာ'
'သြ ... ဒါကြောင့် ဖိုးဝင်းမောင် ပိုက်ဆံဖောနေတာကိုကွနဲ့ သူတို့ မန္တလေးသားတွေ က ရန်ကုန် ဘာလုပ်လာနေကြတာလဲကွ ... '
'သူဋ္ဌေးကတော် ဒေါ်သန်းတင်ကြီး နားထိုင်းတာနဲ့ မျက်စိရောဂါကို ဒေါက်တာ ချန်တိပ်ဆီ ကုနေတာ တဲ့ဆရာ'
'မင်း ဘယ့်နှယ်ကြောင့် သိတာလဲ'

'သူ့သမီး ညွန့်လွင်လွင်က ဒေါက်တာသိန်းဇံအိမ် နေ့တိုင်း နေတာဘဲဆရာ'
'ဘာကြောင့် နေ့တိုင်းလာလာတာလဲကွ'
'မြင့်တင်တင်နဲ့ မိတ်ဆွေဖြစ်ပြီး မြင့်တင်တင်က မြှောက်ပေးနဲ့ နောက်ထပ် ရွှေမန်းမယ် ရွေးပွဲမှာ ၀င်မယ်လို့ လေ့ကျင့်လာယူနေတာဆရာ'
ဟင် ... ရွှေမန်းသူလဲ မယ်ဒဂုံနဲ့ ပေါင်းမိတာနဲ့ ပျက်ပါပြီ
မပျက်ပါဘူးဆရာ အခု အရင်ကထက် ပိုပြီး သိပ်လှတာဘဲများ မြင်ရရင်တော့'

'မပြောစမ်းပါနဲ့ကွယ် ငါသရေကျအောင် ဒါထက် သူတို့နှစ်ယောက် ငါ့အကြောင်းများ မပြောကြဘူးလားကွ'
'ပြောတယ်ဆရာ'
'ဘယ်လိုပြောလဲကွ'
'ဒီလူဟာ ရုပ်ရည်နဲ့ ပစ္စည်းနဲ့ ပညာနဲ့ တော်ပါရဲ့'တဲ့ ဒါပေမယ့် ပညာအညွန့်တုံးခံပြီးတော့ ဘာမျှမလုပ်ချင်ဘဲ မြင်းပွဲသွား ဘိလိယက်ထိုး ဘင်ဂျိုတီးနဲ့ အလကားအချိန်ဖြုန်းနေတဲ့ လူ အလေ နက်တော ဖြစ်နေတာက ခက်တယ်'လို့ မြင့်တင်တင်က ပြောတော့ ညွန့်လွင်လွင်က 'ဟုတ်ပါရဲ့ရှင်တဲ့' သူသာ ဒီအကျင့်မျိုးတွေ မရှိဘူးဆိုရင် ကျမနဲ့ ခုလောက်ရှိ လက်ထပ်ပြီး နေပြီတဲ့ ဒီတော့ မြင့်တင်တင်က 'အမယ်လေး ဒီလိုဆို သူမန္တလေးတောင် မရောက်ဘူး ကျမနဲ့ ခလေးတယောက် ရနေပြီတဲ့ဆရာရဲ့'

'ဟေ ... ဟုတ်လား၊ ဒီလိုဆိုသူတို့က ငါဝါသနာ ပါတာတွေ ဖြတ်လိုက်ရင် နှစ်ယောက်စလုံး ကဘဲ ယူဘို့အသင့်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတာပေါ့ကွယ်'
'ဟာ ... ဆရာ၊ နှစ်ယောက်စလုံးတော့လဲ ဘယ်ယူမလဲ၊ ဆရာကလဲ လောဘကြီးလိုက် တာ'
'ငါကလဲ တယောက်ယောက်ကို ပြောတာပါကွယ်'
'ဒီလိုတော့ သေချာပါတယ် ဆရာ'
'ဒါပေမယ့် ပေါ်အူးရေ ... '
'ဆရာ ... '

'သုံးထောင်ထွာဝတ် မိန်းမရဲ့ အလိုကို လေးတောင်ဝတ် ယောက်ျားက လျှော့ပေးရမယ် ဆိုတော့ ရှက်စရာ မကောင်းပေးဘူးလားကွယ်'
'ကောင်းတာပေါ့ ဆရာ'
'ငါတို့က သူတို့ထက် တထွာပိုနေတာကွယ့် ... '
'ဟုတ်ပါတယ် ဆရာ ... '
'ဒါထက် မင်းကော သူတို့အိမ်နေရတာ ပျော်ရဲ့လားကွယ့်'
'တယ်ပျော်လှတယ် မဟုတ်ပါဘူး ဆရာရယ် ... '

'အေး ... ငါလဲ ဒီလိုဘဲ ထင်တယ်'
'မှန်ပါတယ် ဆရာ ... '
'ဒါဖြင့် ငါ့ဆီ ပြန်လာနေပါလားကွယ့်'
'ဆရာ ... ဘင်ဂျို မတီးတော့ဘူးလား'
'တီးတာ ပေါ့ကွယ့် ... '
'ဒါဖြင့် ဆရာရယ် ... '

'အေးလေ ... မင့်သဘောဘဲ'
'ဆရာဘင်ဂျို ဖြတ်လိုက်တဲ့နေ့မှာ ချက်ခြင်း လာခဲ့ပါမယ် ဆရာ'
'မဖြတ်ဘဲနဲ့ လာ လာ ငါကတော့ ငါ့တပည့်ရင်းကို လက်ခံဘို့ အသင့်ပါဘဲ'
'ကျေးဇူးတင်ပါတယ်ဆရာ၊ ဒါထက် ဆရာ့ခုလူသစ်နဲ့ကော ဟန်ရဲ့လား ဆရာ ... '
'ဒီကောင် မရှိတော့ဘူးကွယ့်'
'ဘယ်ရောက်သွားသလဲ ဆရာ'
'အလုပ်ထွက်သွားပြီး ... '

'ဟင် ... ဘာပြုလို့လဲ ဆရာ'
'ငါ့ ဘင်ဂျိုသံ နားမခံနိုင်လို့တဲ့ကွာ ... '
'ဟင် ... ဆရာ့ ဘင်ဂျိုကလဲ ခက်တော့တာဘဲ'
'င့ါဘင်ဂျိုက မခက်ဘူးကွယ့်၊ အခု အိမ်ခိုင်းဘို့ လူမရှိတာ ခက်နေတယ်၊ မင်းတတ်နိုင် ရှာပေးစမ်းပါအုံးကွယ်'
'ဆရာရဲ့ ရှာပေးကော ဒီလိုဘဲ တရက်၊ နှစ်ရက်ကြာ ဆရာ ဘင်ဂျိုသံကြောင့် ထွက်ပြေးကြ မှာဘဲ'
'အေး ... ငါလဲ ဒီလိုဘဲ တွေးမိတယ် ... '

ပေါ်အူးသည် အနည်းငယ် မျက်မှောင်ကုတ်၍ စဉ်းစားလိုက်ပြီး ...
'ဆရာ ကျွန်တော် အကြံတစ်ခု ရတယ် ... '
'အေးကွယ်၊ ပြောစမ်းပါအုံး ... '
'ဒီလိုဆရာ၊ ရိုးရိုးလူကို မငှားနဲ့ ... '
ဘာလဲ ... ငါ့ဘင်ဂျို ခိုးပြေးအောင် သူခိုးငှားရမှာလား ...
'မဟုတ်ပါဘူး ဆရာ၊ နားထိုင်းတဲ့လူကို ငှားပါ'
ကျွန်တော့မှာ ယခုမှ အသိဥာဏ်ဝင်စားလာကာ ...

'ဟုတ်တယ်ဟေ့ ... မင်းပြောတဲ့အကြံ သိပ်ကောင်းတယ် ငါသိပ်သဘောကျတယ်၊ တယ် မင်းဥာဏ်ရှိတဲ့ ကောင်ဘဲကွယ့် ကျေးဇူးတင်တယ်ကွာ၊ ဒါထက် မင်းနားထိုင်းတဲ့လူက ဘယ်မှာရမလဲကွယ့်'
'အလွယ်လေးပါ ဆရာရယ်၊ ပထမဦး ဒေါက်တာ သိန်းဇံအိမ်မှာ လုပ်တဲ့လူက နထိုင်းကြီး၊ အခု ကိုဝင်းမောင် အိမ်မှာ ကျွန်တော်နဲ့ လဲလိုက်ရတယ်၊ ကိုဝင်းမောင်ကလဲ သူ့မတော်ရ မယ့် ရီးစားနဲ့ ယောက္ခမလောင်းရဲ့ အလိုလိုက်ပြီး အကြိုက်သာ လဲလိုက်ရတယ်၊ သူ အဲဒီ လူကြီးကို အိမ်က ကန်ထုတ် ချင်နေတယ် ခမြာကြီး အလုက်လက်မဲ့ ဖြစ်နေတာ ဒေါက်တာ သိန်းဇံ တို့ မြင့်တင်တင် တို့  စိတ်မကောင်း ဖြစ်နေမှာစိုးလို့သာ ထားရတာတဲ့ ဆရာ ... '

'အေး ... ဟန်ကျလိုက်လေကွယ်၊ မင်းနဲ့ တွေ့မှဘဲ ငါအကြံကောင်း အစည်ကောင်း ရတော့တယ်။ ရော့ကွယ် ... ငွေ အစိပ် ငါ့အိတ်ထဲ ဒါဘဲ ပါခဲ့တယ်'
'ကျေးဇူးတင်ပါတယ် ဆရာ ... '
'နဲတယ်လဲ မအောက်မေ့ပါနဲ့ကွယ်'
'ကိစ္စမရှိပါဘူး ဆရာ'
'နောက် င့ါမှာ အခက်အခဲတွေ့ရင် မင်းဆီလာ အကြံဥာဏ်တောင်းရအောင် မင်းဘယ်မှာ တွေ့နိုင်မလဲကွယ့်'
'ကျွန်တော် မနက်တကြိမ်၊ ညနေတကြိမ် ဈေးဝယ်ထွက်ရတယ်၊ ဆရာကမ်းနားဈေးက ကားဆိပ်မှာ လာစောင့်ရင် တွေ့နိုင်ပါတယ် ဆရာ'
'ကောင်းပါပြီကွယ်၊ ငါ ကိုဝင်းမောင်ဆီသွားမယ်ဟေ့ ... '

'ဟုတ်ကဲ့ဆရာ ... '
အမှန်မှာ ပေါ်အူးသည် အင်မတန် အကြံဥာဏ်ကောင်းသူ ဖြစ်ပါသည်။ သူပေးသည့် အကြံ အတိုင်းပင် ကျွန်တော်သည် ကိုဝင်းမောင်၏အိမ်သို့ ရောက်ခဲ့၍ အကျိုးအကြောင်းကို ပြောပြရာ ကိုဝင်းမောင်မှာ အနေသော ဒင်္ဂါးအလှူခံပုံးထဲထည့်လိုက်ရသလို ၀မ်းသာ အားရနှင့်ပင် ကိုဘိုးရှင်းဆိုသူ အစေခံ နားထိုင်းကြီး အား ကျွန်တော့ကားပေါ်သို့ တခါတည်း တင်ပေးလိုက်ပါတော့သည်။

