Sunday, January 17, 2010

တော့တိုး-ချန်

တိုမို မှ ကျောင်းသင်ခန်းစာများ

မီးရထားတွဲထဲ၌ စာသင်ရခြင်းသည် တမူထူးခြားသလို ထိုင်ခုံများ နေရာချထားပုံမှာလည်း အခြား ကျောင်းနှင့်မတူဘဲ ဆန်းဆန်းပြားပြား ဖြစ်နေသည်။ အခြားကျောင်းတွင် ကျောင်းသားတိုင်း အတွက် စာရေးစားပွဲနှင့် ထိုင်ခုံကို သတ်မှတ်ပေးထားသော်လည်း ဤကျောင်း၌မူ ကျောင်းသား များကို မည်သည့် အချိန်အခါ၌ဖြစ်စေ၊ မိမိတို့ ထိုင်ချင်သည့် နေရာတွင် ထိုင်ရန် ခွင့်ပြုထားလေ သည်။
တော့တိုး-ချန်သည် အချိန်ကြာကြာ စဉ်းစား၍ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးတော့မှ ယနေ့နံနက် တွင် ကျောင်းသို့ သူမရောက်ပြီး ခဏအကြာ ရောက်လာသည့် ကျောင်းသူကလေးနားတွင် ထိုင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးငယ်သည် နားရွက်ရှည်ရှည် ယုန်ရုပ် ပါသည့် ဂါဝန်လှလှကလေးကို ၀တ်ထားသောကြောင့် ဖြစ်သည်။

ဤကျောင်း၏ ထူးခြားမှုများအနက် အထူးခြားဆုံးမှာ ကျောင်းသင်ခန်းစွာများ သင်ကြားမှု၌ပင် ဖြစ် သည်။
ကျောင်းများတွင် သာမန်အားဖြင့် ပထမအချိန်၌ ဂျပန်စာကို သင်ကြားကြသည်။ ထိုအချိန်တွင် ဂျပန်စာ ကိုသာ ဖတ်ကြ၊ မှတ်ကြ၊ ရေးကြ၊ စာအံကြရမည် ဖြစ်သည်။ ထို့နောက် ဒုတိယအချိန်သို့ ရောက်သောအခါ အခြားဘာသာရပ်တစ်ခုခုကို ပြောင်းလဲသင်ကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဒုတိယအချိန်တွင် ဂဏန်းသင်္ချာကို သင်ရန် သတ်မှတ်ထားပါက တပည့်များသည် ထိုအချိန်၌ ဂဏန်းသင်္ချာကိုသာ တွက်ကြရမည်၊ လေ့လာကြရမည်၊ မှတ်သားကြရမည် ဖြစ်သည်။

သို့သော်လည်း ဤကျောင်း၌မူ ထိုကဲ့သို့ မဟုတ်ဘဲ ကွဲပြားခြားနားမှု ရှိသည်။ ပထမအချိန်စတင် သောအခါ ဆရာမသည် ထိုနေ့အတွက် သင်ရန် မှတ်ထားသည့် ဘာသာရပ်များအားလုံး၏ သင်ခန်းစာများအကြောင်း၊ မေးခွန်းပုစ္ဆာများနှင့် ပြဿနာများကို စာရင်းပြုလုပ်ကိုင်သည်။ ၎င်းနောက် ဆရာမက ...
"ကဲ တပည့်တို့၊ အခုအချိန်ကစပြီး မင်းတို့နှစ်သက်တဲ့ ဘာသာရပ်ကို စတင်ပေတော့" ဟု ပြောလိုက်လေသည်။
ထိုအခါ တပည့်တစ်ဦးဦးသည် ဂျပန်စာ၊ သို့မဟုတ် ဂဏန်းသင်္ချာ သို့မဟုတ် အခြားဘာသာတစ်ခု ကို စတင် လေ့လာလိုက ကြိုက်သလို လေ့လာဆည်းပူးနိုင်လေသည်။ ကျောင်းသားတစ်ယောက် က စာစီစာကုံး ရေးသားနေစဉ် သူ၏နောက်ခုံမှ ကျောင်းသားသည် သိပ္ပံဘာသာရပ်ကို လက်တွေ့ လေ့လာကောင်း လေ့လာ နေပေမည်။ လက်တွေ့လုပ်သဖြင့် ကွဲသံ၊ ရှသံ၊ ပေါက်ကွဲသံများ ထွက် ပေါ်လာကောင်း ထွက်ပေါ် လာပေမည်။

