Sunday, January 17, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၉)
အခန်း(၂၉)
သီပေါမင်းသားသည် နေ့နှစ်ချက်တီးကျော်တွင် လွှတ်တော်မှစောစောပြန်လည် ကြွရောက် ကာ မယ်တော် လောင်းရှည်မိဖုရား၏ အိမ်တော်သို့ရောက်ရှိလာလေ၏။ သားမယ်တော် နှစ်ပါး စကားစမြည် ပြောကြရင်းမှ အတွင်းစကားများကိုပြောလိုသဖြင့် အနီးအပါးရှိ အပျိုတော်များကို ဖယ်ရှားလျက် သားမယ်တော် တီးတိုးစကား ဆက်ပြောဆိုနေကြရာ...
သားတော်။    ။"ဒါနှင့် မယ်ဖျား...သားတော်ထူးခြားတဲ့ အမိန့်တော်များနာခံစရာရှိပါလား" မယ်တော် ထူးခြားတဲ့ စကားတစ်ရပ်လို့ ဆိုကြပါဆို့ သားတော်ရယ်"
သားတော်။    ။ "မိန့်တော်မူပါဘုရား"
မယ်တော်။ "မယ်ဖျားလည်း မောင်ရင်ငယ်စဉ်က မောင့်ခမည်းတော် အမျက်တော်ရှိတုန်း စိတ်ပြေ လက်ပျောက်ဆိုသလို ၀တ်ကြောင်ကိုခေတ္တခွာလို့ သစ်ခေါက်ဆိုးဝတ်ရုံနှင့် လူ့ဘုံလောကီ စရိုက်ကို အခိုက် အတန့် ရှောင်ရှားပြီး တရားကျင့်သုံးနေတော်မူခဲ့တာဟာ သားတော်အတန်ကြီးမှ ပင် ရွှေနန်းတော်ကြီးနှင့် ပြန်ပြီး ဆက်သွယ်တော်မူခဲ့တယ်"
သားတော်။    ။ "စိတ်မချမ်းသာစရာကောင်းတဲ့နောက်ကြောင်းတွေ ပြန်ပြီးမိန့်တော် မူမနေပါနှင့် မယ်မယ်ဖျား။ သားတော်ကို  မိန့်တော်မူလိုတဲ့ အချက်ကိုသာ ဆက်လက် မိန့်ကြားတော်မူပါ"
မယ်တော်။    ။"ကဲလေ... ဒါဖြင့်သားတော်နားမချမ်းသာမယ့်စကားကို မိန့်ကြာတော်မမူ လိုပါဘူး။ မယ်ဖျားအတွက် လောကဓံစက်လည်ခဲ့သလောက် ခံနိုင်ရည်ရှိခဲ့ပေတဲ့ သားတော်ကိုငဲ့လို့ တကယ့်ကို စိတ်မအေးနိုင်ခဲ့ဘူး။ သို့သော်... ယခုအခါမှာ သားတော်ရဲ့ ပညာပါရမီ ထူးချွန်မှုကြောင့် မျက်နှာပွင့်လန်း၊ ဂုဏ်ရည်လျှမ်းပြီး မင်းညီမင်းသားတို့ ထုံးတမ်းအလျောက် အဆောင်အယောင် အချီးအမြောက်နှင့် အရာရောက်ခဲ့တော့ မယ်တော်မှာ မုဒိတာစိတ်နှလုံးနဲ့ ပြုံးတော်မူရတဲ့ဘက်ကို ချိန်ခွင်လျှာ ထွက်ခဲ့ပြီ"
သားတော်။    ။"ခမည်းတော်ဘုရား၏ ကျေးဇူးသစ္စာကို ထောက်မျှော်တဲ့သားဖြစ်လို့ မယ်ဖျား စိတ်အေးအေးစံတော်မူပါ။ အရာရောက်၍ ဂုဏ်မောက်ပြီး ခြေထောက်မည့်သားတော် မဟုတ် ကြောင်းပါ"
မယ်တော်။    ။"နူးညံ့သိမ့်မွေ့တဲ့ သားတော်ရဲ့စိတ်ဓာတ်ကို မယ်ဖျားအကဲခတ်တော်မူမိ ပါတယ်။ သို့ရာတွင် ယခုလောလောဆယ် ကြားသိရတဲ့ကိစ္စကတော့ သားတော် ဆင်ဖြူမရှင်မမရဲ့ သမီးတော်စုလတ်နှင့် ဆက်သွယ် ရည်ငံတော်မူကြရုံမက တောင်ဥယျာဉ်တော်မှာ မကြာခဏ တွေ့ဆုံတော်မူကြတယ်ဆိုတဲ့ သတင်း ကြောင့် မေးစစ်တော် မူလိုရင်း ဖြစ်တယ်"
သားတော်။    ။"မယ်ဖျားကြားသိတော်မူတဲ့သတင်းအတိုင်း မှန်ပါသည်။ သည်ကိစ္စကို မယ်ဖျား ဘယ်လို သဘောတော်ရပါသလဲ၊ စုလတ်နှင့်တောင်ဥယျာဉ်တွင် တွေ့တော်မူကြတဲ့ကိစ္စမှာ အကျိုးအပြစ်ကို သားတော် မောင်သိရန် မယ်ဖျားကဝေဖန်မိန့်ကြားတော် မူပါဘုရား"
မယ်တော်။    ။"ဆင်ဖြူမရှင် မမတို့မှာ အထွတ်အထိပ်ရောက်အောင် ဘုန်းတန်ခိုး တောက်ပြောင် နေချိန်ဖြစ်လို့ အပြစ်ဆိုဖို့တော့မ၀ံ့ပါဘူး သားတော်ရယ်။ အမှီးကောင်း တစ်ချက်၊ အနေကောင်း တစ်သက် ဆိုတဲ့ စကားလည်းအရှိသားမို့  ဆင်ဖြူမရှင်မမတို့ကိုလည်း အားကိုးဖို့ တော့ကောင်းပါရဲ့။ သို့ပေမဲ့ တန်ခိုးသတ္တိကြီးမားတဲ့ သားတော်ကြီးတွေရဲ့ကြားမှာ မောင်ရင် နေတတ် ထိုင်တတ် အောင် အစွမ်းအစ မထွက် နေတော်မူဖို့ သတိထားရမှာပါပဲ။ မောင့်ကို သည်အခြေအထိ မြှောက်စား တော်မူထားတဲ့ ခမည်းတော် ဘုရားရဲ့ အလိုတော်ကျ နေတော်မူဖို့က လည်း သာလို့ပင် အရေးကြီး တယ်သားတော်"
သားတော်။    ။"မှန်လှပါတော့သည်။ ခမည်းတော်ဘုရား စိတ်တော်တိုင်းကျအောင် သားတော် တတ်သိ လိမ္မာသမျှ ကြိုးစားနေထိုင်တော်မူပါ့မယ်။ ဘယ်လိုကိစ္စမျိုးပင်ဖြစ်ဖြစ်၊ ခမည်းတော်ဘုရား မနှစ်သက်က တစ်ဆံချည် တစ်လက်မမျှ မကျူးလွန်မိစေရအောင် သားတော် ဂရုစိုက်၍ ရှောင်ကြဉ်ပါ့မယ် မယ်ဖျား"
မယ်တော်။    ။"သာဓု...သာဓု...သာဓု၊ သားလိမ္မာကိုမွေးရတဲ့ မယ်မယ်မှာအသက်ထက်ဆုံး စိတ်နှလုံး ချမ်းသာစွာ နေထိုင်တော်မူနိုင်ရန် မောင်ရင့်တာဝန်သာဖြစ်ပါတယ် မောင်ရင်ရယ်။ ဒါထက် စကားမစပ် မောင့်ခမည်းတော်ဘုရားလည်း လွန်ခဲ့တဲ့သုံးလေးရက်လောက်စပြီး အနည်းငယ် မအီမသာ ရှိနေလို့ အတွင်းတော်မှာ ညီလာခံသဘင်မရှိတဲ့အတွက် အတွင်းဝန်ကြီးများ အခစား မတက် ရသည်မှာ သုံးလေးရက် ကြာပြီဆိုပါကလား"
သားတော်။    ။"မှန်ပါသည်။ ဗြဲတိုက်တောင်မှ သံတော်ဆင့်များဆီက လွှတ်တော်ကြီးသို့ နှစ်ရက်၊ သုံးရက် ခန့်ရှိအောင် အမိန့်တော်မရောက်လာသဖြင့် ခမည်းတော်ဘုရား မအီမသာကျန်းမာ တော်မမူ ကြောင်း သိရပါသည်။ သို့ရာတွင် အပရိကအာဂန္တုဝေဒနာတော်ကလေးမျှသာ ဖြစ်တော်မူ သောကြောင့် စိုးရိမ်ဖွယ် မဟုတ်ကြောင်း သိရှိရပါသည် မယ်မယ်ဖျား"
မယ်တော်။    ။"အင်း... ဒီလိုဖြစ်လျှင် ကောင်းပါလေငဲ့၊ ကျေးဇူးရှင်ကြီး သက်တော်ရှည်မှ တိုင်းပြည် သာယာမယ် ရွှေမျက်နှာလွှဲတော်မူတာနှင့် တစ်ပြိုင်တည်း သားတော်ကြီးတွေ ထီးနန်းရလိုမှုကြောင့် ဗိုလ်လုပွဲ ခံကြတော့မှာ အမှန်ပဲ။ ဒီအချိန်မှာ တစ်နိုင်ငံလုံးဟာလည်း ဆန်ကောထဲမှာ လှိမ့်တဲ့ ဆီးဖြူဖန်းခါး ပမာ ကျွမ်းသန္တာ လန်ကုန်ကြရှာတော့မယ် မောင်ရင်"
ထိုအခိုက် တွင် လောင်းရှည်မိဖုရား၏ အပျိုတော်ခင်သက်သည် လျှောက်တင်ရန် ကိစ္စအရေး ကြီးသော အမူအရာနှင့် အိမ်တော်တံခါးဝ၎င်း၌ မကြာခဏရစ်သီရစ်သီပြုနေသည်ကို တွေ့တော်မူရသောကြောင့်...
"ဟဲ့... မယ်သက်၊ ဘာကိစ္စ တင်လျှောက်စရာရှိသလဲ၊ ၀င်ခဲ့လေကွယ်" လောင်းရှည် မိဖုရားက ခေါ်တော်မူသဖြင့် ခင်သက်အပါးသို့ ရောက်ခစားကာ...."ဘုရာ့ကျွန်မ ရွှေနန်းတော်ကြီး အနောက်ပိုင်းကို ယနေ့ ရောက်ခဲ့ရာတွင် ဘုန်းတော်ကြီးလှုသော ရွှေနန်းရှင်ဘုရား ယနေ့နံနက် ပွဲတော်တည်ပြီးမှ ဝေဒနာတော် ပြင်းထန်လာသဖြင့် သမားတော် ကြီးများနှင့် ဆင်ဖြူမရှင် အလယ်နန်းမတော်ဘုရား ကြပ်မတ် စောင့်် ရှောင်နေရကြောင်း ကြားသိရပါသည်ဘုရား"
လျှောက်တင်သောအခါ လောင်းရှည်မိဖုရားမှာ ရုတ်တရက် မျက်နှာညှိုးငယ်သွားကာ..." ကိုင်း... ခက်ချေပြီ မောင်ရင်၊ ယခုပင် သည်ကိစ္စကို ပူပင်လို့နေကြသေးသည်၊ ဘယ်လိုများ လုပ်ကြမည်လဲ။ မယ်ဖျားနှင့် မောင်ရင်တို့ မှန်နန်းဆောင်တော်ကြီးကို အခစားဝင်ကြမှ တော်မည်ထင်တယ်"
သောက မအေး ပူဆွေးစိုးရိမ်သော မျက်နှာဖြင့် သားတော်ကိုကြည့်၍ မိန့်တော်မူလိုက်ရာ သီပေါမင်းသား လည်း စဉ်းစားတော်မူနေပြီးမှ...