ကျွန်တော့ အဖို့တွင်မူကား အကြီးအကျယ်ဟန်ကျ၍ သွားပါတော့သည်။ ဘင်ဂျိုကို စိတ်ရှိ လက်ရှိ အားရ ပါးရ တီးခတ်ရ၍ ကိုဘိုးရှင်မှာ အခြားသူများကဲ့သို့ နားမငြီးတတ်ရုံမျှမက သူ အလုပ်အားချိန်များတွင် အနားလာခါ ပြုံးစိစိကြီး ထိုင်နေတတ်သဖြင့် ကျွန်တော့မှာ မိမိ အတီးကို နားထောင်မည့် ပုဂ္ဂိုလ်ပင် ရရှိနေသောကြောင့် ပေါ်အူးကို အထူးပင် ကျေးဇူး တင်မိပါသည်။
သို့သော် နှစ်ရက်သုံးရက်မျှကြာသည်တွငသ် နားထိုင်းကြီးမှာ ကျွန်တော် တစုံတခုကို အလို ရှိတိုင်း ရှိတိုင်း အသံကုန်အော်၍ အော်၍ ပြောရသဖြင့် ကျွန်တော်မှာ လည်ချောင်းနာပြီး အသံဝင်လာသည်နှင့် 'ကြာလျှင်ခက်ရချည်ရဲ့'ဟု တွေးတောမိခါ စိတ်မသက်မသာ ဖြစ်၍ လာပြန်ပါသည်။

ထို့ကြောင့် ဤအခက်အခဲကို ပေါ်အူးထွင်တဲ့ အလုပ် ပေါ်အူးဘဲ အကြံထုတ်ခိုင်းမှာဘဲဟု စိတ်ကူးခါ နောက်တနေ့ နံနက်ခင်းတွင် ကြည့်မြင်တိုင် ကမ်းနားဈေးသို့ ရောက်ခဲ့ပါသည်။
အဆင်သင့်ပဲ ဈေးချင်းတောင်းနှင့် ဈေးထဲမှထွက်လာသော ပေါ်အူးကို တွေ့ရ၍ ယယယ
'ဟေ့ ... ပေါ်အူး ... '
'ဟာ ... ဆရာပါလား'
'လာစမ်းပါအုံးကွယ်၊ ငါကြာရင် သေရတော့မယ်ကွဲ့ ... '
'ဘာပြုလို့လဲဆရာ ... '
'မင့်လူကြီးက တယ်နားထိုင်းတာကိုးကွဲ့'

'နို့ ... ဆရာ ... တမင် နားထိုင်းတာဘဲ ခေါ်ရတာကို ... '
'ငါ သူ့အော်အော် ပြောရတာနဲ့ လည်ချောင်းနာပြီး အသံတွေ ၀င်လှပြီ။ အဲဒါ ငါသူ့လဲ လက်မလွှတ်ချင်ဘူး၊ ဒီလိုပဲ ပင်ပင်ပန်းပန်း အော်မပြောရအောင် မင်းအကြံထုတ်စမ်းပါအုံး ကွယ် ... '
'ပေါ်အူးသည် အနည်းငယ် စဉ်းစားလိုက်ခါ ... '
'ဒီမှာ ဆရာ ... '
'ဟုတ်ပြီ ... ဆိုစမ်းဟေ့'

'ဆရာနဲ့ ကျွန်တော်နဲ့ မြစ်ကြီးနားသွားစဉ်တုံးက မိုးကောင်းကာ မိုင်းက ကချင်စော်ဘွား တယောက်ကို တွေ့တယ် မှုတ်လား ... '
'ဘယ်ကချင်စော်ဘွားလဲကွယ် ... '
'ဟို ... ဆရာရယ် ... တညနေ မြစ်ကြီးနားဈေးထဲ ဂျင်းဖောပျော်ပွဲစားရုံတခုမှာ ဆရာရယ်၊ စစ်ဗိုလ် ဗိုလ်မြင့်ဆိုတာရယ် ထမင်းအတူစားကြတာလေ၊ အို ... အိုး ... သူ့နာမယ် ကျွန်တော် တွေးမိပြီး လမောင်း စောတောင် ...

'အေးအေး လမောင်စောတောင် ငါလဲ ခုမှ တွေးမိတယ်၊ အထက်နယ်မှဆိုရင် ဗိုလ်ချုပ်ရဲ့ လက်ရုံး တခုပေါ့ကွယ် ... '
'ဟုတ်တယ်ဆရာ၊ သူဟာ နားလဲထိုင်းတယ်၊ အသံလဲတိမ်နေတယ်၊ သူနဲ့စကားပြောတော့ ဘယ်လို ပြောရ သလဲ၊ ဆရာတွေးမိရဲ့လား ... '
'ဟုတ်ပြီဟေ့ ... ဟုတ်ပြီဟေ့ ... သူ့အိတ်ထဲက အမြဲတန်းပါလာတဲ့ ကျောက်သင်ပုံး ကျောက်တံတို ကလေးတချောင်းနဲ့ပဲ ရေးရေး ပြောရတယ် ... '
'အခု ဆရာလဲ ... ကျောက်သင်ပုံးတချပ်နဲ့ ကျောက်တံ ၀ယ်သွားပေါ့ဆရာရဲ့ ... '

အေးဟေ့……..ဟန်ကျလိုက်တာကွယ်၊ မင်းနဲ့တွေ့မှာဘဲ အကြံကောင်းညဏ်ကောင်းရတော့တယ်၊ ငါတစ်ယောက်ထဲဆို မျောက်သစ်ကိုင်းလွတ် ဖြစ်နေတာ၊ ရော့ကွယ်………ငွေငါးဆယ်…….
    ကျေးဇူးတင်ပါတယ်ဆရာ………'
    'နဲတယ်လဲ မအောက်မေ့ ပါနဲ့ကွယ်…….'
    ကိစ္စမရှိပါဘူးဆရာ……..

    ယခုမူကား ကျွန်တော့မှာ ပေါ်အူး၏ ကျေးဇူးကြောင်ဘင်ဂျိုကိုလည်း တီးချင်တိုင်း တီးရ သည်။ အနား၌နားထောင်မည့် ပုဂ္ဂိုလ်တစ်ယောက်တည်း အဖော်ရနေသည်။ အသံနာအောင် လည်းမအော် ရတော့ပြီ။ ကျွန်တော့လက်သံ ကောင်းမကောင်းကျောက်သင်ပုံးနှင့် ရေး၍မေးသော အခါ ပြုံးစီစီကြိးနှင့် အကြိမ်ကြိမ် ခေါင်းညိတ်၍ပြလေ့ရှိသည်။ ကျွန်တော်မှ အကြီးအကျယ်ကျေနပ်ကာဘင်ဂျိုလက်သံ ချန်ပီယံ ဘွဲ့ထူးကိုဆွတ်ခူး၍ အချိန်နီးကပ်လာပြီဟု အောက်မေ့မိပါတော့သည်။

    သို့သော်  ထိုးနားထောင်သူ ပုဂ္ဂိုလ်၏ တနေ့တစ်ခြား ထူးခြားလာပုံကို ကျွန်တော်သတိပြု မိပါသည်။
    အစပထမဦး၌ ကျွန်တော့အနီးတွင် နီးကပ်စွာထိုင်နေ၍ ပြုံးစိစီကြီး နားထောင်လေ့ရှိပါ သည်။ ငါးရက်ခန့်ကြာသည်တွင် ကျွန်တော်အနီးမှ ငါးပေမျှကွာသောနေရာသို့ ရွှေ့၍နားထောင် ပါသည်။ နောက်ငါးရက်ကြာပြန်သော် နောက်ငါးပေ ရွှေ့သွားပြန်ပါသည်။ သူ၏မျက်နှာအမူအရာ နှင့်ပြောပုံဆိုပုံ သံနေသံထားမှာလည်း တနေ့တခြား ပြောင်းလဲ၍လာပါသည်။ နောက်ငါးရက်ကြာ ပြန်လျှင် နောက်ငါးပေရွှေ့သွားပြန်ပါသည်။

    ဤသို့လျှင် ငါးရက်ငါးပေနှင့် ငါးကြိမ်မျှ ရွှေ့ရသေးသည်။ နှစ်ဆယ်ခြောက်ရက်မြောက် သောနေ့တွင် ပေအစိပ်မျှကျယ်သော ကျွန်တော့ တိုက်ပုလေးထဲတွင် သူမရှိတော့ပါ။ နေ့လည်း အားလပ်ချိန် သူလာရောက်နားထောင်သင့်ပါလျက် မပေါ်လာသဖြင့် ကျွန်တော်လည်း ကျောက်သင် ပုံးပေါ်၌
    ဦးဘိုးရှင်ကြီး ခင်ဗျား ခါတိုင်းလို ဘာလို့လာနားမထောာင်သလဲဗျ၊ ကျွန်တော်တစ်ယောက် ထဲ တီးရတာ ပျင်းတယ်ဗျ

    ဟုရေး၍ ကျောက်သင်ပုံတဖက် ဘင်ဂျိုတဖက် ကိုင်ကာနောက်ဖေးဘက်ရှိ သူ့အခန်းက လေးထဲသို့ လိုက်သွားရ သူ့အိမ်ရာလိပ်နှင့် အ၀တ်အစားတို့ကို သိမ်းဆည်းနေသည်ကို တွေ့ရပါ သည်။
    ကျွန်တော်က နောက်မှလက်ကုတ်လိုက်၍ ကျောက်သင်ပုံးကို ပြလိုက်ရာ သူသည် စာကိုမျှ ဖတ်မ ကြည့်တော့ဘဲ…..
    မောင်ရင် ကျုပ်နားမထိုင်းတော့ဘူးကွဲ။ ကျုပ်နားနှစ်ဖက်စလုံး အကောင်းပကတိ ဖြစ်သွာ ပြီး၊ မောင်ရင့် ဘင်ဂျိုသံကြောင့်……
    ကျွန်တော်မှာ အကြီးအကျယ် အံ့သြမိကာ………
    ဟင်……….ခင်ဗျာ့နားတွေကောင်းသွားပြီ……….