ဤသင်ကြားနည်းစနစ်က ဆရာဆရာမများကို သူတို့၏ တပည့်များအကြောင်း ပိုမိုသိရှိနိုင်အောင် အထောက် အကူ ပေးလေသည်။ ကလေးသူငယ်မျးသည် တဖြည်းဖြည်းနှင့် အတန်းကြီးများသို့ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားရမည်ဖြစ်လေရာ မည်သည့်တပည့်သည် မည်သည့်ဘာသာရပ်၌ ပိုမိုအားသန်သည်၊ စိတ်ဝင်စား မှုရှိသည်၊ မည်သည့်အကျင့်စာရိတ္တမျိုး ရှိသည်၊ မည်သို့ တွေးခေါ် တတ်သည်ဆိုသည်များကို ဆရာ၊ ဆရာများ ပိုမိုသိရှိနိုင်၏။ ဤသင်ကြားရေးနည်းစနစ်သည် ဆရာများက မိမိတပည့်များ အကြောင်း ပိုမို၍ အတွင်းကျကျ သိရှိစေနိုင်သော နည်းစနစ် ဖြစ်သည်။

ကျောင်းသားများအနေဖြင့် သူတို့ စိတ်အ၀င်စားဆုံး ဘာသာရပ်ကို ပထမဆုံးစတင်လေ့လာမည် မှာ အမှန်ပင် ဖြစ်သည်။ စာသင်ရာ၌ လွတ်လပ်မှု ရှိ၏။  လိုအပ်ပါက တပည့်များသည် ဆရာ့ထံ အချိန်မရွေး သွားရောက်ကာ မရှင်းသည့် အချက်များကို မေးနိုင်၏။  ဆွေးနွေးနိုင်၏။ ဆရာ ကလည်း တပည့်များထံသို့ လာရောက်ပြီး အခက်အခဲများနှင့် ပြဿနာများရှိက ရှင်းပြရန် ၀န်မ လေးပေ။ တပည့်များ နားလည် သဘောပေါက်သည်အထိ ဆရာက ရှင်းပြသည်။ ထို့နောက် တပည့် များသည် သူတို့၏ ကျောင်းသင်ခန်း စာများကို ဆရာ၏ အကူအညီမပါဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆက်လက်ပြုလုပ်ကြသည်။ ဆရာက စာသင်နေစဉ် တပည့်များသည် စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ထိုင်၍ နားထောင်ရသည့် အဖြစ်မျိုး ဤကျောင်း၌ မရှိပေ။

ဤကျောင်းမှ ပထမတန်း ကျောင်းသားများအနေဖြင့် အတန်းကြီးများမှ ကျောင်းသားများကဲ့သို့ လွတ်လွတ်လပ်လပ် စာသင်ကြားခွင့် မရရှိသော်လည်း သူတို့အနေဖြင့် သူတို့သင်ကြားလိုသည့် ဘာသာရပ်မှ စတင်သင်ကြားခွင့်ကိုမူ ရရှိကြလေသည်။
အချို့ကျောင်းသားများသည် အက္ခရာများကို ကူးရေးနေကြ၏။ အချို့က ပုံဆွဲနေကြသည်။ အချို့ မှာမူ ဖတ်စာအုပ်ကို ဖတ်နေကြသည်။ တော့တိုး-ချန်အနီးတွင် ထိုင်နေသော မိန်းကလေးသည် အက္ခရာ အားလုံးကို သိသည်။ သူမ၏ မှတ်စုစာအုပ်ထဲ၌ အက္ခရာများကို ရေးနေသည်။ အစိမ်း သက်သက် ဖြစ်နေ သေးသော တော့တိုး-ချန်သည် စိတ်လှုပ်ရှားမှု အနည်းငယ်ဖြစ်နေပြီး ဘာလုပ် ရမှန်းမသိ ဖြစ်နေသည်။