"မယ်ဖျား ထွက်တော်မူလိုက ဆင်ဖြူမရှင် အလယ်နန်းမတော်ဖုရားထံ အရင်သွားပြီးမှ ခမည်း တော်ဘုရား စံတော်မူရာကိုဝင်လျှင် အဆင်ပြေလိမ့်မည်လို့ သဘောရရှိပါတယ်။ သားတော်လည်း နောင်တော်ကြီး များ၏  အရိပ်အခြည်ကို အကဲခတ်ပြီးမှ ခမည်းတော်ထံ အခစားဝင်ရောက်ပါမယ် ဘုရား"
မယ်တော်။    ။"ကောင်းလှပြီ... သားတော်၊ ဒီကနေ့အချိန်မလှရင် နက်ဖြန်မှဝင်တော်မူမယ်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူစေရန် အဓိဌာန်ပုတီးများစိပ်၊ ပရိတ်မေတ္တာများ ပို့တော်မူရဦးမည်။ မောင်ရင်ပြန်လိုလျှင် ပြန်ပေရော့"
သားတော်။    ။"သားတော်လည်းအိမ်တော်ကို ရုတ်တရက်မပြန်သေးပါ။ နောင်တော်ကြီး များထံမှာ နန်းတော်ကြီများက သတင်းများ ဆွေးနွေးခံရန် သွားပါဦးမည် မယ်မယ်ဖုရား"
လောင်းရှည်မိဖုရားသည် သားတော် သီပေါမင်းသား ကန်တော့သည်ကို ဆုပေးလိုက်ပြီး ရှေ့ရေးနောက်ရေးတွေး၍ သောကမအေးဖွယ်ကိစ္စများနှင့် ဘုရင်မင်းတရားကြီးရောဂါ ဝေဒနာတော် သက်သာပျောက်ကင်း ကျန်းမာတော်မူစေခြင်းငှာ ပုတီးကိုနာနာစိပ်၍သာ နေတော်မူရှာလေ၏ ။
သီပေါမင်းသားသည် မယ်တော်လောင်းရှည်မိဖုရားအိမ်တော်မှ အပြန်တွင် နောင်တော် ကျပင်း ကိုယ်တော်ကြီး အိမ်တော်သို့ ၀င်ရန်ထွက်တော်မူခဲ့ရာ တံခါးနီးတော်၏ အပြင်လမ်းမ၌ ကတိုက် ကရိုက် ဖောင်းဝတ်ရောင်မြင်းကို ကြိမ်သွက်သွက်တို့ရင်း လိုက်လာသော မောင်မောင်တုတ်နှင့် တွေ့ဆုံမိလေ၏ ။
"အလို... မောင်တုတ်၊ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်၍ လိုက်လာသတုံး"
တုတ်။"သတင်းထူးသဖြင့် ညနေမစောင်းမီပင် ပြန်ခဲ့ကြောင်းပါ ကိုယ်တော်ဖျား၊ ဘယ်ဆီကို ကြွတော်မူ မည်လို့ပါလဲ ဘုရား"
မင်းသား။ "ငါလည်းနည်းနည်းပါးပါး အကြောင်းထူးများရှိမလားလို့ သိရအောင် နောင်တော် ကျပင်း ကိုယ်တော်ကြီး အိမ်တော်ကို ၀င်မလို့ ထွက်တော်မူခဲ့တယ်"
တုတ်။    "ကိုယ်တော်ဖျားသိတော်မူလိုတဲ့ သတင်းများကိုတစ်ပါးကျွန် စွန့်စွန့်စားစား ရွှေနားတော် အရောက် ဆက်ပါမည် ဘယ်ဆီကိုမှ ကြွတော်မမူပါနှင့်ဘုရား"
မင်းသား။ ။"သည်လိုဖြင့်... မောင်မင်းကြားသိခဲ့ရသည့် သတင်းကိုခုချက်ချင်းပင် လျှောက်စမ်း ပါဘိ"
မောင်မောင်တုတ်သည် အနီးရှိလက်သုံးတော်ကိုင်ထီးတော်မိုး လူပျိုတော်သား လေးငါးယောက် တို့အား မလှမ်းမကမ်းနေရာသို့ ခေတ္တဖယ်ရှားနေကြရန် မျက်ရိပ်ပြပြီး မင်းသားအနီးသို့ တိုးကပ် ကာ..
"ကိုယ်တော်ဖျား ရွှေနန်းရှင်ဖုရား မကျန်းမာတော်မူတဲ့ သတင်းကိုကြားသိတော်မူပြီး ဖြစ်ပါလိမ့် မယ်"
"ငါကြားတော်မူပြီးပြီပဲ၊ သို့ပေတဲ့ဝေဒနာတော် မသက်သာသေးလို့ သမားတော်ကြီးများနဲ့ ကုသခံ တော်မူနေရတယ်တဲ့"
တုတ်။ ။"ဒီကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးတဲ့သတင်းတစ်ခု ထပ်ပြီးကြားခဲ့ရပါတယ် ဘုရား။ ရွှေနန်းရှင်ဘုရား မကျန်းမာတော်မူတာကို နောင်ရေးအတွက်လည်း ဘုရားရှေ့တွင် ၀န်ကြီး၊ မှူးကြီးတွေနဲ့ မြို့စား၊ ရွာစား၊ အရာရှိများကို ခေါ်ယူစုဝေးပြီး သစ္စာတော်ပေးပါတယ်"
မင်းသား။ ။"အင်း...ဆိုစမ်းပါဦး။ ဘယ်လိုသစ္စာတော်ပေးသတဲ့လဲ"
တုတ်။ ။"သစ္စာတော်ပြန်တမ်းကို နာခံတော်နေမျိုးမင်းထင်စည်သူက ဖတ်ကြားလျှောက် (ငါ့ကိုယ်သာ အရှင်သခင်မှတ်ရမည်)ဆိုတဲ့ စကားအပြင် (ငါမှတစ်ပါး၊ ငါညွှန်ပြသူကိုသာ အရှင်မှတ်ရမယ်)ဆိုတဲ့ စကားတစ်လုံးတိုးလာပါသတဲ့ဘုရား"
မင်းသား။ ။"အဲဒါဟာထုးခြားတာပဲ မောင်ရယ်။ ဒီအတိုင်းဆိုတော့ ခမည်းတော်ရမယ်။ နောင်တော်ကြီးလေးငါးပါးရှိတဲ့အနက်က ဘယ်နောင်တော်လဲ မသိရသေးဘူး"
တုတ်။ ။"အဲသည်ဟာ ထူးခြားခြင်းတစ်ရပ်ပါပဲဘုရား။ အိမ်ရှေ့အရိုက်အရာရတဲ့တစ်ပါးက ကျေနပ်ပေတဲ့ကျန်တဲ့သားတော်ကြီး သုံးလေးပါးက ဓားရေးလှံရေးပြတော်မူရင် နိုင်ငံဆူပြီး သားဘုရား"
မင်းသား။ ။"တယ်ခက်တာပဲ။ သည်လိုကိစ္စကြီးမှာ ငါတို့ကဘယ်လိုနေရမလဲ၊ ကိုယ့်နောင်တော် ကြီးတွေရယ်လို့လည်း ရဲရဲမှမခေါ်ဝံ့၊ မပြောဝံ့ဖြစ်နေတယ်။ ဘယ်နောင်တော်က ဘယ်နေ့ အိမ်ရှေ့စံလို၊ ဘယ်နောင်တော်က ဘယ်နေ့ပုန်ကန်ကြမလဲ ဆိုတာကို ကြိုတင်ပြီး မသိနိုင်တော့ တကယ်လို့ အိမ်ရှေ့စံ ရမည့်သူနှင့် အပေါင်းအသင်း လုပ်မိရင်တော်လေရဲ့၊ ပုန်ကန်မယ့် သားတော်နဲ့ ပေါင်းမိရင်ကြံရာပါဆိုပြီး ရာဇ၀တ်မှုကြီးလာပတ်မှ ဒုက္ခနဲ့ရင်ဆိုင်တိုး နေရဦးမယ် မောင်မောင်တုတ်ရဲ့"
တုတ်။ ။"မုချအန္တရာယ်များမည့် ကိစ္စပါဘုရား၊ ဒီတော့ဘယ်နောင်တော်ဘုရားထံမှလည်း ကြွသွား တော်မမူပါနဲ့၊ ကြားတော်မူလိုတဲ့ သတင်းများကိုလည်း ဘုရားကျွန်တော်မျိုးက နှိုက်နှိုက် ချွတ်ချွတ် စုံစမ်းထောက်လှမ်းလို့ လျှောက်တင်ပါမယ်"
မင်းသား။ ။"ကောင်းပြီ...ကောင်းပြီ။ ဒါနှင့် မောင်မောင်တုတ်ရဲ့။ ယခုရွှေနန်းတော်တွင်းက အရေးကိစ္စများကိုလည်း စုထားတို့မယ်တော်ဆင်ဖြူမရှင်ဖုရားသာ အရေးပါအရာရောက်တော်မူ နေသူဖြစ်လို့ သူကလွဲပြီး ဘယ်နည်းနှင့်မှ ပိုသိနိုင်မည့်သူ မရှိဘူးထင်တယ်"
တုတ်။ ။"မိန့်တော်မူတဲ့အတိုင်း မှန်လှပါသည်။ ဆင်ဖြူမရှင်ဖုရား၏အဆောင်တော်မှာ ကျွန်တော် မျိုးနှင့် အဆက်အသွယ် မကင်းသူအပျိုတော်ကလေးနှစ်ဦး သုံးဦးးရှိနေတဲ့အတွက် သိလိုသော အချက်ကို ခက်ခဲမှု မရှိသိရှိရမည် ဖြစ်ကြောင်းပါဘုရား"
မင်းသား။ ။"ကိုင်း...ဒါဖြင့်စိတ်အေးတော်မူပြီ။ သည်ကပင် အိမ်တော်သို့လှည့်၍ ပြန်ကြစို့ မောင်မင်း"
မိန့်တော်မူကာ ပါလာရင်း အခြွေအရံများနှင့်အတူ အိမ်တော်ဘက်သို့ ခရီးဆက်ခဲ့လေ၏ ။
"မေဖုရား...ကြည့်ပါဦးဗျ။ ခင်ကြီးတို့အစ်ကိုယူလာတဲ့ ရွှေချူလုံးတွေ အရင်တစ်ခါပေးတဲ့ ရွှေဟင်္သာရုပ်ကလေးမျိုးတွေရော ရွှေခြင်္သေ့ကလေးတွေလည်း ပါသေးတယ်ဗျ"
ဝမ်းသာအားရပြောပြီး ဒိုင်းဝန်ကတော်ကြီးအနီးသို့ ရောက်လာသော ခင်ခင်ကြီးသည် ပိုးလွယ်အိတ်ငယ်အတွင်းမှ ပါသမျှမှောက်သွန်ပြရင်း အလွန်အမင်း အူမြူးကျေနပ်လျက် ရှိလေ၏ ။
"သမီးက များများကြီးမျှော်သလော် သမီးအစ်ကိုကလည်း သမီးနှစ်သက်တဲ့ အရုပ်တွေ အများကြီးယူလာခဲ့မဟုတ်လား။ ဒါနဲ့များအစ်ကိုက လိမ်သွားသလေး ဘာလေးနဲ့ မဲ့မဲ့ လုပ်နေရသေးတယ်။ မောင်မောင်ရေ... လာစမ်းပါဦးကွဲ့၊ မောင့်နှမပြောတာတွေ တိုင်ရဦး မယ်"
ဝန်ကတော်ကြီးက သမီးနှင့်သားကို တစ်ဆက်တည်းလှမ်း၍ ပြောလိုက်သည်တွင် ခင်ခင်ကြီး နောက်မှ ထပ်ကြပ် မကွာ ပါ၍လာသော မောင်မောင်ငယ်လည်း ၀န်ကတော်ကြီး အနီးတွင် ထိုင်လိုက်ကာ...