    ဟုတ်တယ် …မောင်ရင့်ကျေးဇူးပဲ၊ ဒါပေမယ့် အခုတော မောင်ရင့်လက်သံ ဆက်လက်နား မခံနိုင်လို့ ယခင့်ယခင် လူများလမ်းစဉ်အတိုင်း ပြေးတော့မလို့……
    အလိုလေး…ဗျာ….ကျေးဇူးမတင်တဲ့ပြင် ကျေးဇူးရှင်ဆီက အဘယ်ထွက်ပြေးတော့မလို့….
    အားတော့နာပါရဲ့ မောင်ရင်၊ ဒါပေမယ့် ကျုပ်နားဟာ ထိုင်းရာက အခု ပြန်ကောင်းလာပြီး နောက်တရက်လောက် မောင့်လက်သံကြားရရင် တခါထဲ နားနှစ်ဘက်စလုံး လုံးလုံး မကြားနိုင်အောင် ကန်းသွား တော့မှာဘဲ……

    ဒါ.ဘယ်သူကပြောတာလဲ.
    ကျုပ်ဆရာ ဒေါက်တာသိန်းဇံကပေါ့။
    ခင်ဗျား… သူနဲ့ ဘယ်မှာ ဘယ်တုန်းကတွေ့လို့လဲ.
    ဟိုနေ့က ဈေးသွာရင်း လမ်းမှာတွေ့လို့ ကျုပ်နားတမျိုးဖြစ်လာကြောင်း ပြောပြတော့ သူကပြောတာ.
    သူက ဘယ်လိုပြောသလဲ.

    ဒီကြေးကြိုးကပေါ်လာတဲ့  အသံကြောင့် ဗုံးသံနဲ့ ရှော့(က်)ဖြစ်တဲ့ နားဟာ ပြန်ကောင်း နိုင်တယ်တဲ့ ဒါပေမယ့် နားပြန်ကောင်းကောင်းခြင်း တရက်ဆိုင်းဘဲ ပြေးလာခဲ့တဲ့
    တောက်..ဒီခွေဂြိုလ်ကောင်ကြီး ဒေါသသံနှင့် ဟောက်လိုက်ပါသည်။
    သူမပြောလဲ ကျုပ်ပြေးမှာဘဲ၊ မောင်ရင့်လက်သံနားမခံနိုင်တော့ဘူး။
    တော်ပါပေ့ဗျာ

    ကျွန်တော့မှာ ဤမမြော်လင့်ဘဲနှင့် ထူးဆန်းစွာကြုံတွေ့ရသည့် အဖြစ်အပျက်တွင် ရန်သူ တောင် ဒေါက်တာသိန်းဇံပါ ၀င်ရောက်ရှုပ်ပွေလာသည်နှင့် ဒေါသထွက်ခြင်း အံ့သြခြင်းတို့ဖြင့် ကျွန်တော် စိတ်ထဲတွင် ရှုပ်ပွေလာကာ ပထမဦး စိတ်ကူးလာခဲ့သည့် ကျောက်ဆည်မြို့က ကျောက် တောင်ကြီး တမျှ ကြီးမား မာကျောလှသော ဘင်ဂျိုချန်ပီယံဘွဲ့ထူးဆွတ်ခူးမည့် စိတ်ဓာတ်အစိုင်အခဲ ကြီးမှာ ယိုကိုဟာမ မြို့ကြီး အနုမြူဗုံးချခံရသလို ရုတ်တရက် ချက်ခြင်းကျေမူ ပျောက်ကွယ်သွားရုံမျှ မက လက်ထဲက ဘင်ဂျိုကိုပင် ဂျွမ်းကနဲ ရိုက်ခွဲလိုက်ပါတော့သည်။

    ဤစဉ်တွင် ဦးဘိုရှင်းကြီးသည် သူ၏အထုပ်အပိုးများကို ပြင်ဆင်ပြီခါ ကျွန်တော့ကိုမျှ လှည့်မကြည့် တော့ဘဲ တခါတည်း သုတ်ခြေတင်ပါသည်။
    ကျွန်တော်သည် အိမိထဲသို့ပြန်ဝင်ခါ ပတ်လက်ကုလားထိုင်ပေါ်ထိုင်၍ လွန်ခဲ့သော အဖြစ် အပျက်တို့ကို ပြန်လှန် စဉ်းစားရင်း စိတ်မချမ်းမသာမှုကို ခံစားရနေလိုက်ရာ တနာရီမျှကြာသည် တွင်အပြင်ဘက်မှ တံခါး ခေါက်သံ ကို ကြားရပါသည်။

    ဘယ်သူလဲ ၀င်ခဲ့ဟု ပြောလိုက်ရာ ပေါ်အူးသည် သူ့ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်ကာ ဘွားကနဲ ၀င်လာသည် ကိုမြင်ရသည်တွင် ကျွန်တော့မှာ ပွဲထဲကဇာတ်မင်းသား သေခါနီး ကယ်ဆယ်မည့် နတ်မင်း ပေါ်ပေါက်လာသကဲ့သို့ ထ, ခုန်မတတ်ဝမ်းသာလုံးဆို့သွားကာ…
'အမယ်လေး…ပေါ်အူးရယ် အဆင်သင့်လိုက်တာကွာ'

'ကျွန်တော်အဆင်သင့်အောင် လာခဲ့တာဘဲဆရာ'
'မင်းမကြိုက်တဲ့ဘင်ဂျိုကြီး ငါရိုက်ခွဲပစ်လိုက်ပြီကွ'
'ဒါသိလို့ကျွန်တော်လာခဲ့တာဘဲ ဆရာ'
'မင်းဘယ်သူပြောလဲကွ'

'ကိုဘိုးရှင်းကြီး ဒေါက်တာသိန်းဇံအိမ်ပြန်ရောက်လာပြီလေ'
'ဟေ…ဟုတ်လား၊ မင်းလဲဒါနဲ့ချက်ခြင်းလာခဲ့တာပေါ့'
'ဟုတ်တယ်ဆရာ'

'အေးကွာ…ဟိုတုန်းက လွန်တာတွေလွန်ပါစေ၊ အခုဒို့ဆရာတပည့်နှစ်ယောက် အရင်တုန်းကလို ချစ်ချစ် ခင်ခင် နေကြတာပေါ့ကွယ်'
'ဟုတ်ကဲ့ဆရာ'
'ငါမင်းနဲ့ပြန်တွေ့ရတာ ၀မ်းသာတယ်ကွယ်၊ အရက်သောက်ရအောင် ဂျော်နီဝါးကားတလုံး ဖွင့်ခဲ့ကွယ်'
 'ဟုတ်ကဲ့ဆရာ'

ကျွန်တော်သည် ၀ီစကီကို ဆိုဒါခတ်များများရော၍ ပေါ်အူးနှင့်ရှေ့ဟောင်းနှောင်းဖြစ်တို့ကို ပြောရင်း ဇိမ်နှင့် တစိမ့်စိမ့် သောက်နေလိုက်ရာ အတော်ကလေးရေချိန်ကိုက်လာသည်တွင် တံခါးခေါက်သံကို ကြားရ ပြန်သည်။

'ခမ်းမင်း'ဟု အသံခတ်လေးလေးနှင့် ပြောလိုက်ရာ ကျွန်တော်အလွန်တရာ မုန်းတီးရွံရှာလှသော ဒေါက်တာသိန်းဇံ ၀င်လာသဖြင့်...
'အလို...ဂြိုလ်မင်းကြီး ဘယ်လိုက ဘယ်လို မွှေအုံးမလို့ပေါက်လာတော်မူတာလဲခင်ဗျာ၊ ဘင်ဂျိုလဲ မရှိတော့ပါဘူး'
သူ၏အမူအရာမှာ ခါတိုင်းကဲ့သို့ ရှုသိုးသိုးကြီးမဟုတ်ဘဲ ကတ္တရာစီးတုံး မီးအုံးထားသကဲ့သို့ ပျော့ပျောင်း သောမျက်နှာနှင့်...

မောင်ရင်က ကျုပ်ကိုအတော်ဘဲစိတ်ဆိုးနေတာကိုးကွဲ့
သူ့ပါးစပ်က မထွက်ဘူးသည့် ပျော့ပျောင်းသောလေသံ ဈေးဦးပေါက်ပေါ်လာပါသည်။
သို့သော် ကျွန်တော့်မှာ ခတ်ထွေထွေရှိနေသည်နှင့်...

'ဆိုးပြီလားဗျ... မဆိုးဘဲနေနိုင်ပါ့မလား၊ ခင်ဗျားဟာဘဲ ခင်ဗျားစဉ်းစားကြည့်ပါအုံး၊ ကိုယ့်သမီးနဲ့ မပေးစားချင် မပေးစားချင်တဲ့ ဖာသာနေတာမဟုတ်ဘူး၊ မန္တလေးက သူများသမီးနဲ့ကြိုက်နေတာ တောင် 'လိုက် နှောက်ယှက်ရသေးတယ်၊ ခင်ဗျားသေသမျှ ကျုပ်မိန်းမမရတော့ဘူးဆိုတာ ကျနေတာဘဲ၊ ဒါတင်မဟုတ်ဘူး ကိုယ်ဝါသနာပါလို့ ဘင်ဂျိုကလေးဝယ်ပီးနေတာတောင်ဘဲ အိမ်ပေါ်က ဆင်းပြေး ရအောင် ခင်ဗျားသွားတွန်းတယ်၊ ကဲ...ခင်ဗျား ဘယ်နေရာတကွက်များ ကျုပ်ပေါ်ကောင်း တာရှိသလဲ'

ဤမျှကျွန်တော်က မူးမူးနှင့်ဟောက်သည့်တိုင်အောင် ငါ့မှာအတော်စိတ်လက်ရှည်သော အမူအရာနှင့်..
'လွန်ပြီးသားဟာတွေ လွန်ပါစေ မောင်မောင်ရယ်'
ဘာ...လွန်ပြီးသား ဟာလုပ်ရမှာလဲဗျ၊ ခင်ဗျားကတော့ လူကိုး၊ ကျုပ်ကတော့ခံရတဲ့သူ ဘယ်မှာ ကျေနိုင်မလဲဗျ'
'မောင်ရင် ပြောတာလဲ ဟုတ်ပါတယ်ကွယ် ဦးတောင်းပန်ပါတယ်၊ ဦးမှာအခုမောင်ရင့်ဆီက အကူအညီယူရမယ့် ကိစ္စတခုရှိနေလို့'
ဘာကိစ္စလဲ

'သြော်...နားထိုင်းတဲ့လူတယောက်ကို ပျောက်အောင်ကုပေးပါ့မယ်လို့ အာမခံလိုက်မယ်'
'ခင်ဗျားအရူးကုတဲ့ ဆရာဝန်က နားထိုင်းတာနဲ့ ဘာဆိုင်သလဲ'
သြော်...ငွေတသောင်းရမယ့် ကိစ္စကိုးမောင်ရဲ့
'ခင်ဗျားဘယ်သူကငွေတသောင်းပေးမှာတဲ့လဲ'

ဒီလိုမောင်ရင်ရဲ့... အခုမန္တလေးကစက်သူဌေးကတော် ဒေါ်သန်းတင်ကြီးတို့ မိသားတစုဟာ သမိုင်းက မောင်ဝင်းမောင်ရဲ့ 'ဂရင်းဗီလာ'အိမ်ကြီးဌားနေပြီးတော့ သူ့နားနဲ့မျက်စိရောဂါကို ဒေါက်တာချန်တိတ် ဆီမှာ ကုနေတာ တလကျော်ပြီးမျက်စိသာ ရသင့်သလောက်ရပြီး နားကကုလို့ မရဘူး။ အဲဒါနဲ့သူ့နားကို ပျောက်အောင် ကုနိုင်ရင် ငွေတသောင်းပေးမယ်လို့ ပြောတယ်မောင်ရဲ့'
'ဒါနဲ့ကျွန်တော်နဲ့ဘာဆိုင်သလဲ'