ထိုအခိုက်သူမ၏ အနောက်ဘက်ရှိခုံတွင် ထိုင်နေသော ကျောင်းသားကလေးသည် ထိုင်ရာမှ ထပြီး သူ၏မှတ်စုစာအုပ်ကို ယူ၍ ကျောက်သင်ပုန်းကြီးဘက်ဆီသို့ သွားသည်။ သူသည် ဆရာမထံသို့ စာမေးရန် သွားခြင်း ဖြစ်သည်။ ဆရာမသည် ကျောက်သင်ပုန်းကြီးအနီးရှိ စားပွဲတွင် ထိုင်ရင်း အခြားတပည့်တစ်ဦးကို သင်ဖို့စာနှင့် ပတ်သက်၍ ရှင်းပြလျက် ရှိသည်။ တော့တိုး-ချန်သည် အခန်း ၀န်ကျင်တစ်ခုလုံးကို ကြည့်ရှုအကဲခတ်မှု မပြုတော့ဘဲ သူမ၏ လက်ဖ၀ါးနှစ်ဖက်ပေါ်တွင် မေးစေ့ ကို ထောက်ရင်း လမ်းလျှောက် သွားနေသော ထိုကျောင်းသား၏နောက်ကျောကို စိုက်ကြည့်နေမိ သည်။ ထိုကျောင်းသား လမ်းလျှောက် သည့်အခါ ခြေထောက်များဆွဲနေပြီး သူ၏ခန္ဓကိုယ်တစ်ခုလုံး မှာလည်း ကြောက်စရာ ကောင်းလောက် အောင် ယိုင်ထိုးသွားသည်။ အစပထမတွင် တော့တိုး-ချန် ၏ စိတ်ထဲ၌ ထိုကျောင်းသား သည် နောက်ပြောင် သည့်သဘောဖြင့် ဤကဲ့သို့ လမ်းလျှောက်သည် ဟု ထင်မိသည်။

သို့သော်လည်း သူသည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်းကို များမကြာမီ သူမ သိရှိသွားသည်။
ထိုကျောင်းသား သူ၏စာရေးစားပွဲရှိရာသို့ ပြန်လာသည်ကို တော့တိုး-ချန် စောင့်ကြည့်နေမိသည်။ သူတို့ နှစ်ယောက် အကြည့်ချင်းဆုံ သွားကြသည်။ ကျောင်းသားကလေးက ဦးစွာ ပြုံးပြလိုက်သည်။ ထို့ကြောင့် တော့တိုး-ချန် သည် ခပ်မြန်မြန်ပြုံးပြလိုက်သည်။ သူမ၏နောက်တွင်ရှိသော သူ၏ ထိုင်ခုံ ပေါ်တွင် နေရာတကျ ပြန်ထိုင်နိုင်ဖို့အတွက် သူသည် အချိန်များများ ပိုယူရသည်။
တော့တိုး-ချန် သည် နောက်သို့ လှည့်လိုက်ပြီး "နင်ဘာဖြစ်လိုပ အဲဒီလို လမ်းလျှောက်ရတာလဲ"ဟု မေးမြန်း လိုက်သည်။
"ငါ့မှာ ပိုလီယိုရောဂါ ရခဲ့လို့" ဟု သူသည် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူ၏လေသံမှာ သိမ်မွေ့ ၏။