"အလို... ခင်အကြီးကဘယ်လိုများ ပြောနေပါလိမ့်မေဖုရား"
မေးသဖြင့် ၀န်ကတော်ကြီးက...
"မောင်မောင်က ချက်ချင်းပြန်လာမယ်ဆိုပြီး မလာဘူးလိမ်သွားတယ်တဲ့၊ အဲဒါ တမဲ့မဲ့နှင့်ပေါ့။ တစ်နေ့ကမှ သူ့ဘဘဘုရားက မောင်မောင်နဲ့တွေ့ခဲ့တယ်၊ သူ့မင်းသားဆီမှာ အလုပ်များလို့ မလာနိုင်သေးတဲ့အကြောင်း ပြောလိုက်တယ်ဆိုမှ နားအေးတော့သည် မောင်မောင်ရဲ့
 ငယ်။ '' ကဲ …. ဟုတ်ကဲ့လား ခင် ၊ ခင်က အစ်ကိုကို မကောင်းထင်နေတာကိုး ''
ကြီး ။ ''အစ်ကိုက မြန်မြန်ပြန်လာခဲ့မယ်ဆိုပြီး မလာတော့ ခင်ကြီးက သိပ်မျှော်နေရတာကိုး အစ်ကိုရဲ့''
ငယ်။ ''  ခင်အကြီးက အစ်ကိုကို မျှော်သည်ထက် အစ်ကို ယူလာမည့် အရုပ်တွေကို မျှော်သည် ထင်ပါရဲ့''
ကြီး။ '' ဟုတ်ပါဘူး အစ်ကိုကလည်း၊ ခင်ကြီး အစ်ကို့ကို ချစ်၍ မျှော်ပါသည်။ အရုပ်ကိုလည်း လိုချင် တာပါပဲ။ ဒါနှင့် အစ်ကို ဒီတစ်ခါ အရုပ်တွေ အများကြီးပါလာတယ်နော်။ အစ်ကိုက သိပ်လိမ္မာတာပဲ။ ခင်ကြီးက ဒါကြောင့်မို့ အစ်ကို့ကို ချစ်တာပေါ့''
ငယ်။ '' အမယ်လေး …. ခင်ကြီးရယ် ၊ အစ်ကို့ကို လိမ္မာတယ်လို့များ ချီးမွမ်းလိုက်သေး''
ကြီး။ '' နို့ …. အစ်ကိုက မလိမ္မာလို့လား''
ငယ် ။ '' မှန်ပါတယ်ဗျာ၊ လိမ္မာပါတယ်၊ လိမ္မာပါတယ်တဲ့''
''သမီးရဲ့ ကိုယ့်ထက်ကြီးသူကို ဒီလို မပြောရဘူးကွဲ့''
ဆိုရာ ခင်ခင်ကြီးက အယူခံတက်သော မျက်နှာဖြင့်….
'' အို …. မေဖျားကလည်း ခင်အကြီးက အစ်ကို့ကို ချီးမွမ်းတဲ့ဥစ္စာကိုပါ။ ဒီလို မပြောရရင် ဘယ်လိုပြောရပါမည်တုံး ဘုရား''
ငယ်။ '' ပြောပါစေ … မေဖုရားရယ်၊ ကိုင်း …. ကိုင်း… ဟုတ်ပါတယ်၊ အစ်ကို့ကို ချီးမွမ်းတာပဲ''
ကြီး။ '' ဒါနဲ့ အစ်ကို ဒီရွှေချူလုံးတွေ၊ အရုပ်တွေများများကြီး အစ်ကို ဘယ်ကရခဲ့ပါသလဲ''
ငယ်။ '' အစ်ကိုတို့သခင် သီပေါကိုယ်တော်မြတ်က သနားတော်မူလိုက်တာ''
ကြီး။ '' အို… အစ်ကို့ သီပေါကိုယ်တော်မြတ်ကလည်း သိပ်လိမ္မာတာပဲနော်။ ဒါတွေကို အစ်ကိုက မတောင်းဘဲနဲ့ ပေးလိုက်သည်လား အစ်ကိုရယ်''
ငယ်။ '' (ရယ်မောလျက်) '' ဟောဗျာ … သီပေါ ကိုယ်တော်မြတ်ပါ လိမ္မာရပြန်ပြီ။ မတောင်းဘဲနဲ့ ပေးလိုက်သည်တဲ့ဗျား''
ကြီး။ '' အဲဒါကြောင့် အစ်ကိုတို့ မင်းသားကလည်း လိမ္မာတယ်လို့ ခင်အကြီးက ပြောတာပေါ့။ ဒါနဲ့ နေပါဦး အစ်ကိုရယ်၊ အစ်ကိုတို့ သီပေါမင်းသားမှာ ဒီအရုပ်ကလေးမျိုးတွေ အများကြီးရှိလို့ အစ်ကို့ကို ပေးနိုင်တာ ပေါ့နော်''
ငယ်။ '' အများကြီးရှိလို့ သနားတော်မူလိုက်တာပေါ့ ခင်ရဲ့''
ကြီး။ '' အစ်ကိုတို့ မင်းသားက ဒီအရုပ်ကလေးတွေနဲ့ ကစားပါသလား''
ငယ်။ '' ဟာ… သီပေါကိုယ်တော်မြတ်က ကလေးမှမဟုတ်ဘဲ၊ ဘယ်မှာ ကစားမလဲ ခင်ရဲ့''
ကြီး။ '' ဟင်… မကစားဘဲနဲ့များဖြင့် ဒီအရုပ်တွေ သူ့ဆီမှာ ဘောက်မဲ့ထားရသည်တုန်း အစ်ကိုရယ်''
ငယ်။ ''သီပေါကိုယ်တော် ပထမပြန်တော်မူတုန်းက ရွှေနန်းရှင်ဘုရားကလည်း ဆုတော် သနားတယ်၊ ဆွေတော် မျိုးတော် အားလုံးကလည်း လက်ဆောင်တော်ပေးကြတယ်။ မြို့ထဲက သူဌေးကြီး သူကြွယ်ကြီး တွေကလည်း အောင်ဆုတွေ ဝိုင်း၍ ဆက်ကြသည် ခင်ရဲ့။ ဒါကြောင့် အများကြီး ရှိတာပေါ့ ''
ဝန်ကတော်ကြီးမှာ အမေးအစစ် ထူလှသော ခင်ခင်ကြီးကို ပြုံးပြုံးကြီး ကြည့်နေရာမှ…
''ကိုင်း.. မောင်မောင် ခင်အကြီးမေးသမျှ ဒီကနေ့ ဖြေဆိုလို့ ဆုံးနိုင်ပါ့မလား မသိ။ ဒါနှင့် ယခုတစ်ခေါက် မောင်မောင် လာခဲ့သည်မှာ အရင်တစ်ခါလို မြန်မြန်ပြန်စရာ ကိစ္စများပါလာသေး သည်လား"
ကြားဖြတ်၍ မေးလိုက်မှ ခင်ခင်ကြီး၏ မေးစစ်ချက် ရပ်နားသွားတော့သည်။
ငယ်။ "ဒီတစ်ကြိမ်မှာဖြင့် ကိစ္စပါ၍ မလာပါ။ အိမ်ပြန်၍ ခေတ္တနားလိုပါကြောင်း ခွင့်တောင်းတဲ့ အတွက် သီတင်းလေးငါးပါတ်လောက် နေခွင့်ရခဲ့ပါတယ် မေဖုရား"
ဝန်ကတော်။ "သည့်နှယ်ဖြင့် ဒီတစ်ခေါက် မောင်မောင် အေးအေးဆေးဆေး နေခွင့်ရပေတော့ မယ်။ မောင့် ဘဘဘုရားကလည်း သားကလေးရက်ကြကြာ နေရတယ်ဆိုရင် ၀မ်းသာရှာမှာပဲ"
ကြီး။ "အို…ဘဘဘုရား ၀မ်းသာတာထက် ခင်ကြီးက သာပြီးဝမ်းသာတာပေါ့ မေဖုရားရဲ့။ ဒီတစ်ခါ အစ်ကိုကြာကြာကြီးနေရရင် ခင်ကြီးသွားချင်တဲ့နေရာတွေကို အစ်ကို အားလုံးစုံအောင် လိုက်ပို့ ရမှာနော်…နော် အစ်ကို"
ငယ်။ "ပို့ပါမယ်ဗျာ၊ စိတ်သာချပါ။ ခင်အကြီး သွားချင်တဲ့နေရာတွေဟာ စီကာစဉ်ကာ ပြောထားပါ ဘိ"
ကြီး။ "ခင်ကြီးသွားလိုတဲ့ နေရာတွေကို အစ်ကို တကယ်လိုက်ပို့ရမယ်နော်။ ခင်ကြီးသွားချင်တာ လေ၊ ရန်ကင်းတောင်ကိုလည်း သွားချင်ပါတယ်။ မန္တလေးတောင်ဗျာဒိတ်ပေး ကိုယ်တော်ကြီးကို လည်း သွားဖူး လိုပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးကိုလည်း သွားဖူးချင်ပါတယ်။ ပြီးတော့ အစ်ကို မပြန်သေးဘူးဆိုရင် ရွှေကြက်ယက် ဘုရားနဲ့ စစ်ကိုင်းဘက်က ကောင်းမှုတော်ဘုရားကိုလည်း လိုက်ပို့ပါ။ မဟာနန္ဒာ ကန်တော်နဲ့ အောင်ပင်လယ်ကိုတော့ ရန်ကင်းတောင်ဘုရားကို သွားရင်းနဲ့ ၀င်ကြည့်နိုင်တာပ အစ်ကို ရယ်"
ဝန်ကတော်ကြီးပြုံးလျက် "ခင်ကြီး သွားချင်တာတွေက များပါဘိတယ်။ ဒီလိုဆိုရင် နွားနှစ်ရှဉ်း လောက် ထပ်ပြင် ထားမှ ဖြစ်လိမ့်မယ်"
ကြီး။ "ဟင်…မေဖုရားကလည်း၊ ခင်ကြီးသွားတာ မကြိုက်တော်မူလို့ ပြောတာပါလား"
ဝန်ကတော်။ "ကြိုက်ပါတယ်တော်၊ ငါ့သမီး ပျော်ပျော်ပါးပါး သွားချင်သလောက် သွားရအောင်လို့ နွား တစ်ရှည်း ထပ်ပြီး ပြင်ထားပေးမလို့ပါ"
ထိုသို့ ပြောဆိုနေကြစဉ် ဒိုင်းဝန်မင်းအပြင်မှ ပြန်ရောက်လာသောကြောင့်…
"ဟော…မောင့်ဘဘဘုရားပြန်လာပြီ"
ဝန်ကတော်ကြီးက ပြောလိုက်သဖြင့် မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့လည်း ဒိုင်းဝန်မင်းကို ထွက်၍ ကြိုဆို ကြလေ၏။ ဒိုင်းဝန်မင်းသည် မောင်မောင်ငယ်အား…
"အလို…မောင်မောင် ရောက်နေသကိုး"
နှုတ်ဆက်လျှင် ခင်ခင်ကြီးက အားရ၀မ်းသာ သွက်လက်စွာဖြင့်…
"ဘဘဘုရား…အစ်ကို ဒီတစ်ခါ၊ ကြာကြာနေရအောင် လာခဲ့ပါသည်တဲ့ ဘုရား၊ ခင်ကြီးကိုလည်း ဘုရားတွေ လည်ဖူးရအောင် ပို့မယ်တဲ့ဘုရား"
ပြောလျှင် ဒိုင်းဝန်မင်းကလည်း ခေါင်းကြီး တညိတ်ညိတ်နှင့် ပြုံးကာ…
"အင်း…အင်း၊ ကောင်းပါလေ…ကောင်းပါလေ့။ လာတဲ့အခါ အဲဒီလို ကြာကြာနေခွင့်ရလျှင် ပျော် ပျော်ပါးပါး လည်ကြ ပတ်ကြတာပေါ့"
