ကျောင်းမေမေ မျက်ရည်သီသီဝေခဲ့တယ်
ဆောင်းဝင်းလတ်
မနေ့က မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့လယ် ပန်းဆိုးတန်း ခုံးကျော် တံတားကြီးအောက်ရှိ မောင်တင်ထွန်း အောင်၏ လမ်းဘေး စာအုပ်ဆိုင်လေးမှာ ခဏ ၀င်ထိုင်ကာ စကားစမြည် ပြောနေဆဲတွင် ကိုဦးဆွေ ရောက် လာသည်။ သူက ယခုဂျာနယ်တစ်စောင် လုပ်ရန် စိုင်းပြင်း နေကြောင်း ပြောပြီး၊
“မနက်ဖြန်ကျရင် ဆရာဆောင်းတို့ ယုဇနဥယျာဉ် မြို့တော်ကို ကျွန်တော်လာစရာ အကြောင်းရှိတယ်။ ကာတွန်း ကိုဝင်းအောင်နဲ့ ကာတွန်းစောမင်းဝေတို့ဆီလာရင်း ဆရာဆောင်းဆီ လည်း ၀င်ခဲ့မယ်။ အစ်မ ကိုလည်း ကျွန်တော် လာလည်မယ်လို့ ပြောထားနော်” ဟုကြိုတင် အသိပေးသဖြင့် ယနေ့မနက် မှာတော့ ကိုဦးဆွေ လာလျှင် သူ့ကို မနက်စာ ထမင်းကျွေးလိုက်ချင် သောကြောင့် ဟင်းကောင်းကောင်း နှစ်ခွက် ချက်ထား လိုက်သည်။ သူက ဟင်းကောင်းကောင်းစား တတ်ကြောင်း ကျွန်တော် သိထား၏။ မနက် ဆယ်နာရီ လောက်မှာ သူရောက်လာသည်။
“စောမင်းဝေတို့ဆီသွားပြီးရင် ဒီမှာထမင်းလာစားနော်။ ၀က်ကလီစာဟင်းနဲ့ ပုစွန်ဆီပြန် ချက်ထား တယ်”ဟု သူ့ကို ကျွန်တော် ပြောရင်း၊ စီးကရက်တစ်လိပ် လှမ်းပေးလိုက်သည်။ ကျွန်တော့ ဇနီးက...
“ဆောင်းတွင်း ရောက်တော့... မနက်စောစော လမ်းထလျှောက်ရင်တော့ ကိုဦးဆွေကို သတိရ နေမှာပဲ” ဟု ၀င်ပြောသည်။ ဟိုတုန်းက ကျွန်တော်တို့နှင့် မလှမ်းမကမ်း တိုက်ခန်းတစ်ခန်းမှာ ကာလ အတန်ကြာ သူနေသွားခဲ့သည် ဆောင်းတွင်းမနက် လမ်းလျှောက် ထွက်လျှင်သူ့ကိုဝင်ခေါ်ပြီး ပဲခူးမြစ်ကို သန်လျင် တံတားသစ် ပေါ်မှ ဖြတ်ကျော်ကာ၊ ကုလားဝဲ ကျေးရွာလေးရှိ မုန့်ဟင်းခါးဆိုင်တွင် ဆာဆာနှင့် ၀င်စား နေကြ ခုတော့ သူကသူ့ဖခင် သတင်းစာဆရာ စာရေးဆရာ ဦးမြတ်ဆွေနှင့်အတူ တောင်ဥက္ကလာပ ၁၂ရပ်ကွက် က အိမ်သို့ သွားနေတာကြာလေပြီ။ လမ်းလျှောက်ဖော်တစ်ယောက် လျော့သွားခြင်းပင်။ သူက လူငယ်လည်းဖြစ် စိတ်ကူးယဉ် သမားလည်း ဖြစ်သည်။ တစ်မနက် လမ်းလျှောက် ထွက်ကြတော့.... ပဲခူးမြစ်ကြီးကို ငေးကြည့်ပြီး....