"ပိုလီယို ဟုတ်လား"
တော့တိုး-ချန်၏ နှုတ်မှ အသံထွက်သွားသည်။ ထိုစကားလုံးကို သူမ ယခင်က မကြားဖူးဘူး။
"ဟုတ်တယ် ပိုလီယို"
သူသည် လေသုံးတိုးတိုးဖြင့် ပြောလိုက်လေသည်။
"ငါ့ခြေထောက်မှာသာ မဟုတ်ဘူး၊ လက်မှာလဲ အဲဒီအတိုင်းပဲ"

သူသည် လက်ကိုဆန့်တန်းပြလိုက်သည်။ တော့တိုး-ချန်သည် သူ၏ ဘယ်ဘက်လက်ကို ကြည့် လိုက်သည်။ သူ၏ ရှည်လျားသော လက်ချောင်းများမှာ ကွေးကောက်နေပြီး ၎င်းတို့အားလုံး ပူးကပ် နေသည်ဟု ထင်မှတ်ရသည်။
"ဒါနဲ့ ပတ်သက်လို့ ပျောက်ကင်းအောင် သူတို့လုပ်မပေးနိုင်ကြဘူးလား"ဟု သူမက မေးလိုက် သည်။ သူပြန် မဖြေချေ။ တော့တိုး-ချန်သည် စိတ်မကောင်းဖြစ်သွားပြီး ထိုမေးခွန်းကို မမေးမိလျှင် အကောင်းသားဟု နောင်တရလိုက်သည်။ သို့သော်လည်း ထိုကျောင်းသားက ...
"ငါ့နာမည် ယာဆူအာကီ ယာမာမိုတို၊ နင့်နာမည်ရော" ဟု မေးလိုက်သည်။
သူ၏ ရွှင်ရွှင် လန်းလန်းရှိသော အသံကို နားထောင်လိုက်ရသောအခါ သူမ ၀မ်းမြောက်သွားသည်။

"ငါ့နာမည် တော့တိုး-ချန်"
ဤသို့အားဖြင့် ယာဆူအာကိ ယာမာမိုတိုနှင့် တော့တိုး-ချန်တို့သည် သူငယ်ချင်းဘ၀သို့ ရောက်ရှိ သွားကြလေတော့သည်။
နေရောင်ခြည်ကြောင့် မီးရထား၏ အတွင်းတွင် ပူအိုက်လာသည်။ ကျောင်းသားတစ်ယောက်က ပြတင်း ပေါက်ကို ဖွင့်လိုက်သည်။ နွေဦးရာသီ၏ သန့်ရှင်းလတ်ဆတ်သော လေပြည်လေညင်းသည် မီးရထား တွဲထဲသို့ တိုးဝင်လာပြီး ကလေးများ၏ ဆံပင်များကို တိုက်ခတ်သွားလေတော့၏။
ဤကဲ့သို့ တိုမို၌ တော့တိုး-ချန်၏ ပထမနေ့သည် စတင်ခဲ့လေသည်။

ပင်လယ်မှ အစားအစာနှင့် ကုန်းပေါ်မှ အစားအစာ

တော့တိုး-ချန် အထူးမျှော်လင့်စောင့်စားနေသော နေ့လယ်စာစားရန် အချိန်ဖြစ်သည့် "ပင်လယ် သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုး" အချိန်သည် ကျရောက်၍ လာလေ ပြီ။
ကျောင်းအုပ်ဆရာကြီးသည် သူ၏တပည့်များအား နေ့လယ်စာအတွက် ထမင်းအပြင် ဟင်းကို ပင်လယ်မှ ရသော အစားအစာနှင့် ကုန်းမြေပေါ်မှရသော အစားအစာများဖြင့် မျှမျှတတ ယူလာစေ လိုသော ရည်ရွယ်ချက် ရှိလေသည်။ ဆရာကြီးသည် မိဘအုပ်ထိန်းသူများအား "သင်တို့ကလေး များအား မည်သည့်အစားအစာကိုမဆို စားတတ်အောင်နှင့် စားနိုင်အောင် လေ့ကျင့်ပေးပါ။ သူတို့ ၏ နေ့လယ်စာ အတွက် ဘာဟာရဖြစ်စေမည့် အစားအစာများ ထည့်ပေးပါ"ဟု မပြောတော့ဘဲ၊ "ပင်လယ် သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုး"ဟုသော အသုံးအနှုန်း ကို သုံးလိုက်ခြင်း ဖြစ်သည်။

"ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး"၏ အဓိပ္ပာယ်မှာ ငါးပုစွန်၊ ကဏန်းစသော ပင်လယ်မှ အစား အစာများကို ဆိုလိုခြင်းဖြစ်ပြီး၊ "တောင်ကုန်းများပေါ်မှ တစ်မျိုးမျိုး" ဆိုသည်မှာ ဟင်းသီးဟင်းရွက် များ၊ အမဲသား၊ ၀က်သား၊ ကြက်သားစသော အစားအစာများကို ဆိုလိုခြင်း ဖြစ်သည်။
အမေသည် ဆရာကြီး၏ စကားလုံးအသုံးအနှုန်းကို အလွန်သဘောကျသည်။ ဆရာကြီး၏ အစီ အစဉ်သည် ရိုးရိုး ရှင်းရှင်းနှင့် ထိရောက်မှု ရှိလေသည်။
ထို့အပြင် ဆရာကြီးသည် သူ၏တပည့်များအား နေ့လယ်စာအတွက် ဈေးကြီးကြီးပေးဝယ်ရသော အစားအစာ များကိုသာ ယူလာရမည်ဟု မဆိုလိုကြောင်း၊ ဈေးနှုန်းချိုသာသော အစားအစာများ၊ ဥပမာ ပင်လယ် သမုဒ္ဒရာမှရသော နိုရီ (ကျောက်ပွင့်တစ်မျိုး)နှင့် ကုန်းပေါ်မှရသော ဆီးသီးများကို လည်း ထည့်ယူ လာနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ကျောင်းအုပ်ဆရာကြီးက နေ့လယ်စာ အစားအစာဗူးများကို လိုက်လံကြည့်ရှုနေသည်ကို တော့တိုး-ချန်သည် ယမန်နေ့ကအတိုင်းပင် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိသည်။
"မင်းဆီမှာ ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုးနဲ့ တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုးပါရဲ့လား"
ဆရာကြီးသည် ဗူးတိုင်းကို ကြည့်ရှုရင်း မေးလိုက်သည်။ ကျောင်းသားများ မည်ကဲ့သို့သော ပင်လယ် အစားအစာနှင့် ကုန်းပေါ်မှ အစားအစာများ ထည့်ယူလာကြပါလိမ့်မည်ဆိုသည်ကို ကြည့်ရှုရခြင်းသည် အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။

အမေသည် တစ်ခါတစ်လေ အလွန်အလုပ်များတတ်သည်။ ထိုအခါမျိုး၌ သူမ၏ကလေးသည် တောင်ကုန်းများပေါ်မှ အစားအစာတစ်မျိုးမျိုး၊ သို့မဟုတ် ပင်လယ်ထဲမှ အစားအစာ တစ်မျိုးမျိုးကို သာ ယူလာ နိုင်လေသည်။ သို့သော်လည်း ကိစ္စ မရှိပါ။ ကျောင်းအုပ်ဆရာကြီး လှည့်ပတ်ကြည့်ရှုမှု ပြုလုပ်သောအခါ ဆရာကြီး၏ ဇနီးသည် ထမင်းချက်များဝတ်သော အ၀တ်ဖြူကိုဝတ်၍ သူမ၏ လက်တစ်ဖက် စီတွင် ဟင်းခွက်တစ်ခွက်စီကိုင်ကာ နောက်မှလိုက်သည်။ ဆရာကြီးက တပည့် တစ်ယောက် ယောက်၏ ရှေ့တွင်ရပ်ပြီး "ပင်လယ်သမုဒ္ဒရာ"ဟု ပြောလိုက်ပါက သူမသည် "ပင်လယ် သမုဒ္ဒရာ" ဟင်းခွက်ထဲမှ ငါးဟင်းနှစ်ဖက်ကို ခပ်၍ ထည့်ပေးလိုက်မည် ဖြစ်သည်။ အကယ်၍ ဆရာကြီးက "တောင်ကုန်းများ" ဟု ပြောလိုက်ပါမူ၊ သူမသည် "တောင်ကုန်းများ" ဟင်းခွက်ထဲမှ အာလူးဟင်းကို ခပ်ထည့် ပေးလိုက်မည် ဖြစ်သည်။