ပြောရင်း ၀န်ကတော်ကြီး အိပ်ရာဆီသို့ သားအဖ သုံးဦးလုံးပင် ၀င်လာကြလေ၏။ ဒိုင်းဝန်မင်း သည် ၀န်ကတော်ကြီးအနီးတွင် ထိုင်မိသောအခါ ယနေ့ ဒိုင်းဝန်မင်း၏ ဖခင်ဖြစ်သူ ခမ်းပတ်မင်း ကြီးထံသို့ ရောက်ခဲ့ကြောင်း၊ ရွှေနန်းတော်ကြီးမှ ဘ၀ရှင်မင်းတရား မကျန်းမာတော်မူသော သတင်း၊ ၀ါခေါင်လဆန်း ၁၂ရက်နေ့က မှူးကြီးမယ်ရာ သေနာပတိများကို ရွှေနန်းတော်ဦးတွင် သစ္စာတော်ပေးခံရသည့် သတင်းများကို ခမ်းပတ်မင်းကြီးမှတစ်ဆင့် စကားကြားသိရသမျှ ပြန် လည်ပြောကြားသောကြောင့် မိသား တစ်စုလုံး စိတ်ဝင်စားစွာ နားထောင်နေကြလေသတည်း။
မှန်နန်းတော်အလယ် ဘမရာသနပလ္လင်တော် တည်ရှိရာ အဆောင်တော်သည် မင်းတုန်းမင်း တရားကြီးဘုရားစံတော်မူသော အဆောင်တော်ဖြစ်ရာ ကျန်းမာတော်မမူစဉ် အခိုက်ဖြစ်၍ ဆိတ် ငြိမ်လျက် ရှိလေ၏။ နန်းတော်သူ၊ နန်းတော်သား၊ မိဖုရား၊ မောင်းမမိဿံ အပေါင်းတို့မှာ ရောဂါ တော်၏ အရိပ်အခြည်ကို သိလိုကြသဖြင့် ဆေးတော်များဆက်သော သမားတော်ကြီးများကို ကိုး စားသော မျက်နှာဖြင့် ၀ိုင်းအုံနေကြလေ၏။
ဆောင်ရ၊ နန်းရ မိဖုရားများစွာတို့တွင်  ဆင်ဖြူမရှင် အလယ်နန်းမတော်ဖုရားသည် မိဖုရားခေါင် ကြီး၏ အခွင့်အရေးကို ရ၍ မင်းတရားကြီးမှလွဲလျှင် ရွှေနန်းတော်ကြီး တစ်ဝန်းလုံးက သြဇာတော် ညောင်းကြရသည်ဖြစ်ရာ ဘုရင်မင်းမြတ် မမာတော်မူရာ ကိစ္စတွင်လည်း သမားတော်ကြီးများ၊ အတွင်း ၀န်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးလျက် အခွင့်အရေးရှိသမျှ စေ့စေ့ငှငှ စိမံခန့်ခွဲနေရလေ သည်။ အတွင်း ၀န်ကြီးများနှင့် လွတ်တော်ဝန်ကြီးများမှာလည်း ဆွေးနွေးနှီးနှောဖွယ်ရာ ကိစ္စရှိလာ လျှင် ဆင်ဖြူမရှင် အလယ် နန်းမတော်မိဖုရားထံသို့သာ ဦးတည်ရောက်လာကြရတော့၏။
မှန်နန်းဆောင်တော်ကြီးနှင့် ဗောင်းတော်ဆောင်အကူး မှန်နန်းနေဆောင်တော်တွင် ဆင်ဖြူမရှင် အလယ်နန်းမိဖုရားသည် လွတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များနှင့် အရေးကြီးသောစကားများကို တီးတိုး တိုင်ပင်လျက်ရှိရာ ကိုယ်လုပ်တော် မောင်းမများနှင့် အပျိုတော်များမှာ အနီးအပါးသို့ အခေါ်တော် မရှိဘဲ မသိဝံ့အော် ခပ်လှမ်းလှမ်း၌ ကြောက်ရွံ့စွာ ကုပ်၍နေကြရှာလေ၏။
ဆင်ဖြူမရှငိမိဖုရား။ "ရွှေနန်းရှင်ဘုရားရဲ့ ဝေဒနာတော်ဟာ အပရိကနှင့် သက်သာတော်မူလာမယ် ထင်ခဲ့သလောက် အထင်နှင့် အမြင် မှန်းခြေဖြင့် မပေါက်ကြတော့ဘူး မင်းကြီးတို့ရဲ့"
ကင်းဝန်မင်းကြီး ဦးကောင်း။ "သက်တော်ကလည်း ရင့်၊ ဝေဒနာတော်ကလည်း ရင့်သဖြင့် မျှော် လင့်ချက် နည်းခဲ့ပေါ့ဘုရား"
ရွှေပြည်မင်းကြီး ဦးတိုးလှိုင်။ "၀ါခေါင်လက မမာတော်မူခဲ့သည်မှာ ယခုတော်သလင်းလပြည့်သို့ တိုင်ပါပြီ။ တစ်ဆေးမကောင်း တစ်ဆေးပြောင်းပြီး သမားတော်အပေါင်းမှာ ကြိုးကြိုးပမ်းပမ်း လက် စွမ်းကုန် ဆေးတော် များဆက်လျက်ပင်ဖြစ်၍ ကျွန်တော်မျိုးများ ကံကောင်းထောက်လျှင် ပျောက် ကင်း ကျန်းမာလာတော်မူစရာ ရှိပါသေးကြောင်း"
တိုင်တားမင်းကြီး ဦးဖိုး။ "လောကီဗေဒင် ကိန်းခန်းအရ ဇီဝိတာဒါန ယတြာဓာတ်ရိုက်စသော ဘုရားကု သမားကု များလည်း ကျွန်တော်မျိုးတို့နှင့်တကွ ဆောင်ရ နန်းရ မိဖုရားမောင်းမငယ် မကျန် ထက်သန်စွာ ကိုယ်တော် စား ပြုနေကြကြောင်းပါဘုရား"
မိဖုရား။ "မှန်ပါတယ်၊ ကျွန်မနှင့်တကွ သမီးတော်များမှာလည်း မနားမနေရအောင်ပင် ရွှေနန်းရှင် ဘုရား သက်တော်ရှည်စေကြောင်း ဆုမွန်တောင်းပြီး ကုသိုလ်တော်များ ရည်စူးပြုလုပ်လျက်ပါပဲ။ သို့သော်လည်း သင်္ခါရသဘောကို အမြဲစိတ်စောရမယ်၊ အနိစ္စသဘောတရားအတိုင်း ဖြစ်ကြပျက် ကြရမှာကို ပူဆွေးဒုက္ခရောက်ရုံနှင့် မပြီးသေးဘူး။ မင်းကြီးတို့ ကျွန်မတို့မှာ ပြည်ကြီးပခုံး၊ ပြည် ကြီးလက်ရုံးဆိုတဲ့ ပုဂ္ဂိုလ် အစားထဲမှာ ပါဝင်နေကြတာကိုလည်း သတိထားကြရမည့် ၀တ္တရား ရှိ သေးတယ်"
ကင်းဝန်မင်းကြီး။ "မှန်လှပါ၊ တိုင်းပြည် အေးချမ်းသာယာအောင် ထိန်းသိမ်းရမည့် တာဝန်ဝတ္တရား ကြီးဟာ ကျွန်တော်မျိုးများ ဦးခေါင်းပေါ်သို့ မကြာမတင် ကျရောက်တော့မည် ထင်ပါသည်"
မိဖုရား။ "ခမည်းတော် နတ်ရွာစံလျှင် သားတော်အိမ်ရှေ့စံက ထီးမွေနန်းမွေကို ဆက်ခံကြစမြဲ ထုံး တမ်းစဉ်လာ ရှိခဲ့တယ်။ ယခုတော့ ရွှေနန်းရှင်ဘုရားမှာ ညီတော်အိမ်ရှေ့မင်း မြင်းကွန်းစားလက် ချက်နှင့် ကံတော် ကုန်ပြီးကတည်းက ယနေ့တိုင်အောင် အိမ်ရှေ့အရိုက်အရာ ပေးအပ်ခန့်ထား ခြင်းမရှိသေး တဲ့အတွက် ကျွန်မတို့ အခက်အခဲကြီးတစ်ခုကို ရှေးဦးစွာ ရင်ဆိုင်ကြရလိမ့်မယ်"
ရွှေပြည်မင်းကြီး။ "သည်အတိုင်းသာ ဘ၀ရှင်ဘုရား နတ်ပြည်စံခဲ့ရင် မတင်မကျဖြစ်နေတဲ့ ထီးမွေ နန်းမွေကို သားတော်တွေက လက်ရုံးအားကိုးနဲ့ စစ်ထိုးပြီးလုမှဖြင့် တစ်နိုင်ငံလုံး စစ်တလင်းကြီး ဖြစ်ကုန်ပါတော့မယ်။ အိမ်ရှေ့အရိုက်အရာ နှင်းတော်မူဖို့ရာ အမိန့်တော်ခံရမှာကလည်း မမာ တော်မူနေတဲ့အခိုက်ဆိုတော့ မသင့်လျော်အောင် ဖြစ်နေပြန်တယ်"
ကင်းဝန်မင်းကြီး။   "မပြောမပြီး မတီးမမြည်ဆိုတဲ့ စကားအရ သံတော်ဦးတင်ရမှာကလည်း ခက်ပါ ဘိတော့တယ်။ ဘယ်သားတော်ကို ရည်ညွှန်းတော်မူတယ်ဆိုတာ သိရရင် မင်းကြီးတို့ ကျုပ်တို့ အလုပ် တာဝန် ရှိသမျှ ထမ်းရွက်နိုင်ပါတယ်"
မိဖုရား။ "မင်းကြီးတို့ ခုလို ခက်နေကြလို့ မပြီးသေးဘူး။ အရေးရှိသလောက် ရဲရဲတောက်တောက် ဆောင်ရွက်ဖို့ကိုသာ စဉ်းစားကြပါ။ ရွှေနန်းရှင်ဘုရား သည်အတိုင်းသာ မျက်နှာတော်လွဲသွားရင် မြန်မာနိုင်ငံတော်ကြီးတစ်ဝန်းလုံး မီးဟုန်းဟုန်းတောက်ပြီး ကျန်ရစ်လိမ့်မယ်။ ဒီမီးကို မလောင် အောင် ခေါင်ခေါင်နဲ့ မင်းကြီးတို့က ကြိုတင်တားဆီးကြမှ တိုင်းသူပြည်သားများကို ငဲ့ညှာရာ ရောက်ကြမယ်"
တိုင်တားမင်းကြီး။ "ဆင်ဖြူမရှင်ဖုရား အမိန့်တော်ရှိတဲ့အတိုင်း မီးကိုမလောင်ခင် ကြိုတင်တားဆီး ဖို့ ကိစ္စက အရေးကြီးသဗျ။ ဘ၀ရှင်ဘုရား သက်တော်ရှိစဉ်မှာ အိမ်ရှေ့အရိုက်အရာ ခံထိုက်တဲ့ မင်းသား တစ်ပါးကို အမြန်ဆုံး ရွေးပြီး အိမ်ရှေ့နှင်းကြမှာပဲ"
ကင်းဝန်။ "ဘ၀ရှင်ဘုရား မကျန်းမာတော်မူခိုက်မှာ ဘယ်သားတော်ကို ညွှန်ပြပါဘုရားဆိုတဲ့ စကားကို ဘယ်လိုများ သံတော်ဦးတင်ရက်ပါမည်တုံး မင်းကြီးရဲ့"