“တစ်ခါတစ်ခါ ကျွန်တော့စိတ်ထဲမှာ ရောက်ချင်ရာ ရောက်တော့ကွာဆိုပြီး ဟောဒီပဲခူး မြစ်ကြီးအတိုင်း လှေတစ်စင်း နဲ့ ရွက်လွှင့် ဆန်တက်သွားချင်တယ် ဆရာဆောင်းရယ်”ဟုပြောဖူး၏ ပဲခူးမြစ်ကြီးက၊ ယုဇနဥယျာဉ်မြို့တော်နှင့် သန်လျင်မြို့ကို တစ်ဖက်စီ ပိုင်းခြားထားကာ တံတားနှစ်စင်းနှင့် ဆက်သွယ် ထားသည်။ တံတားသစ်ကား၊ လူသွားလူလာနည်းပါးနေဆဲပင်။
မူလ သန်လျင် တံတားသစ်ကြီးမှပင် ကားရော မီးရထားပါ ဖြတ်သန်းနေ၏။ ပဲခူးမြစ်တွင်းမှာတော့ ငါးလှေလေးများနျင့် သဲသမ္ဗာန်များ လောက်သာ အသွားအလာ ရှိတော့သည်။ ရေကြောင်း ကျဉ်းမြောင်း လာပြီး ရေလယ်တွင် သောင်ကြီး တွေလည်းထွန်းနေ၏။ တံတားကြီးတွေမရှိတုန်း ကတော့ သန်လျင်နှင့် ရန်ကုန် ကူးတို့ သင်္ဘောရှိရာ၊ သင်္ဘော ဆိုတာ မမြင်ရသလောက်ပင်။ ကျွန်တော်ငယ်ရွယ်စဉ် သင်္ဘော စက်ပြင်သမား ဘ၀ ၁၉၆၈ ခုနှစ်လောက် ကတော့ မှတ်မှတ်ရရပဲခူး မြစ်ကို မထင်မှတ်ပဲ ဆန်တက်ခွင့် ကြုံခဲ့ရဖူး၏။
ထိုစဉ်က ကျွန်တော် တာဝန်ကျသော ပင်လယ်ပြင်သွား အယ်လ်စီဂျီ အမျိုးအစား “အင်းယား” သင်္ဘောမှာ ရန်ကုန် ပုဇွန် တောင်ချောင်းထဲ တွင် ပင်လယ်ပြင်မထွက်ရချိန် တချို့၌ ဘွိုင်ချည်ရပ်နားထားရ၏။ တခြားသင်္ဘော များလည်း ခရီးစဉ်မရှိလျှင် ရှေ့ဘွိုင်၊ နောက်ဘွိုင် များမှာ ကြိုးချည်ထားတတ်သလို ကျွန်တော်တို့သင်္ဘော နံဘေး မှာလည်း လာပြီး ပူးကပ် ချည်နှောင် ထားတတ်သည်။ ထိုတစ်နေ့က မြစ်တွင်းသွား ၃၀၂အမည်ရှိ သင်္ဘောလည်း ကျွန်တော်တို့ နံဘေးတွင် လာကပ်ထားချိန်ဖြစ်၏။ တနင်္ဂနွေရုံးပိတ်ရက်မို့ တာဝန်ကျဂျူတီ သမားများ နှင့် အာဝါဒါးခေါ် သင်္ဘောအိပ် သင်္ဘောစားသမား တချို့ မှလွဲ၍ သင်္ဘောများတွင် အားလပ်ခွင့် ရသူတွေက မရှိကြတော့ဘဲ ကုန်းပေါ် တက်ကာ လည်ပတ် သူက လည်ပတ် အိမ်ရှိသူတွေက အိမ်ပြန်သွား ကြပေပြီ။ ထိုစဉ် မှာပင် ၃၀၂ သင်္ဘောသို့၊ ရေယာဉ် များက ကွပ်ကဲမှု့ ဌာနမှ လူကြီး တစ်ဦး ရောက်လာပြီး...