မည်သည့်ကျောင်းသားကမျှ "ငါးဟင်းမကြိုက်ပါဘူး" ဟူ၍ မပြော။ "ကျွန်တော့်အိမ်က ဟင်းက ကောင်းတယ်" ကျွန်မအိမ်က ဟင်းက မကောင်းဘူး" ဟူ၍ မပြောကြ။ သူတို့သိထားကြသည့် အချက်မှာ ပင်လယ်ထဲက အစားအစာနှင့် တောင်ကုန်းများပေါ်က အစားအစာနှစ်မျိုးကို စားကြဖို့ ပင် ဖြစ်သည်။ နေ့လယ်စာ စားပြီးသောအခါ အစားအစာနှစ်မျိုးကို စားကြဖို့ပင် ဖြစ်သည်။ နေ့လယ် စာစားပြီးသောအခါ သူတို့၏ အာသီသပြည့်ဝသွားလေပြီ။ သူတို့၏ စိတ်ဓာတ်သည် တက်ကြွလာ ၏။ လန်းဆန်းလာ၏။

အမေသည် တော့တိုး-ချန်အတွက် နေ့လယ်စာကို ခပ်သွက်သွက် ချက်ပြုတ်ပြီး ထည့်ပေးလိုက် သည်။ နေ့လယ်စာစားချိန်၌ သူမ၏ ဗူးများကို ဖွင့်လိုက်သောအခါ ဟင်းမျိုးစုံကို တွေ့ရသည့် အတွက် "အိုးကောင်းလိုက်တာ၊ ကောင်းလိုက်တာ" ဟု တော့တိုး-ချန်၏ နှုတ်မှ အသံထွက်သွား သည်။
တော့တိုး-ချန်၏ ဗူးထဲ၌ ကြက်ဥကြော်၊ ပဲသီးကြော်၊ 'ဒင်ဘူး'နှင့် ငါးဥကြော်များ ပါဝင်သည်။ ဟင်းလျာများ၏ အရောင်များမှာ အစိမ်းရောင်၊ ပန်းရောင်၊ အညိုရောင်၊ အ၀ါရောင် စသည်ဖြင့် ပန်းဥယျာဉ် သဖွယ် ရောင်မျိုးစုံလင်လှပေသည်။

"သိပ်စုံတာပဲ"
ဆရာကြီး က ပြောလိုက်သည်။ တော့တိုး-ချန် တစ်ကိုယ်လုံး လှုပ်ရှားသွားသည်။ "အမေဟာ အချက် အပြုတ် သိပ်တော်ပါတယ်" ဟု ပြောလိုက်သည်။
"ဟုတ်လား"
ဆရာကြီးသည် ထိုသို့ပြောပြီးနောက် ဗူးထဲမှ အညိုရောင်ဒင်ဘူး ဟင်းလျာကို လက်ညှိုးထိုးကာ "ကောင်းပြီ၊ အဲဒါဘာလဲ၊ အဲဒီဟင်းဟာ ပင်လယ်သမုဒ္ဒရာထဲကလား၊ တောင်ကုန်းတွေပေါ်ကလား" ဟု မေးလိုက် လေ တော့သည်။