မိဖုရား။ "ဒီလိုရှိပါတယ် ကင်းဝန်မင်းကြီး ဦးကောင်းက ခုလောက် အချိန်နှောင်းနေမှတော့ ဝေဒနာ တော် ခံစားနေရတဲ့ ရွှေနန်းရှင်ဘုရားကိုလည်း အပူမရှာကြပါနှင့်။ ကျွန်မတို့ မင်းကြီးတို့က သင့် လျော်မည့် မင်းသားတစ်ပါးပါးကို ရွေးချယ်ပြီး အိမ်ရှေ့ဆောင်နှင်းလိုက်ကြပါစို့ရဲ့"
ရွှေပြည်။ "ဒီကိစ္စလည်း လွယ်မလိုလိုနှင့် မင်းသားတွေအုံကြွပြီး ခဏချင်း ပွက်ပွက်ဆူထကြမှာပဲ ဘုရာ့"
မိဖုရား။ "သူတို့ ရုတ်တရက်ထပြီး မဆူကြ မပွက်ကြအောင် ကျွန်မ အကြံရတာကိုလည်း နား ထောင်ဦး"
ကင်းဝန်။ "မိန့်တော်မူပါဘုရား"
မိဖုရား။ "ဗြုန်းခနဲထပြီး မပူမဆူကြဖို့က လွယ်ပါတယ်။ ခမည်းတော်ဘုရား အမိန့်တော်နှင့် သား တော်တွေကို ဝေဒနာပြုစုဖို့ ရောက်လာကြရန် ခေါ်စေရမယ်။ သူတို့တစ်တွေ ခမည်းတော် အဆောင်တော်တွင် စုရုံးမိတဲ့အချိန်မှာ အသာကလေးဝိုင်းဖမ်းပြီး ခေတ္တ အကျယ်ချုပ်ထားလိုက် ရင် လောင်မည့် ဆဲဆဲ မီးတောက်တွေကို စုပြီး ထိန်းသိမ်းထားလိုက် သလိုပါပဲ"
"အဲသည် နောက်မှ ရွှေနန်းရှင်ဘုရား နှစ်သက်တော်မူရာ သားတော်ဖြစ်စေ၊ ကျွန်မတို့ မင်းကြီးတို့ သဘောကျ စိတ်တိုင်းကျ ရွေးချယ်တဲ့ သားတော်တစ်ပါးပါးကိုဖြစ်စေ အိမ်ရှေ့အရာ အပ်နှင်းလိုက် တာပေါ့"
ကင်းဝန်။ "ဆန်စဉ်ရာ ကျည်ပွေ့မလိုက်ရဘဲ ဆူပူမည့်သူတွေကို တစ်စုတစ်ရုံးတည်း ဦးအောင် ခေတ္တခဏ အကျယ်ချုပ်ချထားတဲ့ နည်းကတော့ အခိုက်အတန့်အရ နိုင်ငံတော်၏ကိုယ်စားလွှတ် တော်ဝန်ကြီးများ၏ အာဏာကို အရေးပေါ် အသုံးချဖို့သင့်ပါသည်။ သို့ရာတွင် နောင်အေးချမ်းတဲ့ အခါ သူတို့ဘက်က ရန်လက်စမသိမ်းမှဖြင့် ငြိမ်းချမ်းရေး ရဦးမယ် မထင်ပါဘုရား"
မိဖုရား။ "သည်အခါတော့လည်း လျောက်လျားပေါ့ ဦးကောင်းရယ်၊ လောလောဆယ် ရင်ဆိုင်ရ မည့် အရေးကို ရှေးဦးစွာ ပြီးအောင်ဆောင်ရွက်ပါ။ နောင်ခါဖြစ်မည့်ကိစ္စကို နောင်အချိန်က အဆုံး အဖြတ် ရပါ လိမ့်မယ်"
တိုင်တား။ ဒီအကြံတော်အတိုင်း ကျုပ်တို့တစ်တွေက ဦးအောင်မလုပ်ကြရင် အရေးခက်မှာဗျ။ မင်းသားကြီးတွေကလည်း မျးလှပါဘိနဲ့။ ပထမရှေးဦးစွာ သူတို့တစ်တွေ ငြိမ်ငြိမ်ဆိတ်ဆိတ်ရှိနေ အောင် လုပ်ဖို့က အရေးကြီးတာပဲ"
ကင်းဝန်။ "ဆူပူသောင်းကျန်းမည့် အန္တရာယ်နှင့် ရန်စွယ်ရန်မီးကို ကြိုတင်တးဆီးမိစေရန်ကိစ္စက ပထမ အရေး ပင် ဖြစ်ပါပေသည်"
တိုင်တား။ "ဟုတ်တယ်၊ ဟုတ်တယ်၊ နောင်လည်း ဒီမင်းသားတွေအထဲက အသင့်တော်ဆုံး တစ်ပါးကို စိတ်တိုင်းကျ ရွေးပြီး ထီးမွေနန်းမွေဆက်ကို ခံယူစေရမှာပေါ့"
ရွှေပြည်။ "ဒီနည်းအတိုင်း ကျင့်သုံးကြမှ နိုင်ငံတော် အေးအေးချမ်းချမ်းနှင့် ထီးနန်းဆက်ခံမှုကိစ္စ ပြီးကြ တော့မလို ဖြစ်နေပြီ"
မိဖုရား။ ။"ကျွန်မပေးတဲ့ နိဿရည်းဟာ ခုလိုကျပ်တည်း ကျဉ်းမြောင်းနေသည့်အချိန် အတွင်းမှာဖြင့် အသုံး အပြုသင့်ဆုံးပါပဲ။ သည့်ထက်နားအေးမည့် နည်းလမ်းလည်း ရွေးချယ် စဉ်းစားနေရန် အချိန်မရနိုင်ဘူး။ ယခုအခါဟာ အပ်ဖျားပေါ်တွင် မုန်ညင်းစေ့တင်သလို ဖြစ်နေပြီ"
တိုင်းထား။ ။ "ဆင်ဖြူမရှင် မိန့်တော်မူတဲ့အတိုင်း ဘ၀ရှင်မင်းဘုရား ဝေဒနာတော် စွဲကပ်တဲ့ နေ့ရက်ပေါင်းလည်း များလာပြီ။ အချို့ မင်းသားကြီးတွေမှာလည်း အကြံအစည် များ ပြုလုပ်၍ပင် နေကြ လေပြီလား မသိနိုင်ဘူးဗျ"
မိဖုရား။ ။"မင်းကြီးတို့ ပြုသင့်သည့်ကိစ္စကို လက်မနှေးကြနှင့်။ ကျွန်မပေးတဲ့အတိုင်း ဆိုင်းဆိုင်းငံ့ငံ့ စဉ်းစားချင့်ချိန်နေလျှင် မင်းသားတွေ အများအပြားကို ခြုံမိအောင် ဖမ်းထား ဖို့ ခက်လိမ့်မယ်"
ထိုအချိန်အခါကား အရေးကြီးလှပေသည်။ မင်းရေးမင်းခွင့် ပရိယာယ်မှာလည်း အနည်း နည်း အဖုံဖုံ အရောင်အသွေးပြောင်းလျက် ရှိလေသည်။ လုပ်ရေးကြံရေး လွယ်ကူစေရန် နိုင်ငံတော်တစ်ဝန်းလုံးကို စီမံ ခန့်ခွဲနိုင်သည့် အာဏာပိုင်များဖြစ်ကြသော လွှတ်တော်ဝန် ကြီးများနှင့် ဌာနအသီးသီးဆိုင်ရာ အတွင်း ၀န်ကြီးများသည် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် ဆွေးနွေးတိုင်ပင်ကာ ထိုအရေးပေါ် အစီအစဉ် ဖြစ်သော အမိန့်တစ်ရက်ကို နံနက်မိုး သောက်သည်နှင့် တစ်ပြိုင်တည်းထုတ်ပြန်နိုင်ရန် လျှို့ဝှက်စွာ စီစဉ် ဆုံးဖြတ်လိုက်ကြပြီး လျှင် မင်းမှုထမ်းအသီးသီး တို့ကိုလည်း ဖိဖိစီးစီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ကြပ်တည်းစွာ အမိန့်ချလိုက်လေ၏။
ထို့ကြောင့် နောက်တစ်နေ့တွင် မင်းမှုထမ်းများစွာတို့သည် အစုအ၀န်းခွဲကာ ကွပ်စိပ်ရိုက် လျင် အိမ်တော်အသီးသီးတွင် စံနေကြသော ဘ၀ရှင်မင်းတရာကြီး၏ သားတော်များထံ မှောက်သို့တစ်ပြိုင်နက်တည်း ၀င်ရောက်အုပ်စီးမိကြလေ၏။
"အရှင့်ခမည်းတော်က ဝေဒနာတော် သက်သာလာပြီး၍ သားတော်များကိုယ်တိုင် အလှည့်ကျ ပြုစုသည်ကို ခံတော်မူလို၍ ရှေ့တော်သို့ဝင်ရန် အခေါ်တော် ရောက်ကြောင်း ပါ ဘုရား"
မင်းမှုထမ်းတို့၏ခေါင်းဆောင် သံတော်ဆင့်များက ရိုသေဦးညွှတ်လျှောက်ထားကာ ခေါ်ယူ လာသဖြင့် မင်းသားများမှာ ခမည်းတော်၏ အမိန့်တော်ကို နာခံ၍ လိုက်ပါလာခဲ့ကြလေ၏။
နံနက်နေ၀န်းတက်ချိန် သာသာကပင် သားတော်ကြီးများသည် တစ်ဦးပြီး တစ်ဦးတိတ် ဆိတ်ငြိမ်သက် လျက်ရှိသော မှန်နန်းဆောင်တော်ကြီးသို့ ဦးခိုက်ရောက်လာကြလေရာ အိပ်ဖန် တော်စောင့်များက
"ခမည်းတော်ဘုရား စက်ပျော်တော်မှုနေသဖြင့် သားတော်များ ဒီအဆောင်ကဖြတ်ပြီးအ ဆောင်တော်ကြီးထဲသို့ တစ်ပါးချင်း၊ တစ်ပါးချင်း အသာအယာ ၀င်တော်မူပါဘုရား"
တီးတိုး ဆုံကြို တင်လျှောက်သဖြင့်၎င်းတို့ ညွှန်ပြရာ အဆောင်တော်တွင်းသို့ ဖြည်းညင်းစွာ ၀င်တော် မူကြရလေ။
သားတော် မက္ခရာမင်းသားကြီး၊ သုံးဆယ်မင်းသားကြီးခေါ် သိန္နီမင်းသား၊ ငရနဲမင်းသား၊ မိုင်းရင်းမင်းသား၊ ပင်လယ်မင်းသား၊ ရနောင်မင်းသား၊ ရွှေဂူမင်းသား၊ တောင်ညိုမင်းသား၊ မိုးလှိုင်မင်းသား၊ ကသာမင်းသား၊ သီပေါမင်းသား၊ သာဂရမင်းသား၊ ၀န်းသိုမင်းသား၊ မိုင်းပျဉ်းမင်းသား၊ အိမ်ရှေ့မင်း၏သားတော် ထန်းတပင် မင်းသား၊ မလွန်မင်းသားတို့သည် မိမိတို့၏ အိမ်တော်ပါ ကျေးကျွန်ခြွေရံများကို ရွှေနန်းတော် အောက် မှာပင် ထားခဲ့ရသဖြင့် တစ်ကိုယ်တော်ချင်း မှန်နန်းဆောင်တော်ကြီးအထိ ရောက်ခဲ့ရခြင်းကြောင့် စိတ်လေး လေးနှင့်ပင် အိပ်ဖန်တော်စောင့်တို့ ညွှန်ပြရာ အဆောင်တော်အတွင်းသို့ ခမည်းတော်ဘုရားကို ဖူးမြော်ရန် ၀င်တော်မူခဲ့ကြရာ အဆောင်တော်အတွင်းသို့ရောက်လျှင် တစ်ဖက်သို့ထွက်ရန်သော် လည်းကောင်း၊ နောက်သို့ တုံ့ပြန်ရန်သော် လည်းကောင်း၊ လမ်းစမရှိ။ တံခါးရွက်များကို ခိုင်မာစွာ ပိတ်ဆို့လျက် ပြောင်လက်သော ဓားသွား,လှံသွားများ အဖွေးသားပေါ်လာသည်ကို တွေ့ရ သောကြောင့် အံ့သြ ထိတ်လန့် သွားရလေ၏။