“အထက်အညွှန်ကြားလိုက်လို့။ မင်းတို့သင်္ဘောအခုချင်ချင်းထွက်ရမယ်။ ပဲခူးမြစ် ရေကြောင်း အခြေအနေက လေ့လာရေးအတွက် မြစ်အဆုံးအထိ ငါတို့သွားကြည့်ရမယ်။ ပြီးရင် အစီရင်ခံစာ ရေးတင် ရမယ်။ ပြီးရင် အစီရင်ခံစာ ရေးတင်ရမယ်။ ကဲ...ကဲ.... ရှိတဲ့လူတွေနဲ့ပဲ သင်္ဘောထွက်နိုင်အောင် လုပ်ကြ ပေတော့.... လူလိုရငု ဟိုဘက်သင်္ဘောက ခဏခေါ်ခဲ့ကွာ။ ငါတာဝန်ယူတယ်” ဟုပြောပါတော့သည် ၃၀၂ သင်္ဘော စက်ဝန်းတွင် လူအင်အား တစ်ယောက်လိုနေရာ၊ ကျွန်တော့ကို ယာယီခေါ်သွားပါတော့သည်။ ကျွန်တော် သိသလောက် ပုစွန်တောင်ချောင်းသို့တည်းမဟုတ် ငမိုးရိပ်ချောင်း၏ လမ်းဆုံးမှာ ဒါးပိန်မြို့ ကလေး အနီးဟု သိရပြီး၊ ခရီး တစ်ဝက်လောက် အထိတော့ ရေယာဉ်ငယ်တစ်စီး နှင့် သွားဖူး ပါသည်။ ပဲခူးမြစ် ကိုတော့ သန်လျင်ဆိပ်ကမ်းအထိ လောက်သာ ရောက်ဖူး ပါသည်။
ယခုလို လမ်းဆုံး အထိသွား ရမည် ဆိုတော့ ဗဟုသုတတစ်ခု တိုးပွားမည်မို့ စိတ်ပါ လက်ပါပင် ၃၀၂ သင်္ဘောမှ မိတ်ဆွေများ နှင့် အတူ လုပ်စရာ ရှိတာဝင်လုပ်ပေးလိုက်၊ ဟိုငေးသည်ငေး လိုက်နှင့် တရွေ့တရွေ့ တဖြည်းဖြည်း ပါသွားခဲ့ပါသည်။ မြင်ကွင်းရှုခင်းအသစ်ပေါ့။ ဟိုတုန်းက ပဲခူးမြစ် တစ်ကျော်မှာ ဘာတံတားမှ မရှိသေး။ ၃၀၂ သင်္ဘောမှာ ရေစူးနည်းသော သင်္ဘော အမျိုးအစားဖြစ်၍ ရေတိမ်တိမ်မှာ ခပ်ဖြည်းဖြည်း ခုတ်မောင်း၍ ရပါသည်။ သောင်မငြိ သောင်မတင်အောင်လည်း ရေယာဉ်မှူးများက သတိထား ရသေး၏။ ကျွန်တော်တို့လို လူပိုလူလျှံတချို့ပါလာသဖြင့် ၃၀၂သင်္ဘောက ဈေးဝယ်သမား ကိုစိန်မြင့်က ဟင်းလောက်လောက်ငှငှ ချက်ပြုတ်ကျွေးနိုင်ရန် လမ်းမှာတွေ့သော ငါးပိုက်ချသည့် လှေငယ် တချို့မှ ငါးပုတ်သင်ငါးများကို ရသလောက်ဝယ်ကာ ငါးကြော်နှင့် ပဲကုလားဟင်း စီစဉ်ပါ တော့သည်။
တစ်ခါမှ မသွားဖူးသော ခရီးမို့ စိတ်အာရုံ အပြောင်းအလဲဖြစ်ကာ ထမင်းစားလို့လည်း မြိန်ပါသည် စက်ခန်းဂျူတီဝင်ပေးဖို့လိုသည့်အခါ အလှည့်ကျဝင်ပေးရသေးသည်။ ရန်ကုန်မှ ပဲခူးသို့ ကားနှင့် သွားသွား ရထားနှင့် သွားသွား ခဏလေးရယ်...။ ခုတော့ မြစ်ကြောင်းအတိုင်း မြန်မြန်လည်း မမောင်းရဘဲ စမ်းတ၀ါးဝါး သတိထားခုတ်မောင်းနေရရာ တော့်တော့်ကို ခရီးတာရှည်လွန်းလှပါသည်။ ရေကလည်း တိမ်ပြီး သောင်တွေ ကလည်း ပတ်လည်ဝိုင်းနေတော့ ရေကြောင်းကောင်းရာ လမ်းကြောင်း ရှာပြီး ဖြည်းဖြည်း လေး မောင်းနေရ သည်။ ညနေစောင်းခါနီးမှပင်... ပဲခူးမြို့ကြီးကို ဘွားခနဲ လှမ်းမြင်လိုက် ကြရပါသည်။ အဝေးမှ ကြည်ညို ဖူးမြော် လိုက်ကြရပါသည်။
“ငါတို့ဒီမှာ တစ်ညအိပ်မယ်။ မနက်ကျမှ ပြန်ထွက်မယ်”ဟု အထက်လူကြီးကပြောသဖြင့် လည်ပတ် ခွင့်တော့ ရှာကြပေဦးမည်။ သင်္ဘောကြီးတစ်စီး လုံးဝမျှော်လင့်မထားဘဲ ထူးထူးခြားခြား ၀င်လာတော့ ပဲခူးမြို့မှ လူအုပ်ကြီးက အိမ်မက်များမက်နေသလား.... ဟုတ်မှ ဟုတ်ရဲ့လား.... ဆိုသည့် အကြည့်များဖြင့် အုန်းအုန်း ကျွတ်ကျွတ် ကမ်းနားသို့ ဆင်းလာကြပါတော့၏။ ကျောင်းဆရာ ဟုဆိုသူတစ်ဦးလည်း ဆင်းလာကာ.... သင်္ဘောမှ သက်ဆိုင်ရာ လူကြီးပိုင်းအား ၀င်နှုတ်ဆက်ရင်း...