တော့တိုး-ချန်သည် ဒင်ဘူးဟင်းကို ကြည့်လိုက်သည်။ ပင်လယ်သမုဒ္ဒရာထဲက ရသလား၊ တောင် ကုန်းတွေပေါ်က ရသလားဆိုသည်ကို မှန်အောင်မပြောနိုင်။ အရောင်မှာ မြေကြီးရောင် ဖြစ်သည့် အတွက် တောင်ကုန်းတွေပေါ်ကရတာ ဖြစ်နိုင်သည်။ သို့သော် သူမသည် တိတိကျကျ မပြောနိုင် ချေ။ ထို့ကြောင့် ...
"ကျွန်မ မသိပါဘူး" ဟု ပြောလိုက်သည်။
ထိုအခါ ဆရာကြီးက ကျောင်းသားအားလုံးကို မေးလိုက်သည်။

"ဒင်ဘူးကို ဘယ်ကရသလဲ သိကြသလား၊ ပင်လယ်သမုဒ္ဒရာထဲကလား၊ တောင်ကုန်းတွေ ပေါ်ကလား"
သူတို့အားလုံး ခေတ္တခဏမျှ စဉ်းစားလိုက်ကြသည်။ ခဏအကြာတွင် အချို့က "ပင်လယ် သမုဒ္ဒရာထဲက" ဟူ၍လည်းကောင်း၊ အချို့က "တောင်ကုန်းတွေပေါ်က" ဟူ၍ လည်းကောင်း ဖြေ ကြသည်။ မည်သူမျှ တိတိကျကျ သိကြဟန်မတူ။
"ကောင်းပြီ၊ မင်းတို့ကို ဆရာကြီး ပြောပြမယ်၊ နားထောင်ကြ၊ ဒင်ဘူးဟာ၊ ပင်လယ်သမုဒ္ဒရာထဲက ရတယ်"
"ဘာဖြစ်လို့"

ခပ်၀၀ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
စက်ဝိုင်းပုံသဏ္ဍာန် ခင်းကျင်းထားသော စာရေးစားပွဲများ၏ အလယ်တွင် မတ်တတ်ရပ်ရင်း ဆရာကြီးက ...
"ဒင်ဘူးကို ဘယ်လိုလုပ် ရသလဲဆိုရင် ငါးကို ပထမပြုတ်လိုက်ရတယ်၊ ပြီးတော့ အရိုးတခြား အသား တခြားဖြစ်သွားအောင် ခြစ်ထုတ်ရတယ်။ အသားတွေကို ပေါင်းအိုးနဲပ ထပ်ပေါင်းပြီးရင် ကြေသွားအောင် ကြိတ်၊ ဟင်းခတ်ပစ္စည်းတွေနဲ့ရောပြီးတော့ အခြောက်လှမ်းလိုက်။ ဒင်ဘူးဖြစ်လာ ရော" ဟု ရှင်းပြ လိုက်သည်။
"အိုး"

ကလေးများအားလုံး၏ နှုတ်ဖျားမှ စိတ်ဝင်စားစွာဖြင့် အသံထွက်သွားလေသည်။
ထို့နောက် ကျောင်းသားတစ်ယောက်က တော့တိုး-ချန်၏ ဒင်ဘူးကို ကြည့်နိုင်ပါသလားဟု မေး လိုက်သည်။
"ကြည့်နိုင်တာပေါ့" ဟု ဆရာကြီးက ထိုသို့ပြောလိုက်သောအခါ ကျောင်းသားအားလုံးသည် တော့တိုး-ချန် ဒင်ဘူးဟင်းကို လာကြည့်ကြလေတော့သည်။ အချို့ကျောင်းသားကျောင်းသူများ သည် ဒင်ဘူးဟင်းကို မြင်ဖူး စားဖူးကြသော်လည်း သူတို့မြင်ဖူး စားဖူးသော ဒင်ဘူးနှင့် တော့တိုး-ချန်၏ ဒင်ဘူးမည်သို့ ကွာခြားမှု ရှိသည် ဆိုသည်ကို လေ့လာစူးစမ်းလိုသောကြောင့် လာကြည့်ကြ ခြင်း ဖြစ်ပြီး၊ အချို့မှာမူ သူများကြည့်၍ လိုက်ကြည့်ကြခြင်း ဖြစ်သည်။ ကျောင်းသားခပ်များများ သည် ဒင်ဘူးဟင်းကို နမ်းကြည့်ကြသည့်အတွက် တော့တိုး-ချန်သည် သူမ၏ဟင်းမှ အဖတ်အချို့ လွင့်စဉ်သွားမှာကို စိုးရိမ်မကင်း ဖြစ်သွားမိသည်။