'ဆိုပြီလား မောင်ရင်ရယ်၊ ဆိုင်တာကဒီလိုကွယ့် ဦးဟာဟိုတုန်းကအိမ်ကခိုင်းတဲ့မောင်ဘိုင်းရှင်းရဲ့ နားထိုင်းတာကို အတော်ကြာကုနေခဲ့တယ်၊ အဲဒီလိုကုနေတုန်းမှာလဲ မောင့်ဘိုးရှင်းဟာ မောင်ရင့် အိမ်ရောက် လာပြီး မောင်ရင်ရဲ့ ဘင်ဂျိုသံကြားရတာ အရက်အစိပ်အတွင်းမှာ နားနှစ်ဖက်စလုံး အကောင်း ဖြစ်သွားတာကို တွေ့ရတယ်၊ ဒီတော့ဦးအကြံရတာက ဒေါ်သန်းတင်နားထိုင်းတာလဲ မောင်ဘိုးရှင်းလိုဘဲ စစ်အတွင်းက ဗုံးခိုကျင်းမှာ ဗုံးသံနဲ့ရှော့(က်)ဖြစ်ပြီး နားအူသွားတာချင်းတူလေ တော့မောင်ဘိုးရှင်းလိုပဲ ကျုပ်က အတွင်းဆေး ကုပေးမောင်ရင်က ဘင်ဂျိုသံပေးဆိုရင် မကြာခင် နားကောင်းသွားရမယ်ထင်တယ် ကျုပ်က အာမခံလိုက်တာ'

'ကျုပ်ကအာမခံလိုက်တာ'
'ဟက်...ဟားရီဘို့ကောင်းသေးတော့ ကျုပ်ကခင်ဗျားလိုကြေးစားကုတဲ့ အရူးဆရာဝန်လဲ မဟုတ်ဘူး ကျုပ်ဝါသနာပါလို့သာ ဘင်ဂျိုတီးတာအခုဝါသနာကုန်လို့ ဘင်ဂျိုတောင်ခွဲပစ်လိုက်ပြီ'
'ကျုပ်အသစ်ဝယ်ပေးပါ့မယ်မောင်ရယ်'
'ကျုပ်မတီးဘူးဆို မတီးဘူးဗျို့'

'ခဏဖြစ်ဖြစ်တီးပါမောင်ရယ် ဒေါ်သန်းတင်က မောင်ဘိုးလောက်မထိုင်းလေတော့ အရက် ၂၀ထက် ပိုတီးရမယ် မထင်ဘူး၊ ကျုပ်ကလဲဂရုစိုက်ပြီး အတွင်းအာရုံကြောကို ပြုပြင်မယ်'
ဟတ်...ဟား...ကျုပ်ဘင်ဂျိုတီးတာနဲ့ နားထိုင်းတာပျောက်တယ်လို့ ခင်ဗျားကလဲ အရူးဆရာဝန် ပီပီ အရူးစကားတွေ ပြောနေတယ်
ဤူသို့ ကျွန်တော်မူးမူးနှင့် ခပ်ကြမ်းကြမ်းပြောသည်တိုင်အောင် ငွေတသောင်းမြင်နေသော ဒေါက်တာသိန်းဇံမှာ မပျောက်သေးဘဲ..
ကျုပ်သေသေ ချာချာ စူးစမ်းထားပါတယ်မောင်ရယ် မောင်နဲ့အဖြစ်ချင်းလဲတူတယ် အသက်ချင်းလဲ တူတယ်၊ အချိန်လဲတူတယ် အမှန်ပျောက်ရမှာဘဲ မောင်ရင်ရယ်။ မောင်ကသာ ဝေဒနာရှင်ရဲ့ အကျိုး ကျုပ်ရဲ့အကျိုးကိုကြည့်ပြီး လက်သံခပ်ပြင်းပြင်းသာတီးပေးပါ'

'ဟတ်...ဟားခင်ဗျားတို့နှစ်ယောက်ရဲ့အကျိုးကြည့်ပြီးတော့ ကျုပ်ကတီးရမယ်၊ အမယ်လေး ရီချင်တိုင်း ရီရရင် ကျုပ်အူတက်သေလိမ့်မဗျို့ ကျွန်တော်ချင်ရက်နဲ့ မတော်ခဲ့ရတဲ့ယောက္ခမကြီး နှစ်ယောက်အတွက် အလကား သက်သက်ကျုပ်က ဘင်ဂျိုတီးရမတဲ့ ဟတ်ဟား....ဟတ်ဟား... အမယ်လေး ပေါ်အူးရဲ့ ငါ့ကိုနှိပ်ပေး ပါအုံးကွဲ့'
ကျွန်တော် မူးမူးနှင့် ဤမျှ ရီသွမ်းသေါးသည့်တိုင်အောင် ငွေမက်သောဒေါက်တာသိန်းဇံမှာ သည်းညည်းခံ လျက် 'ဒီလိုလဲ အလကားမဟုတ်ရပါဘူးမောင်ရယ်'

'အလကားမဟုတ်လို့ဘာများ ပေးအုံးမလို့လဲခင်ဗျာ'
'ဒီလိုလေကျုပ်ရမယ့် ငွေတသောင်းထဲက မောင်ရင်က ဘင်ဂျိုတီးခ ၃၀၀၀ ယူကွယ်'
ကျွန်တော့မှာ ရုတ်တရက်မျက်နှာထားပြင်လိုက်ခါ
'သြ...ကျုပ် ၃၀၀၀ပေးတော့ ဦးက ၇၀၀၀ဘဲ ယူမယ်ဆိုပါတော့'
'ဟုတ်ပါတယ်မောင်ရယ်'

'ဒါဖြင့်ဦးကဒီကိစ္စမှာ ငွေ ၇၀၀၀လိုချင်တယ်ဆိုပါတော့'
ဒေါက်တာသိန်းဇံမှာ အနည်းငယ်အားရှိလာဟန်နှင့်..
'ဟုတ်ပါတယ်မောင်ရယ်'

'ကိုင်း...ဒါဖြင့်ဒေါ်တူးရေ ငါ့ချက်(က်)ဘုတ်ယူခဲ့စမ်းကွယ် ဒီအရူးဆရာဝန်ကြီး ၇၀၀၀ ချက်လက်မှတ် ပေးလိုက်ရအောင်'
ဤတွင်မှ ဒေါက်တာသိန်းဇံမှာ မျက်နှာကြီးရုတ်တရက်နီရဲလာခါ နောက်ထပ်သည်းညည်းမခံ နိုင်တော့ဘဲ ထိုင်ရမှ ငေါက်ခနဲထပြီး တပါတည်းသုတ်ခြေတင်ပါတော့သည်။
ကျွန်တော့မှာ ကျွန်တော်၏အခဲမကြောလာခဲ့သောဂြိုင်္လ်ကောင်ရန်သူကြီးအား အချက်ကျကျဂလဲ့ စားချေ လိုက်ရသဖြင့် သူအလွန်တရာမခံမရပ်နိုင် ဖြစ်သွားသလောက် ကျွန်တော်၏ အကြီးအကျယ် ၀မ်းသာ လိုက်ပုံ မှာ ပြောစရာမရှိတော့ပါ။ သူထွက်သွားကတည်းက ရီလိုက်ရသည်မှာ အူများပင် တက်လု ခမန်း  ဖြစ်၍ အူးကပင် နှိုပ်ပေးရပါတော့သည်။

နောက်ဆုံး၌ ပေါ်အူးရေ ငါဝမ်းသာလိုက်တာကွာ၊ ငါ့တသက်မှာ ဒီလောက်ဝမ်းသာတာ တခါမှ မတွေ့ဘူးသေးဘူး ၀မ်းသာတဲ့ အထိမ်းအမှတ်နဲ့ မင်းလဲ ငါနဲ့အတူတူအရက်သောက်ကွာ ဆရာ တပည့် နှစ်ယောက် ပြန်ပေါင်းထုတ်ရင်းပျော်ကြရအောင် ထမင်းဟင်းတွေလဲ ချက်မနေနဲ့ တော့ ဒို့သောက်လို့ ၀ခါမှ ရန်ကုန်ထဲသွားပြီး ဟော်တယ်မှာ စားမယ်ကွ"
"ကောင်းပါပြီ ဆရာ''

သို့သော်မြို့ထဲသို့မသွားရသေးမီ ဆရာတပည့်နှစ်ယောက်ဇိမ်နှင့် သောက်၍ကောင်းနေစဉ်မှာပင် တိုက်ရှေ့မှကားရပ်သံကြားရပြီး ဒုတိယတဖန် တံခါးခေါက်သံကို ကြားရပြန်ပါ
'ဟူးအာယူး...ခမ်းခမ်း'ဟု ဆိုလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက်ဝင်လာသူနှစ်ဦးကို မြင်လိုက် ရသည်တွင် ကျွန်တော်၏မျက်လုံးနှစ်လုံးမှာ ကိုယ့်အမြင်ကိုယ်မယုံသလို ရုတ်ချည်းကနဲ ဖြစ်သွားပြီး အသည်း နှလုံးကို အရက်ပြန်နှင့်လောင်းလိုက်သကဲ့သို့ တခဏအတွင်း ရင်အုံ့တခုလုံးပူကနဲ အေးခနဲ စိမ့်၍သွားပါတော့သည်။

အကြောင်းမူကား ၀င်လာသူနှစ်ဦးမှာ အခြားသူများမဟုတ် ဤနေရာဤဂေဟာတွင် နှစ်ယောက် ပြိုင်တူ ကိုယ်ထင် ပြရန် ကျွန်တော်မည်သည့်အခါမျှ မတွေးထင်ခဲ့သည့် ကျွန်တော်အဆက်အဟောင်းများ ဖြစ်သော ရန်ကုန်မြို့ အလှဘုရင် မြင့်တင်တင် မယ်ဒဂုံနှင့် ရွှေမန်းမြို့လှထိပ်ခေါင်တင် ညွှန့်လွင်လွင် အပျိုချော တို့ နှစ်ကိုယ်နှော၍ လာကြခြင်းဖြစ်ပါသည်။

နှစ်ယောက်စလုံးမှာပင်ရှိသမျှ သူတို့အလှတွေကို မည်မျှကြအောင်အစွမ်းကုန်ပြုပြင်ချယ်လှယ်လာ ခဲ့ကြသည် မသိ။ လိပ်စရစ်မွ အချိုးကျသော အမောက်တို့အောက်တွင် နီထွေးဖောက်မို့သော ပါးပြင် နှစ်ဖက် ၀ိုင်းရံထားသည့် တောဌက်ပျောဖူးရောင်လွင်လွင်ရဲရဲ စိုစိုရွှဲနေသော နှင်းဆီဖူး သဏ္ဍာန် နှုတ်ခမ်း တို့ ကြည်လင်တောက်ပသော မျက်လုံးနက်ကလေးများမှာ တဒက်ဟန်အတွင်း ရုတ်ချည်း ကြွေကျတော့ မည့်နှယ် အရည်တလယ်လယ် အရောင်တလျှပ်လျှပ် ဖြစ်နေပါတော့သည်။