“နေဗွီသင်္ဘောကြီး ဒီမြို့ကို လာတာဒါပထမဆုံးပဲဗျာ။ ဆရာတို့မနက်ဖြန် ရန်ကုန်ကို ပြန်မထွက်ခင်။ ကျောင်းသူကျောင်းသား ဆရာဆရာမတွေကို လေ့လာရေး ခေါ်လာခွင့်ရမလား ဆရာ... ခွင့်ပြုမယ်ဆိုရင် ပညာရေးမှူး ဆီအကြောင်းကြားပြီး၊ ဆရာ ဆရာမကြီးတွေနဲ့ စီစဉ်လိုက်ချင်လို့ပါ ဆရာ”ဟု ပြောရှာ ပါသည်။ သင်္ဘောမှ လူကြီးပိုင်းကလည်း သင်္ဘောပေါ်သို့ အဖွဲ့လိုက် လာရောက်လေ့လာ ကြည့်ရှုခြင်းကို မိတ်ဆက် သဘောမျိုးနှင့် ခွင့်ပြုကြိုဆိုပါကြောင်း ပြောလိုက်တော့ ကျောင်းဆရာလည်း ၀မ်းသာအားရပင် စက်ဘီးနှင့် လှစ်ခနဲ ထွက်သွားပါတော့ သည်။
မနက်ဖြန်မှာ လေ့လာရေး အဖွဲတွေ လာမည်မို့ သင်္ဘောကို စုပေါင်းပြီး သင်္ဘောကို စုပေါင်းပြီး ကြိုတင် သန့်ရှင်းရေး လုပ်ကြ ရပြန်သည်။ ပင်ပင်ပန်းပန်းနှင့်ပင် ပဲခူးမြစ်ရေ ကို ဆင်းချိုးကြသည်။ ၀ါးဖောင်လေး တွေပေါ်တက်ကာ ဆပ်ပြာ တိုက်ကြ အ၀တ်လျှော် ကြသည်။ တစ်မျိုးမူတဲ့ ပဲခူးသူလေး တချို့ သူကလည်း ၃၀၂ သင်္ဘောကြီးကို ကွက်ကြည့် ကွက်ကြည့်။
ညနေစောင်းကျတော့ ၃၀၂ သင်္ဘောမှ အားလပ်ခွင့်ရ သူငယ်ချင်း ဆရာသမား တချို့နှင့် အတူ မြို့ပေါ်တက်ခဲ့ကာ တရုတ် စားသောက်ဆိုင် တစ်ဆိုင်မှာ အမှတ်တရ ၀ိုင်းဖွဲ့ လိုက်ကြပါသည်။ နည်းနည်း လေး အရှိန် ရလာကြတော့ စကားဝိုင်းလေး ကလည်း ပိုမို စိုပြည်လာသည်။
“ဆောင်းကြီးက စာတိုပေစလေးတွေရေးကာ ၀ါသနာပါတဲ့ကောင်ဆိုတော့ အခုခရီးစဉ် အကြောင်း မဂ္ဂဇင်း တစ်စောင်စောင်မှာ ရေလိုက်ဦးလေကွာ”
“ခရီးထွက်နေရတော့ မင်းမှာ စာရေးစရာအကြောင်းအရာလည်း ပိုများလာမှာပေါ့... ဟုတ်လား”ဟုလည်း သူငယ်ချင်းတစ်ယောက်ကမေးသည်။
“ပဲခူးမြို့နဲ့ပတ်သက်ပြီး မင်းမှာ စာရေးဖို့ ဇာတ်လမ်းလေး ဘာလေးရှိလားကွဟု”ဟုလည်း အစ်ကိုကြီးတစ်ယောက်က မေးရှာသည်။