မက္ခရာမင်းသားကြီးသည် တောက်တစ်ချက် ခေါက်လိုက်ကာ "အင်း......ငါတို့ညီအစ်ကို တစ်စု ရန်သူထောင်ချောက် ၀င်မိပါပကော။ ဒါ ဘယ်သူ့အကြံလဲ"
မေးသော်လည်း အဖြေမရရှာပေ။ ညီတော်သုံးဆယ်မင်းသားကြီးမှာလည်း "ခမည်းတော် အမိန့်ဆိုလို့ လိုက်ခဲ့ရတာ ငါတော့ အစကတည်းကတင်မင်္ကာလှဘူး"
ရေရွတ်လျက်ရှိရာ ကျန်သော ညီတော်များမှာလည်း ခမည်းတော်ကဖြင့် ဘယ်နည်းနှင့်မျှ ဤသို့ ရက်စက် တော်မူမည် မဟုတ်နိုင်ကြောင်း၊ မသမာသူတစ်ဦးဦး၏ အကြံသာလျှင် ဖြစ်မည် ထင်ကြောင်း၊ ညီနောင် အချင်းချင်း အံကြိတ်ကာ ပြောဆိုနေကြလေ၏။
ရွှေနန်းတော်ကြီးတစ်ခုလုံးသည် အတွင်းအပြင်အစောင့်အနေ လက်နက်စွဲစစ်မှုထမ်းများ အထပ်ထပ်ချထားလျက်ရှိသောကြောင့် အ၀င်အထွက် ရှေးကထက် ကျပ်တည်းသွားလေ၏။
မှန်နန်းစနုဆောင်တော်တွင် နိုင်ငံတော်အလုံးကို သိမ်းကျုံးစီမံပိုင်ခွင့်ရှိသော လွှတ်တော်ဝန် ကြီးများ၊ မင်းကြီး၊ အတွင်းဝန်၊ ၀န်ထောက်အလုံးကို သိမ်းကျုံးစီမံပိုင်ခွင့်ရှိသော လွှတ်တော်ရှိ၍ မှန်နန်တော် ဆောင်၏ တစ်ဖက်သောအဆောင်မှာ လက်နက်ကိုင်အစောင့်အနေများနှင့် လုံခြုံစွာ ပိတ်ဆို့ ဖမ်းဆီး ထားသော သားတော်များရှိနေပြီးလျှင် မှန်နန်းဆောင်တော်ကြီးသည် ဖိစီးသော ဝေဒနာတော်အတွက် ငြိမ်သက်စွာ စံတော်မူကာ အပါးတော်မှသမားတော်ကြီးများ အနှိပ်တော် များနှင့် ဆင်ဖြူမရှင် မိဖုရား ကြီးတို့က ယုယုယယပြုစုလျက် ဆေးတော်များ အချိန်ကျဆက်၍ နေရလေ၏။ အဆောင်တော်ကြီး အတွင်း သို့ကား ဆင်ဖြူမရှင် မိဖုရားကြီး အမိန့်တော်မရဘဲ မည်သူမျှ ၀င်ရောက်ခြင်း မပြုရအောင် အိပ်ဖန်တော် အမှုထမ်းများက ဓားထမ်း၍ စောင့်နေကြ ရလေ၏။
မိဖုရားများစံတော်မူရာ အနောက်ပိုင်းရှိ မိဖုရားများ သမီးတော်များ ဘ၀ရှင်မင်းတရားကြီး မကျန်းမာ တော်မူခြင်းအတွက် မျက်ရည်မစဲ ဖြစ်နေချိန်တွင် ရုတ်တရက် နန်းတော်တစ်ခုလုံး အစောင့်အရှေက်တွေ၊ လက်နက်ဓားလှံတွေ ဖုံးလွှမ်းထားသောအခါ ထိတ်ထတ်ပျာပျာနှင့် တစ်ဦးကိုတစ်ဦး မေးမြန်စုံစမ်းကာ မှန်နန်းဆောင် တော်ဘက်သို့ ရုတ်တရက် မကူးလာဝံ့သေးဘဲ ငြိမ်သက်စွာကုပ်၍ အကဲခတ် နေကြရ ရှာလေ၏။
မင်းတရားကြီး မမာတော်မူနေသည့် အချိန်ကစ၍ နိုင်ငံအုပ်ချုပ်မှုရေးရာနှင့် ရွှေနန်းတော် အတွင်းကိစ္စ မှန်သမျှမှာပင် လွှတ်တော်ကြီးမှာ တိုက်ရိုက်အုပ်ချုပ် လာခဲ့လေသည်။ အတွင်းတော်မှ ထုတ်ပြန်နေကြ အမိန့်တော်များကို ဆင်ဖြူမရှင်မိဖုရားနှင့် ၀န်ကြီးများ အတွင်းဝန်ကြီးများက ညှိနှိုင်း ထုတ်ပြန် ပေးရ သည်ဖြစ်ရာ ဆင်ဖြူမရှင်မိဖုရားမှာ မင်းတရာကြီး မမာတော်မူရာ မှန်နန်း ဆောင်တော်ကြီးတွင် လည်း ကောင်း၊ လွှတ်တော်ဝန်ကြီးတို့နှင့် စီမံခန့်ခွဲဆွေးနွေးရာ မှန်နန်း ဓနုဆောင်တွင်လည်းကောင်း မမာတော်မူသည့် သတင်းကိုမေးလိုဝင်လိုလှသော ဆောင်ရနန်းရ မိဖုရားတို့၏ တောင်းပန်တိုးလျှိး ပူဆာမှုကို ဖြေရှင်းလျက်ရှိခြင်းဖြင့် လည်းကောင်း တာဝန်ကြီး လေးစွာ တွေ့ကြုံရလျက်ရှိလေ၏။
ထို့နေ့ မှန်နန်းဓနုဆောင် အရေးပေါ်အစည်းအဝေးတွင် မင်းသားများဖမ်းဆီးရာတွင် အရေးကြီး သော ကိစ္စတစ်ရပ်ကို ကင်းဝန်မင်းကြီး၊ ခန်းပတ်မင်းကြီး၊ တိုင်တားမင်းကြီး၊ ရွှေပြည်မင်းကြီးစသော ၀န်ကြီးများနှင့် ဆင်ဖြူမရှင်မဖုရားတို့ အထပ်ထပ် ဆွေးနွေးကြရ ပြန်လေ၏။
ဆင်ဖြူမရှင်။ ။"သားတော်ညောင်ရမ်းမင်းနှင့် ညောင်အုပ်မင်းတို့ညီနောင်ဟာ စေလွှတ်တော်မူတဲ့ လူများနှင့်မလိုက်ပါဘဲ အင်္ဂလိပ်သံတဲကို ထွက်ပြေးကြသည်မှာ အမှုထမ်းများပေါ့လျော့မူကြောင့် လား"
ရွှေပြည်မင်းကြီး။ ။ "မင်းမှုထမ်းတို့ ပေါ့လျော့ခြင်း မဟုတ်ကြောင်း စစ်ဆေးပြီးပါပြီ အမိန့်တော်ကို နားထောင်ပြီး သူတို့ညီနောင်က အစောင့်အကြို စစ်မှုထမ်းများကို အပြင်ကခဏစောင့်ကြပါ။ ရွှေနန်းတော် လိုက်ပါရန် အတွင်းဆောင်ဝင်၍ ပုဆိုးများလဲပါဦးမည်ဆိုကာ စောင့်နေသော စစ်သားများမရိပ်မိမီ ညီနောင်နှစ်ပါး အိမ်တော်နောက်ဖေးပေါက်ကဆင်းပြီး အင်္ဂလိပ်သံအရာရှိ ၀င်းထဲသို့ ခိုဝင်သွားပါသည်တဲ့"
တိုင်းတာ။  ။"ဟာ.......ချက်ချင်းလိုက်ဖမ်းရင် မိမှာပေါ"
ခမ်းပတ်မင်းကြီး။ ။ "လိုက်ဖမ်းရုံတင်မက အင်္ဂလိပ်သံ အရာရှိကို မင်းသားနှစ်ပါးထုတ်ပေးရန် တောင်းဆိုကြပါသေးတယ်။ သံအရာရှိကသူတို့ကိုအားကိုး၍ ခိုးဝင်လာသူဖြစ်လို့ မပေးနိုင်ကြောင်း မင်းသား များသဘောအတိုင်း လိုက်လိုကလိုက်နိုင်ကြောင်း တင်းတင်းမာမာပင် ပြန်ကြားလိုက် ပါသည်"
တိုင်းတား။ ။"တောက်.......အရေးဆို ဒီလက်နက်နဲ့ချည်း အခြောက်ခံနေရတာပဲ။ ခေါ်တော်မူသည်ကို စိတ်ချလက်ချ လိုက်မလာဘဲ စစ်မှုထမ်းတွေကို တစ်ပတ်ရိုက်ပြီး နောက်ဖေးပေါက်က ဆင်းပြေးနိုင်သည်မှာ စဉ်းစားစရာပဲ။ "ကျုပ်တို့အထံမှ မနေ့ညက ကျုပ်တို့ လျှို့ဝှက်တဲ့ အကြံအစည်ကို တစ်ဦးတစ်ယောက်က သစ္စာဖောက်ပြီး ပေါက်ကြား အောင် လုပ်လို့သာ ညောင်ရမ်းညီနောင်က ကြိုတင်သိထားတဲ့အတွက် ခုလိုထွက်ပြေးနိုင် ခြင်းဖြစ်လိမ့်မယ်"
ရွှေပြည်။ ။" အသားထဲက လောက်ထွက်ဖို့ အချိန်မဟုတ်သေးပါဘူး"
ကင်းဝန်။ ။"ကျုပ်တို့လည်း တစ်ယောက်မှ ညကအိမ်မပြန်ကြရဘူး။ ရွှေနန်းတော်ပေါ်မှာပဲ မိုးလင်းသည်အထိ ရှိကြတယ်မဟုတ်လား။
မိဖုရား။     ။ ကိုင်း.....ကိုင်း လွန်ပြီးတဲ့အရေးကို ဆွေးနွေးလို့ အချိန်ကုန်ခံမနေနှင့် ဦးမင်းကြီးတို့။ ညောင်ရမ်း ညောင်အုပ် ညီနောင်ဟာ ကျွန်မတို့ အစီအမံကို ကြိုတင်ရိပ်မိလို့ ထွက်ပြေးနိုင်သည်မှာ အမှန်ပင်ဖြစ်တယ်။ တစ်စုံတစ်ဦးက လျှို့ဝှက်ပြီး သတင်းပို့၍သာ သိ ကြတာပဲ။ ဒီတော့ ကျုပ်တို့က ထီးနန်းဆက်ခံဖို့ မင်းသားတွေးတဲ့အခါ ဒီညီနောင်ကို မပါ အောင် ချန်လှပ်ထားရလိမ့်မယ်"
ကင်းဝန်။ ။"ထီးမွေနန်းမွေ ဆိုသည်မှာ သားတော်များအားလုံးနှင့် ဆိုင်နေပါ၍ ညောင်ရမ်း၊ ညောင်အုပ် သားတော်နှစ်ပါးကို ချန်ထားပြန်လျှင် နည်းလမ်းမမှန်သော ဆောင်ရွက်မှု တစ်ခု ဖြစ်သွားမည်ကို စဉ်းစားတော်မူရန် ရှိနေပြန်ပါတယ်"