ကျွန်တော့မှာမမြင်စဘူး ထူးကဲသောရတနာတို့ကိုမြင်ရသလို ငါးစက္ကန့်မျှကြက်သေသေပြီးမှ ရုတ်တရက် သတိရလာခါ ခတ်မူးမူးနှင့် ပါးစပ်ထဲလွယ်လွယ်တွေ့ရာပင်...
'အမယ်လေး ချောကြပါပေရဲ့လှကြပါပေရဲ့ ထိုင်ကြပါခင်ဗျာ ဘာကိစ္စကြွလာတော်မူပါသလဲခင်ဗျား ဟဲ့.. .ဟဲ့... ပေါ်အူးရေပေါ်အူးရေ၊ ဟောဒီပုလင်းတွေဖာလ်ခွက်တွေ သိမ်းကွာ၊ ဒီပစ္စည်းမျိုးတွေက ဒီလို ဂုဏ်သရေရှိ မိန်းမချောကလေးတွေ ရှေ့မှာထားလို့မသင့်လျော်ဘူးကွာ၊ ပီးတော့ မင့်မမများ အတွက် တခုခုစီမံခဲ့ကွာ'
'ဟုတ်ကဲ့ဆရာ'

သူတို့နှစ်ယောက်မှာ ကျွန်တော်တို့ဆရာတပည့် ဖြစ်နေပုံကို ပြုံးစိစိကြည့်ရင် ထိုင်ကြခါ မြင့်တင်တင်က...
'သြ...ကိုအေးဆွေ အရက်လဲသောက်တတ်သကိုး'
'သောက်တတ်တယ်မဟုတ်ပါဘူးခင်ဗျာ တခါတလေအဆာဖြေသလို ခင်ဗျာဘာကိစ္စပါလဲခင်ဗျာ လာရင်း အကြောင်းကို မိန့်ကြားတော်မူပါခင်ဗျား အခုနမမြင့်တင်တင်ရဲ့ မွေးဘဘခင်ကြီးကို ဘောက်တီး လွှတ်လိုက် လို့ ရန်တွေ့လာကြတာလား ခင်ဗျာ'

'အမယ်လေး...ဖြစ်နေလိုက်တာ၊ ရန်တွေ့ရအောင် လာတာမဟုတ်ဘူး ရှင်ရဲ့...နှုတ်သီးကောင်း သော မယ်ဒဂုံက ဖြတ်၍ ငေါက်လိုက်ပါသည်။'
'ဒါဖြင့်...ဘာလုပ်လာကြသလဲ ခင်ဗျာ၊ မယ်ဒဂုံနဲ့ ရွှေမန်းမယ် အရွေးခိုင်းမလို့ လာကြာတာလား ခင်ဗျာ၊ ဒီလိုဆိုရင်ကျွန်တော့်ဆီ မလာကြပါနဲ့...ဦးဇော်ဝိတ်တို့ ဦးသော်ဇင်တို့ဆီ သွားကြပါခင်ဗျာ'
'အမယ်လေး...ဘာတွေလျှောက်ပြောနေတာလဲ၊ လူကြီးကိုက..ရှတ်တတ်သော ရွှေမန်းသူက ဆူလိုက် ပြန်ပါသည်။

'လာတဲ့ကိစ္စကို အမိန့်ရှိတော်မူကြပါအုံးခင်ဗျာ'
သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် ပြုံးစိစိကြည့်ကြပြီးမှ မြင့်တင်တင်က...
'ကိစ္စကတော့ရှင်...ခုနက ကျွန်မဖေဖေပြောသွားတဲ့အတိုင်းပါဘဲ'

'ဘာလဲဘင်ဂျိုတီးဘို့လားခင်ဗျာ၊ ဒါတော့သည်းခံကြတသက်နဲ့တကိုယ်ဘယ်တော့မှ ဘင်ဂျိုမတီး တော့ပါဘူးလို့ ဖြတ်ထားလိုက်ပါတယ် ခင်ဗျာ၊ ဘင်ဂျိုကိုတောင် နေ့လည်ရိုက်ခွဲလိုက်ပါပြီ ခင်ဗျာ'
'ကျွန်မတို့အခုအသစ်ဝယ်ခဲ့ပါတယ်ရှင်...'ဟု ပြောပြီး မြင့်တင်တင်သည် အပြင်ဘက်သို့လှည့်၍  'ဦးဘိုးရှင်း ယူခဲ့...လှမ်းပြောလိုက်သည်တွင် နားထိုင်းပျောက်သက်သေခံ ဂြိုလ်ဘိုးရှင်းသည် ဘင်ဂျို တလုံးကို ကိုင်၍၀င်လာပြီး အလျင်အမြန်ပြန်ထွက်ပြေးပါသည်။

မြင့်တင်တင်သည် ဘင်ဂျိုကို ကျွန်တော့ဘက်ထိုးပေးကာ
'ရော့ပါရှင်...ကျွန်မတို့ကိုယ်တိုင် ကိုအေးဆွေဘို့ ၀ယ်တာပါ၊ တီးပါရှင်ကျွန်မဖေဖေအတွက် သူအာမခံ ထားတဲ့ ကတိ အောင်မြင်သွားအောင်...'
'ဟုတ်ပါတယ်ရှင် တီးပေးပါ၊ ကျွန်မတို့ဖေဖေ နားပြန်ကောင်းသွားအောင်'
ရွှေမန်းသူ ညွှန့်လွင်လွင်ကပါ ထောက်လိုက်ပြန်ပါသည်။

'ဟုတ်တယ်၊ ခင်ဗျားတို့အဖေကိစ္စ၊ အမေကိစ္စတော့တယ်သိတတ်ကြတယ်၊ ကိုယ့် လိုဘတ်သာ ကိုယ် ပြောကြပေါ့၊ သူများလိုဘတ်တော့ သတိတောင်မရကြဘူး'
နှစ်ယောက်စလုံး တယောက်မျက်နှာတယောက် ကြောင်စီစီနှင့် ကြည့်လိုက်ကြပြန်ကာ....
'ဘာလဲရှင် ကိုအေးဆွေလိုဘတ်က...'

'အမယ်လေး...ဒါများမေးနေရသေးလား ခင်ဗျာ၊ ဖွင့်ဘဲပြောနေရအုံးမှာလား၊ အမိတို့နှစ်ယောက် စလုံးဘဲ ကျွန်တော်နဲ့နောက်က ဖြစ်ခဲ့တာတွေပြန်တွေးကြပါအုံးတော့...ဘာလဲ...မေ့ကုန်ပြီလား'ဟု ပြောရင်း လွန်ခဲ့သည့် အဟောင်းတွေကို သတိရသောမျက်လုံးများဖြင့် သူတို့နှစ်ယောက်အား မျက်စိ ကစား၍ ကြည့်လိုက်ပါသည်။

သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် ပြုံးစိစိနှင့်ကြည့်နေကြပြီးမှ ရဲရင့်သွက်လက် သော မယ်ဒဂုံမြင့်တင်တင်က...
'ဒါဖြင့်ကိုအေးဆွေ လိုဘတ်ပြည့်ချင် ရင် ကျွန်မတို့ခိုင်းတာလုပ်ပေးလေ'
'ကျုပ်မြှော်လင့်ခဲ့တာ ပြန်ဖြစ်နိုင်ပါ့မလား'

'ဖြစ်နိုင်ပါတယ်'
ကျွန်တော့်စိတ်ထဲ၌ အတော်ဖိုးကျိုင်းတုတ်ဖြစ်သွားပါသည်။
'ဟုတ်မှလဲ ညာကြပါ အမိတို့ရယ်'
'အမယ်လေး...ကျွန်မတို့က ညာမလားရှင်ရဲ့'
ရွှေမန်းသူက စကားဖန်ထိုးလိုက်ပြန်ပါသည်။

ဤတွင်ကျွန်တော့်မှာ လက်မြှောက်ခဲ့ရသော မြာနှစ်ပွေ၏မမြှော်လင့်သော ချော့မြူခြင်းကို ခံရသဖြင့် အကြီးအကျယ် ၀မ်းမြောက်ဝမ်းသာဖြစ်နေပါသည်။ သို့သော်လွယ်လွယ်ကူကူးနှင့် လိုက်လျောခြင်းကို မပြုသေးပဲ...

'ဒါပေမဲ့ဗျာ ဒီကိစ္စက ကျုပ်သဘောတခုထဲနဲ့ မပြီးသေးဘူး ဟောဒီကျုပ်တပည့်ကို တိုင်ပင်ရအုံး မယိ
ပေါ်အူးမှာ ပြီးလွယ်သကြောင်း လိုင်းမဂျုစ်နှစ်ဖာလ်ခွက်နှင့် ပလိန်းကိတ်ကို ယူငင်ခဲ့ကာ အနီးသို့ ပြန်ရောက် နေပါသည်။'
ကဲခင်ဗျားတို့ စားသောက်နေခဲ့ကြဘူး၊ ကျုပ်တို့ဆရာတပည့်နှစ်ယောက် တိုးတိုးကြိတ်သွားတိုင် ပင် လိုက်အုံးမယ်လာဟေ.. ပေါ်အူးဟု ခေါ်သွားကာ နောက်ဖေးခန်းထဲကို ရောက်သည်တွင်..
'ဘယ်နှယ့်လဲတပည့်ရ၊ ငါတော့မိန်းမရတာနဲ့ ဘင်ဂျိုပြန်တီးချင်နေပြန်ပြီ'

'ဒီလိုဆိုကျွန်တော်လဲပြန်ပြီ'
'ဒီလိုဆိုကျွန်တော်လဲ ဒီလိုမလုပ်နဲ့ကွာ၊ အခုတီးမှာက ၀ါသနာကြောင့် တီးတာမှမဟုတ်တာ၊ အလုပ် သဘော နဲ့တီးမှာဘဲကွ'
'အလုပ်သဘောနဲ့ဆိုပိုပြီး လက်သံပြင်းပြင်း တီးမှာလားဆရာ'
'မဟုတ်ဘူးကွယ့်...အချိန်နဲ့တီးမှာပြောတာပါ'
'ဘယ်လိုအချိန်နဲ့လဲ'

'ဒီလိုလကွယ်၊ မနက်စာစားပြီး ၁၁-နာရီကနေပြီး နေ့လည်လဘက်ရည်သောက်ချိန် ၂-နာရီအထိ တနေ့သုံးနာရီဘဲ တီးပေးမယ်၊ အဲ..ဒီအချိန်အတွင်းမှာ မင်းကမြို့ထဲကားနဲ့သွားလည်ပေါ့ကွယ်.. မကောင်းဘူးလား'

'ဒီလိုဆိုရင်တော့ ကောင်းပါတယ်ဆရာ၊ နို့..ဆရာ့မြာတွေကံကကော တကယ်ဘဲဟန်မှာတဲ့လား'
'အဲဒါသေချာအောင် လုပ်ရမှာပေါ့ကွ'
'ဆရာဘယ်သူ့ကိုယူမှာလဲ'

'အဲ..ဒါကလဲ ခက်တယ်ကွယ်၊ ငါက နှစ်ယောက်စလုံးကို ကြိုက်နေတယ်'
'ဆရာကလဲ ဘောဘကြီးလိုက်တာ မဖြစ်နိုင်တာကို'
'အေးကွာ. ကြည့်လုပ်တာပေါ့'
'ကဲ..သွားကြမယ်'

'ဒီမှာဆရာ၊ အပြင်ရောက်ရင် ချက်ခြင်းကြီးဝန်မခံလိုက်နဲ့အုံး၊ မတီးဘူးလို့မူနေအုံးနော်၊ သူတို့ ပါးစပ်ကလို ချစ်ပါမယ်ကြိုက်ပါမယ်ပြောလာမှ တီးမယ်ပြောလိုက်နော်'
'အေးဟေ့..မင်းပြောတဲ့အကြံကောင်းတယ်'

ကျွန်တော်တို့နှစ်ယောက် အပြင်ရောက်ကြသောအခါ သူတို့နှစ်ယောက်တည်း တီးတိုးတိုင်ပင်နေကြ၍ ကျွန်တော်အနီးသို့ရောက်သည်တွင် ကျွန်တော့မျက်နှာကို မော်ကြည့် နေကြပါသည်။
ကျွန်တော်က ဟန်နှင့်ပန်နှင့် အိနြေ္ဒကြီးနှစ်ပိဿာခွဲသားဆောင်ကာ..

'မမြှင့်တင်တင်တို့ မညွှန့်လွင်လွင်တို့ ကျွန်တော်မတီးနိုင်တဲ့အတွက် ၀မ်းနည်းပါတယ် ခင်ဗျာ'ဟု ခတ်တည်တည်ပြောလိုက်ရာ နှစ်ယောက်စလုံးမျက်နှာပျက်သွားပြီး မြှင့်တင်တင်က..
'ဟင်..အခုနတော့ ကိုဆွေ့ဟာက တီးမလိုလိုနဲ့' နဲနဲခရာသံကလေး ပါလာပါသည်။

'ဟုတ်တယ် အခုတော့ကိုဆွေတပည့်က သဘောမတူဘူးဆိုတာကိုးဗျ'
'အမယ်လေးသူ့တပည့်အလိုဘဲလိုက်နေ လွင်လွင်တို့ တင်တင်တို့အလိုတော့ မလိုက်ဘူးတဲ့' ရွှေမန်းသူ ကနှုတ်ခမ်းကလေးစူလိုက်ပါသည်။
'သြော်..သူ့တပည့်က သူ့ဆရာကို ချစ်တာကိုးဗျ၊ လွင်လွင်တို့တင်တင်တို့ကမှ သူ့တပည့်ကို မချစ်ကြတာဘဲ'
ကျွန်တော်က ညူလိုက်ပါသည်။

ဤတွင်မြင့်တင်တင်က နှုတ်ခမ်းကလေးကို ချစ်စရာကောင်းအောင်မဲ့ကာ...
'အမယ်လေးချစ်ပါသတဲ့ရှင်၊ ချစ်ပါသတဲ့ ကိုကြီးဆွေရဲ့'
'အမယ်လေးဒါမျိုးတွေယုံရမှာလားလို့ ကျွန်တော်ကမူလကျီလုပ်လိုက်ပြန်ပါသည်။'
'အဟုတ်ပါကိုဆွေရယ် အဟုတ်ပါ၊ တင့်တင့်ကိုချစ်ရင်တီးပါ' မယ်ဒဂုံက ညုလိုက်ပြန်သည်။
'ဟင့်အင် ဟင့်အင်...လွင်လွင်ကိုချစ်ရင်လဲတီးရမယ်'
ရွှေမန်းသူကပါ အားကျမခံ ညူလိုက်ပြန်ပါသည်။

နှစ်ယောက်စလုံးပင်သနားစရာ၊ မျက်ခုံးကလေးတွေချီ၍ ကျွန်တော့်မျက်နှာကို ကြည့်နေကြပါ သည်။
ကျွန်တော့်မှာ နေ့လည်ကပင်စ၍ တသက်နှင့်တကိုယ် သည်ဘင်ဂျိုကို မတီးတော့ပါဘူးဟု ဆုံးဖြတ် ထားခဲ့သည်။ သို့သော်အချစ်ဟောင်းများ၏ အသစ်လောင်းခြင်းကို တွေ့ရသည်တွင် သံဃာအား ဘုရားမှ မဆန်နိုင် ဆိုသကဲ့သို့ဤမြာနှစ်ပွေအား ဒီငနွားမခံနိုင်တော့ပါ။ ထို့ကြောင့် ပေါ်အူး၏ မျက်နှာရိပ် မျက်နှာကဲ ကို တချက်မျှကြည့်ပြီးလျှင်..

'ကဲကဲ...ချစ်ရင်တီးဆိုကြလို့ တီးပါတော့မယ်၊ ဒီကတီးပြီးရင်လဲ ချစ်ရမယ်နော်၊ ရှင်းရှင်းလဲ ပြောကြပါအုံး၊ နောက်ပြီးမှ ခွေးမကြီးကိုခွေးကလေးလှည့်စားသလို မလုပ်ကြနဲ့အုံး...'
'အမယ်လေး..ကိုဆွေရယ်၊ မိန်းခလေးတွေက အရှက်ငဲ့ပြီး ဒီလောက်တောင်ပြောနေမှ တော်ရောပေါ့၊ သူ့ကိုယ်ကလွန်းလွန်းတယ်'ဟု မြင့်တင်တင်က မျက်စောင်းထိုးလိုက်ပါသည်။ ကျွန်တော့်စိတ်ထဲမှာ သူပြောတိုင်း ညွှန့်လွင်လွင်က ကွန့်၍ကွန့်၍လာသဖြင့် ရွှေမန်းသူဘက် မပါသွားအောင် ပိတ်ပင် လိုက်ခြင်းဟု ထင်ပါသည်။ သို့သော်ယခုအချိန်အထိ ကျွန်တော့မှာ ဘယ်သူ့ကိုမျှ မခွဲခြား နိုင်သေးပါ။ နှစ်ယောက်စလုံးကို အတူတူချစ်နေပါသည်။

သူပြောလိုက်သောစကားမှာလည်း ဟုတ်ပါသည်။
ကျွန်တော်ကိုယ်က အလိုက်ကန်းဆိုးမသိ။ ရောင့်တက်လွန်းရာကျနေပါသည်။ ထို့ကြောင့် အားနာ လာသည်နှင့် နောက်ထပ်မပလီတော့ဘဲ ပေါ်အူးနဲ့တိုင်ပင်ထားသည့်အတိုင်းပင် အချိန်နာရီနှင့် တကွ နက်ဖန်က စ၍ တီးရန် ဂတိပေးလိုက်ပါသည်။

'ကဲ..နက်ဖန်တော့ ၁၁ နာရီရောက်အောင် လွင်လွင်တို့အမေကို လာပို့ပေတော့၊ တင်တင်တို့ လွင်လွင်တို့ နှစ်ယောက်ပါ လိုက်ခဲ့နော်.. ဘင်ဂျိုသံနားထောင်ရအောင်'
'အမယ်လေး...ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မတို့တော့ နားမထောင်ပါရစေနဲ့၊ ကဲ...သွားမယ် ကိုဆွေ ချဲရီယို'
ကျွန်တော်သည် သူတို့မော်တော်ကားကြီးပျောက်သွားသည့် တိုင်အောင် မြှော်ကြည့်နေပြီးမှ...

'ကွာ...မြာနှစ်ယောက်ဝင်ပွေလိုက်တာနဲ့၊ အမူးကိုပြေသွားတာဘဲ၊ နောက်ထပ်ယူခဲ့အုံးကွာ'
'ဟုတ်ကဲ့ဆရာ...'
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်သည် အကြီးအကျယ် ၀မ်းသာသော အထိမ်းအမှတ်နှင့် ထပ်၍ သောက်ကြရင် မယ်ဒင်နှင့်ရွှေမန်းသူ ဘယ်သူ့ယူရမလဲဟု အတော်ကြာအောင် ဆွေးနွေး ကြပါသည်။

'ဆရာ..မြာနှစ်ယောက်ကဖြင့် 'အပျိုတွေချည့်ဘဲ၊ ကြိုက်တာရွေးယူ'ဆိုပြီး ဖောလင်းစီတဲ့ အပေါက် ရောက်နေ ပြီ ဆရာ ဟိုတုန်းက လန်ခဲ့သမျှအခုတော့ ဒါဘယ်လ်ပိုကာဝင်နေတာဘဲ'
'အေးပေါ့ကွာ'
'ဆရာတယောက်ယောက်နဲ့တော့ သေချာနေပြီ လိုချင်ဘတာသာအမိဖမ်းပေတော့...'
'အဲဒါဘယ်သူ့ကိုရွေးရမလဲဆိုတော့ ခက်နေတာပေါ့ကွ'
'ဒါကတော့ ဆရာနဲ့ပေါင်းရမှာ ဆရာ့သဘောလေ'
'နှစ်ယောက်စလုံးက မက်စရာပေါ်အူးရဲ့၊ အဲဒါကြောင့်ခက်တာ'

'အမယ်ဆရာက မင်းသားသံတွေဘာတွေနဲ့၊ ဆရာဒါဖြင့် နှစ်ယောက်ပြူး ယူဖြစ်မယ်ဆိုရင် ယူမယ်လား ဆရာ..'
'ဒါတော့ 'အောက်တောပ်(ဖ်)ကွက်ရှင်'ပေါ့ကွာ'
'ဘာလဲ..ဆရာ့ 'အောက်တော့(ဖ်)ကွက်ရှင်' ဆိုတာက'

'သေချာလွန်းလို့ မေးစရာမလိုတော့ဘူး မမေးဘဲနဲ့သိသင့်တယ်လို့ ပြောတာကွ၊ မင်းကငါ့တပည့် လုပ်နေပြီးတော့အင်္ဂလိပ်စကားကလေး ဘာလေးမှတ်ထားမှပေါ့ကွ'
'မှတ်ထားပါမယ်ဆရာ၊ မှတ်ထားပါ့မယ်'

ကျွန်တော့မှာမူကလက ဘင်ဂျိုတီးချန်ပီယံဘွဲ့ထူးကို ဆွတ်ခူးရန် ကြံစည်ခဲ့လင့်ကစား ယခုမူ ဆေးဝါး သမားတော်ဘက်က ပါရမီပါခဲ့လေသလား မသိ။ အရူးကုဆရာဝန်နှင့်ပေါင်းပြီး နားထိုင်းရောဂါကုသခြင်း အလုပ်ကိုလုပ်ရပါတော့သည်။

သူဌေးကတော် ဒေါ်သန်းတင်မှာ နေ့စဉ်အချိန်မှန်မှန် ကျွန်တော့်အိမ်သို့ရောက်ရှိလာ၍ ကျွန်တော့ မှာ ၃ နာရီကြာအောင် ဘင်ဂျိုတီးရပါသည်။ ဒေါက်တာသိန်းဇံကလည်း အတွင်းအာရုံကြောများကို ပြုပြင် ပေးသည်ဟု ပြောပါသည်။

ပေါ်အူးမှာ ဒေါ်သန်းတင်ရောက်လာလျှင် အိမ်မှထွက်သွား၍ ဘင်ဂျိုတီးပြီးမှ ပြန်လာလေ့ရှိပါသည်။
ဤသို့လျှင် နေ့စဉ်ရက်ဆက်မိန်းခလေးများအား ထားခဲ့သည့်ကတိအတိုင်း ဘင်ဂျိုတီး၍ပေးလိုက် ရာ ဒေါ်သန်းတင်ကြီးမှာ ဒေါက်တာသိန်းဇံမှန်းဆသည့်အတိုင်းပင် အရက်၂၀ ပြည့်သောနေ့၌ နားနှစ်ဖက်စလုံး အကောင်းပကတိဖြစ်၍ သွားပါတော့သည်။

ဒေါက်တာသိန်းဇံကား ကျွန်တော့ဆီတခါမျှပေါ်မလာ ငွေတသောင်းရ၍  ကျေနပ်နေပေမည်။ ကျွန်တော့ မှာလည်း ရွှေမန်းသူနှင့် မယ်ဒဂုံတို့ကို မြင်ယောင်ကာ ဘယ်သူ့ချစ်လိုက်ရပါ့မလဲဟု တွေးရင်း ၀မ်းသာ အားရ ဖြစ်နေပါသည်။
အလုပ်တာဝန်ပြီးသွားသည်၏ နောက်တစ်နေ့တွင်...

'ပေါ်အူးရေ....အလုပ်တာဝန်တော့ ပြီးသွားပြီကွ'
'ပြီးသွားရင် ဘင်ဂျိုကြီးရိုက်ခွဲလိုက်တော့မယ် ဆရာ..'
'အေး...ခွဲလိုက်ကွာ...'
'နို့ဆရာရွှေမန်းသူနဲ့ မယ်ဒဂုံဘယ်သူ့ယူမလဲ ဆရာ'
'အဲဒါစဉ်းစားနေတယ်ကွ၊ မင်းအကြံပေးစမ်းပါအုံးကွာ'

'ဒီလိုလုပ်ဆရာ၊ သူတို့နှစ်ယောက်စလုံးကဘဲ ချစ်ရင်တီးတီးရင်ချစ်မယ်လို့ ကတိပေးထားတယ် မဟုတ် လား'
'ဟုတ်တယ်လေ...'
'ဒီတော့ဆရာအထူးစဉ်းစားမနေနဲ့၊ သူတို့စကားအတိုင်း ဆရာ့ဆီလာကြမှာဘဲ၊ ဒီတော့အရင်လာ ရာလူကို ယူလိုက်ဆရာ'
'တယောက်တကွဲမလာဘဲ နှစ်ယောက်ပြူးလာရင်ကောကွယ်'

'ဒါမျိုးဘယ်နှစ်ယောက်ပြိုင်လာမလဲ ဆရာ၊ သူတို့လဲနားလည်တာပေါ့ ကြည့်နေဆရာ၊ ရန်ကုန်သူ မမြင့်တင်တင်က အရင်ဦးအောင်လာလိမ့်မယ်၊ သူကအလယ်ဆရာ'
'အမယ်မင်းကမထင်နဲ့အုံး၊ ရွှေမန်းသူကလေးကလဲ အသွက်ကလေးကွ၊ သူအရင်ရောက်လာချင် လာမှာ'
'လာ..ယူလိုက်တာပေါ့ဆရာ'

'အေးကွာ..၊ မင်းပြောတဲ့အကြံ ငါကြိုက်တယ်၊ သူတို့တယောက်ယောက်ရောက်လာရင် မင်းက ရှောင်ပေးကွနော်'
'မှာစရာမလိုပါဘူးဆရာ၊ စိတ်ချပါ'
ကျွန်တော့်မှာပေါ်အူးအကြံပေးသည့်အတိုင်း စောင့်နေလိုက်ရာ တရက်ကြာမလာ။ နှစ်ရက်ကြာ မလာနှင့် ငါးရက်မျှရှိသည်တွင် မဆိုင်းနိုင်တော့ဘဲ။
'ဟေ့..ပေါ်အူးရေ၊ မင့်ဟာကလဲ တယောက်မှမလာပါလားကွ'

'စောင့်ပါအုံးလား ဆရာ'
'ဟာ..မစောင့်နိုင်တော့ဘူးကွာ၊ မိန်းခလေးဘဲကွ၊ ဒါမျိုးယောက်ျားကလေးအိမ် ဘယ်ကလာမလဲကွ၊ ကိုယ်ကလိုက်မှပေါ့'
'ဟာ..ဆရာ၊ ခုခေတ်မိန်းခလေးတွေက သူတို့ကြိုက်ရင် ကားနဲ့လာခေါ်ပါတယ် ဆရာ..'
'ငါတော့မစောင့်နိုင်တော့ဘူးကွာ....'
'ကဲ..မစောင့်နိုင် ဆရာဘယ်သူ့ဆီသွားမလဲ...'

'အဲဒါမင့်ဘဲ တာဝန်လွှဲတယ်၊ မင့်ဆရာကတော်မင်းဘဲ စဉ်စားပေတော့'
'ကျွန်တော့်သဘောကတော့ ဆရာနီးနီးနားနားကိုယ်မြို့သူဘဲ သဘောတူတယ် ဆရာ၊ နို့ပြီး အ၀တ်အစား အဆင်အပြင်မှာလဲ မန္တလေးသူကောင်းလှတယ်ဆိုရင် ရန်ကုန်သူအိပ်နေသလောက် ရှိတယ်ဆရာ'
'ဒါပေမယ့် ရွှေမန်းသူတွေက ရွှေဝတ်ရွှေထည်တော့ ရန်ကုန်ထက်သာတယ်ကွ'

'ရွှေဝတ်ရွှေထည်တွေက ဘာလုပ်ရလဲ ဆရာ၊ ရွှေတွေ လေး ငါးဆယ်သားလောက်ဝတ်ထားတာ့ ဆရာ ကိုယ်မိန်းမကိုယ်ပွေ့ရဖက်ရ ချီရမရတော့ ရှုပ်ရှုပ်ယှက်ယှက် ခိုးလိုးခုလုနဲ့ လေးတောင်လေး သေးတယ် ဆရာ'
'အေး..မင်းပြောတာဟုတ်တယ်ဟေ့'
'နို့ပြီး ဆရာမန္တလေးသူများ ညညဘုရားရှိခိုးလိုက်ရင် အရှည်ကြီးဘဲ၊ တော်တော်နဲ့ မအိပ်ရဘူး၊ နို့ပြီးတခုခုအကြံအစည်များ အပေါက်အလမ်းမတဲ့ရင် မနက်စောစောလေးနာရီလောက်ထပြီး မိုးလင်း အောင် ဘုရားရှိခိုးလိုက်တာက ရှိသေးတယ်၊ နားကိုညည်းရော'

'အေးကွယ်...မင်းပြောတာမှန်တယ်'
'ဒါကြောင့်ကျွန်တော်တော့ မမြင့်တင်တင်ကိုဘဲ ယူစေချင်တယ်ဆရာ...'
'အေး..ကောင်းပြီ၊ ဒါဖြင့်သူတို့အိမ်အခုသွားမယ်၊ ငါတို့သတို့သားနဲ့ လှလှပပအ၀တ်အစားထုတ် ပေးကွာ'
ကျွန်တော်တို့သည် စမတ်ကျကျ ၀တ်ဆင်ကာမကြာမီ ကြည့်မြင်တိုင် အိုးဘိုလမ်းရှိ မြင့်တင်တင် တို့အိမ်သို့ ရောက်ခဲ့လေ၏ ။
'အလို ကိုအေးဆွေကြီး' မယ်ဒဂုံခေါ်ပုံက သင်းလှသည်။

ထိုင်ပါရှင်...ထိုင်ပါ...ကျွန်မမန္တလေးလိုက်သွားကြပြီအောက်မေ့နေတာ
'ဘာလို့မန္တလေးလိုက်သွားရမှာလဲ တင်တင်ရဲ့'
'ညွှန့်ညွှန့်လွင်တို့၊ သားအမိတတွေ ပြန်သွားကြပြီလေ..'
သူတို့ပြန်သွားတာနဲ့ ကိုဆွေနဲ့ ဘာဆိုင်သလဲ တင်တင်ရဲ့...
'နို့ကိုအေးဆွေနဲ့ ညွှန့်လွင်လွင်နဲ့ ယူကြမလို့ဆို...'

'ဘယ်သူကပြောတာလဲ...'
'ဟိုနေ့ကဘဲ ကိုအေးဆွေက ပြောနေတာဘဲ'
'အို...ဒါက တင့်တင့်ကိုရည်စူးပြီး ဒီကပြောတာဘဲ...'
'မသိပေါင်ရှင် ကျွန်မတော့ရွှေမန်းသူကိုမက်ပြီး ပြောနေသလားလို့ ကူတောင်ပြောပေးရသေးတယ်'

'ရွှေမန်းသူကို ဘာလုပ်လို့မက်ရမှာလဲ တင်တင်ရယ်၊  ဟောဒီမယ်ဒဂုံသာ ချစ်မှာပေါ့၊ ကိုယ့်ပထမ ဆုံးချစ်လာ ခဲ့တဲ့သူပဲဆိုတော့ တင့်တင့်ရယ်၊ ဟောဒီမယ်ဒဂုံသာချစ်မှာပေါ့၊ ကိုယ့်ပထမဦးဆုံးချစ် လာခဲ့တဲ့ သူဘဲဟုဆို တင့်တင့်ဖေဖေကပါ သဘောတူပြီထင်ပါရဲ့ သူခိုင်းတာဝယ်ပေးလို့ ငွေတသောင်း ရသွားတာနဲ့...'
'ငွေတစ်သောင်းရလို့ ကျွန်မတို့အကြံအောင်တာပေါ့ရှင်...'
'ဘာအကြံအောင်တာလဲ....'

'ဒီလိုလေ ကျွန်မနဲ့ကိုဝင်းစိန်နဲ့ကြိုက်နေကြတာ အတော်လာပြီ အဲဒါလူကြီးချင်းပြောကြတော့  သူ့မိဘများက သူ့အားဘီအေအောင်ပြီး သားကိုအမေရိက သွားပညာသင်ဘို့ လက်ထောက်နိုင် မှ သဘော တူနိုင်မယ်ဆိုတော့ ကျွန်မတို့မှာ ကြံရကြပ်နေတာကို ကိုအေးဆွေအကူအညီနဲ့ ငွေတသောင်း တော့ ဟန်ကျသွားတာပေါ့ရှင်...'
`'ဟင် ဒီကအတွက်မျှော်လင့်ချက်မရှိဘူးပေါ့…….'

'ဘယ်လို့တော့မလဲရှင်၊ ငွေရရခြင်းဘဲ နှစ်ဘက်သဘောတူစာချုပ်လိုက်ကြပြီဟာကို…'
'ကျွန်တော်သည် ထိုင်ရာမှ ငေါက်ကနဲထလိုက်ခါ '
'ကဲ…….တပည့်ပေါ်အူးရေ'
'ဆရာ…….'
'မင်စိတ်ကြိုက် တော့ လွှဲသွားပြီး မန္တလေးဘဲ လိုက်မှဘဲ'
'လိုက်ပါရှင် မညွှန့်လွင်လွင် ကလေးက ပစ္စည်းလဲရှိ ရုပ်ကလည်းရုပ်ချော သဘောလဲ ကောင်းပါတယ်'ဟု မယ်ဒဂုံက ထောက်လိုက်သည်တွင် ကျွန်တော့မှ စိတ်ဆိုးနေပြီဖြစ်၍
'တော်…….ဒါမင့်အလုပ်မဟုတ်ဘူး၊ ငါ့သဘော ငါတပည့်သာ ငါပြောတာ လာ ပေါ်အူး သွားမယ်' ဟု ဆိုကာ နှစ်ယောက်သား ထွက်ခဲ့ကြပါသည်။

ကားပေါ်သို့ရောက်သည်တွင် ပေါ်အူးက
'ဆရာ ကံကောင်းပါတယ်ဗျာ၊ ဒီမိန်မ မရတာဘဲ အခုကား ရန်ကုန်သူတွေ အ၀တ်ပေါ်တိုင်း ၀တ်ချင်၊ ဘိုင်စကုတ်ဆယ်ရုံရှိဆယ်ရုံကြည့်ချင် တနေတနေ့ သူတို့အလှပြင်ရတာကို အမောက်ပုံ မျိုးမျိုးဆောက်ရတာနဲ့၊ အင်္ကျီအရောင်တူ လုံချည်အရောင်တူ့ ဘိနပ်အရောင်တူ အဆင်မျိုးမျိုးဝယ် ချင်ရတာနဲ့ ဘယ်တော်ရုံတန်ရုံ ၀င်ငွေလောက်နိုင်မလဲ ဆရာရဲ့၊ အဲဒီအထဲက ဂျစ်ကားကိုယ်တိုင် မောင်းလိုက်ချင်တာနဲ့၊ ယောက်ျားချောချောတွေနဲ့ ဆိုရှယ်လုပ်လိုက်ရတာနဲ့၊ အဲ…ဒါလင်က သဘောမ ကျရင်ခေတ်မမှီဘူး သဘောထားသေးတယ်နဲ့ သူတို့ကဘဲ အပြစ်တင်လိုက်ကြသေးတယ်၊ ဆရာ ရန်ကုန်သူမယူတာဘဲကောင်းပါတယ်၊ ဆရာရယ်'

'အေးကွယ်၊ မင်းပြောတာဟုတ်ပါတယ်'
'တကယ်ဆိုဆရာ…….ရွှေမန်းသူတွေက အပြောအဆိုယဉ်ကျေးတယ်၊ ဘုရားတရား ကြည်ညိုတယ်၊ အိနြေ္ဒသိက္ခာ ရှိတယ် ကြည့်ပါလား၊ မညွန့်လွင်လွင်ကို ရွှေခြေကျဉ်းကြီးတ၀င်းဝင်းနဲ့ ဘယ်လောက်များ ကြက်သရေ ရှိသလဲလို့'
'အေးကွယ် ……ငါအစထဲက သူ့စိတ်ကူးနေတာကွဲ့၊ကဲ………ဒို့ ခုညရေးထားနဲ့ဘဲ မန္တလေးလိုက်မယ်၊ ဘူတာ ဘက် မောင်းကွယ်၊ စက္ကင်းကလပ် (စ်)က ဘွတ်(က်) လုပ်ထားရအောင်'

    +                               +                             +                                    
ကျွန်တော်တို့သည် ထိုနေ့ညရထားနှင့်ပင် မန္တလေးသို့လိုက်ခဲ့၍ နောက်တနေ့ညနေတွင် မန္တလေးသို့ ဆိုက်ရောက်ခဲ့ကြလေ၏
သူဌေးကတော် ဒေါ်သန်းတင်နှင့် ဘင်ဂျိုတီးရင်း အတော်အကျွမ်းဝင်လိုက်ပြီဖြစ်၍ ညွှန့်လွင်လွင် တို့အိမ်သို့ပင် တခါတည်းဝင်ရောက်တည်းခိုလိုက်ပါသည်။
ဦးဘတုတ်နှင့် ဒေါ်သန်းတင်မှာ အထူးတလည်ကျေးဇူးတင်ကြောင်းနှင့် ၀မ်းသာအားရ ဆီးကြိုပြုစု ကြပါ သည်။ ညွန့်လွင်လွင်ကလေးမှာလည်း ချစ်ကြိုက်ရမည့် လူပျိုကလေးရောက်ရှိလာ မည့်ဖြစ်၍ ရွှေမန်းသူ အပျို ကလေးဖြစ်သည့်အတိုင်း ရှိုးတိုးရှန့်တန့်ကလေး ဖြစ်နေပါသည်။

ညစာ ထမင်းစားပြီးကြသည်တွင် ညွန်လွင်လွင် ကလေးသည် တိုက်နံဘေးရှိ ပန်းခြံထဲ၌ တစ်ယောက်တည်း ပန်းပွင့်ကလေးများကို ချေမွနေသည်ကို မြင်ရပါသည်။ အပျိုကလေးများ ဤသို့ တစ်ယောက်ထည်း နေခြင်း မှာ ချစ်သူအား မျှော်မှန်းတန်းတနေခြင်ဖြစ်သည်ကို ကျွန်တော်သိပါ သည်။
ထို့ကြောင့်……..
'ပေါ်အူးရေ
'ဆရာ'
'ငါသွားပြီးစကာပြောတော့မယ်ကွာ……….မင်းအသာ အရိမ်အခြေကြည့်ပြီး မနီးမဝေးက နေပေတော့'
'ကောင်းပါပြီဆရာ'
ကျွန်တော်သည် လက်တွင် ဆီမွှေးများလိမ်းချယ်ခါ သွား၍ ညွန့်လွင်လွင်ထိုင်နေသော ခုံရှည်တဘက်၌ ထိုင်လိုက်ပြီးလျှင်……….
'လွင်လွင်ရေ…….'
'ရှင်'
'ကိုဆွေတော့ မျှော်လင့်ချက်ကြီးနဲ့ လိုက်ခဲ့တာဘဲကွယ်……..

'ဘာမျှော်လင့်ချက်ကြီးနဲ့လဲရှင်'
'ဟိုနေ့က ကိုဆွေ အိမ်မှာပြောခဲ့ကြတာလေ'
' ဘာပြောခဲ့ကြတာလဲရှင့်'
`မေ့ချင်ယောင် ဆောင်မနေပါနဲ့ လွင်ရယ်……….ချစ်ရင်ဘင်ဂျိုတီးတီးရင် ချစ်မယ်ဆိုတာ လေ………'
'အော်……ဒါက ရှင့်အချစ်ဦးမြင့်တင်တင်ကို ရည်စူးပြီးပြောတာမှုတ်လားလို့'

'ဘယ်….ဟုတ် ရမှလဲ သူ့မလိုချင်လို့ဘဲ အခု ရန်ကုန်ကနေပြီး မန္တလေးလိုက်လာခဲ့တာ'
မသိပါဘူးရှင်'
'အခုသိတော့ လွင်က ကိုဆွေကို ချစ်မယ်မှုတ်လားလို့….
လွင်မိဘများကလည်း သဘောတူပါပြီထင်ပါရဲ့၊ ဘာပြုလို့လဲဆိုတော့ လွင်မေမေကြီး နားထိုင်းတာကို ပျောက်အောင် လုပ်ပေးတဲ့ ကျေးဇူးရှိနေတာကို'
ဟုတ်ပါတယ်ရှင်၊ ကျွန်မလဲ မေမေနားထိုင်းပျောက်သွားတာနဲ့ ကျွန်မဆုတောင်ပြည့်သွား တာပဲ'
ဘယ်လိုပြည့်သွားတာလဲ

ကိုအေးဆွေ မမှတ်မိဘူးလား ရှင်နဲ့ကျွန်မနဲ့ အရင်စေ့စပ်တုံးက ပြောကြတာ ကျွန်မမှာ ကိုအောင်ကြည် ဆိုတဲ့ ချစ်သူရှိတယ်လို့'
'သိသလေ……အဲဒါကိစ္စမရှိပါဘူးလို့ သူနဲ့ ပြတ်နေတာဘဲ'
'အခု မပြတ်ဘူးရှင့်၊ သူက ကျွန်မအမေ နားပြန်ကောင်းလာတာနဲ့ ကျွန်မကို ယူတော့မတဲ့ ရှင်'
ဟင်…..

'မဟင်နဲ့……သူက အစတုံးက ကျွန်မကို မချစ်လို့မှမဟုတ်တာ ကျွန်မမေမေနားထိုင်းလို့ သာရှောင်သွား တာဘဲ၊ ခုတော့ ကိုအေးဆွေကြောင့် နားပြန်ကောင်းလာလို့ ကျေးဇူးတင်ပါတယ် ရှင်…….'
'ဒီလိုဆို ကိုဆွေအတွက် မျှော်လင့်ချက် မရှိတောဘူးလား'
'လုံးဝမရှိတော့ပါဘူးရှင်'
ထို့ကြောင့် ကျွန်တော်မှာ ရွှေမန်းသူ၏  သောကရိပ်မြုံခိုသင့်ပါလျက် မခိုလှုံခဲ့ရကြောင်း ကို အစဦး ကတည်း ကပင် ပြခဲ့ပါသည်။
ဤသို့ မျှော်လင့်ချက် မရှိကြောင်းကို သိရသည်နှင့် တပြိုင်တည်း ကျွန်တော်သည် မတ်တပ်ရပ်လိုက်ခါ
'ပေါ်ဦးရေ……'

'ဆရာ'
'ဟာ မင်းက ငါတို့အနီးကလေးကပ်နေတာကိုးကွ'……….
'ဆရာ မစွန်ပုံပေါ်တာနဲ့ ကျွန်တော်ဝေးဝေးမသွားတော့ဘူးဆရာ……….
'ဒါဖြင့် မင်းဒို့ပြောတာ အကုန်ကြားပြီပေါ့'
'တလုံးမကျန် ကြားပါတယ်ဆရာ'
ဒါဖြင့် ဒို့များ နက်ဖြန်မနက်ရထားနဲ့ ပြန်မှထင်ပါရဲ့ကွယ်
'အောက်တော့(ဖိ)ကွက်ရှင်ပါဘဲ ဆရာ' 

ပြီးပြီ
အေးဆွေ ပေါ်အူး `ထောင်လှောင်နေ` မျှော်