“ကျောင်းသားဘ၀က ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်တော့ ရှိသားဗျ” ကျွန်တော်က... တရုတ်ဆိုင်မှ ဟင်းလျာ တွေထဲက... ဘဲပေါင်း ဆိုင်ဟင်းချိုတစ်ဇွန်း ခပ်မြည်းရင်းက ပြောလိုက် သည်။
“ပြောပြစမ်းပါဦးကွာ... စာမရေးခင်ဇာတ်လမ်းလေးကြိုပြီး နားထောင်ချင်လို့ပါ”ဟု တောင်းဆို ရှာသူကလည်း ရှိပြန်၏။
“ဒီလိုဗျ.... ကျွန်တော်အလယ်တန်း ကျောင်းသားအရွယ်ပေါ့ဗျာ.... ရန်ကုန်မြို့မှာ ယောက်ျားလေး တွေချည်း သီးသန့်စာသင်ပေးတဲ့ စိန်ဂျွန်းကျောင်းက ဘော်ဒါဆောင်မှာ ကျွန်တော် နေခဲ့ရသေးတယ်။ ဟိုတုန်းက မစ်ရှင်စကူးလ်တွေဆိုတော့ ကျောင်းအုပက်ဆရာကြီးက အင်္ဂလိပ် လူမျိုးဗျာ... မိဖများက နယ်အဝေး မှာ လုပ်ငန်းအရသွားနေကြရတော့ နေကြရတော့ မိဝေးဖဝေး ဖြစ်နေတဲ့ ကျွန်တော်တို့ဟာ၊ ကျောင်းရဲ့ ဘော်ဒါဆောင်မှာ ကျွန်တော်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အင်္ဂလိပ် အမျိုးသမီး ဆရာမကြီး မေထရွန်ကိုပဲ အမေလိုသဘောထား ခင်တွယ်နေကြရတာပေါ့... သူကလည်း သူ့သားလေး တွေလိုပဲကျွန်တော်တို့ကို သံယောဇဉ် တွယ်နေရှာတယ်။
ကျောင်းအားရက် အပြင် ထွက်ရင် လည်း သူ့ကိုအသိပေးပြီးမှ ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာ ပြောပြီး သွားကြ လာကြ ရတယ်။ တစ်ရက်မှာတော့ ဘော်ဒါဆောင်မှာ ကျွန်တော်နဲ့ တစ်ခန်းတည်း အတူနေတဲ့ သူငယ်ချင်း နှစ်ယောက်က ခြေရှည်ပါလေရောဗျာ.... ကျောင်းက ထွက်လာတုန်းကတော့ ကျောင်းနဲကသိပ်ပြီး မဝေးလှတဲ့ ရန်ကုန်အနောက်ပိုင်းက.... ကာဌေးရုံမှာ ရုပ်ရှင်ကြည့်ရအောင်ဆိုပြီး မေထရွန့် (Matron)ကို အသိ ပေးရင်း သူငယ်ချင်း သုံးယောက်သားထွက်လာခဲ့ကြတာပဲဗျ... စဥ့်အိုးတန်း လမ်း ထိပ်လည်း ရောက်ရော....