တိုင်တား။ ။" အို.......ကျုပ်တို့က မျှမျှတတ သဘောထားလို့ မင်းသားမှန်ရင်  အကုန်ဖမ်း ၊ အကျယ်ချုပ် စခန်းပို့ပြီးမှ စိတ်ချလက်ချ ထီးနန်းဆက်သရန်ရွေးချယ်ကြဖို့ စေတနာ ကောင်းနှင့်စီမံတာကို သူတို့က အထင် လွဲလို့ လူမျိုးခြားအားကိုးသွားတဲ့ဟာ ဦးကောင်းက ဘာကန့်ကွက်စရာ လိုသလဲဗျ"
မိဖုရား။     ။"အရေးကြီးတဲ့အခါမှာ တစ်ယောက်တစ်ပြန် အကြံဥာဏ်ပေးရင်းက အငြင်းပွားဖို့ အစွန်းအစတွေ ပေါ်မလာအောင် ဆင်ခြင်ကြရမယ် ဦးဖိုးရဲ့။ ကိုင်း ......ကိုင်း မင်းကြီးပြောသလို ညောင်ရမ်း၊ ညောင်အုပ် ညီနောင်ကိုလည်း မပစ်ပယ်ပါဘူး။ ကျွန်မတို့ ရွေးချယ်ကြရမယ့် မင်းသား များစာရင်းမှာ ထည့်သွင်းလိုက်ကြတာပ။ ဒါထက်အရေးကြီးဆုံး ကိစ္စတစ်ရပ်က ယနေ့ဖမ်းထားတဲ့ မင်းသား များကို ဒီအဆောင်တော်မှာ ကြာရှည် ထား၍မဖြစ်ဘူး။ သည့်ထက် လုံခြုံရာ ကြေးတိုက်တော်ကို ညတွင်းချင်း အစောင့်အရှောက် လုံလောက်စွာနှင့်ပို့ထားမှ စိတ်ချရလိမ့်မယ်"
ခန်းပတ်။ ။" မှန်ပါသည်။ ကိစ္စမပြီးခင်စိတ်ချရတဲ့ ကြေးတိုက်တော်မှာထားရန် အထူးသင့်လျော် ပါသည်"
ကင်းဝန်။ ။" မင်းသားများ ရွှေ့ပြောင်းရန် ကိစ္စကို ယနေ့ညအပြီး ဆောင်ရွက်စေပါမယ်"
ရွှေပြည်။ ။" အတွင်းတော်မှာရှိတဲ့ လက်နက်ကိုင် အစောင့်အနေများကိုလည်း တိုးတက်ချ ထားမှလုံခြုံပါမယ်။ လျှို့ဝှက်သောအမှုကိစ္စများ ဆောင်ရွက်ရာတွင် ပေါက်ကြား မှုမရှိစေရန် မင်းကြီးတို့ ၊ ကျုပ်တို့ သြဇာညောင်းတဲ့ ကိုယ့်သွေးသားများကိုလည်း အထူး ခေါ်ယူပြီး စေစားကြမှ လုံခြုံစိတ်ချရမယ်"
တိုင်တား။ ။" ဖမ်းဆီးထားတဲ့ သားတော်များသာမက စိတ်မချရတဲ့ အဆက်အနွယ်များ ကိုလည်း သတိထားပြီး စောင့်ကြည့်ကြဖို့ အထောက်တော်များထားသင့်တယ်။ တော် တော်ကြာ ရန်သူအားပေး ဖြစ်နေကြရင် အရေးထဲ အရာပေါ်လာဦးမယ်ဗျ"
မိဖုရား။     ။"ကဲ.....ကဲ ဒီကိစ္စတွေကို ရွှေပြည်မင်းကြီး၊ ခန်းပတ်မင်းကြီးနှင့် ကင်းဝန်မင်းကြီး တို့တာဝန်ယူကြပါ။ ဆောင်ရွက်စရာတွေကို အမိန့်ထုတ်ပြန်ကြရန် တိုက်ဆောင်သို့ကြွကြ ပြေတော့။ ဟိုကကိစ္စပြီးငြိမ်းမှ ကျွန်မနှင့်ထပ်၍ဆွေးနွေးပြီး အိမ်ရှေ့နှင်းတမ်း အမိန့်တော်ကြီးကို စီစဉ်ရေးသားရမည်။ တိုင်တားမင်းကြီး ဦးဖိုးကကျွန်မနှင့်အတူ  ရွှေနန်းရှင်ဘုရားတစ်ပါးကို ခစားရန်လိုက်ခဲ့ပါ။ ဝေဒနာတော် သက်သာခိုက်ဖြစ်လျှင် အမိန့်တော်ခံသင့်လျှင်လည်း နှစ်သက်ရာ သားတော်တစ်ပါးပါးကို ညွှန်တော်မူပါလို့ ထုတ်ဖော်လျှောက်တင်ရမှာပဲ"
စကားလက်စသတ်ကာ ခေတ္တ လူစုခွဲလိုက်ကြပြန်သည်တွင် ကင်းဝန်မင်းကြီး ၊ ခန်းပတ် မင်းကြီးနှင့် ရွှေပြည်ဝန်မင်းကြီးတို့မှာ မင်းသားများ ပြောင်းရွှေ့ရန်ကိစ္စ၊ အိပ်ဖန် တော် စောင့်နှင့် လက်နက်ကိုင် လက်သုံးတော်အမှုထမ်းများ ထပ်မံဖြည့်တင်းရန် အတွင်းကျ သည့် လူယုံတော်သွေးသားများကို အမိန့် ချထား ခေါ်ယူကာ စီမံခန့်ခွဲလျက် ရှိ ကြလေ၏။
ထိုအချိန်တွင် မောင်မောင်တုတ်သည် နောက်ထပ် ဖြည့်တင်းထားသော လူယုံတော်အမှု ထမ်းများတွင် တစ်ယောက်အပါအ၀င် ဖြစ်လာလေ၏။ မောင်မောင်တုတ်မှာ ဒိုင်းဝန်မင်း၏ ဖခင်ဖြစ်သူ ခန်းပတ်မင်းကြီး ဦးရွှေမောင်နှင့် မျက်နှာတမ်းမှန်းခဲ့ဖူးသူ ဖြစ်သည့်အပြင်
တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီး၊ ရွှေပြည်မင်းကြီးတို့ကလည်း မှူးသားမတ်မြေးဖြစ်၍
သိကျွမ်းထားပြီး ဖြစ်သည်တစ်ကြောင်း၊ မောင်မောင်တုတ်ကိုယ်တိုင်ကလည်း နန်းတော် အတွင်းသို့ ဥပါယ်တမျဉ်ဖြင့် ရောက်အောင်ဝင်ကာ သီပေါမင်းသားအတွက် တစေ့တ စောင်းမှ သတင်းများကို ချောင်းမြောင်း စုံစမ်းနေစဉ် အတွင်းဝန်မင်းကြီးများနှင့် အဆင်သင့် တွေ့ရှိခြင်းဖြစ်လေ၏။
မောင်မောင်တုတ်သည် ချက်ဆိုလျှင် နားခွက်က မီးတောက်သလောက် ပါးနပ်ချက်ချာသူ ဖြစ်၍ အမှုတော်ထမ်းရင်း မျက်စိနှင့် နားကို အားခွင့်မပေးဘဲ အကခတ် သတင်းနားစွင့် လျက်ရှိရာ မှန်းနန်းစနုဆောင်တွင် ဆင်ဖြူမရှင်မိဖုရားနှင့် လွှတ်တော်ဝန်ကြီးများလည်း နောက် တစ်ကြိမ် စုဝေးဆွေးနွေးချိန်တွင်လည်း အရေးတကြီး နားစွင့်လျက် ရှိလေ၏။
အိမ်ရှေ့အရာ ဆောင်နှင်းရန် ရွေးချယ်ရမည့်ကိစ္စ ဖြစ်သောကြောင့် ဆင်ဖြူမရှင် မိဖုရား ကြီးအနီးတွင် ကင်းဝန်မင်းကြီး ၊ ရွှေပြည်မင်းကြီး၊ ခန်းပတ်မင်းကြီး၊ တိုင်တားမင်းကြီး ၊ လောင်းရှည် မင်းကြီး၊ တောင်ခွင်မင်းကြီး၊ရွှေတိုက်အတွင်းဝန်၊မြို့သစ်အတွင်းဝန်၊ ကျောက်မြောင်း အတွင်းဝန်၊ လှေသင်း အတွင်း ၀န် များ စုံညီစွာ ရှိကြလေ၏။
မိဖုရား။     ။" ရွှေနန်းရှင်ဖုရား အင်မတန် မောတော်မူနေတယ်။ ဘယ်အမိန့်တော်မျိုးမှ နှုတ်တော်က မိန့်ဟ တော်မူနိုင်မယ် မဟုတ်ဘူး။ ဒီတော့ အိမ်ရှေ့ပေးဖို့ လူရွေးရမည့် ကိစ္စကို ကျွန်မနဲ့မင်းကြီးတို့ တိုင်ပင် ရွေးချယ်ကြရတော့မယ်"
တိုင်တား။ ။" ဟုတ်တယ်မင်းကြီးတို့၊ အချိန်ကလည်းမရှိဘူး၊ ကိစ္စမြန်မြန်ပြီးအောင် အရေးတကြီး ဆွေးနွေးကြပါစို့"
မိဖုရား။     ။ "ရှိသမျှ မင်းသားတွေထဲမှာ ဘယ်မင်းသား အိမ်ရှေ့နှင်းဖို့ အသင့်တော်ဆုံး ထင်သလဲ၊ မင်းကြီးတို့ စိတ်ထဲမှာ ထင်မြင်သမျှ ဖွင့်ဟလျှောက်တင်ကြပေတော့"
ကင်းဝန်။ " အကယ်၍ မင်းသားတစ်ပါးပါးကို ရွေးချယ်ပြီးတဲ့အခါ မည်သူ၏အမိန့်နှင့် အိမ်ရှေ့နှင်းလျှင် သင့်မည်ထင်ပါသလဲ မင်းကြီးတို့"
ရွှေပြည်။ ။"ဘုန်းတော်ကြီးလှသောဘုရား ရှိပါသေးလျက်နှင့် ကျုပ်တို့လွှတ်တော် ၀န်ကြီးများက အိမ်ရှေ့မင်း မြှောက်တင်နိုင်ခွင့် ရှိပါသလား"
မိဖုရား။     ။"အိမ်ရှေ့ လွှဲအပ်ရမည့် မင်းသားကိုသာ အသင့်တော်ဆုံး ကြိုက်သလို ရွေးကြ ပါဦးလေ။ လွှတ်တော်က အိမ်ရှေ့မမြှောက်ရပါဘူး။ ရွှေနန်းရှင်ဘုရား အမိန့်တော်နှင့်ပဲ အိမ်ရှေ့အရိုက်အရာ လွှဲကြတာပေါ့"
ခန်းပတ်။ ။"အရေးပေါ်လျှင် သင့်တော်သလို စီမံကြရတော့မှာပေါ့ ၀န်မင်းတို့။ ကိုင်း... ကို်င်း ရွေးကြစမ်းပါလေ"
ကင်းဝန်။ ။"ရွေးလျှင် သားတော်ကြီးထဲက ရွေးထိုက်တာပဲ။ သားတော်ကြီးများဆိုရင် လည်း မက္ခရာမင်းသားကြီး ၊ သုံးဆယ်မင်းသားကြီးနှင့် ညောင်ရမ်းမင်းသား..........."