ထိုပထမနေ့ နေ့လယ်စာစားချိန်က တော့တိုး-ချန်၏ စိတ်သည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ် မိသည်။ သို့သော် လည်း ပျော်ဖို့တော့ ကောင်းပါသည်။ မည်သည့်အစားအစာသည် ပင်လယ် သမုဒ္ဒရာထဲက ရသော အစားအစာ ဖြစ်သည်။ မည်သည့်အစားအစာသည် ကုန်းမြေပေါ်ကရသော အစားအစာ ဖြစ်သည် ဆိုသည်ကို စဉ်းစားရသော အလုပ်မှာ ပျော်စရာတစ်မျိုးပင် ဖြစ်တော့၏။
ဒင်ဘူးသည် ငါး၏အသားဖြင့် ပြုလုပ်ထားသော အစားအစာ တစ်မျိုးဖြစ်ကြောင်းကို တော့တိုး-ချန် သိရှိ လိုက်ရလေပြီ။ အမေသည် သမီးအတွက် ပင်လယ်သမုဒ္ဒရာတစ်မျိုးမျိုး၊ တောင်ကုန်းတွေပေါ် က တစ်မျိုး မျိုး ကို ချက်ပြုတ်ပေးရန် မမေ့ခဲ့။ အားလုံးအဆင်ပြေသည်။ ချောချောမောမော ရှိသည်။ ထို့ကြောင့် တော့တိုး-ချန် သည် ကျေနပ်နှစ်သိမ့်မှုကို ရရှိလိုက်သည်။

သူမအား နောက်ထပ်ကျေနပ်နှစ်သိမ့်မှု ပေးသည့်အချက် တစ်ချက် ရှိသေး၏။ အမေချက်ပြုတ် ပေးသည့် နေ့လယ်စာကို စားလိုက်ရသောအခါ အရသာအလွန် ရှိလှပါဘိ။ စားဖို့ကောင်းလှပါဘိ။


ညက်ညက်ဝါးဝါး မျှော်ပါ
.

3 comments:

မေဓာဝီ said...

အဲဒီကျောင်းလေးရဲ့ စာသင်ကြားနည်းစနစ်ကို သဘောကျလိုက်တာ။ စာသင်ခဲ့ရတဲ့ သက်တမ်းတလျှောက် စိတ်ပါပါမပါပါ နားထောင်နေရတာ စိတ်အပျက်ဆုံးပဲ။ ပြီးတော့ ငယ်ငယ်က ထမင်းစားချိန်ဆိုရင် ထမင်းဗူးကို ဆရာမလိုက်စစ်တတ်တာမို့ မကုန်ရင် ဆူခံရမှာစိုးလို့ တိတ်တိတ်လေးသွန်ပစ်ခဲ့တာ သတိရသေးတယ်။

တော့တိုးချန်ကလေးဖတ်ရတာ သိပ်ကျေးဇူးတင်ပါတယ် မရွှေစင်ဦး။

နေ၀သန် said...

ဒီစာလေး ဖတ်ဖူးတယ်.. မှတ်တော့မမှတ်မိတော့ဘူး.. တော်တော်တော့ကြာခဲ့ပြီ.. ပြန်ဖတ်သွားတယ်.. အမရေ..

အင်ကြင်းသန့် said...

မမရွှေစင်...
ဒီနေ့လည်း မပျက်မကွက်လာပါ၏။
ညီမလေးကတော့ တော့တိုးချန်လေးကို မျက်စိထဲမှာ မြင်ယောင်ပြီးချစ်နေတော့တာပဲ

ချစ်ညီမလေး