“ပဲခူး... ပဲခူး... လူပြည့်ရင်ထွက်မယ်... တစ်ယောက် ငါးကျပ်... တစ်ယောက်ငါးကျပ်”နဲ့ ဘတ်(စ)ကား ကြီးတစ်စီးရဲ့ စပယ်ရာကအော်ပြီး လူခေါ်တာနဲ့သွားတိုးတယ်။ ဟိုနှစ်ကောင်စကားစ လာတယ်။ ပဲခူး သွားလည်ကြရအောင်ကွာ....တဲ့။ ကလေးဘ၀ဆိုတော့ စိတ်မြန် လက်မြန်ပေါ့လေ ဗျာ။
“ပဲခူး... ပဲခူး... လူပြည့်ရင်ထွက်မယ်... တစ်ယောက် ငါးကျပ်... တစ်ယောက်ငါးကျပ်”နဲ့ ဘတ်(စ)ကား ကြီးတစ်စီးရဲ့ စပယ်ရာကအော်ပြီး လူခေါ်တာနဲ့သွားတိုးတယ်။ ဟိုနှစ်ကောင်စကားစ လာတယ်။ ပဲခူး သွားလည်ကြရအောင်ကွာ....တဲ့။ ကလေးဘ၀ဆိုတော့ စိတ်မြန် လက်မြန်ပေါ့လေ ဗျာ။
ဒါနဲ့ကျွန်တော်တို့ လည်းပါသွားကြတာပဲ... လမ်းမှာကာဘီးပေါက်လို့လဲတာရယ်.... ကာဘရိုက်တာ ဘာဖြစ်လို့ ဆိုလဲ... ၀ပ်ရှော့တစ်ခုထဲ ခဏ၀င်ပြီး ပြင်တာဆင်တာရယ်နဲ့ နေတော်တော်စောင်းတဲ့အပြင်၊ မိုးချုပ်စ ပြုတော့မှာ ဟော့ဒီပဲခူးတံတားကြီးနားမှာ ဘတ်(စ)ကားက ဂိတ်ထိုးတော့တယ်ဗျာ...။ ဟိုတုန်းက ပဲခူးနဲ့ ရွှေမော်ဓောဘုရားကြီးပေါ် ယောင်လည်လည်ရောက် သွားကြတာပဲ.... ဘုရားတန်ဆောင်း တစ်ခုခု မှာ အိပ်ဖို့ စဉ်းစားကြသေးတယ်ဗျ။
ဒါပေမဲ့ အခြေအနေမဲ့ အိမ်ပြေးကလေးတွေထင်ပြီး ဘုရားဂေါပက လူကြီးတွေက ဟိုမေးဒီမေးမေးနေနဲ့ ပြန်ဆင်းလာခဲ့ကြတယ်။ ကံအားလျော်စွာပဲ ရဲတပ်ဖွဲ့က ဂျစ်ကား တစ်စီးမောင်းလာတာတွေ့လို့ ကျွန်တော့ သူငယ်ချင်း လှမြင့်က လှမ်းကြည့်လိုက်တာ သူ့ဦးလေး ဖြစ်နေတယ်။ သူ့ဦးလေးက ဝေါမြို့ ရဲစခန်းက ရဲအုပ်တဲ့ဗျ... ပဲခူးကို အစည်းအဝေးလာပြီး ဝေါကိုပြန်ဖို့ ကားနဲ့ပြန်အထွက်လမ်းမှာ ကျွန်တော် တို့ နဲ့တွေ့တာ.... သူ့ဦးလေးကို အကျိုး အကြောင်း ပြောတော့.... ညမှောင်နေပြီတဲ့.... မင်းအဒေါ် နဲ့ လည်း တွေ့ရအောင် ဒီညတော့ဝေါကို လိုက်ပြီး ဝေါမှာပဲ ညအိပ် လိုက်ကြတော့ကွာ တဲ့။ မနက်ကျမှ... ဝေါရဲစခန်း က ရဲတပ်သား တစ်ယောက်ကို ရန်ကုန်အထိ ပြန်လိုက်ပို့ ခိုင်းလိုက် မယ်။ ရထား အဆင်ပြေ လိမ့်မယ်။
ရထားနဲ့ပြန်ကြကွာလို့ ပြောတာနဲ့ ကျွန်တော်တို့ လည်းပါသွား ကြရောဗျို့။ ဟိုရောက်တော့ ထမင်း ဆာဆာနဲ့ စားပြီးအိပ်လိုက်ကြတာ တုံးခနဲပဲ။ မနက် စောစော ကျတော့ရဲအုပ်ကြီးက ရန်ကုန်က ကျွန်တော်တို့ ကျောင်းဘော်ဒါဆရာမကြီး မေရွန်ဆီကို အိတ်ချိန်းက တစ်ဆင့်တယ်လီဖုန်းလှမ်းဆက်ပြီး ညနေပိုင်း ရန်ကုန်ဝင်မယ့် လော်ကယ် ရထားနဲ့ ကျွန်တော်တို့ကို တော်တော်ဂရုစိုက်ပါတယ်။ မှတ်မှတ် ရရဗျာ... ရထားပေါ်မှာ ကြက်ဥပြုတ်တွေ ၀ယ်စားကြသေးတယ်ဗျ... ညနေပိုင်း ရန်ကုန်ကို လည်းရထား ၀င်ရော... ဘူတာစင်္ကြန်မှာ.... ဘော်ဒါ ဆရာမကြီး လာစောင့်ကြိုနေရှာတယ်ဗျာ... ကျွန်တော် တို့ကို ဖက်ပြီး ငိုလိုက်တာဗျာ။ ရင်ထဲကို နင့်ခနဲ ဖြစ်သွား တာပဲဗျို့။
သူဒီလောက်တောင်မှ ကျွန်တော် တို့ကို ချစ်မှန်း... စိတ်ပူတတ်မှန်း မသိခဲ့ဘူးဗျာ။ သားတို့ရယ်... မာမီစိတ်ပူလိုက်ရတာ... တစ်ညလုံးအိပ်မပျော်ဘူး ကွယ်လို့လည်း ပြောရှာပါသေးတယ်။ နောက်ဆိုရင် သွားချင်ရာတွေ ခြေဦးတည့်ရာ လျှောက်မသွားချင်တော့တဲ့အထိ ကျွန်တော်လည်း တော်တော် စိတ်ထိခိုက် သွားတယ်။
ရပ်ဝေးက အမေကတော့ အမေရင်းပေါ့ဗျာ....ကျောင်းမှာဘော်ဒါ နေတော့ ဒီဆရာမကြီးဟာ ကျွန်တော်တို့ ရဲ့ ကျောင်းမေမေပေါ့ဗျာ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီက်ပိုင်းမှာ ကျောင်းတွေကို ပြည်သူပိုင်သိမ်းတော့ ကျောင်းအုပ် ဆရာကြီး မိသားစုရော၊ ဆရာ ဆရာမတချို့ပါ.... သူတို့ဇာတိ အင်္ဂလန်ကို ပြန်သွားကြ ရရှာတယ်။ ကျောင်းမေမေ မျက်ရည်တွေနဲ့ လေဆိပ်မှာ ကျွန်တော်တိုကကို နှုတ်ဆက်တာ ခုထိတကယ့်ကို လွမ်းစရာ ကြီးပဲဗျာ... အဲဒါပါပဲဗျာ...ပဲခူးမြို့နဲ့ ပတ်သက်တဲ့ အမှတ်တရရေးစရာဆိုလို့ အဲဒါပါပဲဗျာ... ဟုကျွန်တော် က ပြောပြခဲ့ဖူးပါ၏။ ဘာကြောင့် ရယ်မသိ။ ၃၀၂သင်္ဘောနှင့် ပဲခူးမှပြန်လာပြီးနောက်ပိုင်းမှာ ထိုအကြောင်း အရာလေးကို စာတစ်စောင်ပေ တစ်ဖွဲ့ မရေးမိခဲ့။ ခုမှသာ... ဂျာနယ်အယ်ဒီတာကလေး ကိုဦးဆွေ၏
“တစ်ခါတစ်ခါ ကျွန်တော့စိတ်ထဲမှာ ရောက်ချင်ရာ ရောက်တော့ကွာဆိုပြီး ဟောဒီပဲခူးမြစ်ကြီးအတိုင်း လှေတစ်စင်း နဲ့ ရွက်လွှင့်ဆန်တက် သွားချင်တယ် ဆရာဆောင်းရယ်” ဆိုသည့် စကားကို ပြန်သတိရမိပြီး စိတ်ကူးစိတ်သန်းလေးတွေ လွမ်းငွေ့ဝေေ၀ ပြန်ပေါ်လာခဲ့ခြင်းပင်။ သြော်...သူ့ဇာတိမြေတွင် ကျောင်း မေမေ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုပါကလည်း ကိုးဆယ်ကျော် လောက်ပြီပေါ့။ ကံကြုံ လျှင်တော့ ပြန်ဆုံချင် ပါသေးသည်။ ။
ဆောင်းဝင်းလတ်
မြန်မာသစ်
ရသစုံ မဂ္ဂဇင်း
ဇန်နဝါရီ ၂ဝ၁ဝ
.
No comments:
Post a Comment