ရွှေပြည်။ ။"သားတော်ကြီးလေးငါးပါး ရှိနေပြန်တော့ ဘယ်လိုကြံမလဲ။ ကံဆိုးကံကောင်း မဲချပြီးရွေးရင် မကောင်ဘူလား"
တိုင်တား။ ။"ဒီမင်းသားကြီးတွေဟာ အစွမ်းသတ္တိလည်း ရှိပါတယ်၊ စိတ်တော်တွေကလည်း ထက်မြက် ပါတယ်။ အရည်အချင်းစုံပါတယ်။ သို့သော်လည်းကျုပ်တို့ ၀န်ကြီးတွေအ ပေါ်မှာ  ဘ၀ရှင်ဘုရားလို တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး ပြုတော်မမူဘဲ ငါတကောကောကြမှာ တော့အမှန်ပဲ"
တောင်ခွင်မင်းကြီး။ ။" သက်ဝါနုငယ်တဲ့ မင်းသာတွေထဲမှာလဲ နိုင်ငံတော်ကြီးကို အုပ်စီး စိုးမိုးနိုင်တဲ့ အရည်အချင်းထူးချွန်သူ မတွေ့နိုင်ဘူး။ တွေ့သည့်တိုင်အောင်လည်း နောင်တော်တွေကသာ အခွင့် အရေး ရနိုင်ပါဘဲ"
ခန်းပတ်။ ။"ကြီးစဉ်ငယ်လိုက်သာ စဉ်းစားကြပါ။ နောင်တော်ကြီးတွေကို ပစ်ပယ်ပြီးထားလို့ ဖြစ်နိုင်ပါ့မလား ၀န်မင်းတို့ရဲ့"
ကင်းဝန်။ ။"အိမ်ရှေ့ကိစ္စဟာ သံသရာကြီးဝဲလယ်သလို တလယ်လယ်ဖြစ်နေတဲ့အတွက် ဘ၀ရှင်မင်းတရားကြီးပင် အဆုံးအဖြတ် ခက်တော်မူခဲ့တဲ့ ကိစ္စကြီးတစ်ရပ်ကို ကျုပ်တို့တွေက တစ်နေ့တည်းနှင့် ဆုံးဖြတ်လို့ မဖြစ်နိုင်ကြဘူးပေါ့။ သို့သော် အရေးတော်ပုံကြီးက နီးကပ်နေပြီ။ တာရှည် ဆွေးနွေးပြီး အငြင်းပွားနေလို့မဖြစ်ကြဘူး။ တုံးတိုက်တိုက် ကမ်းတိုက်တိုက် မျက်စိမှိတ်ပြီး သားတော် တစ်ယောက်ယောက်ကို ရွေးကောက်ကြပါ"
တိုင်တား။ ။"ကိုင်း........ ကိုင်း ခင်ဗျားတို့ ကျုပ်တို့ ရုတ်တစ်ရတ်မဝေခွဲနိုင် မဆုံးဖြတ် နိုင်ရင်လည်း ဆင်ဖြူမရှင်ဖုရား၏ အလိုတော်ကို လျှောက်တင်ကြည့်ကြ စမ်းပါဦးတော့ လား"
ကင်းဝန်။ ။" ဟုတ်ပေတယ်၊ အလယ်နန်းမတော် ဆင်ဖြူမရှင်ဖုရား အလိုတော် သင့်ရာကိုလည်း ညွှန်ပြတော်မူပါမှ ကျွန်တော်မျိုးတို့ ညှိနှိုင်းစဉ်းစားရန် လွယ်ကူကြပါလိမ့် မယ်"
မိဖုရား။ ။"ကျွန်မစိတ်တိုင်းကျ သားတော်တစ်ပါးကိုတော့ မြင်၍ထားပေသည်။ သို့ရာတွင် မင်းကြီးတို့ရဲ့ အထင် အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြရာတွင် ကောင်းလိမ့်မယ်"
ကင်းဝန်။ ။"မိန့်တော်မူပြီးတဲ့နောက်ပိုင်းမှာ ဝေဖန်နိုင်ကြပါလိမ့်မယ်ဘုရား"
မိဖုရား။ ။"ကျွန်မစိတ်ကြိုက်ပြောရရင်တော့ စိတ်သဘောလည်းနူညံ့တယ်၊ ကျွန်မတို့ မင်းကြီးတို့ နဲ့လည်းတိုင်တိုင်ပင်ပင် စိတ်သဘောတူဖြစ်နိုင်မည့် သီပေါမင်းသားကလေးကို သဘောကျ တော်မူတာပဲ"
"ရွှေပြည်မင်းကြီး နှင့်တကွ ၀န်ကြီးများမှာ ရုတ်တရက်အံ့အားသင့်သွားကြလေ၏ မလှမ်းမကမ်းမှ မောင်မောင်တုတ်သည်လည်း ရုတ်တရက်  မျက်လုံးရောင်လင်းထိန်သွားလေ သည်။"
ကင်းဝန်။ ။"သီပေါမင်းသားကလေးမှာ စိတ်သဘောနူးညံ့သိမ်မွေ့ပါပေတယ်။ စာပေကျမ်းဂန် လည်း တတ်ကျွမ်း ပါပေတယ်။ သို့ရာတွင် သက်တော်က နှစ်ဆယ်ငယ်ရွယ်လှပါကလား"
ရွှေပြည်။ ။"နောင်တော်ကြီးများကိုကျော်လွှားပြီး ထီးနန်းရိုက်ရာ  လွှဲလိုက်ရင်အရွယ်တော်က ငယ်သေးလို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးက ရိုသေလေးစားခြင်းမရှိမှာလည်း စိုးရိမ်စရာပဲဘုရာ့"
ကင်းဝန်။ ။"ယခုနေအခါမှာ အင်္ဂလိပ်က ကျုပ်တို့ကို အရိပ်ကြည့်နေတာ ၀န်မင်းတို့ရဲ့။ ဘ၀ရှင် မင်းတရားကြီးဘုရား ရွှေလက်ထက်တော်မှာ အနိုင်မကျင့်သာလို့ ညှာတာနေသ လောက် နောက် တစ်ဆက် ရွှေနန်းတက်ရင် နိုင်ငံကိုအတင်းလုဝင်တော့မှာပဲ။ ဒီတော့ ဘုန်းလက်ရုံး တန်ခိုးသတ္တရှိတဲ့ မက္ခရာ မင်းသား၊ သုံးဆယ်မင်းသား၊ ညောင်ရမ်းမင်းသားတို့လို သတ္တဗလ အားကိုးလောက်တဲ့ မင်းသားကြီးမျိုးကို ရွေးချယ်ကြမှသင့်ပါလိမ့်မယ်"
မိဖုရား။ ။"ဒါကတော့ ပူစရာမဟုတ်ပါဘူး ဦးကောင်းရယ်။ တကယ်ဆိုတော့ စစ်တိုက်တဲ့ နေရာမှာ ရှင်ဘုရင် ကိုယ်တိုင် ၀င်တိုက်ရတာမဟုတ်လို့ အသက်ကြီးတာငယ်တာ၊ သတ္တဗလရှိတာမရှိတာ အရေးမကြီးပါဘူး။ လက်နက်အင်အား, လူအင်အားကောင်းတာနှင့် စီမံကွပ်ကဲသူတွေသာ အချုပ် အခြာဖြစ်တာကလား။ ဒီတော့ သီပေါမင်းသားကို နန်းလျာထားပြီး နိုင်ငံတော်အုပ်ချုပ်မှုကို ကျွမ်းကျင်ပြီးသားဖြစ်တဲ့ မင်းကြီးတို့က သင့်တော် သလို စခန်းသွားကြတာပေါ့"
ကင်းဝန်။ ။"အမိန့်ရှိတော်မူသလို သီပေါမင်းသားကို နန်းလျာထားပြီး လွှတ်တော်ကြီးက ကြိုးကိုင်သွားလျှင် ကျန်တဲ့ သားတော်တွေကလည်း ဘယ်နည်းနဲ့မှ ကျေနပ်မှုရှိကြမှာ မဟုတ်သေး ဘူးထင်ပါတယ်"
မိဖုရား။ ။"ဒီကိစ္စလည်း လွယ်ကူပါတယ်။ မကျေနပ်ချင်တဲ့ မင်းသားတွေဟာ ကျွန်မတို့ လက်ထဲမှာ ရောက်နေသည်မဟုတ်လား။ စိတ်ချလောက်တဲ့အချိန်ကြာမှ သူတို့ကိုအကျယ်ချုပ်က လွှတ်လိုက် ရုံပေါ့"
ကင်းဝန်။ ။"သားတော်တွေချင်း တူပါလျက်သားနဲ့ တရားမဲ့ပြုကျင့်သလိုနေမှာပဲ"
ကင်းဝန်မင်းကြီးစကားမဆုံးခင် တိုင်းတားမင်းကြီးက မျက်နှာထားတင်းမာစွာနှင့်....
"ကဲ...ကဲအချိန်မရှိဘူး။ စကားမဆုံးအောင်ရှည်နေကြသည်မှာ  အချိန်မီ ကိစ္စပြီးပြတ် မှုမရှိအောင် လုပ်နေ တာ နှင့် တူနေပြီ။ ဒီတော့သီပေါမင်းသားကို သဘောမတူတဲ့လူ ဦးခေါင်းထားခဲ့။ ကိုယ်ချည်း ပြန်ကြ"
ထ၍ကြိမ်း လိုက်လေသည်။ တိုင်တားမင်းကြီးနောက်နားတွင်လည်း ဓားလှံလက်နက်နှင့် ကိုယ်ရံ တော်များ နီးကပ်စွာရှိလေရာ နည်းလမ်းရှိသလောက် ဆွေးနွေးခြင်းအမှု ပြုလုပ်နေသော ကင်းဝန်မင်းကြီး၊ ရွှေပြည်မင်းကြီး စသောဝန်ကြီးများမှာ မတတ်သာတော့ ဘဲ....
"ဒီလိုဖြင့် ကိစ္စပြီးအောင် ဆင်ဖြူမရှင်ဖုရား သင့်လျော်သလိုသာ စီစဉ်တော်မူပါတော့"
အလျော့ပေးကာ လိုက်လျောကြရရှာတော့၏ ။
အခန်း (၃၀) ဆက်ရန်
No comments: